Sunday, November 2, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: များများ မြန်မြန်၊ အချိန်ရရင် အရပ်ထဲ လမ်းလျှောက်ရအောင်

များများ မြန်မြန်၊ အချိန်ရရင် အရပ်ထဲ လမ်းလျှောက်ရအောင်

စိုင်းဝင်းမြင့်ရဲ့ကဗျာစာအုပ်အသစ်ထွက်လာတယ်။ များများမြန်မြန် တဲ့။
ဘာသာစကားကဗျာတွေဖက် အနည်းငယ်ယိမ်းသွားတာကလွဲပြီး စိုင်းဝင်းမြင့်ရဲ့ ကဗျာရေးဟန်၊
ပျောက်ဆုံးမသွားတာကိုတွေ့ခဲ့ရတယ်။

ဟိုတုန်းကတော့ စိုင်းဝင်းမြင့်ရဲ့ကဗျာတွေဟာ လမ်းပေါ်လူတွေရဲ့အသုံးအနှုန်းတွေကို
ကူးယှက်ပြီးတော့ ရေးခဲ့တာများတယ်။ အထူးသဖြင့် ခေတ်ရဲ့ဗန်းစကားတွေ။
ကားစပယ်ယာတွေပြောတဲ့စကား၊ လမ်းဘေးဈေးသည်ပြောတဲ့စကား၊
အရပ်ထဲပြောနေတဲ့စကား၊ စတဲ့စကားအစုံအလင်ကို သူ့ကဗျာတွေမှာ တွေ့ရလေ့ရှိတယ်။
ဥပမာဆိုရင်- လက်လွယ်မှဆက်သွယ်တို့၊ ဓာတ်တိုင်နဲ့မခိုင်၊ ကြိုက်သလောက်ပြော
ကျသလောက်ရှင်း ဆိုတာမျိုးတွေပေါ့။

အောင်ခင်မြင့်ရဲ့စာအုပ်ထဲမှာတော့ စိုင်းဝင်းမြင့်ဟာ အန္တာရယ်ရှိသောကဗျာဆရာလို့
သုံးသပ်ခဲ့တယ်။ ကျွန်တော်အမှတ်မမှားဘူးဆိုရင်…

”ရှေ့မှာဝရန်တာ၊ ၀ရန်တာရှေ့မှာ ဓာတ်ကြိုး၊
ငါ့စိတ်တွေအစိုးမရချင်ဘူး”

အဲ့ဒီစာသားကို ကောက်ပြီးပြောခဲ့တယ်။ စိုင်းဝင်းမြင့်ကို ကျွန်တော်တို့မျှော်လင်ခဲ့တယ်။
မောင်ချောနွယ်ရဲ့ အရေးအသားပုံတွေကိုပါ ကူးယူးနိုင်တဲ့အတွက်။ ဒါပေမယ့်
နောက်ပိုင်းမှာတော့ စိုင်းဝင်းမြင့်ကဗျာတွေ အတွေ့ရနည်းလာတယ်။
အဲဒီအကြောင်း သူ့ကို ကျွန်တော်မေးကြည့်ဖြစ်တယ်။

”အဟောင်းတွေ မရေးချင်တော့ဘူးဗျာ။ အသစ်တွေ၊ အသစ်တွေကို
ကျွန်တော်လုပ်ချင်တယ်။ ကဗျာတွေရေးနေတာပါပဲ။ မဂ္ဂဇင်းတွေက မကြိုက်လို့
အတွေ့ရနည်းတာ ထင်တယ်” လို့ပြောခဲ့ဖူးတယ်။

စိုင်းဝင်းမြင့်ပြောတဲ့အသစ်ဆိုတာ ဇေယျာလင်းရဲ့ ရေးပုံမျိုးလား။
တစ်လောကတော့ စကားတစ်ခွန်းထွက်လာတယ်။
စိုင်းဝင်းမြင့်ဟာ ဇေယျာလင်းရဲ့အရိပ်ကို မောင်ချောနွယ်နဲ့ ဖျက်ဖို့ကြိုးစားနေတယ်ဆိုတာ။
ဒီအကြောင်းတွေကို စိုင်းဝင်းမြင့်ရဲ့ ကဗျာစာအုပ်အသစ်၊ အမှာစာမှာ အောင်ခင်မြင့်က
ထည့်ပြောသွားခဲ့တယ်။

”စိုင်းဝင်းမြင့်ရဲ့လျို့ဝှက်မှုက မောင်ချောနွယ်ရဲ့ သြဇာနည်းနည်း၊ ဇေယျာလင်းရဲ့ သြဇာနည်းနည်း၊
ခေတ်ရဲ့ သြဇာများများနဲ့ ဖန်တီးထားတာ ဖြစ်တယ်။

စိုင်းဝင်းမြင့်ရဲ့ကဗျာတွေမှာ ဇေယျာလင်း အ၀န်းအ၀ိုင်းထဲက ကဗျာဆရာတွေမှာ တွေ့ရတဲ့
‘ဘာသာစကားကဗျာ’အပေါ် တိမ်းညွှတ်မှုကို တွေ့ရတယ်။ ဇေယျာလင်းကို “Language poet “လို့
ပြောနိုင်ပေမယ့် စိုင်းင်းမြင့်ကိုတော့ “Language poet”လို့ ကျွန်တော်မယူဆပါဘူး။
(ဒါက ကျွန်တော့်တစ်ယောက်တည်းရဲ့ အယူအဆသာဖြစ်တယ်)
ဒီနေရာမှာ ဇေယျာလင်းနဲ့စိုင်းဝင်းမြင့်တို့ရဲ့ ဖွဲ့ဟန်ကို အနည်းငယ်နှိုင်းယှဉ်လိုပါတယ်။
ဒီလိုဇေယျာလင်းကို ထည့်သွင်းပြောဆိုရတာကတော့ နောက်ပိုင်းကဗျာဆရာအချို့ကို
လေ့လာတဲ့အခါ ဇေယျာလင်းရဲ့ တိုက်ရိုင်/သွယ်ဝိုက်သက်ရောက်တဲ့ သြဇာကို လျစ်လျူရှု့ဖို့
မသင့်လို့ပါပဲ။

ဇေယျာလင်းက စာသားဆန်မှု(textuality)ကိုနှစ်သက်ပြီး သူ့ကဗျာတော်တော်များများကို
ခက်ခဲအောင်ပြုလုပ်လေ့ရှိတယ်။ စိုင်းဝင်းမြင့်ကတော့ ဘာသာစကားစမ်းသပ်မှုတစ်ချို့ ပြုလုပ်ပေမယ့်
သူ့ကဗျာကို သူ့ဟာသူ”ဘာသာစကားရဲ့နွံ”ထဲကနေ ပြန်ဆယ်ထားတာတွေ့ရတယ်။
စိုင်းဝင်းမြင့်က ခက်ခဲမှုထက်စာရင် နေ့စဉ်သုံးဆက်သွယ်မှုဘာသာစကားကို အသုံးပြုပြီး
ကဗျာကို အဖြေအလျော့လုပ်တာ ပိုများတယ်။ ဇေယျာလင်းရဲ့ကဗျာတွေမှာ ခေတ်ကိုတွေ့ကြုံရမှုတွေက
စာအုပ်တွေ၊မဂ္ဂဇင်းတွေ၊တယ်လီဗေးရှင်းနဲ့ အင်တာနက်ကနေတစ်ဆင့် တွေ့ကြုံရမှုများပေမယ့်
စိုင်းဝင်းမြင့်ကတော့ ခေတ်ကိုတိုက်ရိုက်တွေ့ဆုံရင်ဆိုင်ပြီး ဖွဲ့ဆိုတဲ့”လမ်းပေါ်က ကဗျာဆရာတစ်ယောက်”
ဖြစ်ပါတယ်။ လမ်း(street)ဟာ ခေတ်ကိုသယ်ဆောင်ထားတာဖြစ်လို့ “လမ်း”ကိုလေ့လာတာဟာ
ခေတ်ကို သုံးသပ်ဖွဲ့ဆိုတာ ဖြစ်ပါတယ်။

ဇေယျာလင်းရဲ့ကဗျာတွေထဲမှာ ဘာသာစကားရဲ့မီးတောက်မီးလျှံတွေ၊ အဓိပ္ပာယ်နဲ့
စကားလုံးမှန်ကူကွက်တွေ ကတစ်ဆင့် ခေတ်ရဲ့ လှုပ်ရှားယိမ်းထိုးနေမှုကို မြင်ရတယ်။
စိုင်းဝင်းမြင့်ရဲ့ကဗျာတွေမှာတော့ ဗိုလ်ချုပ်လမ်း/အနော်ရထာ လမ်းပေါ်မှာ
လမ်းလျှောက်နေရသလို (ဒါမှမဟုတ်) သူလိုကိုယ်လိုလူတွေရဲ့ နေ့စဉ်ဘ၀အကြောင်း
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တစ်ခုကို ကြည့်နေရသလို ခေတ်ကိုဒီအတိုင်းမြင်နေရတယ်။
ဇေယျာလင်းက ကဗျာကိုဘာသာစကားဗေဒနဲ့နိသျှတွေရဲ့ တင်းကြမ်းရေးဖွဲ့ပေမယ့်
စိုင်းဝင်းမြင့်ကတော့ အလွန်အမင်းခက်ခဲမှုဆီ ကဗျာကိုစွတ်မတင်ပဲ ပြန်ပြန်ထိန်းတာ သတိပြုမိပါတယ်။
ဒီနေရာမှာတော့ မောင်ချောနွယ်ရဲ့သြဇာက စိုင်းဝင်းမြင့်ကို ကျေးဇူးပြုတာတွေကရတယ်။
ဘာကြောင့်လဲဆိုတော့ စိုင်းဝင်းမြင့်ဟာ မောင်ချောနွယ်ရဲ့ ခဲဖျက်နဲ့ ဇေယျာလင်းရဲ့အရိပ်တစ်ချို့ကို
ဖျက်နိုင်ခဲ့လို့ပါပဲ။

သူ့ရဲ့ တစ်ယောက်တည်းစကား ကဗျာစာအုပ်အမှာမှာ မောင်သာနိုးသတိပြုမိခဲ့သလိုပဲ
စိုင်းဝင်းမြင့်ဟာ ခေတ်ရဲ့စကားလုံးတွေကို မလွတ်တမ်းသုံးစွဲတတ်တဲ့ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။
အဲ့ဒီစကားလုံးတွေကို ကဗျာထဲထည့်သွင်းတဲ့နေရာမှာတော့ စိုင်းဝင်းမြင့်ဟာ
အစောပိုင်းကဗျာတွေမှာတုန်းကထက် အများကြီးပါးနပ်သွားပြီဆိုတာတွေ့ရတယ်”

ဒါက၊ အောင်ခင်မြင့်အမှာစာထဲက တစ်စိတ်တပိုင်းဖြစ်ပါတယ်။ အောင်ခင်မြင့်ရဲ့သုံးသပ်မှုကို
ကျွန်တော့်အနေနဲ့ ကန့်ကွက်ရန်မရှိတာကြောင့် ထပ်ပြောစရာမရှိတော့ပါဘူး။ အခုစာအုပ်မှာပါတဲ့
ကဗျာတွေဟာ ဟိုးအရင်စိုင်းဝင်းမြင့်ရေးထားခဲ့တဲ့ ကဗျာတွေထက်တော့ ဖတ်ရတာ နဲနဲခက်လာပါလိမ့်မယ်။
ဒါကလည်း စိုင်းဝင်းမြင့်ရဲ့ အရွေ့တစ်ခုလို့ဆိုနိုင်ပါတယ်။ သူကျွန်တော့်ကို ပြောပါတယ်။
“ပျော်ပျော်ပါးပါးဖတ်ရမယ်၊ ကဗျာအပုဒ်၄၀ ပါတယ်”တဲ့။

ဘယ်လိုပဲဖြစ်ဖြစ် စိုင်းဝင်းမြင့်ကဗျာတွေဖတ်ရတာ အရပ်ထဲလမ်းလျှောက်သွားနေသလိုမျိုး
ခံစားခဲ့ရတာတော့ အမှန်ပဲဖြစ်ပါတယ်။ ကဗျာတစ်ချို့ ပြန်တင်ပေးလိုက်တယ်။

ဘ၀ကို ခပ်မြန်မြန်သုံးစွဲ ရန်သူအတွက် ချန်မထားနဲ့

လက်ဖျံနဲ့ ဆက်ဆံရမယ့် မနက်ဖြန်
အရသာမတူလည်း ရတာယူလို့
ဝေးရင်ဝေး ပြောရင်ပြီးမယ်
ဘာကိုဘယ်လို
လမ်းကြုံတုန်း ၀င်ရောက်ထိုးကြိတ်သွားရအောင်
တစ်လက်စတည်း တစ်အိမ်လိုနေလို့
အပွင့်လိုနေရင် အပွင့်ဖြည့်ပေးမယ်
အသက်လိုနေရင် အသက်ဖြည့်ပေးမယ်
ချစ်တယ်နော် အလိုမလိုက်ဘူး
သစ်တွက်နည်း ရွှေတွက်နည်း
ကမ္ဘာ့စီးပွားဖက်တွေ
တွဲဖက်မစားသင့်တဲ့ အစာတွေ
ကျွန်တော်တို့တစ်ယောက်မှ ထလို့မရဘူး
ပြန်ပြန်ပြုတ်ကျတယ်
ဟိတ်ဆို ဟိတ်
ဓာတ်တိုင်နဲ့မခိုင် တွေ့နေပြီ
ကမ္ဘာနဲ့ကဗျာကြား မီးစလေးတစ်စ ချထားခဲ့တယ်
အဟလေးအတိုင်း လိုက်သွားရုံ
ကမ္ဘာခြားပြီ
ဘောလုံးဟာ ကမ္ဘာသုံးဘာသာစကား
အားလုံးပြုံးပျော်နိုင်ကြပါပြီ
လေတိုက်လို့ ထွားလာတာပါဆိုလည်း
အလကားတော့မဟုတ်
ငါတို့ပိုက်ဆံနဲ့ သူတို့လေညင်းခံထွက်သွားတာပါလို့ဆိုသူဆို
နောက်တစ်နာရီ ကျွန်တော်ဘယ်သွားနေရမလဲဗျာ
အိမ်ပြန်ချင်တာ မောင်ဘ
အမှန်တရားဟာ အမှန်တရားအတိုင်းပဲ ဖြစ်စေရမှာပေါ့။
စိုင်းဝင်းမြင့်
၁၊၈၊၂၀၀၆

ဟာသနှင့်အဆွေးဓာတ်ခံရှိသူ ရှေးလူကြီးများ တီတီထွင်ထွင်

ဘ၀ထဲတွင် တကယ်မပါရှိသည့် စာကြောင်းတစ်ကြောင်း
ထည့်သွင်းပြောဆိုရမလား
ဘ၀သည် မနေ့က အစပြုခဲ့ခြင်းမဟုတ်သလို
မနက်ဖြန်တွင်လည်း အဆုံးသတ်လိမ့်မည်မဟုတ်ကြောင်း
ရောက်ရောက်ချင်း ဖောက်ဖောက်ချင်း
ကိုဆွေး ပြေးပြေး လမ်းကွေ့။
ခက်ခက်ခဲခဲမဟုတ်
ကဗျာများဖြင့်အလွယ်တကူ
လူတစ်ယောက်၌ ဘ၀များစွာဖြစ်ဖြစ်
“လူတစ်ယောက်ဟာ တစ်ဘ၀ပါကွာ”ဖြစ်ဖြစ်
ကြုံတွေ့ခဲ့ရသမျှဟာ
အူစုံအသည်းစုံ။
လမ်းအချိုးကွေ့လေးထဲ တိုးဝင်ပျောက်ကွယ်သွားတော့မယ့်
နောက်ကျောတစ်ခု
မေခွန်းဟောင်းနဲ့ အဖြေမှန်များ ပါဝင်သည့်
ဆံပင်သာကုန်သွားမယ် ပညာမကုန်ဘူး ဆံသဆရာရဲ့
ဟောတစ်ချောင်း ဟောတစ်ချောင်း
လာထား ကဗျာ။
စိုင်းဝင်းမြင့်

လာမယ် ကြာမယ်

ပေးပို့လိုက်သောစာ ၇-၂-၇၈ ရက်စွဲဖြင့် လက်ခံရရှိကြောင်း
အဝေးဆုံးကိုမမျှော် အနီးဆုံးမှာပျော်လို့
စာအိတ်ကိုဖွင့်မဖောက်ဘဲ အမှောင်ထဲမှာ ငေးစိုက်လို့
ကျွန်တော်က…. ကို သတိမရဘူးလို့ပြောလိုက်ပါ။
ဝင်နေတဲ့နေထဲ နင်ဝင်သွားတာ
ဒီအတိုင်းပဲ ခေါင်းတည်ထားလိုက် လာဖြေရှင်းလိမ့်မယ်
ပြင်ရမယ် ဖြည့်ရမယ် ဘာမှမစဉ်းစားပဲ ခေါင်းထိုးပေးထားတယ်။
ရန်ကုန်တစ်ပတ်လား ကမ္ဘာတစ်ပတ်လား
တစ်ခုခု ဘ၀အဓိပ္ပာယ်
ကျွန်တော်တို့ပြန်ဆုံတော့ နှစ်ယောက်ပေါင်းတောင်
တစ်ယောက်မပြည့်
အဲဒါ ဆိုဒ်အမှန် ခေါင်းငိုက်စိုက်ကျနေပြီ
စိုက်ထားတာ ပြန်နုတ်ယူရင် ဘ၀မကျန် ဘာမှမကျန်
စံပယ်ပန်းလေးလည်း မနက်ဖြန်
သြဥသံလေးလည်း မနက်ဖြန်
အရာရာ မနက်ဖြန်
အရိုး အရှုံး အရွတ် အချွန်နဲ့ သူငယ်ချင်းများစွာ
၂၀၀၇ ထဲပြန်မတွေ့တော့ပါ။
စိုင်းဝင်းမြင့်

စ၊ သည်၊ ဖြင့်၊ ပေါ့၊ ဗျာ…. ကောင်းကွာ

ရေကူးနည်း
အရပ်ရှည်နည်း
သင့်ဘ၀ကိုပြောင်းလဲပစ်မဲ့
ကဗျာခြောက်ဆယ်
တက်ကျမ်း/ကြမ်း စာအုပ်
ဖြတ်လမ်းကဗျာတစ်ပုဒ်
တစ်ခါလာလည်း ဒီအရပ်
နောက်ကမ္ဘာလာလည်း ဒီအရပ်
ဒီအရပ်ကနေ ဘယ်မှမရွေ့
စာအုပ်တွေကိုတော့ ငါယုံတယ်
ချိုသည် ခါးသည် မပြောဘူး
အားလုံးကသေဘာကျတယ်
လေထဲပျံဝဲချင်တယ်ဆိုတာ
ရူးတာမဟုတ်တော့ဘူး
ရေကိုဖြတ်လို့
ခလုတ်နှိပ်လိုက်ရင် မီးလင်းလို့
တစ်ယောက်တည်းစကားပြောနိုင်တာ
စိတ်နှံ့တာပဲ
မင်းလိမ္မာရင် မင်းအတွက်
ငါမဖြေသာရင် ငါ့အပျက်
စစ်တုရင်အကွက်ရွှေ့နည်းစာအုပ်
စာအုပ်လေးတစ်အုပ်ဝယ်ထားပါတယ်
ဟိုနား ဒီနား များများရွေ့ပေးပါ
ဒီတစ်ယောက် ဟိုတစ်ယောက် လာလာပြောလို့
လိုရင်းမရောက်ပဲ အိုမင်းလို့
ငါ့ခြေထောက်ကို လာရွေ့ခိုင်းကြည့်ပါလား
စောက်ကန်ပစ်လိုက်မယ်
ခပ်တည်တည်နဲ့လုပ်နေရင် ငါရယ်မယ်
လွဲနေရင်လည်း ရယ်မယ်။
စိုင်းဝင်းမြင့်

များများ မြန်မြန်

ဘယ်ကစရမှန်းမသိရင် လက်ဖက်ရည်ဆိုင်က စ
အနီးဆုံးလက်ဖက်ရည်ဆိုင်က စ
လက်ဖက်ရည်ဆိုင်က ကမ္ဘာရတယ်
စစချင်း ခြင်ကျားနဲ့ရေသည်
ရေသည်ပြဇာတ်ထဲ ငါးလေးတစ်ကောင်ကူးခတ်နေတယ်
တောင်စဉ်ရေမရ နောက်တစ်ကြောင်းစတယ်
နောက်တစ်ကြောင်းကို ရိုက်ထားတယ်ဆိုတော့
ဒီဘ၀ ဒီနေ့ ခင်ဗျားက ပြုံးပြုံးလေး
ပြုံးပြုံးလေး အတည်ပေါက်ရိုက်မယ်
ဘယ်သူမေးမေး မမေးမေ သုံးသောင်းလို့ပြော
ချေဦးထုပ်ဆောင်းပြီး ကတ်စရိုရုပ်ပေါက်နေတာ
တယ်လီဖုန်းတစ်ဖက်မှာ ဟာခနဲလဲကျသွားတာ
နောက်တစ်အုပ် ဟာ နောက်တစ်အုပ် ဟာ ဟာခနဲ ဟာခနဲ
ဘာတွေမှန်းမသိပါဘူး ငါလည်း အလုပ်ရငပ်နေရတာ
အရိုးရော အရင်းပါ ကုန်ပြီ
ဒီဥစ္စာ ဒီစာအုပ် အသစ်စက်စက် အသစ်စစ်စစ်ပေါ့နော်
သဒ္ဒါမှန်ဖို့ မလို ကဗျာဆန်ဖို့ပဲလိုတယ်
ကမ္ဘာသစ်ကို ကြိုဆိုလိုက်ပါ လက်ဖက်ရည်ချိန် ချိန်ဆ
သောကြာနေ့ ရောက်လာလို့ တော်ပါသေးရဲ့
ဒါတော့ ဒါပေါ့ ဒါပေမယ့် ဒါမဟုတ်ဘူး
ဘာမှန်းမသိပါဘူး ဘယ်သူလဲ ဒီလိုပဲပြောရတာပေါ့
နောက်မှ စာကူးနေတာ သိရတာပဲ
လိုင်းတွေထဲကလှိုင်းတွေလို များမြောင် လိုင်းကြောင်နေတာ
အနားသတ်လိုင်း အစွန်းထွက်ေနတာ ဖြတ်တောက်ထိုးဖောက်ဖို့
နှစ်တွေမနည်းတော့ဘူး ပန်းပွင့်ထဲ သေဆုံးလို့
ပြောချင်တာ အေးအေးဆေးဆေးပြော
ဒီလိုလူစုံတဲ့အချိန်ပြော ဒီလိုတစ်ယောက်မှ မရှိတဲ့အချိန်ပြော
ယာဉ်ကြေထဲ လမ်းမှန်နေတာတောင် အူကြောင်ကြောင်ဖြစ်သွားတယ်
သူက လမ်းပြောင်းပြန်ကြီးထွက်လာ
သိပြီးသားကို ဘာများပိုလဲ (တစ်ကွက်လေးများ)
ကမ္ဘာအကြောင်းလာ လာခဲ့
အခေါင်းက အသင့်စပ်ပြီးသား
သူဘာနဲ့ ငြင်းပယ်မယ် ဆိုတာကိုပဲ ကျွန်တော်ကစောင့်နေတာ။
စိုင်းဝင်းမြင့်

ဆာယိုနာရာ ဆာယိုးနားရား

တိမ်တွေကိုငုံ့ကြည့်တဲ့အခါ
တွေ့/တွေးရမှာက ကြယ်ငါးလေးတွေ
စံပယ်ပန်းပွင့်ပုံ
လေပြင်းထဲလွင့်ကြွေသွားပုံ(မြန်မြန်)
ခြေရာဖျောက်အရောင်ပြောင်းရေရောသွားတဲ့ ရေဘ၀ဲတစ်ကောင်
အခြားတစ်ခုက တဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့ဆင် ခပ်ဆင်ဆင်သုည
နောက်တော့ ပြိုကွဲသွားလူ့အဖြစ်ချစ်မေတ္တာ
ဘယ်ပုံစံနဲ့ပြန်လာမယ်ပေါ့
ခြေလှမ်းတိုင်းအကွက်ဆင်ထားတာ
ယာဉ်တိုက်မှုတစ်ခု မတော်တဆ စကြ၀ဋ္ဌာပျက်ကျမှုတစ်ခု
ရေတိမ်နစ်ဖြစ်တည်မှု
တစ်ဆဆချိန်ဆ(အချစ်နဲ့ဘ၀)
ခွင့်လွှတ်တယ်အမြန်ပြန်လာပါ( မလွှဲမရှောင်သာ)
တည့်တည့်တိုးရင် လွတ်တတ်ပါတယ်။
စိုင်းဝင်းမြင့်

ကျန်တော့ကျန်သေးတယ်။ နောက်မှပေါ့ဗျာ။ :)

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.