Tuesday, November 11, 2008

[Padauk Myay] 3 New Entries: အချုပ်အခြာအာဏာအရေးနှင့် မြန်မာ့အတိုက်အခံများအပေါ် အမြင်

အချုပ်အခြာအာဏာအရေးနှင့် မြန်မာ့အတိုက်အခံများအပေါ် အမြင်

မျိုးမြန်မာ

(ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အရေးအခင်းနဲ့ပတ်သက်ပြီး အတိုက်အခံအဖွဲ့အစည်းများရဲ့ ရပ်တည်ချက်အပေါ် သုံးသပ်ထားတဲ့ မျိုးမြန်မာရဲ့ အမြင်ဖြစ်ပါတယ်။ ပိတောက်မြေအနေနဲ့ အစွန်းရောက်အမျိုးသားရေးဝါဒကို ဆန့်ကျင်သလို အစိုးရ ဘာလုပ်လုပ်ဆန့်ကျင်မယ်။ အမျိုးသားရေးကို မေ့ထားမယ်ဆိုတဲ့ သဘောထားကိုလဲ လက်မခံနိုင်ပါဘူး။ ဒါ့ကြောင့် မျိုးမြန်မာရဲ့ စာကို အားလုံးလေ့လာနိုင်ဖို့ ဝေငှပေး လိုက်ပါတယ်။ C Box မှာ ရိုဟင်ဂျာ (သို့) မူဂျာဟစ်ဒင်တွေကိုတောင် တိုင်းရင်းသားဖြစ်တယ်။ ဗမာတွေက သူတို့အပေါ် လူမျိုးကြီးဝါဒနဲ့ အနိုင်ကျင့်နေတဲ့ပြောသူတွေကိုလဲ တွေ့နေရပါတယ်။ မူဂျာဟစ်ဒင်ကိစ္စသိသူများ ရေးပေးဖို့ ဖိတ်ခေါ်ပါတယ်။)

တစ်ပတ်ကျော်မျှ ကြာမြင့်လာပြီဖြစ်သည့် လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်ပွားနေသော ရေပိုင်နက် အငြင်းပွားမှု ပြသနာကြောင့် ဤဆောင်းပါးအားရေးသားခြင်း ဖြစ်ပါ၏။ ဥပဒေမဲ့ မှားယွင်း တောင်းဆိုမှုဟု မြန်မာအစိုးရမှ ပြတ်သားစွာဆိုခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲမှုမှ စတင်ကာ ပေါ်ပေါက်ခဲ့ သည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွား ပြသနာအား အခြေပြုကာ မြန်မာ့နိုင်ငံရေးအား လေ့လာလိုခြင်း လည်း ဖြစ်ပါသည်။

ထိုအဖြစ်စတင်ခဲ့သည်နှင့် တပြိုင်နက် မြန်မာ့ဘလော်ဂါများအကြားတွင် လှုပ်လှုပ်ရှားရှား ရှိခဲ့ပြီး မည်သည့် အကြောင်းများ ကြောင့် ဖြစ်သည်၊ မည်သူမှားသည် မှန်သည်ဟု မသေချာချိန်မှာပင် အချို့သော သူတို့၏။ နာမည်ကြီး မြန်မာနိုင်ငံရေး သတင်းဌာနများမှ ဆောင်းပါးရှင်တို့၏ ရေးသားချက်များသည် အစဉ်အလာ မပျက်ပင် လက်ရှိအစိုးရအား စွတ်စွဲပစ်တင်မှုများဖြင့် စခဲ့ကြပါ၏။

သို့သော် ထိုအရာထက် အံ့သြောဖွယ်ကောင်းသည်မှာ တရားဝင်ရပ်တည်နေသော မြန်မာ့အတိုက်အခံ ပါတီကြီးဟုဆိုသည့် အန်အယ်ဒီ ပါတီ၊ ပြည်တွင်းပြည်ပရှိ စာတမ်းများ ကြေငြာချက်များ ထုတ်ရာတွင် လက်သွက်လှသော အဖွဲ့အစည်း မျိုးစုံတို့၏ အသံတိတ်မှုပင်ဖြစ်၏။ ထိုအရေးနှင့်ပက်သက်၍ သူတို့ဆီမှ အမြင်များ တုန့်ပြန်မှုများအား ယခု ဆောင်းပါး ရေးချိန်အထိ စိုးစဉ်းငယ်မျှ မကြားရခြင်းသည် ကျွန်တော့်အဖို့ ဆန်းကျယ်လှ၏။ အမိမြန်မာနိုင်ငံတော်အတွက် ထို အတိုက်အခံဆိုသည့် နိုင်ငံရေးပါတီကြီး၏ ဖြစ်တည်နေမှု သည်၊ ပြည်တွင်းပြည်ပမှ ဖွဲ့ထားသော အဖွဲ့အစည်းတို့၏ တည်ရှိနေမှုသည် လက်ရှိအစိုးရအား ဆန့်ကျင်ရုံ၊ ပုတ်ခတ်ပစ်တင်ရုံ သက်သက်အတွက်သာ ဖြစ်သည်လား။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကိစ္စဆိုသည်မှာ ထိုအဖွဲ့အစည်း ပါတီတို့အနေဖြင့် မိမိတို့ အမြင်အား ပြောကြားဖို့ မလိုလောက်အောင်ပင် လားလားမျှ မဆိုင်သည်လား။

အဘယ့်ကြောင့် နိုင်ငံတော်အား ကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာသည့်နိုင်ငံများအပေါ် ကန့်ကွက်ပစ်တင်ခြင်း၊ ရှုံ့ချခြင်း၊ အဆိုပါနိုင်ငံများ၏ သံရုံးများရှေ့တွင် ဆန္ဒပြခြင်းတို့ဖြင့် သဲသဲလှုပ်ရှိလှသော ထိုလူ၊ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတို့သည် နိုင်ငံ၏အချုပ်အခြာကို ထိပါးသော ယခုအရေးတွင် နှာစီးနေကြ ပါသနည်း။ လေ့လာကြည့်မည်ဆိုလျှင် အဆိုပါသူတို့၏ ယခုလှုပ်ရှားမှုများတွင် ထိုအရေးသည် မဖြစ်နေ သကဲ့သို့ ပင် ရှိချေ၏။

ဤနေရာတွင် လေ့လာမိသည်မှာ အဆိုပါအတိုက်အခံတို့သည် အစိုးရအား ဆန့်ကျင်မှုနှင့် နိုင်ငံတော်၏ အရေးအရာများအား ကွဲကွဲ ပြားပြားမရှိလှ ခြင်းပင်ဖြစ်၏။ ယုတ်စွအဆုံး ဒို့တာဝန်အေ၇းသုံးပါးကဲ့သို့သော ကိစ္စမျိုးမှာပင်လျှင်

  • အစိုးရမှ ပြည်ထောင်စုမပြိုကွဲရေး.. ဒို့အရေးဟုဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏လှုပ်ရှားမှုများသည် ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်ကြ၏။ (ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးပမ်း နေကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများအား အားပေးအားမြှောက်ပြုသည့် လုပ်ရပ်များ စသည်...)
  • တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး.. ဒို့အရေးဟုဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏ လှုပ်ရှားမှုများ သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေးကိုဦးတည်ကြ၏။ (တိုင်းရင်းသားများအား အစိုး၇နှင့် ငြိမ်းချမ်းရေး ရရှိသွားမည်ကို အပြင်းအထန် စိုးရိမ်စိတ်ဖြင့် သွေးထိုးလှုံ့ဆော်သည့်လုပ်ရပ်များ.. အကယ်၍ အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ကာ အလင်း ၀င်သည့် တိုင်းရင်းသား အဖွဲ့များ ရှိလာလျှင်ပင် မလိုတမာပြောဆိုမှုများ.. ပုတ်ခတ်မှုများ.. စသည်)
  • အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အေ၇းဟု ဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏ လှုပ်ရှားမှုများသည် နိုင်ငံတော်အား တိုင်းတပါးမှ ၀င်ရောက်သိမ်းယူမှုကို ဦးတည်ကြ၏။ (ပမာပြစရာ မလိုလှပါပေ.. အားလုံးအသိပင်ဖြစ်ပေ၏.. မည်မျှပင် ထိုအရာအတွက် ထန်းလက်ကာ ဆင်ခြေများ ပေးစေကာမူ ထိုအချက်သည် အချုပ်အခြာအာဏာ ပျက်စီးရေးကိုသာ ဦးတည်ပေ၏)


ထိုသို့သော အမိမြန်မာနိုင်ငံတော်မှမက မည်သည့်နိုင်ငံအတွက်မဆို အရေးကြီးလှသော၊ ကမ္ဘာပေါ်ရှိ နိုင်ငံသားတိုင်းမှ မိမိတို့၏ နိုင်ငံအတွက် ထားကိုထားရမည့် မှန်ကန်ကောင်းမွန်သော တာဝန်များကို ပင်လျှင် ငါတို့၏တာဝန်ဖြစ်သည်။ လက်ခံယုံကြည်ပါသည်ဟု ဆိုမည့်အတိုက်အခံ ဒီမိုကရေစီသမား မည်မျှရှိမည်နည်းဟု စာဖတ်သူ ထင်ပါသနည်း။ အစိုးရမှ အော်နေသော အချက်ဖြစ်သည် ဆိုသည်ကပင် ထိုသူတို့အား ကျောခိုင်းပစ်ရန်၊ လှောင်ပြောင်ပစ်လိုက်ရန်၊ ဆုတ်ဖြဲ ပစ်လိုက်ရန် လုံလောက်သောအချက် ဖြစ်သွားခဲ့သည် မှာ အံ့သြောစရာပင်ဖြစ်၏။

ဤသို့သော စိတ်ဓါတ်တို့သည် လာမည့်နိုင်ငံတော်၏ ဒီမိုကရေစီ နိုင်ငံတော်အတွက်ပင်လျှင် များစွာ အကျိုးယုတ်စေမည့် စိတ်ဓါတ်များ ဖြစ်သည်ဟု ကျွန်တော်ယူဆပါ၏။ ကွဲပြားသော အမြင်တို့ဖြင့် နိုင်ငံတော်၏ အကျိုးကို စွမ်းဆောင်ကြမည့် နိုင်ငံေ၇းပါတီအသီးသီးတို့တွင် ထိုစိတ်ဓါတ်များ ကိန်းအောင်းနေမည် ဆိုပါလျှင် သဘောထား ကွဲပြားမှုများကို မည်သို့ဖြေရှင်းကြမည်နည်း။ မိမိဆန့်ကျင်သူမှ ပြုသည်ဆိုရုံနှင့် ပယ်ရမည်ဆိုလျှင် အဘယ်မှာလျှင် တည်ငြိမ်အေးချမ်းသော၊ ကောင်းမွန်သောလမ်းကို နိုင်ငံသည် လျောက်လှမ်းနိုင်ပါ ဦးမည်နည်း။ အငြင်းပွားမှုများ တရွတ်ဆွဲ ပြသနာရှာမှု များနှင့်သာ လုံးခြာလည်လိုက်နေသော အဖြစ်များသာ ရှိနေမည်မဟုတ်ပါလား။

ယခုမူကား အဆိုပါအတိုက်အခံတို့သည်

  • အချို့ကလည်း မိမိတို့နှင့်လားလားမျှမဆိုင်သည့် ကိစ္စတစ်ခုကဲ့သို့သော်လည်းကောင်း၊
  • အချို့ကလည်း အစိုးရအခက် ငါတို့အချက်ဟု ဟစ်ကြွေး၍သော်လည်းကောင်း၊
  • အချို့ကလည်း စောင့်ကြည့်လျှက် စစ်ဖြစ်လျှင် ပြည်သူကို စစ်မီးဒဏ်ခံခိုင်းပြန်ပီ၊ ဒေသတွင်း ပြသနာရှာတဲ့အစိုးရ စသည်ဖြင့်.. စစ်မဖြစ်လျှင် နိုင်ငံကိုတောင် မစောင့်ရှောက်နိုင်ဘူး၊ ကြောက်နေတာ ပဲ စသည်ဖြင့် လက်ညှိုးထိုးရန် အသင့်ပြင်ခြင်းဖြင့် လည်းကောင်း

ရှိနေကြသည်မှာ စိတ်ပျက်ဖွယ်ဖြစ်၏။ ဆိုးရွားသည်မှာ ထိုသူတို့ ဟန်တပြင်ပြင် ဖြစ်နေကြသည့်အရေးမှာ အမိနိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သော အရေးဖြစ်နေခြင်းပင်ဖြစ်ပေသည်။

ထို့ကြောင့် ကျွန်တော်တို့သည် မည်သည့်ခံယူချက်ကိုယုံကြည်သည် စွဲကိုင်သည်ဖြစ်စေ အဆိုပါခံယူချက် လှုပ်ရှားမှုတို့သည် အမိနိုင်ငံတော်အား အကျိုးရှိစေမည့်၊ ရေရှည်တည်တံ့ ခိုင်မြဲစေမည့်၊ အချုပ်အခြာအာဏာ ကို မြတ်နိုးသည့် ခံယူချက်များ လှုပ်ရှားမှုများသာ ဖြစ်သင့်ပါသည်ဟု မိကျောင်းမင်း ရေခင်းပြ တိုက်တွန်း လိုက်ပါသည်။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ

လူလိမ္မာတွေများနေရင်

လူထုစိန်ဝင်း

(၅.၁၁.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်က ဆရှာ လူထုစိန်ဝင်း၏ ဆောင်းပါးဖြစ်ပါတယ်။ မြန်မာ့ အရေးနဲ့ ဆက်စပ်ပြီး တွေးစရာတွေပါလို့ မျှဝေပေးလိုက်ပါတယ်။)


အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်တာ နှစ်ပေါင်း ၂၀ လောက်ရှိပြီဖြစ်တဲ့ တပည့်ဟောင်းတစ်ယောက် လာနှုတ်ဆက်ပါတယ်။ ခါတိုင်းလိုပဲ အလုံး ၁၀၀၀ ပါ Centrum အားဆေးဘူးကြီး တစ်ဘူးပါလာပါတယ်။ သူက တစ်နှစ် တစ်ခါ ပြန်လာနေကျပါ။


အားဆေးဘူးပြဿနာ

အားဆေးဘူးကိုမြင်တော့ မနှစ်က သူလေဆိပ်မှာ ပြဿနာဖြစ်ခဲ့တာကို အမှတ်ရပြီး ဒီတစ်ခေါက်လည်း ပြဿနာ တက်သေးလားလို့ မေးလိုက်ဖြစ်တယ်။ မနှစ်က ဒီအားဆေးဘူးတွေကြောင့် သူရှူးရှူးရှားရှား ဒေါသဖြစ်ခဲ့ရတာကို သူပြောပြလို့ သိရတယ်။ သူက မြန်မာပြည်က ဆရာသမားဟောင်းတွေ၊ အသိဟောင်း အကျွမ်းဟောင်း လူကြီးသူမတွေကို ကန်တော့ဖို့ အားဆေးဘူးကြီး ၂၀ လောက်ယူလာခဲ့ပါတယ်။ သူ့ဇနီးနဲ့သူ နှစ်ယောက်ခွဲ ယူလာခဲ့ကြတာဖြစ်တယ်။ လေဆိပ်ရောက်တော့ ဆေးဘူးတွေများလွန်းတာကြောင့် တပည့်ဖြစ်သူနဲ့ စကားအချေအတင်အကြာကြီးပြောကြရတယ်။ နောက်ဆုံးကျမှ နှစ်ဖက်စလုံး အလျော့အတင်း လုပ်ပြီး ပြေလည်သွား ခဲ့တယ်။

အချောင်ရချင်စိတ်

ဒီတစ်ခေါက်တော့ သူက အားဆေးတစ်ဘူးပဲယူခဲ့တယ်။ တခြား ဘာမှလည်း မယူခဲ့လို့ ဘာပြဿနာမှ မတက်ဘူး။ အေးအေး ဆေးဆေးပဲလို့ စိတ်လက်ပေါ့ပါးစွာနဲ့ ပြောပြတယ်။ မနှစ်ကတော့ လူတွေ အကျင့်ပျက်တယ်ဆိုတဲ့ အကြောင်း ပြောလို့ကို မပြီးတော့ဘူး။ ဒီနှစ်တော့ အေးအေးဆေးဆေးပဲတဲ့။ အေးမှာပေါ့ သူကလည်းဥပဒေစည်းကမ်းနဲ့ မညီတာဘာမှမယူလာဘဲကိုး။ လူ့လောကမှာ ပြဿနာ အရှုပ်အထွေးတွေ ဖြစ်ကြရတာ၊ အငြင်းအခုန်တွေဖြစ်ကြရတာ ဒီအချက်ကြောင့်ပါပဲ။ စည်းကမ်းဥပဒေကို လေးစားလိုက်နာမှု ပျက်ကွက်ကြလို့သာဖြစ်တယ်။ စည်းကမ်းတို့ ဥပဒေတို့ဆိုတာ လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာဖို့၊ တည်တံ့ ခိုင်မြဲဖို့အတွက် ပြုလုပ်ထားခဲ့ကြတာ ဖြစ်တယ်။ အားလုံးက လေးစား လိုက်နာကြမယ်ဆိုရင် ဘာပြဿနာမှ ဖြစ်လာစရာအကြောင်း မရှိဘူး။ စောစောက တပည့်လေးကိစ္စပဲကြည့်။ ယူလာသူက လည်း ယူလာတဲ့ပစ္စည်းကို တရားဝင်ကြေညာလွှာမှာ ထည့်သွင်းရေးသားပြီး စည်းကမ်းအတိုင်း ထိုက်သင့်တဲ့ အခွန်ငွေ ဆောင်မယ်ဆိုရင် အချေအတင်ပြောနေစရာ ဘာလိုတော့မှာလဲ။ သူကိုယ်တိုင်ကလည်း အချောင်ရမယ်ဆို ယူချင်တဲ့စိတ်နဲ့ မကြေညာဘဲယူလာ ဒီတော့ ပြဿနာဖြစ်တော့တာပေါ့။

ဂုဏ်သိက္ခာဆိုတာ

တောင်းသူကလည်း အချောင်ရချင်စိတ်ရှိတာပဲ။ တကယ်တော့ ဥပဒေစည်းကမ်းအတိုင်း၊ အခွန်ဆောင်ခိုင်းသင့် တာဆောင်ခိုင်း၊ ဒဏ်တပ်သင့်တာတပ်ဆိုရင် ဘာမှပြဿနာဖြစ်စရာအကြောင်းမရှိဘူး။ လူတစ်ယောက်မှာ အရေးကြီးဆုံး က " ဂုဏ်သိက္ခာ " ပဲဖြစ်တယ်။ ရန်သူက ထမင်းကျွေး၊ ဆေးပေးရုံသာမက၊ သမီးနဲ့ထိမ်းမြားပြီး အိမ်ရှေ့ရာထူးအပ်နှင်း မယ် ဆိုတာတောင်၊ သူ့အောက်ကျို့ပြီး အညံ့ခံတဲ့အဖြစ် အရောက်မခံဘူး။ အသေသာခံမယ်ဆိုတဲ့ မင်းရဲကျော်စွာရဲ့ "ဂုဏ်သိက္ခာ" ကို တန်ဖိုးထားတဲ့ စိတ်ဓာတ်တွေ လုံးဝ ပျောက်ကွယ် သွားပြီလား။

ဘာကအခရာလဲ

"အူမတောင့်မှသီလစောင့်မယ်" ဆိုတဲ့စကားတစ်လုံးကပဲ ကျွန်တော်တို့ လူမျိုးတွေကို ဖျက်ဆီးနေတာလားလို့ တွေးမိတယ်။ "လျှာမြက်ပေါက်ပါစေ၊ မဟုတ်မမှန်တာမလုပ်ဘူး" ဆိုတဲ့ လူမျိုးတွေက လူမိုက်ဖြစ်နေကြပြီး မိုးခါးရေ သောက်တဲ့လူတွေကမှ လူတော်လူလိမ္မာတွေလို့ သတ်မှတ်နေကြလေတော့၊ ဒီလိုလူလိမ္မာတွေနဲ့ ဘယ်လိုလုပ်ပြီး တိုးတက်အောင် တည်ဆောက်နိုင်မှာလဲ။ တိုင်းပြည် နိုင်ငံတစ်ခုတိုးတက်ဖို့ "အခရာ" အကျဆုံးက ဈေးကွက်စီးပွားရေး တို့ ဒီမိုကရေစီတို့ ဆိုတာတွေ မဟုတ်ပါဘူး။ Rule of Law ဆိုတဲ့ တရားဥပဒေ စိုးမိုးရေးသာဖြစ်တယ်။ စီးပွားရေး ဘယ် လောက်တိုးတက်တိုးတက်၊ ဒီမိုကရေစီ ဘယ်လောက်ကောင်းကောင်း၊ တရားဥပဒေမဏ္ဍိုင်ကြီးက ခြစားနေရင် အဲဒီနိုင်ငံဟာ ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ပါဘူး။ လောလောဆယ် ကသောင်းကနင်းဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံကိုပဲ ကြည့်လေ။ မဲကို ငွေနဲ့ဝယ်လို့ရ၊ တရားရုံးကိုငွေနဲ့ဝယ်လို့ရ၊ ရာထူးကိုငွေနဲ့ဝယ်လို့ ဖြစ်နေလေတော့၊ ဒီမိုကရေစီသာ တွင်တွင် အော်နေတယ် ဘယ်မှာတည်ငြိမ်အေးချမ်းလို့လဲ။

အော်တိုကရေစီတဲ့

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အတည်ငြိမ်ဆုံးနဲ့ အချမ်းသာဆုံးနိုင်ငံတစ်ခုကိုတော့ တင်းပြည့် ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံလို့ မခေါ်ချင်ကြပါဘူး။ အာဏာရှင်ဆန်ဆန် "အုပ်ချုပ်တဲ့ အော်တိုကရေစီ" စနစ်လို့ ခေါ်လေ့ ရှိကြတယ်။ ပါတီတစ်ခုတည်းကသာ အုပ်စိုးနေတာကိုး။ ဒါပေမဲ့ လူမျိုးချင်းရောနှောနေရတဲ့ အဲဒီနိုင်ငံ စီးပွားရေးအရ ထိပ်တန်းရောက်သလို၊ တည်ငြိမ်အေးချမ်းမှုလည်း အရှိဆုံး နိုင်ငံဖြစ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရာဥပဒေမဏ္ဍိုင်ကိုခိုင်မာသထက် ခိုင်မာအောင် အမြဲတမ်း အားထုတ် နေတာကြောင့်ဖြစ်တယ်။ စည်းကမ်းဥပဒေနဲ့ ပတ်သက်ရင် အသေးအဖွဲလေးပဲဆိုပြီး လျစ်လျူရှူမထားဘူး။ လမ်းဘေးအမှိုက်ပစ်တာ၊ တံတွေးထွေးတာကအစ တိတိကျကျအရေးယူတာ။ လွန်လာပြီဆိုရင် ကြိမ်နဲ့တောင်ရိုက် အပြစ်ပေးတာ။ လူဆိုတာကတော့ ဘယ်နိုင်ငံသားဘယ်လူမျိုးဖြစ်ဖြစ်၊ အချောင်ရရင် လိုချင်တတ်တာ သဘာဝပဲ။ လူတွေကို လူဆိုးသူခိုးဖြစ်မသွားအောင် ထိန်းပေးတာက ဥပဒေစည်းကမ်းဖြစ်တယ်။ တရားဥပဒေမဏ္ဍိုင် ကြံ့ခိုင်ရင် ကြံ့ခိုင်သလောက် လူဆိုးသူခိုးလျော့နည်းပြီး တိုင်းပြည်တည်ငြိမ် အေးချမ်း ပါတယ်။

တရားစွဲခံရတာကို ဂုဏ်ယူတဲ့လူ

တစ်လောလေးက အစ္စရေးဝန်ကြီးချုပ်ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို ကောင်းကောင်းမှတ်သားထားပါတယ်။ ၀န်ကြီးချုပ်ကို အကျင့်ပျက်မှုနဲ့ ရုံးတင်စစ်ဆေးခံရတော့၊ သူကချက်ချင်းပဲရာထူးကနေ နှုတ်ထွက်ပါမယ်လို့ ကြေညာပါတယ်။ အဲဒီလိုကြေညာရာမှာ "ကိုယ့်တိုင်းပြည်ရဲ့ ၀န်ကြီးချုပ်ကို ရုံးတင်စစ်ဆေးနိုင်တဲ့ အစ္စရေး နိုင်ငံသားဖြစ်ရတာကို အများကြီး ဂုဏ်ယူမိပါတယ်" လို့ သူက ထည့်သွင်းပြောကြားသွားပါတယ်။ အစ္စရေးနိုင်ငံ ဆိုတာ နိုင်ငံအဖြစ်စတင်တည် ထောင်တဲ့နေ့ကစပြီး စစ်တွေတိုက်လာရတာ နှစ်ပေါင်း ၆၀ ကျော်တဲ့အထိ တိုက်နေရတုန်းပါပဲ။ ဘေးပတ်လည်မှာလည်း ရန်သူတွေ ၀ိုင်းဝိုင်းလည်နေပါတယ်။ ဒီလိုနိုင်ငံမျိုး ဘယ်လိုလုပ် တိုးတက်နိုင်ပါ့မလဲ။ ဒါပေမဲ့ အစ္စရေးကတော့ အဏုမြူ လက်နက်တောင် လုပ်နိုင်တဲ့အထိ ဘက်ပေါင်းစုံက တိုးတက်ခဲ့တယ်။ စစ်ရဲ့အကျိုးဆက်တွေကို မလွှဲမရှောင်သာ ခံစားနေ ရတာကလွဲရင်၊ စီးပွားရေးရော၊ နိုင်ငံရေးပါ တည်ငြိမ်နေပါတယ်။ ဒါဟာ တရားဥပဒေမဏ္ဍိုင် ကြံ့ခိုင်လို့ပဲဖြစ်တယ်။ တရားဥပဒေရဲ့ သြဇာရိပ်ကကင်းလွတ်ခွင့်ရတဲ့လူ၊ တရားဥပဒေရဲ့ အထက် ရောက်နေတဲ့လူ ဘယ်သူမှ မရှိဘူးဆိုတာ အခု ၀န်ကြီး ချုပ်ရဲ့အဖြစ်က သက်သေပြလိုက်တာပါပဲ။

ရွှေဥဒေါင်းပြောတဲ့တရုတ်အကြောင်း

ဟိုးရှေးတုန်းက ဆရာကြီးရွှေဥဒေါ်င်းပြောပြဖူးတဲ့ တရုတ်ပြည် အတွေ့အကြုံတစ်တစ်ခုကို ဖောက်သည်ချ ချင်ပါတယ်။ ဆရာကြီးဟာ ငြိမ်းချမ်းရေးညီလာခံတက်ဖို့ ဆရာကြိးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တရုတ်ပြည် သွားပါတယ်။ ညီလာခံပြီးတော့ ပီကင်းကရှန်ဟဲကို ရထားနဲ့သွားပြီးလည်ပတ်ရပါတယ်။ ပီကင်းဘူတာက ရထားထွက်ပြီး သုံလေးဘူတာလောက်ကျော်တော့မှ ဆရာကြီးရွှေဥဒေါ်င်းဟာ ပတ်စပို့နဲ့ ပိုက်ဆံအိတ်ပါတဲ့ဘူတာမှာ ကျန်ခဲ့တာ သတိထားမိတယ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်တော့ဘူး။ စာကားပြန် ကတော့မပူပါနဲ့။ မပျောက်နိုင်ပါဘူးလို့အာမခံပေမဲ့ ဘယ်မပူဘဲနေမှာလဲ။ ပတ်စပို့မရှိရင် ဘယ်လို ပြန်နိုင်တော့မှာလဲပေါ့။ ဒီလိုနဲ့ပဲ စိတ်လက်မကြည်မသာနဲ့ ရှန်ဟိုင်းကို ရောက်ပြီးတည်းမယ့် ဟိုတယ်ရောက်ခဲ့ တယ်။ နောက်နှစ်နာရီလောက်ကြာတော့ စကားပြန်အခန်းထဲဝင်လာပြီး မေ့ကျန်ခဲ့တဲ့အိတ်ကို ပေးပါတယ်တဲ့။ ဘာမှအပျောက်အရှလည်းမရှိပါဘူးတဲ့။ ရထားကနေပြီး ပီကင်းဘူတာကို လှမ်အကြောင်းလိုက်တော့ နောက်ထွက်ရထားနဲ့ ပို့ပေးလိုက်တာတဲ့လေ။ အဲဒီခေတ်က တရုတ်ပြည်ထောင်တွေထဲမှာ အရက်မူးပြီး ရန်ဖြစ်တာ၊ လူသတ်မိတာမျိုးနဲ့ ထောင်ကျတာ မျိုးပဲရှိသတဲ့။ အဲဒီအချိန်က တရုတ်ပြည်မှာ ဈေးကွက် စီးပွားရေးဆိုတာ မရှိဘူး။ တစ်ပါတီအာဏာရှင် စနစ်ကျင့်သုံးနေဆဲပါပဲ။ ဒါပေမဲ့သူခိုး ဓားပြမရှိ၊ ပြည့်တန်ဆာ မရှိ၊ အကျင့်ပျက် လာဘ်စားတာမရှိတဲ့လေ။ ကျွန်တော့်ဦးကြီး ရွှေဥဒေါ်င်းပြောပြဖူးတာပါ။

လူထု စိန်ဝင်း

ဒေ၀ူးကုမ္ပဏီလုပ်ကွက်ပြောင်းရွှေ့ခြင်း

(၉.၁၁.၂၀၀၈) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့သတင်းဖြစ်ပါတယ်။)

ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ကွက် AD-7 အတွင်း လိုအပ်သည့် စမ်းသပ်တိုင်းတာမှု (Survey) လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ် မူလသတ်မှတ်ထားသည့် လုပ်ငန်းအစီအစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်

မြန်မာ့သီးသန့် စီးပွားရေးဇုန်အတွင်းရှိ ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် လုပ်ကွက်များ လစ်လပ်မှုကို နိုင်ငံတကာသို့ ကြေညာခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် ရခိုင်ကမ်းလွန်လုပ်ကွက် A-1 ကို အဆိုပြုချက် ယှဉ်ပြိုင် အောင်မြင်ခဲ့သည့် ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းသည် ရှာဖွေ တူးဖော်ရေး (Exploration) လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ကွက်အတွင်းမှ နိုင်ငံတကာအဆင့်မီ စီးပွားဖြစ် သဘာဝ ဓာတ်ငွေ့များ တွေ့ရှိမှုကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဆောင်ရွက်သွားမည်

ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းသည် ရခိုင်ကမ်းလွန်လုပ်ကွက်များဖြစ်သည့် လုပ်ကွက် A-3 ကို ၂၀၀၄ ခုနှစ်တွင် လည်းကောင်း၊ လုပ်ကွက် AD-7 ကို ၂၀၀၅ ခုနှစ်တွင် လည်းကောင်း အဆိုပြုချက်များ ထပ်မံ ယှဉ်ပြိုင်အောင်မြင်ခဲ့ပြီး လုပ်ကွက်များအတွင်း သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မှု အခြေအေနေများအား သိရှိနိုင်ရန် ဆိုက်စမစ် (Seismic) တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ကွက် AD-7 အတွင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၉ မိနစ် ၇ ဒသမ ၈၈ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄ မိနစ် ၂၃ ဒသမ ၄၉ စက္ကန့်နေရာ၌ ပုလဲအနောက် ၁(က) ရှာဖွေရေးတွင်း (Exploration Well)ကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်မှ နိုဝင်ဘာလ ၅ ရက်အတွင်း ရည်မှန်းချက် အနက်ပေအထိ တူးဖော်ခဲ့ပြီး လိုအပ်သည့် စမ်းသပ်တိုင်းတာမှု (Survey) လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များအရ လက်ရှိတွင်းနေရာမှ ရေနံတွင်း တူးစက်ကို ထပ်မံ စမ်းသပ်တူးဖော်မည့် လုပ်ကွက် A-3 အတွင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၂ မိနစ် ၅၇ ဒသမ ၉၉ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၀ မိနစ် ၄၆ ဒသမ ၇၇ စက္ကန့် နေရာရှိ ရှာဖွေရေးတွင်း သန္တာ(၁)သို့ ရွှေ့ပြောင်းတူးဖော်နိုင်ရေး အတွက် တွင်းတူးစက် ရုပ်သိမ်းခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၆ ရက်တွင် စတင် ဆောင်ရွက် ခဲ့ရာ နိုဝင်ဘာ ၈ ရက်တွင် ပြီးစီးသဖြင့် စတင်ပြောင်းရွှေ့လျက်ရှိကြောင်းနှင့် မူလ သတ်မှတ်ထားသည့် လုပ်ငန်း အစီအစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.