အဖေပြောတဲ့ဘ၀အကြောင်း
တခါကဤသို့အဖေကပြောခဲ့ဘူးပါသည်။
သား.. ဘ၀ဆိုတာ တောင်ကြီးတတောင်တက်ရသလိုဘဲကွ။ တော်ကြီးက မြင့်လွန်းတော့ အပေါ်မှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ကောင်းတာတွေရှိတယ်ဆိုတာတော့ အကြမ်းဖျဉ်းသိကြတာပေါ့။
တောင်ခြေမှာ လူတွေ အများကြီးဘဲ။ အစုလိုက် အပြုံလိုက် လူအုပ်ကြီးက တောင်ပေါ်ကိုတက်ဖို့ကြိုးစားကြတယ်။
တချို့လူတွေကကံကောင်းတယ်။ တောင်တက်လမ်းနဲ့အနီးဆုံးမှာ ရောက်နေကြတယ်။ တချို့လူတွေကတော့ တောင်ခြေရောက်ဖို့ တောင် မိုင်အတော်ဝေးဝေးကျန်သေးတယ်။ လူတွေက တော့ အမျိုးစုံဘဲ သား။
တချို့လဲ တောင် အပေါ်မှာ ဘာရှိနိုင်သလဲဆိုတာကို တွေးတော်ကြံဆကြတယ်။
တချို့လဲ တောင် ပေါ်ကို ဘယ်လိုတက်ရင် အမြန်ဆုံးဖြစ်မယ်ဆိုတာ တွက်ချက်ကြတယ်။
တချို့လဲ တောင် ပေါ်ရောက်သွားကြတဲ့သူတွေ အကြောင်းကို ဂုဏ်ယူဝံကြွားစွာနဲ့ ပြောပြတတ်တယ်။
တချို့ကတော့ တောင် ပေါ်မှာ ဘာမှ မရှိဘူး။တက်လဲမထူးဘူး။ ပင်ပန်းတာဘဲတဲ့။
တချို့ကတော့ တောင်ပေါ်တက်ရင်း လိမ့်ကျရင် အကျနာမယ်တဲ့။ ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးမှန်းသိတဲ့။
အဲလို တွေးတော ဝေဖန်တဲ့သူတွေရှိသလို တကယ်တမ်းတောင်ကို တက်နေကြတဲ့သူတွေလဲ အများကြီးဘဲ။
တချို့လည်း ခြေလှမ်းမှန်မှန်တက်တယ်။ တချို့လည်း ခြေလှမ်းကျဲကျဲလှမ်းတယ်။ တချို့ကတော့ တခြားလူတွေကို ဖေးမတွဲကူ တက်တယ်။ တချို့လည်း တွန်းတွန်းထိုးထိုးနဲ့ ရှေ့ရောက်အောင်တက်တယ်။ တချို့ကတော့ ကိုယ့်ရှေ့ရောက်နေတဲ့ သူတွေ ခြေထောက်ကိုဆွဲကြတယ်။ တချို့လည်း အခြားသူတွေ ကျောကို လိုက်တွန်းတယ်။
တောင်တက်လမ်းတလျှောက်မှာ အနားယူစရာ စခန်းလေးတွေရှိတယ်။ တော်တော်များများကတော့ ပထမဆုံးတွေ့တဲ့ စခန်းလေးမှာဘဲနားလိုက်ကြတယ်။ ဆက်မတက်တော့ဘူး။ တောင်ခြေထက်စာရင် ပိုသာယာတယ်။ လေကောင်းလေသန့်ပိုရတယ်။
မြင်ကွင်းလှတယ်။ အဲဒီတော့ အဲမှာဘဲနေလိုက်တယ်။
တချို့လူတွေတော့ တောင်ထိပ်ကရှိတာကို လိုချင်တယ်။သိချင်တယ်။ အဲဒီတော့ဆက်တက်ကြတယ်။ တောင်ကမြင့်လေ လေကကြမ်းလေ။ ခရီးပန်းလေ ။ အန္တရာယ်များလေပေါ့။ အတော်များများလဲ အောက်ပြန်ဆင်းကြတယ်။ တချို့လဲ လမ်းလွဲ မျက်စိလယ်ကြပေါ့။ သက်လုံကောင်း ဇွဲကောင်း သတိကောင်းတဲ့သူတချို့တာ ခရီးရောက်ကြတယ်။ တခုတော့ ရှိတယ်သား။
တချို့လဲ အချောင်ကလေးနဲ့ အပေါ်တက်လာကြတဲ့သူတွေလဲ ရှိတယ်။ ကံကောင်းတယ်ဘဲဆိုမလားဘဲ။ သူတို့ရဲ့ ဘိုးဘွားတွေ ဖောက်ခဲ့တဲ့ လမ်းဟောင်းတွေ အပေါ် လျှောက်ရင်းနဲ့ သူများတွေလိုပင်ပင်ပန်းပန်းမရှိဘဲ အမြင့်ကိုရောက်လာခဲ့တယ်။ ခက်တာကတော့ သူတို့ဟာ အစက မစခဲ့ရတော့ ဒုက္ခတွေ့ရင် မခံနိုင်ကြဘူး။
ဒီလိုနဲ့ တောင်တက်စခန်းလေးတွေမှာ လူတွေကျန်ကျန်နေရင်းကနေ တောင်တက်သုတွေနည်းနည်းလာတယ်။ တောင်မြင့်လေ လူနည်းလေပေါ့။ ရူခင်းတွေ ပိုသာယာသလို လေလည်း ပိုပြင်းတာပေါ့။ ဒါပေမဲ့ ကြိုးကြိုးစားစားတက်ခဲ့သူတွေကတော့ ကျေနပ်ကြတာပေါ့။ ဟိုးတောင်ခြေကနဲ့ဘာမှမဆိုင်ဘူးလေ။ အရာရာဟာပိုလှ ပိုကောင်းတယ်လို့ထင်ကြတာပေါ့။
နောက်ဆုံးတော့ လူနည်းစုဟာတောင်ပေါ်ရောက်ကြတယ်။ တောင်ပေါ်ရောက်တော့ တောင်ပေါ်မှာ ဘာမှမရှိဘူး။ ပကတိဟင်းလင်းပြင်ကြီး။ တိတ်ဆိတ်နေတယ်။လေလည်းငြိမ်တယ်။ အားလုံးက ဘာမှ မရှိပေမဲ့ ကျေနပ်ကြတယ်။ တောင်အောက်ကို ပြန်ရောက်တော့ လူတွေက တောင်ပေါ်မှာ ဘာရှိလည်းလို့မေးရင် ဘာမှပြန်မဖြေကြဘူး။ ပြုံးပြီးဘဲနေတယ်။ သိချင်ရင်တက်ကြည့် တဲ့။
အဲဒီတော့ ငါသား ဘာဖြစ်ချင်သလဲဆိုတာ ကိုယ်ဘာသာစဉ်းစား။ တောင်အောက်မှာဘဲ လူတွေနဲ့ တွေးတော ငြင်းခုန်နေမှလား။ တောင်ပေါ်တက်ပြီး ဘာရှိသလဲ တက်ကြည့်မလား။ ဘယ်လိုအခြေအနေမျိုးမှာနေနေ ပေးဆပ်မူဆိုတာတော့ အနည်းနဲ့ အများရှိကြတာဘဲ။ ကိုယ်ဘာသာကိုယ်ဆုံးဖြတ်ပါ။ လူအများလိုဘဲနေမလား။ တောင်ပေါ်ကိုယ်တိုင်တက်ပြီးကြည့်မလား။
အောင်မြင်မူကိုဆုံးဖြတ်ပေးတာ သားဘယ်လိုကျင့်ကြံလုပ်ဆောင် တယ်ဆိုတာဘဲ။ ဘယ်လိုတွေးတယ်ဆိုတာမဟုတ်ဘူး။
ပျော်ရွှင်မူကိုဆုံးဖြတ်ပေးတာ သားဘယ်လိုတွေးတယ်ဆိုတာဘဲ။ ဘယ်လို လုပ်တယ်ဆိုတာမဟုတ်တာမဟုတ်ဘူး။
တွေးခေါ်ကြံဆောင်နိုင်ပါစေ။ ကျင့်ကြံလုပ်ဆောင်နိုင်ပါစေ။
You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.