Friday, December 19, 2008

[မင်းဒင်] 1 New Entry: မင်းဒင် ရဲ့  သက်ခိုင်။(၅၅)

မင်းဒင် ရဲ့  သက်ခိုင်။(၅၅)



မင်းဒင် ရဲ့ သက်ခိုင် (၅၅)

အဆောင်ဘေး ကွင်းပြင်စပ်ဆီမှ ဆူညံစွာပေါ်ထွက်လာသော အသံများကြောင့်  ကိုသက်ခိုင် ပြောလက်စ စကားရပ်သွားသည်။ ဒေါသတကြီးထွက်ပေါ် လာနေသော အသံများကို ကျွန်တော် ကော ကိုသက်ခိုင်ပါ ကြားနေကြရသည်။
"ပြေးချင်အုံးကွာ ။ ပြေးချင်အုံးကွာ "
"ဖြောင်း ၊ ဖြောင်း "
"ခင်ဗျား မဟုတ်တာမပြောနဲ့ နော် ၊ ကျနော် အသက်ချင်းပါ လဲပစ်မယ် "
"ဟေ့ကောင် ၊ ငါ့နံမည် ရဲထွဋ် ကွ ။ မင်း ပါးစပ် ပိတ်ထားစမ်း "
"မင်းငါ့ကို သေအောင် မသတ်နိုင်လို့ ကတော့ မင်းကို ငါ သေအောင် သတ်ပြီလို့ သာ မှတ်ပေတော့ ကွ ။ ငါ ဘယ်လိုကောင် ဆိုတာ မင်းသိစေရမယ် "

ကိုသက်ခိုင်သည် အသံများပေါ်လာရာဆီသို့  ခေတ္တငေးကြည့်ကာ ....
"လာပါ ။ ကိုမင်းဒင်ရာ ။ ရဲထွဋ် ဘာပြဿနာ ရှာနေပြန်ပြီလဲ မသိဘူး ။သွား လိုက်ကြရ အောင်"
ဆိုကာ ကျနော့်ကို အဖော်ညှိပြန်လေသဖြင့် ကန့် လန့် ကန့် လန့် ပါရပြန်သည်။ ထိုနေ့ က စခန်းခွဲ တာဝန်ခံ ကိုအေးနိုင် စခန်းတွင် မရှိပါ။ တပ်ကြပ်ကြီး ဌေးအောင်ကို တာဝန်လွှဲကာ မန္တလေးကလာမည့် ဇနီးကို ရန်ကုန်မှာ သွားကြိုသည်။ အချိန်ကား နေ့ လည် နှစ်နာရီခန့်  ။
.......................
ရဲထွဋ်ကား အကျဉ်းဦးစီး ဝန်ထမ်း တရစ်နှင့် ဒုတပ်ကြပ်ဖြစ်သည်။ အသက်အစိတ်ဝန်းကျင် သာရှိဦးမည်။ သို့ သော် အကျဉ်းသားများအပေါ် ဆက်ဆံရေး ကား ရက်စက်ပြင်းထန်လွန်းသူ အဖြစ် နာမည်ကြီးသည်။ ဧည့်တွေ့ လာသမျှ အကျဉ်းသားတိုင်းလိုလို ပါသမျှ အစားအစာ ထဲက ရဲထွဋ်ကို ဝေစုပေးရ သည်။ ကျနော်ပင် ကြောက်၍မဟုတ်သည့်တိုင် နားအေးချင်၍ ရဲထွဋ်ကို မသဒ္ဓ့ါရေစာ ဝေနေရသည်။
ကျနော်တို့ ရောက်တော့ လူအုပ်က အဆောင်ပေါ်ရောက်နေပြီ ဖြစ်သည်။ လူအုပ်အလယ် မှာ သွေးသံရဲ နေသော ရဲဘက်တယောက်ကို တွေ့ ရသည်။ ထို ရဲဘက်ကား မကြာမီကမှ စခန်းခွဲသို့  ပင်မစခန်းမှ ပြောင်းလာသူ ခြေကျင်း မဖြုတ်သေးသော ရဲဘက် ၊ အကျီကျွတ်နှင့် ။ သူ့ အကျီကို ခါးမှာစည်း ထားသည်။ စည်းထားသော အကျီအဖြူမှာ သွေးတွေ ရွှဲနေသည်၊ ကျောပြင်လက်မောင်း တို့ တွင်လည်း အရှိုးရာတွေ ပွနေသည်၊ ထို အရှိုးရာများကား ဘုတ်ကိုင်ဝန်ထမ်းများ ရဲဘက်တို့ ကို ထိန်းကျောင်းရာတွင် သုံးသည့် ကားတာယာ အမြှောင်းကို ကြေးနန်းကြိုးရစ်ထားသော ကြာပွတ်တို့ ၏ ဒါဏ်ချက် များ ဖြစ်သည်။ အခြားအကျဉ်းသား ရဲဘက်တို့  လည်း ကြောင်စီစီ ဝိုင်းကြည့် နေသည်။ရဲထွဋ် ကိုင်သော ဘုတ်က အဆောင်နှင့် မဝေးလှ သောနေရာမှာ ငုတ်ရှင်းသော ဘုတ် ဖြစ်သည်။
....................................



ကိုသက်ခိုင် ရောက်လာသည်ကို မြင်သော ရဲဘက်အုပ်စုသည် အသံတိတ်သွား၏။
ကိုသက်ခိုင် က ဒါဏ်ရာရနေသော ရဲဘက်ကို သေချာစပ်စုနေသည်။ သူ့ နားထင်စောင်းက ဒါဏ်ရာမှာ လေးလက္မခန့်  ကွဲနေသည်၊ နက်လည်း နက်ပုံ ရသည်။ အဖြူရောင် အသား တစ် စ ကိုပင် မြင်နေရသည်။ နောက်က တပ်ကြပ်ကြီး ဌေးအောင်လည်း မောကြီးပန်းကြီး ရောက်လာသည်။
ဦးဌေးအောင်က ကိုသက်ခိုင် ကို ပြန်သတင်းပို့ သလို အစီရင်ခံနေပြန်သည်။
" ကျနော်လည်း လေကြောင်းအရံဖက် သွားနေလို့ ဆရာ ၊ ဘာတွေ ဖြစ်ကုန်ပြန်ပြီလဲ ၊ ဦးအေးနိုင်ကလည်း မရှိဘူး ၊ ပြဿနာတော့ ရှုပ်ပြန်ပြီ ထင်တယ် "
ကိုသက်ခိုင်သည် စကားတခွန်းမှ မပြောချေ။ သူက ဘေးမှာ ရပ်နေသော ရဲထွဋ်ကို စေ့စေ့ လှမ်းကြည့်သည် ။ရဲထွဋ် ဆီက အသံထွက် လာ သည်။
" ဒီကောင် ထွက်ပြေးမလို့ လုပ်နေလို့  ကျနော် ရိုက်ဖမ်းလာတာ ၊ ဆရာကြီး ရ"
ဒါဏ်ရာနှင့် အကျဉ်းသားဆီမှ အသံထွက်လာပြန်သည်။
" ကျနော်က ခြေကျင်းကြီးနဲ့  ထွက်ပြေးရအောင် အရူးမဟုတ်ဘူး ဗျ။ ဒီကောင် ကျနော့်ကို လိုင်းမဝင်လို့  သက်သက် ဒုက္ခပေးတာ ၊ ထောင်ပိုင်ကို သတင်းပို့ ပေးပါ ဆရာကြီး"
ကိုသက်ခိုင် က ဘာမှ မပြောပြန်ပဲ ဘေးက ရဲဘက် ပရိဿတ် ဘက်ဆီ မျက်စေ့ ဝေ့လိုက်ပြန်သည် ။ အသံတချို့ ထွက်လာပြန်သည် ။ ကိုသက်ခိုင် ကို ကြည့်ရသည်မှာ မျက်လုံးဖြင့် လျောက်ကြည့်ပြီး စိတ်ညှို့ နေသည့် ပုံစံပေါက်နေလေသည်။
" ကျနော်တို့ လည်း ဘာမှ မသိဘူး ဆရာကြီး၊ ဆရာ ရဲထွဋ် က ဟေ့ကောင်တွေ လာကြ၊ ဒီကောင့်ကို ဝိုင်းချုပ်ထားကြဆိုလို့  ပြေးလာကြတာ "
တပ်ကြပ်ကြီး ဌေးအောင် က ကိုသက်ခိုင် မည်သို့ ဆုံးဖြတ်မည်ကို သိလိုသော သဘောဖြင့် ကိုသက်ခိုင်ကို လှမ်းကြည့်သည်။ ကိုသက်ခိုင် က ခပ်လေး လေး လေသံဖြင့် ..
" ခက်တယ် ရဲထွဋ်ရာ ။ မင်းတို့  အကျဉ်းဦးစီး လက်စွဲ (Burma Jail Manual) မှာ သူ တကယ်ပဲ ထွက်ပြေးတယ် ဆိုစေအုံး ၊ဒီလိုလုပ်ခွင့် မရှိဘူး ၊ အခု မင်းတို့ ကိုင်ပြီး ရိုက်နေတဲ့ ကြာပွတ်တွေက နွားရိုက်ရင်တောင် မခံနိုင်တာ၊ မလွန်လွန်းဘူးလားကွာ၊ အခု သူ ပြေးတာ မပြေးတာ အသာထား ၊ ဒီဒါဏ်ရာကို ဘယ်လိုရှင်းမလဲ ၊ နေက သိပ်ပြင်းနေပြီ၊ သွေးကလည်း သိပ်ထွက်နေပြီ ။ ဆရာဌေး ၊ ပြေးမပြေး ဆိုတာ ဆရာတို့ ဘာသာ ဆုံးဖြတ် ရမှာ လောလောဆယ်က သူ့ ကို ဘယ်လို ဆေးကုပေးကြမလဲ ဆိုတာက ၊ အဓိက ဖြစ်နေပြီ "
ဒါဏ်ရာရ ရဲဘက် အကျဉ်းသား ထံက နာနာကျဉ်းကျဉ်း အသံထွက်လာပြန်သည်။
" နေပေ့စေ ဆရာကြီး ရာ ၊ ကျနော့်ကို နောက်မှုဖွင့်ဘို့  ရဲစခန်းသာ ပို့ ပါ။ စစ်ချက်ယူပြီးမှ ဆေးကုမယ် ၊ ကျနော် လုံးဝ မကျေနပ်နိုင်ဘူး၊ အသက်ချင်းလဲ ပစ်လိုက်မယ် ဆရာကြီးရာ"
ကိုသက်ခိုင်က အကျဉ်းသား ကို လက်အသာ ကာပြလိုက်သည်။ တပ်ကြပ်ကြီး ဌေးအောင့်  မျက်နှာကိုပင် လှမ်းကြည့်သည်။
ဦးဌေးအောင်ကား အသက်ငါးဆယ့်ခြောက်နှစ်ခန့်  ထောင်သဘာ ရင့်နေသော တပ်ကြပ်ကြီး ဖြစ်၍ ချင့်ချင့်ချိန်ချိန် စကားဆိုသည်။
" ခက်တယ် ဆရာ သက်ခိုင်ရာ ၊ စခန်းတာဝန်ခံကလည်း မရှိဘူး၊ ထောင်ပိုင်မသိအောင် ထွက်သွားတာ၊ ပြဿနာက ကျနော့် ခေါင်းပေါ်ရောက်လာမယ် ။ ဟေ့ကောင် ရဲထွဋ် ၊ သေချာရဲ့ လားကွာ၊ ဘက်ပြေးထပ်ဖွင့်ရင် အကုန်အစစ်ခံရမှာနော် "
ရဲထွဋ် ဆီက အသံထွက်မလာချေ ။
...................................



ကိုသက်ခိုင်သည် သက်ပြင်းတခုကို ခပ်လေးလေးချကာ ..
" ကဲဗျာ။ ဒီကိစ္စ ကို ကျနော် ရှင်းမယ်။ ကိုမင်းဒင် သွားဗျာ။ ကျနော့် အိပ်ထဲမှာ အရက်ပျံပုလင်း ရှိတယ် ။ ရေနွေးဆူတာ ယူလာခဲ့ဗျာ ၊ ဟေ့ကောင် ။ နိုင်ဝင်းလာအုံးကွာ၊ အပ်နဲ့ အပ်ချည်ပါ ယူလာခဲ့ ၊ ငါ့ညီ .. မင်းတိုင်ချက်ဖွင့်ချင်ရင်လည်း ငါလုပ်နိုင်တာ အကုန်လိုက်လုပ်ပေးမယ်၊ လောလောဆယ် မင်း သွေးလွန်ပြီး မူးမလဲခင် လုပ်စရာရှိတာ လုပ်မှ ဖြစ်မယ်ကွာ"
ဆရာဌေး . . ဦးအေးနိုင်လာမှသာ အခြေအနေ ကြည့်ပြီး တင်ပြပေတော့ ၊ ရဲထွဋ် .. မင်းလည်း မင်းဘာလုပ်ချင်သလဲ ဆိုတာ စဉ်းစားထားကွာ"
ထုံးစံအတိုင်း ကိုသက်ခိုင်ကား ဗုံတီးသလို အမိန့် တန်းစီပေးနေလေသည်။ ကျနော် အရက်ပျံနှင့် ရေနွေး ယူလာသည့် အခါ ဘယ်လိုဘယ်ပုံ စည်းရုံး စီမံသည် မသိ၊ နိုင်ဝင်း က အကျီလုံချည် အပြဲအစုပ်ဖာသည့်  အပ်မှာ အပ်ချည်တပ်ကာ ဒါဏ်ရာကို ချုပ်ဘို့ အဆင်သင့် ဖြစ်နေလေပြီ။ ကိုသက်ခိုင်သည် ဆေးမှူးတယောက်ပုံစံမျိုးဖြင့် ပက်ပြဲဖြစ်နေသော ဒါဏ်ရာကို အရက်ပျံဖြင့်ဆေး၊ အဝတ်တစ ကို ရေနွေးဖြင့်စိမ်၊ အသားတစ်ကို ပြန်ထိုးထည့် ကာ.. ဟိုနေရာကို တချက်ဖောက်လိုက် ၊ ဒီနေရာကို တချက်ဖောက်လိုက်၊ တချက်ချည်လိုက်အုံး .. တတွတ်တွတ် စကားဆိုလျက် နိုင်ဝင်းနှင့် အလုပ်ရှုပ် နေလေသည်။ ဒါဏ်ရာကို အချုပ်ခံနေရသော ရဲဘက်မှာ ဧရာမ ဒါဏ်ရာကြီးကို ဖြစ်သလို ချုပ်နေသည်ကိုပင် တချက်မှ မတွန့် အောင်ပင် အသည်း ကောင်းလွန်း နေလေ၏။
...............................
နာရီဝက်ခန့် အကြာ ဒါဏ်ရာချုပ်၊ ရှိသမျှ ဆေးတချို့ ပေးပြီး ကျနော်တို့ ကိုသက်ခိုင့် တဲပြန်ရောက် လာကြသည်။ ကျနော်က မနေနိုင်မထိုင်နိုင် မေးမိပြန် သည်။
"ခင်ဗျား ဗျာ။ အထည်ချုပ်တဲ့ အပ်နဲ့  ဒီဒါဏ်ရာကို ချုပ်ရတယ်လို့ ဘယ်သူက သင်လိုက်သလဲ"
"နိုင်ဝင်း လေ"
"ဗျာ နိုင်ဝင်း "
"ဟုတ်တယ် ၊ သူနဲ့ တခါ စကားစပ်တုန်းက ဒါဏ်ရာတော်တော်များများကို ရိုးရိုးအပ်နဲ့  သူချုပ်ဘူးတယ် လို့ ပြောတာ သတိရလို့ သူ့ ကို ချုပ်ခိုင်းတာ လေ"
"ခင်ဗျား ဗျာ မတော်တရော်တွေ ဖြစ်ကုန်မှ ဖြင့် .. "
"ကိုမင်းဒင် ခင်ဗျားစဉ်းစားလေ၊ ဒီနည်း အပြင် တခြားနည်း ဘာရှိသလဲ ။ လောကကြီးမှာ တခါတခါ နောက်ဆုံးနည်းတွေ ကို မလွှဲမရှောင်သာ ထုတ် သုံးရတာတွေ ရှိတယ်ဗျ။ ဦးဌေးအောင် ကလည်း စခန်းတာဝန်ခံမရှိပဲ ပင်မစခန်းကို ပို့ ရဲမှာ မဟုတ်ဘူး၊ ဒါဏ်ရာနဲ့  ရဲဘက် ကလည်း မခံချင်စိတ်နဲ့ သာ တွန်းနေတာ၊ ရဲဘက်ဆိုတာ နေရာတကာ ခံဖက်ကချည်းပဲ ဆိုတာ သူသဘော မပေါက်သေးလို့ ဗျ။ဒီအတိုင်းကြည့် နေကြရင် သေရုံနဲ့ ပြဿနာ ရှုပ် ရုံပဲလေ "
"ရဲဘက်က တကယ်ထွက်ပြေးတာ ဆိုရင် ရဲထွဋ် နဲ့ ခင်ဗျား ဘယ်လို ရှင်းမလဲ
ခက်တာပဲ ကိုမင်းဒင် ။ အဲဒီ ရဲထွဋ် ဆိုတဲ့ ကောင်ကလည်း အကျဉ်းဦးစီးကနေ ထွက်ပြေးဘို့  ကြံနေတဲ့  ဝန်ထမ်း ပဲ ။ ဘာထူးလဲ ။ သူ့ အခြေအနေကို တပ်ကြပ် ကိုခင်မောင်ဌေး ကျနော့် ကိုပြောပြထားပြီးသား။"
"ဟုတ်ရဲ့ လားဗျာ "
"သေချာပါတယ်ဗျာ။ ရဲထွဋ်လည်း မအူမလည်နဲ့ အကျဉ်းဦးစီးရောက်လာတာ ၊ အကျဉ်းဦးစီးမှာ လုပ်မဲ့ ဝန်ထမ်း ရှားတယ်ဗျ။ တနှစ်တခါ ဆိုသလို ထောင်ဝန်ထမ်း လုပ်မဲ့  နယ်ဘက်က မအူမလည်ကောင်တွေကို လက်ရှိဝန်ထမ်းတွေက လျောက်လျောက်ရှာ နေ ရတာ ကျနော်သိတယ်။ ဝန်ထမ်း ရှာဘို့  ကိုခင်မောင်ဌေး မဲကျတုန်းကတောင် လမ်းစားရိတ် ငါးထောင် ကျနော်ထုတ်ပေးလိုက်သေးတယ်။ ရဲထွဋ် လည်း အဲဒီလို နယ်မှာ အရှာခံလာ ရတဲ့ကောင်လေ။ ခင်ဗျား ကြားဘူးတယ် မဟုတ်လား ၊အချုပ်ခန်းတွေထဲမှာ ရှိတဲ့  အချုပ်သားတွေ ၊ ခြေချုပ်နဲ့  ဝင်လာတဲ့ လူဆိုးလေးတွေကို စစ်တပ်ထဲ ဝင်မလား အမှုရုပ်ပေးမယ်၊ လစာကောင်းတယ်၊ နောင်ရေး စိတ်အေးရတယ် ဘာညာ ဆိုပြီး စည်းရုံးတာမျိုးလေ၊ ကျနော် အချုပ်တွေမှာ နေခဲ့ရတုန်းက ကြုံဘူးပေါင်းများနေပြီ ဗျ။ ရဲထွဋ်လည်း ဝင်မိပြီးမှ ထွက်ပြေးရင်လည်း စစ်ပြေး၊ ရဲပြေးလို ပုဒ်မလို ပဲမို့ ၊ ဒီကောင် ကြံရာမရဖြစ်နေ တာ ဗျ။ ဒီကောင်က ပြုတ်လည်း ပြီးရောဆိုပြီး နင်းကန် ဂွင်ဖန်နေတာ ၊ "
"ခင်ဗျား ကတော့ ဒါမျိုးတွေကို စံနစ်တကျကို သိအောင်လုပ်ထားသလို ဖြစ်နေပါလား ဗျာ"
"အေးဗျာ။ ကျနော် ငယ်ငယ်က လူဗလံလေး၊ မိဘက ကျိကျိတက် မချမ်းသာဘူး။ အရာရှိ အရာခံ မျိုးရိုး လည်း မဟုတ်လေတော့ .. လောကမှာ အနိုင် ဆိုတာကို သေချာပေါက်ရလာ ဘို့် ဇယားနိုင်အောင် ကျနော် လေ့ကျင့်သလို ဖြစ်ခဲ့တယ် ထင်ပါရဲ့ ၊ ဒါကြောင့်လည်း ကျနော်ဟာ ကိုအိုက်ထွန်းလို လူမျိုးနဲ့ တက်ယှဉ်နိုင်ခဲ့တာ ပေါ့ "
"အေးဗျာ.. ။ လုပ်ပါအုံး ခင်ဗျားနဲ့ အာရှဓနသူဌေး ဦးအိုက်ထွန်း၊ စီးချင်းထိုးပွဲလေး"
"ပြောဆိုလည်း ပြောရတာပေါ့ ဗျာ၊ ဂုဏ်ယူဝင့်ကြွားစရာရယ်လို့ တော့ မယူဆပါနဲ့ ဗျာ"

ဤသို့ လျှင် ကိုသက်ခိုင်သည် သူ့ ဇာတ်လမ်းကို ဆက်ပြန်ပါလေ၏။
.............................



မှတ်မိသေးတယ် ဗျာ။ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း ရဲ့ အမှတ်အသား က ရွှေရောင်မြန်မာနိုင်ငံမြေပုံလေး ပေါ်မှာ (MWEA )လို့ စာတမ်းဖြတ်ထိုးတာလေး ဗျ။ တော်တော် စိတ်ကူးကောင်းတယ် ပြောရမယ်။ Myanmar Women Entrepreneur ပေါ့ဗျာ။ အသင်းအမှုဆောင် နေရာယူထားကြတဲ့  အမျိုးသမီးတွေကလည်း စီးပွားရေလောက က ဒိတ်ဒိတ်ကြဲ ဆိုတာတွေ ချည်းပဲ ။အမယ် သူတို့ ရင် ထိုးတွေအားလုံးဟာ တကယ့် ရွှေအစစ်နဲ့  လုပ်ထားကြတာ ဗျာ။
ဒီအသင်း ပေါ်လာတာကလည်း နိုင်ငံတော်ပေါ်လစီ နဲ့  တိုက်ရိုက်ပါတ်သက်နေပုံ ရတယ်။ အယ်လဖာ ဟော်တယ် ပိုင်ရှင်ဒေါ်စိန်စိန် ၊ လာပြီလာပြီ ဒေါ်သက်ရီ နဲ့  ဒေါ်နုနုရီတို့ က ရှေ့  တန်းထွက်ပြီး ဥက္ကဌ ၊ အတွင်းရေးမှူးတွေ လုပ်နေကြပေမဲ့  နောက်ကွယ်မှာ ဝန်ကြီး ကတော် တွေ အားလုံး ပါနေ တယ် ဗျ။ ဘာလို့ သိလဲ ဟုတ်လား။ ခင်ဗျား ဗျာ ၊ ယောမင်းကြီးလမ်းထိပ်က ဆန်းကဖေးဘေးနားမှာ စီမံကိန်းကြီးတခု ရဘို့ ဆိုတာ အိပ်မက် တောင် မက်ဘို့ မလွယ်တဲ့ ကိစ္စ ၊ အရှင်းကြီးပါဗျာ။
ကိုအိုက်ထွန်း ဒီစီမံကိန်းကို စိတ်ဝင်စားတယ်ဆိုတာ ဒီအချက်လည်း ပါပုံရတယ်။ အေးလေ ၊ သူ့ နောက်က ပံပိုးနေတဲ့ အဖွဲ့ တွေက ငွေတွေ သုံးမကုန် အောင် ရနေတဲ့ အဖွဲ့  ဗျာ။ နံမည်တော့ ကျနော် သေချာ မစပ်စုလိုက်မိဘူး။ ရှမ်းပြည် မြောက်ပိုင်းက အဖွဲ့ တဖွဲ့  လောက်ပဲ သိလိုက်တယ်။ ကျနော်ပြောနိုင်တာက ကိုအိုက်ထွန်း ရှမ်းပြည်ဖက်ကို ခရီးထွက်တဲ့ အခါ တိုင်းရင်းသား အပစ်ရပ် လက်နက်ကိုင် အဖွဲ့ တချို့  လုံခြုံရေး တာဝန်ယူပေး ရတယ် ဆိုတာတော့ အဲဒီနယ်မှာ တာဝန်ကျနေတဲ့  ကျနော့် တပည့် ကျော်တယောက် က အတိအကျ လှမ်းသတင်း ပေးတယ်လေ။
..................................
ဒီစီမံကိန်းကို ရဘို့  ကိုအိုက်ထွန်းကို နောက်က ပံ့ပိုးနေတာက ရွှေကမ္ဘာ ကုမ္ပဏီအုပ်စု က ကိုမောင်မောင် ဗျ။ လူရင်းတွေကတော့ သူ့ ကို ခေါတော မောင်မောင်လို့ ခေါ်တယ်။ ရွှေကမ္ဘာအုပ်စု က ဒီစီမံကိန်းမှာ အဓိက အခန်းက ပါသဗျာ။
ဘာဖြစ်လို့ လဲ ဟုတ်လား။ အဲဒီရွှေကမ္ဘာအုပ်စုမှာ သြဇာရှိတဲ့ မန္တလေး ဇာတိ စိန်သူဌေး ဒေါ်ဆယ်က မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင် ရှင်များ အသင်းမှာ နာယက လေ။
အန်တီဆယ်နဲ့ တွဲဘက်တွေက ရိုးမဘဏ်ကို စကာင်္ပူရောက်မြန်မာပြည်ဖွား လုပ်ငန်းရှင် ဆပ့်ခ်ျပန်းရဲ့ မိတ်ဆွေ ဦးလှကြည် ရယ်၊ဦးကေဂါးသရန် လို့  ခေါ်တဲ့ အိန္ဒိယသွေး စိန်သူဌေး ရယ်။ အော်.. ။ ဒါနဲ့  ဦးကေဂါးသရန်က တကယ့်သူဌေးဆိုပဲ။ သူက နာမည်တော့ သိပ် မထွက်လှဘူး ။ ထူးဆန်းတာက သူ့ ကို သူဌေးအချင်းချင်း သူဌေးလို့ ပြန်ခေါ်ကြတာပဲ ။ ကျနော်နဲ့  ဆက်ဆံမိသလောက် ဦးကေဂါး သရန်က လူအေးဗျ။ ခပ်ရိုးရိုး ခပ်ကုပ်ကုပ်နေတာ ။ ပြောမထားရင် သူဌေးလို့ တောင် ထင်စရာ မရှိအောင် ရုံးခန်းစားပွဲမှာ သာမန် စာရေးကြီး တယောက် ထိုင်နေတဲ့ ပုံစံဗျ။
................................
ဒီတော့ ဗျာ။ ဒီစီမံကိန်းမှာ ရွှေကမ္ဘာ က အဓိက အခန်းက ပါလာတယ်။ နေဦးဗျာ ။ ကြုံတုန်း အန်တီဆယ်တို့  ဦးလှကြည်တို့  အကြောင်း နည်းနည်း ပြောပြရအုံးမယ်။
အန်တီဆယ်က မန္တလေး ဇာတိပါဗျာ။ သာမန်အရပ်သူ ဈေးသည်ဘဝကနေ ကိုယ့်ဒူးကိုယ် ချွန် ကြိုစားလာရာကနေ ရိုးဖြောင့်မှု ကြောင့် စိန် ကုန်သည် အထိ ကြီးပွားချမ်း သာလာတာပါ။ ဒီအစိုးရ မတက်ခင်ကတည်းက ကျိကျိတက် ချမ်းသာနေပြီးသားပါ။ စစ်အစိုးရ တက်လာတော့ သတိုးသီိရိ သုဓမ္မ သိင်္ဂီ ဆိုတဲ့ ဘွဲ့ တွေဘာတွေ ရခဲ့သေး တယ်လေ၊ စိတ်ရင်းသဘောလည်း ကောင်းရှာပါတယ်။ ပြောတာဆိုတာ တကယ့်တောသူမကြီးလို ရှင်းရှင်းဘွင်းဘွင်း ပြောတတ်တယ် ။စားသောက်နေထိုင်ပုံက အစ ကိန်းခန်း မကြီးပဲ ရိုးရိုး ကုပ်ကုပ်ပါပဲဗျာ။ အော်.. အန်တီဆယ့် သားယောက်ကတော့  ဆေးတွေဘာတွေ သုံးတယ်လို့  အသံသဲ့သဲ့ကြားတယ် ဗျ။ သေချာတော့ မသိဘူး။ ကျနော်နဲ့ တွေ့ တာ တော့  ခပ်အေးအေးပုံစံပါပဲ။
အန်တီဆယ် ဘယ်လောက် ချမ်းသာ သလဲ ဆိုရင် သီပေါမင်းရဲ့ မိဖုရား စုဖုရားလတ် နောက်ဆုံးနေသွား ခဲ့ တဲ့  ရွှေတိဂုံ ဘုရား အရှေ့ ဖက်မုဒ်နားက အိမ်ကြီးကို အန်တီဆယ် ပိုင်တာဗျ။ ဒီအိမ်ကြီး ကို သူဝယ်ခဲ့ပုံကလည်း နည်းနည်း ထူးဆန်းတယ်ပြောရမယ် ။ မူလ ပိုင်ရှင်က ဖျာပုံဒေါ်မြနွယ် လို့  ဆိုသ ဗျာ။ သူလည်း တော်တော်ချမ်းသာတယ်လို့ ဆိုပါတယ်။ အန်တီဆယ်က အဲဒီအိမ်ကြီးကို ဖျာပုံဒေါ်မြနွယ် ဆီက ငွေချေပြီး ဝယ်ထားခဲ့ပေမဲ့  ဒေါ်မြနွယ် မသေမချင်း လွှဲမယူခဲ့ဘူးတဲ့ ။ ဒေါ်မြနွယ် ကွယ်လွန်မှ သူ့ နာမည်နဲ့ လွှဲယူခဲ့  သတဲ့ ။ အိမ်ကြီးက တကယ့်ရှေးဟောင်း အိမ်ကြီးဗျာ။ စုဖုရားလတ် မကွယ် လွန်ခင်က ခြံထဲ ကနေ ရွှေတိဂုံစေတီတော်ကြီးကို လှမ်းးပြိး ဖူးမြှော်တာတို့ ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း တို့ အဲဒီအိမ်ကြီးကို လာပြီး မြန်မာပြည်ရဲ့  နောက်ဆုံးမင်းဆက် သီပေါမင်းရဲ့  မိဖုရားကြီး ကိုလာတွေ့  တာတို့ တော့  ကျနော် စာထဲမှာ ဖတ်ခဲ့ဘူးပါရဲ့ ။
..................................


အေးဗျာ။ ကြုံခဲ့ရတဲ့ ဘဝများ ဆန်းလိုက်တာဗျာ။ စုဖုရားလတ်နောက်ဆုံး စံမြန်းခဲ့ တဲ့  အိမ်ကြီးကို ဖျက်ပစ်ဘို့ ဖျက်သိမ်းမိန့် ကို ရန်ကုန်မြို့ တော်စည် ပင်သာယာရေး ကော်မီတီမှာ ကျနော် လိုက်လုပ်ပေးရတယ်ဗျာ။ အန်တီဆယ်က သူမသေခင် သူ့ မြေးနှစ်ယောက်ကို အမွေပေးခဲ့ ချင်လို့ တဲ့  ။မြေဂရမ် အမည်ပေါက် နာမည်ပြောင်းတာတို့  မြေကွက်ခွဲစိတ်တာ တို့ က အဲဒီခေတ်က တော်တော်ခက်ခက်ခဲခဲ လုပ်ရတဲ့ အချိန် ဗျ။ ကျနော့် ကခပ်လည်လည် ကောင်လည်းဖြစ်၊ အန်တီဆယ့် ဝိတ်ကလည်း ရှိတော့ ကျနော့် အဘို့ တော့ သိပ်ခက်ခက် ခဲခဲ မရှိခဲ့ပါ ဘူးဗျာ။ အခုမှ ပြန်စဉ်းစားမိတယ်ဗျာ ။ဒီလို အဆောက်အဦးမျိုးတွေက ဖျက်မပစ် ပဲ ရှေးဟောင်းအဆောက်အဦး စာရင်းသွင်းပြီး အစိုးရက လက်လွှဲဝယ်လိုက်ရင် မှတ်တမ်းတခု အဖြစ်ရှိနေမှာ ဗျာ။ ထားလိုက်ပါတော့ ဗျာ။ ပြီးတာတွေ ပြီးခဲ့ပါပြီ ။

.............................................
နောက် ဦးလှကြည်က လည်း အရင်က ရွှေဘုံသာလမ်းမှာ သာမန် ရွှေအရောင်း အဝယ်လုပ်ခဲ့ တဲ့ သူပဲလို့  ဆိုပါတယ်။ မဆလ လက်ထက်မှာ ဇူဇကာ စစ်ဆင်ရေး ဘာညာ ဆိုပြီး အစိုးရက ဓာတ်ဆီတပုံးတွေ့ လို့ ဆိုလား ။ ထောင်ခုနှစ်နှစ်ချလိုက်တယ်တဲ့ ။ ထောင်ထဲမှာ ဆုံခဲ့တဲ့ ကုလားသူဌေးတွေနဲ့  ရင်းနှီးပြီး အပြင်ပြန်ရောက်တော့  ရွှေဘုံသာလမ်းက ကုလားသူုဌေးတွေ ရဲ့ ယုံကြည်ကိုးစားမှု ခံရရာက ကြီးပွားချမ်းသာလာ တယ်လို့ ဆိုတယ်။ အန်ကယ် ဦးလှကြည်ဟာ တကယ့်ကို အလုပ်ကို စည်းကမ်းတကျ လုပ်တတ်ပြီး ဖြောင့်မတ်တဲ့ သူပါ။ သူ့ ခေတ်နဲ့ သူတုန်းက ရွှေဘုံသာလမ်းမှာ နေ့ တိုင်း ရွှေဈေးဖွင့်ရင် ဦလှကြည် ပြောတဲ့ ဈေးကို အဲဒီနေ့ ပေါက်ဈေး အဖြစ်သတ်မှတ်ရတဲ့ အထိ သိက္ခာရှိခဲ့တဲ့ သူပါ။
ဒီအကြောင်းတွေ အစကတော့ ဘယ်ကြိုသိပါ့မလဲဗျာ။ အလုပ်ကိစ္စနဲ့  ဝင်ရင်းထွက်ရင်း တစစ သိလာရတာလေ။ အော် .. ။သေချာပါတယ်ဗျ။ သူတို့  ကိုယ်တိုင်ပြောတာပဲဟာ။
........................................
ဦးအိုက်ထွန်းနဲ့  ကျနော့်ကို မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များ အသင်း အလုပ်အမှုဆောင် အဖွဲ့  က ပထမ အကြိမ် မဲခွဲ ဆုံးဖြတ်တော့  ဆယ်မဲစီနဲ့  အဖြေမထွက်ဘူး လို့  အတွင်း သတင်းအရ ဆိုသဗျာ။
ဒီသတင်းကို ရတော့  ကျနော်က အလုပ်အမှုဆောင်အဖွဲ့ ဆီကို စာတစောင်ရေးပို့ လိုက် တယ်။ စာက ရိုးရိုးရှင်းရှင်းပါပဲ ။ ကျနော်ဟာငွေတွေ ထားစရာ မရှိလောက်အောင် ချမ်းသာ တဲ့ သူမဟုတ်တဲ့  အကြောင်း ၊ ဒီစီမံကိန်းကို အထမြောက် အောင်မြင်အောင် တကယ်လုပ်နိုင်သူတော့  ဖြစ်ကြောင်းပဲဗျာ။
ကျနော့် စာဟာ ပစ်မှတ်ကို တိုက်ရိုက်မှန်သွားတယ် ဆိုပါတော့ ။ တကယ်တော့  စီမံကိန်း အတွက် လူရွေးနေသူတွေဟာ သူဌေးရွေးနေတာ မဟုတ် ပါဘူး။ သူတို့ ကိုယ်တိုင် ကျိကျိတက် ချမ်းသာနေကြသူတွေပါ။ နောက်တခုက ချမ်းသာတဲ့ အုပ်စုမှာ နောက်ထပ် ခေတ်ပေါ်သူဌေးတယောက် ကို ရုတ်တရက်လက်မခံချင်တာလည်း ပါပါလိမ့်မယ်။ တိုက်ဆိုင်ချင်တော့  တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး တင်လှ ခေါ်ခေါ်နေခဲ့တဲ့  သူဌေး အစည်းအဝေး တွေမှာ ကျနော့် ဇ ကို ဦးလှကြည် တွေ့ ဘူးနေတာလည်း ပါနိုင်ပါတယ် ဗျာ။
ဒုတိယ အကြိမ်မဲခွဲတော့  ကျနော်က ဆယ့်ရှစ်မဲ ၊ ဦးအိုက်ထွန်းက နှစ်မဲ နဲ့  ဒီစီမံကိန်းကို ကျနော်ရလိုက်ပါတယ်။
.......................................
ကိုအိုက်ထွန်းဟာ တကယ် ခင်မင်လေးစားစရာ ပုဂ္ဂိုလ်ပါ။ ဒီစကားကို ကျနော် ပြောတာက သူ့ နောက်က ဘာအဖွဲ့ ညာအဖွဲ့ ဆိုတာနဲ့ မသက် ဆိုင်ပါဘူး ။ သူ့ စိတ်ရင်းကို ဆိုလိုတာပါ ။
အဲဒီ စီမံကိန်းကို ကျနော် ရသွားတော့  ကိုအိုက်ထွန်းဟာ သက်ခိုင် ဆိုတာ ဘယ်လိုလူမျိုး ပါလိမ့်  သိချင်တယ် ထင်ပါရဲ့ ။ ကျနော့် ရုံးခန်းးကို တကူး တက လာပြီး ခင်ခင်မင်မင် ဆက်ဆံပါတယ်။ လုပ်ချင်တာရှိရင် အတူပူးပေါင်းလုပ်ဘို့ အဆင့်သင့် ရှိကြောင်း ပြောရှာပါတယ်။ သူ့ စိတ်ဓာတ်ကို လေးစား သောအားဖြင့် ကျနော် သူနဲ့ သူ့ ရုံးအဖွဲ့ကို ကန်တော်မင် ပန်းခြံက ရှမ်းကန်စားသောက် ဆိုင်မှာ နှစ်သစ်ကူးညစာ ဧည့်ခံပြီး လက်ဆောင် တော်တော် များများပေးခဲ့ဘူး ပါတယ်။
နောက်ပိုင်း တဟုန်ထိုးအောင်မြင်ကျော်ကြားလာသည့်တိုင် ကျနော် တောင်းသမျှ အကူအညီကို တခါမှ မငြင်းခဲ့ဘူးပါဘူး ဗျာ။ အာရှဓနဘဏ် မှာ ကျနော် ငွေချေးလို့  ထုတ်မပေးတဲ့ အကြိမ် ရယ်လို့  မရှိသလောက်ပါပဲ။
...................................
အဲဒီပွဲဟာ ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းမှာ ကျနော့် လက်ရည်ကို လုပ်ငန်းရှင် တော်တော်များများ သတိထားမိသွားတဲ့ ပွဲလို့ ဆိုရပါလိမ့်မယ်။ ကိုအိုက်ထွန်း ဘက်က ရပ်ခဲ့တဲ့  ကိုမောင်မောင်တောင် ကျနော့်ကို အသိအမှတ်ပြုလာပါတယ်။
ဒါနဲ့  စီမံကိန်းအတွက် ပုံစံထုတ်ဘို့ ၊ အစုရှယ်ရာတွေခေါ်ဘို့ ပါ ဖြစ်လာပါတယ်။ အစုရှယ်ရာ ဝင်ချင်သူတွေကို ကျနော် ရှာနေစရာမလိုတော့ပါဘူး။ အန်ကယ် ဦးလှကြည်က ကျနော့် ကို ခေါ်ပြီး ရှယ်ရာဝင်ချင်သူတွေ စာရင်းပြောပြပြီး ကျနော့် သဘောထားကို တောင်းပါတယ်။
ကျနော်လည်း လက်ခံနိုင်တာ သဘာဝကျတာ အားလုံးကိုလက်ခံပါတယ်။ တကယ့်ကို အလုပ်လုပ်ရတာ အားရှိစရာ ကောင်းခဲ့တယ် ဆိုပါတော့ ။
ဒီနေရာမှာ ကျနော့်  စိတ်ခံစားချက်တချို့ ကိုထည့်ပြောချင်သေးတယ်ဗျာ။ ကျနော်က ငွေသာရှာနေတာ အတွင်းစိတ်က လူစွမ်းလူစ ပြချင်တဲ့ စိတ် ကပ် ပါနေတယ်ဗျ။ အလုပ်တခု ကို အကောင်းဆုံးဖြစ်အောင် လုပ်တတ်တာကလည်း ကျနော် ဗီဇပဲဗျာ။
ရှယ်ရာစာရင်းတွေ ၊ အစည်းအဝေးမှတ်တမ်းတွေ ၊ ငွေအဝင်အထွက်တွေကို ကျနော် စံနစ်တကျ လုပ်ထားတာကို ဦးလှကြည်လို လူမျိုးတောင်လက်ဖျား ခါသွားတဲ့ အထိပါ။ ကြွားတာ မဟုတ်ရပါဘူး။ ဘာလို့ ပြောနိုင်သလဲဆိုတော့ စီမံကိန်းအတွက် ကျနော့်  ကုမ္ပဏီ ကထည့် ရမဲ့  အချိုးကျထည့်ဝင်ငွေနဲ့  ပါတ်သက်လို့  သူ ဘာအတိုးမှ မယူပဲ ထည့်ပေးမယ် ဆိုတဲ့ အထိလိုက်လျောခဲ့လို ပါပဲ။
တိုတိုချုပ်ရရင် အဲဒီခေတ်က သိန်းပေါင်းလေးထောင်ငါးရာဝန်းကျင်ရှိတဲ့  စီမံကိန်းမှာ ကျနော့် ကုမ္ပဏီဟာ ၃၀ ရာခိုင်နှုံး ပိုင်ဆိုင်ခွင့် ရှိလာပါတယ်။
.......................................



လောကကြီးမှာ အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲလာတတ်တာကလား။ အဲဒီစီမံကိန်းကို အမြန်စနိုင်ဘို့  တက်သုတ်ရိုက်နေချိန်မှာ ကျနော့်  အမေ ဆုံးပါတယ်။
ကျနော့်မှာ တခါတခါ ရှေ့ ဖြစ်ကို ကြိုသိနေတဲ့  စိတ်တခု ရှိနေသလား တော့ မပြောတတ်ဘူး ဗျာ ။အဲဒါက အမေသေမယ် ဆိုတာ ကျနော် ကြိုသိ နေသ လို ပဲ ။ ဖြေးဖြေးနားထောင်ပါဗျာ။
အလုပ်တွေ အဆင်ပြေတော့  ကျနော့် ခေါင်းထဲ အမေရောက်လာတယ်ဗျာ ။အမေက ကျနော် တို့ သားယောက်ျားတွေနဲ့ မနေချင်ဘူး ဗျ။သူ့  သမီးတွေနဲ့  သာ နေချင်တာမို့  သူ့  အကြိုက်အတိုင်း နေပါစေ ဆိုပြီးထားရတယ်။ မကြာမကြာတော့ ကျနော် ရောက်ပါတယ် ။ အမေက သွေးတိုးရှိတော့  နောင်မှာ ကျန်းမာရေး ဒုတိယ ဝန်ကြီးဖြစ်လာတဲ့  သမားတော်ကြီး ဦးမြဦး နဲ့  တလတခါ ကျနော် ကိုယ်တိုင် လိုက်ပြပေးပါ တယ်။ အဲဒီ ရက်ပိုင်းလပိုင်းတွေက ကျနော့်စိတ်ထဲမှာ တမျိုးခံစားလာရတာနဲ့  ညီမလုပ်သူအိမ်ဝင်ပြီး အမေ.. အမေ့ကို ကျနော် ကြည့်ရ တာ သိပ်အားမရဘူး ။ ကျနော့် အိမ် လိုက်နေပါ။ ကျနော် ဂရုတစိုက် ဆေးကုပေးချင်တယ် ၊ လမ်းလျောက်တာတို့ အစား အသောက်တို့  က အစ ပြင်မှ ဖြစ်မယ် ဆိုပြီး ဇွတ်ခေါ်ချလာပါတယ်။
ဘယ်လို ပြောရမှန်းတောင် မသိတော့ ဘူးဗျာ။ ဇနီးဖြစ်သူကိုလည်း အထူးဂရုစိုက်ဘို့  အထပ်ထပ်မှာတယ်။ စီစဉ်တယ် ။ အိမ်မှာ အစားအစာ က အစ ။ ညနေတိုင်း မနက်တိုင်း ကျနော့် သမီးကို အဖော်လုပ်ပြီး လမ်းလျောက်ခိုင်းနေရင်းက တလတိတိပြည့် တဲ့ နေ့ မှာ အမေ သူ့ သမီးအကြီး ရှိတဲ့  ကမာရွတ် ဈေးထဲ သွားရင်း လမ်းမှာ မူးလဲပြီး ဆေးရုံတင်လိုက်ရတော့ တာပဲဗျာ။ အမေ့  ရောဂါက ကျောက်ကပ် ၊ သွေးတိုး၊ နှလုံး ပတ်လည်ရိုက်နေတဲ့  ရောဂါပေါ့  ဗျာ။
..................................


အမေ ဆေးရုံရောက်တာနဲ့  ကျနော် ညီအကို မောင်နှမ အားလုံးကို တပ်လှန့် လိုက်မိတယ် ဗျ။ မင်းတို့ သေချာသာ ဂရုစိုက်ကြပေတော့ ။ အမေ ဒီတခါ ဆေးရုံတင်ရတာ သိပ်လွယ်မယ် လို့ ငါမထင်ဘူး လို့ ။ ဒါပေမဲ့ ဗျာ။ သူတို့ စိတ်ထဲ ထွေထွေထူးထူး ယုံကြည်ကြပုံတော့ မရ ပါဘူး ။ ဟုတ်တော့ဟုတ်ပါတယ်။ လူတယောက် သေမယ်ဆိုတာ တွက်နိုင်ရအောင် ကျနော်က ဘာကောင်မှ မဟုတ်ပဲလေ။

ကျနော်ကတော့ ကျနော့်  စိတ်ဇောနဲ့ ကျနော် အမေ မသေအောင် သေမင်းကို တယောက် တည်း စစ်ခင်းသလို လျှောက်လုပ်တော့ တာပါပဲ။ သက်ဆိုင်ရာ ဆရာဝန်ကြီးက လိုလေသေးမရှိ ကုသပေးနေပေမဲ့  ကျနော့်က မကျေနပ်နိုင်ပါဘူး။ မသက်သာတိုင်း နည်းမျိုးစုံ ပြောင်းကုဘို့  ၊ တတ်သမျှ မှတ်သမျှ နားပူပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ရက်နှစ်ဆယ်လောက်ရှိတော့  အမေ့ကို ဓာတ်ရောင်ခြည်တခု နဲ့  စစ်ဆေးမှုလုပ်ရာက နေ ရှော့  ရသွား သလို ဖြစ်ပါတော့ တယ်။ သိသိသာသာ ယိုယွင်းစပြုလာပါတယ်။
ကျနော် ညီအကို မောင်နှမတွေက ပုံမှန်ဆေးရုံရောက်လာကြပြီး ဝင်ထွက်နေပေမဲ့  ကျနော်ကတော့ ခေါင်းမီးတောက်နေပါပြီ ။
ဒါနဲ့  အဲဒီအချိန်က ကျောက်ကပ်သမားတော်ကြီး ဒေါက်တာ ပိုင်စိုးကလည်း မြန်မာပြည်မှာ နံမည်ကြီးနေတဲ့ အချိန်ဆိုတော့  ဒေါက်တာပိုင်စိုးကို မရ ရအောင် ချိတ် ၊ အိမ်ကို လူကိုယ်တိုင် သွားတွေ့ ပြီး အမေ့ကို ကုပေးဘို့  တောင်းပန်ရပါတော့ တယ်။
................................
ကျနော်လည်း ဆေးရုံထုံးစံတွေ နားမလည်တော့ပါဘူး ဗျာ။ ဒေါက်တာပိုင်စိုး က လက်ခံကုသပေးဘို့  သဘောတူပေမဲ့  လက်ရှိကုသနေတဲ့ သမားတော်ကြီး ဒေါက်တာ ကျော်မြင့်က လွှဲမပေးနိုင်ဘူး ဆိုပါရော ဗျာ။ အဲဒီတုန်းက ဒေါက်တာပိုင်စိုးက ပျဉ်းမနားဒေါ်ပု ဆေးရုံမှာ တာဝန်ကျနေတာ ဗျာ။ ရန်ကုန်ဆေးရုံကြီးနဲ့  ကျောချင်းကပ်ပေါ့။
ကျနော်ကလည်း ဇွတ်သမားပဲ ဗျာ။ အမေအတွက် ပူတာတခုပဲ သိတယ်။ အမေသေလို့  တော ဘယ်နည်းနဲ့ မှ မဖြစ်ဘူး ဆိုပြီး သမားတော်ကြီး ဒေါက်တာ ကျော်မြင့်ကို သွားတွေ့  ပြီး ဆေးရုံလွှဲပေးးဘို့ တောင်းပန်ပါတယ်။ မရပါဘူး ဗျာ။ ဘယ်လိုမှ တောင်းပန် မရတဲ့ အဆုံး ဒေါက်တာ ကျော်မြင့် မျက်နှာ စေ့စေ့ကြည့်ပြီး .. ဆရာ ပြောင်းမပေးနိုင်ရင် ကျနော့် အမေ ကျနော် ပြန်ခေါ်သွားပြီး ကျနော် ကြိုက်တဲ့ နေရာကို သွားကုတော့ မယ်လို့ ခပ်တင်း တင်း ပြောပြီး ဒေါ်ပုဆေးရုံကို ပြောင်းတင်လိုက်ပါလေရောဗျာ .. ။
.....................................



အမေဆေးရုံ စတက်ကတည်းက ကျနော်နံနက်တိုင်း ဆေးရုံကို အစောကြီး ရောက်ပါတယ် ။ မနက်စောစော အမေဆာနေလို့  မတည့်တာ စားမိရင် ဒုက္ခ ဆိုပြီး လမ်းသုံးဆယ်ထိပ်က ငါးရံ ဆံပြုတ်ကို အမေမနိုးခင် သွားဝယ်ပါတယ်။ ဆေးရုံ မဖွင့်သေးရင် ဆံပြုတ်ဂျိုင့် နဲ့ ထိုင် စောင့် နေလိုက်တာပါပဲ။ ထူးဆန်းတာက ကျနော် မူးပြီး အိပ်ပျော်လည်း ဆံပြုတ် ဝယ်ရမဲ့  အချိန်ဆို နိုးနေတာပဲ ဗျာ ။အခုမှ ပြန်စဉ်းစားမိတာက ကျနော် စိတ်မှာ အမေသေတော့ မယ် ဆိုပြိး စိတ္တဇဖြစ်နေတယ် ထင်ပါရဲ့ ဗျာ။

ဒေါ်ပု ဆေးရုံရောက်လို့ နည်းနည်းသက်သာပေမဲ့  ကျနော် ရင်မအေးနိုင်သေးဘူး ဗျ။ ကျောက်ကပ်ရောဂါ အတွက် တပါတ်တခါ သွေးသန့် စင် တဲ့  နည်း တွေ ကျောက်ကပ် အစားထိုးတဲ့ နည်းတွေ မျိုးစုံအောင်ကို လျောက်ကြည့် လေ့လာပြိး ဒေါက်တာပိုင်စိုး ကို နားပူတာပါပဲ ။
ကျောက်ကပ်ဆိုတာ သွေးသားရင်းထဲက လဲရင်ရတယ် ဆိုတာ သိထားတော့ အမေ့ ကျောက်ကပ်ကို အစားထိုးဘို့  ညီတော်မောင် ကို တယောက် တလုံးကွာ ဆိုပြီး ဇွတ် ခေါင်းငြိမ့်  ခိုင်းပြန်ပါတယ်။ ညီလုပ်သူကတော့ ချီတုံချတုံ ပေါ့ဗျာ။ သူကလည်း နားမလည် ရှာတော့ ကျောက်ကပ် တလုံး ထုတ် လိုက်ရင် သူ ဒုက္ခိတ ဖြစ်ကျန်ခဲ့ မယ် ထင်နေပုံ ရပါတယ်။ ကျနော်က ကျောက်ကပ်ကို နှစ်လုံးစလုံး လဲရမယ် ထင်နေတာ ကိုး ။ ဒေါက်တာပိုင်စိုး ကတော့  အမေ့ အခြေခံ ကျန်းမာရေးဟာ ကျောက်ကပ်အသစ်ကို လက်ခံနိုင်စွမ်းနည်းနေလို့  အကျိုးထက် အပြစ်သာ များတယ် ဆိုပြီ ကျနော့်ကို နားချပါတယ် ။
.............................
အမေနဲ့ ကျနော် အကြောင်းက ပြောမယ်ဆိုရင် ပြောစရာတွေ အမျုားကြီး ပါဗျာ။ ကျနော် ဆေးရုံမှာ ဗျာများနေတာကို အမေသိနေတော့  မဆုံးခင် သုံးရက်လောက်မှာ အမေက ကျနော့်ကို .. ငါ့သား ။ အမေ့နားလာထိုင်ပါအုံး လို့ ပြောတော့  ကျနော်သွားထိုင်လိုက်တယ် ။ အမေက ကျနော့်ကို ပြုံးပြီး ကြည့်တယ်။ ငါ့သားတယောက်တည်း အမေ့အတွက် တော်တော် အလုပ်ရှုပ်နေပြီ တဲ့ ။ စိတ်လျော့လိုက်ပါတော့ ငါ့သားရယ်။ အမေသေမှာ မကြောက်ဘူး ။ ငါ့သားသာ နားတော့တဲ့ ။အပ်တွေ ပိုက်တွေ ဖြုတ်လိုက်ပါတော့ တဲ့ ။ ကျနော်လည်း ငိုသံပါကြီးနဲ့  အမေဘယ်နည်းနဲ့ မှ မသေစေရဘူး ၊ မရရအောင်ကျနော် ကုမယ် ။ ကျနော်ဘယ်တော့မှ လက်မလျော့ဘူး ဆိုပြီး စွတ်အော်ပစ်လိုက် မိတယ်ဗျာ။



တကယ်တော့ အမေဟာ ကျနော့်ကို သိပ်ယုံကြည်အားကိုးခဲ့တဲ့ အမေဗျ။ ဘယ်လောက်ကြီး တဲ့ ပြဿနာ ဖြစ်ဖြစ် ကျနော်ရှင်းရင် ရတယ်လို့ ချည်း ယုံကြည်ခဲ့တဲ့ အမေ။ သူ့ သွန်သင် ဆုံးမမှုတွေနဲ့  မဟုတ်မတရားတာကို ကျနော် ဘယ်တော့မှ မလုပ်ဘူး လို့ ယုံကြည်ခဲ့တဲ့  အမေ ။သူတခုခု ခံစား ရတာနဲ့  သက်ခိုင်ကို သာခေါ်လိုက်ပါ ။ မင်းတို့  ဘာမှ လုပ်တတ်တာ မဟုတ်ပါဘူး လို့ အားကိုးလွန်ခဲ့တဲ့ အမေ။ ကျနော်ရှိနေရင် သူမသေနိုင် ဘူးလို့  ယုံကြည်နေခဲ့တဲ့ အမေ ပါဗျာ။
အေးဗျာ..။ အခုမှ ခင်ဗျားကို ကျနော်ဖွင့်ပြောလိုက်ပါ့မယ်။ ကျနော့်အမေ ဟာသေစာ ရှင်စာတောင် မတတ်ပဲ ရန်ကုန်လို မြို့ ကြီးကို အဖေခေါ်လို့ လိုက် လာခဲ့တဲ့ တကယ့်  တောသူရိုးရိုးကြီးပါ ..တသက်လုံး လောကကြီးကို အကောင်းမြင်သွားခဲ့တဲ့ အမေ ။ ခြောက်ပေနီးပါး အရပ်အမောင်းနဲ့  မြို့  ကြီးသား ပုံပေါက် နေတဲ့  ကျနော်ကို အမေနဲ့ တွဲပြီး တွေ့ ကြတဲ့  အမေ့အသိတွေက ရွှေညာသူ ဒါ ရှင့်သားဟုတ်ရဲ့  လား လို့  မေးရင် အမေက အားရပါးရ ပြုံးပြီး .. အော် . ။ဒါ ကျုပ်သားပေါ့  ။ ရှင်တို့ က မယုံကြဘူး လားလို့  ဝင့်ဝင့်ကြွားကြွား ပြောလေ့ ရှိတဲ့ အမေပေါ့ ။ ဟုတ်ပါလိမ့်မယ် ဗျာ ... ။ ဒီလောက် လည်တဲ့ သားကို ဒီလောက် ရိုးအ တဲ့ အမေက မွေးတယ် ဆိုတာ မယုံကြတာ ဆန်းတော့ မဆန်းလှပါဘူး။
အခု အမေဟာ ကျနော့်ကို လက်လျော့  ခိုင်းနေပြီကောလို့  ကျနော်ယူကြုံးမရ ဖြစ်မိတာ အမှန်ပဲဗျာ။ တကိုယ်လုံးမှာ အပ်တွေ ပိုက်တွေနဲ့ ရှုပ်ယှက် ခတ်နေတဲ့  အခြေအနေမှာ ခပ်ပြုံးပြုံးလေသံနဲ့  သေမှာမကြောက်ပါဘူး လို့  ပြောခဲ့ တဲ့  အမေ့မျက်နှာကို အခုထိ ကျနော် မြင်ယောင်နေတုန်းဗျာ။
....................................
နေ့ ရောညရော ဆေးရုံက မပြန်ပဲ ကျနော် စောင့်နေလိုက်တယ်ဗျာ။ အမေက အသက်ပျောက်မသွားသေးပဲ မျောနေသလို ဖြစ်နေတယ်။ တတိယမြောက်နေ့ မှာ အိမ်ပြန် ရေချိုးလိုက်အုံးမယ် ဆိုပြီး တနာရီလောက် အမေ့နားက ခွာသွားလိုက်တာ ကျနော်လည်း ဆေးရုံ ဝ ရောက်ရော အမေဆုံးတော့ တာပဲ။ ကမန်းကတန်း ကျနော် ပြန်ရောက်လာတော့  အမေ့ကုတင်ဘေးမှာ လိုက်ကာတွေကာထားတာတွေ့ လိုက်ရပါတယ်။ အော်.. ဖြစ်ရလေ အမေရယ် ကျနော့်  ရှေ့ မှာ အသက်ထွက်ဘို့ အမေ အားနာနေခဲ့လေသလား ပေါ့ဗျာ။
အမေတကယ် ဆုံးပြီလည်း ဆိုရော ကျနော်စိတ်မှာ လောကကြီးဟာ ထောက်တည်ရာမဲ့  သွားသလို ခံစားလိုက်ရပါတယ်။ ဘယ်လိုမှ ရပ်တည်လို့ မရ တဲ့  ဟင်းလင်းပြင်ကြီး ထဲ ကို ရောက်သွားသလို ပါပဲ ။ မှတ်မှတ်ရရ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ(၂၁) ရက်ပေါ့ ဗျာ။
....................................




ကျနော့်အမေဆုံးတာကို ကြားတော့ ကျနော့် တပည့် ကျော်တွေက အိမ်မှာမဏ္ဍပ်ထိုး လိုက်ကြတယ် ။ ကျနော့်အမလုပ်သူက သူ့ အိမ်မှာ တသက်လုံးနေသွားတာမို့  တလတည်း လာနေတဲ့ ကျနော့်အိမ်မှာ နာရေးမလုပ်ပါနဲ့ ဆိုပြီး လာနားပူပြန်တာကြောင့် ထပ်ပြီး စိတ်ဆင်းရဲ ရပြန်ပါတယ် ။ အမကြီး အမိအရာပဲလေ။ သူတို့ သာ စိတ်ချမ်းသာစေတော့  ဆိုပြီး လက်လျော့ လိုက်ရပြန်ပါတယ်။
အမေ့ အတွက် နောက်ဆုံးခရီးမှာ ကျနော်အကောင်းဆုံးလုပ်ပေးလိုက်နိုင်တာကတော့  အမေ့  ရက်လည်မှာ ကျနော်ကိုးကွယ်တဲ့  တိပိဋကဓရ ဆရာတော် ဦးသုမင်္ဂလ ရဲ့  တရားပွဲ ကျနော့် အိမ်ရှေ့ မှာ လုပ်နိုင်ခဲ့တာပါပဲ ။ ဆရာတော်ကတောင် ကျနော့်  သောကကို မကြည့်နိုင်လို့  ဘယ်တုန်းကမှ မကြားဘူးတဲ့  အသုဘ ရက်လည် တရားပွဲကို လာဟော ရှာပါတယ်။ ခင်ဗျားလည်း ကြားဘူးမှာပါ ၊ သက်တော် ၂၆ နှစ် ရဟန်းဝါ ခြောက်ဝါမှာ ပိဋကသုံးပုံ အောင်ခဲ့တဲ့ ဆရာတော်လေ ။
.........................
အမေဆုံးတဲ့ နေ့ က စပြီး အမေ အမြတ်တနိုးဝတ်တဲ့  ယောဂီရောင် ရှန်သား အကျီလေး တထည်နဲ့ အမေ့  ပါတိတ်လုံချည်တထည်ကို စိတ်ဖြေရာ အဖြစ် ကျနော့် ခေါင်းအုံးအောက် မှာ ထားအိပ်နေလို့  ဇနီးသည်တောင် ကျနော့် အခန်းထဲ မဝင်ရဲလောက်အောင် ဖြစ်ကုန်တယ်ဗျာ။ အင်း... ။ စိတ်စွဲလန်းမှုတွေပေါ့ ဗျာ။ အဲဒီ ယောဂီရောင် ဝမ်းဆက်ကို ကျနော် သွားကန်တော့ တုန်းက ဘာ အဝတ်အစားမှ ရွေးချယ် မဝတ်တတ်ခဲ့ တဲ့ အမေဟာ ချက်ချင်း ဝတ်ပြပြီး .. အမေနဲ့ လိုက်တယ် သားရဲ့ ၊ ဥပုပ်စောင့်ရင်း ဝတ်ရမယ် ဆိုတာ ကို ကျနော် မေ့မရလို့  ပေါ့ဗျာ။ ဒါနဲ့ ကျနော့်  ငယ်ဆရာတယောက် က လာနားချပြီး မရှိဆင်းရဲတဲ့  မိခင်အိုအရွယ်တွေကို မင်းအမေရဲ့ အဝတ်တွေ လှူလိုက်ရင် ပိုကောင်း ပါတယ် ဆိုမှ ဇာတ်လမ်း ဆုံးတော့ တယ် ဆိုပါစို့  ဗျာ။
အေးဗျာ။။ ဘာ ပကာသနမှ မမက်တဲ့ အမေ့ ကို မသေခင် သားတွေ မြေးတွေ တပြုံကြီးနဲ့  ခေတ်မှီ နောက်ဆုံးပေါ် ကားအစီးလေးငါးဆယ်လောက်နဲ့  ဧရာမ ပဉ္ဖင်းခံ ရှင်ပြုပွဲကြီး တခု သိန်းရာချီ အကုန်ခံပြီးလုပ်ပေးလိုက်အုံးမယ် ဆိုတဲ့  အိပ်မက်ကလည်း ပျက်ပြယ်သွားခဲ့  တယ်ပေါ့ ဗျာ။
အေးဗျ။ အမေနဲ့  ပတ်သက်လို့  ကျနော့်  စိတ်အစွဲက ပြင်းထန်လေသလား မသိဘူး။ အမေ ရှေ့ မှာ ပဉ္ဖင်းခံမယ်၊ တရားအားထုတ်မယ်လို့  ဆုံးဖြတ် ထား တာ ၊ အမေဆုံးသွားတော့ အခုထိတောင် ပဉ္ဖင်းမခံဖြစ်တော့ဘူးဗျာ။
တခုတော့  ကျနော့်စိတ်မှာ ဖြေသာသလို ရှိခဲ့ပါတယ်။ အမေ့ကို ကျနော် အစွမ်းကုန် ကုသခွင့် ရခဲ့လို့ ပါပဲ။ အမေ ဆုံးတော့  အမေအတွက် လိုရမယ်ရ ကျနော် ဝယ်ထားတဲ့  ဆေးမျိုးစုံ ။ ကိရိယာမျိုးစုံကို စီပြီး ချထားလိုက်တာ ခွန်ဆာလက်နက်ချတုန်းက စုပုံပြထား တဲ့ လက်နက်ပုံကြီးကိုတောင် ပြေး မြင်မိသလို ဖြစ်ရတဲ့ အထိဗျာ။
...................................
အမေဆုံးပြီး ရက်နှစ်ဆယ်လောက် ကြာတော့ အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းရဲ့  အဆောက်အဦး နဲ့ ပတ်သက်လို့ တချို့ လိုအပ်တာတွေ လေ့လာရအောင် အန်တီဆယ် နဲ့  ဘန်ကောက်ကို ထွက်ခဲ့ တယ်ဗျ။
(ဆက်လက် ရေးသားပါဦးမည်)

You received this email because you are subscribed to the real_time feed for http://mindinn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.