Thursday, November 13, 2008

[ညိမ်းညို] 1 New Entry: ယုံကြည်တယ်

ယုံကြည်တယ်

ယုံကြည်တယ်
ကလိမ်ကကျစ် ပစ်သွင်းခံလိုက်ရတဲ့လက်သီးတစ်လုံးကို
အရိုးသားဆုံးမျက်လုံးနဲ့
ယုံကြည်ရဲရင့် ကလပ်ပေါ်တင်ကြည့်ဝံ့တယ်ဆိုတာ။

ယုံကြည်တယ်
ပုတ်သင်တွေရဲ့ ကျော့ကွင်းတစ်ထောင်မှာ
စိတ်ဓာတ်ကို ဓားသွားလိုထောင်ပြီး
ရှောင်ခွာရုန်းထွက်ခဲ့ကြမယ်ဆိုတာ။

ယုံကြည်တယ်
ဒီပဲတွေ ဒီပုတ်ထဲရောက်မသွားစေဖို့
ကိုယ့်အရိုးကိုယ် ရွေဘော်ထိုး
စိတ်ဓာတ်ကို မိုးထိမြှင့်ထားကြမယ်ဆိုတာ။

ယုံကြည်တယ်
ဗရုတ်ဗရက်ခေတ်ကြီးထဲ
ကိုယ်တည်းတစ်ယောက် ကောင်းဖို့ရောက်ရုံနဲ့
နင်းပြားဘ၀တွေကို လမ်းခင်းမသွားဘူးဆိုတာ။

ယုံကြယ်တယ်
ဇကောထဲထည့်အလှိမ့်ခံရပေမဲ့
ဇီးဖြူသီးတွေလို တွန်းထိုးကန်ကျောက်မနေဘဲ
နှမ်းစေ့ကလေးတွေလို သိပ်သည်းစည်းလုံးနေထိုင်ကြမယ်ဆိုတာ။

ယုံကြည်တယ်
မက်လုံးတစ်သိန်းလောက်ပေးနေပါစေ
ဂျပန်ခေတ် စကားပြန်တစ်ယောက်လို
လက်ဝေခံကြီးထွားဖို့ စက်ဆုပ်ရွံရှာတတ်ကြတယ်ဆိုတာ။

ယုံကြည်တယ်
မုန်တိုင်းကြမ်းကြမ်း လေပြင်းရမ်းရမ်း
တောပန်းတစ်ပွင့်ရဲ့အရိုင်းသစ္စာမှာ ဓားတစ်လက်ဆွဲချိတ်
အရိပ်မည်းကြီးကို ဖယ်ရှားပစ်ကြမယ်ဆိုတာ။

ယုံကြည်တယ်
အရွေ့ဟာ ဘယ်လောက်ပဲသေးငယ်ပါစေ
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း
ပန်းတိုင်ဆီ တစ်ဆင့်နီးကပ်လာရမယ်ဆိုတာ။

ယုံကြည်တယ်
ရင်ဘတ်ပေါ် ခြေရာတွေဘယ်လောက်ပဲဖြတ်နင်းပါစေ
တစ်ညွှန့်အချိုးဖဲ့ခံရရင် သုံးညွှန့်တိုးထွက်လာမဲ့သတ္တိနဲ့
နွေဦးမျှော်တေးတစ်ပုဒ်ကို ဟစ်ကြွေးနေမယ်ဆိုတာ။

ယုံကြည်တယ်
ကဗျာကိုကဗျာလို ရေးလို့မရတဲ့နေ့စွဲများမှာ
ကဗျာကို ကဗျာမဟုတ်သလိုရေးရသည့်တိုင်
ဖုံးထားလဲ မြင်ကြမယ်ဆိုတာ။

ယုံကြည်တယ်
လောကဥယျာဉ်မြေမှာ
လမင်းတစ်ရာရွှန်းတင့် ပြုံးပန်းတစ်ရာထွန်းပွင့်ဖို့
နှလုံးအိမ်ထဲ ကဗျာတွေပျံဝဲနေမယ်ဆိုတာ။

ယုံကြည်တယ်
ဘယ်ရာဇ၀င်ဘယ်ခေတ်ရောက်ရောက်
ကဗျာခြေထောက်တွေ သန်မာဖျတ်လတ်လတ်နေမယ်ဆိုတာ။

ယုံကြည်တယ်
လက်ညှိုးနဲ့လက်မအကြား
ချွန်မြသံမဏိအသွားနဲ့
ငါတို့ကဗျာတွေ ဆက်လက်မွေးဖွားနေဦးမယ်ဆိုတာ။

ညိမ်းညို

You received this email because you are subscribed to the real_time feed for http://nyeinnyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.