Saturday, November 15, 2008

[Padauk Myay] 2 New Entries: အငြင်းပွားနေသည့် AD 7 လုပ်ကွက်အနီးတွင် တိုင်းတာမှုများဆက်လက်ပြုလုပ်မည်

အငြင်းပွားနေသည့် AD 7 လုပ်ကွက်အနီးတွင် တိုင်းတာမှုများဆက်လက်ပြုလုပ်မည်

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ဘင်္ဂလားဒေ့ရှ်နဲ့ အငြင်းပွားခဲ့တဲ့ AD 7 လုပ်ကွက်နဲ့ ဆက်စပ်နေတဲ့ AD 6 လုပ်ကွက်မှာ နိုင်ဝင်ဘာ ၂၃ ရက်နေ့က စတင်ပြီး တိုင်းတာမှုများ ပြုလုပ်မယ်ဆိုတဲ့အကြောင်း နိုဝင်ဘာ ၁၄ ရက် နေ့ထုတ် အစိုးရသတင်းစာတွေမှာ အခုလိုဖော်ပြထားပါတယ် -

ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ရေနံရှာဖွေ တူးဖော်ရေုး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသော Chinnery Assets Limited သည် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် AD-6 တွင် 3D Marine Seismic Acquisition Survey တိုင်းတာရေး လုပ်ငန်းများကို တိုင်းတာရေး ရေယာဉ် MV CGG Harmattan ဖြင့် နိုဝင်ဘာ ၂၃ ရက် ခန့်မှ ဒီဇင်ဘာ ၁၀ ရက်ခန့်အထိ ဆောင်ရွက် သွားမည်ဖြစ်သည်။

3D Marine Seismic Acquisition Survey တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်မည့် ဧရိယတည်နေရာများမှာ Point-A မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၉ မိနစ် ၅၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၅ မိနစ် ၁၀ စက္ကန့်၊ Point-B မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၁၅ မိနစ် ၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄၄ မိနစ် ၀၀ စက္ကန့်၊ Point –C မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၆ မိနစ် ၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၀၉ မိနစ် ၀၀ စက္ကန့်၊ Point –D မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၂ မိနစ် ၁၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၅မိနစ် ၁၀ စက္ကန့်၊ Point-E မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၂ မိနစ် ၅၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၇ မိနစ် ၃၅ စက္ကန့်တို့ အတွင်းတွင် ဖြစ်သည်။

သို့ဖြစ်ပါ၍ ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် AD-6 တွင် 3D Marine Seismic Acquisition Survey တိုင်းတာရေး လုပ်ငန်းများကို တိုင်းတာရေး ရေယာဉ် MV CCG Harmattan ဖြင့် ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ် စေရေးအတွက် ဖော်ပြပါလုပ်ငန်းခွင် ဧရိယာမှ လေးကီလိုမီတာ ပတ်လည် အတွင်းအား ရေကြောင်း သတိပေးချက် (Notice to Mariner's) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ငါးလုပ်ငန်း ဦးစီးဌာနက အသိပေး ကြေညာ ထားကြောင်း သတင်းရရှိသည်။

ဒီမိုကရေစီနဲ့ တရားရေးမဏ္ဍိုင်

ဒီမိုကရေစီစနစ်လို့ ပြောရင် လွတ်လပ်တဲ့တရားစီရင်ရေးစနစ် (တရားရေးမဏ္ဍိုင်) ကို တွဲမြင်ကြရမှာ ဖြစ်ပါတယ်။ ၀က်မင်နစ်စတာ ပုံစံလို့ခေါ်တဲ့ ဗြိတိသျှပါလီမန်စနစ်ပဲဖြစ်ဖြစ် သမ္မဦးဆောင်တဲ့ အုပ်ချုပ်ရေးစနစ်လို့ခေါ်တဲ့ အမေရိကန်ပုံစံ အုပ်ချုပ်ရေးစနစ်ပဲဖြစ်ဖြစ်၊ အဲဒီနှစ်ခုကို ပေါင်းစပ်ထားတဲ့ ကြားပုံစံတွေပဲဖြစ်ဖြစ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ပုံစံတွေမှာသာ ကွာခြားမယ်။ လွတ်လပ်တဲ့ တရားစီ ရင်ရေးစနစ် (Judicial Independence) ရှိတာတော့ အတူတူပဲဖြစ်ပါတယ်။

လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဆိုတာ ဘာလဲ။ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဆိုတာဟာ တရားသူကြီးတွေ အနေနဲ့ နိုင်ငံရေး ဖိအား၊ ဥပဒေပြုအဖွဲ့ (လွှတ်တော်) ဖိအား၊ အုပ်ချုပ်မှုအဖွဲ့ရဲ့ဖိအား၊ သီးခြားအကျိုးစီးပွားရှိတဲ့ အုပ်စုများရဲ့ ဖိအား၊ မီဒီယာရဲ့ဖိအား၊ ပြည်သူ့ သဘောထားရဲ့ ဖိအား၊ ငွေကြေးဖိအားနဲ့ သူရဲ့ကိုယ်ရေး ကိုယ်တာအပေါ် အကျပ်ကိုင်တဲ့ဖိအား စတဲ့ ဖိအားအမျိုးမျိုးကနေ ကင်းလွတ် ပြီး လွတ်လွတ်လပ်လပ်နဲ့ ဘက်မလိုက်ဘဲ ဆုံးဖြတ်နိုင်တဲ့ အခြေအနေ ရှိခြင်းပဲဖြစ်ပါတယ်။

တရားစီရင်ရေးစနစ်ကို လွတ်လပ်တယ်လို့ ပြောရာမှာ နှစ်ပိုင်းပါဝင်ပါတယ်။ တစ်ခုကအဖွဲ့ အစည်းအနေနဲ့ လွတ်လပ်ခြင်း institutional independence နဲ့ နောက်တစ်ခုက လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိခြင်း decisional independence ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လွတ်လပ်ခြင်းဆိုတာက စံပြုအနေအထားဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ တရားစီရင်ရေးစနစ်ပေါ်မှာ ဖိအားအမျိုးမျိုး ပေးနေ ကြတာပါပဲ။ ဥပမာ အဖွဲ့အစည်းရဲ့ လွတ်လပ်မှုကို ပြောမယ်ဆိုရင် အမေရိကန်မှာဆိုရင် ပြည်ထောင်စု တရားသူကြီးတွေနဲ့ တရားရုံးချုပ် တရားသူကြီးများကို သမ္မတက ခန့်ရပါတယ်။ ဒီတော့ ပဋိသန္ဓေတားဆီးမှုလို၊ သေနတ်ကိုင်ဆောင်ခွင့်၊ ပြည်ထောင်စုနဲ့ ပြည်နယ်ကြား ဆက်ဆံရေးစတဲ့ အရေးကြီးတဲ့ ဥပဒေ ပြဿနာတွေမှာ သမ္မတရဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့ တရားသူကြီးတွေကို ခန့်နိုင်ဖို့ ကြိုးစား ပါတယ်။ ဒီလိုလုပ်တာကို ထိန်းနိုင်ဖို့အတွက် တရားသူကြီး ခန့်အပ်မှုတွေကို အထက်လွှတ်တော်က အတည်ပြုဖို့ သတ်မှတ်ထားပေးမယ့် ပါတီတစ်ခုတည်းက သမ္မတလည်းဖြစ်၊ အထက်လွှတ်တော်ကိုလည်း ချုပ်ကိုင်ထားရင် ထိန်းဖို့ခက်ပြန်တယ်။ သို့သော် တရားသူကြီးတွေ ကို ခန့်ပြီးရင် သူ့သဘောနဲ့ သူ အနားယူတာမဟုတ်ရင် လွှတ်တော်ကပဲ စွဲချက်တင်ပြီး ဖယ်ရှားလို့ပဲ ရတယ်။ သမ္မတက ဖယ်ရှားလို့ မရဘူး။ ဒါ့ကြောင့် မခန့်ခင်မှာပဲ သမ္မတအနေနဲ့ စိစစ်လို့ရတယ်။ ခန့်ပြီးရင်တော့ အဂတိလိုက်စားမှု၊ လူမှုရေးဖောက်ပြန်မှုတို့လိုမျိုးကို လွှတ်တော်မှာ စွဲချက်တင်ဖယ်ရှားတာ မဟုတ်ရင် ရာသက်ပန်ခန့်တဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ရာမှာတော့ လွတ်လပ်မှု ရှိတယ်လို့ ပြောနိုင်တယ်။

ဒီတော့ ဒီမိုကရေစီနိုင်ငံတွေမှာ တရားစီရင်ရေးစနစ်ဟာ လွတ်လပ်မှုရှိတယ်ဆိုပေမယ့် အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုတာမျိုးလို အရေးကြီးတဲ့ စီရင်ချက်တွေ၊ လူစိတ်ဝင်စားတဲ့ အမှုတွေမှာ တရားသူကြီးတွေအပေါ် ဖိအားပေးနိုင်ဖို့ အဖွဲ့အစည်းပေါင်းစုံက ကြိုးစားကြတာပါပဲ။ အမေရိကန် တရားရေးဆိုင်ရာ NGO အဖွဲ့ ဖြစ်တဲ့ AJS American Judicature Society ကတော့ အမေရိကန် တရားစီရင်ရေး စနစ်အပေါ်မှာ အောက်ပါအတိုင်း ဖိအားပေးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

တစ်။ သီးခြား အကျိုးစီးပွားအုပ်စုတွေက တရားသူကြီးတွေ ရွေးချယ်ခန့်ထားရာမှာ သူတို့မူနဲ့ကိုက်မယ့် တရားသူကြီးတွေ ခန့်ဖို့အတွက် ဒေါ်လာသန်းနဲ့ချီပြီး လှုံ့ဆော်စည်းရုံးမှုတွေ လုပ်လာတယ်။

နှစ်။ တရားသူကြီး ခန့်ထားရေးအတွက် အပြိုင်အဆိုင်မဲဆွယ်ရာမှ ငွေကို ရေလိုသုံးတဲ့အတွက် ပြည်သူတွေက တရားရေး ရာထူးတွေကို ငွေနဲ့ဝယ်လို့ရတယ်လို့ အထင်မှားကုန်တယ်။

သုံး။ မိမိတို့မူနဲ့မကိုက်တဲ့ ဆုံးဖြတ်ချက်တွေအတွက် တရားသူကြီးတွေကို ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးအရ တိုက်ခိုက်မှုတွေ လုပ်လာတာကြောင့် တရားစီရင်ရေးနဲ့ နိုင်ငံရေး ရောထွေးလာတယ်။

လေး။တစ်ချို့ပြည်နယ်တွေမှာ တရားသူကြီးတွေကို ရွေးကောက်တင်မြှောက်တဲ့စနစ်ကို ကျင့်သုံးတာကြောင့် တရားသူကြီးများ အနေနဲ့ ရွေးကောက်ပွဲအတွက် ငွေသုံးရတယ်။ ဒီတော့ အလှုငွေ ထည့်ဝင်သူတွေနဲ့ ပတ်သက်မှုတွေ များလာတယ်။

ဒီလိုဒီမိုကရေစီ ရင့်ကျက်တဲ့ နိုင်ငံတွေမှာတောင် တရားစီရင်ရေးစနစ်ကို သွယ်ဝိုက်ဖိအားပေးမှုတွေ ရင်ဆိုင်နေရရင် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေ၊ တစ်ပါတီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံတွေနဲ့ စင်္ကာပူတို့လို ဒီမိုကရေစီ တစ်ပိုင်း နိုင်ငံတွေမှာ ပိုဆိုးမယ်ဆိုတာ ထင်ရှား ပါတယ်။ အဲဒီနိုင်ငံသုံးမျိုးလုံးမှာ အုပ်ချုပ်ရေးပိုင်း၊ စီမံခန့်ခွဲရေးပိုင်းက တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်မှုဟာ အပြင်းနဲ့ အပျော့သာ ကွာတယ်။ လုပ်ပုံကတော့ အတူတူပါပဲ။ အခုလဲ မြန်မာနိုင်ငံမှာ တရားစီရင်ရေးနဲ့ ပတ်သက်လို့ ဖြစ်နေတာကလဲ ဒါပါပဲ။ ဘယ်အစိုးရမဆို ဥပဒေကိုချိုးဖောက်ရင်၊ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်ထင်ရင် ဖမ်းမှာပဲ။ အမေရိကန်လဲ တာလီဘန်တွေ၊ အယ်လ်ကေဒါတွေလို့ ထင်သူတွေကို ဖမ်းတာပဲ။ သို့သော် တရားရုံးရှေ့ရောက်လာရင်တော့ Mininum Standard ဖြစ်တဲ့ ရပိုင်ခွင့်တွေတော့ ရရမှာဖြစ်ပါတယ်။ တရားစီရင်ရေးကိုလည်း စွက်ဖက်၊ တရားခံရဲ့ အခြေခံရပိုင်ခွင့်လည်းမရ ဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ။ ဘုရှ်ကလဲ ဂွာတာနာမို အကျဉ်းထောင်က တာလီဘန်တွေကို အမေရိကန်ဥပဒေနဲ့လဲ အကျုံးမ၀င်၊ ဂျနီဗာကွန်ဗင်းရှင်းနဲ့လဲ အကျုံးမ၀င်ဆိုပြီးလုပ်လို့ တရားရုံးချုပ်ကနေ ၀င်ဖြေရှင်းပေးရတဲ့ အဖြစ်ကလဲ အဲဒီလိုအဖြစ်ပါပဲ။

ဒီတော့ပြန်ချုံကြည့်လိုက်ရင် လွတ်လပ်သော တရားစီရင်ရေးစနစ်ဟာ ကမ္ဘာ့နေရာ အနှံ့အပြားမှာ စိန်ခေါ်ခံ နေရတယ်ဆိုတာ ထင်ရှား တယ်။ ဒီတော့ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။ ကုလသမဂ္ဂ အထွေထွေညီလာခံကတော့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဖြစ်အောင် အခုလိုအချက်တွေကို လိုက်နာကြပါလို့ ပြောပါတယ်။ ဥပဒေစကားတွေဖြစ် လို့ နားလည်သလောက်ပြန်ရေးပြတာပါ၊

တစ်။ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဖြစ်ဖို့အတွက် အခြေခံဥပဒေ သို့မဟုတ် သီးခြားဥပဒေနဲ့ ဖော်ပြရမယ်။ အဲဒီအတိုင်းဖြစ်အောင် နိုင်ငံတော်က တာဝန်ခံရမယ်။

နှစ်။ တရားသူကြီးတွေကလဲ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဖိအားပေးမှု၊ အကြပ်ကိုင်မှု၊ စွက်ဖက်မှု၊ ခြိမ်းခြောက်မှုတွေ မရှိဘဲ ဥပဒေ ကြောင်းချင်းရာတွေကိုပဲ အခြေခံပြီး ဘက်မလိုက်ဘဲ ဆုံးဖြတ်ရမယ်။

သုံး။ တရားသူကြီးတွေကဘဲ တရားဥပဒေအပေါ် အခြေခံပြီး တင်သွင်းလာတဲ့ အမှုများကို တရားစီရင်ရန် သင့်မသင့် ဆုံးဖြတ်ရမယ်။

လေး။ အခြားသူ၊ အဖွဲ့အစည်းတွေက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေမဲ့ ၀င်ရောက်ပြင်ဆင်တာ မျိုးမလုပ်ရဘူး။

ငါး။ မည်သူမဆို တည်ဆဲတရားရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေနဲ့အညီ တရားစီရင် ခံပိုင်ခွင့်ရှိရမယ်။

ခြောက်။ တရားရုံးကလည်း တရားလို၊ တရားခံ နှစ်ဘက်လုံးကို တရားရုံး လုပ်ထုံးလုပ်နည်းများနဲ့အညီ မျှမျှတတ ဆက်ဆံရမယ်။

ခုနှစ်။ တရားရုံးတွေအနေနဲ့ သူ့တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်ဖို့အတွက် နိုင်ငံတော်က ကူညီရမယ်။

မြန်မာနိုင်ငံမှာ အဲဒီလို လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ရှိခဲ့လားလို့ မေးရင်တော့ လွတ်လပ်ရေးရပြီးထဲက မရှိခဲ့ဘူး၊ အခုလည်း မရှိဘူးလို့ပဲ ဆိုရမှာပါ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာတော့ လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့အချက်များကို ထည့်သွင်း ပြဋ္ဌာန်းထားတာ လေ့လာတွေ့ရှိရပါတယ်။ ဥပမာ၊ ပုဒ်မ ၁၉ မှာ တရားစီရင်ရေး အခြေခံမူတွေအဖြစ် လွတ်လပ်စွာ တရားစီရင်ရေး၊ ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူရှေ့မှောက်တွင် တရားစီရင်ရေး၊ ဥပဒေအရ ခုခံချေပခွင့်နဲ့ အယူခံပိုင်ခွင့်ရှိရေးလို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီလိုပဲ အခန်း ၈ နိုင်ငံသားများ၏ မူလအခွင့်အရေး အခန်းမှာလဲ ဥပဒေရဲ့အကာအကွယ်ရယူမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာစံများနဲ့အညီ ပြဋ္ဌာန်းထားပါတယ်။ နောက်ပြီး အခန်း ၆ တရားစီရင်ရေး အခန်းမှာ တရားသူကြီးများ ခန့်အပ်တာနဲ့ ပတ်သက်ပြီး ဖော်ပြထားပါတယ်။ အကြမ်းအားဖြင့် ပြောရရင် သမ္မတကခန့်၊ လွှတ်တော်ကအတည်ပြု၊ ရာထူးက ဖယ်ရှားခြင်ရင် လွှတ်တော်ကပဲ စွတ်စွဲပြစ်တင်ပြီး ဖယ်ရှား၊ ခန့်ပြီးရင် အသက် ၆၅ နှစ် အထိ တာဝန်ထမ်းဆောင်ခွင့်ရမယ်။ ကြားမှာ သမ္မတက ဖယ်ရှားလို့ မရဘူး။

ဒီတော့ အခြေခံဥပဒေမှာ လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ အခြေခံများပါပြီး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှ သတိပြုရမှာကတော့ ဥပဒေမှာပါတာနဲ့ လက်တွေ့ကျင့်သုံးတာ ထပ်တူဖြစ်ဖို့ပါဘဲ။ အဲဒါကတော့ အဲဒီအချိန်မှ ရွေးချယ်ခံရမယ့် လွှတ်တော်ကိုယ်စားလှယ်များ အပေါ်မှာ မူတည်ပါလိမ့်မယ်။ သူတို့ကပဲ အုပ်ချုပ်ရေး မဏ္ဍိုင်ကို Check and Balance အပြန်အလှန် ထိန်းညှိဖို့ လုပ်ရမှာကိုး။ နောက်ပြီး လူတိုင်းကလဲ တရားရေးစနစ်နဲ့ တရားရုံးကို လေးစားဖို့ လိုပါတယ်။ ကိုယ့်ဆန္ဒ၊ ကိုယ့်အခွင့်အရေးကို ပြောတာဟာ တရားရုံးကို စော်ကားရာရောက်ရင် ပြစ်မှုမြောက် တယ်ဆိုတာသိဖို့ လိုပါတယ်။ တရားစီရင်ရေးကို သြဇာသက်ရောက် စေမယ့် ကြိုတင်ပြောဆိုမှုများဟာလည်း တရားစီရင်ရေးကို ထိပါးရာ ရောက်တယ်ဆိုတာလဲ သတိပြုရပါမယ်။ အာဏာပိုင်များကလည်း မိမိဖြစ်စေချင်တာနဲ့ ထပ်တူတရားရုံးက ဆုံးဖြတ်တာ မရှိဘူးဆိုရင်လဲ ဥပဒေရဲ့ အဆုံးအဖြတ်ကို လေးစားဖို့ လိုပါမယ်။ ပြောရရင်တော့ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ အချက်တွေ အားလုံးကို အကောင်အထည် ဖော်နိုင်ဖို့အတွက် အားလုံးမှာ တာဝန် ရှိတယ်ဆိုတာပါပဲ။ အဲဒီလို လုပ်နိုင်တဲ့အချိန် ကြရင်တော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ စံမှီ၊ ပေမှီ ဖြစ်လာ ကောင်းရဲ့လို့ မျှော်လင့်ရတာပဲ။

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.