Monday, December 22, 2008

[::Just Speaking Out Loud::] 2 New Entries: To Kill a Mockingbird

To Kill a Mockingbird



လွန်ခဲ့တဲ့ ၈နှစ်၊ ၉နှစ်လောက်တုန်းက မဒီ့ရဲ့ အင်္ဂလိပ်စာ ဆရာမက class assignment အနေနဲ့ To Kill a Mockingbird စာအုပ်ကို ဖတ်ခိုင်းခဲ့တယ်။ အစပိုင်းမှာတော့ ကျောင်းသားတွေ စာဖတ်အောင်ဆိုပြီးတော့ အရှေ့စာမျက်နှာတွေက အချက်အလက်တွေကို pop quiz ဖြေခိုင်းတော့ မဒီတစ်ယောက်ပဲ ဖတ်တဲ့အတွက် မဒီပဲ ဖြေနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ သူကလဲ အတန်းထဲမှာ အဲဒီ့ ရုပ်ရှင်ပြတော့ မဒီလဲ ဆုံးအောင် မဖတ်ဖြစ်တော့ဘူး။ အခုတော့မှ စိတ်ကူးပေါက်လို့ ဖတ်ချင်လာတာနဲ့ စာကြည့်တိုက်ကနေ ငှားဖတ်ဖြစ်တယ်။ အစပိုင်းမှာတော့ ငယ်ငယ်တုန်းကလိုပဲ ဖတ်ရတာ အရမ်းပျင်းဖို့ ကောင်းပေမယ့် အဲဒီ့အခန်းတွေကို ကျော်သွားတဲ့အခါမှာတော့ စိတ်ဝင်စားဖို့ကောင်းလာတယ်။

အဓိက ဇာတ်ကောင်ဖြစ်တဲ့ Scout က သူငယ်ငယ်က ဖြစ်ပျက်ခဲ့တာတွေကို သူ ၆နှစ်သမီးအရွယ်ကနေ စပြီးတော့ ပြောပြထားတယ်။ အဲဒီ့အချိန်တုန်းက သူ့အစ်ကို Jem ၁၀နှစ်အရွယ်ရှိပြီး သူနဲ့ အသက်လေးနှစ်ကွာပေမယ့် မောင်နှမနှစ်ယောက် အတူတူ ကစားခဲ့ကြတယ်။ သူတို့ရဲ့ အဖေ Atticus ကတော့ ရှေ့နေတစ်ယောက်ဖြစ်ပြီးတော့ သူတို့အဖေ မရှိချိန်မှာ အိမ်ဖော် Calpurnia က သူတို့တွေကို စောင့်ရှောက်ပေးတယ်။ နောက်တော့ သူတို့ဘေးအိမ်မှာ Dill ဆိုတဲ့ ကောင်လေးက နွေရာသီဆိုရင် အလည်ရောက်လာပြီး သူတို့သုံးယောက် အတူတူ ကစားခဲ့ကြတဲ့အထဲမှာ တစ်ခုကတော့ သူတို့အိမ်နားမှာ နေထိုင်တဲ့ Boo Radely အကြောင်းပဲ။ အဲဒီ့သူက အိမ်မှာပဲ နေပြီး အပြင်လုံးဝမထွက်တော့ တစ်မြို့လုံးကက သူနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေ မျိုးစုံပေးကြပြီး ကလေးအများက သူ့ကို ကြောက်ရွံ့ကြတယ်။ နောက်တော့ သူတို့တွေက အဖေဖြစ်သူ တားမြစ်ထားတဲ့ကြားက Boo Radely ကို မြင်တွေ့ရဖို့ ကြိုးစားခဲ့ကြတယ်။ နောက်တော့ သူတို့မောင်နှမကို Boo က လက်ဆောင်ပစ္စည်းတွေ သစ်ပင်တစ်ပင်က အပေါက်ထဲမှာ ချန်ချန်ထားပေးခဲ့တဲ့ နောက်ပိုင်း သူတို့က Boo ကို မနှောင့်ယှက်ကြတော့ဘူး။

တဖြည်းဖြည်းနဲ့ သူတို့မောင်နှမနှစ်ယောက် အရွယ်ရောက်လာကြတဲ့အခါမှာ Jem က အရင်လို Scout နဲ့ မဆော့တော့ပဲ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။ လူ့လောကအကြောင်းကို တဖြည်းဖြည်း ပိုမိုနားလည်ဖို့ သူတို့တွေ ကြိုးစားနေတဲ့အချိန်မှာ တစ်မြို့လုံးမှာ အကြီးမားဆုံး အမှုတစ်မှုကို တရားရုံးမှာ စစ်ဆေးခဲ့တယ်။ အဲဒီ့အမှုမှာ တရားခံဘက်ကနေ ရှေ့နေ့အဖြစ် Atticus က လိုက်တဲ့အတွက် သူ့အပေါ် လူအများက အမြင်မကြည်ကြပဲ သူ့ကလေးတွေကပါ လူအများ စောင်းမြောင်းပြောဆိုတာကို ခံခဲ့ကြရတယ်။ အမှုကတော့ မုဒိန်းမှုဖြစ်ပြီး တရားခံအဖြစ် စွပ်စွဲခံရတဲ့ Tom Robinson က လူမည်းတစ်ယောက် ဖြစ်နေတာနဲ့ပဲ သူဟာ တရားခံပါလို့ လူအများက သတ်မှတ်ကြတယ်။ တကယ်တော့ သူက မတရားစွပ်စွဲခဲ့ရတာဖြစ်ပြီး သက်သေ အထောက်အထားတွေ ကို Atticus က ပြသနိုင်ပေမယ့်လဲ လူမျိုးရေးခွဲခြားစိတ်ရှိတဲ့ လူတွေကြောင့် တရားခံကို သေဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီ့အဖြစ်အပျက်ကြောင့် Scout နဲ့ Jem တို့နှစ်ယောက်စလုံး အမှား၊အမှန် မခွဲခြားပဲ လူမျိုးရေး ခွဲခြားစိတ်ရှိတဲ့ လူတွေရဲ့ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ စိတ်ဓါတ်တွေ အကြောင်းကို မျက်မြင်တွေ့ကြုံခဲ့ကြတယ်။ အဲဒီ့အပြင် တရားလိုရဲ့ ဖခင်က Atticus ကို မကျေနပ်တဲ့အတွက် သူ့ကလေးနှစ်ယောက်ကို သတ်ပစ်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကိုသူပဲ ဓါးထိုးမိပြီး သေသွားခဲ့တယ်။ အဲဒီ့အခါမှာ ဒဏ်ရာတွေနဲ့ မေ့လဲနေတဲ့ Jem ကို အပြင်မထွက်ပဲ အိမ်ထဲမှာပဲ နေလေ့ရှိတဲ့ Boo Radley က ပွေ့ချီပြီး အိမ်ကို ပို့ပေးခဲ့တယ်။ Scout ကလဲ အဲဒီ့တော့မှ အိမ်ထဲကနေ သူတို့မောင်နှမနှစ်ယောက်ကို တစ်ချိန်လုံး စောင့်ကြည့်လာခဲ့တဲ့ Boo ရဲ့ ခံစားချက်တွေကို ကိုယ်တိုင် ခံစားလာခဲ့တယ်။

ဝတ္ထုရဲ့ နာမည်ဖြစ်တဲ့ To Kill a Mockingbird ဆိုတာက သူတစ်ပါးကို ဒုက္ခမပေးပဲ နေတဲ့သူကိုမှ ဒုက္ခပေးဖို့သူတွေမှသာ ကြီးမားသော အပြစ်ကို ကျူးလွန်ကြသူဖြစ်ကြောင်းကို Tom Robinson နဲ့ Boo Radley တို့ကို mockingbird နဲ့ ခိုင်းနှိုင်းပြီးတော့ နာမည်ပေးထားတာပါ။ ဒီဝတ္ထုကို ဖတ်ပြီးတော့ Microsoft Encarta မှာ ပါတဲ့ book summary ကိုပါ ဖတ်ပြီးတဲ့နောက်မှာတော့ ဘာရည်ရွယ်ချက်နဲံ စာရေးသူက ရေးသားခဲ့တာကို ရှင်းရှင်းလင်းလင်း နားလည်တော့တယ်။ လွန်ခဲ့တဲ့ ၈နှစ်လောက်ကသာ ဖတ်ခဲ့ရင်တောင် အခုလောက် နားလည်လိမ့်မယ်လို့ မထင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ အရင်တုန်းက ကြည့်ခဲ့ဖူးတဲ့ အဖြူအမည်း ရုပ်ရှင်ကိုလဲ ပြန်ကြည့်ချင်တယ်။

ပထမဆုံးနှင့် နောက်ဆုံးနေ့များ


တက္ကသိုလ်တစ်ခုမှာ (နာမည်တော့ မဖော်ပြတော့ပါဘူး) အင်္ဂလိပ်စာ ဒီပလိုမာ သင်တန်းတက်ခွင့်ရတဲ့ ကျောင်းသား ၆၄ယောက်ထဲမှာ မဒီနဲ့ မဒီ့သူငယ်ချင်းတို့လဲ ပါကြတယ်။ အောင်စာရင်းထွက်ဖို့ သွားကြည့်တိုင်း မထွက်သေးဘူးလို့ပဲ ပြောတာခံရပြီး တကယ်တမ်း သွားကြည့်ဖြစ်တဲ့အခါမှာတော့ ကျောင်းစဖွင့်တဲ့နေ့ဖြစ်နေတာနဲ့ တစ်ခါတည်းပဲ ကျောင်းတက်လိုက်တယ်။ ကျောင်းသားတွေက အကုန်လုံး မလာကြပါဘူး။ တစ်ချို့က ဗုဒ္ဓဟူးနေ့မှ ဖွင့်မယ်လို့ ထင်ထားကြတယ်။ မဒီ့သူငယ်ချင်းတောင် မဒီဖုန်းဆက်မှ ကျောင်းဖွင့်မှန်း သိတာ။

ပထမဆုံးနေ့ကတော့ စာသိပ်မသင်ပါဘူး။ ဆရာမတစ်ယောက်လာတိုင်း တစ်ယောက်ကို တစ်ယောက် မိတ်ဆက်နေရတာနဲ့ပဲ အချိန်တွေက ကုန်သွားတယ်။ သုံးခါလောက် ကိုယ့်ကိုယ့်ကို မိတ်ဆက်ပြီးတဲ့နောက်မှာတော့ မဒီလဲ နောက်ထပ်တစ်ခါ မိတ်ဆက်ချင်စိတ်တောင် မရှိတော့ဘူး။ ကျောင်းသားတွေက အကုန်လုံးက အင်္ဂလိပ်စာ မေဂျာသမားတွေ မဟုတ်ကြတာများတော့ သူတို့ရဲ့ မိတ်ဆက်စကားပြောသံတွေကို နားထောင်ပြီး ကလေးတွေကို စာမသင်ချင်တော့ပဲ လူကြီးတွေပဲ စာသင်ရင်ကောင်းမလား စဉ်းစားမိလာတယ်။

ဆရာမတွေ အကုန်လုံးက အရမ်းကို ချစ်ခင်လေးစားဖို့ကောင်းတဲ့ ကျောင်းစည်းကမ်းတွေကိုပဲ ထပ်ခါထပ်ခါ ပြောပြောနေတော့ အလွတ်တောင် ရလုနီးပါးဖြစ်သွားတယ်။ စည်းကမ်းတွေမှာက မလုပ်ရမှာတွေက ပိုများတယ်။ ဟိုဟာ မလုပ်နဲ့၊ ဒီဟာ မ၀တ်နဲ့၊ ဒီလို မနေရဘူး စသည်ဖြင့်ပေါ့။ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ အ၀တ်အစားတွေပဲ ၀တ်ရမယ်လို့ ပြောတဲ့အပြင် ဘယ်လို အ၀တ်အစားမျိုး မ၀တ်ရဘူးဆိုတာကအစ အတိအကျ ပြောပြပါတယ်။ မြန်မာ့ယဉ်ကျေးမှုဆိုတာက လူအများ သတ်မှတ်ထားတဲ့ ပုဆိုး၊ ထမိန် တွေကို ပြောတဲ့အပြင် တီရှပ်မ၀တ်ရ၊ လက်မှာ အပေါက်ပါတဲ့ အကျီမျိုး မ၀တ်ရ စတာတွေပါ ပါပါတယ်။ ဆရာမတစ်ယောက်ကတော့ ပွင့်ပွင့်လင်းလင်းပဲ - "မိန်းကလေးတွေ ထားပါတော့၊ ယောင်္ကျားလေးတွေမှ ဘောင်းဘီဝတ်ခွင့်မရှိရင် ဒီဘောင်းဘီတွေက ဘယ်သူဝတ်ဖို့ ထားတာလဲ"။

စည်းကမ်းတွေထဲမှာ အ၀တ်အစား အပြင် ကျောင်းပျက်တာ၊ နောက်ကျတာ စတာတွေပါ ပါတယ်။ ကျောင်းကိုလဲ ပျက်ရင် ဘာကြောင့်ပျက်လဲဆိုတာကို ရှင်းပြရမယ်။ တစ်နေ့မှာ ခြောက်ချိန်ဆိုတော့ ခြောက်ချိန်စလုံးမှာသာ ရှင်းပြနေရရင် မလွယ်ဘူး။ နောက်ကျရင်လဲ ဆူကြတယ်။ အဲဒါကတော့ တကယ့်ပြသနာပဲ။ မဒီတက်နေတဲ့ မနက်ပိုင်းသင်တန်းက မနက် ကိုးနာရီမှ ပြီးတော့ ကျောင်းကို ဘယ်လိုနည်းနဲ့မှ ကိုးနာရီ အရောက်မလာနိုင်ဘူး။ စောစောထွက်ရင်တောင် ဘယ်လိုမှ မဆင်မပြေဘူး။ တက္ကစီစီးမှပဲ ရမယ်။ နေ့တိုင်းသာ စီးနေရမယ်ဆိုရင် မွဲရချီရဲ့။

အကြောင်းပြချက်တွေလဲ မပေးနဲ့တဲ့၊ မလိုချင်ဘူးလို့ ပြောတယ်။ အကြောင်းပြချက်ကလဲ ဘယ်လိုလုပ် ပေးလို့ရမလဲ။ ပညာရေးဝန်ကြီးဌာန လက်အောက်က မည်သည့်တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းတို့တွင် တက်ရောက်နေသူမဟုတ်ကြောင်း လက်မှတ်ထိုးရတယ်။ သွားပြောလိုက်မှ နှစ်ဖက်သင်တန်းကနေ အထုတ်ခံနေရမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။ ကိုယ်က အိပ်ရာထ နောက်ကျလို့ ကျောင်းချိန်မမှီလို့ အဆူခံရရင် ထားတော့၊ ကိုယ်က ပညာလိုချင်လို့ လာတက်ခါမှ သင်တန်းကြောင့် နောက်ကျလို့ အဆူခံရတာမျိုးလဲ မဒီ မခံချင်ဘူး။ ပြီးတော့ ကိုယ်တစ်ယောက်ထဲ အဆူခံရမှာလဲ မဟုတ်ဘူး။ ဆရာမတွေပါ မဆီမဆိုင် ၀ိုင်းဆူခံထိမှာ။ နောက်ကျတာ များလာရင်လဲ လွယ်မှာမဟုတ်တော့ဘူး။ အခု မနက်သင်တန်းမှာက နောက်ကျလဲ နည်းနည်းပါးပါးပဲ ဆူတယ်။ ဆူပြီးရင်လဲ အားလုံးက အေးအေးဆေးဆေး ပြန်ဖြစ်သွားကြပြန်ရော။

အတန်းချိန်မှာလဲ ကျောင်းအပ်နေလို့ ၀င်လာတာ နောက်ကျရင်လဲ မကြိုက်ကြဘူး။ ကျောင်းအပ်တဲ့နေရာကလဲ နေ့လည် ၂နာရီကျော်တာနဲ့ ပိတ်သွားတော့ သူတို့တွေ ကျောင်းမှာ ဆက်ရှိနေရင်တောင် မလုပ်ပေးကြတော့ ကျောင်းပြီးမှ အပ်လို့ကလဲ မရ၊ ထမင်းစားချိန်မှာပဲ ရတဲ့အချိန်လေးမှာ တန်းစီပြီး သွားအပ်ကြရတာပေါ့။ မဒီကတော့ အစကတော့ အပ်မလို့ပါပဲ။ ဒါပေမယ့် အခုတော့ မတက်တော့ဘူးလို့ပဲ ဆုံးဖြတ်လိုက်တယ်။ ကျောင်းအပ်ထားပြီးမှ ကျောင်းနားထားရင်တော့ နောင် တက်ချင်တဲ့အခါ ပြန်တက်နိုင်ပေမယ့် မဒီ့မှာ တက်ဖို့အချိန်ရှိမယ် မထင်တော့ပါဘူး။ အခုတက်နေတဲ့ မနက်သင်တန်းပြီးရင်လဲ အမ်အေဆက်တက်မှာဆိုတော့ နှစ်နှစ် လောက် ထပ်ကြာဦးမှာ။ ပြီးရင်တော့ အလုပ်ခွင်ပဲ ပြန်ဝင်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ကျောင်းနားမယ်ဆိုရင် ပိုက်ဆံသွင်းရမှာဆိုတော့ မတက်ဖြစ်ရင် နှမျောစရာကြီး။ အခုတောင် စာအုပ်ဖိုးနဲ့တင်ပဲ တစ်သောင်းကုန်သွားပြီ။

သုံးရက်ပဲ ကျောင်းတက်လိုက်ရပေမယ့် သင်ခန်းစာတော့ ရသွားခဲ့ပါတယ်။ အဲဒါကတော့ ဘယ်အချိန်မဆို ပြုံးနေဖို့ပါပဲ။ အရင်ကဆိုရင် ကျောင်းအုပ်က မဒီ့ကို ပြုံးပြုံးလေး မနေလို့ ခဏခဏ ပြောတယ်။ တကယ်တော့ ပြုံးနေတဲ့မျက်နှာက မျက်နှာသေကြီးနဲ့ friendly မဖြစ်တာထက်စာရင် ပိုကြည့်လို့ကောင်းတယ်။ ကိုယ့်ကျောင်းသားတွေကိုလဲ ဆရာမကို ကြောက်လန့်နေရတဲ့သူတွေမျိး မဖြစ်စေချင်ဘူး။ လေးစားတာ လေးစားတာ ပါပဲ။ ဒါပေမယ့် အချင်းချင်း ခင်မင်ရင်းနှီးမှုရှိပြီး ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ရင် ပိုကောင်းပါတယ်။ ပြီးတော့ ကျောင်းသားတွေကိုလဲ အတန်းထဲမှာ ပိုမို interaction ရှိဖို့လဲ လုပ်ရမယ်။ တစ်ခုခု မေးလိုက်ရင် မပြောရပဲ ဆွံအနေတာမျိုးလဲ မဖြစ်အောင် သတိထားရမယ်။ အဲဒါက အတန်းတစ်ခုမှာ အရမ်းကို အရေးပါပါတယ်။ ရှက်တာက ရှက်တာပေါ့နော်။ ဒါပေမယ့်လဲ ကိုယ့်ဘက်က ဘာမှ participate မလုပ်ရင် သင်ခန်းစာကို ဘယ်လို ဆက်သွားရမှာလဲ။ ပြီးတော့လဲ ယောင်္ကျားလေးတွေနဲ့ စုထိုင်ရမှာကိုပဲ အရမ်းကို စွန့်စားရသလိုမျိုး လုပ်နေရမျိုးလဲ ရှောင်ရှားသင့်တယ်။ မဒီကတော့ စိတ်ကလဲ ခပ်မြန်မြန်ဆိုတော့ ကြည့်ရင်းနဲ့တင်ပဲ နည်းနည်း အမြင်ကပ်ချင်လာတယ်။

You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.