Tuesday, November 11, 2008

[Shwe Gyan's ပြောပါရစေရှင် ...] 1 New Entry: အချစ်ဆိုတဲ့အရာ

အချစ်ဆိုတဲ့အရာ

မလင်းက အချစ်ဆိုသည်မှာ ရေးခိုင်းတာ ကြာလို့တောင်နေပါပြီ။ မရေးအားလိုက် စိတ်မပါလိုက်နဲ့ မရေးဖြစ် တော့ မလင်းက စိတ်တောင်ကောက်သွားရော။ ၀န်ခံရရင် အချစ်အကြောင်း ရေးဖို့ လက်ရှောင်တယ်လို့ပဲပြောပြော မျှော်လင့်သလို နုနုရွရွတွေ မရေးတတ်တာတော့ အမှန်ပါပဲ။ ဟိုးအရင်တစ်ခေါက်ကတော့ အချစ်ဆိုတာ သစ်ပင်လိုပဲလို့ ဘာလင်တံတိုင်းနေ့အတွက်တော့ ရေးခဲ့ဖူးတယ်။ အချစ်ဆိုတာ ကဗျာဆရာတွေ စာရေးဆရာ တွေ အနုပညာရှင်တွေအားလုံးကို ပြောင်မြောက်တဲ့ အနုပညာတွေဖန်တီးဖြစ်ဖို့ တွန်းအားကြီး တစ်ခုပဲတဲ့။ အချစ်ကိုပဲ လုံးဝယုံစားမိတဲ့ လူတွေဟာ စုံလုံးကန်းကြသတဲ့။ သူများတွေ အတွက်တော့ မသိဘူး။ ကိုယ့်အတွက် ကိုယ်ကတော့ အချစ်ဆိုတာ ရယ်စရာ ပျော်စရာတွေလည်း ရှိခဲ့ တယ်။ အိပ်မပျော်တဲ့ ညတွေလည်း ရှိတယ်။ ၀မ်းနည်းနာကျင်ပြီးလည်း ငိုခဲ့ဘူးတယ်။ တခါတလေကျတော့ အချစ်ဆိုတာ တွေ့ရှိလိုက် ပျောက်ဆုံးလိုက် ခံစားမှုတစ်ခုလိုပဲ။ အဲဒီခံစားမှုကြောင့် ရယ်လိုက်ကြ ငိုလိုက်ကြ ပျော်လိုက်ကြ ၀မ်း နည်းလိုက်ကြ ဖြစ်နေကြရတာ လူတိုင်းပဲ ထင်ပါရဲ့။

အဲဒီအချစ်တွေက ဘယ်သူ့ကြောင့်ဖြစ်လာတာလဲ သိလား။ သူ့ကြောင့်ပေါ့။ သူ့နာမည်က Cupid တဲ့။ သူက Venus နတ်သမီးရဲ့ သားလေးပါ။ သူ့ရဲ့ အချစ်မြားစူးမိသူတွေဟာ အရူးအမူးကို ချစ်မိကြ တယ်လေ။ သူ့အကြောင်းကို ကြားဖူးပြီးသား နေမှာပါ။ မကြားဖူးသေးတဲ့လူတွေအတွက် ပြန်ပြောပြမယ်လေ။
--------------------------------------------------------
တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ သမီးတော် သုံးပါးရှိတယ်တဲ့။ အဲဒီသမီးတွေထဲက သမီးအကြီး နှစ်ယောက်ဟာ အင်မတန်ကို ချောမောလှပ ကြပေမယ့် အငယ်ဆုံးသမီးတော်လေးရဲ့ ချောမောချစ်စရာကောင်းပုံ ကတော့ လူတွေ ပြောစရာ စကားလုံး မရှိလောက်အောင်ကိုပါပဲ။ တိုင်းတပါး ရပ်ခြားဒေသတွေကတောင် လူတွေဟာ သမီးတော်အငယ်ဆုံးလေးကို လာကြည့်ကြရတယ်။ သူကလေး လမ်းလျှောက်ထွက်တဲ့ အခါများဆို သူသွားမယ့်လမ်းမှာ နင်းလျှောက်ဖို့ ပန်းတွေတောင် ကြဲထားသတဲ့။

"သူဟာ Venus နတ်သမီးပဲဖြစ်မှာပဲ။ ဒီလောက်တောင် ချောလှတာ အလှတရားနဲ့ အချစ်တို့ရဲ့ နတ်သမီးနေမှာပေါ့" မင်းသမီးလေးကို မြင်ဖူးတဲ့ လူတွေက ခုလိုတောင် ပြောကြတယ်။ "ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ကို Venus လို့ခေါ်ကြမယ်။ နတ်သမီးအဖြစ်ကိုးကွယ်ကြမယ်"

ဒါကို Venus နတ်သမီးလည်း ကြားရော အင်မတန်ကို စိတ်ဆိုးသွားသတဲ့။

"ဘာပြောတယ်" "ငါလို နတ်သမီးရဲ့ အလှအပနဲ့ ယှဉ်ရဲတဲ့ လူသာမန် မိန်းကလေးရှိတယ်၊ ဟုတ်လား။ ဒါဆိုရင်တော့ သူ့ကို ဒဏ်ခတ်ရပေလိမ့်မယ်"

Venus နတ်သမီးဟာ သူ့သားလေး Cupid ကို ခေါ်လိုက်တော့ Cupid လေးဟာ သူ့ရဲ့ အချစ်မြားတွေနဲ့အတူ ရောက်လာတယ်။
"သားလေး၊ ချောလွန်းလို့ ဆိုပြီး လူတွေ ကိုးကွယ်နေတဲ့ လူသာမန် မိန်းကလေးတစ်ယောက် ရှိနေတယ်တဲ့။ ဒီည သူ့ကို သားသွားပြီး သုတ်သင်လိုက်စမ်း။ ဒါမှ သူ့ကို နတ်သမီးမှတ်ပြီး ကိုးကွယ်နေကြတဲ့လူတွေဟာ ဒီမိန်းကလေးဟာ လူသာမန်ပဲဆိုတာ သိပြီး ကြောက်သွားကြမှာ"

Cupid လေးလည်း သေစေလောက်တဲ့ အဆိပ်တွေထည့်ထားတဲ့ အဆိပ်ပုလင်းကို ယူပြီး မင်းသမီးလေး Psyche ဆီ ထွက်လာခဲ့တယ်။ မင်းသမီးလေးဟာ သူ့ခမည်းတော် ဘုရင်ကြီးရဲ့ နန်းတော်ထဲမှာ လက်ကလေးကို ခေါင်းအုံးပြီး အေးချမ်းစွာ အိပ်ပျော် နေရှာတာပေါ့။ Cupid လည်း မင်းသမီးလေးအနားကို ရောက်သွားပြီး အဆိပ်ခတ်မလို့ပဲရှိသေးတဲ့အခိုက်မှာ တိမ်ဖုံးနေတဲ့လဟာ တိမ်တွေကြားထဲက ထွက်လာပြီး လရောင်က မင်းသမီးလေး မျက်နှာပေါ်ကို ကျလာတော့တယ်။

အဲဒီအခါမှာ Cupid ဟာ အံ့သြတကြီး နောက်ကိုတောင် ဆုတ်လိုက်မိတယ်။ သူ့တစ်သက်မှာ အဲဒီလောက် ချောမောလှပတဲ့ မိန်းကလေးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ မြားတောင် လက်ထဲက လွတ်ကျသွားပြီး သူ့ခြေထောက်ပေါ်သူ ပြန်စူးမိသွားပါလေရော။ အဲဒီအချိန်မှာပဲ သူကိုယ်တိုင် အိပ်နေတဲ့ မင်းသမီးလေးအပေါ် အရူးအမူးချစ်မိသွားပါတော့တယ်။

Cupid ဟာ မင်းသမီးလေးအပေါ်ကို ငုံ့ကြည့်ပြီး မင်းသမီးလေးရဲ့ အလှကို သေသေချာချာခံစား ကြည့်ရှုနေလိုက်တယ်။ သူချစ်သွားမိတဲ့ မင်းသမီးလေးကို ဘယ်တော့မှာ ဒုက္ခရောက် နာကျင်အောင် မလုပ်ဖူးလို့လည်း သစ္စာဆိုလိုက်ပြီး မိုးလင်းခါနီးမှ တိတ်တဆိတ်လေး ပြန်သွားတော့တယ်။

မနက်ရောက်တော့ Venus နတ်သမီးက Psyche သေသွားပြီလား သိရအောင် မင်းသမီးလေးရဲ့ နန်းတော်ကို ငုံကြည့်လိုက်တယ်။ နန်းတော်ရဲ့ ပန်းခြံထဲမှာ မင်းသမီးလေး ခိုလေးတွေနဲ့ ပျော်ပျော်ပါးပါး ပြေးလွှားကစား နေတာလည်း တွေ့ရော အံ့သြသွားတာပေါ့။ အဲဒီမှာတင် Venus နတ်သမီးဟာ ဒေါသတွေ တအားထွက်ပြီး မင်းသမီးလေးကို အသက်ရှင်မနေချင်လောက်တဲ့အထိ ဒုက္ခမျိုးစုံပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။

အဲဒီအချိန်ကစပြီး Psyche မင်းသမီးလေးအတွက် စိတ်ညစ်စရာတွေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ကို တွေ့ရ ပါတယ်။ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာ ဒုက္ခတွေ မျိုးစုံဟာ မပြီးနိုင်လောက်အောင်မို့ တစ်နေ့မှာ မပျော်နိုင်တော့တဲ့ မင်းသမီးလေးဟာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ စိတ်ဆုံးဖြတ်လိုက်တော့တယ်။ တောင်အမြင့်ကြီးရဲ့ ထိပ်ပေါ်ကို တက်ပြီး တောင်အောက်က ချိုင့်ဝှမ်းထဲကို ခုန်ချလိုက်မယ်ပေါ့လေ။ တကယ်ပဲ မင်းသမီးလေးဟာ တောင်ထိပ်ကို ပင်ပင်ပန်းပန်း တက်သွားပြီး တောင်အောက်ကို ခုန်ချလိုက်တော့တယ်။ မင်းသမီးလေးကို ချစ်နေတဲ့ Cupid လေးဟာ သူချစ်တဲ့သူလေးကို ရက်ရက်စက်စက် နှိပ်စက်နေတဲ့ အမေကိုလည်း စိတ်ဆိုး၊ မင်းသမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ပေါ့။ Psyche လေး တောင်အောက်ကို ခုန်လည်းချရော လေနတ်သား Zephyrus ရဲ့ အကူအညီကိုတောင်းပြီး မင်းသမီးလေးကို ပွေ့ယူ၊ အဝေးကြီးက ကျွန်းလေးတစ်ကျွန်းပေါ်ကို ခေါ်သွားပေးခိုင်းပါတော့တယ်။
Psyche လေးဟာ တောင်အောက်ကို ကျမသွားပဲ လေနတ်သားရဲ့ လက်မှာ အသာအယာ လေဟုန်စီးရင်း ကျွန်းလေးတစ်ကျွန်းဆီကိုရောက်သွားပါတယ်။ ကျွန်းကိုရောက်တော့ လေနတ်သားက ပန်းတွေပေါ်မှာ အသာလေး ချထားပေးခဲ့ပါတယ်။ သူမပတ်ဝန်းကျင်ကို ထလည်း ကြည့်လိုက်ရော အင်မတန်မွှေးတဲ့ နှင်းဆီပန်းတွေ ရာထောင်ချီပွင့်နေတဲ့ ပန်းခြံထဲမှာ ရောက်နေတာ တွေ့ရပါတယ်။ ပန်းခြံအနားမှာ နန်းတော်ကြီး တစ်ခုကိုလည်းတွေ့ရတော့ နန်းတော်ဆီလျှောက်သွားတဲ့ အခါမှာ သူမလည်း အနားရောက်ရော နန်းတော် တံခါးတွေက အလိုလို ပွင့်ပြီး သူမကို ဆီးကြိုနေကြတယ်။ နန်းတော်ထဲရောက်တော့ မမြင်ရတဲ့ နူးနူးညံ့ညံ့လက်တွေက သူ့ကို ၀ိုင်းကြိုကြပြီး ကြိုဆိုပါတယ် မင်းသမီိးလေးလို့ အသံတိုးတိုးလေးတွေက သူမ နားမှာ လာပြောကြတယ်။

"ကြိုဆိုပါတယ် မင်းသမီးလေး။ သင့်နန်းတော်ထဲကို ၀င်ကြည့်ပါဦး။ ဘာများ သုံးဆောင်ချင်ပါသလဲ။ မင်းသမီးလေး လိုအပ်တာ အကုန် အကောင်းဆုံးနဲ့ ပြည့်စုံစေရပါမယ်။ တရေးလောက် အိပ်စက်ချင် ပါသလား။ အိစက်ညက်ညောတဲ့ အိပ်ယာအဆင်သင့်ရှိသလို အိပ်ပျော်အောင် ညိမ့်ညောင်းတဲ့ ဂီတနဲ့လည်း ဖျော်ဖြေပေးမှာပါ" Psyche လေးဟာ အံ့သြသလို ပျော်လည်း ပျော်သွားတယ်။ နန်းတော်ကြီးဟာ အင်မတန် လှ သလို အထဲမှာ လည်း စားသောက်ဖွယ်ရာတွေ အဆင်သင့်၊ အိပ်စရာ အိပ်ယာ အဆင်သင့်နဲ့ပေါ့။

အဲဒီညကျမှ အမှောင်ထဲမှာ သူ့မျက်နှာကိုပေးမမြင်ခိုင်းပဲ Cupid ရောက်လာခဲ့တယ်။ "မကြောက်ပါနဲ့ မင်းသမီးလေးရယ်" လို့ သူက တောင်းပန်ရှာတယ်။ "မင်းကို ကိုယ် အရမ်းချစ်ပါတယ်။ မင်းကို ကိုယ့်ရဲ့ ဇနီးလည်း ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်မျက်နှာကို မြင်ဖူးသွားရင်၊ ကျွန်ုပ်ဘယ်သူလည်း ဆိုတာ သင်သိဖို့ ကြိုးစားရင် ကျွန်ုပ်တို့ပျော်နေတာတွေ အကုန်ပျက်စီးကုန်လိမ့်မယ်"

ပထမတော့ Psyche လေးလည်း ကြောက်တာပေါ့။ ဒါပေမယ့် Cupid က သူ့ကို အင်မတန်ကို ချစ်တာကြောင့် မကြာခင်ပဲ ကြောက်တာတွေပျောက်ပြီး Cupid ကို ပြန်ချစ်သွားပါတော့တယ်။ Cupid က တစ်ညလုံး သူမနာမှာ လာနေပေမယ့် မနက်စောစောကျ သူမကို ထားခဲ့တဲ့ အခါတိုင်း သူမမှာ ငိုရရှာပါတယ်။

"မငိုပါနဲ့ ကလေးရယ်။ ညကျ ပြန်လာမှာပေါ့"လို့ ကတိပေးရှာတယ်။ "မင်းကို ကိုယ် ချစ်ပါတယ်။ ကို့ရဲ့ ဒီနန်းတော်ထဲဟာ မင်းအတွက် လုံခြုံ စိတ်ချရပါတယ်။ ဒီနန်းတော်မှာ မင်းလိုချင်တာတွေအကုန်လုံး ကို ဖြည့်ဆည်းပေးမယ်လို့ ကိုယ်ကတိပေးပါတယ်"

အဲဒီလိုပြောတော့လည်း Psyche လေးက ပျော်ပြီး ပြုံးနိုင်လာပြန်တာပေါ့နော်။ ဒီလိုနဲ့ ပြန်အိပ်ပျော် သွားလိုက်တာ မိုးစင်စင်လင်းလို့ နေရောင်ခြည်တွေ အခန်းထဲ ၀င်လာတဲ့အထိပဲပေါ့။ တစ်နေ့လုံး ပန်းခြံထဲမှာ ငှက်ကလေးတွေ ပန်းတွေနဲ့ ပြေးလွှား ကစားရင်း Cupid ညပြန်လာမယ့် အချိန်ကို စောင့်ရင်း အချိန်ကုန် နေခဲ့ပါတယ်။

ညတိုင်း အချစ်နတ်သားကလေးကလည်း သူ့ဇနီးချောကလေးဆီကို ပုံမှန်ပြန်လာပြီး လက်ဆောင်တွေနဲ့တစ်မျိုး၊ သူ့အသံချိုချိုတိုးတိုးလေးနဲ့တစ်မျိုး Psyche လေးကို ပျော်အောင် လုပ်ပေးရှာပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ Cupid မျက်နှာကို မြင်လည်း မမြင်ရ၊ ဘယ်သူမှန်းလည်း မသိရသေးဘူးပေါ့။ နတ်သားလေး အနားမှာ ရှိနေတဲ့ အချိန်တွေမှာတော့ ပျော်စရာအချိန် လေးတွေမို့ သူ ဘယ်သူလဲဆိုတာ တွေးတောင် မတွေးမိဘူး။ ဒါပေမယ့် အချိန်ကြာလာတော့ တစ်နေ့တစ်နေ့ ချစ်တဲ့သူ နတ်သားလေး သူမဆီပြန်လာဖို့ မျှော်ရတာ ကြာလွန်းလှသလို ထင်လာတော့တယ်။

"အစ်မတွေကို ဒီကို အလည်ခေါ်ပေးပါလားကွယ်" လို့ Cupid ကို တောင်းပန်ရှာတယ်။ "ကိုမရှိတဲ့အချိန်တွေဆို တစ်ယောက်ထဲ အထီးကျန်လွန်းလို့ အစ်မတွေနဲ့ စကားတွေပြန်ပြောချင်လို့ပါနော်" တဲ့။

"Cupid က သူတို့လာရင် စိတ်ညစ်စရာတွေ ပါလာလိမ့်မယ်။ သူတို့ကိုမေ့ထားပြီး ကိုယ့်ဘာသာကိုယ် ပျော်အောင်နေပါ ကလေးရယ်" တဲ့။

ဒါပေမယ့် Psyche က သူ့အစ်မတွေကို ခေါ်လာပေးမယ်လို့ Cupid ကတိမပေးမချင်း မပျော်မရွှင်ဖြစ်နေရော။ အဲဒါကြောင့် တစ်မနက်ခင်းမှာ လေနတ်သားရဲ့ အကူအညီနဲ့ပဲ မင်းသမီးလေးရဲ့ အစ်မတွေကို ခေါ်ပေးလိုက်တယ်။ Psyche နိုးလာတော့ သူ့အစ်မနှစ်ယောက်ဟာ ပန်းခြံထဲမှ တအံ့တသြ လျှောက်ကြည့် နေကြတာကိုတွေ့လိုက်ရပါတော့တယ်။ အထီးကျန်နေတဲ့ မင်းသမီးလေးဟာ သူ့အစ်မတွေကိုတွေ့တော့ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။ တစ်ခါထဲ ပြေးသွားပြီး အစ်မတွေကို ဖက်ပွေ့နမ်းရင်း မေးခွန်းတွေ တသီကြီး မေးတော့တာပေါ့။ နန်းတော်ထဲကို ခေါ်သွားပြီး နန်းတော်ရဲ့ ခမ်းနားတာတွေကို လိုက်ပြတယ်။ စားပွဲမှာ ထိုင်ခိုင်းပြီး မမြင်ရတဲ့ မောင်းမမိသံတွေက စားသောက်စရာတွေမျိုးစုံနဲ့ ဧည့်ခံပေးကြတယ်။

ထမင်းစားသောက်နေကြစဉ်မှာ အစ်မတွေက ညီမတော်လေး Psyche ကို ၀ိုင်းမေးကြတယ်။ ဒီလောက်လှတဲ့ နန်းတော်ကြီးကို ဘယ်လိုရောက်လာတာလဲ၊ ဘယ်သူက ပေးတာလဲတို့ပေါ့။ သူတို့က အံ့သြနေကြသလို သူတို့နဲ့ ယှဉ်လိုက်ရင် အင်မတန်သာနေတဲ့ ညီမတော်လေးအပေါ် နည်းနည်းလည်း မနာလိုဖြစ်နေကြတာကိုး။

"ဒီနန်းတော်ကြီးကို ညီမလေးရဲ့ ခင်ပွန်းက ပေးထားတာပါ၊ သူက ညီမလေးကို အရမ်းချစ်ပြီး လိုချင်တာ ဖြစ်ချင်တာတွေအကုန် ဒီနန်းတော်ထဲမှာ ဖြည့်ဆည်းပေးထားတယ်" လို့ Psyche ကဖြေတော့ သူ့အစ်မတွေက ခင်ပွန်းရဲ့ ပုံက ဘယ်လိုမျိုးလဲလို့ ဆက်မေးကြတော့ပေါ့။

အဲဒီအခါကျ Psyche လေးက ဘယ်လိုဖြေရမှန်းမသိဖြစ်သွားတယ်။ သူ့ခင်ပွန်းကို တစ်ခါမှ မမြင်ဖူးတော့ ဘယ်လိုရုပ်ရည်ရှိတယ်ဆိုတာ သူမသိဘူးလေ။

အဲဒါကြောင့် "သူက အရမ်းချစ်တတ် ကြင်နာတတ်တယ်" လို့ပဲဖြေလိုက်တော့တယ်။ သူ့အစ်မတွေကတော့ သူ့မျက်နှာက ဘယ်လိုပုံလဲ၊ သူက အသက်ကြီးလား ငယ်လား၊ ရုပ်ချောလား ရုပ်ဆိုးလား၊ သူအခုဘယ်မှာလဲ၊ တို့တွေကို အခု ဘာလို့ လာမနှုတ်ဆက်တာလဲ စတဲ့ မေးခွန်းတွေ အတင်းဆက်မေးကြတာပေါ့။ သနားစရာ Psyche လေးဟာ မေးခွန်းတွေကို မဖြေတတ်တော့ရှာဘူး။ တွေသွားတဲ့ သူ့မျက်နှာလေးကို ကြည့်ပြီး သူတို့ညီမလေးရဲ့ ခင်ပွန်းဟာ တစ်ခုခုတော့ ထူးဆန်းနေတယ်ဆိုတာ သိသွားကြတယ်။ အတင်း ၀ိုင်း မေးကြတော့ သူ့ခင်ပွန်းကို တစ်ခါမှ မမြင်ဖူးဘူးဆိုတာကို Psyche လည်း နောက်ဆုံးမှာ ၀န်ခံလိုက်တော့တယ်။

"သူက မှောင်တဲ့အခါကျမှ ရောက်လာပြီး သူ့မျက်နှာကို ပေးမမြင်ဘူး။ သူက အရမ်းကို ချစ်တတ်ကြင်နာတတ်တာမို့ သူဘယ်သူလည်းဆိုတာ ပေးမသိလည်း ညီမလေး ဘယ်လိုမှ သဘောမထားပါဘူး" လို့ ရိုးရိုးသားသားပဲ ရှင်းပြရှာတယ်။

ဒါပေမယ့် သူ့အစ်မတွေကတော့ "ညီမလေးရဲ့ ခင်ပွန်းဖြစ်သူဟာ အရုပ်ဆိုးတဲ့ ကြောက်စရာ သတ္တ၀ါ ကြီး တစ်ကောင်ကောင်ဖြစ်မှာပဲ"လို့ ချက်ချင်း ကောက်ချက်ချပါလေရော။ "အဲလိုမှ မဟုတ်ရင် ညီမလေးကို ဘာလို့ နာမည်မပြော၊ လူလည်း ပေးမမြင်စရာအကြောင်းရှိလ"ဲ တဲ့လေ။ "ခုတော့ ချစ်ချင်ယောင်ဆောင်ပြပြီး တစ်ညကျရင်တော့ မင်းကို သတ်စားပစ်လိမ့်မယ်" လို့ အစ်မတစ်ယောက်က ရက်ရက်စက်စက်ပြောပြန်ရော။

"မဟုတ်လောက်ပါဘူး အစ်မတို့ရယ်"လို့ ကြောက်သွားတဲ့ Psyche လေးက ငိုရင်းပြောရှာတယ်။
အဲဒီအခါ အစ်မတွေက "ညီမလေးရေ၊ သတိထားနေပေတော့။ တို့ပြောသလို လုပ်ကြည့်ပါလား။ ဒီည ဆီမီးခွက်တစ်ခု နဲ့ ဓါးတစ်ချောင်း အနားမှာ အဆင်သင့်ဆောင်ထား။ ဒီည သူ အိပ်နေတုန်းမှာ မီးခွက်ကို ထွန်းပြီး သူဘယ်သူလဲ ကြည့်ပေတော့။ ကြောက်စရာ သတ္တ၀ါကြီးသာ အဟုတ်ဖြစ်နေရင်တော့ အဲဒီဓါးနဲ့ တစ်ခါထဲ အဆုံးစီရင်ပစ်လိုက်ပေတော့"လို့ အကြံဥာဏ်ပေးကြတယ်။

Psyche လည်း အစ်မတွေပြောတဲ့အတိုင်း လုပ်ပါ့မယ်လို့ပြောရင်း အစ်မတွေကို ပြန်ခိုင်းလိုက်တော့တယ်။ Cupid ပြောသလို စိတ်ညစ်စရာတွေရသွားတာမို့ တစ်ယောက်ထဲ ပြန်နေချင်သွားပြီလေ။ လေနတ်သားက မနာလိုတဲ့ အစ်မတော်တွေကို သူတို့ နန်းတော်ဆီ ပြန်ပို့လိုက်ပြီးတဲ့နောက် Psyche လေးမှာတော့ တစ်ယောက် ထဲ ငိုကျွေးရင်း ကျန်ရစ်ခဲ့ပါတော့တယ်။

"အင်း၊ အစ်မတွေပြောသလို ကြောက်စရာသတ္တ၀ါကြီးပဲဖြစ်မှာပဲ။ မဟုတ်ရင် သူ့မျက်နှာကို ပြမှာပေါ့။ ဒါမှမဟုတ် နာမည်လေးတော့ ပြောပြမှာပေါ့။ ဒီညတော့ ဆီမီးခွက် နဲ့ ဓါး အဆင်သင့်ပြင်ထားမှပဲ" ဆိုပြီး ဆီမီးခွက်နဲ့ ဓါးကို ခန်းဆီးနောက်မှာ ဖွက်ထားလိုက်တယ်။ ကြောက်လည်းကြောက်၊ စိတ်တွေကလည်း လှုပ်ရှားရင်း သူ့ခင်ပွန်းပြန်လာတာကို စောင့်နေတာပေါ့။

မှောင်လည်း မှောင်ရော Cupid ရောက်လာပါတယ်။ ထုံးစံအတိုင်း မင်းသမီးလေးကို ရောက်တာနဲ့ ၀မ်းသာ အားရ ပွေ့ဖက်ပြီး Psyche ရဲ့ ဆံပင်လေးတွေကို နမ်းပါတယ်။ Psyche ကတော့ သူ့အမတွေပြောတဲ့အတိုင်း မှန်နေမှာစိုးပြီး အရင်ကလို မဟုတ်ဘဲ ခပ်ရွံ့ရွံ့ဖြစ်နေတာပေါ့။ သူ့ချစ်သူ မင်းသမီးလေး စကားတွေနည်းပြီး ငြိမ်နေတာကို Cupid က သတိတော့ ထားမိပေမယ့် ပင်ပန်းလာတာမို့ မကြာခင်ပဲ အိပ်ပျော်သွားရှာတယ်။

Cupid လေး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေပြီလည်း ဆိုရော မင်းသမီးလေးဟာ ဖွက်ထားတဲ့ ဆီမီးခွက်ကို ထွန်းပြီး ဓါးကိုယူ၊ ဆီမီးခွက်အလင်းရောင်ကို Cupid ပေါ်မှာထားပြီး သူ့ခင်ပွန်းရဲ့ မျက်နှာကို ငုံကြည့်လိုက်တယ်။ အစ်မတော်တွေပြောသလို ရုပ်ဆိုးဆိုး ကြောက်စရာ သတ္တ၀ါကြီးဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။

အလင်းရောင်အောက်မှာ အံ့သြခြင်းကြီးစွာ တကယ်တွေ့လိုက်ရတာကတော့ ရွှေရောင် ဆံပင်လေးတွေနဲ့ အင်မတန်ချောမောလှပတဲ့ လူငယ်လေးတစ်ယောက်ပါ။ ပုခုံးမှာ နှင်းလို ဆွတ်ဆွတ်ဖြူနေတဲ့ တောင်ပံလေးတစ်စုံနဲ့ အင်မတန်လှပတဲ့ သူ့ခင်ပွန်းကို ငေးကြည့်နေမိပါတော့တယ်။ မင်းသမီးလေးဟာ အံ့သြလွန်းလို့ တစ်ကိုယ်လုံး တုန်နေပြီး လက်ထဲက ဆီမီးခွက်လေးတောင် စောင်းသွားပါတယ်။

ဖြစ်ချင်တော့ ဆီမီးခွက်ထဲက ဆီပူတစ်စက်က အိပ်နေတဲ့ အချစ်နတ်သားလေးရဲ့ ပုခုံးပေါ်ကို ကျသွားပြီး ဆီပူလောင်တာကြောင့် လန့်နိုးသွားပါတော့တယ်။ သူ့ကို သိဖို့ မကြိုးစားဖို့ အတန်တန်မှာထားရက်နဲ့ မီးရောင်နဲ့ ကြည့်နေတဲ့ Psyche နဲ့ သူ့လက်ထဲက ဓါးကို ကြည့်ပြီး အရမ်း အံ့သြ ၀မ်းနည်းသွားရှာတယ်။

အံ့သြနေတဲ့ နတ်သားလေးဟာ သလွန်ပေါ်မှာ အိပ်နေရာကနေ ချက်ချင်းကောက်ထပြီး သူ့ရဲ့ လေးနဲ့မြားကို ယူရင်း ပြတင်းပေါက်ကနေ ထပျံထွက်သွားပါတော့တယ်။ Cupid ကတော့ "နှုတ်ဆက်ခဲ့ပါတယ် ကလေးရယ်။ ကိုနောက်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး"လို့ ငိုကြွေးရင်း ထွက်သွားခဲ့ပါပြီ။

Psyche လည်း အရမ်းကို ၀မ်းနည်းပက်လက် ငိုတော့တာပေါ့။ ဘာလို့များ ကိုယ့်ခင်ပွန်းကို ကြောက်စရာ သတ္တ၀ါကြီးလို့ ထင်မိပါလိမ့်ဆိုပြီးလေ။ သူ့ချစ်သူကို လုံးဝယုံကြည်ထားခဲ့ရင်ကောင်းမှာလို့လည်း နောင်တရနေမိတယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပြီ။

အဲဒီအချိန်မှာပဲ နန်းတော်ထဲမှာ လေတွေ တအားတိုက်လာပြီး နန်းတော်ကြီးပါ ယိမ်းထိုးလာပါတော့တယ်။ ကြောက်နေတဲ့ Psyche လေးဟာ နန်းတော်အပြင် ပန်းခြံထဲကို ပြေးထွက်လာပြီး မေ့လဲသွားပါတော့တယ်။

ပြန်သတိရလာပြီး မျက်စိဖွင့်ကြည့်လိုက်တော့ နေတောင် အတော်မြင့်နေပါပြီ။ နန်းတော်ကြီးလည်း မရှိတော့ပါဘူး။ အရင်က အင်မတန်လှတဲ့ ပန်းခြံနေရာမှာလည်း ကျောက်တုံးကျောက်ခဲတွေနဲ့ တောကြီးပဲ ရှိပါတော့တယ်။ ထပြီး အနီးအနားကိုကြည့်လိုက်တော့ ဘယ်ကိုရောက်နေမှန်းလည်းမသိ၊ ဘယ်ကိုသွားပြီး ဘယ်ကိုလာရမှန်းလည်း မသိဖြစ်လို့နေပါတယ်။ နောက်ဆုံးကျ အနောက်စူးစူးကိုသာ ဆက်လျှောက်ရင်း ခင်ပွန်းကို ပြန်ရှာပြီး ခွင့်လွှတ်အောင် တောင်းပန်ချင်နေပါတော့တယ်။

လမ်းတစ်လျှောက်လုံးမှာလည်း တွေ့သမျှလူတွေကို Cupid ကိုတွေ့လိုက်လားလို့ မေးနေတာပေါ့။ ဒါပေမယ့် ဘယ်သူကမှ ပျောက်ဆုံးသွားတဲ့ သူ့ခင်ပွန်းအကြောင်း မဖြေနိုင်ကြဘူး။ နောက်ဆုံး မှာ Ceres နတ်သမီး ကို သွားတွေ့တယ်။ အဲဒီ Ceres နတ်သမီးက သမီးတော်လေး Proserpina ပျောက်ဆုံးသွားဖူးလို့ ချစ်တဲ့သူတွေနဲ့ ခွဲရင် ခံစားရတဲ့ ဝေဒနာကို ကောင်းကောင်း မှတ်မိနေတော့ ငိုကြွေးနေတဲ့ Psyche လေးကို ကိုယ်ချင်းစားပေးနိုင်ရှာတယ်။

"Cupid က သူ့အမေ Venus နတ်သမီးဆီမှာ" လို့ ပြောပြလိုက်တယ်။ "ခု သူနေမကောင်းဖြစ်နေတယ်။ ပုခုံးမှာ ဆီပူလောင်လို့ တအားနာကျင်နေရှာတယ်"

အဲလိုပြောမှ Psyche က ပိုလို့တောင် ငိုရှာတာပေါ့။ Cupid ပုခုံးက ဆီပူလောင်တာ သူ့ကြောင့်ကိုး။

"သူဘာလုပ်ရမလဲ"လို့ Ceres နတ်သမီးကိုမေးတယ်။ "Venus က ကျွန်မကို တစ်သက်လုံး ခွင့်လွှတ်ပါ့မလား"

Ceres ကတော့ Venus ဆီသွားပြီး ခွင့်လွှတ်အောင် တောင်းပန်ဖို့အကြံပေးတယ်။ "တစ်ချိန်တုန်းက မင်းက အရမ်းကို ချောမောလှပတော့ Venus ကမင်းကို မနာလိုဖြစ်နေခဲ့ဖူးတယ်။ ခုတော့ မင်းက သူ့သားလေးကို လုသွားတဲ့အပြင် နာကျင်အောင်ပါလုပ်တော့ အရမ်းကို စိတ်ဆိုးနေပြီ"

Psyche က စိတ်ဆိုးနေတဲ့ Venus ဆီကို ရောက်အောင် သွားပြီး သူ့ကို ခွင့်လွှတ်ဖို့ ဒူးထောက် တောင်းပန်ရှာပါတယ်။ "ကျွန်မ သင့်ဆီမှာ လုပ်ကျွေးပြုစုခွင့်ပေးပါ။ အသင် နတ်သမီးကို ကျွန်မ ကောင်းကောင်း ပြုစုလုပ်ကျွေးပါ့မယ်"လို့ ပြောပါတယ်။ ဒါပေမယ့် Venus က အရမ်းစိတ်ဆိုးနေတုန်းပါ။ ဒါ့ကြောင့် Psyche မလုပ်နိုင်လောက်တဲ့ ခက်ခက်ခဲခဲအလုပ်တွေနဲ့ ညှင်းဆဲဖို့ ဆုံးဖြတ်ထားပါတယ်။ Venus က Psyche ကို ပဲတွေ ပြောင်းတွေ ဘာလီစေ့တွေ ပုံထားတဲ့ဆီကို ခေါ်သွားပြီး အမျိုးအစားအလိုက် ခွဲပြီး ပုံခိုင်းတယ်။ နေမ၀င်ခင် အားလုံး ခွဲပြီးသားဖြစ်ရင်ဖြစ်၊ မဖြစ်လို့ကတော့ ခင်ပွန်းဖြစ်သူ Cupid နဲ့ ပြန်သဘောမတူနိုင်ဘူးတဲ့။

သနားစရာ Psyche လေးဟာ Venus ခိုင်းတာကို ညနေ နေ၀င်ချိန်အထိ ဘယ်လိုမှ မပြီးနိုင်မှန်း သိတော့ စိတ်တွေ ညစ်ပြီး ထိုင်ငိုပါလေရော။ အဲဒီလို ငိုတာကို ပုရွက်ဆိတ်လေး တစ်ကောင်က ကြားပြီး ပြေးလာမေးတယ်။ အကြောင်းစုံလည်း သိရော ပုရွက်ဆိတ်လေးက သူ့အပေါင်းအသင်း တခြား ပုရွက်ဆိတ် တွေအကုန်ခေါ်လာပြီး ပဲတွေ ပြောင်းတွေ ဘာလီစေ့တွေကို ၀ိုင်းကူ ခွဲခြားပြီး ပုံပေးကြတယ်။ ပိုးကောင်လေးတွေဟာ တစ်နေ့လုံး ၀ိုင်းပြီး Psyche ကို ကူလိုက်ကြတာ နေလည်း ၀င်ရော အကုန်လုံးပြီးသွား ရောတဲ့။
Venus လည်း အရမ်း အံ့သြသွားတယ်။ "ဒါ မင်းလက်တွေနဲ့ကိုယ်တိုင်လုပ်တာမှ မဟုတ်တာ" လို့ စိတ်ဆိုးမာန်ဆိုးနဲ့အော်ရင်း Pysche ကို ပေါင်မုန့်တစ်ချပ်ပစ်ပေးပြီး အမှောင်ထဲမှာ ထားပစ်ခဲ့ပြန်တယ်။

Venus ဟာ နောက်နေ့မှ ထပ်ရောက်လာပြန်တယ်။ ဒီတစ်ခါမှာ Psyche ကို ဆူးခြုံတွေကြားမှာ ကျက်စားနေကြတဲ့ သိုးရိုင်းတွေရှိတဲ့ တောင်အမြင့်ကြီးကို ညွှန်ပြတယ်။ အဲဒီက သိုးရိုင်းတွေဟာ ခြင်္သေ့တွေလိုပဲ အင်မတန် ကြမ်းတမ်းရက်စက်ကြသတဲ့။ ဒါပေမယ့် Venus က Psyche ကို အဲဒီသိုးရိုင်းတွေဆီက သိုးမွေးလက်တစ်ဆုပ်စာ သွားယူပေးလို့ ခိုင်းလိုက်ပြန်တယ်။

Psyche လေးဟာ မတ်စောက်လှတဲ့ အဲဒီတောင်ပေါ်ကို ကြိုးစားတက်ပြီး တောင်ပေါ်နားကိုရောက်သွားတယ်။ ဒါပေမယ့် သိုးရိုင်းတွေကို တွေ့တဲ့အခါ သိုးရိုင်းတွေဟာ တစ်ကောင်နဲ့တစ်ကောင် ရန်စောင်နေကြတာများ ကြောက်စရာ အလွန်ကောင်းတာပဲတဲ့။ အဲဒီအချိန်မှာ သူမအနားက ရေကန်လေးဆီက အသံတိုးတိုးလေးက လာပြောတယ်။ "ကလေးမ၊ နေမြင့်နေတုန်း အဲဒီသိုးရိုင်းတွေနား ကပ်တောင် မကပ်လေနဲ့။ ကြမ်းတမ်း လွန်းလို့ အဝှေ့ခံရပြီး သေသွားရလိမ့်မယ်။ တောင်စွယ်နေကွယ်ချိန်ကျအောင် စောင့်နေ။ အဲဒီအချိန်ဆို ဒီသိုးတွေ တောင်စောင်းမှာ အေးအေးဆေးဆေးနားနေကြလိမ့်မယ်။ အဲဒီအခါကျမှ ဆူးခြုံတွေရှိတဲ့ တောင်ပေါ်ကို တက်ပြီး ဆူးတွေပေါ်ငြိကျန်ခဲ့တဲ့ ရွှေရောင်သိုးမွေးတွေကို သွားကောက်ချေပေတော့" တဲ့။

Psyche လေးလည်း စိတ်ရှည်ရှည်ထိုင်စောင့်ပြီး နေလည်း စောင်းရော စောစော အသံတိုးတိုးလေး ပြောသလို ရွှေရောင် သိုးမွေးတွေကို ဆူးတွေပေါ်ကနေ သွားကောက်နိုင်ခဲ့တယ်။ ဒီတစ်ခါ ခိုင်းတာကိုလည်း အချိန်မီ ပြီးအောင် လုပ်နိုင်ခဲ့တာတွေ့တော့ Venus က အရမ်းဒေါသထွက်သွားပြန်တာပေါ့။

"ဒီတစ်ခါလည်း မင်းကို သူများကူလို့ လုပ်နိုင်တာမလား"လို့ လှောင်ပြီး ပြောသေးတယ်။ "မနက်ဖြန် ကျရင်တော့ မင်းကို ဘယ်သူမှ မကယ်နိုင်မယ့် အလုပ်ကို ခိုင်းရလိမ့်မယ်"

နောက်နေ့မှာ Venus ဟာ ခပ်ကြမ်းကြမ်းစီးနေတဲ့ အနက်ရောင် စမ်းချောင်း ကို Psyche ကို ပြတယ်။ ဒီဖန်အိုးကိုယူ၊ စမ်းချောင်း အစက ရေကို သွားခပ် ပြီး နေမ၀င်ခင် ပြန်ယူလာခဲ့ရမယ်လို့ ခိုင်းပြန်ပါတယ်။ Psyche လေးလည်း ဖန်အိုးလေးကို သယ်ပြီး ထွက်လာခဲ့တယ်။ စမ်းချောင်းဆီသွားတဲ့ တောင်ပေါ်ကို တက်နေတုန်းမှာပဲ ဒီစမ်းချောင်းသွားရာလမ်းကို နဂါးကြီးတွေ စောင့်ကြပ်နေကြတယ်ဆိုတာ သိလိုက်ရတော့ အရမ်းကို စိတ်ဓါတ်ကျသွားတာပေါ့။ ဒီပုံအတိုင်းဆို နဂါးကြီးတွေ အစားကို ခံရတော့မယ် ဆိုတာ သေချာ နေပြီလေ။ ကြောက်ကလည်းကြောက်၊ ဘာဆက်လုပ်ရမှန်းလည်း မသိနဲ့ လမ်းမှာပဲ မြေပေါ် လဲကျသွားတော့တယ်။ အဲဒီအချိန်မှာ လင်းယုန်ကြီးတစ်ကောင်က သူ့ကို တွေ့လို့ နိမ့်နိမ့်လေး ပျံဝဲဆင်းလာ ပြီး "ဟဲ့ ကလေးမ ရူးနေလား။ ဒီနေရာမှာ ဘာလုပ်နေတာလဲ။ နဂါးတွေ အစားမခံရခင် လာရာလမ်းအတိုင်း မြန်မြန်ပြန်လှည့်ပေတော"့တဲ့။ "လမ်းတစ်လျှောက် ဒီလောက် စောင့်ကြပ်ထားတာ ဒီ စမ်းချောင်းက ရေတစ်ပေါက် ရဖို့တောင် မစဉ်းစားလေနဲ့" လို့ အော်ပြောတယ်။ Psyche လေးလည်း လင်းယုန်ကြီး ပြောတာကို မျက်နှာငယ်လေးနဲ့ ကြည့်နေတဲ့ အခါမှာ လင်းယုန်ကြီးက သနားသွားတော့တယ်။ မင်းသမီးလေး သွားယူရမယ့် စမ်းရေကို သူပဲ သွားယူပေးပါတော့မယ်ဆိုပြီး ဖန်အိုးကလေးကို နှုတ်သီးနဲ့ ကိုင်ချီပြီး ပျံသွားတယ်။ နောက်ဆုံးမှာ စမ်းချောင်းအစက ရေခဲတမျှ အေးနေတဲ့ ရေကို ဖန်အိုးနဲ့ အပြည့် ခပ်လာခဲ့ပေးရှာတယ်။ Psyche ခမျာ လင်းယုန်ကြီးကို ကျေးဇူးတွေတင်နေတုန်းပဲ လင်းယုန်ကြီးက ပျံထွက်သွားတော့တယ်။ အဲဒီတော့မှ တောင်ပေါ်ကနေ သတိနဲ့ ပြန်ဆင်းလာခဲ့နိုင်တယ်။

ဒါပေမယ့် Venus ကတော့ စိတ်ဆိုးနေတုန်းပဲမို့ နောက်ထပ် ဒီထက်ခက်တာတွေကို ထပ်ခိုင်းသေးတယ်။ နောက်ဆုံး Psyche လေးလည်း ပင်ပန်းလွန်းလို့ ဖျော့တော့ အားလျော့လာတာပေါ့။ အဲဒီအချိန်မှာ Cupid က သူ့အမေ Venus ရဲ့ အိမ်မှာ ဖျားနာနေတုန်းမို့ အနားယူနေတယ်။ တစ်နေ့ကျ သူ့ပြတင်းပေါက်ကနေ ပျံထွက်လာတဲ့အချိန်မှာ သူချစ်တဲ့ Psyche လေးကို သူ့အမေက နှိပ်စက်ညှင်းဆဲနေပြန်တယ်ဆိုတာ ကြားသွားတယ်။

ကြားကြားချင်း သူ့ချစ်သူကို လိုက်ရှာတော့ Psyche လေးက လမ်းမှာ သတိမေ့လဲကျနေတာ သွားတွေ့တယ်။ မင်းသမီးလေးဟာ နွမ်းလျဖျော့တော့နေတဲ့ အပြင် အရမ်းကို ၀မ်းနည်းနေပုံပေါက်တာမို့ အချစ်နတ်သားလေးလည်း မသနားပဲကို မနေနိုင်လောက်အောင် ဖြစ်ပြီး အရင်လို ပြန်ချစ်သွားပါတော့တယ်။ သူ့ချစ်သူလေးကို ညင်ညင်သာသာလေး နမ်းလိုက်တဲ့အခါမှာ မင်းသမီးလေးလည်း မျက်စိပွင့်လာခဲ့တယ်။

သူ့ချစ်သူ Cupid ကိုမြင်ရပြီး သူပြောတဲ့ စကားတွေ ကြားရတဲ့အခါမှာ ဘယ်လိုမှ ပြောမပြတတ်အောင် ကို ၀မ်း သာသွားရှာတာပေါ့။ Cupid က ဘာမှ နောက်ထပ်မကြောက်တော့ဖို့ ပြောပြီး Psyche ကို နတ်ဘုရားတို့ နေရာ အိုလံပတ်စ် တောင်ပေါ်ကို ခေါ်သွားတယ်။ သူ့ဇနီးကို မသေနိုင်တော့မယ့် နတ်ဝတ်ရည် တိုက်ပေးဖို့ Jupiter နတ်မင်းကြီးကို တောင်းပန်ပေးတယ်။ တောင်းပန်လွန်းတော့ Jupiter လည်း Psyche ကို နတ်ဝတ်ရည် တစ်ခွက် သောက်ခွင့်ပေးလိုက်တယ်။ သောက်ပြီးတာနဲ့ မင်းသမီးလေးလည်း နတ်သမီးအဖြစ်ကို ရောက်သွားတော့တယ်။ Cupid နဲ့ Psyche တို့ဟာ အိုလံပတ်စ်တောင်ပေါ် နတ်သားနတ်သမီးတွေစုံညီရှေ့မှာ မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပပြီး အတူပေါင်းသင်း နေထိုင်ခွင့်ရသွားတော့တယ်။ Psyche လည်း အလွန်တရာ လှပတဲ့ နန်းတော်ထဲမှာပြန်နေခွင့်ရပြီး သူချစ်တဲ့ Cupid နဲ့ အတူ သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် နေသွားပါ တော့တယ်။ မင်းသမီးလေးက ဒီတစ်ခါတော့ သူ့ချစ်သူကို နေ့ရောညပါ မြင်ခွင့်ရသွားပြီပေါ့နော်။
--------------------------------------------------------
ဒီဇာတ်လမ်းကနေ နားလည်လိုက်ရတာကတော့ အချစ်နတ်သားလေး Cupid နဲ့ သူ့ချစ်သူတို့ရဲ့ ချစ် ဇာတ်လမ်း မှာတောင်မှ စင်းလုံးချောမနေဘူးဆိုရင် သာမန်လူတွေရဲ့ အချစ်ဇာတ်လမ်းတွေကတော့ အခက်အခဲတွေ ရှိကြမှာ မလွဲဘူး ဆိုတာပါပဲ။ Venus နဲ့ Cupid ရဲ့အကြောင်း ဆွဲထားတဲ့ ပန်းချီတစ်ချို့မှာ ဆိုရင် Cupid က သူ့လက်ကို ပျားတုပ်ခံရလို့ နာတဲ့အကြောင်း သူ့အမေ Venus ကို ငိုယိုပြောနေတဲ့ပုံတွေ ရှိခဲ့တယ်။ အဲဒီအခါမှာ သူ့အမေ Venus က လောကကြီးမှာ ပျားကလေး သေးသေးလေးတုပ်တာ ခံရလို့ နာကျင်ခံစားရတာထက် ကြီးမားတဲ့ ဝေဒနာတွေပေးနိုင်တဲ့ အချစ်ဆိုတဲ့ အရာရှိကြောင်း သက်သေပြခဲ့တယ်။ (အဲဒီအကြောင်းကို ကဗျာဆရာကြီး Thomas Moore ကလည်း အခုလိုတောင် ကဗျာစပ်ခဲ့ပါတယ်။) Cupid ကို ပျားတုပ်နေတဲ့ ပုံတွေဟာ အချစ်ရဲ့ နောက်ဆက်တွဲက ကပ်ပါလာတဲ့ ဝေဒနာတွေကို တင်စားထားတာပါတဲ့။

တကယ်တော့ အချစ်ဆိုတာ ကြည်နူးစရာတွေရော ဝေဒနာတွေပါ နှစ်မျိုးလုံးကို ပေးစွမ်းနိုင်တဲ့ အရာပဲ မဟုတ်လား။

(ပုံပြင်မှာ Tales of Ancient Greece မှ The Story of Cupid & Psyche ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

You received this email because you are subscribed to the real_time feed for http://shwegyan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.