Tuesday, November 11, 2008

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: အလိုက်မသိတတ်သူများ...

အလိုက်မသိတတ်သူများ...

ကိုရင်နော်တစ်ယောက် ဘယ်တွေပျောက်နေလဲလို့ မေးတဲ့သူတွေလည်း လာလာမေးကြတယ် ဟုတ်တော့လည်း ဟုတ်ပါတယ်လေ တစ်ခါတလေ ကိုယ့်ကိုကိုယ်တောင် ပြန်လိုက်ရှာရတယ် ဘယ်ရောက်ရောက်သွားမှန်းမသိဘူး အဲ့လို အလုပ်တွေရှုပ် အရှုပ်တွေလုပ်နေတာ.. အဟီးးးး.. ဒီနေ့တော့ အချိန်လေးရတုန်း ဘာလေးညာလေး နည်းနည်းပါးပါးတော့ ရေးဦးမှဆိုပြီး ရေးဖို့ပြင်ရတော့တာ.. ရေးမယ်ဆိုတာထက် ပြောပြချင်တာတွေ ပြောပြမယ်ဆိုရင်ပိုမှန်မယ်.. ကျနော်ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ၊ စိတ်ပျက်စရာလေးတွေကို ဖောက်သည်ချချင်တာပါ...။

"(၁၀) တန်းအောင်ဖို့မလိုဘူး အလိုက်သိတတ်ဖို့လို့တယ်" ဆိုတဲ့စကားဟာ ဆိုရိုးစကား တစ်ခုလို ဖြစ်နေပါတယ်.. မကြာမကြာလည်း ကြားရတတ်တယ်.. တကယ်တော့ လူတစ်ယောက်ဟာ "အလိုက်သိတတ်ဖို့" အရမ်းအရေးကြီးပါတယ်.. "အလိုက်သိတတ်ခြင်း" ဆိုတာက တတ်သိထားအပ်တဲ့ ပညာရပ်တစ်ခုလိုပါ.. ပညာတွေ ဘယ်လောက်ပဲ တတ်နေပါစေ အလိုက်မသိတတ်ဘူး အရိပ်အကဲ နားမလည်ဘူးဆိုရင် အဲ့ဒီလူဟာ လူမှုဆက်ဆံရေး နယ်ပယ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရမှာပါ...။

ကျနော်လည်း အလိုက်မသိတတ်သူတွေနဲ့ တော်တော်ဆုံတွေ့ခဲ့ရပါတယ် ကိုယ်က သည်းခံတတ်သူ၊ အားနာတတ်သူဖြစ်နေတော့ ပိုခံရတာပေါ့.. ဒီလိုပါပြောပြချင်တာက ကျနော့်သူငယ်ချင်းတွေထဲမှာ တစ်ယောက်ရှိတယ်ဗျ သူက သူပြောချင်တာကို အတင်းကို လိုက်ပြောနေတတ်တာ.. သူများ စိတ်ဝင်စားရဲ့လား.. အားလား.. မအားလားမသိ အတင်းကို သူပြောချင်တာ ပြောနေတော့တာ.. "ဒမှာကြည့်ရမ်း (ဒီမှာကြည့်စမ်း)" ဆိုပြီး သူ့စကားကို ဂရုစိုက်နားထောင်အောင် ခံပြောတတ်သေးတယ်.. ဒီထက်ဆိုးတာက သူ့ကို မကြည့်ရင် ပုခုံးကို တို့ပြီး မကြည့်ကြည့်အောင် လုပ်နေတော့တာ.. ပြောရင်လည်း "သလား (သိလား)" ဆိုပြီး သူ့စကားကို ထောက်ခံခိုင်းသေးတယ်.. ကိုယ်က အားနေရင်တော့ အကြာင်းမဟုတ်ပါဘူး နားထောင်ပေးတာပေါ့.. အလုပ်မအားတော့ ဘယ်လို လုပ်မလဲနော်.. တကယ်ဆို အလိုက်သိပေါ့.. သူစိတ်မဝင်စားပါလား ဆိုပြီး ဆက်မပြောနဲ့တော့ပေါ့.. ဟုတ်ဘူးလား..။

နောက်တစ်ယောက် ရှိသေးတယ် သူကတော့ စကားတော့ အတင်းလိုက်မပြောဘူး ကိုယ့်စားပွဲဘေးမှာ လာရပ်နေတတ်တာ.. ခုံတစ်လုံးပါဆွဲပြီး ဘေးမှာ လာထိုင်နေရော.. ကိုယ်ကလည်း အလုပ်က လုပ်နေရတော့ သူ့ကို ဧည့်ခံစကားပြောဖို့ အချိန်က မရှိဘူးလေ.. သူက နားလည်မှုတော့ ရှိပါတယ်.. နှောက်တော့ မနှာက်ယှက်ဘူး.. ခက်တာက ဘေးမှာထိုင်ပြီး ကိုယ်လုပ်နေတာတွေကို ကြည့်နေတာ.. PC ကို ကြည့်နေမယ်.. စာရွက်စာတမ်းတွေကို ကြည့်နေမယ်.. ကိုယ်ကလည်း ကိုယ်လုပ်နေတာတွေကို ဘယ်ကြည့်နေစေချင်မလဲနော်.. (မဟုတ်တာတွေ လုပ်နေတာကိုး.. ဟီးး) အဲ့လိုဗျ မခက်ဘူးလား တကယ်ဆို သူမအားပါလား.. မကြည့်စေချင်ပါလား.. ဆိုပြီး ပြန်သွားလိုက်တော့ပေါ့ဗျာ.. အလိုက်သိပေါ့.. ဆိုးတယ်ဗျ အလိုက်မသိတတ်တာ..။

တော်တော်ကြီး ဆိုးဆိုးဝါးဝါး အလိုက်မသိတတ်သူနဲ့လည်း ကြုံနေရသေးတယ်ဗျ.. မကြာမကြာလည်း ဆုံနေရတယ် နောက်လည်း ဒီလူနဲ့ တွေ့နေရဦးမှာပဲ.. သူငယ်ချင်းလည်းဖြစ်နေတာကိုး.. သူကတော့ အိမ်မှာ ဧည့်သည်လာလုပ်တာဗျ.. ခဏဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး ရက်ရှည်ဧည့်လာလုပ်တော့ ခက်ပြီပေါ့ဗျာ.. ကိုယ်ကလည်း တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေချင်တာလေ.. ဧည့်သည်ရှိနေတော့ မလွတ်လပ်ဘူးပေါ့.. သူ့ကို ဧည့်ဝတ်ကျေပေးရတော့တာပေါ့ဗျာ.. စားချိန်ဆို သူ့အတွက် စီစဉ်ပေးရရော ကိုယ်တောင် ကိုယ့်ဟာကိုယ်ဆို တစ်ခါတလေ ဘားမှစားတာ မဟုတ်ဘူး (ချွေတာရေးလေ.. ဟီးး) ဧည့်သည်ကိုတော့ ကောင်းကောင်းကျွေးရတော့တာပေါ့.. နောက် ကိုယ့် အသုံးအဆောင်တွေလည်း ပေးသုံးရသေးတယ်.. အိပ်ရင်လည်း ကိုယ့်ကုတင်မှာ ပေးအိပ်ရတာပေါ့.. ကိုယ်ကတော့ ဧည့်ခန်းမှာ ဖြစ်သလို အိပ်ရရော.. PC ကိုလည်း Email လေး ခဏ ဖတ်ဦးမယ်ဆိုပြီး မထတော့ဘူး.. ခက်ပြီပေါ့.. ကိုယ်က အလုပ်တွေက ရှိသေးတယ်လေ.. ဖတ်ချင်တာလေးတွေ.. ရေးချင်တာလေးတွေကလည်း ရှိဆိုတော့.. (ချစ်ချစ်နဲ့လည်း Talk ရဦးမှာ.. ဟီးး)
အဲ့လို.. အဲ့လို.. မခက်ပေဘူးလား အလိုက်မသိတာ.. ဆိုးတယ်ဗျ...။

နောက်တစ်မျိုးရှိသေးတယ် ဒါကတော့ အားလုံးလည်း ကြုံနေရမှာပါ.. Gtalk ကို အချိန်တိုင်း ဖွင့်ထားတယ်ဆိုတာ အမြဲ Chat နေတာမှ မဟုတ်တာနော်.. အလုပ်မှာ၊ ကျောင်းမှာ၊ အိမ်မှာ ဒီလိုပဲ ဖွင့်ထားတတ်တာပဲလေ.. Busy ပြထားတယ်ဆိုရင် ဒါသိသင့်တာပေါ့ မအားလို့နေမှာ ဆိုပြီး.. တချို့ကတော့ ဟုတ်ဘူးဗျ အတင်းကို Reply မလုပ်မချင်းကို ရိုက်နေတော့တာ.. ဒါလည်း အလိုက်မသိတာပဲဗျ.. ဒါကြောင့်လည်း Always Idle တွေ Invisible တွေ သုံးလာကြတာနေမှာ.. ဒါတွေက အလိုက်မသိတတ်သူတွေအတွက် ရှောင်ဖို့၊ ပုန်းဖို့ ထပ်ပေါ်လာတာဖြစ်မယ်.. တကယ်ဆို Busy ပါနေတာ လုံလောက်ပြီပဲလေ.. ကျနော်ကတော့ အဲ့ဒါတွေကို မသုံးဘူးဗျ.. ကိုယ်ခင်လို့ Add ထားတဲ့ သူငယ်ချင်းတွေကို လိမ်သလိုကြီးဖြစ်မနေဘူးလား.. (ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးနော်.. ခင်လေးငယ်ကို ပြောတာလည်း မဟုတ်ပါဘူး... ဟီးးး ဒင်းက အဲ့လို သုံးတတ်လို့ :P)

တကယ်တော့ အလိုက်မသိတတ်တာ ဆိုးတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ ကောင်းတဲ့နေရာလေးတွေလည်း ရှိတော့ရှိပါတယ်.. ကျနော်လည်း တစ်ခါတလေတော့ ရူးချင်ယောင်ဆောင်ပြီး အလိုက်မသိသလို နေဘူးပါတယ်.. ဥပမာ အကြွေးသွားတောင်းတာတို့ ဘာတို့ပေါ့.. မပြန်ဘူး မပေးမချင်း ပေကပ်နေတာ.:P နောက် ဖေဖေ့ ရုံးကိုလိုက်သွားပြီး တော်တော်နဲ့ မပြန်ဘူး သူ့ကို စိတ်ရှုပ်အောင် လုပ်မယ်.. မျက်စိနှောက်အောင်လုပ်မယ်.. သူ့ဧည့်သည်လာရင်လည်း စကားကောင်းကောင်း ပြောလို့မရအောင် နှောက်ယှက်မယ်.. အလိုက်မသိဟန်ဆောင်တာပေါ့.. ဒါမှ မုန်ဖိုးမြန်မြန်ပေးပြီး ပြန်ခိုင်းမှာလေ.. အဟီးး အဲ့လို ရူးချင်ယောင်ဆောင်တာ..။ နောက်ရှိသေးတယ် ကျနော်တို့ မွေးရပ်မြေက ရုံးဌာနတွေမှာ လ္ဘက်ရည်ဖိုး ပေးရမယ်ဆိုရင် အလိုက်မသိတတ်သလို ရူးချင်ယောင်ဆောင်နေလိုက်ရော.. အဲ့လို.. .အဲ့လို.. ဝန်ထမ်းတွေကို မဖျက်စီးချင်ဘူးလေ.. လ္ဘက်ရည်ဖိုးဆိုတာကလည်း ငါးဆယ်၊ တစ်ရာမှ မဟုတ်တာနော်.. ဈေးတော်တော်ကြီးတာကိုး... (ဟီးးး)

"အလိုက်မသိတတ်ဘူး" ဆိုတာ သူတစ်ဖက်သားကို စိတ်ညစ်အောင်လုပ်တာပဲ.. ဒုက္ခပေးခြင်းတစ်မျိုးပဲဗျ.. တကယ်ဆို ကိုယ့်ကို အလိုမရှိတော့ဘူး၊ မကြည်ဖြူတော့ဘူးဆိုတာ သိသင့်တာပေါ့.. သိရင်လည်း အလိုက်တသိ ထွက်သွားလိုက်တော့ပေါ့.. ဆက်ရှိနေလို့လည်း ဘားမှဖြစ်လာတော့မှာမှ မဟုတ်တာ.. မျက်နှာရိပ်၊ မျက်နှာကဲ ပြလည်း မသိ.. ပေကပ်ပြီးကိုနေ နေတာကတော့ ဆိုးတာပေါ့ဗျာ.. အဲဒီထိုင်ခုံကြီးတွေကို ဖက်တွယ်ပြီး ဆက်ထိုင်ထိုင်နေတာတော့ မမိုက်ဘူးပေါ့...!! တကယ်ဆိုရင်လည်း အလိုက်တသိ ဆင်းသွားလိုက်တော့ပေါ့ဗျာ... အဲ့.. ပြန်သွားလိုက်တော့ပေါ့ဗျာ... (အ ဟီးးး) ခက်တယ်.. ခက်တယ်..!! အလိုက်မသိတတ် သူတွေကြောင့် ခက်တယ်.. အားလုံးပဲဗျာ.. ကျနော်ကြုံတွေ့ရသလို အလိုက်မသိသူများရဲ့ရန်က ကင်းဝေးနိုင်ကြပါစေလို့...။

(ကိုရင်နော်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.