Tuesday, November 11, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 1 New Entry: သူတို့၏ ကမောက်ကမများ

သူတို့၏ ကမောက်ကမများ

ကျွန်မက ခုတလော ကမောက်ကမတွေ သိပ်မဖြစ်တော့လို့ ကြုံတွေ့ရတဲ့ သူများတွေရဲ့ ကမောက်ကမတွေအကြောင်းပဲ ရေးလိုက်ပါဦးမယ် ။

ရထားပေါ် ရပ်နေတုန်း ကျွန်မဘေးမှာ အဒေါ်ကြီးတယောက် လာရပ်ပါတယ် ။ အသက်ကတော့ ၅၀ ကျော် ဖြစ်နိုင်ချေရှိပါတယ် ။ ဆံပင်တိုတိုလေးနဲ့ နီညိုရောင်လိုလို ဆိုးထားပြီး ၊ ခေတ်မှီအောင် ၀တ်စားထားပြီး ကိုယ့်ကိုယ်ကိုယ် အသက်ထက် ငယ်အောင် ကြိုးစားထားမှန်း သိသာပါတယ် ။ အဲဒီအချိန် ကျွန်မရှေ့မှာ ထိုင်နေတဲ့ လူတယောက်က သူ့ကို နေရာထပေးလိုက်တော့ ...

အဲဒီအဒေါ်ကြီးခမျာ ထပေးသူရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်ကို ကျေးဇူးလဲတင် ၊ သူ့မှာ ဒီလောက်ပြင်ဆင်ထားရတဲ့ထဲက သူ့ကို သက်ကြီးရွယ်အိုဆိုပြီး သေချာနေရာပေးတာလည်းသိတော့ မျက်နှာက ပျက်မသွားအောင် ဟန်ဆောင်ထိန်းရသေး ။ သူက ခေါင်းကို ခါပြီး ငြင်းနေတဲ့ကြား ထပေးတဲ့လူက သူ့ကို သေချာကြည့်ပြီး "Are you sure?" လို့ မေးလိုက်သေး ။ ကျွန်မကတော့ သူတို့ နှစ်ယောက်ကို ဘေးကကြည့်ပြီး ပြုံးမိတယ် ။

နောက်ထပ် ၅ - ၁၀ မိနစ်လောက်ကြာတော့ ခုနလူက (ခေါင်းမှာ ဆံပင်ဖြူတော်တော်များများပါတဲ့ အသက် ၃၀ကျော်အရွယ်) ဖုန်းကိုထုတ် ... စကားပြောလိုက်တယ် ... "ဟယ်လို မင်းဘယ်ရောက်နေပြီလဲကွ" တဲ့ :)
.................................................

ဒီတခုကတော့ ဘတ်စ်ကားပေါ်မှာ ဖြစ်တာပါ ။ ကုလားလူမျိုး အလုပ်သမား ၃ ယောက်က ကားမောင်းသမားရဲ့ နောက်က ခုံတန်းမှာ ထိုင်နေကြပါတယ် ။ မှတ်တိုင်တခုရောက်တော့ ဘောင်းဘီအတို နဲ့ စပို့ရှပ် အနီရဲကို ၀တ်ထားတဲ့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြီးတယောက် တက်လာတယ် ။ သူ့ကို မြင်မြင်ချင်းပဲ ကုလားလူမျိုးတယောက်က ... "uncle .. uncle, please sit here" ဆိုပြီး နေရာကို ပေးတယ် ။ အဲဒီအခါ ဟိုဦးလေးကြီးမျက်နှာက ရထားပေါ်က အဒေါ်ကြီးမျက်နှာလိုပဲ .. ကျေးဇူးတင်ရမလိုလို ၊ ဘောင်းဘီတို အနီရောင်စပို့ရှပ်လေးနဲ့ နုအောင် ၀တ်ထားတာတောင် အန်ကယ်လ်အခေါ်ခံရပြီး ၊ နေရာပေးခံရတော့ အီလည်လည်ဖြစ်နေတာကို ကြိုးစား ဟန်ဆောင်ထားရသလိုလို ။ ဟိုကုလားလူမျိုးက သူ မထိုင်မချင် အတင်းထိုင်ခိုင်းနေတော့ အဲဒီ ဦးလေးကြီးခမျာလည်း ... မချိသာတဲ့မျက်နှာကြီးနဲ့ ထိုင်လိုက်ရတာပေါ့ ။ ကျွန်မကတော့ အဲဒီအဖြစ်အပျက်ကိုမြင်ပြီး ထပ် ပြုံးမိပါတယ် ။

တကယ်တော့ ခုလို လူတွေရဲ့ ကောင်းမွန်တဲ့စိတ်ဓါတ်နဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ ကမောက်ကမတွေမြင်ရတာ စိတ်ထဲမှာ ကြည်နူးမိတာ အမှန်ပါ ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.