Monday, December 22, 2008

[Public Health in Myanmar] 3 New Entries: ပျောက်ချင်ရင်

ပျောက်ချင်ရင်

(ဘလော့ခ်)တွေမှာ စာဝင်ရေးမိတာ မကြာသေးဘူး။ သူများတွေတော့ (ဘလော့ခ်)ကို ဘယ်လိုသဘောထားလေသလဲတာ့ မပြောတတ်ဘူး။ ကိုယ့်ဖါသာ ထင်တာလေးပြောရရင် ကူးစက်ရောဂါဘဲဗျ။ နောက်ပြီး ဆေးစွဲသလိုလဲ စွဲတတ်သေးတယ်။ အဟုတ်ပါ၊ ဆရာဝန်ဆိုတာ လူမြင်ရင် လူနာထင်နေတတ်လို့ ပြောတာမဟုတ်ဘူးနော်။

ကျွန်တော်အခုလောကထဲရောက်လာချိန်မှာ ကွန်ပြူတာဆိုတာ ပေါ်မလို့ရှိသေးတယ်။ စပြီး ကိုင်ဖူးချိန်မှာ (မော်နီတာ) တွေက အဖြူ-အမဲ။ ၂၈၆-၃၈၆ ဆိုတဲ့ခေတ်။ သင်ပြန်တော့ (ဒေါ့စ်)ကနေစရတာ။ (၀င်းဒိုး)က မပေါ်သေးဘူးလေ။ နောက်လူတွေသိမှာ မဟုတ်ဖူး။ အဲလိုရေးတာ ကြွားချင်လို့ "နောက်လူတွေ ငါတို့လောက်သိရှာမှာ မဟုတ်ဖူး"လို့ ဆိုချင်တာမဟုတ်ပါကြောင်း အလျင်စလို တောင်းပန်ပါရစေ။ လူဟောင်းတွေက ပညာတွင်းနက်ခဲ့သဗျ။ နောက်လူတွေက ခူးပြီး-ခတ်ပြီး အသင့်စားသုံးနိုင်လာကြတာ ဓမ္မတာပါ။ အခုလူတွေကလည်း နောက်လူတွေကို အဲလို ပြန်ပြောကြဦးမှာနော။

ကျွန်တော့်လုပ်ဖေါ်ကိုင်ဖက်တယောက်ရှိတယ်။ သူက နယ်စပ်မှာ အကြာကြီးနေခဲ့ပြီးမှ မြို့တက်လာတာ။ ကွန်ပြူတာလိုပစ္စည်းကိုလည်း တော်တော်နဲ့မထိဘူး။ ထိမဲ့ထိတော့လည်း အခု သူက(ဘလော့ခ်)ဆရာ ဖြစ်နေပြီ။ ကိုယ့်ဖါသာလည်း ဖွင့်ထား၊ သူများကိုလည်း လိုက်သင်ပေးနေရပြီ။ စွဲသလား မမေးနဲ့။ နေ့-ည (ဘလော့ခ်)ဖတ်-ရေး၊ မှေးချိန်၊ တွေးချိန်၊ စားချိန်၊ အဲ့သောက်ချိန်လောက်ပဲ ဘဲနားပုံရတယ်။ သူစွဲပြီး သိပ်မကြာပါဘူး၊ ကျွန်တော့်ကို ကူးပါလေရောဗျို့။

ဘာနဲ့တူလဲ သိလား၊ (တီဘီ)လိုဘဲ အနားက ခြောက်ပေအတွင်းရှိသူမှန်သမျှ လူကြီး-ကလေး အခမဲ့ဝေပေးနေတာမျိုး။ ကျွန်တော့်အနီးအနားမှာ နောက်တယောက်ကြတော့ သူ့ဖါသူတတ်နေပြီး၊ သူများကိုပြောပြ-သင်ပေးလေ့ မရှိဘူး။ တီဘီမှာလည်း အဲလိုအမျိုးအစားလည်းရှိတာကိုး။ သူများကို ကူးတတ်တာနဲ့ သူ့ဖါသာသူ ရောဂါခံနေရတာ နှစ်မျိုး။ သလိပ်စစ်လို့ ပိုးတွေ့သူနဲ့ ပိုးမတွေ့သူဆိုတဲ့ နှစ်မျိုးပေါ့။ Positive and Negative ခေါ်သလို Open Case and Close Case လို့လဲခေါ်ကြပါတယ်။

အဲဒီရောဂါက ဆိုးလို့ တကမ္ဘာလုံး နှိမ်နင်းရေးတွေလုပ်နေကြတာ ကြာပါပြီ။ ဆိုးတယ်ပြောတာက ကူးလို့၊ အဖြစ်များလို့၊ သေစေလို့ပါ။ ပိုဆိုးတယ်လို့ပြောနိုင်ပြန်ပြီဗျ။ အခုထိခေါင်းထောင်ဆဲ၊ ဘာလို့လဲဆိုတော့ ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲ ဖြစ်နေလို့ပါ။ ခေါင်းမာဆဲလည်းဖြစ်သေးတယ်။ ဘာလို့လဲဆိုတော့ ကုနေကြဆေးကို မမှုတော့၊ မဖြုံတော့လို့ပါ။ ကျွန်တော်နေတဲ့တိုင်းပြည်မှာ ရောက်နေကြတဲ့ ဒုက္ခသည်တွေထဲမှာ အဲလို ဆေးတွေပြီးတဲ့ရောဂါသည်တွေရှိနေတယ်။

ကျွန်တော့်ဆေးခန်းလေးကို လာပြသူတွေထဲမှာလဲ (တီဘီ)ရောဂါသည်အရေအတွက် တိုးတိုးလာတယ်။ တချို့ဆို မကြာခင်ကမှ တိုင်းပြည်ကနေပြေးလာရပြီး (တီဘီ)ဆေးပါတ်မစေ့သေးသူ ကလေး-လူကြီးတွေပါတယ်။ တချိန်ကဆိုရင် လူတယောက် ပိန်ခြောက်ခြောက်ဖြစ်နေ၊ ချောင်းလေးဆိုးနေရင် (တီဘီ)ကိုသံသယရှိခဲ့တယ်။ တကယ်တော့မဟုတ်ပါ။ လူကောင်ကြီးကြီး၊ ဆေးလိပ်မသောက်သူတွေ အကြောင်းတခုခုကြောင့်ဆေးစစ်လိုက်မှ အဆုပ်ထဲရေ၀င်နေတာတွေ့နိုင်တယ်။ ပေါင်ခြံတို့ လည်ပင်းတို့အကြိတ်ပေါ်တာသွားစမ်းမှ (တီဘီ)မှန်းသိရတယ်။ ဒါ့ကြောင့် မပေါ့ဘို့ အထူးလိုပါတယ်။

ကလေးတွေဖွါးပြီးတာနဲ့ ဘယ်ဘက်လက်မောင်းအပေါ်နေရာမှာ ထိုးပေးတာ (တီဘီ)ကာကွယ်ဆေးပေါ့။ (ဘီစီဂျီ)လို့ ခေါ်တာ။ သြကာသလောကကြီးထဲမရောက်ခင်၊ လူတွေနဲ့မထိမတွေ့ခင် ဦးအောင်လုပ်ပေးရတာပါ။ ဘာလို့လဲဆိုတော လူတောထဲမှာ ပိုးတွေရှိနေလို့၊ ပိုးနဲ့မတွေခင် ရောဂါပြီးစေမဲ့သတ္တိတွေ ကလေးကိုယ်မှာဖြစ်လာနှင့်အောင် ကာကွယ်ဆေးကို ထိုးပေးရတာပါဘဲ။ အကြံမကောင်းပါလား။ အရင်ကတော့ ကလေးတွေ ကလေးမျိုးစုံနဲ့ကစားရ-အတူနေရတော့မှာမို့ ကျောင်းမထားခင် တခါထပ်ထိုးရတယ်။ အခု မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကျောင်းမထားခင်ကတည်းက ကလေးတွေဟာ ပိုးရှိသူတွေနဲ့အတူ နေခဲ့ပြီးဖြစ်တာမို့ မထူးတော့တာပါ။

အခုဆိုရင် (တီဘီ)ရောဂါပြီးတယ်ဆိုတာကို သံသယရှိစရာတောင်ဖြစ်လာပြီ။ စောစောကရေးသလို ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲဖြစ်နေလို့ပါ။ ကာကွယ်ဆေးရဲ့သဘောက ရောဂါပိုးဝင်လာရင် ကိုယ်ထဲမှာ ဒီပိုးကိုတိုက်ဖျက်နိုင်စွမ်းတွေ အလိုလို ထွက်စေတာမို့ နောက်ထပ်ဝင်လာတဲ့ပိုးကိုပြန်ချဘို့ ကိုယ့်မှာခံနိုင်ရည်ရှိနေအောင်လုပ်ပေးရတာပါ။ ပိုးတမျိုးမျိုးကို ရောဂါအထိမဖြစ်စေဘဲ သူ့ပိုးအစွမ်းသတ္တိကလေးသာကျန်နေအောင် အဲဒီပိုးကို နှိပ်ကွပ်ပြီး၊ သေးသိမ်အောင် လုပ်ထားတာလေးကို ကာကွယ်ဆေးအဖြစ်ပေးရတာပါ။ BCG ထိုးလိုက်တဲ့နေရာလေးမှာ အနာလာဖြစ်တယ်မဟုတ်လား၊ အဲဒါ အဲဒီနေရာလေးမှာကွက်ပြီး (တီဘီ)ဖြစ်နေတာဗျ။ ဒါ့ကြောင့် ကလေးက နည်းနည်းကိုယ်ပူလာတာပေါ့။ အဲလိုဖြစ်နေတုံး ကလေးကိုယ်ထဲမှာ ဒီပိုးကို ပြန်ချမဲ့သတ္တိတွေက သူ့ဖါသာထွက်လာစေတော့တယ်။ အဲ့ နောက်တခါ (တီဘီ)ပိုးဝင်လာလို့ကတော့ ဒီသတ္တိက ပြန်ချနိုင်အောင် စီမံထားလိုက်တာပါဘဲဗျာ။ (အင်တီဘော်ဒီ)လို့မှတ်ရတာ အောက်တယ်၊ (အတွင်းအား)လို့မှတ်ဗျာ။

အတွင်းအားတွေနဲ့အစွမ်းကောင်းလှတဲ့ဇာတ်လိုက်တွေ ကြာတော့ ရိုးလာသလိုဘဲ ပိုးဆိုတဲ့ အကောင် သေးမွှားမွှားလေးတွေက ကိုယ်ထက်ငယ်တော့ ကိုယ့်ထက်လည်တယ်ဆိုတာမျိုးလို အခု (တီဘီ)ခေါင်းထောင်နေဆဲပါ။ လေကနေသယ်ပို့တဲ့နည်းဖြစ်လို့ လေထုပတ်ဝန်းကျင် သိပ်မကောင်းတဲ့နေရာမျိုးမှာ ကူးစက်တာပါ။ ရုပ်ပတ်ဝန်းကျင် မကောင်းတာမျိုးကလည်း ဆင်းရဲတာနဲ့တိုက်ရိုက်အချိုးကျတယ်။ ဆင်းရဲတော့ စီမံကိန်းလုပ်တာတွေက အညံ့စား-အပေါစားတွေဖြစ်တတ်တယ်။ စာရင်းဇယားကို အောင်မြင်နေပါတယ်၊ တိုးတက်နေပါတယ်ဆိုပြီး လိမ်ပြတာကြိုက်တဲ့ အုပ်ချုပ်ရေးစနစ်မျိုးပါ ရှိနေပြန်ရင် သွားပြီပေါ့။ (တီဘီ)ပိုးက သင်္ချာမတတ်လဲကူး၊ သင်္ချာမေဂျာလဲ ကူးတာကိုး။

ကျွန်တော်တို့ အဲလိုပညာမျိုးသင်ရချိန်မှာ အဲလိုခေတ်မို့ "ကူးစက်ရောဂါတွေသည် လူမှုစီးပွါးရေးမကောင်းပါသဖြင့် ပို၍ဖြစ်ရသည်"ဆိုတဲ့ကောက်ချက်ကို မချရဘူးတဲ့။ မခက်ဘူးလား။ နှိမ်နင်းရေးတွေ အောင်မြင်နေပါတယ်လို့ အစီရင်ခံစာမှာ ပြရတော့ (တီဘီ)က ရီတာပေါ့။ အဲဒါ ကျန်းမာရေး ရာဇ၀တ်မှုဘဲ။ ဘာလို့လဲဆိုတော့ အခုထိလူတွေကို ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲဖြစ်နေလို့ပါ။ အခြေအမြစ်ကို မသတ်နိုင်သရွေ့ ရောဂါဆိုတာ မပျောက်ပါ။
တင့်ဆွေ

Soft Drinks for Caution !!!

သတိထားသင့်သည့် အချိုရည်

နွေနေပူမှာ အပူဒဏ်ကို သက်သာစေပြီး၊ ရင်ကို လန်းဆန်း အမောပြေ သွားစေ နိုင်တာ ကတော့ အချိုရည် အေးအေးလေး တစ်ခွက် ပါဘဲ။ ကျွန်တော်တို့ အားလုံး soft drinks လို့ ခေါ်တဲ့ အချိုရည် အမျိုးမျိုး သောက်ဖူး ကြတယ်။ Pepsi, Coke, Sprite, Fantasy, Lemon Soda စသည်ဖြင့် Brand အမျိုးမျိုး အရသာ အဖုံဖုံနဲ့ လူတွေရဲ့ အကြိုက်ကို ဆွဲဆောင် ခဲ့ကြ၊ ဆွဲဆောင် နေကြဆဲ ဖြစ်ပါတယ်။

အဲဒီ ကျွန်တော်တို့ ကြိုက်တဲ့ အချိုရည် တွေက ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဖြစ်စေ နိုင်တယ် ဆိုတာ ကိုတော့ သတိ မပြုမိတဲ့ သူတွေ ရှိနိုင်မယ် လို့ ကျွန်တော် ထင်လို့ ဒီပို့စ်နဲ့ ဗဟုသုတ ဖြန့်ဝေ လိုက်ရ ပါတယ်။



ကြည့်ရတာ တော့ သောက်ချင်စရာ ကြီးပါဘဲ။ ဒါပေမယ့် ဒီအချိုရည် တွေထဲမှာ ပါတဲ့ အက်စစ်ဓာတ် ပမာဏကို ပြတဲ့ pH value တွေကို ကြည့်ကြည့် ရအောင် ... pH နည်းလေ အက်စစ်ဓာတ် ပြင်းလေ ဖြစ်ပါတယ်။


ဘက်ထရီတွေထဲမှာ ထည့်တဲ့ အက်စစ်ကို သိကြမယ် လို့ ထင်ပါတယ်။ pH တန်ဘိုး ၁ ရှိတဲ့ အက်စစ်ပြင်း မို့ မတော်တဆ အ၀တ်မှာ စင်သွားရင် ခဏ နေတာနဲ့ စားသွား ပေါက်သွားတာ ကြုံဖူးတဲ့ သူတွေ ရှိမှာပါ။ အခု ပြထားတဲ့ ဇယားအရ တချို့အချိုရည် တွေဟာ ဘက်ထရီ အက်စစ် နီးပါး ပြင်းတာ သတိထားမိ ပါလိမ့်မယ်။ ကဲ ... အချိုရည် တွေကို ကျွန်တော်တို့က အကြောဆေး သွင်းသလို ပိုက်နဲ့ မသွင်းကြ ပါဘူး။ သောက်ကြ ပါတယ်။ ဒါကြောင့် ခံတွင်းထဲမှာ ဘာဖြစ်နိုင်လဲ ကြည့်ကြ ရအောင်။

သွားတွေရဲ့အပေါ်ဆုံး အလွှာမှာ Enamel လို့ ခေါ်တဲ့ ကြွေလွှာနဲ့ ကာထားပြီး၊ ကယ်လ်စီယမ် နဲ့ ဖော့စ်ဖိတ် တို့ ပေါင်းထားတဲ့ Hydroxyapatite လို့ ခေါ်တဲ့ ဓာတ်ပေါင်း ဖြစ်ပါတယ်။ အဲဒီ ကြွေလွှာဟာ မာကြော လှပေမယ့် အက်စစ် ဓာတ်ကို မခံနိုင် ပါဘူး။ ဘက်တီးရီးယား ပိုးတွေက စားကြွင်း စားကျန် တွေကို ဖောက်လိုက်လို့ ထွက်လာတဲ့ အက်စစ် ဓာတ်ကြောင့် ပိုးစားပေါက်တွေ ဖြစ်ရ တယ်။ ဒါကို dental caries- သွားပိုးစား ရောဂါ လို့ ခေါ်ပါတယ်။ သွားရဲ့ ကြွေလွှာ ကို အရည် ဖျော်ပစ်နိုင်တဲ့ အက်စစ် ပြင်းအား critical pH က ၅.၅ ဖြစ်ပါတယ်။ အဲဒီထက် ပိုပြီး အက်စစ် ဓာတ်ပြင်းတဲ့ (pH ၅.၅ အောက် လျော့တဲ့) အရည်နဲ့ ကြာရှည် ထိတွေ့မယ် ဆိုရင် သွားကြွေလွှာဟာ ၊ အ၀တ်ကို အက်စစ် စားသလို စားခံရပြီး ပြုန်းတီး ရပါတယ်။ ပိုးစားတာ မဟုတ်ဘဲ ပြင်ပက အက်စစ် ဓာတ်ကြောင့် သွားကြွေလွှာ စားသွားပြီး အပေါက်တွေ ဖြစ်တာကို erosion - အက်စစ်ကြောင့် တိုက်စားခြင်း လို့ ခေါ်ပါတယ်။

ဆေးခန်းမှာ ဒီလို သွားပေါက် တွေနဲ့ လာပြကြတဲ့ သူတွေ မနည်းလှ ပါဘူး။ တချို့လည်း အပူ အအေး၊ အချို အချဉ် ထိရင် ကျဉ်လာမှ သိလို့ လာပြကြ ပါတယ်။ မှန်ထဲမှာ ကြည့်ကြည့်ရင် ပိုးစားသလို မဲမနေဘဲ၊ ကြွေသွားလွှာက ပြောင်ချောချောနဲ့ ချိုင့်ဝင် နေတာ တွေ့နိုင်ပါတယ်။ သိပ်ဆိုး လာရင် ကြွေလွှာအောက်က dentine လို့ ခေါ်တဲ့ ဆင်စွယ် နှစ်လွှာ အညိုရောင်ပေါ်ပြီး သွားတိုက်တံနဲ့ ခြစ်ကြည့်ရင် ကျဉ်တာကို ခံစားရ ပါလိမ့်မယ်။


အချိုရည်ကို ပုလင်းလိုက် သောက်တာ၊ ခွက်နဲ့ တမျှင်းမျှင်း မော့သောက်တာ တွေက သွားတွေနဲ့ အချိုရည် ကြာရှည် ထိတွေ့စေလို့ ပိုပြီး ဆိုး ပါတယ်။ Straw - ပိုက်နဲ့ စုပ်သောက်ပြီး မြန်မြန် မျိုချ ရင် သွားမှာ ထိခိုက်တာ နဲနဲ သက်သာပါတယ်။ ဒီနေရာမှာ အချိုရည်လို့ soft drink တွေကို ဦးစားပေး ပြောထား ပေမယ့်၊ ဒိန်ချဉ်တို့၊ သံပရာ ရည်တို့၊ grapes fruits ဖျော်ရည် တို့ စသည်ဖြင့် ဖျော်ရည် တွေဟာ လည်း pH တန်ဘိုး နိမ့်တဲ့ ထဲမှာ ပါပါတယ်။

ဖျော်ရည် မဟုတ်တဲ့ ကိုကာကိုလာ တို့လို ဘူးသွပ် အချိုရည် တွေရဲ့ နောက်ထပ် ဆိုးကျိုး ကတော့၊ သူတို့မှာပါတဲ့ phosphoric acid - ဖော့စ်ဖိုရစ် အက်စစ်နဲ့ carbon dioxide - ကာဘွန်ဒိုင် အောက်ဆိုဒ် ကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်တွေက အစာအိမ်ထဲ ရောက်တဲ့အခါ အစာခြေရည် ရဲ့ hydrochloric acid - ဟိုက်ဒြို ကလိုရစ် အက်စစ် အစာခြေတာ ကို ဟန့်တား တယ်။ ဒါကြောင့် အစာ မကြေတာ၊ ဗိုက်ထဲမှာ လေတွေ ပြည့်ပြီး ရင်ပြည့်ရင်ကယ်တာ ဖြစ်လာပါတယ်။ အစာခြေ လမ်းကြောင်းရဲ့ အက်စစ်ဓာတ်ကို ပိုများ စေတဲ့အတွက် အစာအိမ်၊ အူသိမ် ရောဂါ ရှိတဲ့ သူတွေ ပိုရှောင် သင့်ပါတယ်။

phosphoric acid က အရိုးတွေမှာ ရှိတဲ့ ထုံးဓာတ် - ကယ်လ်စီယမ် ကိုလည်း ဖျော်ထုတ် ပါတယ်။ ကြာရင် အရိုးပါး အရိုးပျော့ ဖြစ်စေပြီး၊ ဖျော်ထုတ် လိုက်တဲ့ ကယ်လ်စီယမ် တွေက ကျောက်ကပ်မှာ စုလို့ ကျောက်ကပ် ကျောက်တည် စေပါတယ်။

ဒါကြောင့် အချိုရည် တွေကို လျှော့ သောက်သင့်ပါတယ်။

ဗိုက်တာမင် စီ ဓာတ် ရတဲ့ အချဉ် သစ်သီး ဖျော်ရည် တွေကတော့ ကျန်းမာရေး အတွက် ကောင်းလို့ သောက်သင့် ပါတယ်။ သောက်တဲ့ အခါ ပိုက်နဲ့ မြန်မြန်စုပ် သောက်သင့် ပါတယ်။ သောက်ပြီးတာနဲ့ ရေနဲ့ ပလုတ်ကျင်း ပေးသင့် ပါတယ်။ ဂျပန် မှာတော့ Ocha လို့ခေါ်တဲ့ green tea လဘက်ရည် တွေကို ဘူးသွပ်၊ ပုလင်းသွပ်ပြီး ရောင်းတယ်။ နေရာတကာမှာ ၀ယ်လို့ ရတယ်။ ရေငတ်လည်း ပြေ၊ အိပ်ချင်လည်း ပြေ၊ ဥပါဒ်လည်း မဖြစ်ဘူး။ ကျန်းမာရေး အတွက် အထောက်အကူ ပေးတဲ့ ဓာတ်တွေပါတဲ့ green tea အကြောင်း အလျဉ်းသင့်ရင် ရေးပါဦးမယ်။

ကျန်းမာသုခ ပြည့်ဝကြပါစေ။

ဖတ်သင့်တဲ့စာညွှန်းများ..
Phosphoric acid in sodas nearly as damaging to teeth as battery acid
Diet soft drinks linked to health risks: study
Relationship between dental erosion, soft drink consumption, and gastroesophageal reflux among Icelanders

Genetic Diseases and Inheritance Patterns (1)


မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁)

မျိုးရိုး လိုက်သည့် ရောဂါများ ကို ဗီဇ (သို့) ခရိုမိုဇုမ်း တခုခု ချွတ်ယွင်းမှု ကြောင့် ဖြစ်သော ရောဂါများ ( Single gene or Chromosomal abnormality) နှင့် Complex Genetic Disease ဟုခေါ်သော ပတ်ဝန်းကျင်နှင့် ဘ၀ လူနေမှုပုံစံ ပေါင်းစပ်မှု ကြောင့် ဖြစ်သော ရောဂါများ အဖြစ် ၃ မျိုးတွေ့ နိုင်ပါသည်။ ဤပို့စ်တွင် ဗီဇတခုခု ချွတ်ယွင်းမှု ကြောင့် ဖြစ်သော ရောဂါများ အကြောင်းကို ပိုမို အသေးစိတ် ကျသည့် အမွေဆက်ခံပုံ ဥပမာ များဖြင့် တင်ပြ မည်ဖြစ်ပြီး Chromosomal disorder နှင့် Complex Genetic Diseases ကိုမူ ဒုတိယ ပိုင်းနှင့် တတိယ ပိုင်းတွင် ဆက်လက် တင်ပြ သွားမည် ဖြစ်ပါသည်။ မျိးရိုး ဗီဇ ဝေါဟာရ များနှင့် အခြေခံ သဘော တရား များကို ပိုမို ရှင်းလင်း လွယ်ကူစွာ နားလည် စေရန် မျိုးရိုး ဗီဇ မိတ်ဆက် ပို့စ်ကို ဖတ်ပြီးမှ ဤပို့စ်ကို ဖတ်ရန် အကြံပြုပါသည်။

Single gene disorder ဗီဇ တခုခုတွင် ချွတ်ယွင်းမှု ဖြစ်ခြင်း ကြောင့် ဖြစ်သော ရောဂါ

ဗီဇ တခုစီသည် ခရိုမိုဇုမ်း ထဲတွင် တိကျသော နေရာ၊ ပုံသဏ္ဍန် (Locus) ရှိပြီး ၎င်းတို့သည် သူ့ နေရာနှင့်သူ မဟုတ်ပဲ တစုံတရာ ချို့ယွင်း နေခြင်း ကြောင့် ဖြစ်ပါသည်။ အပင် တိရိစ္ဆာန် လူသား စသည့် သက်ရှိ တိုင်းတွင် အမျိုးအစား ကွဲပြားသည့် အလျောက် ခရိုမိုဇုမ်း အရေ အတွက်နှင့် ဗီဇ အစီစဉ် (Sequence) လည်း ကွဲပြား ပါသည် ။ လူသား ဆဲလ် တခုတွင် ခရိုမိုဇုမ်း ၄၆ ခု (သို့) ၂၃ စုံ ပါရှိပြီး ထိုအထဲ၌ ၁-၂၂ စုံ မြှောက်ထိ ခရိုမိုဇုမ်း များ အားလုံးကို Autosomes (သို့) Autosomal chromosomes များ ဟု ခေါ်ပြီး နောက်ဆုံး အစုံ ဖြစ်သည့် ၂၃ စုံမြောက် ခရိုမိုဇုမ်း ကို ကျား/မ (သို့) လိင်ခရိုမိုဇုမ်း (Sex chromosome) ဟု ခေါ်ပါသည်။ မျိုးရိုး ဗီဇ လက္ခဏာ များကို ထို ခရိုမိုဇုန်း များ အပေါ် မူတည်ပြီး လက်ဆက် ကမ်းပုံ ခြားနား ပါသည်။ ဗီဇ တခုခု၏ ပုံမှန် မဟုတ်သော အမွေ ဆက်ခံပုံ ကို ပုံ သဏ္ဍန် ၄ မျိုးဖြင့် တွေ့ရ ပါသည်။

(၁) Autosomal dominant disorder

၁-၂၂ စုံမြှောက် ခရိုမိုဇုန်း များ၏ ပုံမှန် မဟုတ်သော ဗီဇမှ ပုံမှန် ဖြစ်သော ဗီဇကို စိုးမိုး သောအခါ ရရှိပြီး ရောဂါ ရသော မိဘ တဦးဦး ဆီမှ သားသမီး များသို့ တိုက်ရိုက် ကူးစက် သောကြောင့် ကူးစက် ခံရသော သားသမီး တိုင်း၏ မိဘ တဦးဦးတွင် ရောဂါ ရှိရမည်။ ရောဂါ ရသူနှင့် ရောဂါ မရှိသူ လက်ထပ် သောအခါ သား သမီး များ၏ အရေအတွက် တ၀က် ခန့်တွင် ရောဂါ ရနိုင်ခြင်း၊ ရောဂါများသည် သား သမီး များတွင် ကျားမ သီးသန့် ရွေးမဖြစ်ပဲ နှစ်မျိုး စလုံးတွင် တူညီစွာ ကူးစက် နိုင်ပါသည်။ ရောဂါသည် မျိုးဆက် မခြားပဲ မျိုးဆက် တိုင်းတွင် ဖြစ်လေ့ ရှိပါသည်။ Huntington Disease နှင့် Neurofibromatiosis သည် ထင်ရှား သည့် Autosomal Dominant Disease များ ဖြစ်ပါသည်။

မျိုးရိုးဗီဇ လက်ဆက် ကမ်းသည့် ပုံစံ၌ ပုံမှန် အခြေအနေတွင် Hh (Heterozygous) သင်္ကေတ သည် ရောဂါ ရှိသူ၏ ဗီဇ မဟုတ်ပဲ သယ်ဆောင် သူ သာ ဖြစ် သော်လည်း ဤနေရာ၌ Autosomal Dominant အရ ပုံမှန် မဟုတ်သော ဗီဇ၀က် h သည် စိုးမိုး ဗီဇ ဖြစ် နေသော ကြောင့် Hh သည် ရောဂါ ရှိသည့် ဗီဇ ဖြစ်ပါသည်။ ရောဂါ ရှိသော ဗီဇပိုင်ရှင် Hh နှင့် ကျန်းမာ သည့် ဗီဇပိုင်ရှင် HH တို့နှစ်ဦး လက်ထပ်ပါက သား သမီး တ၀က်စီကို ကျန်းမာသူ နှင့် ရောဂါရသူ အချိုး ကျစွာ ရရှိပုံကို အောက်ပါ အတိုင်း တွက်ကြည့် နိုင်ပါသည်။

Autosomal Dominant ဗီဇ လက်ဆက် ကမ်းပုံကို တွက်ချက်ခြင်း



(၂) Autosomal Recessive

၁-၂၂ စုံမြှောက် ခရိုမိုဇုန်း များ၏ လက်ခံဗီဇ ခေါ် ငုတ်ဗီဇကို သယ်ဆောင်ထားသူ Heterozygous Carriers များ မှ တဆင့် ကူးစက်ခြင်း ဖြစ်သည် ရောဂါရ နေသည့် မိဘဆီမှ တိုက်ရိုက် ကူးစက်ခြင်း မဟုတ်ပါ။ Systic Fibrosis သည် ထင်ရှား သော Autosomal Recessive Disease တခု ဖြစ်သည်။ Autosomal Recessive ၏ လက္ခဏာများမှာ ရောဂါကို မိဘတွင် မတွေ့ရှိ နိုင်ပဲ အဖိုး အဖွား တဦးဦး နှင့် မွေးချင်း များ၊ တ၀မ်းကွဲ မောင်နှမ များ တွင်သာ တွေ့နိုင်ခြင်း ပြီး Autosomal dominant ကဲ့သို့ပင် ကျားမ မရွေး တူညီစွာ ဖြစ်နိုင် သော်လည်း ရောဂါသည် မျိုးဆက် တိုင်းတွင် မဖြစ်နိုင်ပဲ မျိုးဆက် ခြား၍ ဖြစ်လေ့ရှိပါသည်။ ရောဂါ ကူးစက် ခံရသော ကလေး၏ မိဘ နှစ်ပါး စလုံး သည် ရောဂါသည် များ မဟုတ်ပဲ ရောဂါ သယ်ဆောင်သူ များသာ ဖြစ်ပြီး ရောဂါ သယ်ဆောင်သူ နှစ်ဦး လက်ထပ်ခြင်း (Hh x Hh) ဖြင့် သားသမီး များ၏ ၂၅% ကို ရောဂါ ကူးစက် စေပါသည်။ အောက်ပါ ဇယားကို လေ့လာ နိုင်ပါသည်။

Autosomal recessive ဗီဇ လက်ဆက် ကမ်းပုံကို တွက်ချက်ခြင်း



Autosomal Recessive ရောဂါ (သို့) ဗီဇ တခုသည် လက်ဆက် ကမ်းမှုသည် ကြား ကာလတွင် လုံးဝ လက္ခဏာ မပေါ်ပဲ မျိုးဆက် သုံးလေးခုကြာ မှပြန်ပေါ်လာသည်များလည်း ရှိနိုင်ပါသည်။ မြန်မာပြည်တွင် အင်္ဂလိပ်ဝင်စားသည်ဟု ယုံကြည်ရသည့် အသားမဖြူမညို ဗမာမိဘနှစ်ဦးမှ မွေးဖွားလောသော Phenotype (အသွင်သဏ္ဍန်) အရ ရွေဝါရောင် ဆံပင်၊ မျက်လုံး ညိုပြာ၊ အသား ဖြူစပ်စပ် ကော့ကေးရှန်း ပုံ ဗမာများ ကို တွေ့ဖူး ပါလိမ့်မည်။ ထိုသူများသည် ဘာသာရေး အရ လူဝင်စားခြင်း ဖြစ်နိုင်သော်လည်း မျိုးရိုး ဗီဇအရ တကယ် စင်စစ်တွင် ဘိုးဘွား၊ ဘီဘင် လက်ထက်က အမွေ ပေးခဲ့သည့် ငုပ်ဗီဇ မရှိပဲနှင့် Asian စစ်စစ် ကနေ ကော့ကေးရှန်း စစ်စစ် လူသား ကို မွေးဖို့ မည်သို့မှ မဖြစ်နိုင်ကြောင်း ကို မျိုးရိုး ဗီဇ ဘာသာရပ် ကို လေ့လာခြင်း ဖြင့် သိနိုင် ပေသည်။ ထို့ကြောင့် ထို သူများ၏ ဘိုး၊ ဘွားဘီဘင် ထဲမှ တဦးဦး သည် အင်္ဂလိပ် လက်ထက်က အင်္ဂလိပ် တစ်ဦးဦး နှင့် အကြောင်းပါ သွေးနှောဖူးပြီး ယခင် မျိုးဆက် များတွင် ကော့ကေးရှန်း ဗီဇ ငုပ်နေ ၍ မပေါ်ပဲ မျိုးဆက် သုံးလေးခု ကြာမှ စိုးမိုး ဗီဇအဖြစ် ပြန်ပေါ် လာခြင်းသာ ဖြစ်ပါသည်။

(၃) Sex linked dominant and Sex linked recessive

လူသား ဆဲလ်၏ နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်း သည် ကျား မ လက္ခဏာ ကို ဖေါ်ဆောင်သည့် ခရိုမိုဇုန်း ဖြစ်သည်ကို သိရှိပြီး ဖြစ်ပါသည်။ ကျား ၊မ ခရိုမိုဇုန်း တွင် အမျိုးသား များသည် X နှင့် Y ဟူ၍ အမည် ပေးထားသော လိင် ခရိုမိုဇုမ်း နှစ်မျိုး စလုံး ပိုင်ဆိုင် သော်လည်း အမျိုးသမီး များတွင် X ခရိုမိုဇုမ်း သာ ရှိပါသည်။ ထို့ကြောင့် ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွား ရာ၌ ပထမ ဦးဆုံး သက်ရှိဆဲလ် Gamete ကိုဖွဲ့စည်းရာမှာ အမျိုးသမီး သည် X ခရိုမိုဇုန်းကိုသာ ထုတ်ပေး နိုင်ပြီး ထို X ခရိုမိုဇုန်းနှင့် ပေါင်းရန် အမျိုးသားဆီမှ X ခရိုမိုဇုန်း ရပါက (XX) သမီး မိန်းကလေး ကို ရရှိမည်ဖြစ်ပြီး Y ခရိုမိုဇုန်း ကို ရရှိပါက (XY) သား ယောက်ျားလေး ကို ရရှိမည် ဖြစ်ပါသည်။ ( မှတ်ချက် - မိမိ၏ ဇနီးမယားများအား သား ယောက်ျားလေး မမွေးပေး၍ အပြစ်တင်လေ့ရှိသော အမျိုးသားများ ဤအချက်ကို အလေးပေး မှတ်သား သင့်ပါသည်။)

ကျား၊မဆိုင်ရာ မျိုးရိုးဗီဇ ရောဂါ (Sex linked genetic disease) သည် Y ခရိုမိုဇုန်း မှ တဆင့် ကူးစက်ခြင်းမရှိပဲ X ခရိုမိုဇုန်း မှ တဆင့် သာ ကူးစက် လေ့ ရှိပါသည်။ Sex Linked Dominant လက်ဆက် ကမ်းမှုသည် မရှိ သလောက် ရှားပြီး Sex Linked recessive သာ ကျား၊မ မျိုးရိုး ဗီဇ၏ ပုံမှန် လက်ဆက် ကမ်းမှု ဖြစ်သည်။ ထို့ကြောင့် ရောဂါရ နေသော မိဘမှ တိုက်ရိုက် ကူးစက်မှု နည်းပါး ပါသည်။ ကျားမ ဗီဇ အမွေ ဆက်ခံမှုအရ အမျိုးသမီး များသည် ရောဂါ သယ်ဆောင်သူ များသာ ဖြစ်များပြီး လက္ခဏာ သည် အမျိုးသား များ တွင်သာ ပို၍ ပေါ်ပါသည်။ X ဗီဇ သည်သာ ရောဂါကို လက်ဆက် ကမ်းပြီး Y ဗီဇသည် ရောဂါကို မသယ်ဆောင် သောကြောင့် ဖခင်ဆီမှ X ဗီဇ ရရန်အကြောင်း မရှိ သောကြောင့် အဖေမှ သားများ ဆီသို့ လက္ခဏာ ကူးစက်ရန် လုံးဝ ဖြစ်နိုင်ပါ။ သို့သော်လည်း ရောဂါ ရှိသော ဗီဇကို သမီး အားလုံးမှာ သယ်ဆောင်သူ အဖြစ် ရရှိ ပါသည်။ ရောဂါ သယ်ဆောင် ထားသော မိခင်ဆီမှ ၅၀% သော သားများသို့ ကူးစက် နိုင်ပါသည်။ Colour blindness, Duchenne muscular dystrophy, clotting factor abnormality နှင့် Haemophilia စသည် တို့သည် ထင်ရှား သော Sex Linked Disease များ ဖြစ်ပါသည်။ အကယ်၍ ကျန်းမာ သည့် ဗီဇ H နှင့် ရောဂါ လက္ခဏာ h အဖြစ် သတ်မှတ်ပါက Sex Linked နှင့် ဆက်စပ် သည့် Genotype (ရှိရင်းဗီဇ) နှင့် Phenotype (ရုပ်သွင်လက္ခဏာ) ကို အောက်ပါ အတိုင်း တွေ့ရမည်။



ရောဂါရှိသော အဖေ XhY နှင့် ကျန်းမာသောအမေ XHXH ပေါင်းဖက်ခြင်း (XhY x XHXH)




သမီးအားလုံးတွင် ဖခင်ဆီမှ ရောဂါရှိသော X ဗီဇများကို ရရှိပြီး သားအားလုံးကျန်းမာနေသည်ကို တွေ့ရပေမည်။

ရောဂါသယ်ဆောင်သောအမေ XHXh နှင့် ကျန်းမာသောအဖေ XHY ပေါင်းဖက်ခြင်း (XHXh x XHY)



သမီး များသည် မိခင်ဆီမှ ရောဂါ ရရှိသော ခရိုမိုဇုန်းကို ရသော်လည်း ကျန်းမာသော တခြား X ခရိုမိုဇုန်း ကို ဖခင် များဆီမှ ရထား သောကြောင့် ရောဂါ တယောက်မှ မရနိုင် သည်ကို တွေ့ရပြီး သား နှစ်ယောက် အနက် တယောက်တွင် ရောဂါ ရနေသည်ကို တွေ့ရ သည်။ အထက်ပါ သင်္ကေတ များတွင် ရောဂါသယ်ဆောင်သော အမျိုးသားကို မတွေ့ရပဲ ရောဂါရှိသော အမျိုးသား ကိုသာ တွေ့ရ ပါသည်။ အကြောင်းမှာ အမျိုးသား များသည် X ခရိုမိုဇုန်းအား မိခင်များ ဆီကသာ ရရှိခြင်းနှင့် ရောဂါရှိသော X ဗီဇကို သမီးများဆီသာ လက်ဆက်ကမ်း နိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အမျိုးသား များသည် ရောဂါကို မိခင်ဆီမှသာ လက်ခံရရှိပြီး သမီးများဆီသို့သာ လက်ဆက် ကမ်းနိုင် ပါသည်။

ဆံပင်၏ သိပ်သည်းခြင်း သည် Sex Linked လက္ခဏာ တခုဖြစ်ပြီး အကယ် ၍ အမျိုးသား တဦးသည် အသက် အသက် ၃၀ ကျော် အသက် အရွယ်၌ နှဖူး ပြောင်ပါက ထိုဗီဇ ကို ဖခင် ဆီမှ ရသည်မဟုတ်ပဲ မိခင်ဘက်မှ တော်စပ်သည့် အဖိုး ဆီမှ ရရှိခြင်း ဖြစ်ပါသည်။ ထို အမျိုးသား သည် ထိုဗီဇအား ၎င်း၏သား သည် ထိုဗီဇကို ရရှိမည် မဟုတ်ပဲ သမီးမှ မွေးဖွား လာသည့် မြေးယောက်ျား တ၀က်ခန့်တွင် ထိုလက္ခဏာ တွေ့ရှိ နိုင်ပါသည်။

အချုပ် အားဖြင့် ရောဂါ သို့မဟုတ် ပုံမှန် မဟုတ်သည့် လက္ခဏာ တခုသည် များသော အားဖြင့် စိုးမိုး ဗီဇအဖြစ် Phenotype (ရုပ်သွင် လက္ခဏာ) တွင် ပေါ်မှသာ ရနိုင်ပြီး ၎င်း တို့သည် စိုးမိုးနေရာကို ရရန် ခဲယဉ်း သောကြောင့် အမွေ ဆက်ခံ ရရှိရန် အခွင့်အလမ်း အင်မတန် နည်းပါသည်။ ရောဂါ ရှိသော မျိုးဆက် ထဲမှ တ၀မ်းကွဲ၊ နှစ်ဝမ်းကွဲ (သို့) ဆွေမျိုး အချင်းချင်း ပြန် လက်ထပ်မှသာ ဖြစ်နိုင်ခြေ များပါသည်။ ထို့ကြောင့် မိဘ တွင် ရှိသော ရောဂါသည် သားသမီး များတွင် မလွဲမသွေ ဖြစ်နိုင်သည် ဟု မှတ်ယူ၍ မရနိုင်ပါ။ Chromosomal Abnormality နှင့် Complex Genetic disease ကို ဆက်လက် တင်ပြပါမည်။

You received this email because you are subscribed to the real_time feed for http://health.ngoinmyanmar.org/feeds/posts/default. To change your subscription settings, please log into RSSFWD.