Monday, December 22, 2008

[dawnmanhon(ဒေါင်းမာန်ဟုန်)] 3 New Entries: မြန်မာစစ်တပ် အမှိုက်ရှင်းနည်း

မြန်မာစစ်တပ် အမှိုက်ရှင်းနည်း

တပ်မတော်အရာရှိတဦး

ဗျူဟာမှူးနဲ့ အထက်စစ်အာဏာရှင်တွေဟာ ၀ိနည်းလွတ် အမိန့်များ ပေးတတ်ရာ "မင်းတို့ အမှိုက်သရိုက်တွေ ရှင်းပစ်ကြ" ဆိုပြီး အမိန့်ပေးရင်ပဲ လက်အောက်ခံတပ်များက ရွာတွေကို မီးရှို့ ရတဲ့ ထုံးစံ ရှိပါတယ်။ အချို့တပ်ရင်းတွေ အနေနဲ့လည်း အထက်ဌာနတွေကို မိမိအတွက် အမှုမပတ်အောင် လုပ်ကြံသတင်းတင်တဲ့အခါ ရွာတွေမှာ သောင်းကျန်းသူတွေရဲ့  အမာခံ လူတွေရှိလို့ မသင်္ကာတဲ့အတွက် သွားရောက်ရှင်းလင်းရာ ခုခံလို့ မီးရှို့ ဖျက်ဆီးရခြင်း ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

အမှန်တကယ်တော့ အထက်ဌာနတွေကလည်း လက်အောက်မှ တင်ပြချက်ကို မသိကျိုးကျွန်ပြုကာ စုံစမ်းဖော်ထုတ် အရေးယူခြင်း မရှိခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရ၊ သတ်ဖြတ်ခံရတာမို့ တိုင်းရင်းသားတွေရဲ့  နာကြည်းချက်ဟာ မေ့ပျောက်ဖွယ်ရာ ရှိမှာ မဟုတ်တော့ပါ။

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ က ခလရ (၉၉) ဟာ ၁၉၉၇ ခုနှစ် မတ်လမှာ တပ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို ခေါ်ယူပြီး ရန်သူ့သတင်း အချက်အလက်တွေကို မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။ အဲ့ဒီလို စစ်ဆေးမေးမြန်းခဲ့ရာမှာ ဘာအကြောင်းမှ မထူးလို့ စစ်ဆေးတဲ့ အရာရှိတွေဟာ စိတ်မရှည်တော့ဘဲ ပန်ကျိုင်းရွာမှ ရွာသားတွေကို စတင်ထုရိုက် နှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီပန်ကျိုင်းဆိုတဲ့ ရွာလေးကို ဆက်တိုက်ဆိုသလို ခေါ်ယူစစ်ဆေးသတင်းမေးခဲ့ရာ ပန်ကျိုင်းရွာက လူတွေ တယောက်မှ မရှိတော့ဘဲ တခြား တနေရာကို ထွက်ပြေးတိမ်းရှောင်သွားပြီး ရွာပျက်သလို ဖြစ်သွားခဲ့ပါတယ်။ စစ်တပ်က လုပ်ချင်ရာ လုပ်တော့ သတ်ရင် အသေခံတော့မယ်ဆိုတဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ကြပါတယ်။ နောက်တော့ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေကိုတောင် မညှာတာဘဲ (တပ်ရေး ဗိုလ်ကြီး) ဗိုလ်ကြီးကျော်သိန်းက ရွာရော၊ လူတွေပါ မီးရှို့ ဖျက်ဆီးခဲ့ကာ သတ်ဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ၀မ်ဆင်းမြို့ရှိ ခလရ (၂၈၇) မှာလည်း အောက်ပါဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလရဲ့ ညတညမှာ ၀မ်ဆင်းမြို့ ရှိ ဘုန်းကြီးကျောင်းရှေ့မှာ ဘုရားပွဲကျင်းပနေစဉ် SSA အဖွဲ့တွေဟာ ခလရ (၂၈၇) ဘက်မှ စစ်သားတွေကို အနီးကပ် ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ CSM ဒု အရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီး စာရေးတဦးနဲ့ ရဲဘော်နှစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ရွာသားတွေနဲ့ ရွာလူကြီးတွေကို ရန်သူ့သတင်းကို ကြိုတင် မတင်ပြရ ကောင်းလားလို့ဆိုပြီး ခလရ (၂၈၇) ဒု-တပ်ရင်းမှူး ဗိုလ်မှူး ဝေလင်းက ဒေါသူပုန်ထကာ စတင် အရေးယူပါတော့တယ်။

ဖြစ်စဉ်ဖြစ်တဲ့ ညတွင်းချင်းမှာပင် ရွာမှာရှိတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေကို ချက်ချင်း ဖမ်းဆီးထားပြီး နောက်နေ့ နံနက်တွင် ထုရိုက်နှိပ်စက် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဘာသတင်းမှ မရခဲ့တာမို့ တပ်ရင်းအချုပ်ထဲမှာ ထည့်ထားပြီး (၇) ရက် ဆက်တိုက် ရေလောင်း၊ အ၀တ်အုပ်၊ တုတ်နဲ့ရိုက် ထမင်းမကျွေးဘဲ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ ရွာသားတွေဟာ ရန်သူ့သတင်း အမှန်တကယ် မသိတာကို ဘယ်လိုမှ မဖြေတတ်လေ၊ ထုရိုက် နှိပ်စက်မှု ပြင်းထန်လာလေဖြစ်နေတာမို့ နောက်ဆုံး သူတို့ကို သတ်လိုက်ဖို့ တောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။(၇) ရက် ပြည့်တဲ့နေ့မှာပင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝေလင်းက အမိန့်အရ ဖမ်းဆီးထားတဲ့ အဲဒီ ရွာသား (၁၅) ယောက်ကို မည်သူနဲ့မှ တွေ့ခွင့်မပေးတော့ဘဲ တပ်ရင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်မြေမှာ သူတို့ ကိုယ်တိုင်ကို ကျင်းတူးခိုင်းပြီးတော့ ရက်စက်စွာ ပစ်သတ်ခဲ့ပါတယ်။ တချို့ကျတော့ မသေမရှင်နဲ့ ဒီအတိုင်းပဲ မြေမြှုပ်လိုက်ကြပါတယ်။

အဲဒီတပ်မှာပင် မုဒိန်းမှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလခန့်က ခလရ (၂၈၇) ဌာနချုပ် တပ်ရင်းမှာပင် ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသန်းဇော်ဟာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လားဟူ စုစည်းရွာလေးတရွာမှ အပျိုချောချောလေးတွေကို အဓမ္မစည်းရုံး သိမ်းသွင်းပြီး အပျော်ကြံ မုဒိန်းကျင့်ကြံပါတယ်။
ဗိုလ်မှူးသန်းဇော်ဟာ အဲဒီ ဧရိယာ နယ်မြေတ၀ိုက်မှာ အကြီးဆုံးအာဏာပိုင် ဖြစ်တာမို့ စားသောက်ဆိုင်တွေမှာ သောက်စားမူးယစ်ပြီး မိန်းမပျိုတွေကို ခေါ်ယူညအိပ် ပေါင်းသင်းခဲ့ပါတယ်။ အချို့ မိန်းမပျိုတွေကိုတော့ ဆန်၊ ဆီ၊ နို့ဆီ အနည်းငယ်လောက်သာ နှစ်သိမ့်ပေးပြီး တချို့ ကိုကျတော့ အာဏာဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ပါတယ်။
ဆင်းရဲတဲ့ ရွာက ရွာသားတွေဟာ ပထမတော့ သည်းခံနေကြပေမယ့် မိန်းကလေး တော်တော်များများ အနိုင်ကျင့်ခံလာရတဲ့အခါမှာ မခံရပ်နိုင်တော့ဘဲ အထက် စစ်ဌာနချုပ်တွေကို တိုင်ကြားပါတော့တယ်။ ဒါပေမယ့် အကြောင်းမထူးတာကြောင့် နောက်တော့ ရွာသားတွေဟာ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ဘိုထံသို့ သွားရောက်တိုင်ကြားခဲ့ပြန်တယ်။ ဒါကြောင့် တိုင်းမှူး ကိုယ်တိုင် ၀မ်ဆင်းသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒီလို အဓမ္မပြုကျင့်တာကို လားဟူရွာမှ အပြုခံရသူ အပျိုများကို ခေါ်ပြီး ဟုတ် မဟုတ် စစ်ဆေးခဲ့ရာ ဟုတ်မှန်ကြောင်း ဖော်ထုတ် သိရှိခဲ့ပါတယ်။

ဗိုလ်မှူးသန်းဇော်ဟာ တပ်ရင်းအချုပ်ထဲမှာ တလအချုပ်ခံထားရပြီး အကျဉ်းစစ်တရားရုံးချုပ်က သူ့အား အရပ်ဝတ်လဲခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဗိုလ်မှူးသန်းဇော်ဟာ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုမှာ ၀င်ရောက်နေကြောင်း သိခဲ့ရပါတယ်။ အဲဒီ ဗိုလ်မှူးသန်းဇော်ဟာ အခဲမကျေဘဲ အဲဒီရွာနဲ့ တပ်ရင်းအား မကြာခဏ ခြိမ်းခြောက်သံပေးနေကြောင်းလည်း သိရှိရပါတယ်။

ရှေ့ တန်းစစ်ဆင်ရေး နယ်မြေတွေမှာ စစ်တပ်က ကြီးစိုးနေတာမို့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရရုံသာမက မိန်းကလေးတွေ အကြမ်းဖက် ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေတာမို့ ပြည်သူလူထု ထောက်ခံမှုကင်းမဲ့နေပြီး တပ်ရင်းတွေရဲ့ စည်းရုံးရေး ကျဆင်းနေမှုတို့ကို တွေ့ရှိနေရပါတယ်။

မုဒိန်းမှုဖြစ်စဉ်မှာ အတိုင်းအတာတခုထိ အရေးယူမှု ရှိခဲ့သော်လည်း လူသတ်မှု ဖြစ်စဉ်မှာ တိုင်းမှူးအနေနဲ့ အရေးယူမှု မရှိတာကို တွေ့ရလို့ တပ်မတော်ရဲ့  သမိုင်း အမည်းစက်ကြီး တစက် စွန်းထင်းခဲ့တာကို တွေ့ရပါတယ်။ မုဒိန်းမှုအရ အရေးယူလိုက်တဲ့ ဗိုလ်မှူး သန်းဇော်ရဲ့  ပြစ်ဒဏ်မှာလည်း ပေါ့ပါးလွန်းပြီး စစ်ဥပဒေအရပဲ ကြည့်ကြည့်၊ နယ်ဘက် ဥပဒေအရပဲ ကြည့်ကြည့် ထောင်ဒဏ်ကျခံသင့်ပါတယ်။ ဒီနေရာမှာ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မောင်ဘိုဟာ လက်အောက်ခံ အရာရှိတွေကို ဥပဒေနဲ့အညီ အရေးယူမှု ပျက်ကွက်တာမို့ ဘက်လိုက်မှုနဲ့ အကာအကွယ်ပေးခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်ဘို ကိုယ်နှိုက်က စစ်အာဏာရှင်ပီပီ သူ့ရဲ့ တိုင်းစစ်ဌာနချူပ် လက်အောက်ခံ ၀န်ထမ်းတွေနဲ့ ပြည်သူလူထုအပေါ် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းတဲ့လူ ဖြစ်ပါတယ်။ ဒါ့အပြင် အသတ်ခံရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့  နာကြည်းချက်တွေကြောင့် ခလရ (၂၈၇) တပ်ဌာနချုပ်ရဲ့  လုံခြုံရေး၊ စည်းရုံးရေးတွေဟာ တော်တော်နှင့် ရရှိနိုင်တော့မှာ မဟုတ်တော့သလို ပြည်သူကြားက ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း မဖြစ်တော့တာကို ၀မ်းနည်းဖွယ် တွေ့နေရပါတယ်။

အထက်လူကြီးတွေရဲ့  မဟာဗျူဟာအရ ၀မ်ဆင်းရွာလိုမျိုး ရန်သူ့ဧရိယာတ၀ိုက်အတွင်း တပ်ရင်းတွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်မှာ နယ်မြေစိုးမိုးရေးနဲ့ ရန်သူ့ ဧရိယာ ကျုံ့သွားစေရေး ဖြစ်တာမို့ ခလရ (၂၈၇) ရဲ့ လုပ်ကိုင်ပုံကြောင့် မဟာဗျူဟာအထမမြောက်တော့ကြောင်း တင်ပြလိုက်ရပါတယ်။

ရွာသား (၁၅) ဦးကို အသားလွတ် သတ်ဖြတ်လိုက်တဲ့ လူသတ်မှု ဖြစ်စဉ်အရ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေလွင်ဟာ SSA ပစ်ခတ်မှုကြောင့် ဘုရားပွဲမှာ သေဆုံးသွားတဲ့ အရာခံ အကြပ်ကြီး ရဲဘော်တွေအတွက် အထက်ဌာနမှ ၎င်းအား အရေးယူခံရမယ့် အရေးမှ လွတ်ကင်းစေဖို့ ရွာသားတွေကို သူပုန်အမာခံလို့ မတရားစွပ်စွဲပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်တွေနဲ့ တချို့ တပ်တွေဟာ ရွာမီးရှို့ မှု၊ လူသတ်မှုနဲ့ မုဒိန်းမှု စတဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှု ဖြစ်စဉ်များကို ဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတကာအဆင့်ထိ ရောက်ဖို့ နေနေသာသာ အောက်ခြေမှာပင် ရင်နာစွာ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်များ ရှိခဲ့ကြောင်း သာဓကများနဲ့ ဖော်ထုတ်တင်ပြ ပေးပို့လိုက်ပါတယ်။
NEJ

အသစ်တည်ဆောက်နေသော ရခိုင်အခြေစိုက် ဗျူဟာ (၃)အတွက် လယ်မြေဧက မြောက်မြားစွာကို သိမ်းပိုက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အ၀တောင် ကျေးရွာတွင် အသစ် တည်ဆောက်နေသော ဗျူဟာ (၃) အတွက် နအဖ စစ်အစိုးရမှ အနီးအနား ကျေးရွာများမှ တောင်သူ လယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေဧက မြောက်မြားစွာကို လျော်ကြေး တစုံတရာ မပေးဘဲ သိမ်းပိုက်နေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ တောင်သူဦးကြီး တဦးမှ လယ်မြေများ သိမ်းပိုက်ခံနေရပုံကို ယခုကဲ့သို့ ပြောသည်။

"ခုလက်ရှိ ဗျူဟာမှူးက ဗိုလ်မှူး ကျော်ဦး ဖြစ်ပါတယ်။ သူတို့ ဗျူဟာအတွက် လယ်ဧက ၂၀၀ ကျော်ကို အနီးအနား ကျေးရွာ ၄ ရွာက သိမ်းပိုက်ထားပါတယ်။ ခုအဲဒီနေရာတွေမှာ မိသားစု အိမ်ယာဆောင်တွေ၊ စစ်သားတွေ နေမယ့် အဆောင်တွေ ပြီးတော့ရုံးအဆောက်အဦးတွေ ဆောက်လုပ်နေပါတယ်။"

ထိုကဲ့သို့ လယ်မြေများကို ဗျူဟာ (၃) အတွက် သိမ်းပိုက်နေသဖြင့် အ၀တောင်၊ ဒွေချ၊ မျှော့ချောင်းနှင့် စံပယ်ချောင်းကျေးရွာများမှ လယ်သမား ၅၀ ခန့်မှာ လယ်ယာမဲ့ ဘ၀သို့ ကျရောက်သွားပြီး အထူးဒုက္ခရောက်နေကြသည်ဟု သူက ယခုကဲ့သို့ ဆက်လက် ပြောကြားသည်။

"လယ်တွေကို စစ်တပ်က သိမ်းသွားတော့ ဘာမှ မတတ်နိုင်တာကြောင့် လယ်သမားဘ၀ကနေ နေ့ချင်း ညချင်းဆိုသလိုဘဲ တံငါသည်တွေ ဖြစ်ကုန်ကြရတယ်။ လူတွေကတော့ တော်တော်ကို အခက်အခဲ ဖြစ်နေကြပါတယ်။"

ယခုအခါ ဗျူဟာ (၃) တွင် စစ်သား ၃၀၀ ခန့်ရှိပြီး လူထုထံကို အနိုင်ကျင့်ပြီး အမျိုးမျိုး အကြောင်းပြကာ ငွေနှင့် ရိက္ခာများကို ကောက်ယူနေသည်ဟု သိရှိရသည်။

၎င်းအပြင် ကျေးရွာသားများ စုပေါင်းပိုင်ဆိုင်ထားသော နွားစားကျက်မြေဧက မြောက်မြားစွာကိုလည်း သိမ်းပိုက်ထားပြီး တပ်စိုက်ခင်းများ ပြုလုပ်နေသဖြင့် ကျွဲ နွားမွေးမြူသူများ အနေဖြင့် အထူး ဒုက္ခရောက်နေရကြောင်းကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

" ကျွန်တော်တို့ ဒေသက နွားတွေကို လွှတ်ပီး မွေးမြူတဲ့ ဒေသပါ။ ခု ဗျူဟာ (၃) ရောက်လာတော့ နွားတွေကို လွတ်ပြီး မွေးလို့ မရတော့ပါဘူး။ နွားတကောင် တပ်နယ်မြေထဲ ၀င်ရင် ပထမ သတိပေးတဲ့ အနေနဲ့ ကျပ်ငွေ ၅၀၀၀ လျော်ရတယ်။ နောက်တကြိမ် ၀င်ရင် ပိုင်ရှင်ကို ဖမ်းတယ်။ အ၀င် ကြိမ်ဒဏ် ၁၀ ချက်၊ အထွက် ကြိမ်ဒဏ် ၁၀ ချက်ရိုက်ပါတယ်။ တတိယ အကြိမ် ၀င်ရင် သေနတ်နဲ့ ပစ်တယ်။ နွားဆုံးတဲ့အပြင် ကျည်ဖူးခ ဆိုပြီ်း ငွေလျော်ရပါတယ်။"

ယခုကဲ့သို့ ဗျူဟာ (၃) မှ အဆိုပါ ဒေသအတွင်း သောင်းကျန်းနေမှု အပေါ် ဒေသခံ ရခိုင်ပြည်သူများမှာ ကြိတ်မှိတ် ခံနေရပြီး အမျိုးသမီးများကိုလည်း ကိုယ်ထိ လက်ရောက် စော်ကားမှုများ ရှိနေကြောင်း အဆိုပါ ဒေသမှ ပေးပို့သော သတင်းတရပ်တွင် ဖေါ်ပြသည်။

" ကျွန်တော် အ၀တောင် ကျေးရွာကနေ စနဲကို သွားမယ်ဆိုရင် တနာရီ နီးပါး ခြေနဲ့ လျှောက်ရပါတယ်။ စစ်သားတွေက စနဲကို သွားပီး ဈေးပြု ရပါတယ်။ စနဲကိုရောက်ရင် စစ်သားတွေက အရက်သောက်ပြီ်း အမျိုးသမီးတွေကို ဆွဲလား ရမ်းလား လုပ်တာတွေလည်း ရှိပါတယ်။ အထက် အရာရှိတွေကို တိုင်ရင်လည်း ဘာမှ အရေးယူ အပြစ်ပေးတာတွေ မရှိပါဘူး။ သူတို့ရဲ့ သားသမီး သူတို့ ဆုံးမပါမယ်လို့ ပြောဆိုတာက လွဲပြီး အရေးယူတာ မရှိပါဘူး။ အသစ်တည်ဆောက်နေတဲ့ ဗျူဟာ (၃) ကြောင့် ကျွန်တော်တို့ လူထုတွေ တော်တော် ဒုက္ခရောက်နေကြရပါတယ်။"ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

ဗျူဟာ (၃)အား ကျောက်ဖြူမြို့နယ် အ၀တောင် ကျေးရွာတွင် ၂၀၀၃ ခုနှစ်ကတည်းက စတင်တည်ဆောက်နေပြီး တဖြည်းဖြည်းဖြင့် ဒေသခံ လယ်မြေများကို သိမ်းပိုက်လာခဲ့သည်မှာ ယခုအခါ ဧက ၂၀၀ ခန့်ရှိပြီ ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဗျူဟာ (၃) မှာ ရခိုင်ကမ်းလွန်ပြင်တွင် တူးဖေါ်နေသော နိုင်ငံခြားရေနံ ကုမ္ပဏီများနှင့် တရုတ် အင်ဂျင်နီယာများအား အကာအကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျောက်ဖြူတွင် အခြေစိုက်ချထားခြင်း ဖြစ်ကြောင်း သိရသည်။
(နိရဉ္စရာ)

လူငယ်နှင့် အနာဂတ် ( ဦးဝင်းတင်)


source ။ ။ မိုးမခ

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.