Sunday, November 2, 2008

[My Native Town] 2 New Entries: လမ်းနှစ်သွယ်

လမ်းနှစ်သွယ်

မုံရွာမြို့ကနေ ယင်းမာပင်မြို့ကို သွားရောက်ဖို့ လမ်းနှစ်လမ်းကို အသုံးပြုနိုင်ပါတယ်။


(၁) ပထမလမ်းကတော့ ချင်းတွင်းမြစ်ကို ဇက်ကူးတို့ နဲ့ ဖြတ်ပြီး သွားတဲ့လမ်းပါ။ ကားကြီး၊ ကားငယ်တွေ အတွက် ကူးပေးနေတဲ့ဇက်တွေ ရှိသလို လူတွေနဲ့ စက်ဘီး၊ဆိုင်ကယ် တွေအတွက် အသွားအပြန် ကူးပေးနေတဲ့ စက်လှေတွေလည်း ရှိပါတယ်။ မုံရွာမြို့ကနေ ဇက်ကူးတို့နဲ့ ချင်းတွင်းမြစ်ကို ဖြတ်ကူးလိုက်ရင် ညောင်ပင်ကြီး ဆိပ်ကမ်းကို ရောက်ရှိသွားပါမယ်၊ အဲဒီမှာ ဈေးတန်း တစ်ခုနဲ့ အတူ ကားဂိတ်တစ်ခု ရှိနေပါလိမ့်မယ်။ "ဘယ်သွားမှာလဲ၊ ညာသွားမှာလဲ" ဆိုပြီး ကားသမားတွေက ဝိုင်းမေးပါလိမ့်မယ်၊ ယင်းမာပင် သွားချင်တယ်လို့သာ ပြောလိုက်ပါ ။ အဆင်ပြေမယ့် ကားတစ်စီးဆီ ခေါ်သွားပါလိမ့်မယ်။

(၂) ဒုတိယလမ်းကတော့ ယခုနောက်ပိုင်းမှ ဖွင့်လှစ်ခဲ့သော ကလေးဝ-ယာကြီး-မင်းဒေါင့်-မုံရွာ ကားလမ်းဖြင့် ချင်းတွင်းတံတား(မုံရွာ) ကို အသုံးပြုပြီး သွားတဲ့ လမ်းဖြစ်ပါတယ်။ ချင်းတွင်းတံတားကို မြန်မာအင်ဂျင်နီယာ များကိုယ်တိုင် ဒီဇိုင်းဆွဲပြီး တည်ဆောက်ခဲ့တာ ဖြစ်ပြီး တံတားတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ (၅.၈၀၆) မီလီယန် [ မြန်မာကျပ်ငွေ (၄၂၉၂.၄) မီလီယန် ] ကုန်ကျခဲ့ပါတယ်။ တံတားကနေပြီး မုံရွာ- ယာကြီး- ကလေးဝ (၁၁၅မိုင်) ကားလမ်းကိုပါ ဆက်လက်ဖောက်လုပ်ခဲ့ပါတယ်။ ပင်မတံတားရဲ့အရှည်ဟာ (၂၇၄၅)ပေ ရှိပြီး ချည်းကပ်တံတား အရှည်ဟာ (၁၉၈၄) ပေ ရှိသည့်အတွက် တံတားရဲ့ စုစုပေါင်း အရှည် ကတော့ (၄၇၃၀.၂)ပေ ရှည်ပါတယ်။ တံတားရဲ့ အကျယ်ကတော့ (၂၈)ပေ ရှိပါတယ်။ ရေလွတ်အကျယ်ဟာ (၃၀၅)ပေ ကျယ်ပြီး အမြင့်ကတော့ (၄၀) ပေ ရှိပါတယ်။

တံတားဟာ သံကူကွန်ကရစ်အမျိုးအစား တံတားဖြဟ်ပါတယ်တံတားကို ၂၀၀၀ ခုနှစ်ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင် တည်ဆောက်ပြီး ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မှဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ချင်းတွင်းတံတား(မုံရွာ) ကိုဖြတ်ပြီးသွားရတဲ့ လမ်းဟာ မူလ ညောင်ပင်ကြီး - ယင်းမာပင် လမ်းထက်စာရင် အနည်းငယ် ပိုမိုရှည်လျားပါတယ်။ ဒါပေမယ့် တစ်ဆက်တည်း တန်းသွားနိုင်သောကြောင့် အဝေးပြေးကားများအတွက် အဆင်ပြေသော လမ်းတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ညောင်ပင်ကြီး ကနေ လာရင်တော့ လမ်းတိုပေမယ့် ချင်းတွင်းမြစ်ကို ဇက်ကူးတို့ နဲ့ ဖြတ်ရမှာ ဖြစ်လို့ ခရီးထောင့်ပါတယ်။

Ref:http://tamarmyay.co.cc (တမာမြေ)

စုံလား၊ မလား...မြို့လေးရေ..

မထင်မှတ်ဘဲ အဘိုး ဆုံးပြီလို့ အိမ်က ဖုန်းဆက် ပါတယ်။ ဒါနဲ့ ရုံးသွားပြီး ခွင့် တင်တော့ တစ်ရက်ပဲ ပေးတယ်၊ ကံကောင်းတာက ခွင့်ရက် သောကြာ နောက်မှာ စနေ၊ တနင်္ဂနွေ ခံသွား တာပဲ။ ဒါနဲ့ ကားလက်မှတ် ဖြတ်ပြီး ယင်းမာပင် ကို အမြန် ပြန်သွား ဖြစ်တယ်။ အိမ်က မုံရွာ ကားဂိတ်ထိ ဆိုင်ကယ် နဲ့ လာကြိုနေလို့ စနေနေ့ မနက် (9:30) မှာပဲ ရောက်သွား ပါတယ်။ အဲဒီနေ့ နေ့လည် မှာပဲ အဘိုး အလောင်းကို ဂူသွင်းဖို့ စီစဉ်ထား တာပါ။

အဲဒီလိုနဲ့ အိမ်ရှေ့မှာ ထိုင်နေချိန် ... အဘိုး ဆုံးပြီး နောက်မှ ဆုံးတဲ့ အသုဘအိမ် ကနေ လက်ဖက်ထုတ် လေးကို ငှက်ပျောဖက် နဲ့ ထုတ်ပြီး လာပေးပါတယ်။ ကျွန်တော်လည်း ပထမ တော့ နားမလည် ပါဘူး၊ "ဘာလဲဗျ၊ ဒီ လက်ဖက်ထုပ်က ဘာလုပ် ရမှာလဲ" လို့ ပြန်မေးမှ လာပေးတဲ့ သူက ရှင်းပြ ပါတယ်။ "သူအစ်ကို က အဘိုး နောက်မှ ဆုံးတာတဲ့၊ ဒါကြောင့်မို့ အဘိုးထက် အရင် အသုဘချ ရပါတယ် ။ တကယ်လို့ အဲလို စောပြီး မချနိုင်ရင် အခုလို အရင်ဆုံးသူ ရဲ့ ခေါင်းထဲမှာ လက်ဖက်ထုပ်လေး ထည့်ပေးပြီး သွားနှင့်ခိုင်းတဲ့ သဘောပါ တဲ့ ။ ပြောရရင် သေမယ့် လူတွေ စုံပါပြီပေါ့ဗျာ၊ အရင်ဆုံး တဲ့ သူက အရင်ချ၊ နောက်မှဆုံး တဲ့ သူက နောက်မှချ ဆိုရင် (၁) ပြီး (၂) လာသလို အစဉ်အတိုင်း ဖြစ်ပြီး ဆက်သေနေမှာ စိုးလို့ ပြောင်းပြန် ချရတာ တဲ့ ။ ကျွန်တော် မသိတဲ့ မြို့ကလေး ရဲ့ အစွဲ တစ်ခုပါ။

ဒီလိုနဲ့ ၀ယ်စရာ တစ်ချို့ ရှိလို့ ဈေးသွားဝယ် တော့လည်း ထူခြားတဲ့ အစွဲ တစ်ချို့ကို ထပ်တွေရ ပြန်ပါတယ်။ ကျွန်တော်က ပစ္စည်း တစ်ခု ၀ယ်ပါတယ်။ ဒါပေမယ့် ဆိုင်ရှင်က နှစ်ခု ပေးပါတယ်။ "မဟုတ်ဘူး ... ကျွန်တော် ၀ယ်တာ တစ်ခုပါ" ...လို့ ပြောတော့ "မင်းက ဘယ်သူ့ မြေး မဟုတ်လား၊ အသုဘအိမ်က လာဝယ် တာမို့ `စုံ´ ဂဏန်း ဖြစ်အောင် တစ်ခု ပိုပေး တာပါ" တဲ့။ ဒီတစ်ခါ တော့ ကျွန်တော် အလိုလို သိလို ပါပြီ။

ဒါနဲ့ နောက်တစ်ဆိုင် မှာ ထပ်ဝယ်တော့ အလကား တစ်ခု အပိုပေး နေမှာ အားနာလို့ နှစ်ခု ၀ယ်လိုက် ပါတယ်။ ဒီတစ်ခါလည်း တစ်ခု အပို ပေးနေ ပြန်ပါတယ်။ "မဟုတ်ဘူး၊ သုံးခု ဖြစ်နေပြီ ... ကျွန်တော် ၀ယ်တာ နှစ်ခု" လို့ ပြောတော့ "သိပါတယ် တဲ့၊ အသုဘ အိမ်က လာဝယ်တာမို့ `မ´ ဂဏန်း ဖြစ်အောင် တစ်ခု အပို ပေးတာ" လို့ ပြောပါတယ်။ မဟုတ်သေး ပါဘူး ... လူရော မျက်စိပါ လည်ချင် သွားပါတယ်။ ဒါနဲ့ ဘာအဓိပ္ပါယ် နဲ့ `မ´ ဂဏန်း ဖြစ်ရတာလဲ လို့ မေးလိုက်တော့ "နောက်ထပ် ဆုံးမယ့် သူ `မ´ ရှိတော့ဘူး" ဆိုတဲ့ အဓိပ္ပါယ် တဲ့။ စုံရော၊မရော အစွဲအလမ်း တစ်ခုက ပုံစံ နှစ်ခု ထွက်နေတဲ့ မြို့လေး ပါလား... ။

စကားချပ် - ဒီပို့စ်လေးကို ကျွန်တော့် အဘိုးဆုံးခြင်း နှစ်ပတ်လည် အမှတ်တရ အဖြစ် ရေးသားထားခြင်း ဖြစ်ပြီး ယခုမှသာ တင်ဖြစ်ခြင်း ဖြစ်ပါတယ်။
With deepest respects ,
Daywalker

You received this email because you are subscribed to the real_time feed for http://yinmarbin.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.