Monday, December 22, 2008

[ဆုံဆည်းရာ] 8 New Entries: ဥရောပသမဂ္ဂက စာနာထောက်ထား အကူအညီအဖြစ် ယူရို သန်း ၄ဝ ခွဲ မြန်မာကို ပေးမည်

ဥရောပသမဂ္ဂက စာနာထောက်ထား အကူအညီအဖြစ် ယူရို သန်း ၄ဝ ခွဲ မြန်မာကို ပေးမည်

မဇ္ဈိမ-ဆော်လမွန်၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ ယူရို သန်း ၄ဝ ဒဿမ ၅ နီးပါးရှိသည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီအဖြစ် မေလအတွင်းက မြန်မာနိုင်ငံ အနောက်တောင်ပိုင်းရှိ နာဂစ်မုန်တိုင်းထိ ဒုက္ခသည်များကို အထူးသဖြင့် ရည်ရွယ်ကာ ကူညီသွားမည်ဟု ဥရောပ ကော်မရှင်က ယမန်နေ့က ပြောဆိုလိုက်သည်။

ဆိုင်ကလုန်မုန်တိုင်း ဘေးသင့်သူများအတွက် ယူရို သန်းပေါင်း ၂၂ သန်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် ပြည်တွင်းရှိ အကူအညီ လိုအပ်သူများအတွက် ယူရို ၁၈ သန်းခွဲကို ပေးအပ်ကူညီမည်ဟု ဘရပ်ဆဲလ်ရှိ ဥရောပကော်မရှင်က ပြောသည်။

ဥရောပသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်နာ လူးရစ် မစ်ချယ်က "မုန်တိုင်းထိခံရတဲ့ ဧရာဝတီတိုင်းအတွင်းမှာ လူသားချင်းစာနာတဲ့ အကူအညီလုပ်ငန်းတွေမှာ အာဏာပိုင်တွေနဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုက တိုးတက်မှု ရနေပါတယ်" ဟု ပြောသည်။

ကူညီမှုအသစ်သည် အစိုးရမဟုတ်သော အဖွဲ့များ၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့မှတဆင့် ပေးအပ်သွားမည် ဖြစ်ကာ၊ အနည်းဆုံး လူဦးရေ ၂ သန်းအတွက် အထောက်အကူ ဖြစ်စေရန် တွက်ချက်ထားသည်။

"ကော်မရှင်က အလားတူပဲ နိုင်ငံထဲက တခြားနေရာတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုနဲ့ အထောက်အကူ ပြုမှုတွေကို ဆက်လုပ်သွားမှာပါ" ဟု မစ်ချယ်က ပြောသည်။

မြန်မာပြည်အနောက်ပိုင်းရှိ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ ရှိနေသည့် မူဆလင် ရိုဟင်ဂျာများအတွက်လည်း ရန်ပုံငွေ ရှာဖွေသွားရန် ရည်ရွယ်ချက်ရှိပြီး၊ သူတို့သည် အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းနှင့် နိုင်ငံသားအဖြစ် ငြင်းဆန်ခြင်း အပါအဝင် စစ်အာဏာပိုင်များ၏ ဖိနှိပ်မှုများကို ရင်ဆိုင်နေရသည်ဟုလည်း ဥရောပသမဂ္ဂက ပြောသည်။

"မြန်မာပြည် အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်ထဲက မေ့လျော့ခံနေရတဲ့ အရေးတကြီး အခြေအနေတွေအတွက် အထူးတလည် စိုးရိမ်မိပါတယ်။ အဲဒီနေရာမှာ မူဆလင် ရိုဟင်ဂျာ ၈ သိန်းလောက်ဟာ ကြောက်မက်ဖွယ် အခြေအနေတွေကြားမှာ နေနေရပါတယ်" ဟု မစ်ချယ်က ပြောသည်။

ဥရောပသမဂ္ဂသည် အစောပိုင်းက ရန်ပုံငွေ ယူရို ၁၇ သန်း ထောက်ပံ့ကူညီခဲ့ရာတွင် အမိုးအကာ၊ ရိက္ခာ၊ ရေ၊ သန့်ရှင်းရေးဆိုင်ရာများ၊ ကျန်းမာရေး၊ အာဟာရ၊ ကာကွယ်ရေးနှင့် သန့်ရှင်းသန့်ပြန့်ရေး ဆိုင်ရာများ၊ ကျန်းမာရေး၊ အာဟာရ၊ ကာကွယ်ရေး စသည်တို့အတွက် အသုံးပြုခဲ့သည်။ ဥရောပသမဂ္ဂက ဆိုင်ကလုံး နာဂစ်အရေး ကူညီထောက်ပံ့မှု အသစ်နှင့်ဆိုပါက စုစုပေါင်း ယူရို သန်းပေါင်း ၃၉ သန်းရှိပြီ ဖြစ်သည်။

နိုင်ငံအတွင်း ဆိုင်ကလုန်နာဂစ် ကျရောက်ခဲ့သည်မှာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လုံလောက်သော အကူအညီများ ထောက်ပံ့ရန် လိုအပ်နေသူများ ယနေ့ထက်တိုင် ရှိနေသေးကြောင်း သုံးပွင့်ဆိုင်အဖွဲ့ဖြစ်သည့် TCG က ပြောသည်။ TCG တွင် အရှေ့တောင်အာရှ နိုင်ငံများ၊ မြန်မာစစ်အစိုးရနှင့် ကုလသမဂ္ဂတို့ ပါဝင်ဖွဲ့စည်းထားပြီး ဆိုင်ကလုန်မုန်တိုင်း ကျရောက်ရာ ဒေသများတွင် ကယ်ဆယ်စောင့်ရှောက်ရေး အခြေအနေများကို ပြန်လည်သုံးသပ်သည်။

"ကယ်ဆယ် စောင့်ရှောက်နိုင်တဲ့ အနေအထားက မလုံလောက်သေး၊ မပြီးစီးသေးပါဘူး။ အကူအညီတွေဟာ အခုထက်ထိ လိုအပ်နေဆဲပါ။ အထူးသဖြင့် အာဟာရရှိတဲ့ အစားအစာတွေနဲ့ အမိုးအကာတွေမှာပါ" ဟု TCG က သောကြာနေ့တွင် ကြေညာချက် ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။

TCG လေ့လာသုံးသပ်ချက်တွင် ၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အတွင်း ဧရာဝတီနှင့် ရန်ကုန်တိုင်းအတွင်း နေရာဒေသ ၁ဝ၈ ခုအတွင်း အိမ်ထောင်စု ၂၃၇၆ ကို ကူညီခဲ့သည်။ သူတို့သည် ယာယီ အမိုးအကာများ၊ အစားအသောက်များနှင့် ရေပြတ်လပ်မှုကို ရင်ဆိုင်နေရကာ ဖျားနာကြသူများ ရှိသလို၊ ဝမ်းရောဂါကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း TCG သုံးသပ်ချက်က ပြောသည်။

ကုလသမဂ္ဂက ဆိုင်ကလုံး ဘေးဒဏ်သင့်သူများအတွက် အမေရိကန်ဒေါ်လာ ၄၈၃ သန်း အကူအညီပေးရန် မေတ္တာရပ်ခံလင့်ကစား၊ ၆၄ ရာခိုင်နှုန်းခန့်ဖြစ်သည့် ဒေါ်လာ ၃ဝ၄ သန်းသာ ရရှိခဲ့သည်။

၂ဝဝ၈ ခုနှစ် မေလ ၂-၃ ရက်နေ့များတွင် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်မှုကြောင့် လူဦးရေ သန်းပေါင်း ၂ ဒဿမ ၄ သန်း ထိခိုက်မှုရှိခဲ့ပြီး၊ အနည်းဆုံး လူဦးရေ တသိန်းသုံးသောင်းမှာ ပျောက်ဆုံး၊ သေဆုံးခဲ့ရသည်။

ဆိုင်ကလုန်းမုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်ခံရသည့် လပွတ္တာမြို့နယ် အတွင်းရှိ ပြောင်းရွှေ့ကျေးရွာ ဝါးကုန်းကျေးရွာ အနီးတွင် ဆားလုပ်ငန်း လုပ်ကိုင်သူ ရွာသားတဦးက အထောက်အပံ့များသည် ဖြေးညင်းစွာ ရရှိနေသည်ဟု ဆိုသည်။

"အထောက်အပံ့ အကူအညီတွေဟာ ကျနော်တို့ နေရာတွေထက် ပိုမရပါဘူး။ ပြီးခဲ့တဲ့ ၁ဝ ရက်လောက်တုန်းက နောက်ဆုံးတခေါက် အကူအညီ လာပါတယ်" ဟု လူတဦးလျှင် ဆန် ၅ ကီလိုဂရမ် အကူအညီပေးမှုနှင့် ပတ်သက်ပြီး စီးပွားရေးသမား တဦးက ပြောသည်။

အလုပ်သမားများကလည်း သာမန်လုပ်ခ ငွေကြေးထက် ပိုမို တောင်းဆိုနေပြီး၊ စီးပွားရေးလုပ်ငန်း ဆက်လက် လုပ်ကိုင်ရန်မှာမူ သူတို့အနေဖြင့် အကြီးအကျယ် ခက်ခဲနေသလို၊ မြစ်ချောင်းကမ်းပါးအနီး အလုပ်လုပ်ရေးအတွက် စိတ်ဓာတ်ရေးရာအားဖြင့် ကြောက်လန့်နေကာ မုန်တိုင်းကြောင့် လုပ်သားအများအပြား သေဆုံးခဲ့သည်ဟု သူက ပြောသည်။

"စီးပွားရေးကို အောင်အောင်မြင်မြင် ထပ်လုပ်ဖို့ဆိုရင် ကျနော်တို့မှာ ငွေတွေ လိုအပ်နေတယ်။ ဒါမှလည်း အလုပ်သမားတွေကို ကျနော်တို့က ပေးနိုင်မှာ" ဟု သူက ပြောသည်။

ဆိုင်ကလုန်း မတိုက်ခတ်ခင်က အလုပ်သမားများကို ကျပ်ငွေ ၂ သောင်းသာ ပေးရသော်လည်း၊ ယခုအခါ ၈ သောင်းမှ တသိန်း အကြား တောင်းနေသည်ဟု သူက ပြောသည်။

အစိုးရက တဧကလျှင် ချေးငွေ ၃ သိန်းပေးသော်လည်း သတ်မှတ်ထားသည့် ၃ နှစ်အတွင်း ပြန်ဆပ်နိုင်ရေးအတွက် စိုးရိမ်နေရသည်ဟု သူက ပြောသည်။

ကျေးရွာများကို အကူအညီပေးသည့် အေဂျင်စီအချို့ ရှိနေသော်လည်း လူဦးရေ အများအပြားအနက် အနည်းငယ်သာ ရရှိသော်လည်း ရွှေ့ပြောင်းကျေးရွာများအတွက်မူ အကူအညီ တစုံတရာ မြင်တွေ့ရခြင်း မရှိကြောင်း သူက ပြောသည်။

"ယာယီအိမ်လေးတွေနဲ့ ဒီမှာနေကြတဲ့ လူတွေကို နေရောင်အောက်မှာ နေရဖို့အရေး အရမ်းကို ခက်ခဲတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ အိမ်အတွက် ပစ္စည်းပစ္စယတွေနဲ့ အစားအသောက် အထောက်အပံ့တွေ ဆက်ပြီးတော့ လိုအပ်နေတယ်" ဟု ဒေသခံ ရွာသားတဦးက ပြောသည်။

မြန်မာအစိုးရ ရွေးကောက်ပွဲ ဥပဒေကို လွတ်လပ်ရေးနေ့တွင် ကြေငြာဖွယ်ရှိ

မဇ္ဈိမ-မုံပီး၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံ၏ နောက်တဆင့်အနေဖြင့် မြန်မာစစ်အစိုးရသည် 'ရွေးကောက်ပွဲ ဥပဒေ' ကို မကြာမီ ကြေငြာမည် ဖြစ်သည်။ အဆိုပါဥပဒေတွင် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ ဖွဲ့စည်းရေးအတွက် သတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များ ပါဝင်မည် ဖြစ်သည်။

ဘန်ကောက် အခြေစိုက် သတင်းစာဆရာတဦးနှင့် မြန်မာ့ရေးရာ ကျွမ်းကျင်သူဖြစ်သည့် လာရီဂျေဂင် (Larry Jagan) ၏အဆိုအရ စစ်အစိုးရသည် 'ရွေးကောက်ပွဲ ဥပဒေ' ကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလဆန်းတွင် ကြေငြာဖွယ်ရှိပြီး၊ အဖြစ်နိုင်ဆုံးမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်သော ဇန်နဝါရီလ ၄ ရက်နေ့ ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာစစ်အစိုးရက အထွေထွေ ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည်ဟု ကြေငြာထားပြီး၊ အစိုးရသစ်အတွက် ကိုယ်စားလှယ်များကို ရွေးချယ်ပေးမည်ဖြစ်ကာ၊ ယင်းတို့ထဲတွင် အရပ်သား အနည်းငယ်လဲ ပါဝင်မည် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့် အနေနှင့် စစ်အစိုးရသည် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲပြီးပြီဖြစ်ပြီး၊ မြန်မာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နောက်ဆုံး အတည်ပြုချက်ရယူ လက်မှတ်ရေးထိုးရန် လိုနေသေးသည့် အတွက် ဤသို့ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု စစ်ဘက်နှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြောပါသည်။

"ကျနော် (ကျနော့် သတင်းရပ်ကွက်တွေဆီက) သိသလောက် ရွေးကောက်ပွဲဥပဒေကို ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေငြာပါလိမ့်မယ်" ဟု မြန်မာနိုင်ငံအကြောင်း သတင်းအများအပြား ရေးသားခဲ့သူ ဝါရင့်သတင်းစာဆရာ က မဇ္ဈိမကို ပြောပါသည်။

အမည်မဖော်လိုသူ သတင်းရပ်ကွက်က ပြောကြားရာတွင် စစ်အစိုးရသည် ယင်းဥပဒေကို ဒီဇင်ဘာလ နှောင်းပိုင်း သို့မဟုတ် ဇန်နဝါရီလဆန်းပိုင်းတွင် ကြေငြာမည်ဟု ဆိုသည်။ သို့သော် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် လိုအပ်သော အခြေခံ ဆောင်ရွက်စရာ လုပ်ငန်းများ လုပ်ဆောင်ပြီးကြောင်း သူတို့ ယုံကြည်စိတ်ချရမှသာ စစ်အစိုးရက ထိုဥပဒေကို ကြေငြာမည်မှာ သေချာလှသည်ဟု ဆိုပါသည်။

လာရီဂျေဂင် အပါအဝင် လေ့လာသုံးသပ်သူများကမူ စစ်အစိုးရသည် ဤ 'ရွေးကောက်ပွဲဥပဒေ' ကို လာမည့် ရွေးကောက်ပွဲတွင် သူတို့ အထက်စီးရရေး သေချာစေရန်အတွက် အသုံးချမည်ဟု ယုံကြည်နေကြပါသည်။ ယင်းရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် အတိုက်အခံပါတီများ အားလုံးကို ချည်ပြီးတုပ်ပြီး ရှိနေစေရန်လည်း လုပ်ဆောင်ထားမည် ဖြစ်သည်။

"ဖြစ်နိုင်တာက ဝင်ပြိုင်ချင်တယ်ဆိုရင် NLD ကို ဝင်ပြိုင်ခွင့်တော့ပေးမယ်၊ ဒါပေမဲ့ ဒီလိုပြောလို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ပြောတာတော့ မဟုတ်ပါဘူး" ဟု ဂျေဂင်က ပြောသွားပြီး၊ ဤပါတီကို မလှုပ်မရှားနိုင် ဖြစ်နေအောင် လုပ်ထားဘို့ သေချာသည်ဟုလည်း သူက ဆက်လက် ပြောဆိုသွားပါသည်။

သို့သော် NLD ကမူ သူတို့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်နှင့် ပတ်သက်၍ ယခုထိ ဆုံးဖြတ်ချက် မချရသေးပါ။

"ကျနော်တို့ ဒါကို ဆုံးဖြတ်မှာပါ၊ ဒါပေမဲ့ ကျနော်တို့အထင် အခုလုပ်ဘို့က သိပ်စောလွန်းနေပါသေးတယ်" ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။ NLD အနေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ရွေးကောက်ပွဲဥပဒေ ကြေငြာခြင်း အပါအဝင် တိုးတက်မှုများ ရှိသည်ကို မြင်တွေ့လိုကြောင်း၊ ယင်းနောက်မှာသာ အခြေအနေကိုကြည့်၍ စဉ်းစားမည်ဖြစ်ကြောင်း သူကပြောပါသည်။

သို့သော် အချို့သော ပုဂ္ဂိုလ်များကမူ NLD အနေနှင့် ဝင်မပြိုင်ဘဲ နေပါက အမြော်အမြင်နည်းရာ ရောက်ကြောင်း၊ ပါတီကို ဝင်ပြိုင်ရန် အားပေးတိုက်တွန်းမှုများ ပြုလုပ်နေကြသည်ဟု ဆိုပါသည်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော အဖွဲ့တခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ) ၏ ခေါင်းဆောင် ကိုအေးလွင်ကမူ NLD နှင့် အခြား အတိုက်အခံအဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲဝင်မှသာ အမြော်အမြင်ကြီးရာ ကျမည်ဖြစ်ပြီး အစိုးရသစ်ကိုလည်း ဒီမိုကရေစီစနစ်သို့ သွားရာအဆင့်တဆင့် အနေဖြင့် လက်ခံသင့်ကြောင်း ပြောသွားပါသည်။

"ဒီမိုကရေစီဆိုတာ ညတွင်းချင်း ရနိုင်တာ မဟုတ်ဘူးဗျ၊ ဒါကြောင့် ရသမျှလေးနဲ့ တဖြေးဖြေးချင်း သွားရမှာဘဲ" ဟု ကိုအေးလွင်က ပြောပါသည်။

ကိုအေးလွင်က သူ့အဖွဲ့သည် ယခုအခါ မဲဆွယ်လုပ်ငန်းများ လုပ်ဆောင်နေပြီး၊ နိုင်ငံရေး ပါတီတခုအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ဝန်ခံ ပြောကြားခဲ့ပါသည်။ သူ့အနေဖြင့် ရွေးကောက်ပွဲသည် 'လွတ်လပ်မျှတ' မည်ဟု ယုံကြည်နေပြီး၊ ရလာမည့် ရလဒ်သည်လည်း မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်နှင့် တဆင့်ပို၍ နီးကပ်သွားစေမည် ဖြစ်သည်ဟု ပြောကြားပါသည်။

လာရီဂျေဂင်ကမူ ကိုအေးလွင်ကဲ့သို့ မဟုတ်ဘဲ စစ်အစိုးရ၏ အကြံအစည်သည် ၁၉၉ဝ ရွေးကောက်ပွဲတုံးကလို နောက်တကြိမ် မကြုံတွေ့ရေး ဖြစ်သည်ဟုဆိုသည်။ အဆိုပါ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ၏ ပြယုဂ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD က အပြတ်အသတ် အနိုင်ရခဲ့ပါသည်။

NLD ကို သူတို့ ရွေးကောက်ပွဲဝင်ခွင့်တော့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုပြောလို့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့တော့ ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်ဘို့ ပိုများတာက သူတို့က အနှောင့်အယှက်ပေးတာ၊ ဟန့်တားတာတွေ လုပ်မှာဘဲ။ ပြဿနာ လုပ်နိုင်တယ်လို့ ထင်တဲ့လူတွေကိုလဲ ဖမ်းမှာဘဲ" ဟု လာရီဂျေဂင်က ပြောသွားပါသည်။

ကြံ့ဖွံ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ဖွယ် မရှိ

မဇ္ဈိမ-မုံပီး၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ အကဲခတ်နှင့် လေ့လာသူ အများအပြား မျှော်လင့်ထားသကဲ့သို့ မဟုတ်ဘဲ စစ်အစိုးရ၏ လက်ကိုင်တုတ် အဖွဲ့အစည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) သည် လာမည့် ၂ဝ၁ဝ ရွေးကေက်ပွဲတွင် နိုင်ငံရေး ပါတီတရပ် အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဘဲ ယင်းကို စစ်အစိုးရက ဖျက်သိမ်းရန် ပြင်ဆင်နေသည်ဟု စစ်ဘက်နှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောပါသည်။

ဤအဖွဲ့၏ လူထုကြား ပုံရိပ်မကောင်းခြင်းကြောင့်၊ အထူးသဖြင့် ယမန်နှစ်က ဖြစ်ပွါးခဲ့သော သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား နှိမ်နင်းရာတွင် ပါဝင်ခဲ့ရမှုကြောင့် စစ်အစိုးရ အကြီးအကဲ နှင့် ဤအဖွဲ့၏ နာယကကြီးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခင်စီစဉ်ထားသည့် ဤအဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲပြီး၊ ရွေးကောက်ပွဲ ဝင်စေမည့် အစီအစဉ်ကို နောက်ဆုံးတွင် ပယ်ပျက်ရန် ဆုံးဖြတ်ခဲ့ကြောင်းဖြင့် အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။

"USDA ဟာ ၂ဝဝ၉ မှာ ရှိမှာ မဟုတ်တော့ပါဘူး" ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်က ပြောကြားသွားခဲ့ပြီး၊ ဤ အဖွဲ့၏ အဖွဲ့ဝင်များကို အခြားအမည်များဖြင့် နိုင်ငံရေး ပါတီများ ဖွဲ့စည်းရာတွင် အသုံးပြုသွားမည်ဟုလည်း ဆက်လက် ပြောကြားသွားခဲ့ပါသည်။

USDA က သိပ်နာမည်ပျက်နေပြီ၊ နိုင်ငံတကာမှာလည်း ရာဇဝတ်မှု မှတ်တမ်းတွေ ရှိနေပြီ။ ဒါကြောင့် ဒီနာမည်ကို မသုံးတော့ဘို့ ဒီအစည်းအဝေးမှာ သူတို့ ဆုံးဖြတ်လိုက်တာ" ဟု မကြာသေးခင်က ပြီးစီးသွားခဲ့သော နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သည့် ၄ လပတ် အစည်းအဝေးကို ရည်ညွှန်း ပြောကြားသွားပါသည်။

ဘန်ကောက်အခြေစိုက် အလွတ်သတင်းစာဆရာ လာရီဂျေဂင်ကလည်း USDA ကို နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲ၍ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခိုင်းဖွယ် မရှိကြောင်းနှင့် အထက်ပါ အမြင်နှင့် တထပ်တည်း ပြောကြားသွားပါသည်။

"ကျနော့် သတင်းရပ်ကွက်တွေ အဆိုအရတော့ USDA နာမည်နဲ့ နိုင်ငံရေးပါတီတခု ထောင်မှာမဟုတ်ဘူး" ဟု ဂျေဂင် က ပြောသွားပြီး၊ ဤအဖွဲ့၏ ထီးရိပ်အောက်တွင်၊ ယင်း၏ ဘဏ္ဍာရေး အထောက်အပံ့ဖြင့် အနည်းဆုံး နိုင်ငံရေးပါတီ ၃ ခု ကို ဖွဲ့စည်း တည်ထောင်ဖွယ် ရှိသည်ဟု ဆိုလိုက်ပါသည်။

"ဒါပေမဲ့အခုကတော့ အမျိုးမျိုး ခန့်မှန်းပြောနေကြတာဘဲ။ ဘယ်သူမှ သေချာမသိပါဘူး" ဟုလည်း သူက ဆက်လက် ပြောပါသည်။

မူလက လူမှုရေးအသင်းဟု ပြောဆိုဖွဲ့စည်းခဲ့သော ထိုအဖွဲ့တွင် အဖွဲ့ဝင် ပေါင်းသန်းပေါင်းများစွာ ရှိသည်ဟု စစ်အစိုးရက ပြောဆိုနေပြီး၊ ဤအဖွဲ့ကို မကြာသေးခင် နှစ်များအတွင်း အတိုက်အခံ အင်အားစုများအား တိုက်ခိုက်နှိမ်နင်းရာတွင် လက်နက်တခု အနေဖြင့် အသုံးချခဲ့ပါသည်။

ထို့ပြင် ဤအဖွဲ့သည် တရုပ်၊ ဗီယက်နမ် နိုင်ငံတို့နှင့်လည်း ဆက်ဆံရေးများ ထူထောင်ထားရှိပြီး၊ တရားဝင် အပြန်အလှန် လည်ပတ်မှုများ ပြုလုပ်ခဲ့ပါသည်။

ဤကြံ့ဖွံ့ အဖွဲ့ကို စစ်အစိုးရက ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် စတင် ထူထောင်ခဲ့ပါသည်။ ၂ဝဝ၇ ခုနှစ်က တရားဝင် ထုတ်ပြန် ကြေငြာချက်အရ ဤအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၂၄ သန်း ရှိသည်။ သို့သော် အများစုကမူ အထက်အရာရှိများ၏ အမိန့်ကို မလွန်ဆန်နိုင်၍သာ ဤအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ကြရကြောင်း ဝန်ခံ ပြောကြားကြပါသည်။

"အစိုးရထုတ် သတင်းစာတွေမှာ USDA အကြောင်းသတင်းတွေ ဖော်ပြထားတာ မတွေ့ရဘူး၊ ရန်ကုန်မှာ USDA ဝတ်စုံတွေ ဝတ်ပြီး သွားလာနေတာလဲ မတွေ့ရဘူး" ဟု မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းတွင် နေထိုင်၍ အခြေအနေများကို အကဲခတ် စောင့်ကြည့်နေသူ အကဲခတ်တဦးက ပြောပါသည်။

စစ်အစိုးရသည် တနိုင်ငံလုံး ပါဝင်ဖွဲ့စည်းသည့် နိုင်ငံရေး ပါတီမျိုးထက် ဒေသဆိုင်ရာ နိုင်ငံရေးပါတီများ ဖွဲ့စည်းရန် ပိုမို စိတ်အားထက်သန်နေသည်ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်က ပြောပါသည်။

"သူတို့ (စစ်အစိုးရ) လိုချင်တာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်) ကို ဘေးဖယ်ထုတ်ထားနိုင်ဘို့ဘဲ" ဟု အဆိုပါ သတင်းရပ်ကွက်က ဆက်လက် ပြောကြားပါသည်။

လာရီရေဂင်၏အဆိုအရ စစ်အစိုးရက ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးပါမည်ဟု ပြောဆိုနေသော်လည်း ထိန်းသိမ်းခံ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်ကိုမူ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပေးဖွယ် မရှိကြောင်း၊ ဤရွေးကောက်ပွဲကို အနိုင်ယူရန် သံန္နိဌာန်ချ လုပ်ဆောင်နေရာ၌ သူမသည် အဓိက ခြိမ်းခြောက်မှုကြီး ဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ မည်သို့ပင်ဖြစ်စေ သူမ၏ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုမူ သူမ မပါဘဲဝင် ရောက်ယှဉ်ပြိုင်ခွင့် ပေးနိုင်သည်ဟု ဆိုပါသည်။

"ဒါပေမဲ့ ဒီလိုဆိုလို့လဲ ရွေးကောက်ပွဲက လွတ်လပ်မျှတမယ်၊ NLD က အနှောင့်အယှက် အတားအဆီးမရှိ လွတ်လွတ်လပ်လပ် ဝင်ရောက် ယှဉ်ပြိုင်နိုင်မယ်လို့ ဆိုလိုတာလဲ မဟုတ်ပါဘူး" ဟု ဂျေဂင်က ပြောပါသည်။

ဤအတောအတွင်း NLD ကမူ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချရသေးကြောင်း၊ ဆွေးနွေးနေဆဲ အဆင့်သာရှိပြီး၊ ဝင်ရောက် ဆင်နွှဲမည်၊ သို့မဟုတ် မပါဝင်ဘဲ ဘေးထွက် ထိုင်နေမည်ဆိုသည်ကို မကြာခင် ရှင်းရှင်းလင်းလင်း ထုတ်ပြန် ကြေငြာသွားရန် စဉ်းစားနေသည်ဟု ဆိုသည်။

ထိုအတောအတွင်း လူသူ လေးစားကြည်ညိုခံရပြီး အတိုက်အခံများက စစ်အစိုးရဘက်က ပင်းသူများဟု စွပ်စွဲဝေဘန် ပြစ်တင်ခံရသည့် အချို့သော အရပ်သားများကမူ ရွေးကောက်ပွဲတွင် ဝင်ရောက်ဆင်နွှဲရန် ပြင်ဆင်နေကြပါသည်။ စစ်အစိုးရ ကိုယ်တိုင်ကလည်း အငြိမ်းစား ကျောင်းဆရာများကဲ့သို့ ရပ်ရွာက လေးစားကြည်ညိုသူများအား ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခိုင်းရန် ရှာဖွေနေသည်ဟု သတင်းရပ်ကွက်များက ပြောပါသည်။

အလားတူပင် စစ်ဘက် သတင်းရပ်ကွက်များက အနည်းဆုံး ဝန်ကြီး ၉ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင် သိန်းလင်း အပါအဝင် မြို့တော်ဝန် ၂ ဦးသည် ယင်းတို့၏ လက်ရှိ ရာထူးတာဝန်များမှ မကြာခင် နှုတ်ထွက်၍ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်ဟု ဆိုပါသည်။ ဤရွေးကောက်ပွဲသည် စစ်အစိုးရ၏ ဒီမိုကရေစီသို့ လျှောက်လှမ်းရာ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံတွင် အဆင့် ၅ ဖြစ်သည်။

ဤအတောအတွင်း ဘန်ကောက်အခြေစိုက် မြန်မာသတင်းဌာနတခုဖြစ်သော ခေတ်ပြိုင်၏ ဗုဒ္ဓဟူးနေ့က သတင်း ဖော်ပြချက်အရ စစ်တိုင်းမှူး ၃ ဦးကို ဌာနလက်ကိုင်မရှိ ဝန်ကြီးများအဖြစ် ရာထူး တိုးမြှင့်ပေးလိုက်သည်ဟု ဆိုပါသည်။

ဤသို့ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေ နှင့် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးတို့ကို ရာထူး တိုးမြှင့်ပေးလိုက်သည်မှာ ရွေးကောက်ပွဲမတိုင်မီ တပ်အတွင်း ထဲထဲဝင်ဝင် မလုပ်နိုင်အောင် ဘေးသို့ ပထုတ်ထားလိုက်ခြင်း ဖြစ်ကြောင်းဖြင့် ဤသတင်းက ရေးသားထားပါသည်။

ဤသို့ ရာထူးတိုးမြှင့်ပေးမှုမျိုးမှာ ယခင်က တခါမှ မရှိခဲ့ဖူးသေးသော်လည်း စစ်တိုင်းမှူးများကို အုပ်ချုပ်ရေးဘက်တွင် စမ်းသပ်ခန့်ထားရန် စစ်အစိုးရ၏ အစီအစဉ်တရပ်လည်း ဖြစ်နိုင်ကြောင်းဖြင့် ဤသတင်းတွင် ဆက်လက် ရေးသားထားပါသည်။

ဤအတောအတွင်း ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက အတိုက်အခံ အင်အားစုများက နင်းခုံအဖြစ် အသုံးချခြင်းမှ ရှောင်ရှားနိုင်ရန် သေသေချာချာ ဂရုတစိုက် ရေးဆွဲနေပြီး၊ ယင်းကို ယခု ဒီဇင်ဘာလကုန် သို့မဟုတ် ၂ဝဝ၉ ဇန်နဝါရီ လဆန်းတွင် ထုတ်ပြန် ကြေငြာလိမ့်မည်ဟု မျှော်လင့်ရကြောင်းဖြင့် နေပြည်တော်ရှိ အစိုးရအကြီးတန်း အရာရှိတဦးက ပြောပါသည်။

"ရွေးကောက်ပွဲ ဥပဒေ ဘယ်လိုလာမလဲ ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာဘဲ၊ ဒါပေမဲ့ သေချာပေါက် ပြောနိုင်တာ က ၁၉၉ဝ က အဖြစ်အပျက်မျိုး နောက်တခါ မဖြစ်အောင်တော့ သူတို့ လုပ်မှာဘဲ" ဟု အဆိုပါ နေပြည်တော်မှ အစိုးရ အရာရှိကြီးက ပြောပါသည်။

လာရီဂျေဂင်ကမူ ဤရွေးကောက်ပွဲ ဥပဒေတွင် NLD နှင့် အခြား နိုင်ငံရေးပါတီများကို လွတ်လွပ်လပ်လပ် မဲဆွယ်စည်းရုံး လှုပ်ရှားခြင်းများ မလုပ်နိုင်အောင် ကန့်သတ်ထားမှုများ ပါဝင်လိမ့်မည်ဟု ဆိုလိုက်ပါသည်။

၁၉၉ဝ ခုနှစ်တွင် စစ်အုပ်စုထိပ်သီး ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အသွင်ပြောင်း ဖွဲ့စည်းထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) သည် NLD ကို အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရပြီး၊ ဤရလဒ်သည် ဦးနေဝင်းထံမှ အာဏာအမွေ ဆက်ခံခဲ့သော မျိုးဆက်သစ် ဗိုလ်ချုပ်များအတွက် မျှော်လင့်မထားသည့် ရလဒ်တရပ် ဖြစ်သည်ဟု လေ့လာသူများက ဆိုကြပါသည်။

ပြဿနာများစွာ လာတော့မည်ဟု ဦးဝင်းတင်သတိပေး

ဧရာဝတီ-ဇာနည်ဝင်း၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၀၈

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြဿနာ များစွာကို ကြုံတွေ့ ရတော့မည်ဟု အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။

"(အဖွဲ့ချုပ်ရဲ့) အနေအထားကို ကြည့်မယ်ဆိုရင် အားလုံး သိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ် အနည်းငယ်ဆိုရင် ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မယ်"ဟု ရန်ကုန်မြို့ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော ဟောပြောပွဲ တခုတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဖွဲ့ချုပ် ကြုံတွေ့ရမည့် ပြဿနာတခုအဖြစ် စစ်အစိုးရ၏ ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ကြရမည့် အရေးကို ဥပမာပေးခဲ့သည်။

စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြီးခဲ့သည့် မေလတွင် အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို လာမည့် ၂ နှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည်။ လွန်ခဲ့သည့် ၁၈ နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အဖွဲ့ချုပ်က အဆိုပါ အခြေခံ ဥပဒေကို ပြန်သုံးသပ်ရန် စစ်အစိုးရကို တိုက်တွန်းထားသည်။ သို့သော်လည်း စစ်အစိုးရက စီစဉ်ထားသည့် အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ဤသို့သော အခြေအနေတွင် မကြာမီက အကျဉ်းထောင်မှ ပြန်လွတ်လာပြီး အဖွဲ့ချုပ်၏ ခေါင်းဆောင် တဦးအဖြစ် ပြန်လည် တာဝန်ပေးခံရသူ ဦးဝင်းတင်က ရင်ဆိုင်ရမည့် အခက်အခဲများစွာ ရှိလာမည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။

ဦးဝင်းတင်၏ သတိပေးချက်နှင့် ပတ်သက်၍ ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက "အခုလည်းပဲ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုပြီး စိန်ခေါ်ခံနေရတယ်" ဟု ဆိုသည်။

"အဖွဲ့ချုပ်က ဒီကနေ့အထိ တောင့်ခံနေနိုင်တာက လူထုက သူ့ကို ထောက်ခံထားလို့၊ လုပ်ပိုင်ခွင့် ပေးထားလို့ဖြစ်တယ်။ လူထုရဲ့အားနဲ့ပဲ လုပ်ချင်တဲ့လုပ်ငန်းတွေ အကုန်လုံးကို လူထုနဲ့အတူ လုပ်ကြရလိမ့်မယ်။ ဥပမာ … ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတာမှာ မတင်ဘူးလို့ ဆုံးဖြတ်တယ်ဆိုရင် လူထုနဲ့အတူ ရင်ဆိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲအတွက် အမတ်စာရင်းတွေ တင်ခိုင်းရင် မတင်နိုင်ဘူး၊ ဒီကိစ္စကို လုံးဝ စဉ်းစားမှာ မဟုတ်ဘူးလို့ တောင့်ခံမယ် ဆိုရင် အဲဒါအတွက် လူထုနဲ့အတူ ပြင်ဆင်ရလိမ့်မယ်" ဟု ကိုငွေလင်းက ဧရာဝတီသို့ ပြောပြသည်။

အင်္ဂါနေ့ကပြုလုပ်သည့် ဟောပြောပွဲတွင် ဦးဝင်းတင်က တက်ရောက်လာသည့် လူငယ်များအား ပြဿနာအခက်အခဲများအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ "ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီး အရေးကြီးပါတယ်" ဟု တိုက်တွန်းလိုက်သည်။

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်အချို့ကို လက်ခံရန် ဂျပန် ဆုံးဖြတ်

ဧရာဝတီ-ဇာနည်ဝင်း၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၀၈

ဂျပန် နိုင်ငံက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် အနည်းငယ်ကို နောက် ၂ နှစ် အကြာတွင် စတင် လက်ခံတော့မည်ဟု ယမန်နေ့က ထုတ်ဖော် ပြောကြား လိုက်သည်။ လက်ခံမည့် အရေ အတွက်မှာ ၃၀ ခန့် ဖြစ်သည်။

ဤအစီအစဉ်သည် အခြားနိုင်ငံတွင် နေထိုင်လျက်ရှိသော ဒုက္ခသည်များကို ဂျပန်တွင် ပထမဆုံးအကြိမ် လက်ခံမှု ဖြစ်လာမည်ဟု အစိုးရအဖွဲ့ရုံး အရာရှိ ဂျွန်ကိုယာမာဂျီကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဂျပန်အစိုးရက စဉ်းစားနေသည်ဟု ဆိုခဲ့သည့် ဤအစီအစဉ်ကို ယခုမှ အတည်ပြုနိုင်ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံက စိတ်ဝင်စားသည့် ထိုင်း-မြန်မာ နယ်စပ် စခန်းများတွင် မြန်မာပြည်သား ဒုက္ခသည်များ၏ အရေအတွက်မှာ တသိန်းကျော် ရှိသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား နိုင်ငံတို့တွင်လည်း မြန်မာပြည်သား ဒုက္ခသည် အများအပြား ရောက်ရှိနေသည်။

ဂျပန်သည် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ၏ အဓိက အလှူရှင် ဖြစ်သော်လည်း ဒုက္ခသည်များကို အိမ်ရှင်အဖြစ် လက်ခံရန် တုံ့နှေးနေသည့် အတွက် ဝေဖန်ခံနေရသည်။

လက်ရှိ အနေအနေတွင် ဂျပန်ရောက် မြန်မာပြည်အရေး လှုပ်ရှားသူအချို့သည် နိုင်ငံရေးခိုလှုံခွင့်ဖြင့် နေထိုင်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံရောက် နိုင်ငံခြားသားများ၏ ခိုလှုံခွင့် တောင်းခံမှုပေါင်း ရှစ်ရာကျော်ရှိခဲ့ရာ ၄၁ ဦးခိုလှုံခွင့် ရခဲ့ပြီး ၈၈ ဦးမှာ လူသားချင်းစာနာမှု ခေါင်းစဉ်အောက်တွင် နေထိုင်ခွင့်ရခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်း နိုင်ငံတကာမှ ဒုက္ခသည်များကို ပြင်သစ်နိုင်ငံက ၁၀၉၀၀၊ ဗြိတိန်နိုင်ငံက ၆၃၀၀၊ အမေရိကန် ပြည်ထောင်စုက ၂၃၂၉၆ ဦး အသီးသီး လက်ခံခဲ့ကြသည်။

အာရှတိုက်မှ အရှေ့တီမောနိုင်ငံ၊ ဥရောပတိုက်မှ ချက်သမ္မတ နိုင်ငံတို့ကလည်း အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့တွင် အကျဉ်းကျနေသော ရခိုင်နှင့် ကရင်လက်နက်ကိုင် အဖွဲ့ဝင်များ ပြန်လည် လွတ်မြောက် လာသည့်အခါ ၎င်းတို့နိုင်ငံများတွင် ခိုလှုံခွင့်ပြုမည်ဟု သဘောတူ ထားကြောင်း မဇ္ဈိမသတင်းဌာန၏ ယမန်နေ့က ထုတ်ပြန်သော သတင်းတပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ အစိုးရ အဆက်ဆက်၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သား အများအပြား ပြည်ပသို့ တိမ်းရှောင် ထွက်ပြေးလျက်ရှိသည်။

ရန်ကုန် လင်းစဒေါင်း ဓာတ်ငွေ့စက်ရုံ မီးလောင်၊ (၂) ဦးဒဏ်ရာရ

NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈
အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းရှိ အောက်စီဂျင်ဓာတ်ငွေ့စက်ရုံ မီးလောင်မှုကြောင့် လူ (၂) ဦးဒဏ်ရာရပြီး ဆေးရုံတင်ထားရသည်။

ယနေ့ နေ့လယ် (၁) နာရီခွဲခန့်၌ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကား အစီးရေ (၁၅) စီးခန့်လာသည်ဟု မျက်မြင် သက်သေများက ပြောသည်။

အဆိုပါစက်ရုံမှ စက်ရုံမှူးမှာ ဦးနေထွန်းဖြစ်ကြောင်း လင်းစဒေါင်းမှ ယင်းစက်ရုံအနီးနေသူတဦးက ပြောသည်။

"စက်ရုံမှူးတို့ဆီကို ဒီနေ့ပဲ မီးသတ်က လူကြီးတွေ လာပြီးတော့ စစ်တာပဲ။ မီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် လာပြီး သတိပေးတာတွေ့တယ်" ဟု အဆိုပါစက်ရုံအနီးနေသူက ပြောသည်။

မီးလောင်ရခြင်းမှာ သံပြားများဖြတ်တောက်ရာတွင် အသုံးပြုရသော ဓာတ်ငွေ့တမျိုးကို အသုံးပြုနေရာမှ ယင်း ဓာတ်ငွေ့ပိုက်ပွင့်ကာ မီးကူးစက်လောင်ခြင်းဖြစ်ပြီး လူ (၂) ဦး ဒဏ်ရာရကြောင်း သိရသည်။

မျက်မြင်သက်သေတဦးကမူ "အခုပဲ ဆေးရုံကြီးကို ပို့တာပါ။ စိုးရိမ်ရလားတော့ မသိသေးဘူး။ ကျနော့်အထင်ကိုပြောရရင်တော့ နည်းနည်းတော့များမယ်ဗျ" ဟု မျက်မြင်သက်သေက ဆိုသည်။

မီးလောင်မှုမှာ မိနစ်ပိုင်းတွင် ငြိမ်းသွားပြီး အဆောက်အအုံများကို ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း၊ သို့သော် အနီးရှိ လုပ်ငန်းသုံးပစ္စည်း အတိုအထွာများကို လောင်ကျွမ်းသွားသည့်အတွက် ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းနှင့်ချီ ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်သော ဓာတ်ငွေ့စက်ရုံမှာ ဆေးရုံသုံး အောက်စီဂျင်များ ထုတ်ပေးနေသော စက်ရုံဖြစ်သည်။

စစ်ဗိုလ်များကို ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌရာထူးပေးရန် စီစဉ်

NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈

စစ်တပ်၌ ရာထူးတက်ရန်လမ်းမရှိတော့သည့် စစ်အရာရှိများကို အရပ်ဘက်တွင် ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌအဆင့် ရာထူးများ ပေးတော့မည်ဖြစ်ပြီး အရာထမ်းမဟုတ်သည့် စစ်ဘက်ဝန်ထမ်းများကိုမူ နေပြည်တော် လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင် ခိုင်းမည်ဖြစ်သည်ဟု စစ်အရာရှိတဦးက ပြောသည်။

စစ်တပ်မှ မကြာခင် အရပ်ဘက်ပြောင်းပေးမည့် ဗိုလ်မှူးအဆင့် (၃,၀၀၀) ကျော်ရှိပြီး ၎င်းတို့အား ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌ ရာထူး ယူမလား၊ ပင်စင်သွားမလား ရွေးချယ်ခိုင်းထားသည်ဟု စုံစမ်းသိရသည်။ မကြာခင်က စစ်အရာရှိ အတော်များများကို အရပ်ဘက် ၀န်ကြီးဌာနများသို့ ခွဲတမ်းချပေးပြီးနောက်ပိုင်း လက်ရှိ ကြံ့ဖွံ့များနေရာကို စစ်ဗိုလ်များနှင့် အစားထိုးရန် စစ်အစိုးရဘက်က ပြင်ဆင်နေခြင်း ဖြစ်သည်။

လက်ရှိ ကြံ့ဖွံ့ ဥက္ကဋ္ဌ ရာထူးယူထားသူများမှာ အဖွဲ့အစည်း ရန်ပုံငွေများ များပြားစွာရှိထားသည့်အတွက် နောက်လာမည့် စစ်ဗိုလ်များနှင့် ပဋိပက္ခဖြစ်စရာ အကြောင်းရှိသည်ဟု နေပြည်တော် အရာရှိအချို့က သုံးသပ်သည်။

နေပြည်တော် လွှတ်တော်ရုံးဝန်ထမ်းများအဖြစ် ပြောင်းရမည့် တပ်ကြပ်ကြီးကဲ့သို့သော အဆင့်များမှ အသက် (၄၅) နှစ်ကျော်သူများကို ပြောင်းခိုင်းမည်ဖြစ်သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။ အဆိုပါအဆင့်များကို နေပြည်တော် လွှတ်တော်ရုံးဝန်ထမ်းများအဖြစ် မသွားလိုပါက ပင်စင်ပေးမည်ဟုလည်း ဆက်ပြောသည်။

နေပြည်တော်ဝန်ထမ်းများ မြေကွက်ဖိုးမတတ်နိုင်၍ အိမ်မဆောက်နိုင်

NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈

နေပြည်တော်ဝန်ထမ်းများအတွက် အိမ်ဆောင်ရန် မြေကွက်များပေးသော်လည်း ငွေမတတ်နိုင်သည့်အတွက် မည်သူမျှ အိမ်မဆောက်နိုင်ဖြစ်နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

ဥတ္တရသီရိ မြို့ကွက်သစ်တွင် နေပြည်တော်ဝန်ထမ်းများအတွက် မြေချပေးထားပြီး ပေ (၆၀) ပေ (၄၀) တကွက်ကို (၃) သိန်း၊ ပေ (၆၀) ပေ (၈၀) တကွက်ကို (၅) သိန်း တောင်းသည့်အတွက် ၀န်ထမ်းများ အိမ်မဆောက်နိုင် ဖြစ်နေသည်ဟု ပြောသည်။

သို့သော် နေပြည်တော်တွင် ငွေတတ်နိုင်သည့် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများမှာမူ အိမ်များ အသီးသီး ဆောက်နေကြသည့်အပြင် အဆိုပါပုဂ္ဂိုလ်များအတွက် အိမ်အလကား ဆောက်ပေးမည့် ပုဂ္ဂလိက ကုမ္ပဏီများလည်း ရှိသည်ဟု စုံစမ်းသိရသည်။

နေပြည်တော်တွင် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများအတွက် အိမ်ဆောက်ရန် မြေနေရာများ အခမဲ့ပေးသော်လည်း သာမန်ဝန်ထမ်းများအတွက် ဝေးလံသည့် မြို့သစ်များ၌သာ နေရာချပေးထားသဖြင့် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်။

ဝန်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများအတွက် အိမ်ပုံစံ (၄၂) မျိုးပေးထားပြီး နှစ်သက်ရာပုံစံကို တထပ်ဒီဇိုင်းဖြင့် တနှစ်အတွင်း အပြီးဆောက်ရန် မြေနေရာများ အခမဲ့ပေးထားသည်။

သာမန်ဝန်ထမ်းများကိုမူ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ စသည့် ဝေးလံသည့် မြို့သစ်တို့တွင် အိမ်ဆောက်လိုပါက မိမိစရိတ်ဖြင့် ဆောက်ရမည်ဆိုသည့်အတွက် ၀န်ထမ်းများ မကျေမနပ် ဖြစ်နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

(၂၄) ခန်းပါ နေပြည်တော် ၀န်ထမ်းအိမ်ရာ တကွက် အလုံး (၁၁၀) ဖြင့် မူလက (၁၀) ကွက် ဆောက်ပေးရန် လျာထားခဲ့သော်လည်း ယခုအခါ ဓနသီရိ၊ ဥာဏသီရိ၊ ဗလသီရိ၊ သုခသီရိ၊ ၀ဏ္ဏသီရိ စသည့် ၀န်ထမ်းအိမ်ရာ (၅) ကွက်နှင့် အပြီးသတ်ထားသည့်အတွက် ၀န်ထမ်းများ နေထိုင်ရေး ကသီလင်တ ဖြစ်နေသည်ဟုလည်း ပြောသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.