Sunday, November 2, 2008

[Nine Nine SaNay] 1 New Entry: မင်းသားရဲ့ မွေးနေ့လက်ဆောင်

မင်းသားရဲ့ မွေးနေ့လက်ဆောင်


အင်္ဂလန် ချားလ်စ်မင်းသားရဲ့ အနှစ် ၆ဝပြည့် မွေးနေ့ရောက်ဖို့ ရက်ပိုင်းသာ လိုပါတော့တယ်။ မင်းသားအတွက် မွေးနေ့လက်ဆောင်ကို ကြင်ယာတော် Camilla က အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာ မင်းသားအတွက် အဓိပ္ပါယ်ရှိမယ့် လက်ဆောင်အခု ၆ဝခုကို စုစည်းခဲ့တယ်။ အဲဒီလက်ဆောင်လေးတွေက မင်းသားဖြတ်ကျော်ခဲ့တဲ့ နှစ်တစ်နှစ်တိုင်းကို ကိုယ်စားပြု အမှတ်ရစေတဲ့ လက်ဆောင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းစာမှာ ဖော်ပြထားတာက အဲဒီလက်ဆောင်တွေမှာ ဘွတ်ဖိနပ်၊ ငါးမြှားတံ၊ BBC က The Goon Show စီးရီး၊ မင်းသား အထူးကြိုက်တဲ့ နှင်းဆီပန်း ၂စည်း၊ စာအုပ်အဖြစ် စုစည်းထားတဲ့ ရီးစားစာ (ချားလ်စ်မင်းသားက Camilla ကို ပေးခဲ့ဖူးတဲ့စာ)၊ မင်းသား ဝီလီယံနဲ့ ဟာရီတို့ရဲ့ ငယ်စဉ်က ဓာတ်ပုံ၊ ချားလ်စ်မင်းသား ဖွားမြင်ကြောင်း ဖော်ပြထားတဲ့ Thames သတင်းစာ၊ ချားလ်စ်မင်းသား ဖွားမြင်တဲ့နှစ်က ထုတ်တဲ့ ဝီစကီ.... စတာတွေ ပါရှိပါတယ်။

ကြင်ယာတော် Camilla ဟာ မင်းသားအတွက် မွေးနေ့လက်ဆောင်ကို ကြိုးစားပမ်းစား စုစည်းခဲ့တာ ဖြစ်ပေမယ့် ဒိုင်ယာနာမင်းသမီးနဲ့ ပတ်သက်တဲ့ ပစ္စည်းတစ်ခုမှ မပါခဲ့ပါဘူး။

Camilla ရဲ့ လက်ဆောင်တွေဟာ မင်းသားဖြတ်ကျော်ခဲ့တဲ့ နှစ်တစ်နှစ်တိုင်းကို ကိုယ်စားပြုတယ်လို့ ဆိုထားပါတယ်။ ချားလ်စ်မင်းသားရဲ့ ဘဝထဲမှာ ဒိုင်ယာနာ ရှိခဲ့ဖူးတာ နှစ်တစ်နှစ်ထက် မကခဲ့ပါဘူး။

မင်းသားဖြတ်ကျော်ခဲ့တဲ့ ဘဝထဲ တစ်ခြားလူတစ်ယောက်က လာရောက်စွက်ဖက်တဲ့အခါ အရေးပါတာ၊ မပါတာတွေက အစဉ်တကျ ဖြစ်မနေတာကို တွေ့ရတယ်။ "အရေးပါတယ်" လို့ တစ်ခြားလူ ထင်ထားတဲ့အရာက ချားလ်စ်အတွက် အရေးပါချင်မှလည်း ပါပါလိမ့်မယ်။

ကျွန်မတို့လည်း တစ်ခါတလေမှာ ငါဟာ သူ့ရင်ထဲမှာ၊ သူ့ဘဝထဲမှာ အမှတ်တရတွေ ဘယ်လောက် ချန်ခဲ့ဖူးသလဲ? ဘယ်လောက် အရေးပါခဲ့သလဲ? လို့ တွေးမိပြီး အရေးပါတယ်လို့ ထင်ခဲ့ရင် ကိုယ့်ကိုယ်အားရ ကျေနပ်နေပြီး မပါဘူးလို့ ထင်ခဲ့ရင် သိမ်ငယ်သလို ခံစားမိတတ်တယ်။ လူတစ်ယောက်ရဲ့ ရင်ထဲ၊ ဘဝထဲမှာ အမှတ်တရတွေ နက်နက်ထင်ကျန်ဖို့က နှစ်ယောက်အတူ နေခဲ့တဲ့အချိန် အတိုအရှည်ပေါ်မှာ မှုတည်တယ်လို့ မပြောနိုင်သလို ဆံဖြူသွားကျိုးတဲ့အထိ ပေါင်းဖက်ခဲ့တယ်လို့လည်း မဆိုနိုင်ပါဘူး။

တခဏပဲ တွေ့ဆုံခဲ့တယ်ထားဦး၊ အချိန်တိုတိုလေးပဲ အတူနေခဲ့ရတယ်ထားဦး ဝေးကွာသွားကြတဲ့အခါ (ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောပြဖြစ်တဲ့) မေ့မရနိုင်တဲ့ အမှတ်တရတွေ၊ လူ၊ ပစ္စည်းတွေက ကျွန်မတို့ ရင်ဘတ်ထဲမှာ ခိုအောင်းနေတတ်ပါတယ်။ ဒီလူကို မေ့လိုက်ပါ၊ ဒီပစ္စည်းကို ဖျောက်လိုက်ပါလို့ ဘယ်သူကမှ ကိုယ့်အမှတ်တရတွေကို နေရာလာရွေ့လို့ ရမှာ မဟုတ်ပါဘူး။

Camilla သတ်မှတ်တဲ့ ချားလ်စ်မင်းသားရဲ့ ဘဝထဲမှာ ဒိုင်ယာနာမင်းသမီးက ထောင့်တစ်နေရာစာတောင် မရခဲ့ဘူး။ ချားလ်စ်ကိုယ်တိုင် သတ်မှတ်မယ့် ဘဝထဲမှာကော ဒိုင်ယာနာမင်းသမီးရဲ့ နေရာက ပိုကျယ်မလား? Camilla ကပဲ အပိုင်စီးထားမလား? ဒိုင်ယာနာမင်းသမီးသာ အသက်ရှင်ခဲ့ရင် သူ့ဘဝထဲမှာကော ချားလ်စ်မင်းသားရှိနေဦးမလား? ကာယာကံရှင်တွေ ကိုယ်တိုင်ပဲ နားလည်ကြမယ် ထင်ပါတယ်။

နိုင်းနိုင်းစနေ


An exhibition to celebrate the 60th Birthday of HRH The Prince of Wales at Windsor Castle, 16th May 2008 to 22nd February 2009.

အပြည့်အစုံကို ဒီမှာဖတ်ပါ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.