Monday, January 19, 2009

[] 10 New Entries: ဗိုလ်ချုပ်၏ အတ္ထုပတ္တိ တပိုင်းတစ

ဗိုလ်ချုပ်၏ အတ္ထုပတ္တိ တပိုင်းတစ

(ကိုမိုးသီးဘလော့တွင် တွေ့ရှိ၍ တဆင့် ကူးယူဖော်ပြသည်။ မှတ်ချက်)

ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ လိုက်ပါသွားသော ဗိုလ်ရန်အောင် ကိုယ်တွေ့ ပြောပြချက် ကို (အိုးဝေ မဂ္ဂဇင်းဂဏ္ဍ) တွင် ရေးသားဖော်ပြ သည်။ ကျည်ထောင် ဆရာစိန် ခေါ် စိန်မင်းသား ၏ ရေးသား ထားသည့်ဆောင်းပါး ဖြစ်ပါသည်။ စာဖတ်သူ အားလုံးလေ့လာနိုင်ရန် မှုရင်းအတိုင်း ပြန်လည်တင်ပြလိုက်ပါသည်။

သခင်အောင်ဆန်း နိုင်ငံခြားသို့ စွန့်ထွက်ပုံ

ခင်ဗျား မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် အသက်စွန့်ပြီး ” နိုင်ငံခြား သွားရမယ် ဆိုရင် လိုက်နိုင်ပါ့မလား” ဟု သခင်လှဖေ(ယခု) ဗိုလ်လင်္ကျာ ကာကွယ်ရေးဝန်ကြီးဟောင်း က သံလျင် အလုပ်သမား အတွင်းရေးမှုး သခင်လှမြိုင် ကို မေးလိုက်၏။ အလုပ်သမား ကိစ္စ အရေးတော်ပုံကြောင့်၊ ထောင်ခဏ ခဏ ကျနေသော သခင်လှမြိုင် က “သွားမယ် လိုက်မယ်” ဟု ဂတိပေးလိုက်လေသည်။

အချိန်ကား ဒုတိယ ကမ္ဘာစစ် ပွဲထဲသို့ ဂျပန်ပြည် က မပါသေး။ အနောက် နိုင်ငံမှာ ခြိမ့်ခြိမ့်သဲမျှ တိုက်ပွဲ ဆင်ကြ လေပြီ။ တရုပ်လူမျိုး အပြည့်နှင့် တရုပ်ပြည်သွား သင်္ဘောပေါ်၌ တရုပ်လူမျိုးကဲ့သို့ ၀တ်စား ထားသော တရုပ်စကားမတတ်သည့် သခင်အောင်ဆန်း နှင့် သခင်လှမြိုင် တို့ ၎င်း သင်္ဘောပေါ် ၌ ပါဝင်လျက် ရှိရာ၊ ၃-ရက်ရှိပြီ။ စင်္ကာပူ ကိုလည်း ရောက်လုလု ဖြစ်သော အခါ ၊ သခင်လှမြိုင် က အနီး ရှိ စကားမပြော တုံဏှိ ဘောလုပ်နေသော သခင်အောင်ဆန်း အား - “အစ်ကိုကြီး ကျွန်တော်တို့ ဘယ်သွားလို့ ဘယ်ရောက်ကြမှာလဲ” ဟု မေးလိုက်သော အခါ၊ လုံးဝ စကားမပြောဘဲ အစဉ်သဖြင့် တွေဝေ စဉ်းစား နေရာက၊ “အသာနေစမ်းဗျာ၊ မမေးစမ်းနဲ့” ဟု မာန်လိုက်လေသည်။ သိချင်သူ သခင်လှမြိုင် အရှုံး ပေးရ၏။ စကားပြန်မပြောဘဲ နေမြဲနေလေသည်။

အုန်းသီးများ နှင့် အတူ သင်္ဘောစီးရခြင်း

ယင်းသို့လျှင် သင်္ဘောကြီး သွားမြဲ သွားနေရာ၊ စင်္ကာပူ ခံတပ်မှ လွတ်ပြီး တရုပ် ပင်လယ်သို့ ရောက်သွားတော့ လေရာ၊ ဆိုင်ကလုံ လေနီကြမ်းသည် ပြင်းပြင်းထန်ထန် တိုက်ခတ်သည်နှင့် သင်္ဘောကြီး ပုခက်လွှဲ သကဲ့သို့ ၂-နာရီ နီးပါးခန့် ကြုံရလေပြီ။ သင်္ဘောပေါ်ရှိ ကုလားထိုင် စားပွဲ ပစ္စည်း အမျိုးမျိုး ဂျွန်းထိုးမှောက်ခုန်၊ စီးနင်းသူတို့ လည်း ရပ်တည် မနေနိုင်။ ပုန်းစရာရှာမတွေ့ မူး၍ အံ၍ အော့ ၍ ပြော့ခွေတော့လေရာ၊ သခင်အောင်ဆန်း မှာ အုန်းသီးများ ထားသော အခန်းထဲ၌ သင်္ဘော မူးလျက် သတိမေ့လျော့ ပြော့ခွေ သွားတော့လေသည်။ သခင်လှမြိုင် က သင်္ဘောမမူးတတ်၊ သခင်အောင်ဆန်း၏ ကိုယ်ပေါ်၌ ကြွက်ငယ်များ လိုက်တန်းပြေးတန်း ကစားနေသလို ဖြတ်ကျော်နေသော အုန်းသီးများ ကို ဖယ်ပေးနေရတော့သည်။လေနီကြမ်း မရပ်မချင်း သခင်အောင်ဆန်း သင်္ဘောမူး မပျောက် အလူးအလဲ ခံနေရတော့လေသည်။

တဖန် စုံထောက် နာမည်ကျော်များ ပြည့်နှက်သော ဟောင်ကောင် သင်္ဘောဆိပ် မှ လွတ်ထွက်၍ ကောလုံစု ကျွန်းငယ်သို့ ရောက်၍ သင်္ဘော ပေါ်မှ ဆင်းလေရာ၊ ၎င်းကျွန်းသို့ ရောက်၍ သင်္ဘောပေါ်မှ ဆင်းလေရာ၊ ၎င်းကျွန်းသည် အမေရိကန်၊ အင်္ဂလိပ်၊ တရုပ်၊ ဂျပန် စသော နိုင်ငံ တို့ က ၇-ရက် တလှည့်စီ အုပ်ချုပ်ရသော ကျွန်းဖြစ်လေသည်။ ထိုနေ့က အင်္ဂလိပ် အုပ်ချုပ်ရသော အပါတ်ဖြစ်၍ အင်္ဂလိပ် အစိုးရက သခင်အောင်ဆန်း မိလျှင် ဆုငွေ ၅-ကျပ် ထုတ်ထားသော ၀ရမ်းပြေး ဖြစ်ရာ စိုးရိမ်ဘွယ် ဖြစ်သွားလေသည်။ ရှေ့တိုး နောက်ဆုတ် ခက်နေသည်၊ တရုတ်စကားမတတ်၍ တရုပ်လူမျိုးများ အနီးသို့ ယှဉ်မရပ်ရဲသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင် မှာ အိပ်ရာလိပ်သေတ္တာ ကိုဆွဲလျက် မရဲသော်လည်း ပြေးခဲစေဆိုသကဲ့သို့ ဟန်မပျက်နေ၍ သွားနေစဉ်၊ အစဉ်မပြတ်အကဲခတ်နေသော တရုတ်လူမျိုး ပုလိပ်တို့က မသင်္ကာ၍ ဘမ်းတော့လေသည်။ ဤသို့ အဘမ်းခံရသည် အထိ သခင်အောင်ဆန်း မှာ မတုံမလှုပ် သူတို့ခေါ်ရာသို့ လိုက်ပါမြဲ လိုက်ပါသွားလေရာ၊ အတူပါ သခင်လှမြိုင် မှာ အကြံအမျိုးမျိုး ထုတ်ရာမှ နောက်ဆုံး ပုလိပ်ကို ငွေ ၇၅-ကျပ်ပေးလိုက်မှ လွတ်ရတော့ လေသည်။

မဟောသဓာနည်းနှင့် ပြည်ကြီးသူများ ကိုမိတ်ဆက်ခြင်း

ကောလုံစု ကျွန်းပေါ်မှ တနေ့ ၄-ကျပ် ပေးရသော တရုပ်ဟော်တယ် ပေါ်၌ ခရီးလမ်း အစီအစဉ် မရှိ တည်းခိုနေရလေရာ၊ ၃-လခန့်ကြာသွား လေပြီ။ ပါလာသမျှ စရိတ်လည်း မရှိတော့ မြန်မာနိုင်ငံသို့ ပြန်၍ စရိတ်ငွေ ပြန်မှာသော အခါ၊ ထိုစဉ်အခါက သခင် အစည်းအရုံးဝင် မှန်လျှင် ငတ်သည် ပြတ်သည်၊ လူတိုင်းအထင်သေးနေသည်၊ စရိတ်ပေး ပို့ရန် မဖြစ်နိုင်ကြောင်း စာပြန်လာသည်။ ရှေ့အဘို့ မည်ကဲ့သို့ ကြံရပါမည်နည်း။ သခင်အောင်ဆန်း မှာ မူ ဟော်တယ် အခန်းထဲက မထွက်၊ စကားမပြော စာအုပ်ကြည့်၍ သာ နေထိုင်သည်။ စားစရိတ်မရှိ၊ စားစရာ မကျန် ၀တ်စရာ မရှိ၊ ဟိုသည် ကိုပင် မသိသလိုပင် နေထိုင်လေတော့ သည်။ သခင်လှမြိုင် မှာ နေ့စဉ် နေ့တိုင်း ငွေရရန် ရှာဖွေရလေရာ၊ နောက်ဆုံး အင်္ဂလိပ် စာပြ ဆရာ တလ ၃၀ိ- နှင့် အလုပ်တည့်လာသည်နှင့် အားရ၀မ်းသာ ဟော်တယ်သို့ ပြန်လာလေသည်။ သို့သော် အချိန်ကား ညနေ ၄-နာရီခန့်ဖြစ်၏။ ဟော်တယ် နှင့် မနီးမဝေး တွင် တရုပ်လူမျိုး ဖြူဖြူချောချော အပျိုကလေးမှာ နေ့စဉ်နေ့တိုင်း ကြည့်နေရာက ထိုနေ့မှာလည်း ကြည့်နေခိုက် ဖြစ်သည်နှင့် သခင်လှမြိုင် လည်း မနေနိုင် ပြန်၍ ကြည့်မိသည်။ နိုင်ငံရေးသမား ဖြစ်နေသည်နှင့် စတင်ရန် ခက်နေရာက လက်မောင်းကြွက်သား ကို ထုတ်ပြလိုက်၏။ အပျိုကလည်း ပြုံးရယ်၍ ကြည့်နေ၏။ ခဏကြာသည်အထိ ဖြစ်ရာ၊ သခင်လှမြိုင် မှာ သခင်အောင်ဆန်း၏ အိနြေ္ဒ မူလ သိက္ခာ ကို ချစ်ကြောက် ရိုသေခဲ့ရသည့် အတိုင်း အိနြေ္ဒဆည်၍ အခန်းထဲသို့ ကျောင်းသားကလေးက ဆရာကို ကြည့်ရှုရှာဖွေ သလို ကြည့်မိသောအခါ၊ သခင်အောင်ဆန်း မှာလည်း ပြူတင်းပေါက် မှ ရပ် ၍ (မာဆယ်) လက်မောင်းကြွက်သားကို ထုတ်ပြနေကြောင်း ဘွားကနဲ တွေ့ရလေသည်။ သခင်လှမြိုင် မှာ ပါးစပ်ပိတ်၍ မျက်လုံးပြူးပြီး အံ့အားသင့်သွားကာ ခဏချင်းပင် သြော်….ငြီးငွေ့လွန်းလို့ ထင်ပါရဲ့ ဟု ကြိတ်မှိတ်၍ မပြောဝံ့ မပြုဝံ့ မျိုသိပ်နေရလေသည်။ တရုပ်မလေးကား ပြုံးမြဲ ပြုံးလျက်ပင်။

ထို့နောက် ရှမ်းဟဲမြို့ ၊ ၎င်းမှ ဖော်မိုဆာ ကျွန်း က တဖန် ဂျပန်ပြည် ယိုကိုဟာမမြို့ သို့ ရောက်ကြသောအခါ၊ တိုကျိုသို့သွားရန် လေယာဉ်ပျံ ကွင်းသို့ ရောက်ပြီး ထိုအချိန်၌ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်မှာ၊ ဂျပန်လူမျိုးအ၀တ်အစားနှင့် ဖော်မိုဆာ ကျွန်းမှ စီမံပေးလိုက်ပြီး လေယာဉ်ပျံ စီးအံ့ဆဲဆဲ တွင် ဂျပန် ပုလိပ်တို့က ဆွဲပြန်ပြီး၊ ပုလိပ်စခန်းသို့ ခေါ်သွားပြီးလျှင်၊ ပုလိပ်များက ဂျပန်ဘာသာဖြင့် မေးရာ၊ မေးမရသည် နှင့် အင်္ဂလိပ် ဘာသာဖြင့် - “ခင်ဗျားတို့ ဘယ်သွားမလဲ” သခင်အောင်ဆန်းမှာ အိနြေ္ဒ နှင့် ကျုပ်တို့ တိုကျိုသွားမလို့” “ခင်ဗျားတို့ ဘယ်သူ့ဆီ သွားမလို့လဲ” “မီနံမီ ဆိုတဲ့ မိတ်ဆွေဆီ သွားမလို့” ထိုအခါ သခင်အောင်ဆန်း၏ အမူအရာ မထူးခြားသော်လည်း သခင်လှမြိုင် မှာ အထူး စိုးရိမ် သွားလေသည်။ တိုကျိုမြို့  က မီနံမီ တွေ့ချင်လို့ အဖြေသည် ရှေ့အဖို့ အဆင်မပြေနိုင်။ လမ်းနံပါတ်၊ အိမ်နံပါတ်၊ အလုပ်အကိုင်၊ ရာထူးမသိ၊ မီနံမီ ဆိုသူကိုလည်း မမြင်ဘူး ဖြစ်နေတော့လေရာ ၊ အမှန်စိတ်ရှုတ် ဘွယ် ဖြစ်နေလေသည်။ ပုလိပ်တို့က ဖုံးဆက်လိုက်လေ သောအခါ၊ ကံအားလျော်စွာ မီနံမီ ဆိုသူကို တွေ့လာပြီး စကားပြန်လာ၏။ သွားခွင့်ရပြီး တိုကျိုသွား လေယာဉ်ပျံပေါ်၌ ပြုစု နေသော ဂျပန်မလေး ချောချော မှာ၊ အလွန်သဘောကောင်း အစစကြည်နှုးစရာ ဖန်တီးနေသောအခါ၊ သခင်လှမြိုင်မှာ အလွန်ပျော်ရွှင်သွားလေသည်။ ကြောက်ချစ် ရိုသေ ရှိရသော သခင်အောင်ဆန်းကို အကဲခတ်သော အခါမှာလည်း အုံ့ပုန်းကြီး သခင်အောင်ဆန်းမှာ ပြုံးပြုံး ကြီး ခဏခဏ ဖြစ်နေလေသည်။

ဗိုလ်ချုပ် ဘိနပ် စွပ်ပေးသည့် ၀န်ကြီး

ဟိုင်နံကျွန်း၌ စစ်ပညာသင်ကြပြီး၊ ရဲဘော်သုံးကျိပ် ၀င်များ စုံလင်ကြပြီ။ ဂျပန်စစ်ပညာသည် အလွန်ကြမ်း၊ အလွန်ဆန်း၊ အထူးအံ့မခန်းတွေ ပြည့်နှက်လျက်ရှိရာ၊ သခင်အောင်ဆန်းမှာ အလုံးအရပ် ပြတ်ပြတ်ပင် ဖြစ်ရာ၊ နုနယ်သည် ဟု ဆိုထိုက်လေရာ၊ ရဲဘော်တို့ အထဲ နံပါတ် ၁ စွဲနိုင်ပါ့မလား စုံစမ်းကြည့်သောအခါ၊ သခင်အောင်ဆန်းမှာ ရဲဘော်တို့ အထဲတွင် စစ်ဆင်းစစ်တိုက်၊ သတ္တိဗျတ္တိ၊ အကြံဥာဏ် ထူးချွန်လျက်ပင် ဖြစ်ကြောင်း သိရလေသည်။ ဗိုလ်မင်းခေါင် (ယခင် ထူထောင်ရေးဝန်ကြီး) သည် ရဲဘော်သုံးကျိပ်တို့ အထဲတွင် အငယ်ဆုံး ဖြစ်ရာ၊ ညီအငယ်ဆုံးကို အစ်ကိုကြီးက ယုယနည်းဖြင့် သခင်အောင်ဆန်းသည် ယုယနိုင်၏။ အလိုဖြည့်နိုင်၏။

စစ်ပညာတတ်မြောက်၍ ဂျပန်လည်း ဒုတိယကမ္ဘာစစ်ပွဲထဲသို့ ပစ်ဝင်သောအချိန် သခင်အောင်ဆန်းခေါ် ဗိုလ်တေဇ ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်တို့ ယိုးဒယား ဆိုက်ရောက်ကြပြီး ဘီ-အိုင်-အေ တပ်ဖွဲ့များ တည်ထောင်ရန် အထူး စိုင်းပြင်း နေသော အချိန် ဖြစ်လေ၏၊ တနေ့သော အခါ၊ အလွန် စကားနည်းလှသော ဗိုလ်အောင်ဆန်း မှာ အစည်းအဝေး သို့ သွားရန် မေ့သယောင်ယောင် ဖြစ်နေခိုက် ဗိုလ်မင်းခေါင်က -”အစ်ကိုကြီး အစည်းအဝေးရှိတယ် စကားပြောရမယ်” ဟု သတိပေးလိုက်မှ “အေး-ဟုတ်လား” အနည်းငယ်လှုပ်ရှားလာလေသည်။ အင်္ကျီဝတ် ဘောင်းဘီစွပ် ဒါးကိုချိပ် ဘိနပ်ကို စီး၍ ဗိုလ်မင်းခေါင်နှင့် တွဲ၍အစည်းအဝေး သို့ လာသောအခါ၊ လမ်းတလျှောက်တွင် ဗိုလ်အောင်ဆန်း၏ ဒါးသည် တလမ်းလုံး တရှောရှောနှင့် ဒရွတ်တိုက် နေလေသည်။ ဗိုလ်မင်းခေါင် ငုံ့ကြည့်မှ "ဟာ-အစ်ကိုကြီး ဒါးချိတ်၊ မဟန်သေးပါဘူး၊ ပြင်ချိတ်ပါအုံး" ဟု ပြောပြီး ပြင်ချိတ်ပေးရ၏။ တဖန် ဗိုလ်မင်းခေါင်က အင်္ကျီကို လိုက်ကြည့်မိရာ၊ အင်္ကျီကြယ်သီး ပြောင်းပြန် တပ်ထားသည်နှင့် ပြင်ဆင် တပ်ပေးရ ပြန်၏။ သို့နှင့် ခရီးအတန်ရောက်သောအခါ ဗိုလ်အောင်ဆန်း က - “ညီလေးရာ ငါ့ဘိနပ် ကြပ်နေတယ်- ဘာပြုလို့လဲ” မေးလိုက်ရာ ဗိုလ်မင်းခေါင် ဘိနပ်ကို ကြည့်သော အခါ၊ ဗိုလ်အောင်ဆန်း စီးထားသော ဘိနပ်သည် ဘယ်နှင့်ညာ လွဲနေသည်ကို တွေ့ရသည်နှင့် ပြန်ချွတ်၍ ပြန်ဝတ်ပေး လိုက်ရလေသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၅၁) မှ ကောက်နုတ်တင်ပြပါသည်။

ရင်ဝယ်မချိသော ဆုံးဖြတ်ချက်များစွာ

ရင်ဝယ်မချိသော ဆုံးဖြတ်ချက်များစွာ
Wednesday, 17 December 2008 18:54 ကြည်ဝေ
(ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြသည်)

အလင်းရောင် ကောင်းစွာ မ၀င်သော အစိုးရ သံမဏိ စက်ရုံတခု၏ အလုပ်သမား လိုင်းမှ အခန်းကျဉ်းလေး တခုထဲတွင် "အမေ … နာတယ် နာတယ်" ဟုညည်းညူရင်း ချွေးစေးများ ထွက်နေသော အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူကို ကြည့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် သောက ဝေနေသည့် မိခင်ဖြစ်သူက ချွေးသုတ် ပေးကာ ယပ်တောင်ကိုသာ အတွင်ခပ်ပေးနေခဲ့သည်။
     
တဖြည်းဖြည်းနှင့် သမီးမျက်နှာမှာ သွေးဆုတ်စပြုလာပြီး အသံများ တိုးတိမ်သွားရာ အမေဖြစ်သူမှာ ထိတ်လန့် တုန်လှုပ်လာပြီး ဘေးပတ်ဝန်းကျင်က အခန်းများဆီသို့ အော်ဟစ်အကူအညီ တောင်းမိတော့သည်။

ဘေးပတ်ဝန်းကျင်က သိပြီဆိုသည်နှင့် ထိုအဖြစ်အပျက်ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ဒေါ်အေး တယောက် မတွေးဆရဲတော့။ သမီးဖြစ်သူက ဗိုက်ထဲမှ ၃လအရွယ် သန္ဓေသားကို အရပ်လက်သည် အမျိုးသမီး၏ အကူအညီနှင့် မနေ့ကပင် ဖျက်ချ ခဲ့သည် မဟုတ်လား။ မြန်မာနိုင်ငံတွင် တရားမ၀င် ကလေးဖျက်ချခြင်းမှာ ရာဇ၀တ်မှုတခု ကျူးလွန်ခြင်းပင်။

ကိုယ်ဝန်သုံးလကို လက်သည်နှင့် ဖျက်ချမည်ဟု သမီးပြောတုန်းက သူမအနေနှင့် မတားမိခဲ့ပါဟု ဒေါ်အေးက ပြောဆိုသည်။

"သူ့မှာက ကလေးကလည်း ၂ ယောက်တောင်ရှိတယ်၊ ပြီးတော့ အကြွေးတွေလည်း ရှိသေးတယ် ဆိုတော့ ကျမလည်း မလုပ်ကောင်းဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် မတတ်သာတဲ့အဆုံးမှာ ကျမလည်း .. မတားမိတော့ တာပါ" ဟု ပြောရင်း ငိုရှိုက်လေတော့သည်။

သူမ၏ သမီးမှာအဆိုပါ  စက်ရုံမှ လစာနည်း ၀န်ထမ်းတဦးဖြစ်ပြီး ခင်ပွန်းသည်မှာလည်း သူမလိုပင် လစာနည်း အစိုးရ၀န်ထမ်းတဦး ဖြစ်သည့်အတွက် စားဝတ်နေရေးတွင် အခက် အခဲဖြစ်လျက်ရှိကြောင်း၊ ထိုကာလတွင် တတိယမြောက်ကိုယ်ဝန် ရလာသည့်အတွက် အရပ်ကြေးစား လက်သည်တဦးထံတွင် ကိုယ်ဝန်ဖျက်ချခဲ့ပြီး နှစ်ရက်မြောက်နေ့တွင် ဗဟိုအမျိုးသမီး ဆေးရုံသို့ ရောက်ရှိလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆေးရုံတွင် သွေးဆိပ်တက်နေသော ဝေဒနာနှင့် ဆေးဝါးကုသမှု ခံနေရသော အမျိုးသမီးမှာ စက်ရုံမှ အလုပ်ပြုတ်မည့်အပြင်၊ ကိုယ်ဝန်ဖျက်ချသည့်အတွက် ဥပဒေအရ တရားစွဲဆိုခြင်းခံရကာ  ပြစ်ဒဏ် ၃ နှစ်  ကျခံရမှာ ဖြစ်ကြောင်း သူက ပြောပြသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးအများစုမှာ သားဆက်ခြားနည်း များနှင့်ပတ်သက်ပြီး ဗဟုသုတနည်းပါးခြင်း၊ ငွေကြေး မပြည့်စုံခြင်းတို့ကြောင့် ကြိုတင် စီစဉ်ပြင်ဆင်ထားခြင်း မရှိသော ကိုယ်ဝန် ဆောင်ခြင်း၏ ဆိုးကျိုးကို ခံစားကြရသည်။

ဆေးရုံသို့ ကိုယ်ဝန်ဖျက်ချကာ ရောက်ရှိလာသော အမျိုးသမီးများ အများအပြား ရှိနေကြောင်း ရန်ကုန် အမျိုးသမီးရောဂါ အထူးကု ဆရာဝန်ကြီးတဦးက ပြောသည်

"အခု ဆေးရုံရောက်လာတဲ့ မိန်းမတွေမှာ ၁၀ ယောက်ရှိရင် ၇ ယောက်က ကိုယ်ဝန် ဖျက်ချ လိုက်လို့ ရောက်လာတာပဲ။ တနှစ်ထက်တနှစ်တိုးလာတယ် အဲဒီ လူနာအမျိုးအစားက လွန်ခဲ့တဲ့ ၂၀၀၄ ကနဲ့ စာရင် ၃ ဆရှိတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကထက်စာရင် ၈ ဆ နီးပါး လောက် ရှိပါတယ်" ဟု သူက ဆိုသည်။

ဆက်လက်၍ သူက ကိုယ်ဝန်ဖျက်ချကျသော အမျိုးသမီးအများစုမှာ ဆင်းရဲနွမ်းပါးပြီး ကလေးအရေအတွက် များသူ အိမ်ထောင်သည် သားသည် အမေများ ဖြစ်ကြသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

၎င်းတို့အနေနှင့် ထုံးတမ်းစဉ်လာအရ ကိုယ်ဝန်ဖျက်ချခြင်းသည် ဘာသာရေးအရ သူတပါး အသက်ကို သတ်ခြင်းဖြစ်ကြောင်း နားလည်ထားသည့်ပြင် ဥပဒေအရပါ ပြစ်ဒဏ်ခံရမည်ကို သိနေသော်လည်း နောက်ဆုံး ကြံရာမရသဖြင့် ဖျက်ချကြခြင်းဖြစ်သည်ဟု ဆရာဝန်ကြီးက ပြောဆိုသည်။

ကိုယ်ဝန်ဖျက်ချသော အမျိုးသမီးအများစုသည် အရပ်လက်သည် များနှင့် မိရိုးဖလာ ဆေးမြီးတိုများကို အသုံးချကြသည်။ အမျိုးသမီးတချို့မှာ ပြည်တွင်းဈေးကွက်တွင် ကိုယ်ဝန်ဖျက်ဆေးအဖြစ် နာမည်ကြီး လျက်ရှိသော ကေသီပန်၊ စိန်ကုလားသွေးဆေး၊ နှစ်ခွက်ဆေး စသည့် ပူစပ်သော သွေးဆေးပြင်းများကို အရက်နှင့်ရောသောက်ခြင်း၊ ချင်းနှင့် ထန်းလျက်ကို ရောကြိုသောက်ခြင်း၊ ငရုတ်ကောင်းနှင့်ရေနွေး ရောစပ်သောက်ခြင်း တို့ ပြုလုပ်ကြသည်ကို တွေ့ရသည်။

အရပ်လက်သည်အများစုမှာ ဆီးခုံရိုး နေရာကို နှိပ်နင်းခြင်း၊ ထုရိုက်စေခြင်း၊ ၀မ်းဗိုက်ပြင် အရေပြားမှတဆင့် သားအိမ်ကို ပြင်းထန်စွာ နှိပ်ခြင်း စသည့်နည်းများ သုံးကာဖျက်ချပေးကြပြီး သားအိမ်ထဲသို့ ဖဲထီးရိုးများ၊ တုတ်တံများ၊ စက်ဘီးစပုတ်တံများ၊ သစ်ကိုင်းများထည့်ခြင်းဖြင့် သားအိမ်ထဲမှ သန္ဓေသားကို ထိခိုက် ပျက်စီးအောင် လုပ်ခြင်း စသည့် နည်းလမ်းများကို အသုံးပြုလျက်ရှိသည်ကို တွေ့မြင်ရကြောင်း ဆရာဝန်များ၏ ပြောပြချက်အရ သိရှိရသည်။

ထိုနည်းများကို အသုံးပြုသူများသည် သားအိမ်ပေါက်ခြင်း၊ သားအိမ်ထဲတွင် သေဆုံးပြီး သန္ဓေသား၏ အပိုင်းအစများ ကျန်ရစ်ခဲ့ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း၊ သွေးလွန်ခြင်း၊ သွေးဆိပ်တက်ခြင်း စသည့် ရောဂါများဖြစ်ပွားကြပြီး  အသက်သေဆုံး သည်အထိ ဖြစ်လာကြသည်ကို တွေ့မြင်ရကြောင်း သိရှိရသည်။
     
"အဓိကကတော့ ဆင်းရဲကြပ်တည်းကြတာနဲ့ ၀င်ငွေနည်းပါးကြတာကြောင့်ပဲ။ နောက်တချက် က သားဆက် ခြားနည်းဆိုင်ရာ ဗဟုသုတပိုင်းမှာ အားနည်းတာ၊ လွတ်လပ်ပွင့်လင်းမှု မရှိတာနဲ့ အလုပ်အကိုင်ရရှိမှု ခက်ခဲ တာတွေက အခုခေတ်ရဲ့ ကိုယ်ဝန်ဖျက်ချရခြင်း အကြောင်းရင်း တွေပဲ” ဟု သားဖွားနှင့်မီးယပ် အထူးကု ဆရာဝန်ကြီးတဦးက ပြောဆိုသည်။

ကိုယ်ဝန်ဖျက်ချကြသော အမျိုးသမီးများမှာ အသက် ၂၅ နှစ်မှ ၄၀ ၀န်းကျင်အရွယ် အမျိုးသမီးများဖြစ်သည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။

ခုတင်တလုံးပေါ်တွင် ကွေးအိပ်ရင်းနာကျင်မှု ဝေဒနာကို အံကြိတ်ခံစားနေသော မမာလာက "ကျမမှာ သားလေး ၁ ယောက်ရှိတယ်။ အခု ဒီဖျက်ချလိုက်တဲ့ ကိုယ်ဝန်က ဒုတိယမြောက်ပါ။ ဒီကလေးကို မွေးလိုက်ရင် ကျမ အလုပ်ပြုတ်မှာ သေချာတယ်။ အဲဒါကြောင့် မဖျက်ချင်ဘဲ ဖျက်ချလိုက်တာပါ" ဟု ပြောပြသည်။

သူအလုပ်လုပ်သော ရေသန့်စက်ရုံက အလုပ်စ၀င်စဉ်ကတည်းက အိမ်ထောင်ရှိသည်ဟု ဆိုသောကြောင့်  မီးဖွားခွင့်မရှိ၊ ကိုယ်ဝန်ရှိလျှင် အလုပ်ထွက်ရမည်ဟု ကြိုတင်ပြောဆို ထားသောကြောင့် ယခုကဲ့သို့ ကိုယ်ဝန်ကို ဖျက်ချလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ထောင်ရှိသော အမျိုးသမီးများအနေနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည့်ပြင် ယနေ့ခေတ် အလုပ်ရှင်များက အိမ်ထောင်သည်အမျိုးသမီးများအား အလုပ်ခန့်ရာတွင် ကိုယ်ဝန် ဆောင်ပါက မွေးဖွားခွင့် ၄၅ ရက်နှင့် ထို ၄၅ ရက်အတွက် လစာ အပြည့် ပေးရမည် စိုးသောကြောင့် ကိုယ်ဝန်ဆောင်လျှင် အလုပ်ထွက် ရမည်ဟု ကြိုတင် သတိပေးထားလေ့ ရှိသည်။

သားဆက်ခြားနည်း အမျိုးမျိုး ရှိသည့်အနက် ဈေးအသက်သာဆုံး သားဆက်ခြားနည်း ဖြစ်သည့် ဆေးပြား စားသုံးခြင်း ဆိုသည်ပင် တကတ်လျှင် လက်လီဈေးကွက်၌ အနည်းဆုံး ငွေကျပ် ၇၀၀ ဈေးပေါက်လျက် ရှိသောကြောင့် ၀င်ငွေနည်းပါးသူများမှာ ရေရှည်မသုံးစွဲနိုင်ကြောင်း သိရသည်။ ထို့ပြင် ၎င်းဆေးကတ်မှာ အမျိုးသမီးတိုင်းနှင့် မတည့် သည့်အတွက် တချို့သာ သုံးစွဲနိုင်သည်။

တခြားသားဆက်ခြားနည်း တခုဖြစ်သော လစဉ် သားဆက်ခြားဆေး ထိုးမည် ဆိုပါကလည်း တလခံဆေး၊ နှစ်လခံဆေးနှင့် သုံးလခံဆေး ဟူ၍ရှိရာ ကုန်ကျစရိတ်အနေနှင့် ဆေးဖိုးနှင့်ထိုးခ အနည်းဆုံးကျပ် ၁၅၀၀ မှ ကျပ် ၃၀၀၀ ထိ ကုန်ကျသောကြောင့် ၀င်ငွေနည်း မိသားစုများမှ အမျိုးသမီးများ အသုံးပြုနိုင်မှု နည်းပါးသည်ကို တွေ့မြင်ရသည်။

ထို့ပြင် သားသမီးများသောကြောင့် သားကြောဖြတ်မည်ဆိုပါကလည်း အစိုးရက ကန့်သတ် ထားသော ဥပဒေများရှိသောနေရာ အသက် ၃၅ နှစ်အောက် အမျိုးသမီးများ သားကြော ဖြတ်ခွင့်မရဟု သိရသည်။

တခြားသားဆက်ခြားနည်းတခုဖြစ်သည့် ကွန်ဒုံးသုံးစွဲနည်းမှာလည်း ၀င်ငွေနည်း မိသားစုများ အတွက် အဆင်မပြေကြောင်း သိရှိရသည်။ ကွန်းဒုံးတခု၏ လက်ရှိပေါက်ဈေးမှာလည်း လက်လီ ဈေးကွက်တွင် ကျပ် ၂၀၀ နှင့်အထက် ရှိနေရာ တနေ့လုပ်အားခငွေ ကျပ် ၁၅၀၀ သာရသော အလုပ်သမားများအနေနှင့် ၀ယ်ယူ သုံးစွဲနိုင်သည့် အင်အားမရှိပေ။

ကိုယ်ဝန်ဖျက်ချပေးသည့် အရပ်လက်သည်များ၏ ဈေးနှုန်းမှာ ကျပ် ၅ ထောင်မှ ကျပ် ၂ သောင်းထိ ရှိသည်။ ကျန်းမာရေးမှူး သို့မဟုတ် သူနာပြုဆရာမ စသော ဆေးဝန်ထမ်း များထံတွင်ပြုလုပ်ပါက ပိုလုံခြုံမှုရှိပြီး ဈေးနှုန်းမှာလည်း အနည်းဆုံးကျပ် ၅ သောင်းမှ ၁ သိန်းထိ ပေးရသောကြောင့် ၀င်ငွေနည်းပါးသူများ မလုပ်နိုင်ကြောင်း သိရှိရသည်။

ကိုယ်ဝန်ဖျက်ချသူ အများစုမှာ ဈေးသက်သာသော အရပ်လက်သည်များထံတွင်သာ ဖျက်ချကြ သောကြောင့် ဆေးရုံရောက်ရခြင်း၊ အသက်သေဆုံးရခြင်းများ ရှိလာသည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇ၀တ်မှု တခုအဖြစ် သတ်မှတ်ထားပြီး ကိုယ်ဝန် ဖျက်ချသူနှင့် ဖျက်ချပေးသူများကို ထောင် ဒဏ် ၃ နှစ်နှင့်အထက် သတ်မှတ်ကာ ထောင်ဒဏ် ရော ငွေဒဏ်ပါ နှစ်မျိုးစလုံး အပြစ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကောင်မလေး

ကောင်မလေး

ကောင်မလေးရေ…

တို့မှာတော့
အဲယားကွန်းအခန်းထဲ ဆိုဖာပေါ်မှာ
ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်သုံးနေတဲ့အချိန်
မင်းတစ်ယောက်တော့
ကျပ်တီးကျပ်တပ် ဓနိမိုးတဲထဲမှာ
မိုးမလုံ လေမလုံနဲ့ ဘယ်လိုနေရှာမလဲနော်။

ကောင်မလေးရေ…

ဒီစင်ကာပူမှာ နေ့လယ်စာကို
Fish & chips နဲ့ စားမိတိုင်း
ငါးခြောက်ဖုတ်ဆီဆမ်း ထမင်းကြမ်းနဲ့ စားရတဲ့
မင်းတို့တောက နတ်သုဒ္ဓါ ဟင်းတစ်ခွက်ကို
သတိရမိတယ်။

ကောင်မလေးရေ…

ဒီစင်ကာပူမြို့ပြမှာတော့
မိုးမြင့်တိုက်ကြီးတွေ၊ မိုးပျံလမ်းတွေ
မြေအောက်ရထားတွေ ပြည့်နှက်နေပေါ့။
မင်းတို့တောမှာတော့ ခြေကျင်ဆိုက်ကားနဲ့
နွားလှည်းသာ ရှိလှမို့
တို့များ သနားမိတယ်။

ကောင်မလေးရေ…

ဒီစင်ကာပူမှာတော့
လူတွေက ငါးခြောက်နံ့ရမိရင်
ရဲတိုင်မလား၊ ဆူငေါက်မလားပဲ။
ဒါပေမယ့်
မင်းတို့ ငါးခြောက်ရွာလေးကတော့
လမ်းထဲဝင်သွားရင် ငါးနံ့တထောင်းထောင်းနဲ့
ဒီကစင်ကာပူတွေမြင်ရင်
ဘယ်လိုပြောကြမလဲ မသိဘူးနော်။

ဒါပေမယ့် ကောင်မလေးရေ…

မင်းတို့တောက မနိမ့်ကျဘူးကွဲ့။
ပင်လယ်လှိုင်းပုတ်သံတွေကြား
ကိုယ့်လူမျိုး ဂုဏ်သိက္ခာကို
ကျမသွားအောင် ထိန်းထားနိုင်တယ်။
ဒီမှာတော့
ဒစ်စကိုဆိုလား၊ KTVဆိုလား သွားမိရင်
လူမျိုးမေ့ ဘာသာမေ့နဲ့
ဓလေ့ထုံးစံတွေအကုန်လုံး ပျောက်သွားတယ်ကွဲ့။

ကောင်မလေးရေ…

မင်းတို့တောရွာလေးကို အပြေးကလေး
တိုးတက်စေချင်လှပေါ့။
သာယာတဲ့ လူနေမှုကို ခံစားကြည့်စေချင်လှပေါ့။
Mega cities တွေရဲ့ ညအလှကို တွေ့စေချင်လှပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ကောင်မလေးရေ…

ညနေရေချိုးအပြီးမှာ
သနပ်ခါးနံ့သင်းသင်းလေးနဲ့
ကြော့ကြော့ရှင်းရှင်းလေး ၀တ်ထားတဲ့
ရိုးသားတဲ့မင်းကို
ဘယ်တော့မှ မမေ့နိုင်ပါဘူးကွယ်။

သူတို့ကို မမေ့နဲ့

သူတို့ကို မမေ့နဲ့

ဒီဇင်ဘာ ၁ ရက် အထူးအစီအစဉ်အဖြစ် ကျနော်တို့ နိုင်ငံရဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတချို့ကို ရသမျှ တင်ပေးလိုက်ပါတယ်။ သူတို့ကို မမေ့ပါနဲ့။ သူတို့ဟာ နိုင်ငံအတွက် တဘ၀လုံး ပေးဆပ်ထားသူတွေပါ။ မိသားစုအရေးကို ဂရုမစိုက်ဘဲ ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ကိုင်နေသူတွေပါ။ ၆၅ နှစ်ဆိုတာ ယုတ္တိမရှိတဲ့ ထောင်ဒဏ်ဖြစ်တယ်။ သူတို့ မကြာခင် လွတ်မြောက်လာလိမ့်မယ်လို့ ယုံကြည်တယ်။ နိုင်ငံတည်ဆောက်ရေးအတွက် ပါဝင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒေါသတကြီးနဲ့ မတုံ့ပြန်ဘဲ စဉ်းစဉ်းစားစားနဲ့ လုပ်ဆောင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ (တောင်းတဲ့ဆုနဲ့ ပြည့်မယ် မထင်ပါဘူး)

minkonaing.jpg

ဦးမင်းကိုနိုင်

kokogyi.jpg

ဦးကိုကိုကြီး

kominnzeya.jpg

ဦးမင်းဇေယျ

kojimmy.jpg

ဦးကျော်မင်းယု

kopyonecho.jpg

ဦးပြုံးချို

kohtaykywe.jpg

ဦးဌေးကြွယ်

komyaaye.jpg

ဦးမြအေး

manilarthein.jpg

ဒေါ်နီလာသိန်း

mamiemie.jpg

ဒေါ်မီးမီး

ဓာတ်ပုံများကို various sources များမှ ကူးယူတင်ပြသည်။ ခွင့်ပြုချက်မတောင်းနိုင်ခဲ့သည့်အတွက် ခွင့်လွှတ်ပါရန်

အကျဉ်းစံ ဓမ္မ၀ါဒီတို့၏ အနစ်နာခံ ပါရမီ

(မှတ်ချက်)
စာရေးသူကိုယ်တိုင် ပို့စ်တခု ရေးချင်သော်ငြား ယခုအကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားများအတွက် ထိရောက်အောင် မရေးပေးနိုင်သောကြောင့် ကျနော်ဖတ်သမျှထဲမှ အကောင်းဆုံးဆောင်းပါးကို ဖော်ပြလိုက်ရပါသည်။ ဓမ္မသည် အဓမ္မကို အနိုင်ရရမည်သာ။

အကျဉ်းစံ ဓမ္မ၀ါဒီတို့၏ အနစ်နာခံ ပါရမီ
ကိုမော်

မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်။

သံသရာသက်တမ်းနှင့် နှိုင်းယှဉ်လိုက်လျှင် လူ့ဘ၀သက်တမ်းဟူသည် ရေပွက်ပမာ ခဏတာမျှသာဖြစ်၏။ ထိုသို့ ခဏတာ လူ့ဘ၀ကိုပင် ရဖို့ရာ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုသည့် ဗုဒ္ဓဒေသနာတော်အရ လွန်စွာပင် ခက်ခဲလှ၏။ ထိုမျှရခဲလှသော လူ့ဘ၀၏ တိုတောင်းလှသော ကာလအတွင်းမှာပင် လူတို့သည် သောကကို ရင်ဝယ်ပိုက်ပြီး လူ့ဘ၀ကို ဖြတ်သန်းနေကြရသည်ဆိုပါက ရခဲလှသော လူ့ဘ၀ကို ရလာရခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်။

သို့သော် ယနေ့ အမိမြန်မာပြည်ရှိ လူသားများသည် လူရယ်လို့ စဖြစ်လာပြီဆိုကတည်းက လူသား၏ ရပိုင်ခွင့်၊ ရပ်တည်ရှင်သန်ပိုင်ခွင့်များကို ထိန်းချုပ်ခံနေရလေပြီ။ အာဏာမရှိသူ (၀ါ) မထိန်းချုပ်နိုင်သူသည် အာဏာရှိသူ (၀ါ) ထိန်းချုပ်နိုင်သူ၏ အလိုသို့ စေညွှန်ရာအတိုင်း လုပ်ဆောင်နေကြရ၏။ ထားရာနေ စေရာသွား ဘ၀မှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ ထိုသို့ လူအချင်းချင်း  အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် လောကကြီး တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေ၏။ 

လောကဟုဆိုရာ၌ လောက၏ သဘောသဘာဝကို ဆရာကြီးဦးရွှေအောင်က ဘ၀ အမြင်သစ် စာအုပ်မှာ ဖွင့်ဆိုရာတွင် - - - လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုကို ဓမ္မဟု ခေါ်သည်။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုကို အဓမ္မဟု ခေါ်သည်။ ထိုကြောင့် ဓမ္မနှင့် အဓမ္မသည် လောက၌ ထာဝစဉ်ဆန့်ကျင်ကြ၏။ အချင်းချင်း ဆန့်ကျင်နေသောကြောင့်ပင် လောကသည် ဖြစ်ပေါ်နေခြင်းဖြစ်၏။ သို့ဖြစ်လေရာ လောကဟူသည် ဓမ္မနှင့် အဓမ္မတို့ စစ်ခင်းရာ စစ်မြေပြင်ဖြစ်၏ - - - ဟု ဖွင့်ဆိုထား၏။်

လောက၌ အဓမ္မ၀ါဒီများလွှမ်းမိုးနေသည့် ကာလသည် တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော်လည်း အနိစ္စသဘော (၀ါ)    အပြောင်းအလဲဆိုသည့် သဘောတရားသည်လည်း အစဉ်အမြဲ ချဉ်းကပ်နီးစပ်နေလေ၏။

ယနေ့ကာလသည် အမိမြန်မာပြည်၌ ဓမ္မနှင့် အဓမ္မ၀ါဒီများ စီးချင်းထိုးရာ စစ်မြေပြင်သဖွယ် တစတစ ထင်ဟပ်ပေါ်လွင်လာခဲ့ပြီး ဖြစ်သည်။ စစ်အုပ်ချုပ်ရေး အာဏာယန္တရားဖြင့် တိုင်းသူပြည်သားများအား ထာဝစဉ် အနိုင်ကျင့်ဗိုလ်ကျနိုင်အောင် အစွမ်းကုန် ဖိနှိပ်ပြနေ၏။ ထေရ၀ါဒ ဗုဒ္ဓသာသနာကို မိခင်ဘာသာအဖြစ် ခေတ်အဆက်ဆက်က လွတ်လပ်စွာ ထွန်ကားတည်တံ့လာခဲ့ရာ အမိမြန်မာပြည်ရှိ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းတို့၏ မျက်မှောက်ကာလ အခြေအနေသည် အနိုင်ကျင့် ဗိုလ်ကျခံ၊ စိုးမိုးချယ်လှယ်ခံ၊ သင်းကွဲနှိပ်ကွပ်ခံအဖြစ် ရပ်တည်နေကြရသည်။

ဒါယကာအရေး သာသနာ့ဘေးကို ကျရောက်လာနေသည့် အန္တရာယ်မှ ဗုဒ္ဓအလိုတော်ကျ မေတ္တာဝါဒဖြင့် ကာကွယ်သည့် ဗုဒ္ဓကိုယ်စား တပည့်သား သမ္မုတိသံဃာများကို သတ်ဖြတ်ညှင်းဆဲ လူဝတ်လဲကာ ထောင်သွင်းအကျဉ်းချနေ၏။ သာသနာကိုချစ်၊ သာသနာကို မြတ်နိုးကာ သာသနာအဆုံးအမတွေကို တန်ဖိုးထားပြီး သာသနာတော်ကြီး အဓွန့်ရှည် တည်တန့်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ ကြိုးပမ်းထမ်းဆောင်နေကြသော  သာသနာပြုပုဂ္ဂိုလ် ရဟန်းသာမဏေများအား သာသနာတော်ကို ဖျက်ဆီးသူ သာသနာတော်ကြီး၏ ရန်သူအဖြစ် စွပ်စွဲရှုတ်ချသည့်ပြင် စိတ်ကြိုက်ဥပဒေ၊ စိတ်ကြိုက်ပုဒ်မတွေကို အသုံးချပြီး ထောင်သွင်း အကျဉ်းချနေကြသည်။

ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဟူသည့် ဒေသနာတော်နှင့်အညီ တပည့် ဒါယကာ၊ ဒါယိကာမတို့ အကျိုးစီးပွားအလို့ငှာ၊ ချမ်းသာစေကြောင်းအလို့ငှာ သရဏဂုံဆောက်တည်ကာ မေတ္တာပို့သ စီတန်းလှည့်လည်ကြသော ဗုဒ္ဓကိုယ်စား သမ္မူတိ သံဃာတော်များကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် သံဃာတည်းဟူသော ရတနာထက် အာဏာတည်းဟူသော ရတနာကို ကိုးကွယ်ဆည်းကပ်မိကြခြင်းကြောင့် ဖြစ်ဧ။်။ ထိုအာဏာ (၀ါ) လုပ်ပိုင်ခွင့်တွေကို မက်မော တွယ်တာမိသောကြောင့်ပင် အဓမ္မ၀ါဒီသမားတို့သည် လောကကြီး တခုလုံးအား ခုတုံးလုပ်ကာ အသုံးချနေကြသည်။

၎င်းတို့သည် ဘ၀ကို ကိုးကွယ်ရာအဖြစ်ဖြင့် ရှုမြင်ကာ ဖက်တွယ်ကိုးကွယ်နေကြ၏။ ထိုသို့ ဖက်တွယ်ကိုးကွယ်၍ အဓမ္မ၀ါဒများ ကျင့်သုံးပြီး ဗိုလ်ကျနှိပ်စက်သမှု ပြုနေကြသည့်အတွက် ၄င်းတို့၏ လူ့ဘ၀ကို ရလာရခြင်း ရောက်လာရခြင်း၏ ဘ၀အဓိပ္ပာယ် (၀ါ) လူ့သားတည်းဟူသော တန်းဖိုးကိုလည်း  တပြိုင်တည်းမှာပင် စိုးစဉ်းမျှ မကျန်အောင် ကာယကံမြောက် ချေဖျက်ပြီးသား ဖြစ်နေစေ၏။

အမှန်အားဖြင့် လူသားတဦး၏ ဘ၀တန်ဖိုးကို ပုံဖော်ရာတွင် မိမိ၏ တခဏာတာ ရရှိရောက်ရှိလာသော လူ့ဘ၀ကို ကိုးကွယ်အရာအဖြစ်ဖြင့် ကိုးကွယ်ရမည်မဟုတ်၊ အသုံးချစရာအဖြစ်ဖြင့် အသုံးချရမည်ဖြစ်သည်။ အသုံးချစရာအဖြစ်ဖြင့် အသုံးပြုရာတွင်လည်း ငါတည်းဟူသော အတ္တအကျိုးစီပွားအတွက် ပဓာနမဟုတ်ဘဲ လောကတည်းဟူသော ပရအကျိုးစီးပွားအတွက်သာ ပဓာနဖြစ်စေရမည်ဖြစ်သည်။ သို့မှသာ လောကကြီး တည်ငြိမ်အေးချမ်းကာ သာယာဝပြောနေပေလိမ့်မည်။ 

များသောအားဖြင့် လောက၌ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါပင် ဖြစ်စေကာမူ မိမိတို့၏ ဘ၀ကို တည်ငြိမ်အေးချမ်း စေချင်ကြသည်ချည်း ဖြစ်၏။ သို့မှသာ ရှင်သန်ရာ လူ့ဘ၀သည်လည်း တန်းဖိုးရှိရှိ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ လူဖြစ်ရကျိုးလည်း နပ်ပေလိမ့်မည်။ ဗုဒ္ဓ၏ အဆုံးအမတော်အရ လူ့ဘ၀၏ အနှစ်သာရသည် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနေရခြင်းတို့ မဟုတ်။ ငြိမ်းချမ်းစွာ နေထိုင်ရခြင်းသာ ဖြစ်၏။ ရှေးပညာရှိ သူတော်ကောင်းတို့သည်လည်း လောကီဓမ္မ၊ လောကုတ္တရာဓမ္မတို့၌ ငြိမ်းချမ်းစွာ ကျင့်ကြံနေထိုင်ခြင်းဖြင့် လူ့ဘ၀၏ အနှစ်သာရကို သက်သေပြခဲ့ကြသည်။

ငြိမ်းချမ်းသာယာမှုဖြင့် လူ့ဘ၀၏ အနှစ်သာရကို ပုံဖော်ရာ၌ လူပုဂ္ဂိုလ် သတ္တ၀ါဟူသည် ပဓာနမဟုတ်၊ ဓမ္မနှင့် အဓမ္မသည်သာ ပဓာနဖြစ်သည်။ ထိုကြောင့် မိမိနေထိုင်ရာ သက်ဆိုင်ရာ ပတ်ဝန်းကျင်လောက၌ အဓမ္မ မထွန်းကားရလေအောင် ဆောင်ရွက်ရေးမှာ လူသားတိုင်း၏ တာဝန်ဖြစ်သည်။ ထိုတာဝန်အရ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရာ၌ အနစ်နာခံမှုသည် အရေးကြီး၏။ အနစ်နာခံမှုရှိမှ အောင်မြင်မည်။ 

ယနေ့ အမိမြန်မာပြည်၌ အကျဉ်းကျခံ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားပြည်သူများသည်လည်း အနစ်နာခံခြင်းဖြင့် တိုင်းပြည်အကျိုးကို သယ်ပိုးနေကြသည်။ အဓမ္မ၀ါဒီအပေါ် ဓမ္မ၀ါဒီများ ကြီးစိုးဖို့ရန် သန္နိဌာန်ဖြင့် အနစ်နာခံနေကြသည်။ ထိုသူတို့သည် ဗုဒ္ဓအလိုတော်ကျ မေတ္တာတည်းဟူသော လက်နက်ကို စွမ်းသထက်စွမ်းအောင် တစတစ ကျင့်ယူနေကြ၍ ဓမ္မ၀ါဒီ ပီသစွာ ရပ်တည်နေကြ၏။

မြတ်စွာဘုရားရှင်၏ ကျင့်ထုံးကို ကြည့်မည်ဆိုပါလျှင်လည်း သုစရိုက်သည် အနစ်နာခံခြင်းသဘောကို ဆောင်၍ ပုညကိရိယသည် သူတပါး အကျိုးဆောင်ခြင်း သဘောကို သက်ရောက်၏။ ထို့ကြောင့် မြတ်စွာဘုရား၏ အလိုတော်ကျ လူသားတိုင်းတွင် အနစ်နာခံဖို့ တာဝန်ရှိ၏။ သူတပါးအကျိုးကို ဆောင်ရွက်ဖို့ တာဝန်လည်း ရှိသည်။ ထိုနှစ်မျိုးကို မိမိတို့ စွမ်းနိုင်သမျှ ဆောင်ရွက်မှသာလျှင် လောက၌ ဓမ္မကြီးစိုး၍ လောကကြီး ငြိမ်းချမ်းသာယာ ၀ပြောမည် ဖြစ်သည်။ အတ္တ၌ ဓမ္မကြီးစိုးခြင်း အခြေခံသည် လောက(၀ါ) ပရတွင် ဓမ္မကြီးစိုးမှုအား ကျေးဇူးပြု၏။ အတ္တ၏ ဓမ္မကြီးစိုးခြင်းဟူသည်မှာ မိမိ၏ ကိုယ်ကျင့်သိက္ခာကို စည်းစိမ် ဥစ္စာတို့နှင့်၎င်း၊ ရာထူးဌာနန္တရတို့နှင့်၎င်း၊ ဂုဏ်ပကာသနတို့နှင့်၎င်း မလဲခြင်းပင် ဖြစ်သည်။

ဗုဒ္ဓဒေသနာတော်အရ ဘုရားအလောင်းတော် ဘ၀များကိုကြည့်လျှင်  အံချီးဖွယ်များနှင့် အတုယူဖွယ်ရာများစွာ တွေ့ရ၏။ လောကအပေါ် အဓမ္မ မထွန်းကားနိုင်ရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်တော်မူသော ဘုရားအလောင်းသည် ငရဲလည်း ကျခဲ့၏၊ ဆင်လည်း ဖြစ်ခဲ့၏၊ နဂါးလည်း ဖြစ်ခဲ့၏၊ သို့ရာတွင် ထိုသို့ ကျူးလွန်ရာ၌ ဘုရားအလောင်းသည် လောက၌ ဓမ္မအပေါ် အဓမ္မက မလွှမ်းမိုးရလေအောင် မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်းဖြစ်၏။ ဤသည်မှာ လောကသားတို့ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို လောကသားတို့အနေဖြင့် မရှောင်လွဲအပ်။ မရှောင်လွဲအပ်သဖြင့် ထိုတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လေသောကြောင့် ဘုရားအလောင်းသည်  ဖြစ်လေရာ ဘ၀တို့၌ အထက်တန်းက အဖြစ်များ၏။ ငှက်ဖြစ်လျှင်လည်း ငှက်မင်း၊ ငှက်ပရောဟိတ်။ အခြားသော ဘ၀တို့၌လည်း ထိုနည်းတူ အထက်တန်းက အဖြစ်များ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားလောင်းသည် မိမိ၏ ဘ၀ကို စတေးပြီး ဓမ္မဘက်က ရပ်တည်ခဲ့သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဘုရားလောင်း၏ ထုံးကို နှလုံးမူ၍ လောက၌ ဓမ္မထွန်းကားပြီး အဓမ္မ ကွယ်ပျောက်ရလေအောင် မတတ်သာလျှင် မိမိတို့၏ ဘ၀ကို စတေးပြီး ဆောင်ရွက်ဖို့လိုပါသည်။

တာဝန်ဟူသည် ရှောင်၍ မရကောင်း။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရာ၌ အနစ်နာခံနိုင်ခြင်းသည်ပင် ပါရမီ မည်ပါ၏။ ပါရမီဟူသည်လည်း အဟောသိကံ ဖြစ်ရိုးမရှိ။ ကမ္မနိယာမ အရဆိုလျှင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမည်ဖြစ်၏။ 

(အကျဉ်းကျခံ သံဃခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များနှင့်တကွ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသည့် ဓမ္မ၀ါဒီများအတွက် လေ့လာမိသမျှ ဓမ္မစာအုပ် စာပေတချို့မှ ကိုးကားကာ ဂုဏ်ပြုရေးဖွဲ့ပါသည်။)

အိတ်ဖွင့်ပေးစာတစောင်

အိတ်ဖွင့်ပေးစာတစောင်

http://freeforcountry.blogspot.com/ မှ ကူးယူဖော်ပြသည်။

ကျုပ်မြန်မာပြည်သူတဦးပါ..။ ကျုပ်အသက် က အခုဆို ( ၆၀ ) နားနီးနေပြီ ။ ကျုပ်တို့ ပြည် သူတွေ လို ချင် ခဲ့တဲ့ ဒီမိုကရေစီ အရေး က အလှမ်းဝေးလိုက်တာဗျာ….။ နှစ်တွေ လဲ ကြာ ပြီ..။ ဒီမိုကရေစီအရေး ဆောင် ရွက် နေကြတဲ့  ပြည်တွင်း က ပုဂ္ဂိုလ်ကြီးတွေ ကိုရော….ပြည်ပက ပုဂ္ဂိုလ်တွေ ကို ကျုပ် အရမ်း လေးစား တာဗျ…။ ပြောရရင်ကျုပ်တို့ လိုချင်နေတဲ့ ဒီမိုကရေစီစနစ် ကို ဒီလိုသူတွေ က သာအရယူပေးနိုင်လိမ့်  မယ်..လို့ ကို ယုံကြည် ထားတာ….။ အခုဆိုရင်အနှစ် ( ၂၀ ) တောင်ကျော် လာပြီ..။ တနေ့ရလိမ့်နိုး…တနေ့ ရလိမ့်  နိုးနဲ့ … အခုထိမျှော်နေဆဲပါဗျာ…။ ပြည်တွင်းပြည်ပ က လှုပ်ရှားမှု့ တွေ ကို လဲ မျက်ခြေမပျက် ဘူး…အသံလွှင့်  ဌာနတွေ …နိုင်ငံရေးနဲ့ နီးစပ် တဲ့သူတွေ ဆီ ကနေ အမြဲနားစွင့် နေတယ်ဗျ…။ ကျနော်ပြောချင်တာက ခင်ဗျားတို့  တွေ ရဲ့ လုပ်ဆောင်နေမှု့  တွေ ကို ..ကျနော်တို့  ပြည် သူတွေ က လဲ မျက် ခြေမပျက်ပါဘူးဆိုတာပါ….။

အဲဒီမှာ ကျနော်တို့  ရဲ့ အမြင်လေးတွေ ကိုလဲ တင် ပြချင်တယ်ဗျ…။ ပြည်တွင်းအနေအထားမှာဆို ရင် တော့  ခင်ဗျားတို့ လဲ သိ တဲ့အတိုင်းပေါ့ ဗျာ….။ ဒီမိုကရေးစီအရေးကြိုးပမ်းနေသူတွေ ဟာ အခုဆိုရင်..ထောင်ထဲ မှာ နဲ့ အပြင် မှာ နဲ့က ထောင်ထဲ မှာလူပိုများနေတယ်….။ မတရားအမှု့ ဆင် ဖမ်းတာ တွေ …။ မတော်မတရား ပုဒ်ထီး ၊ ပုဒ်မတွေ နဲ့ အမျိုးအမျိုး ဖမ်းဆီးနေတာ….။ ကျနော်တော့  ဗျာ….ပြည်သူတယောက် အနေနဲ့ တဖြည်းဖြည်းနဲ့ မျှော်လင့် ချက်မဲ့လာသလိုပဲ …။ ပြောရရင်အားငယ်လာတယ်ပေါ့ ဗျာ…။ ကျုပ်တို့  တွေ ကို ခင်ဗျား တို့  ဒီအတိုင်းပဲ ထားတော့  မှာ လား…။ ဒီလိုပဲ နေနေကြတော့  မှာလား….။ ပြည်ပကို ရောက် သွား တဲ့ တော်လှန်ရေးသမားတွေ ဆို ကျုပ်နေ့  တိုင်းမေတ္တာ ပို့  တယ်ဗျ…။ ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ ရယ်လို့ ။ ခုလိုခေတ်မှာအင်တာနက် ခေတ်ရောက်လာပြီ ဆိုတော့  ကျနော်တို့  တွေအတွက် ပိုတောင်ကောင်းသေး တယ်….။ ဘာလို့ လဲ ဆိုတော့  သတင်းစာမျက်နှာလေးတွေများလာကိုးဗျ…။ ကျုပ်ရုံးမှာ က လဲ သဌေးက အင်တာနက်ချိတ်ပေးထားတော့ ပို အဆင် ပြေတာ ပေါ့ဗျာ…။ ပြည်ပ က ကိုယ်ပိုင်ဘလော့ လေးတွေဟာ ပို ပြီးလွတ်လပ်တယ်..ပိုပြီးပွင့် လင်းတဲ့သဘောဆောင်တယ်လို့  ထင် မိတယ်ဗျာ…။ ဘာမဆို ကိုယ် ပြော ချင်တာ..တင်ပြချင်တာတွေ ကို ဘယ်သူ့  ဆီမှာ ခွင့် တောင်းစရာမလိုဘူးတဲ့ ဆို လို့  ဗျ..။ အဲဒါဆိုလဲ ဗျာ ပွင့်  ပွင့် လင်းလင်းပြောကြစေချင်တယ်…။ ဟိုတလောက ဆိုရင် ကုလသမဂ္ဂမှာ မြန်မာ စစ်အစိုးရ ကို တရားဝင် အစိုးရ မဟုတ်တဲ့အကြောင်းကို တင်ပြမယ်ဆိုတုန်းကလေ.. ကျုပ်ဗျာ… ဘယ်လိုပြောရမလဲ.. ဒီတခါတော့ ပြည်ပပုဂ္ဂိုလ်ကြီးတွေ က အပြတ်ဆော်ပြီ..ဆိုပြီးတော့ ..ကျုပ်တို့ ရဲ့ စကားဝိုင်းလေးတွေမှာ မပါမဖြစ်ပေါ့…။ ကျုပ်ကတော့  ခပ်ကြွားကြွားကို ပြောထားတာ….ဒီတခါတော့  ဒီအစိုးရ ..ခွေးကျကျ မှာသေချာပြီဆို ပြီး… စကားဝိုင်းတွေ ထဲမှာ ကျုပ်က ..ဒီကိစ္စနဲ့ပါက်သက် ရင် နဲနဲ မှအပြောမခံ ဘူး…။ တချို့  က မေးလာ သေး တယ်.. ဟုတ်ပါ့ မလားမောင်ကာလု..ရယ် တဲ့…။ အဲလိုပြောလာတဲ့သူဆိုရင် ကျုပ်က အပြတ်ပြောချလိုက်တာဗျ…။ ခင်ဗျားတို့  ကြည့် နေ ကုလသမဂ္ဂ ရဲ့ အစည်းဝေးပြီးတာ နဲ့ စစ်အစိုးရဟာ ခွက်ဆွဲတောင်းစားရကိန်းဆိုက်မယ်လို့  အမှတ်အပြည့်ပေးလိုက်တာ..ခုတော့ ဗျာ…ဘယ်နဲ့ပြောပါလိမ့် ကျုပ်ဖြင့် လူကြားထဲ့မျက်နှာတောင်မပြရဲတော့  ဘူး….။ အဲဒီအစီစဉ်မအောင်မြင်သေးဘူးတဲ့ ဗျာ…ဘာလို့ လဲဆိုတော့  ဒေါက်တာစိန်ဝင်းကလက်မှတ်မထိုးလို့ တဲ့ဗျ….။ ကျုပ်ကို ကုလားမနိုင်ရခိုင်မဲတယ်ပြောချင်ပြောဗျာ..ကျုပ်ကတော့ ..ဒေါက်တာစိန်ဝင်းဆို တဲ့ ကုလသမဂ္ဂ မှာနေရာရနေတဲ့ မြန်မာပြည်ကိုယ်စားလှယ်ကြီးကို ခုနေများတွေ့ရင် မျက်နှာ ကိုလက်သီးနဲ့တောင် ထိုးလိုက် ချင်တယ်…. ကျုပ်အသက် ( ၆၀ ) နားနီးနေပေမယ့်…လူတယောက် ကို တော့  တချက် ထဲနဲ့ ဖင် ထိုင်ကျအောင် ထိုးနိုင်ပါသေးတယ်ဗျ..။ ဘယ်နှယ့်ဗျာ….အာဇာနည်းမျိုး ရိုးမပီသ လိုက်တာ..ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုကြီး ဦးဘ၀င်းက မွေးတာ တဲ့…။ သူ့ညီမ တ၀မ်းကွဲ အောင်ဆန်းစုကြည် ဆိုရင်လဲ အခုထိ အထိမ်း သိမ်း ခံ နေရတုန်း….။ စကားမစပ်ပြောရဦးမယ်..ကျန်ခဲ့တဲ့နှစ်ရက်လောက်က ပဲဒေါ်အောင်ဆန်းစုကြည်နေတဲ့ အိမ်ရှေ့ လမ်းကဖြတ်သွားတော့  ကျုပ်ရင်ထဲဆို့  သွားတယ်ဗျာ…နှစ်တွေအကြာကြီး ဒီအိမ်ထဲနေနေရတာ… ကျုပ်ဆိုရင်တော့ နေနိုင်မှာမဟုတ်ဘူး..။ သူကတော့ ရည်မှန်းချက်တွေ တသီကြီးနဲ့ အစီစဉ်တွေ ချထားမှာပဲ.. လို့တွေးမိတယ်..အပြင် မှာဘာတွေဖြစ်နေလဲ ဆိုတာကိုသူမလောက်ဘူးထင်တယ်ဗျာ.. သူ့  အကို တယောက် ကတော့ ပြည်သူအတွက် မပြောနဲ့ သူ့ညီမ အတွက် တောင် လွတ်အောင် လုပ်ချင်ပုံ မရဘူး…။ ထိုင်ခုံနေရာ ပျောက်မှစိုးနေလားမသိဘူး…။ နှစ်တွေ လဲကြာပြီ…ကျုပ်ရေးလိုက်တဲ့ဒီစာကို ဒေါက်တာစိန်ဝင်း. .ခင်ဗျား ဖတ်မိရင်တော့ ..စိတ်မကောင်းမဖြစ်နဲ့ဗျာ..ကျုပ်ရင်ထဲက အမှန်အတိုင်းပြောတာဗျ..။ ဒီကိစ္စ ကို ပြည်ပ က အနေနီးစပ်တဲ့..သူတွေ ..လက်တွဲလုပ်နေတဲ့သူတွေ က လဲ မပြောကြဘူးလားဗျာ… ခင်ဗျားတို့  ပါတကျိတ် ထဲတဥာဏ် ထဲ လား…ဘာတွေ ကို မက်မောနေကြတာလဲ…ဘာတွေ တွေ ဝေနေကြတာလဲ..ခင်ဗျားတို့  ကြိုးပမ်း နေကြတာတွေ က ခင်ဗျားတို့  အတွက်လားကျုပ်တို့  အတွက် လား….ကျုပ်တို့  ကထင်ထားတာက ..ခင်ဗျားတို့  ရဲ့ အနှစ်နာခံမှု့ တွေ ကြိုးစားနေမှု့  တွေ က ကျုပ်တို့  ပြည် သူတွေ အတွက် လို့ ထင်နေ တာဗျ.. အရင်က အမှတ် အပြည့်ပေးထားတာ…အခုတော့ ဗျာ…။ ကျန်တဲ့ သူတွေ လဲ ကျုပ်ပြော လိုက်ချင် တယ်ဗျ..ငခုံးမ တကောင် ကြောင့်တော့တလှေလုံးမပုတ်စေနဲ့ပေါ့ ဗျာ…။ ကျန်တဲ့သူတွေ က ကြိုးစားကြစေချင်တယ်… အောင်မြင်အောင် ဆောင်ရွက်စေချင်တယ်…ကျုပ်တို့ပြည်သူတွေ ရဲ့အကျိုးကို အမှန်တကယ်လိုလား တယ်ဆိုရင် ပေါ့ဗျာ.. ကျားကြောက်လို့ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုး..ဆိုသလိုဖြစ်နေမလားပဲ…။

ကျုပ်..သတင်းဌာနတွေ က လွဲရင်..ကျုပ်ဖတ်လေ့ ဖတ်ထ ရှိတဲ့ဘလော့ တွေကို ..ကျုပ်အကုန်ပို့  ထားတယ်..ကျုပ်ရဲ့ ရင်တွင်းစကား…ပြည်သူတွေ ရဲ့ ဆန္ဒတွေ ကို ခင်ဗျားတို့ အလေးထား မထားသိချင် တယ်… ပြောရရင်ခင်ဗျားတို့ ဘလော့ တွေ ကို လဲသွေးတိုး စမ်းလိုက်တာပဲဗျ…။ အမှန် အတိုင်းပြောရဲ့တဲ့သူတွေ ဘယ်နှစ်ယောက် ရှိလဲလို့ …ပြည်တွင်းက စစ်အစိုးရ မဟုတ်တာလုပ်နေတာတွေ တော့ ..အသံကုန် အော် တယ်..ခင်ဗျားတို့  ထဲ က မဟုတ်တာ..လုပ်တာကျတော့ ငြိမ်နေကြတယ်မဟုတ်လား. .ကျုပ်အထင်ပြောရ ရင်တော့ ခင်ဗျားတို့ ဘလော့တွေ့ဟာ မီဒီယာတခု ပဲ အဂတိလိုက်စားမှု့  မရှိရဘူး..မှန်တယ်ထင်ရင် ပြောရဲ ကြရမယ်..ကျုပ်ရေးတာကိုဖော်ပြလိုက်တဲ့အတွက် ခင်ဗျားတို့ ကကျုပ်ကို..ထင်နေကြလိမ့်မယ်… ကျုပ်ကို.. ဒီလူကရော ဘာတွေလုပ်လို့  လဲ…လို့…ကျုပ်လုပ်တာကျုပ်ပြောမယ်… ကျုပ်ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကမှ မဟုတ်ဘူး… ဒါပေမယ့်..ခင်ဗျားတို့  တွေရဲ့အမာခံပြည်သူတဦးပဲ..ဟိုးအရင်ထဲက နေ ခုချိန်ထိ ခင်ဗျားတို့ရဲ့ အမာခံပြည်သူပဲ. .နောက်ပိုင်းအချိန်ဆိုရင်တော့  ပြောင်းလဲချင်ပြောင်းလဲ ..သွားလိမ့်  မယ်…အဲဒါကတော့  ခင်ဗျားတို့ ရဲ့ လုပ်ရပ် အပေါ်မူတည်နေတယ်..ဗျ..ခင်ဗျားတို့  ကိုကြည့် ရတာ လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်…။ အင်း…ကျုပ်..ပြောချင်တာ တွေပြောလိုက်ရလို့တော်တော်လေးတော့  ပေါ့ သွားပြီ..မဟုတ်ရင် ကျုပ်ရင်တွေ တင်းကျပ် နေတယ်…. မျိုသိပ်ထားရတာတွေများနေတယ်…ခုတော့……..

မောင်သက်ပြင်း ( အင်းယားမြေ )

( ၇ . ၁၁ . ၂၀၀၈ )

အဇ္ဈတ္တ

အဇ္ဈတ္တ

တကယ်တော့ အတွေးတခုကနေ မွေးဖွားခဲ့တာပါ။ အတွေးတခုကနေ နောက်ထပ် အတွေးတွေ ဆင့်ကဲ ဖြစ်ပေါ်ပြီး ဒီအတွေးတွေကို သိုလှောင်ထားတဲ့ ရေလှောင်ကန်ကြီးဟာ စာအုပ်တအုပ်ဖြစ်တယ်။ အင်တာနက် စာမျက်နှာ တခုဖြစ်တယ်။ ဘလော့တခုဖြစ်တယ်။ ဒါမှမဟုတ် ရုပ်ရှင်တပုဒ်ဖြစ်တယ်။ အတွေးတွေ ကူးသန်းဆက်ယှက်ရင်း ဒီအတွေးတွေ မပြန့်ပွားဖို့ အနှစ် ၂၀ ဆိုတာကို ကျနော်တို့ဘာသာ ကျနော်တို့ တီထွင်လိုက်ကြတယ်။ ကျနော်တို့ဘာသာ ကျနော်တို့ ကန့်သတ်လိုက်ကြတယ် ဆိုပါတော့။

ဒီလိုနဲ့ တိုးတက်သင့်တဲ့ အတွေးတွေသာ မတိုးတက်ခဲ့ဘူး။ ပြုတ်ကျကျန်ရစ်ခဲ့တဲ့ သမိုင်းစာမျက်နှာပေါင်းများစွာထဲမှာ စာရွက်တွေထပ်ပြီး အဖြုတ်ခံရဖို့ မလိုလားခဲ့ဘူး။ သမိုင်းဆိုတာ အောင်နိုင်သူတို့ ရေးရာ၏တဲ့။ ဒီလိုဆို ရှုံးနိမ့်သူတွေရဲ့ ရာဇ၀င်ဟာ တရုတ်သမိုင်းထဲက ချင်ရှီဟွမ် ဘုရင်ကြီးလို ရှိရှိသမျှ မီးရှို့ချင်တဲ့သူတွေက အခုအချိန် အများသား။ အခုလို အချိန်မှာ အရာအားလုံး ချုပ်ငြိမ်းသွားအောင် သံရည်ပူ တရှဲရှဲလောင်းပြီး လောင်တိုက်သွင်းရင် နောင်တချိန်မှာ အရာအားလုံး ငြိမ်းချမ်းသွားမယ်ထင်လား ကိုယ့်လူ။ အခြေမခိုင်တဲ့ ခြေထောက်တစုံနဲ့ ခေါင်းပေါ်တက်ရပ်နေသူတွေအဖို့ နောက်တချိန်ဆိုတာ ပြုတ်ကျဖို့သာ ရှိတယ်။ အတ္တနဲ့ လောဘကို ကိုယ်စားပြုတဲ့ အဇ္ဈတ္တနဲ့ ကိုယ်တခုဟာ ၀တ်ကောင်းစားလှတွေ ၀တ်ပြီး အများခေါင်းတွေကို နင်းချေထားတယ်။

တိုးတက်လာမယ့် အနာဂတ်တွေကို ရင်ဝယ်ပိုက်ဖို့ နေနေသာသာ စင်္ကာပူမှာ ဈေးဝယ်လို့ အားရသေးတာ မဟုတ်ဘူး။ အိမ်မှာ ကျယ်တဲ့ အိမ်ကျယ်တွေအဖို့ အပြင်က ပြောစကား နားထောင်ဖို့ နေနေသာသာ ကိုယ့်ဟာကိုယ် ဗိုလ်လုပ်လို့ အားမရနိုင်သေးဘူး။ ဒီလိုနဲ့ ဒီအိမ်ကြီးထဲမှာ လူတွေ နည်းခဲ့ပြီ။ ခါးချိအောင် အထောင်းခံဖို့ ကိုယ့်ခါးကို ကော့ပေးကြရတယ်။ နားမချိအောင် အထောင်းခံဖို့ လေလှိုင်းတွေက အဆက်မပြတ် လွှတ်ပေးနေကြတယ်။ တချို့က အမှန်တချို့နဲ့ အမှားသုံးပုံနှစ်ပုံကို ရော cocktail အဖြစ် တင်ဆက်ကြတယ်။ တချို့က အမှားတွေအများကြီးမှာ အမှန် တလုံး ၂ လုံး ထည့်ပြီး အမှန်လို့ ပြောချင်ကြတယ်။ နားကော ခါးကော ချိသွားကြသူတွေအဖို့တော့ ဂျောင်းရင်ဂျောင်း အောင်းရင်အောင်းပဲ ကိုယ့်လူ။ မအောင်းဘဲ အောင်လံ လွှင့်သူတွေအတွက်ကတော့ ချိုးဖျက်ခံထားရတဲ့ အမှန်တရားနဲ့ ဥပဒေက စောင့်လျက်ပဲပေါ့။

ပြောခွင့်မရလို့သာ မပြောကြတာ.. ရင်ဘတ်ထဲက အသံတွေဟာ ဗြောင်းဆန်နေတယ်။ အပြောခံနိုင်ဖို့ နေနေသာသာ ကျသွားတဲ့ ကာတွန်းတပုံဟာ သူတို့အတွက် ကျဉ်စက်နဲ့ အတို့ခံရသလိုပဲ။ ဒီလိုနဲ့ သူတို့ပြောတဲ့ တိုးတက်ပြောင်းလဲလာမယ့် နေ့တနေ့ကို ငါတို့တွေ လက်ကလေးပိုက်ပြီး ထိုင်စောင့်ရဦးမယ်။ ငါတို့တွေ ထိုင်စောင့်ရင်းနဲ့ ဟို အကြော်သည် မိန်းမ သမီးလဲ ကလေးတွေ တပြွတ်ကြီးနဲ့ အကြော်ဆက်ရောင်းဆဲပေါ့။ ဟောင်းနွမ်းနေတဲ့ ငါတို့ အိမ်ခေါင်မိုးတွေ ဆေးပြန်မသုတ်နိုင်ခဲ့တာ ကြာခဲ့ပြီ။ ဒီလိုနဲ့ပဲ အပြောကြီးတဲ့ ဟိုဘက်အိမ်က ပွဲစားသမီးလဲ နိုင်ငံခြားထွက်သွားခဲ့တာလဲ ကြာခဲ့ပြီ။

ပြောင်းလဲဖို့ အချိန်အခါတရပ်ဆိုတာ အခုအချိန်ထိ မပြောင်းလဲနိုင်ခဲ့သလို ပြောင်းလဲဖို့သင့်တဲ့ ကျနော်တို့အားလုံးလဲ မပြောင်းလဲနိုင်ခဲ့တာ ကြာပါပြီ။ ဒီလိုနဲ့ပဲ သူတို့တွေ နင်းချေသွားကြသလို ကျနော်တို့တတွေလဲ ကိုယ်နင်းချေခဲ့ကြတဲ့ အတိတ်တွေကို အမှတ်မရဘဲ အနာဂတ်ကို မျှော်မှန်းနေလို့တော့ မရဘူး ကိုယ့်လူ။

အိုဘားမားဆိုပဲ

အိုဘားမားဆိုပဲ

အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ကြိမ်မြောက် သမ္မတရွေးပွဲကြီးကတော့ အခုဆို နောက်ဆုံးရက်တွေကို ရောက်လာပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေမှာလဲ ဒီသမ္မတရွေးပွဲဟာ အတော်ခေတ်စားလျက်ရှိပါတယ်။ အမေရိကန်ကို မုန်းတဲ့ နိုင်ငံတွေဟာလဲ ဒီသမ္မတရွေးပွဲက ရလဒ်ကို ကြည့်ပြီး သူတို့ရဲ့ နိုင်ငံခြားရေးရာမူဝါဒတွေကို ပြင်ဆင်ရေးဆွဲရမှာ ဖြစ်ပါတယ်။ အဲ Terrorists လို့ ကမ္ဘာတလွှား သိကြတဲ့ မွတ်ဆလင် အစွန်းရောက်တွေကလဲ အမေရိကန်ရဲ့ သမ္မတအသစ်ကို အားစမ်းချင်ကြပါသတဲ့။ ဒီတော့ ဒီလိုဒီလို ဟော့နေတဲ့ သတင်းကို ကဒေါင်းညင်သာကမှ မရေးရင် ခေတ်နောက်ကျသွားမှာပေါ့။ ဒါကြောင့် ဒီမိုကရေစိ တော့ပစ်တခုဖြစ်တဲ့ election fever ဆိုတာလေးကို ကျနော်ရင်ထဲက ခံစားကြည့်ပါရစေလားဗျာ။

အခု ၄၄ ကြိမ်မြောက် သမ္မတရွေးပွဲအတွက် စုစုပေါင်း ၁၃ ယောက် (source: Wiki) ထဲမှာမှ အခု နာမည်ကြီး ၂ ယောက် ဟာ သမ္မတရာထူးအတွက် ယှဉ်ပြိုင်လျက်ရှိပါတယ်။ ပထမတယောက်ကတော့ republican party က ဘိုးတော် ဂျွန်မက်ကိန်းဖြစ်ပြီး သူဟာ သမ္မတရာထူးအတွက် ၂၀၀၀ ခုနှစ် သမ္မတရွေးပွဲကစပြီး အခုထိ သဲကြီးမဲကြီး ယှဉ်ပြိုင်နေသူတဦးပါ။ သူဟာ စစ်သားဟောင်းပီပီ အတော်ကို တွန်းတွန်းတိုက်တိုက်ကို နိုင်ငံရေးကစားသမားတဦးအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမဲ့ stubborn (ပြန်မပြောနားမထောင်) တော်ရုံ လက်မခံတတ်သူမို့ Maverick ဆိုပြီးလဲ ခေါ်ပါတယ်။ အခု election မှာတော့ သူက underdog (နိုင်ဖို့ တော်ရုံမလွယ်သူ) အဖြစ် ဆက်လက်နာမည်ကြီးဆဲပါ။

ဘိုးတော်က အတော့်ကို အသက်ကြီးနေပါပြီ။ ၇၀ ကျော်နေပြီ ဖြစ်ပေမဲ့ သန်တုန်း မာတုန်းပေါ့။ အဲ ကျနော် မကြိုက်တာကတော့ သူဟာ သူသမ္မတဖြစ်ရင် ဘာတွေ ကောင်းတာလုပ်ပေးမလဲဆိုတာကို ဦးစားပေး မပြောဘဲ အိုဘားမားကို တိုက်ခိုက်ပြောဆိုဝေဖန်နေတာ များတဲ့အတွက်ပါ။ နောက်တချက်ကတော့ သူရွေးတဲ့ ဆာရာပေလင်ဆိုတဲ့ hockey mom လို့ ခေါ်တဲ့ ဒုသမ္မတလောင်းကိုလဲ မကြိုက်ပါ။ သူဟာ ဟီလာရီ ကလင်တန်လို အတွေ့အကြုံရှိတဲ့ အပြောကောင်းတဲ့ မိန်းမတယောက်မဟုတ်ဘဲ နိုင်ငံရေးသမားအသစ်စက်စက်ကလေးသာ ဖြစ်တဲ့အတွက် မက်ကိန်းအနေနဲ့ သူ့ ယှဉ်ပြိုင်မှုမှာ အားသစ်လောင်းတဲ့အနေနဲ့ ထည့်သွင်းခံခဲ့ရခြင်း ဖြစ်ပါတယ်။ အခုတော့ ပေလင်တယောက် မက်ကိန်းအဖွဲ့နဲ့ စကားများတာတွေ ထွက်ထွက် လာပါရောလား။

ဂျွန်မက်ကိန်းဟာ အမေရိကန်နိုင်ငံအတွက် အတော့်ကို စွမ်းဆောင်ပေးခဲ့တယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ သူဟာ စစ်သားကောင်းတယောက်၊ စစ်သုံ့ပန်းတဦး၊ ဆီးနိတ်အမတ်တယောက်၊ ဆီးနိတ်မှာ အတော့်ကို အတိုက်အခံပြောဆိုခဲ့တဲ့ အမတ်တယောက်။ (အမတ်ဆိုတာ အများဖော်လိုလိုက် အကြိုက်ပြောတာထက် ကိုယ့်အမြင်ကို ပြောဆိုတာမျိုးကို ကျနော် ပိုသဘောကျတယ်။) ဒါပေမဲ့ ဂျွန်မက်ကိန်းတယောက် အခုလို သမ္မတရာထူးကို အတင်းကာရောကြီး လိုက်ပြိုင်နေတာကို မကြိုက်မိပါဘူး။ သူဟာ serve ဆိုတာထက် title တခုကို လိုချင်လို့ လုပ်နေသလိုကြီး ဖြစ်နေတယ်။ နောက်တချက်ကတော့ သူ့ရဲ့ ၇၀ ကျော် အသက်အရွယ်ရယ်၊ အသက်ကြီးရက်နဲ့ အိုဘားမားလို လူငယ်တယောက်ကို လူမျိုးရေးခွဲခြားသလို ဘာလိုလို ဝေဖန်မှု၊ အိုဘားမားရဲ့ မျှော်မှန်းထားတဲ့ ပေါ်လစီတွေအပေါ် ခြေထိုးပြောဆိုတာတွေရယ်ကြောင့် ကျနော် လုံးဝမကြိုက်ပါ။

သူနဲ့ ပြိုင်ပြီး ယှဉ်ပြိုင်သူနောက်တယောက်ကတော့ အိုဘားမား ဖြစ်ပါတယ်။ သူဟာ ဒီမိုကရက်တစ်ပါတီက ဖြစ်ပြီး အသက် ၄၇ နှစ်သာသာရှိသေးတဲ့ လတ်လတ်ဆတ်ဆတ် နိုင်ငံရေးသမားတယောက် ဖြစ်ပါတယ်။ သူဟာ လူမည်း အာဖရိကန်တယောက်ဖြစ်ပြီး သူ့ဖခင်ဟာ ကင်ညာနိုင်ငံသားတယောက် ဖြစ်ပါတယ်။ ကင်ညာအစိုးရရဲ့ စီးပွားရေးပညာရှင်အဖြစ် အလုပ်လုပ်သူပါ။ ကျနော်ဟာ အိုဘားမားရဲ့ နောက်ကြောင်းကို လေ့လာမိသလောက် သူဟာ အတော့်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဖေ ကင်ညာ၊ အမေ အမေရိကန်၊ မွေးပြီး ကြီးပြင်းလာတာ အမေရိကန်၊ သူ့ဆွေမျိုးတွေက ကင်ညာမှာ။ သူဟာ ကျနော် တွေးခဲ့ဖူးတဲ့ ဂလိုဘယ် နိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်ထဲမှာ ပါနေပါတယ်။ နောက်တချက် စိတ်ဝင်စားစရာကောင်းတာက အမေရိကန်လူမျိုးအများစု (လူဖြူအစွန်းရောက်တွေမပါ)ဟာ အိုဘားမားကို လူမည်းဖြစ်လို့ သူ့အဖေက ကင်ညန်ဖြစ်လို့ စသဖြင့် မုန်းတီးတာ မရှိပါ။ အမေရိကန်ပြည်ထောင်စုဟာ အခုတော့ အမြင်ကျယ်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၁၉၅၀ ၆၀ ၀န်းကျင်မှာ ပေါ်ခဲ့တဲ့ လူမည်း နိုင်ငံရေးခေါင်းဆောင် မာတင်လူသာကင်းရဲ့ (I have a dream) ဆိုတဲ့ မိန့်ခွန်းဟာ အခုချိန်မှာ ရင့်ကျက် အကောင်အထည်ပေါ်ပြီ ဖြစ်ပါတယ်။

မာတင်လူသာကင်းရဲ့ I have a dream မိန့်ခွန်းထဲက အကြိုက်ဆုံး စာသား

“I have a dream that one day this nation will rise up and live out the true meaning of its creed: ‘We hold these truths to be self-evident, that all men are created equal.’”

“I have a dream that my four little children will one day live in a nation where they will not be judged by the color of their skin, but by the content of their character.”

(Source: Wiki)

အိုဘားမားရဲ့ Change We believe in ဆိုတဲ့ စကားလုံးလေးကို ကျနော် တကယ်ကို သဘောကျပါတယ်။ Change ဆိုတာ လိုအပ်သလို ကျနော်တို့ အမြဲ ယုံကြည်ထားရပါမယ်။ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်မလာနိုင်ဘူးလား။ မြန်မာပြည် တနေ့ တောင်ကိုရီးယားလို Transform မဖြစ်လာနိုင်ဘူးလား။ ဒါတွေဟာ Change (ပြောင်းလဲမှု) တွေပါ။ ဒါကို ယုံကြည်ထားမယ်ဆိုရင် ခင်ဗျားဟာ ဘယ်တော့မှ စိတ်ဓာတ်ကျစရာ အကြောင်းမရှိနိုင်ပါဘူး။ ဒါကြောင့် ဒီစကားတလုံးထဲနဲ့ အိုဘားမားဟာ ကျနော့်ကို ဆွဲယူသွားပါတယ်။

အိုဘားမားဟာ အလွန်ထူးချွန်တဲ့ orator (စကားပြောကျွမ်းကျင်သူ) အဖြစ် သူ့ရဲ့ campaign (ယှဉ်ပြိုင်မှုကာလတလျှောက်) နဲ့ presidential debate ၃ ခုကနေ သက်သေပြသွားခဲ့ပါတယ်။ presidential debate ဆိုတာကတော့ သမ္မတလောင်းတွေကို အငြင်းအခုံပြောဆိုစေခြင်းပဲ ဖြစ်ပါတယ်။ အစကတော့ presidential debate ကို ကျနော် မသိပါဘူး။ ဒါပေမဲ့ Robin Williams ရဲ့ Man Of the Year ကို ကြည့်ပြီး ကျနော် အတော့်ကို သဘောကျသွားခဲ့ပါတယ်။ (Man of the Year ဟာ အမေရိကန် သမ္မတရွေးကောက်ပွဲအကြောင်း ရိုက်ထားတာပါ။ ကျနော်အကြိုက်ဆုံး ရုပ်ရှင်တပုဒ်ပါ။ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။)

ဒီ အငြင်းအခုံပြောပွဲတွေမှာ အိုဘားမားဟာ တည်တည်ငြိမ်ငြိမ်နဲ့ စကားအတုံ့အလှည့်ပြောနိုင်တာ၊ အပြုံးမပျက်ဘဲ သူ့ကို ဝေဖန်နေတဲ့သူကို ရင်ဆိုင်နိုင်တာတွေဟာ အတော်ကို ခက်ခဲတဲ့ personal skills တွေအဖြစ် ကျနော် သဘောကျသွားပါတယ်။ နောက် အိုဘားမားဟာ သူ့ပေါ်လစီတွေကို ချပြသွားနိုင်တယ်။ နားထောင်သူ၊ကြည့်ရှုသူတွေကို သူ့ပေါ်လစီတွေကို ကြိုက်အောင် စွဲဆောင်နိုင်တယ်။ အခု အမေရိကန် စီးပွားပျက်ကပ်ကြီးမှာ သူဟာ ကယ်တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ရအောင် ဆွဲဆောင်နိုင်တာ soft skill တမျိုးပေါ့။ သူဟာ အီရတ်စစ်ပွဲကို အမြန်ဆုံး သိမ်းနိုင်အောင် လုပ်ပေးမယ်လို့လဲ ပြောသတဲ့။

ဒီလူဟာ အခုတော့ အပြောတွေ ကောင်းတာပေါ့။ လူတွေကလဲ ဒါကြောင့် ယုံတာပေါ့။ ဒါပေမဲ့ တကယ် သမ္မတဖြစ်ခဲ့ရင် အပြောတမျိုး အလုပ်တမျိုး လူမျိုးလား ဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။ ထိုင်ဝမ်က ကျော်ကြားတဲ့ လူထုခေါင်းဆောင် သမ္မတ မာယင်းကျိုတောင် အခု လူထုက သိပ်လက်မခံနိုင်တော့ဘူး မဟုတ်လား။ တရုတ်ကို ကပ်လွန်းလို့တဲ့။ ထားပါတော့။ အိုဘားမားရဲ့ Change ဆိုတာကော အမေရိကန် နိုင်ငံရေးကို တကယ် လတ်ဆတ်တဲ့ ပြောင်းလဲမှုတွေ ပေးနိုင်ပါ့မလား။ အမေရိကန်ရဲ့ အခြေခံဖြစ်တဲ့ ဆီးနိတ်ကကော အိုဘားမားနဲ့ အဆင်ပြေပါ့မလား။

အိုဘားမားရဲ့ Yes I can ဆိုတဲ့ အပြုံးဟာ အခုမီဒီယာတိုင်းမှာ ပါပါတယ်။ သူဟာ over promise မဖြစ်ဖို့ လိုပါတယ်။ သူ့ရဲ့ ဆီးနိတ်အမတ်အဖြစ် လုပ်ဆောင်နိုင်မှုတွေဟာ အနာဂတ်အတွက် သက်သေအဖြစ် ယူဆမယ်ဆိုရင်တော့ သူဟာ အပြောကော အလုပ်ကော ကောင်းတဲ့ နိုင်ငံရေးသမားပေါ့။ ဒါပေမဲ့ စင်္ကာပူက ဘဘလီကွမ်ယူကတော့ သူ့ကို prefer မဖြစ်ပါဘူးတဲ့။ ထားပါတော့။ ကျနော်ကတော့ အိုဘားမားကို ကြိုက်ပါတယ်။ မဲပေးစရာ မလိုတဲ့အတွက် မပေးပါဘူး။ ပေးလဲ မပေးသင့်ဘူးလေ။ ကျနော်က အမေရိကန် နိုင်ငံသားမှ မဟုတ်တာ။ ကိုယ့်နိုင်ငံအတွက်ပဲ မဲပေးစရာ လိုတယ်လေ။ ကြိုက်တယ် မကြိုက်ဘူးဆိုတာကတော့ လူ့ထုံးစံပဲ။ သူက အမေရိကန်မို့လို့ ကိုယ့်လူမျိုးမဟုတ်ရင် မကြိုက်ရဘူးဆိုတာကတော့ အစွန်းရောက်တာပေါ့နော်။ လူဖြူ အစွန်းရောက်၊ လူမည်း အစွန်းရောက်၊ ဒီကြားထဲမယ် ဗမာအစွန်းရောက်တွေလဲ ရှိသေးတယ်။

အိုဘားမားရဲ့ နာမည်အပြည့်အစုံက Barack Hussein Obama တဲ့။ ဟူစိန်ဆိုတဲ့ နာမည်ကြားတာနဲ့ ကျနော်တို့တွေက မွတ်စလင်လို့ ထင်ပါရောလား။ အိုဘားမားကတော့ ခရစ်ယာန်တယောက်ဖြစ်ပါသတဲ့။ အဲ မွတ်စလင်တယောက် ဖြစ်ခဲ့ရင်ကော အမေရိကန်တွေ ကြိုက်ကြပါဦးမလား။ ကျနော်ကတော့ ကြိုက်ဦးမှာပါ။ မွတ်စလင်ဆိုပေမဲ့ သူ့အသိုင်းအ၀ိုင်းအပေါ် အကျိုးဆောင်နိုင်ရင် သူဟာ နိုင်ငံသားကောင်း တယောက်ပဲလေ။ စကားမစပ် ခရစ်ယာန်ပဲ ဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် တခြားဘာသာအပေါ် လေးစားရမှာပေါ့။ မလေးစားဘဲ အတင်းကြီး သွတ်သွင်းတာတွေ၊ သွေးဆောင်တာတွေကတော့ ဘယ်ကောင်းပါ့မလဲ။ ထားပါတော့။ ကျနော့်မှတ်ချက်လေးပါ။

ကဲ နက်ဖြန်ဆို ရွေးကောက်ပွဲနေ့ပဲဗျ။ ကျနော်ကတော့ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဦးမယ်ဗျာ။ နောက်မှ တွေ့တာပေါ့။

ကဒေါင်းညင်သာ

မယားရောင်းရန် ရှိသည် (သတင်းဆောင်းပါး)

မယားရောင်းရန် ရှိသည် (သတင်းဆောင်းပါး)
(မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။)

ဝေယံ    
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 19:22 - မြန်မာစံတော်ချိန် 

ရွှေလီ။     ။ ပါးစပ်က ကွမ်းတမြို့မြို့ဝါးတတ်သူ အသက် ၃ဝ ကျော်အရွယ် မဖြူဆိုတဲ့ အမျိုးသမီးကို ရွှေလီမြို့မှာရှိတဲ့ မြန်မာ အသိုင်းအဝိုင်းကြား တော်တော်များများက ကျက်မိနေပါပြီ။

သို့ပေမယ့် သူဟာ လူကုန်ကူးသူ တယောက်ဆိုတာတော့ သူ ပျောက်သွားပြီး ရက်သတ္တပတ်ကျော်တော့မှ ဗူးပေါ်သလို ပေါ်လာပါတော့တယ်။

လွန်ခဲ့တဲ့ ၂ လလောက်က သူတို့ကိုယ်တိုင် ရောင်းစားလိုက်တဲ့ အသက် ၁၈ နှစ်အရွယ် သံလျင်သူလေး မဝါဝါကို မုဒိန်းကျင့်ပြီး ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်ခဲ့တဲ့ ပြစ်မှုမှာ တရားခံတွေအဖြစ် သူတို့ကို တရုတ်ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။ 

သံလျင်ဇာတိဘွား မဖြူဟာ ခင်ပွန်းသည် ကိုကျော်ထွန်း၊ သားနှစ်ယောက်၊ မောင်နှမဝမ်းကွဲ တော်စပ်သူ လင်မယားနှစ်ဦးနဲ့ ရွှေလီမှာ အခြေချလာတာ ၂ နှစ်နီးပါးပဲ ရှိပါသေးတယ်။

မဝါဝါကို ပီကင်းမြို့နားမှာရှိတဲ့ ဆန်းတုန်းပြည်နယ်က တရုတ် အမျိုးသားတယောက်ရဲ့ လက်ထဲကို ယွမ်ငွေ ၂ သောင်းနဲ့ ရောင်းစားခဲ့တာပါ။ ဝယ်လက်တရုတ်က ငွေကို အပြည့်မချေသေးဘဲ စရံအဖြစ် ယွမ် ၆ဝဝဝ ပေးပါတယ်။ ရောင်းစားပြီး မကြာခင်မှာပဲ ဝါဝါဟာ တရုတ်လက်ထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့ရာမှာ ဒီလဆန်းပိုင်းမှာ ရွှေလီကို ပြန်ရောက်လာပါတယ်။

အားကိုးရာမယ့် ဝါဝါဟာ သူ့ကို ရောင်းစားလိုက်တဲ့ ကိုကျော်ထွန်းနဲ့ မဖြူတို့ဆီမှာပဲ မှီခိုနေထိုင်ခဲ့ပါတယ်။ မဖြူတို့အတွက်တော့ ရောင်းကုန်ပြန်ရတာပေါ့၊ နောက်ထပ် တရုတ်တယောက် လက်ထဲကို ရောင်းဖို့ ထပ်ကြိုးစားပြန်ပါတယ်။ ဝါဝါကတော့ ဒီတခါ အပြင်းအထန် ငြင်းဆန်ခဲ့ပါတယ်။

သို့ပေမယ့်လည်း ပွဲဆိုင်ထားတဲ့ တရုတ်ဆီက ငွေတချို့ ယူထားပြီးလို့ ဝါဝါကို မရအရခေါ်ရဖို့ ကြိုးစားပါတော့တယ်။

အခင်းဖြစ်ပွားမယ့်နေ့ ညနေပိုင်း၊ နေဝင်ရီတရော အချိန်မှာ ရွှေလီကနေ မိုင်အနည်းငယ်ဝေးတဲ့ မြန်မာနိုင်ငံ နမ့်ခမ်းမြို့ဘက် သွားရာလမ်းအတိုင်း အငှားကားတစီးနဲ့ ဝါဝါကို တင်ခေါ်သွားပါတယ်။ ခေါ်သွားသူတွေက လူပွဲစား မိသားစုဝင် အားလုံးပဲ ဖြစ်ပါတယ်။

မိနစ် ၂ဝ လောက်သွားရတဲ့ မြန်မာပိုင် မန့်ဟီးရိုးရွာဘက်အရောက် လယ်ကွင်းဘေးတနေရာမှာ ကားပေါ်က ဆင်းလိုက်ကြပါတယ်။

“သူတို့ ဒီကနေ စသွားကတည်းက ဘီယာတွေ သောက်သွားကြတာ။ မန့်ဟီးရိုးတဝိုက်က လယ်ကွင်းတွေဘေးမှာ ဆင်းပြီး လယ်ကွင်းထဲ ခေါ်သွားကြတာ။ အဲဒီမှာ ကျော်စွာကစပြီး မုဒိန်းကျင့်တယ်။ ကျန်တဲ့လူတော့ မပါဘူးပေါ့။ ကျင့်ပြီးတာနဲ့ ဘိုဘိုက ဓားနဲ့ စထိုးတယ်။ ဓားဒဏ်ရာ ၅ ချက်နဲ့ ကောင်မလေးက သေဆုံးသွားတာပါ။ ပြီးတော့ အလောင်းကို ရေမြောင်းဘေးမှာ ပစ်ထားလိုက်တယ်” လို့ အမှုဖော်ထုတ်ရာမှာ ကူညီခဲ့သူ မြန်မာတဦးက  ပြောပါတယ်။

အခင်းဖြစ်ပြီး နောက်ရက်မှာ ဒေသခံ ရှမ်းရွာသားတွေက ဝါဝါရဲ့ ရုပ်အလောင်းကို တွေ့ရာကနေ တရုတ်အာဏာပိုင်တွေဆီ ဖုန်းဆက် အကြောင်းကြားပါတယ်။ ဒီ့နောက်မှတော့ ပြစ်မှုကျူးလွန်သူ လူမှောင်ခိုဂိုဏ်းကို တစတစ ခြေရာခံရင်း ဖော်ထုတ်နိုင်ခဲ့တာပါ။ 

အခင်းဖြစ်ပြီးစမှာ တရုတ် အာဏာပိုင်တွေဟာ လူသတ်မှု ကွင်းဆက်ကို မဖော်နိုင်သေးဘဲ၊ နာမည်ရှိနေတဲ့ လူဆိုး စာရင်းဝင်တွေကိုပဲ လိုက်ဖမ်းနေခဲ့တာပါ။ ဖြစ်ချင်တော့ မဖြူတို့ လင်မယား ရောင်းစားခဲ့တဲ့ ရွှေရွှေ ဆိုသူလေးဟာ ရွှေလီကို ထွက်ပြေး လာပြန်ပါတယ်။ ဒါကို ဒေသခံမြန်မာတချို့က ဝိုင်းဝန်းကူညီပေးရာကနေ ခြေရာကောက်မိပြီး မဖြူတို့ လူသိုက် အပါအဝင် လူကုန်ကူးသူ ၁၂ ယောက်ကို ဖမ်းဆီး လိုက်နိုင်ပါတယ်။

ဝါဝါ့အမှုမှာ တရားခံတွေဖြစ်တဲ့ ကျော်စွာ လင်မယားနဲ့ ဘိုဘို၊ အောင်သူစိုးတို့ ၄ ယောက်ကို တရုတ်ပြည် တရားဥပဒေအရ ဆက်လက် အရေးယူဖို့ ချန်ထားပါတယ်။ လူသတ်မှုမှာ မပါဘဲ လူကုန်ကူးသူ ကိုကျော်ထွန်း၊ မဖြူနဲ့ ၁၃ နှစ်အရွယ် သမီးငယ် အပါအဝင် တရားခံ ၈ ယောက်ကိုတော့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီကို ဒီလ ၁၄ ရက်နေ့ကပဲ လွှဲပြောင်းပေးလိုက်ပါပြီ။

မူဆယ်အဖွဲ့ရဲ့ စစ်ချက်အရ သူတို့ ရောင်းစားခဲ့တဲ့ အမျိုးသမီးပေါင်း အယောက် ၂ဝ လောက်ရှိပြီလို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မြန်မာ စစ်အစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ်စီမံကိန်းကို ၂ဝဝ၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိ တရုတ်နိုင်ငံဘက် လူကုန်ကူးမှု မှုခင်းတွေနဲ့ ဆက်စပ်ကြည့်ရင်တော့ မြန်မာ အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှုကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်မလားဆိုတဲ့ မေးခွန်းကိုတောင် ထုတ်စရာ လိုမယ် မထင်ပါဘူး။ 

မြန်မာ့စီးပွားရေး ဆင်းရဲမွန်းကျပ်မှုအောက်မှာ မြန်မာအမျိုးသမီးတွေဟာ တဝမ်းတခါးအတွက် နေရပ်စွန့်ခွါ သွားလာနေကြရာမှာ  လူပွဲစားတွေ လက်ထဲ ကျရောက်ခဲ့ရတဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။ ဝါဝါလိုပဲ ဘဝရော၊ အသက်ပါ ရင်းနှီးခဲ့ရတဲ့  အမျိုးသမီးတွေ ရှိသလို အသက် မဆုံးရှုံးပေမယ့် စိတ်ပိုင်းရုပ်ပိုင်း လူလုံးမလှအောင် နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်တွေ မနည်းလှပါဘူး။ 

အဲဒီထဲမှာ ဒီလ ၂၁ ရက်နေ့ကမှ တရုတ် အာဏာပိုင်တွေက မူဆယ်လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီ လွှဲပေးခဲ့တဲ့ အမျိုးသမီး ၆ ယောက်အနက်က မန္တလေးမြို့က တက္ကသိုလ်ကျောင်းသူ ၂ ယောက်လည်း ပါဝင်ပါတယ်၊

မူဆယ်ဒေသခံ တယောက်က “သူတို့တွေရဲ့ အသက်တွေကတော့ လူအများ စိတ်ဝင်စားမယ့် ၁၈ နှစ်ကနေ ၂၂ နှစ်ကြား အရွယ်လေးတွေပါ။ လူကုန်ကူးခံရတဲ့ အမျိုးသမီး အများစု ခံရသလိုပါပဲ။ အလုပ်အကိုင် ပေးမယ်ဆိုပြီး လူပွဲစားတွေက ဖျားယောင်းသွေးဆောင် အခေါ်ခံခဲ့ရတာပါ။ လူပွဲစားတွေကတော့ လားရှိုး ရပ်ကွက် ၇ ကပါ။ အခုတော့ ဖမ်းမိသွားပါပြီ။ ကွန်ပြူတာတတ်တော့ တရုတ်ပြည်မှာ ကွန်ပြူတာတတ်၊ အင်္ဂလိပ်စာတတ်ရင် တလ ကျပ် ၁ သိန်းခွဲ ပေးမယ်ဆိုပြီး လိမ်ခေါ်ခဲ့တာပါ” လို့ ပြောပြပါတယ်။

လားရှိုး-သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းအတိုင်း ခေါ်လာပြီး နယ်စပ်မှာ ယွမ် ၂ သောင်းနဲ့ တရုတ်ပြည်မြောက်ပိုင်း ဆင်းရဲတဲ့ အန်းဝေးပြည်နယ်က လူဆီ ရောင်းခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ အဲဒီပြည်နယ်မှာ နေခဲ့ရတာ ၉ လလောက် ကြာခဲ့ပါတယ်။ ရောက်စကနေ ၃ လလောက်အထိ အဲဒီမှာ ကုန်ပစ္စည်းတွေ ရောင်းသလို တနေရာနဲ့တနေရာ လှည့်လည် ရောင်းစားတာကို ခံခဲ့ရပါတယ်။ 

၃ လလောက်အကြာမှာ သူတို့နှစ်ယောက်ကို ဝယ်ယူပြီး ပေါင်းသင်းမယ့် ဖူးစာရှင် လင်ယောက်ျားနှစ်ယောက် ပေါ်လာပါတယ်။ တယောက်က ဆွံ့အမျက်မမြင်၊ နောက်တယောက်က အသက် ၆ဝ ကျော်အရွယ်။ ဘာမှ မတတ်နိုင်ပါဘူး။ တစုံတယောက်ဆီကနေ အကူအညီ ရနိုင်တဲ့ နေရာလည်း မဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ကြုံကြိုက်သူနဲ့ပဲ ၆ လလောက် ပင်ပန်းဆင်းရဲစွာ နေထိုင် ဖြတ်ကျော်ခဲ့ရတယ်။

ကိုယ့်ရပ်ကိုယ့်ဌာနေနဲ့ ဝေးကွာတဲ့ ကမ္ဘာ့နေရာတခုမှာ မတူညီတဲ့ ရာသီဥတုကြမ်းတမ်းမှုဒဏ်၊ လူမှုဝန်းကျင် မတူညီမှုတွေ အပါအဝင် ဆင်းရဲတဲ့ ပြည်နယ်ဖြစ်တဲ့အပြင် ဆန်မစားရဘဲ ဂျုံကိုပဲ စားရတဲ့အတွက် စားရေးသောက်ရေးကအစ ခက်ခဲစွာ ရင်ဆိုင်ခဲ့ရပါတယ်။ 

အဖိုးအိုအရွယ်ကို လင်လုပ် ပေါင်းသင်းရတဲ့ သူကတော့ အလိုမတူတာကြောင့် ညအိပ်စက်ချိန်တိုင်းမှာ နှိပ်စက်ညဉ်းပန်းတာ ခံရပါတယ်။ ဆေးလိပ်မီးနဲ့ ကျောပြင်တခုလုံးကို အထိုးခံရပြီး ဦးခေါင်းမှာလည်း အရိုက်ခံထားရတဲ့ ဒဏ်ရာ ၂ ချက် ရှိထားပါတယ်။ ရုပ်ရည် လှပသူလေးမို့ လင်လုပ်သူ အဖိုးအိုက မဖောက်ပြန်ရလေအောင်ဆိုပြီး ဆံနွယ် ၄ ကွက်ကြားပုံစံ ပုံပျက်ပန်းပျက် အညှပ်ခံရပါတယ်။ 

သူတို့ နှစ်ယောက် ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ တခြား ရောင်းစားခံထားရတဲ့ မြန်မာ အမျိုးသမီးအများစုလည်း ကံကောင်းသွားပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ တရုတ်ပြည် အိုလံပစ်ပွဲတော် အကြိုကာလအတွင်းမှာ တရုတ်အာဏာပိုင်တွေက စိစစ်မှုတွေ လုပ်လို့ တရုတ်ပြည်ထဲ ရောက်နေသူ မြန်မာအမျိုးသမီး ၁ဝဝ ကျော် တွေ့ရှိခဲ့တဲ့အထဲမှာ သူတို့နှစ်ယောက်လည်း ပါဝင်ခဲ့တာပါ။

အိုလံပစ်ပွဲတော်ကာလ စီမံချက်ကြောင့် အမိမြေပြန်ရမယ့် မြန်မာ အမျိုးသမီးတွေထဲမှာ ဖူးကျင့်ပြည်နယ်က တံငါသည်တွေဆီ ရောင်းစားခံခဲ့ရတဲ့ အသက် ၁၈ နှစ်နဲ့ ၃ဝ ကြား မြန်မာအမျိုးသမီး ၁၈ ယောက်လည်း နယ်စပ်ကို ရောက်နေပါပြီ။ သူတို့ကိုလည်း မကြာခင်မှာပဲ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဆီ လွှဲအပ်ခံရပါမယ်။ 

သို့ပေမယ့်လည်း မြန်မာ အမျိုးသမီးငယ်တွေ လူကုန်ကူးရောင်းစားခံရတာကို ကာကွယ်ဖို့ တာဝန်ယူ လုပ်ကိုင်နေရတဲ့ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့တွေဆီ နိုင်ငံတော်က မထောက်ပံ့နိုင်လို့ ငွေရေးကြေးရေး မပြည့်မစုံနဲ့မို့ ဒီအဖွဲ့ဝင်တွေ ငြီးငြူနေရတယ်လို့ နီးစပ်သူ ဒေသခံတွေကြား အပြောများကြပါတယ်။ 

လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ ပြန်ရောက်လာချိန်မှာ စားသောက်စရိတ် မတတ်နိုင်လို့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့က နီးစပ်ရာ ကုန်သည်တွေဆီ အလှူခံနေရတာရှိသလို အဝတ်အစား ထုတ်ပေးစရာ မရှိလို့ဆိုပြီး ရဲမေတွေရဲ့ ယူနီဖေါင်းတွေ ထုတ်ဝတ်ခိုင်းရတာမျိုးတွေလည်း ရှိပါတယ်။ လမ်းစရိတ် ပေးစရာမရှိလို့ မလိုအပ်ဘဲ နှစ်ဝက်လောက်အထိ ကြာသွားတာမျိုးလည်း ရှိနေတတ်ပြန်ပါတယ်။

FREEDOM - Rabindranath Tagore

 FREEDOM

Freedom from fear is the freedom
I claim for you my motherland!
Freedom from the burden of the ages, bending your head,
breaking your back, blinding your eyes to the beckoning
call of the future;
Freedom from the shackles of slumber wherewith
you fasten yourself in night’s stillness,
mistrusting the star that speaks of truth’s adventurous paths;
freedom from the anarchy of destiny
whole sails are weakly yielded to the blind uncertain winds,
and the helm to a hand ever rigid and cold as death.
Freedom from the insult of dwelling in a puppet’s world,
where movements are started through brainless wires,
repeated through mindless habits,
where figures wait with patience and obedience for the
master of show,
to be stirred into a mimicry of life.

Rabindranath Tagore

You received this email because you are subscribed to the real_time feed for http://kadaung.net/?feed=rss2. To change your subscription settings, please log into RSSFWD.