Thursday, November 13, 2008

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: အရှေ့သို့လားသော်

အရှေ့သို့လားသော်

ကျနော် ဒီခရီးကို စ မထွက်ခင်ကတည်းက မှတ်တမ်း ရေးမယ် မရေးဘူး စဉ်းစားနေမိတယ်။ နောက် ပြန်စဉ်းစားကြည့်တော့ တစ်လနီးပါးလောက် ဘလော့ဂ်မရေးဘဲ ပျောက်နေတာ၊ ဒီကာလတွေအတွင်း ပို့စ်အနေနဲ့ ဘလော့ဂ်ပေါ် မရောက်တောင် အတွေးတွေ၊ ကုန်ကြမ်းတွေ အနေနဲ့ ရှိနေသင့်တယ်၊ အနည်းဆုံး သိသလောက် ပြန်ပြီး ဝေမျှသင့်တယ်လို့ ယူဆမိတာကြောင့် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပြီး အင်ဖော်မေးရှင်း ခေတ်ကြီးမှာ သတင်းနဲ့ လုပ်စားနေကြတဲ့ သူတွေ အများကြီး ရှိနေကြပေမယ့် ကိုယ့်နိုင်ငံသား အချင်းချင်း လုပ်စားတာ မဟုတ်ဘဲ ဝေမျှနိုင်ရင် ပိုကောင်းမယ်လို့ ခံယူမိတာကြောင့် ခရီးသွား မှတ်တမ်း တစ်ပုဒ် အနေနဲ့ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီ ခရီးသွား မှတ်တမ်းကို မရေးခင်မှာ နိဒါန်းအနေနဲ့ ပြောစရာ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ တရုတ်နိုင်ငံအပေါ်မှာ အထင်သေး အမြင်သေးတွေ ရှိနေပါတယ်။ စီးပွားရေး အပိုင်းမှာလည်း အထင်သေးတယ်။ ကိုယ်ကတော့ ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် အထင်သေးတယ်။ တရုတ်ပစ္စည်းဆို နှာခေါင်းရှုံ့ချင်ကြတယ်။ တရုတ်စက် တစ်ရက်စုတ် ဆိုတဲ့ ဆိုစကားတောင် ရှိသေးရဲ့။ နိုင်ငံရေး အပိုင်းမှာလည်း တရုတ်နိုင်ငံကို အမြင်စောင်းကြတယ်။ ထားပါ။ ကျနော် အဲဒါတွေကို ဆွေးနွေးဖို့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက အခုဆိုရင် စီးပွားရေး အင်အား တောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရပ်တည်ဖို့ တစ်နေ့ထက်တစ်နေ့ အာမခံချက်တွေ အပြည့် ရှိနေပါပြီ။ နိုင်ငံရေးပိုင်းမှာလည်း သြဇာညောင်းတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားနေတာပါပဲ။ ကမ္ဘာ့ စူပါ ပါဝါ နေရာကို ရောက်ဖို့လည်း တာဆူနေလေရဲ့။ အခုအချိန် အနောက်နိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပျက်ကပ်ကို ပညာသားပါပါ အသုံးချသွားနိုင်မယ် ဆိုရင် တစ်နေ့မှာ ကမ္ဘာ့ စူပါ ပါဝါ ဖြစ်မလာနိုင်ဘူးလို့ ငြင်းမရနိုင်အောင် ဖြစ်နေပါပြီ။ အမေရိကန်တောင် ဒီအန္တရာယ်ကြောင့် မျက်စိထောင့်ထောက် ကြည့်နေရပါပြီ။ အခုဆိုရင် တောင်အမေရိကနဲ့ အာဖရိကနိုင်ငံတွေ အပေါ် တရုတ်က သြဇာ ထိုက်သင့်သလောက် ညောင်းနေပြီကိုး။

တရုတ်မှာ စကားတစ်ခွန်း ရှိပါတယ်။ ပိုက်ဆံတစ်ကျပ် ကုန်တစ်ကျပ်တဲ့။ အဓိပ္ပာယ်က ကုန်ပစ္စည်းတစ်ခုကို တစ်ကျပ်တန် လိုချင်လား တစ်ထောင်တန် လိုချင်လား ကြိုက်သလို ပြောလို့ရတယ်။ ဒါကြောင့် သူတို့ဆီမှာ ဈေးစကား သိပ်ပြောလို့မကောင်းဘူး။ ဈေးသွားဆစ်ရင် လျှော့ပေးလိုက်မယ်။ ဒါပေမယ့် အရည်အသွေးပါ လျှော့ပစ်မှာ။ တစ်ကျပ်ပေးရင် တစ်ကျပ်တန်ရမယ်။ တစ်ထောင်ပေးရင် တစ်ထောင်တန် ရမယ်ပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူငယ်ချင်းတစ်ယောက်က ဂဏန်းတွက်စက် CASIO တံဆိပ် scientific calculator တွေ သွင်းချင်တယ်ဆိုလို့ ဈေးတစ်ခါ စုံစမ်းပေးဖူးတယ်။ တရုတ်ကိုယ်စားလှယ် CASIO ကုမ္ပဏီနဲ့ ဆက်သွယ် မေးကြည့်တော့ တစ်လုံးကို မြန်မာငွေ နှစ်သောင်းနီးပါး ရှိနေတယ်။ ဒါ သယ်ယူစားရိတ်နဲ့ အခွန်တွေ မပါသေးဘူး။ သေချာတယ်။ တွက်ခြေ မကိုက်ဘူး။ သူ့ကို ပြောပြတော့ သူငယ်ချင်းက ပြန်ပြောတယ်။ ဝယ်ဈေး မြန်မာငွေ တစ်ထောင်လောက်နဲ့ ရရင် လိုချင်တယ်တဲ့။ ဟိုက် ရှားပါး။ ကြည့်ကြည့်ပါဦး။ နှစ်သောင်းတန်ကို တစ်ထောင်နဲ့ ရောင်းပေးရမလားပဲ။ မြန်မာပြည်မှာ ဒီလောက်နဲ့ ရောင်းနိုင်မှတော့ ဒီ ဈေးကွက် ရှိလို့ပဲပေါ့။ နယ်စပ်က ကုန်သည်တွေနဲ့ ချိတ်ဆက်ကြည့်လိုက်မှ အိုကေသွားတယ်။ ကျနော့်အနေနဲ့ မန္တလေးအရောက် တစ်ထောင်ကျပ်နဲ့ ရောင်းနိုင်တဲ့ ပစ္စည်းတစ်ခုဟာ အရင်း ဘယ်လောက် များနိုင်မှာတဲ့လဲ။ နောက်ပြီး သူ့ရဲ့ အရည်အသွေးကကော။

တစ်ထောင်တန် ပစ္စည်းတစ်ခုကို ပြပြီး တစ်ဆယ်လောက်နဲ့ ရအောင် လုပ်ပေးပါဆိုရင် တရုတ်က လုပ်ပေးမှာပဲ။ ဒါကို Business Ethic မရှိဘူးလို့ တရုတ်ကို အော်ကြတဲ့သူတွေ ရှိတယ်။ ဒါဆို ကျနော် တစ်ခု မေးချင်တယ်။ တစ်ဆယ်တန်ကို တစ်ဆယ်နဲ့ လုပ်ရောင်းတဲ့သူနဲ့ တစ်ဆယ်တန်ဝယ်ပြီး တစ်ထောင်နဲ့ ရောင်းနေတဲ့သူ ဘယ်သူက ပိုပြီး Business Ethic မရှိသလဲ။ မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ သုံးမြို့နဲ့ ယှဉ်ကြည့်ကြည့်ပါ။ အိန္ဒိယ - မြန်မာ နယ်စပ် တမူးမြို့မှာ အိန္ဒိယကို re-Export လုပ်ဖို့ တရုတ်ပစ္စည်းတွေ ရှိပါတယ်။ ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ ယိုးဒယားကို re-Export လုပ်ဖို့ တရုတ်ပစ္စည်းတွေ ရှိပါတယ်။ တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့မှာ မြန်မာနိုင်ငံမှာ သုံးဖို့ သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ရှိပါတယ်။ နယ်သုံးနယ်မှာ ရှိတဲ့ တရုတ်ပစ္စည်းတွေကို ယှဉ်ကြည့်လိုက်ရင် အရည်အသွေးတွေ ကွာတယ်ဆိုတာ သိနိုင်ပါတယ်။ တစ်ကျပ်တန်သွင်းတဲ့ နိုင်ငံ၊ တစ်ဆယ်တန် သွင်းတဲ့ နိုင်ငံနဲ့ တစ်ရာတန် သွင်းတဲ့ နိုင်ငံ ကွာသလိုပေါ့။ မြန်မာနိုင်ငံအနေနဲ့ ဒုတိယအများဆုံး ကုန်ပစ္စည်း သွင်းတဲ့ နိုင်ငံက ထိုင်းနိုင်ငံပါ။ ကျနော် သိထားတာက ထိုင်းနိုင်ငံ ထုတ်ကုန်ရဲ့ ၈၀% ဟာ ကုန်ကြမ်းကို တရုတ်ကနေ သွင်းပြီး အဆင့်မြှင့် ထုပ်ပိုးထားခြင်းပဲ ဖြစ်ပါတယ်။ ဒါ ထိုင်းနိုင်ငံ အနေနဲ့ တရုတ်ရဲ့ ကုန်ထုတ်လုပ် တိုးတက်မှု ရေစီးကြောင်းကို အကျိုးရှိရှိ မျှောပါနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနစ် WTO ကို တရုတ်ဝင်ပြီး ကတည်းက ထိုင်းရဲ့ အိပ်မက်ဟာ လှိုင်းလုံးထဲမှာတင် လုံးချာလည်ရမ်းပြီး ဆုံးဆုံးမြှုပ်သွားရှာတယ်။

စီးပွားရေး တောင့်တင်းလာတဲ့ မိသားစုတွေမှာ သားသမီးတွေဟာ အပြောအဆို ခက်ထန်လာတာ သဘာဝပါပဲ။ ချမ်းသာလာတဲ့ နိုင်ငံအနေနဲ့လည်း အပြောအဆို အရင်လို မညက်ညောတော့ဘူး။ အဲဒီလို ဖြစ်နေတာက သူဌေးမဟုတ်ဘဲ သူဌေးသားတွေ များတယ်။ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင် စီးပွားရေး တောင့်တင်းဖို့ ကြိုးစားတဲ့ မျိုးဆက်မဟုတ်ဘဲနဲ့ အသီးအပွင့်တွေ ခံစားတဲ့ နောက်မျိုးဆက်ပေါ့။ တရုတ်နိုင်ငံအနေနဲ့ ပြောရရင် အသက် ၂၅ ဝန်းကျင် ရှိတဲ့ တရုတ်ပြည်သူ ပြည်သားတွေပေါ့။ ရုတ်တရက် ချမ်းသာလာတဲ့ မိသားစုတွေက ပိုပြီး ခက်ထန်တတ်တဲ့ သဘာဝ ရှိပါတယ်။ ဆယ်နှစ်အတွင်းမှာ အရှိန်ဟုန်မြင့်မြင့် ပြည့်စုံလာတဲ့ တရုတ်နိုင်ငံ အနေနဲ့ လူငယ်တွေမှာ မာန်တက်လာတာကို မြင်နေရတယ်။ ဘယ်လိုရောင်းရောင်း ကိုယ့်ပစ္စည်းက ရောင်းလို့ ကုန်နေရင် ဈေးဝယ်သူကို အလေးမထားတတ်တော့ဘူး။ မင်းမဝယ်လည်း နောက်တစ်ယောက် ဝယ်လိမ့်မယ်ဆိုတဲ့ အတွေး။ နည်းနည်း ဝယ်မယ့်သူကို အဖက်မလုပ်ချင်တော့ဘူး။ များများဝယ်မယ့်သူကိုပဲ ဦးစားပေးတော့မယ်။ ဒါ သဘာဝကျတဲ့ အပြောင်းအလဲတွေ ဆိုပေမယ့် အဆင်းကို ဘီးတပ်ပေးမယ့် တွန်းအားတွေပါ။ တရုတ်အနေနဲ့ စီးပွားရေးကို အဓိကထားတဲ့ ပေါ်လစီကနေ၊ ပညာရေး နဲ့ သုသေတနကို အားပေးတဲ့ ပေါ်လစီကို ပြင်ဆင် သုံးစွဲနေတော့ နောက်နှစ်ပိုင်းတွေမှာ ပညာနဲ့ ပြန်ထိန်းသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကဲ .. ကျနော် ပေရှည်နေတာနဲ့ ခရီးက အခုထိ မစရသေးဘူး။ တရုတ်နိုင်ငံမှာ တစ်နှစ်ကို နှစ်ကြိမ်လုပ်လေ့ရှိတဲ့ China Export-Import Fair ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပြပွဲကြီးပေါ့။ အမြဲတမ်း ဧပြီလ (သင်္ကြန်တွင်း) နဲ့ အောက်တိုဘာလမှာ လုပ်လေ့ရှိတယ်။ GuangZhou (ကွမ်ကျိုး) မြို့မှာ လုပ်ပါတယ်။ အဲဒီ နှစ်လအတွင်းမှာ ဆိုရင် လေယာဉ်လက်မှတ်က ခက်လေ့ရှိတယ်။ တစ်လလောက် ကြိုတင်ပြီး မှာထားမှ လက်မှတ်က ရတယ်။ တရုတ်နိုင်ငံကို ရောက်တဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အားလုံး လက်မှတ်ခက်လေ့ရှိတယ်။ မြန်မာနိုင်ငံကနေ သွားမယ်ဆိုရင် အများဆုံး စီးကြတာက Thai Airway (TG) ပါ။ ဈေးနှုန်းနဲ့ ထိုက်သင့်တဲ့ ဝန်ဆောင်မှုကို ပေးနိုင်ပါတယ်။ ဒီနှစ်အတွင်း လေယာဉ်ဆီဈေး တက်တာကြောင့် လေယာဉ်လက်မှတ်တွေ ၃၀% အထိ ဈေးတက်သွားပါတယ်။ တကယ်လို့ TG စီးမယ်ဆိုရင် Bangkok ကနေတဆင့် GuangZhou ကို သွားပါတယ်။ Bangkok - GaungZhou အပိုင်းက လက်မှတ်ခက်တာပါ။ တကယ်လို့ GuangZhou လက်မှတ် မရဘူးဆိုရင်တော့ Hongkong ကနေ ပတ်သွားလေ့ရှိပါတယ်။ Yangon - Bangkok - Hongkong ပေါ့။ Hongkong နဲ့ GuangZhou က ကားစီးရင် နှစ်နာရီစာပဲ ဝေးပါတယ်။ တိုက်ရိုက် ရထားစီးရင် ပိုတောင် မြန်ပါသေးတယ်။ ဒါကြောင့် နောက် option တစ်ခုအနေနဲ့ Bangkok - GuangZhou လက်မှတ်မရရင် Bangkok - Hongkong ခရီးကို စီးကြတယ်။ ဒါပေမယ့် တရုတ်သံရုံးမှာ ဟောင်ကောင်ဗီစာ လျှောက်တဲ့အခါ စာရွတ်စာတမ်းတွေ အများကြီး လိုပါတယ်။ Bank Statement တွေက အစ လိုပါတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ တရုတ်ဗီစာ ဆိုရင်တော့ လျှောက်လွှာတစ်ရွက်နဲ့တင် အဆင်ပြေတယ်။

နောက်ထပ် ရွေးချယ်စရာ တစ်ခုက တရုတ်ပြည်တွင်း လေကြောင်းလိုင်းပါ။ စုစုပေါင်း သုံးလိုင်း ရှိပါတယ်။ Air China, Southern China နဲ့ Eastern China ပါ။ Yangon - GaungZhou တိုက်ရိုက် ခရီးစဉ်ရှိတာက Southern China ပါ။ တိုက်ရိုက်ရောက်တာကြောင့် တစ်လလောက် စောပြီး လက်မှတ် ကုန်လေ့ရှိတယ်။ ကျန် လေကြောင်းလိုင်း နှစ်ခုလုံးက တရုတ်ပြည် Kunming (ကူမင်း) မြို့ကိုပဲ ရောက်တယ်။ နောက်မှ တဆင့် GuangZhou ကို ပြန်စီးရတယ်။ Air China က Yangon - Kunming သွားပြီး ဒေါ်လာ ၅၀၀ ကျော်တယ်။ Eastern China က Mandalay - Kunming ကို ဒေါ်လာ ၃၀၀ ကျော်နဲ့ သွားတယ်။ ကုန်သည် အများစုက ပြည်တွင်းကနေ တဆင့်ပြန်စီးရတဲ့ ကျန် လေကြောင်းလိုင်း နှစ်ခုကို ရွေးလေ့ မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ တရုတ်ပြည်တွင်း လေကြောင်းလက်မှတ်ဖိုးက ဈေးအရမ်းကြီးလို့ပါ။ ဒါပေမယ့် အများစု သတိမထားမိတာက တကယ်လို့ နှစ်ပတ်လောက် ကြိုပြီး လက်မှတ်ဝယ်နိုင်မယ် ဆိုရင် ပြည်တွင်း လေကြောင်းလိုင်းတွေက discount ကို 80% အထိ ပေးတတ်ပါတယ်။ တကယ်လို့ ၅၀% အထိ လျှော့ဈေးရမယ်ဆိုရင် တွက်ခြေ ကိုက်ပါတယ်။ မန်းကို ကားစီးပြီးမှ ကူမင်းကို လေယာဉ်ပြန်စီးမယ် ဆိုရင် ငွေ နှစ်သိန်းလောက် သက်သာသွားမှာမို့ Eastern China ရဲ့ လက်မှတ်ကိုပဲ ဝယ်လိုက်ပါတယ်။ ပြန်မယ့်ရက် အတိအကျ မသိသေးတာကြောင့် အပြန်ရက် မသက်မှတ်သေးဘဲ Open date နဲ့ ဝယ်ခဲ့လိုက်ပါတယ်။ အဲဒီလို လုပ်လိုက်လို့ ဒုက္ခရောက်သွားမယ်လို့ အစက ဘယ်သိခဲ့မှာလဲ။

(ဆက်ရန်)

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.