Thursday, November 13, 2008

[HAPPYCLOUD] 1 New Entry: လွမ်းတယ်ဗျို့

လွမ်းတယ်ဗျို့


(၁)
တရုံးရုံးဖြစ်နေသော လူအုပ်ကြီးကို ကြည့်ကာ စိတ်ပျက်သွားမိသည်။ ရုံးကပြန်ရန် ဖယ်ရီကား စောင့်နေရင်း ကျွန်တော့်လို ဖယ်ရီစောင့်နေကြသည့် အလုပ်သမား ကုလားတွေ တရုံးရုံးဖြစ်နေကြသည်က စိတ်မချမ်းသာစရာ။ ကိုယ့်နိုင်ငံက ပန်းဆိုးတန်းမှာ ဘက်(စ်)ကားတိုးစီးကြသည့် သူတွေကို သတိရမိသည်။ ကိုယ့်နိုင်ငံမှာပဲတိုးစီးရတဲ့ ဘ၀ရှိတယ်မှတ်နေတာ ချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာလည်း အောက်ခြေလူတန်းစားတွေရဲ့ ဘ၀ဟာ ဒီလိုပါပဲလား…. သြော်….နေရာ…နေရာ။
(၂)
စဉ်းစားရင်း နေရာတစ်ခုအတွက် လူတွေပြောကြဆိုကြ၊ စကားများကြ၊ ရန်ဖြစ်တာတွေ စိတ်ထဲပေါ်လာမိသည်။ အောက်ခြေလူတန်းစားတွေ နေရာလုတော့ တစ်ယောက်နှင့် တစ်ယောက်ရန်ဖြစ်ကြရုံ၊ ထိုးကြကြိတ်ကြရုံ နောက်ဆုံး တစ်စုံတစ်ဦး အသက်ဆုံးရုံ လောက်သာရှိတာ။ ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေ၊ သမ္မတတွေ၊ ဗိုလ်ချုပ်တွေ နေရာလုကြရင် လူတွေအများကြီး ဆင်းရဲဒုက္ခရောက်ကြရတယ်။ ငွေကြေးတွေ သောက်သောက်လဲ ကုန်ကြတယ်။ အရမ်းဆိုးလွန်းရင် လူ့အသက်တွေပါ စတေးကြရပြန်ရော။ နောက်နိုင်ငံအချင်းချင်း နေရာလုမှုတွေပေါ်လာရင်ရော။ စစ်ပွဲတွေဖြစ်ကြပြန်ရော။ နေရာလေးတစ်ခုကြောင့် ဖြစ်လာတဲ့ လောဘတွေက လူ့သမိုင်းတွေကို အရုပ်ဆိုးအကျဉ်းတန် ညစ်နွမ်းစေပါ့လား။
(၃)
ဟိုရောက် ဒီရောက်တွေးနေရင်း ပတ်ဝန်းကျင်ကို အကြည့်ရောက်သွားသည် အလျှိုလျှို မိုးမျှော်နေကြသည့် တာဝါကရိန်းများ၊ စက်မောင်းသံ၊ တွင်ထိုးသံ၊ ပစ္စည်းတင်သံ၊ ချသံ၊ အိုး… အသံပေါင်းစုံက နားအတွင်း ၀င်လာသည်။ ပရောဂျက်ကြီးတစ်ခုလုံး မီးတွေ ထိန်ထိန်လင်းနေသည်။ လူတွေသာ ပြောင်းသွားသည်။ စက်တွေက မရပ်။ နှစ်ဆယ့် လေးနာရီ မောင်းနှင်ရင်း တစတစ အကောင်အထည် ပေါ်လာသည့် အဆောက်အဦး တွေနှင့် အပြိုင်ပေါ့။ တာဝါကရိန်း တွေကိုကြည့်ရင်း တံလျှပ်မြူတို့ ဝေ့ဆိုင်းနေသည့် ကောင်းကင်ယံမှာတော့ လပြည့်ဝင်းကြီးက ပြူးပြူးကြီး ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ အော်...ဒီနေ့ လပြည့်နေပါ့ပဲ။
(၄)
"သီတင်းကျွတ် ပွဲတော်ကြီးပြီးတော့
တန်ဆောင်မုန်း၊ တန်ဆောင်တိုင်
ဆီမီးကမြိုင်။
မသိုးအလှ မြတ်သင်္ကန်းကပ်ဖို့
ရွှေတန်ဂုံ ကုန်းပေါ်တူပြိုင်ပြိုင်
ကထိန်သင်္ကန်းမို့၊ ကပ်လို့ကို မဆုံး
ရွှင်ပြုံးညီညာ ကေသီခိုင်။"

ကြားဖူးတဲ့ သီချင်းထဲကစာသားလေး တချို့တ၀က် အမှတ်ရရင်း ဒီနေ့"တန်ဆောင်မုန်းလပြည့်နေ့"ပါလား။ စိတ်ထဲမှာ လွမ်းလိုက်တာဗျာ။ ကျွန်တော်ခု ဒူဘိုင်းဆိုတဲ့ ကုလားအများစုနေတဲ့နိုင်ငံမှာ ရောက်နေတာလေ။ ဘယ်လောက်ပဲ ရုပ်ဝတ္ထုတွေပေါပါစေ ကိုယ့်နိုင်ငံကို လွမ်းတာတော့ လွမ်းတာပဲဗျာ။ ဒီအချိန်မှာ ကျွန်တော်နေတဲ့ မြို့လေးရော ဘယ်လိုရှိပါ့မလဲ။ ဆောင်းဝင်စမှာ ခပ်ထွေထွေလေး ကွေးနေမလား။ အရင် ကျွန်တော်ရှိတုန်းကလိုပဲ တန်ဆောင်မုန်း လပြည့်နေ့မှာ ဘုရားကို မသိုးသင်္ကန်းကပ်လှူဖို့ တလှုပ်လှုပ် ဖြစ်နေကြမလား။ အင်း...မြို့သူမြို့သားတွေလည်း အရင်လို သိပ်မပြေလည်ကြတော့ လုပ်နိုင်ကြပါ အုန်းမလား။ တောင်တောင်အီအီ လျှောက်တွေးနေမိတယ်ဗျာ။
(၅)
သူငယ်ချင်းနှင့် အတူ မသိုးသင်္ကန်းယက်တဲ့ပွဲကို မလိုက်ချင် လိုက်ချင်နှင့် ရောက်ခဲ့ဖူးတယ်။ ဖိုးမောင်က ပွဲသိပ်ဝါသနာ မပါဘူး။ ကိုယ့် ဘာသာအေးအေးနေချင်တာ။ ဟိုရောက်တော့ အားပါးတကယ်ကိုပဲ သဘောကျ သွားတယ်။ လူတွေတရုံးရုံးနှင့် ဆီမီးတွေ ထွန်းတဲ့သူကထွန်း၊ တချို့ရေချမ်းလဲတဲ့သူကလဲ၊ ပန်းလဲတဲ့သူ အိုးအစုံပါပဲဗျာ။ ဖိုးမောင်စိတ်အ၀င်စားဆုံးက မသိုးသင်္ကန်း ယက်တာကိုပါပဲဗျာ။
မျက်နှာမှာ သနားခါးအဖွေးသား၊ စံပယ်ကုံးတွေ အထွေးလိုက် ပန်ထားကြတဲ့ သက္ကန်းသမလေးတွေအပြိုင်အဆိုင် အချောအလှ ပြိုင်ကြတဲ့ အချိန်ပေါ့။ အခင်းအကျင်းတွေကလည်းအစုံပါပဲ။
အရင်ဆုံး ခပ်ဝေးဝေးမှာဖြန့်ခင်းထားတဲ့ အစေ့ပါတဲ့ ၀ါဂွမ်းတွေကို ပြိုင်ပွဲစတာနှင့် အမျိုးသမိးလေးတွေ ပြေးကောက်ကြတယ်။ နောက်ရပြီဆိုတာနှင့် ၀ါအစေ့ထုတ်တဲ့ လက်လုပ်စက်ကလေးမှာ ၀ါဂွမ်းတွေလိုထည့်ပြီး အစေ့တွေထုတ်တယ်။ ရလာတဲ့ ၀ါဂွမ်းကို ပွသွားအောင် ဂွမ်းဖတ်တဲ့ လက်လုပ်စက်ကလေးနှင့် ဂွမ်းဖတ်တယ်။ နောက်ပြီး ဗိုင်းတောင့်လို့ ခေါ်တဲ့ ဂွမ်းတောင့် မာမာကျစ်ကျစ်လေးတွေရအောင် လုပ်တယ်။ အဲဒါပြီးမှ ဗိုင်းငင်တော့တာပဲဗျိုး။ တဒီဒီ၊ တအီအီနှင့် ဗိုင်းငင်နေတာလေး ကြည့်ရတာ ဂီတသံစဉ်လိုပဲဗျာ။ ရလာတဲ့ ချည်လုံးသေးသေးလေးတွေကိုစုပြီး ချည်ခင်ဖြစ်အောင်လုပ်။ ချည်ခင်ဖြစ်တော့ သင်္ကန်းအရောင် ဆေးဆိုးရတယ်။ ဆေးဆိုးပြီးတော့ ခြောက်အောင် မီးကင်ပါတယ်။ ခြောက်ပြီဆိုမှ ယက္ကန်းစင်မှာ တပ်လို့ရအောင် လိပ်တုံးချည်ရတယ်။ လိပ်တုံးချည်ပြီးတော့မှလိပ်တုံးကို လက်သက္ကန်းစင် သေးသေးလေးပေါ်မှာ တင်လိုက်တယ်။ နောက်နှပ်ပေါက်တွေထဲကို ချည်မျှင်တွေတပ်ပေးပါတယ်။ အဲဒီလိုလုပ်နေချိန်မှာ အခြား တစ်ယောက်ကလည်း ယက်ဖောက်ချည်အတွက်၊ ယက်ဖောက်ယောက်ပေးနေပါတယ်။ အားလုံးစုံတဲ့ အချိန်မှာ ယက္ကန်းစတင် ခတ်တော့ပါတယ်။ အဲလိုနဲ့ တစ်ညလုံး နီးပါးသင်္ကန်းတစ်ထည်ပြီးအောင် ယက်လုပ်ကြရပါတယ်။ အာရုံမတက်မီပထမဆုံး ပြီးတဲ့သူတွေရဲ့ သင်္ကန်းနှင့် ဘုရားဆင်းတုတော်ကို ကပ်လှူကြတာပါ။ ဘာသာရေး ပွဲတော်မို့ ပျော်သလို သူတို့တွေရဲ့ စည်းလုံးမှုနှင့် ကျွမ်းကျင်မှု၊ အချင်းချင်းနားလည်မှုတွေကို တွေ့ရတာဟာ ကြည့်တဲ့သူတွေရဲ့ စိတ်ထဲမှာ အရမ်းကြည်နူးရတာပါပဲဗျာ။ သူတို့ရဲ့ အားထုတ်မှုတွေကို ကြည့်ပြီး ဘေးကနေ ဆုငွေပေးတဲ့သူတွေလည်း ရှိတာပေါ့။ အဲဒီတုန်းက သူတို့တွေရဲ့ အသွင်အပြင် အမူအရာတွေကို ကျွန်တော်အခုအချိန်မှာ ပြန်မြင်ယောင်နေမိတယ်ဗျာ။
ဒါကြောင့် ကျွန်တော်ဖိုးမောင် လွမ်းတယ်ဗျာ။ သူငယ်ချင်းတွေနဲ့အတူ ဆိုင်းဘုတ်ကြီးတွေ ရွေ့ပြောင်းခဲ့တာတွေ၊ ကွမ်းယာဆိုင်တွေ မရွှေ့ခဲ့တာတွေ။ သူငယ်ချင်းတွေစုပြီး ထမင်းဟင်းချက်ပြုတ်စားသောက်ခဲ့ကြတာတွေ ။ နောက်အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ အဒေါ်၊ ဦးလေးတွေကို ကန်တော့ပြီး မုန့်ဖိုးတောင်းခဲ့တာတွေကို အရမ်းလွမ်းမိတယ်ဗျာ။ ဆေးပေါင်းခတဲ့ည၊ ကြယ်ပေါင်းစုံတဲ့ည၊ အဲသူခိုးကြီးည (အပျော်သဘော ချစ်ခင်နောက်ပြောင်ကြတဲ့ည)၊ ကထိန်သင်္ကန်းကပ်လှူဖို့ အပြိုင်အဆိုင် ကြိုးစားကြတဲ့ည၊ အို...ဂုဏ်ပုဒ်တွေ အများကြီးနှင့် ကြယ်အပေါင်းဝန်းရံပြီး ထိန်ထိန်သာနေတဲ့လမင်းကြီး ပြောင်ပြောင်ရွှန်းရွှန်း ၀င်းပနေတဲ့ညတွေကို လွမ်းတယ်ဗျာ။ အဲဒါတွေအပြင် သနပ်ခါး အဖွေးသားနှင့် ယက္ကန်းခတ်တဲ့ ယက္ကန်းပျိုလေးတွေလည်း လွမ်းမိတာပေါ့ဗျာ။ တကယ်ပဲဗျာ... သောက်ကျိုးနဲ.... အားရပါးရ ပက်ပက်စက်စက်ကို လွမ်းနေမိတယ်ဗျို့။
(၆)
ရွှီ....ရွှီ....
ခရာတုတ်သံကြောင့် ကျွန်တော့ အလွမ်းတွေလွင့်သွားတယ်ဗျာ။ ကြည့်လိုက်တော့ ဂိတ်စောင့် လုံခြုံရေး ကုလားတွေနှင့် အလုပ်သမားကုလားတွေ စကားများရန်ဖြစ်နေကြတာကိုး။ စိတ်ထဲကအလွမ်းတွေ ဘယ်ရောက် သွားမှန်းတောင်မသိတော့ဘူး။ ဖယ်ရီကားစောင့်ရင်း တိုးဝှေ့တွန်းထိုးရင်း အချင်းချင်းစကားများကြတာ နောက်ဆုံး လုံခြုံရေးတွေ ၀င်ထိန်းရတဲ့ အဆင့်ရောက်လာကြတာပါ။ အဲဒီအချိန် ကျွန်တော်စောင့်နေတဲ့ ဖယ်ရီကားရောက်လာတယ်။ ဖယ်ရီကားပေါ်တတ်ရင်း အလုပ်သမားအုပ်စုကို စိတ်မသက်မသာ ကြည့်နေ မိတယ်ဗျာ။
စိတ်ထဲပေါ်လာတာက နေရာအကြောင်းပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တုန်းက ဗုဒ္ဓရှင်လတ်ထက်မှာလည်း ကောသမ္ဗီပြည်သားတွေ ရေလုရင်းတုတ်ဆွဲ၊ ဓါးဆွဲ၊ သတ်ကြ၊ ဖြတ်ကြတော့မယ့် အခြေအနေမှာ ဗုဒ္ဓ၀င်ရောက်တားမြစ်ခဲ့တဲ့ အတွက် အေးအေးချမ်းချမ်း ပြီးစီးသွားခဲ့တယ်။ ယနေ့ကမ္ဘာကြီး မှာရော နေ့စဉ်နှင့်အမျှ နေရာတိုင်းမှာ နေရာလုကြတဲ့အဖြစ်တွေ ဘယ်လောက်များများရှိနေမလဲ။ ပဒေသရာဇ် ခေတ်ကလည်းတမျိုးတဖုံ။ ကိုလိုနီခေတ်ကြတော့လည်းတမျိုးတဘာသာ။ ဆိုရှယ်လစ်ခေတ်ကြတော့လည်း တနည်းတလမ်း။ အခု နည်းပညာခေတ်၊ ဈေးကွက်စီးပွားရေး ခေတ်မှာရော ဈေးကွက်အတွက်၊ နည်းပညာ အတွက် တိုက်ပွဲတွေ နေရာလုမှုတွေ ဘယ်လောက်များရှိနေမလဲ။
(၇)
ကားပေါ်လိုက်လာတာ ကမ္ဘာ့အမြင့်ဆုံး မျှော်စင်အဆောက်အုံကြီး တည်ဆောက်နေတဲ့အနားကို ရောက် လာတော့ အမြင့်ဆုံး မျှော်စင်ကြီးနှင့်အတူ ရွှင်းရွှင်းပပသာနေတဲ့ လ၀န်းကြီးက ကျွန်တော့်ကို ပြုံးကြည့်နေတယ်။ လမင်းကြီးက ကျွန်တော့်ကို စကားတစ်ခွန်းပြောလိုက်သလို ခံစားရတယ်ဗျာ။ "ဖိုးမောင်ရေ အရာရာတိုင်းဟာ သူ့အကြောင်းနဲ့သူ့အကျိုး ဖြစ်ပျက်စီးဆင်းနေကြတာပါ။ အဲဒီအထဲမှာ မင်းအနေနှင့် အလိုက်သင့်လေး စီးမျောလိုက်စမ်းပါ။ ယောနိသောမနသိကာရဆိုတဲ့ အသင့်အတင့်နှလုံးသွင်း တတ်တဲ့ စိတ်ကလေး မွေးနိုင်အောင် ကြိုးစားစမ်းပါကွာ" လို့ ပြုံးပြုံးကြီး ပြောနေသလိုပါပဲဗျာ။ ကျွန်တော်ကလည်း "ဖိုးလမင်းကြီးရေ ဒီလိုလပြည့်ညမျိုးတွေမှာ ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံး ခင်ဗျားရဲ့ အလင်းရောင် အောက်မှာ အေးအေးချမ်းချမ်း အပူအပင်ကင်းကင်းနှင့် ကြည်နူးပျော်ရွှင်တာ မြင်ချင်မိတာပေါ့ဗျာ။ အဲလိုဖြစ်ဖို့ဆိုတာ လူသားအားလုံး လောဘ ဒေါသ၊ မောဟတွေ ကင်းစင်ကြမှ ဖြစ်မှာပေါ့။ ကျွန်တော်ကိုယ်တိုင် အဲဒီိစိတ်တွေ မကင်းတော့ တခြားလူတွေ ကင်းပါစေလို့ ဆုတောင်းရင် တစ်ကမ္ဘာလုံးက ကျွန်တော့်ကို လက်ညှိုးဝိုင်းထိုးကြမယ် ထင်တယ်ဗျာ" လို့ စိတ်တွင်းက ပြန်ပြောမိလိုက်ပါတယ်။

ကဲဗျာ ကျွန်တော်အပါအ၀င်ပေါ့ လောကကြီးက သတ္တ၀ါအားလုံး တန်ဆောင်မုန်းလပြည့်ညနှင့်အတူ လောဘ၊ ဒေါသ၊ မောဟ ကင်းစင်သော လောကကို အလှဆင်နိုင်သော လောက အလှတရားကို ထိန်းသိမ်းနိုင်သော လူသားများဖြစ်ပါစေလို့ ဆန္ဒမွန်ဖြင့် ကောင်းတောင်းလိုက်မိပါကြောင်း။

အကောင်းဆုံးမေတ္တာမွန်ဖြင့်
(ဖိုးမောင်)

You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.