Sunday, November 2, 2008

[HAN LIN HTUN] 1 New Entry: အပြစ်ကင်းသူများ

အပြစ်ကင်းသူများ

ကျနော် မနက် မနက် ကျောင်းသွားရင် သူတို့ အုပ်စုနဲ့ ကားဂိတ်မှာ အတူတူ စောင့်ရတာပါ။ သူတို့ကိုကြည့်ရတာ အရမ်းသနားဖို့ကောင်းတယ်။ အထူးသဖြင့် သူတို့ရဲ့မိဘတွေကို အရမ်းသနားမိတယ်။

ကိုယ်မွေးလာတဲ့ ကလေးက မသန်မစွမ်း ၊ စိတ်မနှံ့သူလေး အဖြစ် တွေ့ရှိရတဲ့အခါ ဘယ်လောက်ကြေကွဲလိုက်မလဲ။ အဲ့ဒီလို အဖြစ်က သူ့တစ်ယောက်ထဲ ထိခိုက်နစ်နာတာ မဟုတ်ပါဘူး။ မိသားစုဝင် အားလုံးကိုပါ ထိခိုက်နစ်နာစေပါတယ်။

ကျနော့်မှာလည်း ပိုလီယိုရောဂါသည် ညီအကိုဝမ်းကွဲ တစ်ယောက်ရှိပါတယ်။ သူ့ကို ငယ်ငယ်တုန်းက တွေ့ဖူးတာပါ။ ငယ်ငယ်တုန်းကဆို သူ့မှာ အပေါင်းအသင်းကလည်းမရှိဘူး။ အိမ်ကို ဧည့်သည်များ လာတဲ့အခါ သူ့မှာ ပျော်ရတာ သရည်တွေဆို ရွှဲလို့ပါ။ သူ့မှာ အပေါင်းဆိုလို့ သူ့ညီ အငယ်ကောင်လေး တစ်ယောက် နှင့် သူ့မိဘတွေလောက်ပဲရှိတာပါ။

ကျနော်တို့သွားတဲ့အခါ ကျနော်တို့ဆီလာပြီး စကားတွေပြောလိုက်တာ အရမ်းပါပဲ။ သူ့စကားကို နားမလည်ပေမယ့် သူစိတ်ချမ်းသာအောင်နေရတာပေါ့။ အခုတော့ သူ့ကိုလည်း မတွေ့တာ တော်တော်လေး ကြာနေပါပြီ။

ကျနော်မနက်တိုင်းကားစောင့်ရင် သူတို့နဲ့ ခပ်လှမ်းလှမ်းကနေ နေလေ့ရှိတယ်။ အမှန်တိုင်း ၀န်ခံရရင် သူတို့ကို ကြောက်လို့ပါ။ တစ်ခုခုများကိုယ့်ကို လုပ်မလားဆိုတဲ့ တွေးမိတာကြောင့် ခပ်ဝေးဝေးကနေ နေမိတာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ (ဗမာပြည်မှာဆို သိုက်ကလာသူလို့) သူတို့လိုမျိုးလူတွေရဲ့ မျက်နှာတွေက ခပ်ဆင်ဆင်ရယ်ပါ။

သူတို့ကို ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ ဘာတွေပြောမှန်းမသိပါဘူး။ သူတို့ဟာသူတို့တော့ တော်တော်လေးကို ဟုတ်နေတယ်။ အရင်တုန်းကဆို ကျနော်ကားစောင့်ရင် စာအုပ်လေးဖတ်ပြီး စောင့်လေ့ရှိတယ်။ အခုနောက်ပိုင်းမှာတော့ သူတို့ကို စောင့်ကြည့်မိပါတယ်။ အပြစ်ကင်းစင်ပြီး ခင်ဖို့ကောင်းပါတယ်။ တခါတခါ သူလည်း ပြောချင်ရာပြော ကိုယ်လည်း ပြောချင်ရာပြောပါ။

ကျနော် သတိထားမိတဲ့ကောင်းလေး တစ်ယောက်ရှိပါတယ်။ သူ့ကို စစတွေ့တုန်းက လိုင်းကားပေါ်မှာပါ။ နားကြပ်လေးကိုတပ် ရပ်စာသားတွေကိုရွတ်ပြီး လက်ကို ရှေ့ကို တိုးလိုက် အနောက်ကို တိုးလိုက်နဲ့ သူ့ပုံကိုကြည့်ရတာ တော်တော်လေးကို ချစ်ဖို့ကောင်းတယ်။ လူက ပုပု ဖြူဖြူလေးပါ။ ကျနော့် ကောင်မလေးနှင့်အပြင်ကိုထွက်တဲ့အခါ သူ့ကိုတွေရင် ဟေ့ ဟေ့ ယူ့ချစ်ချစ်လေးလာပြီလို့ ကျနော့်ကောင်မလေးကို အမြဲစတယ်။

သူတို့က အုပ်စုတော့တယ်ဗျ။လိုင်းကားတစ်စီးလုံး သူတို့တွေပဲ။ သူတို့ရဲ့ အသက်မွေးဝမ်းမှုကျောင်းကို သွားရတယ် ထင်ပါတယ်။ သူတို့ကို စာသင်တဲ့ ဆရာမတွေ ဘယ်လိုများသင်ကြလဲမသိဘူး။ တခါတလေ သူ့တို့ကျောင်းကို လိုက်ကြည့်ချင်စိတ်ပေါက်မိတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်က အရမ်းအေးလို့ ကားစောင့်ရင်း နေပူစာလှုံနေတုန်း ကျနော့်ကို  သူတို့ထဲက ခပ်ငယ်ငယ်ကောင်းလေး နှစ်ယောက် ကျနော့်ကို စကားလာပြောပါတယ်။

" ဟေ့ နေကောင်းလား?
" ကောင်းပါတယ်"
မင်း ငါတို့နဲ့ ဘောလုံးကန်မလားလို့မေးပါတယ်။ မင်းတို့မှာ ဘောလုံးရှိလားလို့ ပြန်မေးတော့ ကျနော့်ကို အရင် နူတ်ဆက်တဲ့ ကောင်က ဒီမှာလေ ဘောလုံးကဆိုပြီး သူ့ပေါင်ကြားထဲကို လက်ညိုးထိုးပြတယ်။ သူပြပြချင်းမှာ နဲနဲကြောင်သွားတယ်။ တော်ပါပြီ မင်းဘောလုံးက သေးသေးလေးလို့ ပြန်ပြောတော့ သူကလည်း ခေသူမဟုတ်ဘူး။ ကိစ္စမရှိဘူး ဟိုကောင့်မှာ အကြီးရှိတယ်ဆိုပြီး သူနဲ့ပါလာတဲ့ တစ်ယောက်ကို လက်ညိုးထိုးပြတယ်။

ကျနော့်ကိုလည်း မေးလိုက်တာ အစုံပါပဲ။ ကျနော့်ကို ဘယ်နိုင်ငံကလဲလို့မေးတော့ မြန်မာနိုင်ငံလို့ ဖြေတော့ မြန်မာနိုင်ငံဆိုတာ ဘယ်လိုမျိုးလဲ ထပ်မေးပါတယ်။ ကျနော်လည်း လေထဲမှာ မြန်မာပြည် မြေပုံလေး ဆွဲပြလိုက်တော့ ဆရာသမားက မင်းနိုင်ငံက လှသားပဲတဲ့။ အဲ့ဒီကောင်က တော်တော်မနိုင်တဲ့ ကောင်ဗျ။ တအောက်လောက်နေတော့ သူတို့ကားလာတော့ ကျနော့်ကို နူတ်ဆက်ပြီး နှစ်ယောက်သား ကားဆီကို ပြေးသွားတယ်။

ကျနော်လည်း သူတို့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ကောင်းကောင်းမွန်မွန် မွေးဖွားပေးတဲ့ မိဘနှစ်ပါးစလုံးကို ကျေးဇူးတင်မိတယ်။ တချို့များဆို မိဘတွေကြောင့် ဒီလို ဘ၀မျိုးတွေ ရသွားရှာတာပါ။

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.