မင်္ဂလာပါ ဦးလေးဟို (၁)
လက်ကျန်ကွန်မြူနစ် ၅နိုင်ငံထဲက တနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ကို အလည်အပတ်ရောက်ဖြစ်ခဲ့ပါတယ်။ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ အမေရိကန်တို့နဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ပြီး ၁၉၇၅-၇၆ လောက်ကမှ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ခဲ့ရတဲ့ နိုင်ငံ၊ တပါတီစနစ်အောက်က ကွန်မြူနစ်နိုင်ငံတနိုင်ငံရဲ့ မြို့ကြီးတမြို့ဆီကနေ ဘာမှတော့ သိတ်ကြီးကြီးကျယ်ကျယ် မမျှော်လင့်ထားခဲ့ပါဘူး။ ၁၉၄၈ကထဲက လွတ်လပ်ရေးရပြီး ခုထိ တောရွာမြို့ကြီး အနှံ့မှာ တိုက်ပွဲတွေဖြစ်နေတဲ့၊ ခေတ်မှီဖွံဖြိုးတိုးတက်လှတဲ့ နိုင်ငံမှာနေထိုင်လာတဲ့သူတယောက်အနေနဲ့ကတော့ ဟိုချီမင်းမြို့လဲ သူမသာ၊ ကိုယ်အသုဘပဲလို့ ထင်ခဲ့တာပါပဲ။ အထင်နဲ့အမြင်တက်တက်စင်အောင် လွဲတယ်လို့ပြောလို့ရ၊ မရဆိုတာ စိတ်ဝင်စားရင်တော့ လက်ဆော့လာတဲ့ ဓာတ်ပုံလေးတွေကို ဆီလျှော်အောင် ဘာသာပြန်တင်ပြထားတာကို ဖတ်ကြည့်ပါ (မဟုတ်တော့လဲ အပျင်းပြေပေါ့)။ ရှားရှားပါးပါးဖြစ်တဲ့ကိစ္စတွေကိုတော့ အလျှင်အမြန်မရိုက်နိုင်ခဲ့လို့ မဖေါ်ပြနိုင်ပါဘူး။ တခါတလေလဲ ခံစားချက်တခုခုကြောင့် ကင်မရာဆီ လက်မရောက်နိုင်ခဲ့ပါဘူး။ တခုရှိတာကတော့ ဗီယက်နမ်နိုင်ငံဆိုတာ ဘယ်လိုဆိုတာမျိုး မဟုတ်ပါဘူး။ ခရီးသွားတယောက် မြင်သလောက်၊ ကြားသလောက်ပေါ့ (အကုန်သိရအောင်လဲ ဗီယက်နမ်အရေးလေ့လာသူမှမဟုတ်တာ..နော)။
လေယာဉ်နဲ့ဆက်ထားတဲ့ ပြွန်ကနေထွက်လိုက်တာနဲ့ တွေ့လိုက်ရတာကတော့ ချန်ဂီလေဆိပ်အသေးစားလေးတခုပါ။ စကေးကိုက်ချုံ့ပြီး ဆောက်ထားသလိုပါပဲ။ Tan Son Nhat International Airport ပါ။ ဂျပန်အကူအညီနဲ့ဆောက်ထားပြီး ၂၀၀၇မှပြီးတယ်လို့ဆိုပါတယ်။ ၂၀၁၅မှာ Long Thanh International Airport ပြီးစီးသွားရင် TSN Airport ကို domestic အတွက်ပဲသုံးတော့မယ်လို့ ဆိုပါတယ်။ လေဆိပ်အဆင့်အတန်းသတ်မှတ်တဲ့အရာရှိတွေ အမြင်မှာတော့ ဘယ်လိုနေမလဲမသိပါဘူး။ ခရီးသွားတွေ အနေနဲ့ကတော့ အစစအရာရာ အဆင်ပြေချောမွေ့ သွက်လက်လှပါတယ်။
ပြည်ပက ပြန်လာတဲ့ ဗီယက်နမ်ပြည်သူတွေကိုလဲ "ဘာလက်ဆောင်ပါလဲ" လို့ မေးနေတာ မတွေ့ရပါဘူး။ အေးလေ...အိမ်မှာ လက်ဆောင်တွေပြည့်နေလို့ နေမှာပေါ့။ FEC လဲဖို့ကောင်တာ လိုက်ရှာတာ မတွေ့တာနဲ့ ဗီယက်နမ်သုံးငွေ (ဒေါင်) နဲ့ပဲ စိတ်မသက်မသာလဲခဲ့ရပါတယ်။ အဖမ်းတွေဘာတွေခံနေရရင် ဒုက္ခမဟုတ်လား။ စလုံးငွေ တရာကို ဒေါင် ၁သန်းကျော်ကျော်ရပါတယ်။ ချက်ချင်းလက်ငင်းကို သန်းကြွယ်သူဌေးဖြစ်သွားတော့တာပဲ။
လေဆိပ်အပြင်ထွက်လိုက်တာနဲ့ ကြိုဆိုနေတာက ကြီးမားခန့်ထည်လှတဲ့ ကြွေးကျော်သံကျော်ညာ၊ ဦးတည်ချက်ကျော်ညာ၊ လူကျော်ညာ၊ ပါတီကျော်ညာဆိုင်းဘုတ်ကြီးတွေ..............မဟုတ်ပါဘူး။ အဲ့ဒီဆိုင်းဘုတ်တွေ လုံးဝ (လုံးဝ) မတွေ့ပါဘူး။ ဘုရားစူး၊ မိုးကြိုးပွတ်ပါ။ ငြီးစီစီဖြစ်နေတာတွေကို ဖြေဖျောက်ရင်း လေကောင်းလေသန့်လေးရှုပြီး ဆေးလိပ်သောက်နေလိုက်ပါသေးတယ်။ ဒီဘက်တိုင်မှာ ဆေးလိပ်မသောက်ရ စာတမ်းကပ်ထားပြီး ဘေးကကပ်ရပ်တိုင်မှာတော့ ဆေးလိပ်သောက်ဖို့ ပြာခွက်ထားပေးတာကလဲ ပြုံးချင်စရာပါ။ ဟိုတိုင်အထဲမှာ Gas ပိုက်များ ပြေးထားလို့လားမသိဘူး။ ဗီယက်နမ်နိုင်ငံကို ခရီးသည် ၃.၅ သန်းလောက်နှစ်စဉ်လာရောက် လည်ပတ်ပါတယ်။ ဒါကြောင့်လဲ လေဆိပ်မှာ ပျားပန်းခပ်ပါပဲ။ ကားကြီး၊ ကားလတ်၊ ကားလေး၊ ကားပိစိကွေးမျိုးစုံ ၀င်လိုက်ထွက်လိုက်ပေါ့။ သတ်မှတ်နေရာမှာပဲ ရပ်ရပါတယ်။ မရပ်ရင် ပိုက်ဆံကောက်မဲ့ ရဲတွေ၊ ပုလိပ်တွေ၊ အစောင့်တွေတော့ မရှိပါဘူး။
Taxi ကုမ္ပဏီဘယ်နှစ်ခုရှိလဲမသိရပေမဲ့ ကားမော်ဒယ်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံနဲ့ taxi တွေကတော့ ပေါများလှပါတယ်။ မီတာနဲ့ပါ။ Taxi Vinasun ဆိုတဲ့ ကုမ္ပဏီကို ညွှန်းကြပါတယ်။ မီတာနဲ့ အမှန်အကန်စီးလို့ရလို့ပါ။ လှည့်ပတ်ပြီးတော့လဲ မမောင်းပါဘူး။ နောက်ပိုင်း လမ်းသိပြီးသားနေရာတွေကို မောင်းခိုင်းတဲ့အခါ အတိုဆုံးလမ်းကနေ မှန်မှန်ကန်ကန်မောင်းကြတာ ကြုံဖူးပါတယ်။
တခြား Taxi တွေကတော့ မီတာနဲ့ဆိုပေမဲ့ တက်လိုက်တာနဲ့ ဒေါင် ၃သောင်းခွဲလောက်ကို ပုံသေပေါ်အောင် လုပ်ထားလိုက်ကြပါတယ်။ အမှန်အကန် Taxi နောက်တခုရှိပါသေးတယ်။ နာမည်မေ့သွားလို့ပါ။ MRT လိုမျိုး၊ မြို့ပတ်ရထားမရှိပါဘူး။ ၂၀၂၀လောက်မှာ ပြီးစီအောင် အကောင်အထည်ဖေါ် ဖြစ်လိမ့်မယ်လို့ သိရပါတယ်။ လိုင်းကားတွေတော့ရှိပါတယ်။ Aircon ကားတွေပါ။ စီးမကြည့်ခဲ့ပေမဲ့ မှန်လုံပိတ်မောင်းနေတာဆိုတော့ Air မ con ရင် လူတွေ ဘယ်လိုလုပ်စီးမလဲ။ ဘယ်အချိန်ကြည့်လိုက်၊ ကြည့်လိုက် ချောင်ချိနေတာပါပဲ။ ဆိုင်ကယ်အသုံးများလို့လဲဖြစ်မယ်ထင်ပါတယ်။
ဟိုချိမင်းမြို့မှာ လူဦးရေ ၉သန်းလောက်ရှိတယ်လို့ တိုးဂိုက်ကဆိုပါတယ်။ မော်တော်ဆိုင်ကယ်ကတော့ ၄သန်းလောက်၊ ကားက ၅သိန်းကျော်ကျော်ရှိပါတယ်။ မိသားစုတစုမှာ အခြေခံအားဖြင့် လူ၃ဦးရှိမယ်ဆိုရင်တောင် မိသားစုတစုကို ဆိုင်ကယ်တစီးထက်ပိုပိုင်ဆိုင်တဲ့ သဘောရှိနေပါတယ်။ ဆိုင်ကယ်မြို့တော်ရယ်လို့လဲ နာမည်ကြီးပါတယ်။
ဆိုင်ကယ်တွေကို ရဲဖမ်းထားတာမဟုတ်ပါဘူး။ ပလက်ဖောင်းပါကင်းထိုးထားကြတဲ့ ဆိုင်ကယ်တွေပါ။ တိုးဂိုက်ရဲ့ အဆိုအရ ပညာတတ်ဝန်ထမ်းတယောက်ဟာ လခ ယူအက်စ် ၂၀၀၀- ၃၀၀၀ လောက်ရပါတယ်။ နေ့စားတယောက်ဟာ တနေ့ကို ယူအက်စ် ၃ဒေါ်လာလောက်ရပါတယ်။ တလ ၁၀၀လောက်ပေါ့။ အနိမ့်စား တရုတ်လုပ် (မပြောလဲသိမှာပေါ့) မော်တော်ဆိုင်ကယ်တစီးဟာ ယူအက်စ် ၄၀၀လောက်ရှိပါတယ်။ နေ့စားတယောက်ဟာ မစားမသောက် ၄လလောက် စုလိုက်ရင် တရုတ်လုပ်မော်တော်ဆိုင်ကယ်တစီးနဲ့ ဖွတ်ဖွတ် ဖွတ်ဖွတ်လုပ်နေလို့ရပြီပေါ့။ ခေတ်မှီဖွံ့ဖြိုးတိုးတက်လှတဲ့နိုင်ငံမှာတော့ ဘယ်နှစ်နှစ်လောက် စုဖို့လိုမလဲမသိဘူး။ အေးလေ.... ၀ယ်နိုင်ရင်တောင် စီးလို့မှမရတာ။
ဓာတ်ဆီ၊ ဒီဇယ်ဈေးကတော့ တလီတာကို စလုံးငွေ ၁.၆ ဒေါ်လာ ပတ်ဝန်းကျင်ရှိပါတယ်။ သိတ်မသေးလှပါဘူး။ အစိုးရက subsidy ပေးထားတယ်ဆိုပြီး ဒီဈေးနဲ့ရောင်းနေသေးတယ်ဆိုတော့ တခုခုမှားနေသလိုပါပဲ။ ။ ဓာတ်ဆီဆိုင်တွေကို နေရာအနှံမှာတွေ့ရပါတယ်။ စည်းမရှိ၊ ကမ်းမရှိ ရပ်ချင်တိုင်းရပ်၊ ထည့်ချင်တိုင်းထည့်နေတာပါပဲ။ ဓာတ်ဆီစာအုပ်ထပ်တာတွေ ဘာတွေလဲ မတွေ့ပါဘူး။ ဆီစာအုပ်လေးထပ်ပြီး တန်းစီစောင့်ဆိုင်းကြမယ်ဆိုရင် စနစ်တကျရှိတာပေါ့။ ညအိပ်စောင့်ရခါမှ စောင့်ရရော။ စည်းကမ်းရှိဖို့ အဓိက မဟုတ်လား။
TSN လေဆိပ်က မြို့လည်ခေါင်နဲ့ ၆ ကီလိုမီတာလောက်ပဲဝေးပါတယ်။ နောက်အသစ်ဆောက်နေတဲ့ LT လေဆိပ်က ကီလိုမီတာ ၄၀လောက်အဝေးမှာပါ။ လေဆိပ်ကနေထွက်၊ မြို့ထဲရောက်တာနဲ့ ပြူးသွားတာကတော့ မျက်လုံးပါ။ လေဆိပ်မှာကထဲက သတိထားမိပါတယ်။ ဒါပေမဲ့ elite တွေလောက်ပဲ စီးနိုင်မယ်လို့ ထင်ထားခဲ့တာပါ။ မြို့ထဲလမ်းမပေါ်ရောက်တော့မှာ ကားစီးနိုင်တဲ့သူတိုင်းလိုလို မော်ဒယ်အမြင့်ကားတွေချည်းပဲစီးကြတယ် ဆိုတာ သေချာသွားတာပါ။ အိမ်စီးကားတွေ မှန်သမျှ မော်ဒယ်နိမ့်ကားဆိုတာ လုံးဝမရှိပါဘူး။ သမိုင်းဝင်ခေတ်ဆွေးကားတွေကို သိန်းရာချီပေးစီးနေရတဲ့သူတွေအတွက်လဲ ၀မ်းနည်းရပါတယ်။ ဓာတ်ပုံတော့မရိုက်ဖြစ်လိုက်ပါဘူး။ တစီးတလေပဲရိုက်လို့ရမှာဖြစ်သလို၊ အားလုံးကို ပေါ်အောင်ရိုက်ဖို့မဖြစ်နိုင်လို့ပါ။ လူကိုယ်တိုင်လဲ တောသားမြို့ရောက်၊ ခုမှ ကားဆိုတာ ဘီးလေးဘီးနဲ့ပါလားလို့ သိရတဲ့သူလို့ မျက်စိမူးအောင် လိုက်ကြည့်နေလို့ပါ။ တိုးဂိုက်အဆိုအရ နိုင်ငံခြားကားကုမ္ပဏီကြီးတွေက ဗီယက်နမ်မှာ ဖက်စပ်စနစ်နဲ့ စက်ရုံလာဆောက်ပြီး ထုတ်ကြလို့ ကားဈေးလဲ မပေါပေမဲ့ ဈေးမကြီးပါဘူးတဲ့။ ပြည်တွင်းဖြစ်တွေလို့ ဆိုရမှာပေါ့။ အော်.... လူစီးကားဆိုတာ လူစီးဖို့ပါလား။
ဖတ်ချင်ရင် ဆက်ပါအုန်းမယ်။
You received this email because you are subscribed to the real_time feed for http://luthit.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.