Friday, December 19, 2008

[ပန်းခရမ်းပြာ] 1 New Entry: ဇန်န၀ါရီ ဒိုင်ယာရီ အတွက် ပန်ကြားလွှာ

ဇန်န၀ါရီ ဒိုင်ယာရီ အတွက် ပန်ကြားလွှာ

ဘလော့မှ ခွင့်တစ်လယူဘို့ ဖြစ်လာပြီ။ ရေးနေကျ ဖတ်စရာ၊ မှတ်စရာ၊ အများနှင့် ဆိုင်သော ပြည်သူ့ အကျိုးပြု စာပေ .... အဲ... အဲဒီလို ဘယ်သူကမှ မပြောပါဘူး ... ကိုယ့်ဘာသာ အထင်ကြီးထားတာ :D ... အဲဒီလို စာမျိုးတွေ ရေးတာကို တစ်လခန့် ရပ်နားပြီး Family Diary ကိုသာ ရေးဖြစ်ပါတော့မယ်။ ပို့စ်အသစ်တင်တာ လည်းကျဲမယ် ... ဘလော့ လည်တာတွေလည်း နည်းမယ် ဆိုတာကို ကြိုတင် ခွင့်ပန်ပါရစေ...။

ချစ်ဖေဖေ လေယာဉ် လက်မှတ်ရပါပြီ။ ဒီတနင်္ဂနွေမှာ စင်ကာင်္ပူကို ရောက်လာပါတော့မယ်။ အင်းစိန် G.T.I ကျောင်းသားဟောင်းတွေ ဖေဖေ့ကို သိပါလိမ့်မယ်။ ကျောင်းပျက်တဲ့ နှစ်မှာမှ ပင်စင်ယူတာ။ သိပ္ပံ၊ သင်္ချာ၊ အင်္ဂလိပ်စာ အစရှိတဲ့ ဘာသာတွေ သင်တဲ့ General ဌာနက ဌာနမှုးပါ။ ပထမနှစ်ကျောင်းသား အားလုံး သူ့တပည့် ဖြစ်ခဲ့ဘူးပါတယ်။


သူ့အတွက် စကာင်္ပူကို ဒုတိယ အကြိမ်ရောက်ခြင်း၊ သွားစရာ လည်ပတ်စရာ နေရာတွေ ကိုယ့်ထက်တောင် သိသေး။ နေ့တိုင်း အလုပ်ကဆင်းတာနဲ့ မိုးစုပ်စုပ်ချုပ်တဲ့ အထိ သူသွားနေတဲ့ နောက်ကို မှီအောင် လိုက်ရတော့မယ်။ ခုထဲက ကျန်းမာရေး ကောင်းအောင်နေ၊ သက်တောင့် သက်သာ စီးနှိုင်တဲ့ ဖိနပ် ရှာဝယ်ထား၊ ဒါက ကိုယ့် အတွက် ပြင်ဆင်မှုတွေ ...။

ဖေဖေ့ အတွက်က ... ဟမ်းဖုန်း တစ်လုံး၊ Pre-paid card နဲ့ Top-up တစ်လစာ လုပ်ထားတယ်။ အိပ်ယာခင်း တစ်စုံ၊ စောင်၊ မျက်နှာသုတ်ပုဝါ အသစ်ဝယ်။ ခုတင်ပါ ခင်းထားပြီးပြီ။

စောင်က အောက်ခံ အပြာရောင်မှာ လင်းပိုင်လေးတွေနဲ့ ... ပင်လယ်ထဲမှာ ငါးလေးတွေ ကူးနေသလိုပေါ့။ မျက်နှာသုတ်ပုဝါက အပြာ၊ ခေါက် ကုတင်ကလည်း အပြာနဲ့၊ အိပ်ယာခင်းက ပန်းရောင် ပေါ်မှာ အ၀ါပွင့်လေးတွေ ကြဲလို့။ အမြဲတမ်း မုဒုံ စောင်ကွက်ကြီးခင်း၊ ဂွမ်းစောင် အနီပွင့်ကြီး ခြုံနဲ့ ပြောမရတဲ့ ဖေ၊ ဒီတစ်ခါ စိတ်တိုင်းကျ သူ့အိပ်ယာ ကို ချယ်လှယ်လို့ ရပြီ။ သွားပွတ်တံ အသစ်လည်း အသင့်ရှိတယ်။ အ၀တ် အစားထည့်ဘို့ ဘီဒို အသေး နှစ်ကန့် ရှင်းထား ပြီးပြီ။ ကင်မရာလည်း အရန်သင့်ပဲ။

ကျန်နေတာတွေ ရှိသေးတယ်။ အိမ်ပေါ်မှာ စီးဘို့ ဖိနပ် တစ်ရံ၊ အောက်ခံကြွေပြားတွေက အေးလို့။ BUS MRT စီးဘို့ E-Z Link card ၊ Bus Guide စာအုပ် အသစ်။ မြေပုံစာအုပ်ကတော့ ရှိပြီးသား ၊ သူသောက်နေကျ Ovaltine ....။

ရောက်တဲ့ နေ့မှာ ကောင်းကောင်းလေး စားစေချင်သေးတယ်။ စနေနေ့ မနက်စောစော ဈေးသွားမယ်။ ဖေဖေက ၀က်သား အချိုချက်ဆို အရမ်းကြိုက်တာ၊ ၀က်သား သုံးထပ်သား ၀ယ်မယ်။ ကြက်ရိုး ၀ယ်မယ်။ ပုဇွန် နဲ့ အသီးအရွက်တွေလည်း ပါရဦးမယ်လေ။

တနင်္ဂနွေမှာ မနက် စောစောထ၊ ၀က်သား အချိုချက်ထားမယ်။ ခရီးပန်းလာလို့ ထမင်း မစားချင်ရင် Soup လောက်ပဲ သောက်လို့ရအောင် ကြက်ရိုးကို ဂျင်း၊ ကြက်သွန်ဖြူ၊ တရုတ်ဂေါ်ဖီချဉ်နဲ့ နှစ်နာရီလောက် ပြုတ်ထား၊ ပြီးရင် မုန်လာဥနီ၊ အာလူး၊ ဗူးသီး၊ မှို စတာတွေ နည်းနည်းစီထည့်၊ နောက်ဆုံးမှ ပုဇွန်ထည့် အသင့်ပြင်ထားလိုက်မယ်။ ထမင်း မစားချင်ရင် Soup၊ ပေါင်မုန့် မီးကင်၊ ကြက်ဥ အကာကြက်၊ ကော်ဖီနဲ့ ပြင်ပေးလို့ ရသေးတယ်။

လေယာဉ်က နေ့လည် နှစ်နာရီကျော်မှ ဆိုက်မှာ၊ သားသမီးတွေ ရန်ကုန် ပြန်လာမယ် ဆိုရင် အမြဲတမ်း အဖေက လေဆိပ်မှာ လေယာဉ် မဆိုက်ခင် တစ်နာရီ ကြိုရောက်နေတာ။ ဒီတခါ ကိုယ့်အလှည့်၊ ညီအစ်မ နှစ်ယောက် လေဆိပ်ကို စောဆင်း၊ မဂဇင်း စာအုပ်တွေ ယူသွား။ ဖတ်ရင်းစောင့် ကြရမှာပေါ့ ...။

Belt မှာ အိတ်ရွေးရင်း အားပါးတရ ပြုံးပြနေမဲ့ ဖေဖေ့ကို စိတ်ကူးထဲမှာ ပုံဖော် မြင်မိတယ်။

Welcome to your second home ပါ ဖေဖေ ...။

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.