Sunday, November 2, 2008

[Padauk Myay] 1 New Entry: လူမှုဂရုဏာအကူအညီ လိုချင်ရင်

လူမှုဂရုဏာအကူအညီ လိုချင်ရင်

ကိုဂျူး

ပိတောက်မြေမှာ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာက လူမှုဂရုဏာအကူအညီတွေ များများပေးပြီး နအဖ အစိုးရကို တတ်နိုင်သလောက် ချင်းကပ်လက်တွဲလုပ်ကိုင်ကြဘို့ တိုက်တွန်းထားတဲ့ ဆောင်းပါးနှစ်စောင် ဆက်တိုက်ဆိုသလို ဖေါ်ပြလာပါတယ်။ မြန်မာလူမျိုးတွေအတွက် အကူအညီအထောက်အပံ့တွေ တောင်းဘို့ လုပ်တာ ကောင်းတဲ့အလုပ်ပါဘဲ။ ပိတောက်မြေရဲ့ စေတနာကိုလဲ လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တောင်းနည်းလွဲနေသလား၊ တက် "က" တဲ့ဇတ်စင်မှားနေသလားလို့ ထင်မိတယ်။

နားလည်ပါတယ်။ နအဖကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမလုပ်ရကောင်းလား အပြစ်ဆိုမနေဘဲ တိုင်းသူ ပြည်သားတွေအတွက် လူမှုဂရုဏာအကူအညီတွေပေးရင်းက နအဖနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင် ကြရမယ်၊ တကမ္ဘာလုံးက နအဖအပေါ် ကောင်းပြကပါ အကောင်းမြင်ကြပါ၊ စိတ်ရှည်ရှည်ထားပြီး ချင်းကပ်ကြပါ၊ နည်းလမ်းရှာ လက်တွဲကြပါ၊ နအဖကို မိတ်ဝတ်မပျက်ကြပါနဲ့လို့ ဆိုလိုဟန်ရှိပါတယ်။ သင် ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ်ကောင်းမည်ဆိုတဲ့ မူနဲ့နအဖကို ဆက်ဆံကြဘို့ တိုက်တွန်းကြတာ မကြာခဏ ပုံစံမျိုးစုံနဲ့ ကြားဘူးပါတယ်။

နအဖကို ကလေးကြီးတစ်ယောက်လိုဆက်ဆံကြပါ၊ ဘာမှဝေဖန်မနေနဲ့၊ လက်တွဲလုပ်ရင်း သူတနေ့ အတွေ့အကြုံတွေ ရလာလိမ့်မယ်။ စာတတ်လာလိမ့်မယ်၊ ဒီအခါကြတော့ ကောင်းလာမှာပေါ့လို့ မပြောရုံ တမယ်ပါဘဲ။ နအဖက ကလေးလုပ်လိုက် လူကြီးလုပ်လိုက် လိုသလိုလုပ်နိုင်တဲ့နည်းပါ။ နအဖ နေရာက ၀င်စဉ်းစားရရင်တော့ ဒီနည်းဟာအင်မတန် ကောင်းလို့ နအဖက မကြာခဏမက်တဲ့ အိပ်မက်ပါ။ ဒါပေမဲ့ အလှုရှင်နိုင်ငံတွေနေရာကလဲ ၀င်စဉ်းစားကြဖို့လိုတယ်ဆိုတာ ကျွန်တော်တို့ မေ့ထားလို့ ရမယ်မထင်ဘူး။ လှုချင်တန်းချင်အောင် ကိုယ့်ဘက်ကအပြုသဘောဆောင်၊ ကိုယ့်ကိုလူကြည်ညိုအောင် နေတတ်ထိုင်တတ်ဖို့လဲ အရေးကြီးပါတယ်၊

အလှုရှင်တွေဘက်က စဉ်းစားကြည့်တော့ မြန်မာနအဖ လူ့အခွင့်အရေးတွေ မလေးစားမလိုက်နာလို့၊ ပြုပြင် ပြောင်းလဲရေးတွေမလုပ်လို့ မြန်မာပြည်ချွတ်ချုံကျနေတာ သူတို့ အပူတပြားမှမပါ၊ အနေသာကြီးပါ။ မြန်မာ လူမျိုးတွေ အတိဒုက္ခရောက်နေတာ မကြည့်ရက်နိုင် လွန်းလို့ သူတို့ချွေးနဲစာထဲကပိုက်ဆံနဲ့ လာကူညီကြ လှုတန်းကြတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ သူတို့အတွက် ဘာမှအရေးပါတဲ့ နိုင်ငံလဲမဟုတ်ပါဘူး၊ အလှုရှင်တွေကလဲ ပိုက်ဆံပေါလို့ လာလှုနေတဲ့ လူပေါတွေ မဟုတ်ပါဘူး၊ ဘုန်းတံခိုးတော်ကြောင့် လာရောက် ဆက်သတဲ့ လက်ဆောင် ပဏာတွေလို့လဲ မထင်ပါနဲ့။ နာမည်ကိုက လူမှုဂရုဏာအကူအညီ (Humanitarian Aid)ပါ။ ဂရုနာထား သနားလို့ ပေးတာ၊ အလှုရှင်တွေဟာ ပေးချင်လို့အခွင့်အရေး ချောင်း နေရတဲ့ သူတွေလဲ မဟုတ်ပါဘူး၊ သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို မြန်မာဘက်ကလိုက်နာမှ မြန်မာတွေ အကူအညီရမှာပါ။ မလိုက်နာရင်မရပါဘူး၊ သူတို့ပိုက်ဆံပါ။ "အကူအညီ မပေးချင်နေကွ သူတို့စည်းကမ်း နှောင်ကြိုးတွေကို လက်မခံနိုင်ဘူ၊ လူတွေငတ်ချင်ငတ်သွားပါစေ၊ ဘာရမလဲ မြန်မာကွ" ဆိုပြီး မာန်တွေ တက်နေလဲ အလှုရှင်က "ဟုတ်ကဲ့ကျေးဇူးဘဲ၊ ပြန်လိုက်ဦးမယ်နော်" ဆိုပြီး မြန်မာကိုမပေးဘဲနေရင် မြန်မာ မရယုံဘဲရှိမှာပေါ့။ နောင်လဲလာမှာ မဟုတ်ဘူး၊ လိုချင်တဲ့နိုင်ငံတွေ တန်းစီနေတာကိုး။ တကမ္ဘာလုံးကို ဒီလိုပေး လာတာ သူများတွေ ဒီနည်းနဲ့ဘဲ အဆင်ပြေနေတာဘဲ။

ဟုတ်ပါတယ်၊ ၁၉၉၀ရွေးကောက်ပွဲအပြီး အနိုင်ရသွားတဲ့ ဒီမိုကရေစီလိုလားသူ အတိုက်အခံပါတီကို အာဏာမလွှဲကထဲက နိုင်ငံတကာမှာ နာမည်ပျက်အမဲစက်ထင်သွားတဲ့ နအဖအစိုးရကို အနောက်နိုင်ငံတွေက အကူအညီမပေးကြပါဘူး။ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြပါဘူး၊ ရှောင်ကြပါတယ်။ အမေရိကန်ကို သွားဆဲမိလို့ စီးပွားရေးပိတ်ဆို့မှုလဲ ခံနေရပါတယ်။ မြန်မာအစိုးရကလဲ ပြင်ဘို့စိတ်မကူးပါဘူး။ ယနေ့အထိ လူ့အခွင့်အရေးကို ဘေးချိတ်၊ ဒီမိုကရေစီလိုလားသူ ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ မယ်သီလရင်ပါမကျန် ရက်ရက်စက်စက် ချေမှုန်းနှိပ်ကွပ်နေတုံးပါ။ စီးပွားရေးလဲ နားမလည် စိတ်လဲမ၀င်စားပါဘူး။ ဒီလိုအစိုးရလက်အောက်မှာ မြန်မာလူမျိုးတွေ အတိဒုက္ခရောက် ဆင်းရဲငတ်ပြတ် ကုန်ကြရတာ မဆန်းပါဘူး။ မိန်းကလေးတွေ ကိုယ့်ကိုကိုယ် တခြားတိုင်းပြည် သွားရောင်းစား ကြရပါတယ်။ ယောက်ျားလေးတွေ တခြားတိုင်းပြည်သွား အောက်ကျ နောက်ကျ အလုပ်ကြမ်းလုပ်ကြရပါတယ်။ မျိုးချစ်စိတ်ရှိတဲ့ နအဖစစ်ဗိုလ်ကြီးတွေနဲ့ သူတို့သားသမီးတွေသာ တိုင်းပြည်မှာ ချမ်းသာပြီးရင်း ချမ်းသာလာကြပါတယ်။ ဘယ်သူကမှ အစိုးရကို ပြင်ဘို့ကျိုးစားလို့မရပါဘူး။ ပြည်ပအားကိုးပုဆိန်ရိုး နယ်ချဲ့လက်ကိုင်တုပ်နာမည်တပ်ပြီး ဒီမိုကရေစီခေါင်းဆောင်ကိုပါ နှိပ်ကွပ်ထားပါ တယ်။ မြန်မာတွေကို ဘယ်သူမှ မကယ်နိုင်ပါဘူး။

ဘာဘဲဖြစ်ဖြစ် ဒီလောက်ဒုက္ခရောက်နေတဲ့ မြန်မာလူမျိုးတွေကို လူမှုရေး အကူအညီလေးတွေလောက်တော့ ပေးသင့်ပါတယ်။ အစိုးရကို မနှစ်သက်လို့ ဖွံ့ဖြိုးရေးအကူအညီမပြောနဲ့ လူမှုဂရုဏာ အကူအညီတောင် ပေးချင်သူ မရှိဘူးဆိုရင် အပြစ်မဲ့တဲ့ မြန်မာတွေအတွက် ပိုနစ်နာပါတယ်။ အစိုးရကြောင့် အကူအညီမရဘူး ဆိုတာ မဖြစ်သင့်ပါဘူး၊ ရိုးသားပြီး ချစ်စရာ သနားစရာကောင်းလှတဲ့ မြန်မာလူမျိုးတွေ ပိုဆင်းရဲရတဲ့အတွက် မတရားပါဘူးဆိုတာ နိုင်ငံခြားမှာ မကြာခဏ ပြောသံ ငြီးသံ ကြားနေရပါတယ်၊ သူတို့သဘောထားစေတနာကို နားလည် ပါတယ်။ ကြားကပြောတာမို့ နားထောင်လို့ကောင်းပါတယ်၊

ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ မြန်မာအစိုးရက ပြင်သင့်တာမပြင်ဘဲ "မင်းတို့အကူအညီတွေမရလဲ ဒို့အစိုးရက အေးဆေးဘဲ၊ အနေအစား မပျက်ပေါင်၊ မြန်မာပြည်သူတွေသာ ပိုနစ်နာ ထိခိုက်တာကွ၊ မင်းတို့မြန်မာ လူမျိုးတွေကို မသနားဘူးလား၊ အေး-သနားရင် အကူအညီတွေ များများပေး၊ ဒို့လက်ထဲထည့်၊ ငါတို့ကို စိတ်ရှည်ရှည်ထားပြီး ချင်းကပ်ကြ" လို့ လုပ်နေရင်တော့ မြန်မာတွေပါရောပြီး အပြည်ပြည်က မေတ္တာပိုတုံးလို့ ပိုဆိုးကုန်ပါလိမ့်မယ်ခင်ဗျာ။ တချို့က ဒါမျိုးကို "ကိုယ်လူမျိုးတွေကိုလှောင်အိမ်ထဲဖမ်းနှိပ်စက်ပြပြီး နိုင်ငံတကာ မှာ လူမှုဂရုဏာ အကူအညီတောင်းလို့ကောင်းအောင် ဒါးစာခံပြန်လုပ်ထားတာ" ဆိုပြီး ပိုလို့တောင်ရွံသေး။ အားမပေးဘူး။ သဘောမတူဘူး ပေါ့။ ပိုက်ဆံပိုရအောင် ခဏခဏ နှိပ်စက်ပြနေဦးမှာကိုး။

နောက်ပြီး အလှုရှင်နိုင်ငံတွေမှာလဲ သူတို့ အကူအညီပေးတဲ့ မူတွေ စည်းမျဉ်းတွေရှိမှာပါ၊ သူတို့ လွှတ်တော် တွေက သတ်မှတ်ထားလေ့ ရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ကူညီမယ်၊ ဘယ်လိုသဘာဝ ဘေးအန္ဒရယ် တွေ ကျရောက်လာရင် ကူညီမယ်၊ ဘယ်လောက် ကူညီမယ်၊ဘယ်နည်းနဲ့ ကူညီမယ်၊ ဘယ်လိုအသုံးပြုရမယ် စသည်ဖြင့် သတ်မှတ်ကြမှာပါ။ ကျွန်တော်တို့ လိုချင်တာတွေချည်းဘဲ လျှောက်ပြောနေရင် အလုပ်ဖြစ်နိုင် ပါ့မလား၊ ကမ္ဘာ့အလယ်မှာ လူရီစရာကြီးများဖြစ်နေမလား၊ သူတို့မှာဘယ်လို အကူအညီပေးတဲ့ စည်းမျဉ်း စည်းကမ်းတွေရှိတယ် ဆိုတာကော ကျွန်တော်တို့ သိပြီးပြီလား၊ သိဘို့မလိုဘူးလား၊ သူတို့ အစိုးရတွေက သူ့သဘောနဲ့သူ ပိုက်ဆံထုတ်ပေးလို့ မရလောက်ဘူးနဲ့တူပါတယ်။ စည်းမျဉ်းစည်းကမ်းတွေရှိမှာဘဲ၊ အနဲဆုံး တော့ လွှတ်တော်က သဘောတူရမယ်။

အခုလို ပိတောက်မြေက OECDရဲ့နိုင်ငံတကာလူမှုဂရုဏာအကူအညီများ၊ ဖွံ့ဖြိုးရေးအကူအညီများပေးရာမှာ အကူအညီပေးသူတွေ လိုက်နာရမဲ့ စည်းကမ်းတွေ၊ လိုက်နာသင့်တဲ့အခြေခံမူတွေကို ဝေမျှပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ OECD အပြင် ကမ္ဘာ့ဘဏ်၊ IMF၊ ADB၊ EU နဲ့ အမေရိကန် ဖောင်ဒေးရှင်းတွေ အခြားအကူအညီပေးတဲ့ အဖွဲ့အစည်းတွေမှာလဲ ဒါမျိုး စည်းမျဉ်းတွေ ရှိမှာဘဲ၊ OECD အခြေခံမူ ၈ ချက် မူရင်းတော့ မဖတ်ဘူးပါ ဒါပေမဲ့ စာစီအမှားလားတော့မသိ ၄၊ ၅ နဲ့ ၈ တွေဟာ တချက်နဲ့တချက် မသိမသာ ပဠိပက္ခဖြစ်နေတာ သတိထားမိပါတယ်။ ဟုတ်ရဲ့လား။

နိုင်ငံတကာက လူမှုဂရုဏာအကူအညီတွေ၊ ဖွံ့ဖြိုးရေးအကူအညီတွေ ကျွန်တော်တို့ကလိုချင်သူဆိုတော့ အကူအညီယူတဲ့သူတွေ လိုချင်သူတွေ လိုက်နာသင့်တဲ့အခြေခံမူများ၊ စည်းမျဉ်းစည်းကမ်းများလဲ သိအောင် ရှာဖတ်ပြီး လိုက်နာဘို့လဲလိုလိမ့်မယ်။ ဝေမျှလိုက်ကြ ပါဦး။ ကျွန်တော်တို့အတွက် အဲဒါကမှ လက်တွေ့ပိုကျမယ် ထင်တယ်။

စေတနာဖြင့်၊

ကိုဂျူး

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.