Thursday, November 13, 2008

[Moon Thet Pan] 1 New Entry: ဂီတနှင့် ကျန်းမာရေး

ဂီတနှင့် ကျန်းမာရေး

ကိုယ်လက်လှုပ်ရှားမှုပြုလုပ် ချိန်မှာ တေးဂီတကိုနားထောင်တာဟာ လူကိုပိုမိုတက်ကြွစေပြီး ပျော်ရွှင်စေပါတယ်။ ယခုနှစ်ပိုင်းတွင် သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များအရ တေးဂီတဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူ ပြုတယ်ဆိုတာ တွေ့ရပါတယ်။

ဂီတနှင့် နှုတ်မှုရေးရာ

လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှု တခုတည်းပြုလုပ်ရုံဖြင့် သင့်ရဲ့စိတ်အခြေအနေနှင့် ဆုံးဖြတ်နိုင်မှုစွမ်းအားများကို တိုးတက်စေမည်ဖြစ်ပြီး တေးဂီတနှင့်အတူ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ပါလျှင် ထိုအကျိုးကျေးဇူးများအပြင် သင့်ရဲ့နှုတ်မှုရေးရာပါ တိုးတက်မှာ ဖြစ်ပါတယ်။

၂၀၀၃ နှစ်တွင် လေ့လာချက်များ အရ လေ့ကျင့်ခန်းလုပ်စဉ်အတွင်းမှာ တေးဂီတကို နားဆင်မည်ဆိုပါလျှင် နှလုံးသွေးကြော ရောဂါရှိသူများတွင် နှုတ်မှုရေးရာ တိုးတက် လာတယ်လို့ သိရှိရပါတယ်။

နှလုံးသွေးကြောရောဂါရှိသူများတွင် ကျိုးကြောင်းဆီလျှော်အောင် တွေးခေါ်မှုအား လျော့ကျ နေတတ်တာကို တွေ့ရပါတယ်။ လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှုများကို ဂီတနှင့်အတူ ပြုလုပ်သူတွေမှာ နှုတ်မှုရေးရာ တိုးတက်မှုဟာ ကိုယ်လက်လှုပ်ရှားမှု တခုတည်းကိုသာ ပြုလုပ်သူများထက် နှစ်ဆမက တိုးတက်လာတာကို တွေ့ရတယ်လို့ဆိုပါတယ်။

ဂီတနှင့် စိတ်ဖိစီးမှု

တေးဂီတဟာ ကိုယ်လက်လှုပ်ရှားမှုနှင့် တွဲဖက်၍ဖြစ်စေ မတွဲဖက်ဘဲဖြစ်စေ လူသားတို့ကို စိတ်ပိုင်းဆိုင်ရာကို ပုံမှန် လည်ပတ်စေတယ်လို့ ဆိုပါတယ်။ ကျယ်လောင်ပြီး မြူးကြွတဲ့တေးဂီတတွေဟာ လူသားတို့ရဲ့စိတ်ကို လန်းဆန်းတက်ကြွနေစေဖို့ လှုံ့ဆော်ပေးပြီး ၊ နူးညံ့ညင်သာတဲ့ တေးသွား အေးအေးများကတော့ အိပ်မောကျအောင် ဖန်တီးပေးတတ်ပါတယ်။

ယခုနှစ်များမှာ တေးဂီတဟာ အနာကျက်မှုကို ပိုမိုမြန်ဆန်စေတယ်ဆိုတာကို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ က သဘောပေါက်လာကြပါတယ်။ တေးဂီတရဲ့ သံစဉ်၊ စာသား၊ လှိုင်းအနိမ့်အမြင့် စတဲ့ အရည်အသွေးတွေက ဝေဒနာရှင်တွေကို အတိုင်းအတာတစ်ခု အထိ ငြိမ်းချမ်းစေပြီး ပုံမှန်ကျန်းမာရေးအခြေအနေကို အမြန်ပြန်ရောက်အောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ကလေးအထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ Linda Fisher က ဆိုထားပါတယ်။ ဥပမာ၊ စောင်းသံချိုချိုဟာ နှလုံး ဆိုင်ရာနဲ့ပတ်သတ်ပြီး ရောဂါရှိသူများအတွက် များစွာအထောက်အကူ ပေးပါတယ်။ Harvard တက္ကသိုလ်မှ လေ့လာချက်များအရ နှလုံးခုန်ချက်တွေဟာ classical music နဲ့အတော်လေးကို ဆင်တူပြီး စောင်းသံချိုချိုကလည်း နှလုံးခုန်ချက်တွေကို ပုံမှန်ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် ၁၉၉၀ နှစ်များက လေ့လာချက်အရ တေးဂီတဟာ ခွဲစိတ်ကုသနေတဲ့ ဝေဒနာရှင်တွေရဲ့ နှလုံးခုန်နှုန်းတွေကို လျော့ကျစေပြီး၊ သွေးပေါင်ချိန်နှင့် အသက်ရှုနှုန်းတို့ကို ပုံမှန်ဖြစ်စေတယ်လို့ သိရပါတယ်။

တေးဂီတနှင့် မိခင်လောင်း

စိတ်ဖိစီးမှု၊ စိတ်ကျမှုနှင့် စိတ်ပူပန်မှုများဟာ ကိုယ်ဝန်ဆောင်များအနေနှင့် အများဆုံး ရင်ဆိုင်ရတဲ့ ပြသနာတွေဖြစ်ပါတယ်။ ယခုနှစ်ပိုင်းတွင်လေ့လာချက်များအရ နူညံ့ညင်သာသော တေးသွားများကို နားထောင်တဲ့ ကိုယ်ဝန်ဆောင် များမှာ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုနှင့် စိတ်ကျရောဂါဖြစ်မှုတို့ကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ထို့အပြင် ကိုယ်ဝန်ဆောင် မိခင်များတွင် စိတ်ကျမှုကို သက်သာစေရန် သုံးသော ဆေးများဟာ ရင်သွေးငယ်ကို ထိခိုက်စေတယ် မထိခိုက်စေဘူးဆိုတာ ယခုထိတိုင် အတိအကျ မသိနိုင်သေးပဲ ရှိနေပါတယ်။ ဒါကြောင့် ဈေးလည်းသက်သာ ရိုးရှင်းတဲ့ ကုသမှုတစ်ခုဖြစ်တဲ့ တေးဂီတကို နားထောင်ပေးခြင်းဖြင့် ဝေဒနာခံစားမှုကို သက်သာစေမှာဖြစ်တဲ့အပြင် မိမိရင်သွေးကိုလည်း စိတ်ကျပျောက်ဆေး ဆိုးကျိုးများရဲ့ဒါဏ်မှ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ထို့ပြင် တေးဂီတကို နားထောင်ခြင်းဖြင့်

၁။ လေဖြတ်ထားသူတွေမှာ ခန္ဓာကိုယ် လှုပ်ရှားမှုကို ကောင်းမွန်စေခြင်း

၂။ ကိုယ်ခံအားကို ကောင်းမွန်စေခြင်း

၃။ အာရုံစူးစိုက်မှုကို အားပေးခြင်း

၎။ နာကျင်မှုကို သက်သာစေခြင်း

၅။ လူရော စိတ်ကိုပါ ပျော်ရွှင်စေခြင်း

၆။ စိတ်ဖိစီးမှုကို လျော့ကျစေခြင်း တို့ကို ဖြစ်စေပါတယ်။

ဘယ်လို တေးဂီတမျိုးကို နားဆင်သင့်ပါသလဲ ။

အထက်မှာဖော်ပြထားတဲ့အတိုင်း ကျယ်လောင်ပြီး မြူးကြွတဲ့တေးဂီတတွေဟာ လူသားတို့ရဲ့စိတ်ကို လန်းဆန်းတက်ကြွနေစေဖို့ လှုံ့ဆော်ပေးပြီး ၊ နူးညံ့ညင်သာတဲ့ တေးသွား အေးအေးများကတော့ အိပ်မောကျအောင် ဖန်တီးပေးတတ်တာမို့ မိမိတို့ စိတ်အခြေအနေနဲ့ သင့်တော်တဲ့ တေးဂီတအမျိုးအစား ကို ရွေးချယ် နားဆင်နိုင်ပါတယ်။

နူးညံ့ညင်သာတဲ့ တေးသွားများအပြင် သဘာဝအသံကလေးများဖြစ်တဲ့ ငှက်ကလေးများရဲ့အသံ၊ မိုးတစိမ့်စိမ့်ရွာသံ၊ ဖားအော်သံနှင့် ပင်လယ်ရေလှိုင်းခတ်သံများ ဟာလည်း စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

နူးညံ့တဲ့တေးသွားတွေဟာ ဝေဒနာရှင်တွေရဲ့စိတ်ကို ပြေလျော့စေပြီး ဆေးကုသမှု၊ ခွဲစိတ်ကုသမှုများကို အထောက်အကူဖြစ်စေပါတယ်။

ဘယ်လိုအကျိုးကျေးဇူးများကို ရစေပါမလဲ။

တေးဂီတနှင့် ကိုယ်လက်လှုပ်ရှားမှု ပေါင်းစပ်ခြင်းဖြင့်သင့်အား …

၁။ သင်ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်သေးပေမယ့် အတန်အသင့် လှုပ်ရှားနေချိန် အတွင်းမှာ သင်ရဲ့ ပင်ပန်းမှုတွေကို ၁၀ %ထိ လျှော့ချပေးမှာဖြစ်ပါတယ်။

၂ ။ သင့်ရဲ့စိတ်ကို တေးဂီတက လွှမ်းမိုးနေချိန်မှာ သင့်ရဲ့တွေးခေါ်မှုတွေဟာ အကောင်းမြင်ဝါဒဘက်မှာ ရှိနေမှာ ဖြစ်ပြီး စိတ်တက်ကြွမှု၊ ပျော်ရွှင်မှုများနဲ့ သင်ဟာ ဘ၀ကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တေးဂီတဟာ သင့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှု၊ မောပန်းနွမ်းနယ်မှု၊ ဒေါသ ၊ တွေဝေခြင်းတို့ကိုလည်း လျော့ကျစေမှာဖြစ်ပါတယ်။

၃။ ကောင်းမွန်ပျော်ရွှင်စရာ ကောင်းတဲ့ သွေးပူလေ့ကျင့်ခန်း ကိုပေးပါလိမ့်မယ်။

၎။ သင့်ရဲ့ လက်ရှိအချိန်တွေဟာ ပြိုင်ဆိုင်မှုများနဲ့ပြည့်နှက် နေမယ်ဆိုရင် သင့်ရဲ့ ပင်ပန်းနွမ်းနယ်မှုများကို ကျော်လွှားစေမှာဖြစ်ပြီး သင့်ရဲ့ စိတ်လှုပ်ရှားမှုများကို ထိန်းကျောင်းပေးမှာဖြစ်ပါတယ်။

ဒါကြောင့် သင့်ကိုယ်သင့် တေးဂီတနဲ့အတူ လေ့ကျင့်ခန်းမှန်မှန် လုပ်ဖို့ရာ တိုက်တွန်းခြင်းဟာ အာဟာရပြည့်ဝတဲ့ အစားအသောက်များကိုနေ့စဉ်စားသုံးခြင်းလိုပဲ အရေးကြီးလှပါတယ်။

မွန်းသက်ပန် (ဆေး-၁)

လောကအလှ အွန်လိုင်းမဂ္ဂဇင်း၊ နိုဝင်ဘာလ ၈ ရက်၊ ၂၀၀၈ ခုနှစ်

Sources # live science. Amazing power of music revealed. 15th October 2008.

# Mercola.com. The amazing power of music revealed. 4th November 2008.

You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.