Sunday, November 2, 2008

[HAN LIN HTUN] 1 New Entry: စိတ်တွေ ဟိုရောက် ဒီရောက်

စိတ်တွေ ဟိုရောက် ဒီရောက်

အခုရက်ပိုင်း စာလည်းမရေးဖြစ်ဘူး။ စာလည်းမဖတ်ဖြစ်ဘူး။ အိမ်မက်တွေလည်း ခဏခဏ မက်နေတယ်။ ဟိုအရင် ပတ်ဝန်းကျင်ဆိုးမှာ နေခဲ့တုန်းက အကြောင်းတွေ ပြန်မက်နေတယ်။ အဲ့ဒီအချိန်တုန်းက အကြောင်းတွေကို အခု ပြန်မက်ပြန်တော့လည်း အသစ်တွေ ပြန်ဖြစ်လာတယ်။ စိတ်ထဲမှာလည်း နာကျင်သလို ဖြစ်မိပြန်တယ်။ အဲ့ဒီအချိန်တုန်းက ကျနော့်တို့အိမ်ကို ကြမ္မာငင်နေတဲ့ အချိန်ပေါ့။ 

အဖေက ၀န်ထမ်းဆိုတော့ တာဝန်ကျရာ ပြောင်းနေရတယ်။ အဖေ နေရာသစ် ပြောင်းပြီးလို့ သိပ်မကြာဘူး ၊ အကိုက တောခိုသွားတယ်။ အကိုတောခိုသွားတော့ ၀န်ထမ်းဖြစ်တဲ့ အဖေကို တချိန်လုံး နှိပ်ကွက်တာပေါ့။ အဲ့ဒီတုန်းက ကျနော်က ငယ်သေးတော့ အဖေ့ကို စာနာ နားလည်ရကောင်းမှန်း မသိခဲ့ဘူး။  ကိုယ်ကလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်ဆိုတော့ ဘယ်သူ့ကိုမှ မကြည့်နိုင်ဘူး။

အိမ်မှာ သူငယ်ချင်း ဧည့်သည်တွေလာလို့ ဆူဆူလုပ်ရင် လုံခြုံရေးတွေက ကျနော်တို့အိမ်ကို ဟိုကချောင်း ဒီကချောင်းနဲ့။သိပ်ကို ခံရခက်တယ်။ ကျောင်းသွားတော့လည်း အတန်းပိုင်က စစ်တပ်က ဗိုလ်မှူးမိန်းမ တစ်ယောက်ပါ။ ကျောင်းသားတွေကို ခွဲခွဲခြားခြား အရမ်း  ဆက်ဆံတယ်။

ပတ်ဝန်းကျင်ဆိုတာ ကျနော့်ကို သူတို့ ကြည့်တဲ့ မျက်လုံးတွေကို အခုအထိ မှတ်မိနေသေးတယ်။ အဲ့ဒီအချိန်တုန်းက သူတို့ကို ကျနော်အရမ်းမုန်းမိတယ်။ စိတ်ထဲမှာလည်း သူတို့ကို တုန့်ပြန်တာ ရစရာကို မရှိတော့ဘူး။ တချိန်ကျရင် ဆိုတဲ့ အတွေးကိုတွေးပြီး မျိုသိပ်လာခဲ့တာ အခုဆိုရင် ၁၃ နှစ်လောက်တောင် ရှိပြီ။ အခုအချိန်မှာတော့ သူတို့ကို ဘာမှ မလုပ်ချင် တော့ပါဘူး။ သဘောထားကြီးလို့တော့ မဟုတ်ပါဘူး။ သူတို့ရဲ့အခြေအနေ အနေအထားကို နားလည်ခံစားမိလို့ပါ။ 

ကျနော့်မှာ အရမ်းတွဲဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူနဲ့က ဘယ်သွားသွား အတူတူပါ။ အခု အိမ်မက် မက်တော့ အိမ်မက်ထဲမှာ သူလည်း ပါတယ်။ ကျနော့်ကို လာကယ်တဲ့နေရာမှာ  ပါတော့ သူ့ကို ပိုသတိရမိတယ်။ သူငယ်ချင်းဆိုတာ ဒါမျိုးထင်ပါတယ်။ 

အခုရက်ပိုင်း အင်တာနက်လည်း ကောင်းကောင်းမသုံးဖြစ်ပါဘူး။ ပိုစ့်အသစ်တွေကိုတော့ လိုက်ဖတ်ဖြစ်ပါတယ်။ ကွန်မန့်ပေးဖို့ စိတ်မကြည်ဘူး ဖြစ်နေတယ်။  သူများတွေလိုတော့ စာရေးမကောင်းတော့ ကျနော့် ဘလော့ဂ်ကို မှတ်စု သဘောမျိုး အတွက် ရည်ရွယ် ထားတာပါ။ 

တခါတလေ ကျနော့်ကို ခင်တဲ့သူတွေက ကွန်မန့်တွေ ပေးသွားရင် သူတို့ကို အားနာမိတယ်။ ကိုယ့်ရဲ့ အရေး အသားတွေကလည်း ကွန်မန့်ပေးနိုင်လောက်အောက် မကောင်းပါဘူး။ ကျနော့်ကို ပျော်စေချင်တာကြောင့် ကွန်မန့်လေးတွေ ချီးမြှင့်သွားကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.