Monday, December 22, 2008

[Nine Nine SaNay] 2 New Entries: ခရစ္စမတ်နှင့် ရိုးရာ

ခရစ္စမတ်နှင့် ရိုးရာ


ခရစ္စမတ်လို့ ဆိုလိုက်တာနဲ့ ခရစ္စမတ်သစ်ပင်၊ ခရစ္စမတ်ကတ်၊ ခရစ္စမတ်သီချင်း၊ လက်ဆောင်နဲ့ ခရစ္စမတ်ဖိုးဖိုး (Santa Claus)က မပါမဖြစ် အရာတွေဖြစ်တယ်။ ကျွန်မ ခရစ်ယာန်မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မလိုပဲ ဘာသာခြားတို့ရဲ့ ရိုးရာဓလေ့ကို စိတ်ဝင်စားသူတွေအတွက် ဖတ်ဖူးတာလေးတွေကို မျှဝေလိုက်ပါတယ်။

ခရစ္စမတ်ဖိုးဖိုး (Santa Claus)


မှတ်မ်းအရ ခရစ္စမတ်ဖိုးဖိုးဟာ Lycia, Myra မြို့ကဖြစ်ပြီး သူ့နာမည်အရင်းက Saint Nicholas ဖြစ်တယ်။ အခုခေတ်က Santa Claus လိုပဲ ဝတ်စုံနီ၊ ဦးထုပ်နီနဲ့ အဖြူရောင် မုတ်ဆိတ်မွေးတွေ ဝတ်တဲ့ အဘိုးအိုတစ်ဦးဖြစ်တယ်။ နှစ်စဉ် ခရစ္စမတ်ရောက်တိုင်း သမင်စွတ်ဖားလှည်းကို မောင်းနှင်းပြီး မြောက်အရပ်ကနေ ရောက်လာလေ့ရှိတယ်။ မီးခိုးခေါင်းတိုင်ကနေ နေအိမ်ထဲဝင်ရောက်လာပြီး လက်ဆောင်ပစ္စည်းထည့်ထားတဲ့ ခြေအိတ်ကို ကလေးတွေရဲ့ ကုတင်ခေါင်းရင်း သို့မဟုတ် မီးဖိုဘေးမှာ ချိတ်ဆွဲခဲ့လေ့ရှိတယ်။

ခရစ္စမတ်ခြေအိတ်

ဟိုးယခင်က ခရစ္စမတ်ခြေအိတ်ဟာ အနီရောင်ခြေအိတ် တစ်စုံဖြစ်ပြီး အရွယ်အစား အမျိုးမျိုးရှိနိုင်တယ်။ ကလေးတွေနှစ်သက်တဲ့ လက်ဆောင်ပစ္စည်းတွေကို အဲဒီခြေအိတ်ထဲ ထည့်ပေးကြတယ်။ ညအခါမှာ ကလေးတွေက လက်ဆောင်ရဖို့အတွက် သူတို့ရဲ့ခြေအိတ်ကို ကုတင်ဘေးမှာ ချိတ်ခွဲထားခဲ့ကြတယ်။ ခရစ္စမတ်မှာ ကားတစ်စီး လက်ဆောင်ပေးရင် ဘယ်လိုလုပ်မလဲ? အကောင်းဆုံးက ချက်လက်မှတ်ရေးပြီး ခြေအိတ်ထဲ ထည့်ခဲ့ဖို့ပါပဲ။

ခရစ္စမတ်ကတ်

ခရစ္စမတ်ကတ်ကတော့ အားလုံသိကြတဲ့အတိုင်း ကတ်ပေါ်မှာ ခရစ္စမတ်နဲ့ ပတ်သက်တဲ့ အရုပ်၊ ပုံပြင်တွေကို ရေးဆွဲထားပြီး ခရစ္စမတ်၊ နှစ်သစ်မှာ ပျော်ရွှင်စေဖို့ တောင်းဆုတွေ ပါရှိတယ်။

ခရစ္စမတ်သီချင်း

ခရစ္စမတ်သီချင်းတွေ အများအပြားရှိပြီး နာမည်ကြီး ဂီတပညာရှင်တွေရဲ့ သီချင်းတွေပါဝင်ပါတယ်။

ခရစ္စမတ်သစ်ပင်


အနောက်နိုင်ငံမှာ ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ်၊ ဘာ ဘာသာပဲဖြစ်ဖြစ် ခရစ္စမတ်ရောက်တာနဲ့ ခရစ္စမတ်သစ်ပင် တစ်ပင် ပြုလုပ်ကြတယ်။ ခရစ္စမတ်သစ်ပင်ကို အများအားဖြင့် အစိမ်းရောင် အပင်နဲ့ ပြုလုပ်ကြပြီး သစ်ပင်ပေါ်မှာ ရောင်စုံမီးသီး၊ ပန်း၊ ကစားစရာ၊ ကြယ်ပွင့် စတာတွေကို ချိတ်ဆွဲထားတတ်ကြတယ်။ ခရစ္စမတ်ညမှာ လူတွေက ခရစ္စမတ်သစ်ပင်ကို ဝိုင်းပတ်ပြီး သီချင်းဆို ခုန်မြူးကြတယ်။

ခရစ္စမတ်ဦးထုပ်

အနီရောင် ခရစ္စမတ်ဦးထုပ်က ညပျော်ရွှင်ပွဲမှာ ပွဲခင်းတစ်ခုလုံးရဲ့ အဓိကအရာဖြစ်တယ်။ ခရစ္စမတ်ရာသီမှာ အနီရောင် ခရစ္စမတ်ဦးထုပ်ကို ပုံစံမျိုးစုံနဲ့ တွေ့ရတတ်တယ်။

Christmas Box

အနောက်နိုင်ငံလူတွေက ခရစ္စမတ်ရာသီရောက်ရင် စာပို့သမား သို့မဟုတ် အိမ်ဖော်တွေကို လက်ဆောင်ပစ္စည်း ပေးတတ်ကြတယ်။ အများအားဖြင့် လက်ဆောင်ကို ဗူးထဲထည့်ပေးလေ့ရှိတယ်။ အင်္ဂလိပ်လို Christmas Box လို့ ခေါ်တယ်။


တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ခရစ္စမတ်ပွဲတော် ရောက်ပါတော့မယ်။ ၂၅ ရက်နေ့ မတိုင်ခင်ကတည်းက ဒီမှာ ခရစ္စမတ်သီချင်း လိုက်ဆိုနေတာကို တွေ့ရတယ်။ ခရစ်ယာန် ဘာသာဝင်တွေက ဒီဇင်ဘာ၂၅ ရက်နေ့ရောက်ရင် ခရစ်ယာန်ဘုရားကျောင်းမှာ ဆုတောင်းဝပ်ပြုပွဲတွေ ကျင်းပကြတယ်။ တစ်ချို့ ကျောင်းက ၂၄ ရက် ညသန်းခေါင်ယံကတည်းက ကျင်းပကြတယ်။ ရှိခိုးဆုတောင်းပွဲတွေအပြင် ဘုရားသခင် Jesus ဖွားမြင်ခဲ့တာတွေကို ပြဇာတ်အနေနဲ့ သရုပ်ဖော် ကပြကြတယ်။

ခရစ္စမတ်ပါတီက ခရစ္စမတ်ပွဲတော်မှာ မပါမဖြစ် အစီအစဉ်တစ်ခုဖြစ်တယ်။ မိသားစုအလိုက်ပါတီ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ပါတီ၊ ချစ်သူရီးစားတွေရဲ့ ပါတီ စတဲ့ ပါတီတွေနဲ့ ကောင်းသောအခါ မင်္ဂလာမှာ မိတ်ဆွေသူငယ်ချင်း၊ မိသားစုတွေ တွေ့ဆုံပျော်ပါး စုဝေးကြတယ်။ ခရစ္စမတ်ဦးထုပ်ကိုဆောင်း၊ ခရစ္စမတ်သီချင်းတွေ သီဆိုကြပြီး ခရစ္စမတ်တောင်းဆုတွေနဲ့ သာကြောင်းမာကြောင်း လိုက်လံနှုတ်ဆက်ကြတယ်။

ဒီဇင်ဘာ ၂၄ ရက်ည Christmas Eveမှာ ဘုရားရှိခိုးကျောင်းက လူတစ်ချို့ဖွဲ့စည်းပြီး တစ်အိမ်တက်ဆင်း အိမ်တိုင်းရဲ့ ပြတင်းပေါက် သို့မဟုတ် တံခါးပေါက်မှာ ခရစ်ဖွားမြင်တော် သီချင်းကို သီဆိုကြတယ်။ သတင်းကောင်း ချီးမြှင့်တယ်လို့လည်း ခေါ်ကြတယ်။ သဘောက Jesusကို ဖွားမြင်တဲ့အချိန်က Jesus ဖွားတဲ့သတင်းကို နတ်သားတွေက သိုးထိန်းသမားတွေကို သတင်းပေးတဲ့ ပုံစံမျိုးဖြစ်တယ်။

ခရစ္စမတ်ရာသီမှာ စားစရာ ခရစ္စမတ် ကြက်ဆင်ကြီးကလည်း မပါမဖြစ် အစားအစာဖြစ်တယ်။ ကြက်ဆင်အကြောင်း ဖတ်မိရင် နောက်ပို့စ်မှာ ဆက်ရေးပါအုန်းမယ်။ (နောက် နှာနီသမင်လေးအကြောင်း) ကြက်ဆင်အတွက် မိုက်ခရိုဝေ့ ကောင်းကောင်းတစ်လုံး ရှိမှဖြစ်မယ်။ မဟုတ်ရင် ပုံထဲကလိုပဲ တစ်ကောင်လုံး မကျက်ဘဲ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ပစ်ကနီဝတ်ထားတဲ့ ကြက်ဆင်ကြီး ဖြစ်နေအုန်းမယ်း)
(ဒီပုံက နာမည်ကြီးတံဆိပ် မိုက်ခရိုဝေ့တစ်ခုရဲ့ ကြော်ငြာပုံလေးပါ)

နိုင်းနိုင်းစနေ

အားလုံးကို ဝီကီကနေ ဖတ်ရှုရေးသားထားပါတယ်။

ခရစ္စမတ် သစ်ပင်


ခရစ္စမတ်ရာသီရောက်ရင် ခရစ္စမတ် သစ်ပင်ကို နေရာအနှံ့တွေ့ကြရတယ်။ ခရစ္စမတ်ပွဲတော်ကို အလေးအမြတ်ထားကြတဲ့ အနောက်နိုင်ငံမှာ လူနေအိမ် ဒါမှမဟုတ် လမ်းတွေ၊ Public places တွေမှာ အရောင်မျိုးစုံနဲ့ တစ်ပင်လုံးချိတ်ဆွဲထားတဲ့ ခရစ္စမတ်သစ်ပင်ကို တွေ့ကြရတယ်။ အခုခေတ်မှာ ခရစ္စမတ်ပွဲတော်ကို နေရာအနှံ့ ကျင်းပကြသလို ခရစ္စမတ်သစ်ပင်ကိုလည်း နေရာအနှံ့ တွေ့နိုင်ပါပြီ။ ဒီလို သစ်ပင်ပေါ် ရောင်စုံပစ္စည်းတွေချိတ်ဆွဲပြီး အလှဆင်တဲ့ ခရစ္စမတ်သစ်ပင်ကို ဂျာမဏီနိုင်ငံက စခဲ့တယ်လို့ ဆိုပါတယ်။ (picture from google image)

မှတ်တမ်းအရ သက္ကရာဇ် ၁၅ဝဝ ခုနှစ်ရဲ့ တစ်ခုသော ဆောင်းတွင်းညမှာ ခရစ်ယန်ဂိုဏ်းဝင် တစ်ဦးဖြစ်သူ Martin Lutherဟာ အိမ်အပြန်လမ်းမှာ သစ်ပင်ထက်က ကြယ်လေးတွေကို သတိထားကြည့်မိခဲ့တယ်။ သစ်ပင်ထက်မှာ တိမ်ဖြူဖြူရယ်၊ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးတွေနဲ့ လှပနေတဲ့ ကောင်းကင်ကြီးကို ကြည့်ပြီး ဘုရားသခင် Jesus မမွေးဖွားခင် ညက ကောင်းကင်ကြီးနဲ့ တူနေတာကို သူတွေ့လိုက်တယ်။

အဲဒီနောက် Martin Luther ဟာ အိမ်ပြန်ရောက်ပြီး ကလေးတွေကို ခရစ္စမတ်ပုံပြင်တွေ ပြောပြရင်း တစ်ဖက်မှာလည်း လမ်းမှာ သူတွေ့ခဲ့တဲ့ အလှအတိုင်း သစ်ပင်တစ်ပင်ကို ဖယောင်းတိုင်တွေနဲ့ ထွန်းညှိ အလှဆင်ခဲ့တယ်။ မကြာခင်မှာပဲ သူ့ရဲ့ အဲဒီလို သစ်ပင်ပေါ် အလှဆင်တဲ့ဓလေ့က ဂျာမဏီနိုင်ငံမှာ ခေတ်စားလာခဲ့တယ်။

၁၉ ရာစုနှစ်လယ်မှာ အင်္ဂလန်ဘုရင်မကြီး ဝီတိုရိယရဲ့ ကြင်ယာတော် Prince Albert (ဂျာမဏီနိုင်ငံတွင် ဖွားမြင်ခဲ့သူ) က ဒီဓလေ့ကို အင်္ဂလန်အထိ သယ်လာခဲ့တယ်။ လင်တော်မောင် Prince Albert နဲ့ ဝီတိုရိယ ဘုရင်မကို ပြည်သူအများက ချစ်ခင်လေးစားကြတဲ့အတွက် သစ်ပင်ကို အလှဆင်တဲ့ ခရစ္စမတ်သစ်ပင်က အင်္ဂလန်နိုင်ငံတစ်ခုလုံး တခဏချင်း ပြန့်နှံ့သွားခဲ့တယ်။

အရင်က အမေရိကန် နေရာတော်တော်များများမှာ ခရစ္စမတ်ပွဲ မကျင်းပရဘူးလို့ ဆိုပါတယ်။ ကျင်းပရင် အပြစ်ပေး ခံရတတ်ပါတယ်။ အကြောင်းက ခရစ္စမတ်ပွဲတော်ဟာ ဘာသာခြား၊ နယ်ခြားက စတင်ခဲ့လို့လို ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာ အမေရိကန်ကို ပြောင်းရွေ့လာကြတဲ့ ဂျာမဏီနဲ့ အိုင်ယာလန် လူမျိုးတို့ ပြုလုပ်တဲ့ ခရစ္စမတ်ဓလေ့၊ ခရစ္စမတ်သစ်ပင်ကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့ရတယ်။

လျှပ်စစ်မီးတွေ အသုံးများလာပြီးနောက် အမေရိကန် နေရာတော်တော်များများမှာ အပင်ကြီးတွေအပေါ် ရောင်စုံမီးတွေနဲ့ အလှဆင်ထားကြတဲ့ ခရစ္စမတ်သစ်ပင်ကို ခရစ္စမတ်ရောက်တိုင်း နေရာအနှံ့ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ခရစ္စမတ်သစ်ပင်အကြောင်း အကျယ့်တဝင့်ဖတ်ချင်ရင်
http://en.wikipedia.org/wiki/Christmas_tree မှာ ဖတ်နိုင်ပါသေးတယ်။

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.