Friday, December 19, 2008

[Nine Nine SaNay] 1 New Entry: အသားမုန့်ညှင်းချဉ်ကြော်

အသားမုန့်ညှင်းချဉ်ကြော်


ဒီကိုပြန်ရောက်တော့ ပုံမှန်စား၊ ပုံမှန်အိပ်ဖြစ်တယ်။ ဒီတာချီလိတ်မှာက ကျွန်မ မစားဖူး၊ မမြင်ဖူးတဲ့ အစားတွေများတော့ ဘယ်ပြောကောင်းမလဲ (မပြောတော့ပါဘူး... ဝိတ်တိုးလာတဲ့အကြောင်း) ရှမ်းအစားအစာ၊ ထိုင်းအစားအစာ၊ အချို၊ အချဉ်၊ အစပ်တွေအားလုံး လုပ်နည်းမသိပေမယ့် စားနည်းကိုတော့ ကျွန်မကောင်းကောင်းသိတယ်။ နောက်ကြုံမှ ပုံတွေရိုက်ပြီး သွားရည်ယိုဖို့ တင်ပေးအုန်းမယ်းD

အခုကတော့ စားနေကြ ရိုးရိုးအိမ်ဟင်းလေး "အသား မုန့်ညှင်းချဉ်ကြော်" ကို ဘယ်လိုချက်သလဲလို့ မေးတာနဲ့ လူတိုင်းသိတဲ့၊ ကြိုက်တဲ့ အသားမုန့်ညှင်းချဉ်ကြော်ကို တင်လိုက်ပါတယ်။ လုပ်ရတာ လွယ်သလို စားလို့လဲကောင်းပါတယ်။

လိုအပ်တဲ့ အစာတွေက...

အသား (ဝက်၊ ကြက် .. ကြိုက်ရာ)
မုန့်ညှင်းချဉ် (ငရုတ်သီးနဲ့ အချဉ်တည်ထားတာဖြစ်ဖြစ်၊ ကြံမဆိုင်လို ငရုတ်သီး မထည့်တာပဲဖြစ်ဖြစ် ရတယ်)
ဂျင်း (ကြိုက်မှထည့်ပါ)
ငရုတ်သီးခြောက် (မရှိရင် အစို)

ပထမဆုံး အသားကို တောက်တောက်စင်းလိုက်တယ်။ (မစင်းဘဲ ပါးပါးလေးလှီးရင်လဲ ရတယ်) မုန့်ညှင်းချဉ်ကို တောက်တောက်စင်းပြီး ဂျင်းကို အမျှင်မျှင်လေး လှီးထားလိုက်တယ်။ ဆီပူရင် ငရုတ်သီးခြောက်ကို ပစ်ထည့်လိုက်၊ ငရုတ်သီး မဲသွားတဲ့အထိ ကြော်ပြီး ဂျင်းထည့်၊ အဲဒီနောက် အသားထည့်ပြီး ကြော်လိုက်တယ်။ အသားရရင် မုန့်ညှင်းချဉ်ထည့်ကြော်တယ်။ မုန့်ညှင်းချဉ်က ဆားပါပြီးသားဖြစ်တဲ့အတွက် ဆားလိုမလိုကို မြည်းကြည့်ပြီးမှ ထပ်ထည့်တယ်။ မုန့်ညှင်းချဉ်က ချဉ်တဲ့အတွက် အချိုမှုန့် ဒါမှမဟုတ် သကြားနည်းနည်း ထည့်ပေးရင် ပိုစားကောင်းသွားပါလိမ့်မယ်။


ဒါက အိမ်မှာချက်စားနေကြ ပုံစံပါ။ ဆိုင်မှာစားရင် အရောင်လှအောင် ခရမ်းချဉ်သီး၊ ကြက်သွန်နီတွေ ထည့်ကြော်ထားတာ တွေ့ရပါလိမ့်မယ်။ မုန့်ညှင်းချဉ်က နဂိုတည်းက ချဉ်ချဉ်လေးနဲ့ ထမင်းမြိန်စေတဲ့အမျိုးမို့ ဘယ်လိုပဲချက်ချက်၊ ဘယ်လိုပဲကြော်ကြော် စားလို့ကောင်းပါတယ်။ ကြံမဆိုင် ဟင်းချိုအဖြစ် ထိုဖူးဖြူ၊ ဝက်ရိုးတွေနဲ့ ဟင်းရည်ချက်လည်း သောက်ကောင်းပါတယ်။ ဒါကြောင့် ထမင်းမြိန်မြိန်စားကြဖို့ အသားမုန့်ညှင်းချဉ်ကြော်ကို စားကြစို့.... လို့ :D

နိုင်းနိုင်းစနေ စားသည်။

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.