Thursday, November 13, 2008

[တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်ပါတယ်..] 1 New Entry: ဆေးပေါင်းခတဲ့ည

ဆေးပေါင်းခတဲ့ည

နွေရာသီကာလတစ်လျောက် ဂန္ဓာရီလှည့်လည်ရင်း အပျော်ကျူးနေခဲ့သော ကျွန်ုပ်သည် ၊ ကျောင်းပြန်ဖွင့်သော ကာလ၌ ဂန္ဓာရီခရီးစဉ်၏ အရှိန်မသတ်နိုင်သေးသော စိတ်များနှင့် အတူ လောကဓာတ် စာများအရေး ၊ သွားရေး ၊ လာရေး ၊ ဟိုအရေး ဒီအရေး အရေးပေါင်းမြောက်များစွာဖြင့် ယနေ့ထက်တိုင် ကျွန်ုပ်၏ နေရင်းဌာန အခန်း၌ အသားမကျနိုင်သေးပေ ။ ထို့ကြောင့် ဘလောဂ့် ကိစ္စများ ကိုလည်း ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် ခရီးဆက်နေရခြင်း ဖြစ်ပေသည် ။ ကျွန်ုပ်၏ အခြေမကျနိုင်သေးသော ကိစ္စများမြောင်တို့ကြောင့် ကျွန်ုပ်၏ တပည့်ကျော်ကြီး ငတေ တစ်ယောက် လည်း ကျွန်ုပ်အခန်းဆီသို့ ရောက်မလာသည်မှာ အတော်ပင်ကြာခဲ့ချေပြီ ။

" ဟဲလို... မိုင် အာစရိ .... "
".........."

မြန်မာပြည်မှ ဘက်ဆဲလားစာရင်းဝင် အမျိုးသမီးစာရေးဆရာမ အချို့ရေးတတ်သော ဇာတ်ကောင်တို့၏ဟန်ဖြင့် "ဘုရားရေ" ဟု ဘုရားကို သူငယ်ချင်းဆန်ဆန်တရမည်လော ။ အနောက်တိုင်းဟန်အပြည့်ဖြင့် " အိုးမိုင်ဂေါ့" ဟု တရမည်လော ။ သို့မဟုတ် မြန်မာဆန်ဆန်ပင် " မြတ်စွာဘုရား" ဟု တရမည်လော ကျွန်ုပ်မဝေခွဲနိုင်တော့ပေ ။ ဤအသံသည် ကျွန်ုပ်၏ တပည့်ကျော်ကြီး ငတေမှလွဲ၍ မည်သူမှမဖြစ်နိုင်ပေ ။ ကျွန်ုပ်အမှန်ပင် ၀မ်းသာမိပေသည် ။ ထို့ကြောင့်မည့်သည့်နည်းနှင့် ဘုရားတရမည်မှန်း မသိတော့ခြင်းဖြစ်ပေသည် ။
ကျွန်ုပ် ။ ။ မောင်ရင်ဘယ်ပျောက်နေတာတုန်း
ငတေ ။ ။ အမယ် ပျောက်ဆို အာစရိကကော အဆောင်ကပ်လို့လား
ကျွန်ုပ် ။ ။ အိမ်း.. ဟုတ်ပေသားပဲ
ငတေ ။ ။ အာစရိလည်း နွေရာသီကျောင်းပိတ်ကတည်း ကလမ်းသလားနေလိုက်တာ ကျောင်းပြန်ဖွင့်တာတောင် အရှိန်ကမသေချင်သေးဘူး
ကျွန်ုပ် ။ ။ ကျုပ်က မောင်ရင့်ဆရာပါ လျှာမရှည်စမ်းပါနဲ့
ငတေ ။ ။ ထားပါတော့...ထားပါတော့ ..
ကျွန်ုပ် ။ ။ ထားပါတယ် ထားပါတယ် ... ဒါနဲ့မောင်ရင် ဒီနေ့ဘာဟင်းချက်တုန်း ကျုပ်ခုထိထမင်း မစားရသေးဘူး
ငတေ ။ ။ ဟာ... အာစရိနှယ်ခက်တော့တာပဲ .... ငါလဲဘာမှမချက်ဘူး ချက်စရာလဲမရှိဘူး
ကျွန်ုပ် ။ ။ ဟ .. ဒါဆို ဒီညကျုပ်တော့ ငတ်ပြီပေါ့
ငတေ ။ ။ မပူပါနဲ့ အာစရိရယ် .. ငါ့မှာအကြံရှိပါတယ်
ကျွန်ုပ် ။ ။ မလုပ်ပါနဲ့ မောင်ရင့်အကြံကို ကျုပ်ကြောက်လို့ပါ
ငတေ ။ ။ ဟာ .. အာစရိကလဲ.. ဒီနေ့ဘာနေ့လဲ...
ကျွန်ုပ် ။ ။ ဗုဒ္ဓဟူးလေ ..
ငတေ ။ ။ ဟာ.. သေလိုက်ပါတော့ အာစရိရယ် ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့လေ
ကျွန်ုပ် ။ ။ ဟာ အဲဒါတော့ ကျုပ်လဲသိတာပေါ့ ဘာလဲ ဥပုသ် စောင့်ရမှာလား ။
ငတေ ။ ။ မဟုတ်ပါဘူး အာစရိရဲ့ ဒီညအတွက် မငတ်စေရပါဘူး ဒီလို အာစရိရ ငါပြောပြမယ်
ဟု အစချီကာ မောင်ရင် ငတေ တစ်ယောက် ၎င်း၏ရွှေဥာဏ်တော်စူးရောက်မှု့ အလုံးစုံကို ကျွန်ုပ်အား တီးတိုးပြောကြားလေသည် ။
ကျွန်ုပ် ။ ။ အိမ်း ... ဒီလိုဆိုရင်တော့ မောင်ရင့်အကြံ မဆိုးပါဘူး

သို့နှင့် တန်ဆောင်မုန်းလပြည့်ည ၁၀ နာရီခန့်တွင်ကျွန်ုပ်တို့ အဆောင်မီးဖိုခန်းအတွင်း၌ တံခါးပိတ်ကာ ကျွန်ုပ်နှင့်တပည့်ကျော်ကြီး ငတေတို့နှစ်ယောက် ချွေးတစ်လုံးလုံးနှင့် အိုးကြီးအိုးငယ် အသွယ်သွယ်အား ချက်ပြုတ်ကြလေတော့သည် ။ မည်သို့မည်ပုံရရှိလိုက်မှန်းမသိလိုက်ရသော ကြက်သား ၊ ၀က်သား အစိမ်းကြော် တို့အားလုံး အဆင်သင့်ဖြစ်သောအခါ ဟင်းအိုးများ အားလုံး ကျွန်ုပ်၏ အခန်းတွင်းသို့ထည့်ကာ ငတေက..

ငတေ ။ ။ ကဲ အာစရိ ငါအဆောင်ကလူတွေကို အာစရိအခန်းမှာ တန်ဆောင်တိုင်လပြည့်ည အမှတ်တရ ကာလသားဟင်း ချက်စားတယ်ဆိုပြီး လိုက်ခေါ်မယ်လာတဲ့သူတွေကို အာစရိကြည့်ကျက်ပြောပေတော့ ..

ဟုဆိုကာထွက်သွားလေတော့သည် ။ မကြာမီအဆောင်သား အပေါင်း ပန်းကန်ကိုယ်စီနှင့်ရောက်ရှိ လာကြ
ရာ ကျွန်ုပ်လည်း ချက်ထားသောကြက်သား ၊ ၀က်သား ၊ အစိမ်းကြော်များ ဝေမျှထည့်ပေးရင်း အလှူဒါယိကာ လေသံကြီးနှင့်

ကျွန်ုပ် ။ ။ကျုပ်တို့ မြန်မာပြည်မှာဆို ခုလိုညမျိုး သူခိုးကြီးည တို့ ကျီးမနိုးပွဲ တို့ဆိုပြီး ကြက်ခိုးချက်စားကြ တာတို့ ၊ မယ်ဇလီဖူးသုပ် ဆေးပေါင်းခအောင်စားတာတို့ ရှိတယ်လေ ။ အခုလို ပြည်ပရောက်နေတော့ခုလိုညမျိုး မှာ အလွမ်းပြေ အမှတ်တရ ချက်ကျွေးတာပေါ့ဗျာ ။
အားလုံး ။ ။ ကျေးဇူးတင်တယ် ကိုရင်ညိန်းကြီးရေ ..
ကျွန်ုပ် ။ ။ ကုသိုလ်လည်းရအောင်ပေါ့ဗျာ
အားလုံး ။ ။ဒါပေါ့ဒါပေါ့ .. သာဓုဗျာ ..သာဓု...သာဓု
ကျွန်ုပ် ။ ။ ဒါပေမယ့်ပေါ့နော် အားလုံးကိုတောင်းပန်စရာတစ်ခုရှိတာကပေါ့
အားလုံး ။ ။ဘာကိုတောင်းပန်ရမှာတုန်း ကိုရင်ညိန်း ရ
ကျွန်ုပ် ။ ။ ဟိုလေ .. အခုချက်တဲ့ ဟင်းအားလုံးကို ကျုပ်အနေနဲ့ ကမတတ်နိုင်လေတော့ .. အဟဲ ..အဆောင်က ဘုံရေခဲသေတ္တာ ၄ လုံးထဲက ၀ယ်ထားတဲ့ ဟင်းထုပ်တွေကို .... ပံ့သကူ လုပ် .....
အားလုံး ။ ။ ဘာ......???
ဆိုသောအသံနှင့်အတူ မကြာမီလေးကပင် သာဓုခေါ်ခဲ့ကြသော ၊ အလွန်အမင်းကျေးဇူးတင်ခဲ့ကြသော အဆောင်သားတို့၏ အားပါးတရ မေတ္တာပို့သံများ ၊ ထပ်ဆင့် မေတ္တာ ဟန်းမိတ် (Hand Made)များ နှင့်အတူ ကျွန်ုပ်ကိုရင်ညိန်း တစ်ယောက် တန်ဆောင်တိုင်လပြည့်ညတွင် အကြီးအကျယ် ဆေးပေါင်းခနေပေတော့သည် ။
.......................^-^.......................

မှတ်ချက် ။ ။ တန်ဆောင်မုန်းလပြည့်နေ့ညမှာ ကျွန်တော်တို့ သူငယ်ချင်းတစ်စု တစ်ကယ်ပဲ ကျွန်တော်ရေးခဲ့သလို အများပိုင်ဟင်းတွေကို ချက်ခဲ့ကြပါတယ် ။ဆေးပေါင်းခတဲ့ အမှတ်တရဆိုပြီး ချက်ပြီးသားတွေကို အဆောင်သားဆွေနဲ့ အတူ ၁၂နာရိအတိမှာ တစ်ပျော်တစ်ပါး စားသောက်ခဲ့ကြပါတယ် ။ အပြင်မှာတော့ ဘယ်သူမှ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကိုပြဿနာမရှာခဲ့ကြပါဘူး ။ ကျွန်တော်ကသာ ဟာသ သက်သက် အမှတ်တရရေးပြတာပါ ။ ပျော်စရာကောင်းလိုက်ပုံကတော့ မြန်မာပြည်တောင် ခဏမေ့သွားတယ်ဗျာ ။ ကျွန်တော်တို့ချက်တဲ့ဟင်းတွေကို မစားခင်အမှတ်တရ ရိုက်ထားတဲ့ဓာတ်ပုံတွေ စာလာဖတ်သူတွေ သွားရည်ကျအောင်တင်ပေးလိုက်ပါတယ် ။ စားလို့လဲကောင်း ပျော်ဖို့လဲကောင်းဗျာ ။ ဟင်းတော့မပိုဘူးဗျ အအေးကတော့ 2litre ၄ဗူးတောင်ပိုတယ်ဗျာ ။ ဦးတဲ့လူသောက်ကြပေါ့ ။ နက်မကောင်းလို့ ၁ပုံပဲတင်နိုင်တယ်ဗျာ ။

P.S ။ ။ ဘိုတင့် (တင့်ထူးရွှေ) ၊ Blackကြီး (BlackDream) ၊ နတ်ကြီး (နတ်သျှင်နောင် )နဲ့ သီဟညိမ်း တို့တော့ မပါလိုက်ရလို့ စိတ်မကောင်းမဖြစ်ကြနဲ့ဗျို့ ။ အားရင်အအေးလာသောက်လှည့် ။ 2litre ၁ဗူး ချန်ထားတယ် ။ နောက်ကျရင်တာဝန်မယူဘူးနော် ။ အဟေးဟေး ။




You received this email because you are subscribed to the real_time feed for http://koyinnyein.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.