Monday, January 19, 2009

[ကဗျာချစ်သူ (Poem Lover)] 25 New Entries: တန်ဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှု

တန်ဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှု

ဘ၀ရဲ့ အဓိပ္ပါယ်ကို ပိုပြည့်စုံအောင် သင်ကြားပေးတဲ့ ကျွန်မရဲ့သူ....
အမြဲ ခွင့်လွှတ် နားလည်ပေးရင်း အကြင်နာနဲ့ နွေးထွေးစေသူ...
တစ်နှစ်ဆိုတာ တကယ်တော့ ခဏလေးပါနော်။
ဒီနေ့ကစပြီး ဟိုးးးး မသိနိုင်တဲ့ နှစ်ပေါင်း များစွာ အထိ အတူ ရှိနေခွင့် ရချင်တယ်။
ဒီ ကဗျာလေး တစ်ပုဒ်နဲ့ ဖြတ်သန်းလာခဲ့တဲ့ နေ့ရက်တွေကို ပုံဖော်ကြည့်ချင်တယ်။




ခဏလေး လို့ မဆိုသာ
တစ်နှစ်တာမှာ တွယ်ငြိလာ
စက္ကန့်တွေပြောင်းလဲ
အချစ်တွေက မဟောင်း
ကျော်ဖြတ်ခဲ့ အတူတူ အဆိုးနဲ့အကောင်း.....

မာနတွေမရှိ
အာဃာတတွေ မသိ
ငါ့ရင်ထဲမှာ မင်းပဲရှိ
တစ်ခါတစ်တော့လဲ လွမ်းရတဲ့ ရင်ခွင်အစုံက နုံးချိချိပေါ့
မဖြောင့်ဖြူးတဲ့လမ်းမှာ ကြမ်းတမ်းမှုတွေကရှိနေတယ်။
ဘာကိုမှ မမှုပါဘူး
ယုယမှုနဲ့ မင်းအချစ်ကို ငါတိမ်းမူးနေလို့.....

တစ်ခါတစ်လေတော့....
အမြင်တွေေ၀၀ါး
အတွေးတွေနဲ့ ခြောက်ခြားလို့
ဝေးဖို့ စဉ်းစားမိတိုင်း
ငါ့....ရင်တွေ ပေါက်ကွဲသွားမလားထင်ရတယ်။

ဆိုးမိတဲ့ အချိန်တိုင်း
အပြုံးလေးနဲ့ အရှုံးပေးတတ်သူ...
မပြောချင်တဲ့ မာယာစကားနဲ့
မသုံးချင်တဲ့ မုသားတွေနဲ့
နာကျင်အောင် လုပ်မိတိုင်း
ရင်ခွင်ထဲမှာ တစ်ဆစ်ဆစ်နဲ့
ငါ ကိုယ်တိုင်က နာကျင်ရစမြဲပါ။

ဆယ့်သုံးရက်နေ့
မပြောင်းလဲတဲ့ အချစ်ငွေ့
အမြဲနီးစပ်နေသရွေ့

တစ်သက်လုံးမှာ
အချစ်ဆုံးမို့
မြတ်နိုးတန်ဖိုးထားလို့
ရင်ခွင်ထဲမှာ မြည်တမ်းနေမိတယ်
အကြိမ်ကြိမ်ပေါ့....
အမြဲရှိနေခွင့်ပေးပါ
ချစ်သူ.....

ခေးရော့စ်

Mother's Love

ဒီနှစ်သစ်မှာ ကဗျာတွေလဲ မရေးဖြစ်ဘူး။ ဟိုရက်က ကိုရင်ညိန်းနဲ့ အွန်လိုင်းမှာတွေ့တော့ ကျွန်မကို အမေများနေ့အတွက် ကဗျာတွေ စုပြီး ထုတ်မယ်ပြောလို့။ ကဗျာတစ်ပုဒ်ရေးလိုက်တယ်။ ဘလော့ဂါ အစ်ကို၊ အစ်မတွေရဲ့ လက်ရာနဲ့ အမေများနေ့ကဗျာလေးကို အားလုံးနဲ့ အတူ ခံစားခွင့်ရချင်လို့ ကျွန်မဘလော့လေးမှာ လင့်လေးကို ပေးလိုက်တယ်နော်။ သွားကြည့်ပြီး ခံစားပေးကြပါဦး။


Mother Day Poems2

ညီမလေးအတွက်

ဘလော့ဂါတွေ နဲ့လည်း တော်တော်လေး ရင်းနှီး နေပြီဖြစ်တဲ့ ကျွန်မရဲ့ ညီမငယ်လေး ဒိုဒီရဲ့ (21) မြောက်မွေးနေ့ပါ။ ညီမလေးရေ မမျှော်လင့်ဘဲ ကြုံတွေ့လာရပြီး သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ခံခဲ့ရတယ်။ မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေလည်း မျှော်လင့်တာတွေ ဖြစ်မလာတဲ့အခါ တိတ်တဆိတ် ကြေကွဲတတ်ကြတယ်။ ၀င်သက် ထွက်သက်ကို သိရှိနေဆဲ ခဏတာမှာ အသက်ရှင်နေထိုင်ခြင်းကို အမှတ်ရလာတတ်တယ်။ လောကရဲ့ ဓမ္မတာလို့ ပြောနေကြတဲ့ ပူပင်သောက၊ ၀မ်နည်း စိုးရွံ့ခြင်းဆိုတာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တယ်။ စိတ်ပျက် အားငယ်မှုတွေ ကြုံတိုင်း သံယောဇဉ်နဲ့ ဖေးမမယ့် အနီးကပ်ဆုံး လူတစ်ချို့ရှိနေတယ် ဆိုတာ သတိရလိုက်ပါ။ လူတွေနဲ့ ဆက်ဆံရတဲ့ လူ့လောကမှာ လူအမျိုးမျိုးနဲ့ သဟဇာတ ဖြစ်အောင် ကြိုးစားနေထိုင်နေရတယ်။ ဟန်ဆောင် မျက်နှာဖုံးနဲ့ အပြုံးတုတွေ ဆင်မြန်းထားတဲ့ လူတွေရှိသလို၊ မာယာတွေသုံး ပလီပလာ စကားလုံးနဲ့ စိတ်ဓါတ်ကို အောက်ဆုံးထိ ရောက်အောင် ဆွဲချတတ်တဲ့ လူတွေလဲ ရှိနေပြန်ရော။ အမှန်ကို အမှားလုပ်၊ အမှားကို အမှန်လို့ ပြောနေတတ်ပြီး ကိုယ်ကိုယ်တိုင်က အမှန်နဲ့ အမှားရဲ့ အနှစ်သာရကို ခွဲခြားမသိတဲ့ လူတွေကလဲ ထုနဲ့ဒေးပါပဲ။ ဒါတွေပဲ ကြုံတွေ့နေရလို့ ကိုယ့်ဘ၀ကြီးဟာ အဓိပ္ပါယ်တွေ ကင်းမဲ့နေတယ်လို့ မထင်လိုက်ပါနဲ့နော်။ ဘ၀ ကျောင်းတော်ကြီးရဲ့ သင်ခန်းစာ တစ်စိတ်တစ်ပိုင်းဟာ စိတ်ဓါတ် ဖွံ့ဖြိုး ကြံ့ခိုင်ဖို့ သင်ကြားပေးနေတာပါ။ ဒီလိုတွေ ပြောနေလို့ ညီမလေးရဲ့ အစ်မတော်က ရင့်ကျင့်မှုတွေနဲ့ ပြည့်စုံနေပြီ မထင်လိုက်နဲ့။ အခုချိန်ထိ မမြင်နိုင်တဲ့ နေရာကရော မြင်နေရတဲ့နေရာကပါ မသိမသာပဲဖြစ်ဖြစ် သိသိသာသာပဲဖြစ်ဖြစ် ထိုးနှက်မှု ပေါင်းစုံကို ခံယူရင်း ဘ၀ရဲ့ ခရီးတစ်ခုကို ဆက်လျှောက်နေဆဲပါ။ ညီမလေးက ဖြူစင်တယ်၊ ပွင့်လင်းတယ်၊ သံယောဇဉ်ကြီးတတ်တယ်။ တစ်ခါတစ်လေမှာ ကိုယ့်ဖြူစင်မှုကို အရောင်ဆိုးမယ့် လူတွေနဲ့ ကြုံလာရင်လဲ ရင်ဆိုင်နိုင်ပါစေနော်။ ပွင့်ပွင့်လင်းလင်းနဲ့ ခင်မင်တတ်တဲ့ ကိုယ့်ရဲ့ ခင်မင်မှုကို အသုံးချလာမယ်ဆိုရင်လဲ ခွင့်လွှတ်တတ်ခြင်းနဲ့ အနိုင်ယူနိုင်ပါစေ။ သံယောဇဉ်ကြီးမိတဲ့ ကိုယ့်ရဲ့ စိတ်ရင်းကိုတော့ တန်တယ် မတန်ဘူးလို့ သဘောမထားဘဲ ကိုယ့်ရဲ့သံယောဇဉ်ကို တကယ် တန်ဖိုးထားတတ်တဲ့ လူတွေနဲ့ ကြုံဆုံနိုင်ပါစေ။ မာယာများတဲ့ လောကရဲ့ အလှည့်အပြောင်း များစွာကို တည်တည်ငြိမ်ငြိမ်နဲ့ ခပ်ပြုံးပြုံးလေး ရင်ဆိုင်ကြည့်ဖို့ ကြိုးစားစေချင်တယ်။ စိတ်ထဲမှာ တင်းကျပ်တာတွေ များလာရင် မျိုသိပ်မထားပါနဲ့။ နွေးထွေးတဲ့ ရင်ခွင်နဲ့ ကြင်နာတတ်တဲ့ လက်တစ်စုံ ဘေးနားမှာ ရှိနေတယ်ဆိုတာ သတိရလိုက်ပါ။ ညီမလေးအတွက် ဆိုရင် လိုအပ်တဲ့ အချိန်တိုင်းမှာ အမြဲ တံခါး ဖွင့်ထားပေးတယ်နော်။ ဘာမှမတော်စပ်တဲ့ လူနှစ်ယောက်မှာ အခိုင်အမာ ချည်ထားတဲ့ ကြိုးတစ်ချောင်းကတော့ သံယောဇဉ်ကြိုး ပဲပေါ့။ ဒီကြိုးလေး တစ်ချောင်း ဘယ်တော့မှ မပြတ်ကျစေချင်ဘူး။ ဘယ်အမှောင့် ပယောဂ တစ်စုံတစ်ရာရဲ့ စွက်ဖက်မှုကြောင့်လဲ ကြိုးလေး တစ်ဖြည်းဖြည်း ဆွေးပြီးနဲ့လာမှာကို မလိုချင်တာ အမှန်ပဲ။ ဘာမှ အစိုးမရတဲ့ လောကကြီးမှာ တတ်နိုင်တ်ာတစ်ခုကတော့ ဆုတောင်းပေးရုံပေါ့။ ဆုတောင်းတိုင်းသာ အားလုံး ပြည်စုံမယ် ဆိုရင်လဲ လူတိုင်း လိုအပ်ချက်တွေ ပြည့်ဝလို့ ရနေတဲ့ အရာတွေ အပေါ်မှာ တန်ဖိုး ထားတတ်တော့မယ် မထင်ဘူး။ အတိတ်ကို တူးဆွမိတဲ့ အချိန်တိုင်းမှာလဲ ပျော်ရွှင်မှုတွေ ရှိနေသလို နာကျင်ခံစားရတာတွေလဲ တွဲပါလာမှာပဲ။ အခုလက်ရှိ နေထိုင်တဲ့ အချိန်လေးကို တန်ဖိုးထားလို့ မနက်ဖြန်မှာ လုပ်မယ့် အလုပ်တွေ အတွက် အကောင်းဆုံးသော အရာနဲ့ တန်ဆာဆင်နိုင်ပါစေ။ ညီမလေး တစ်ယောက်လို ချစ်တယ်။ အစ်မတစ်ယောက်လို အမြဲတမ်း လေးလေးစားစားနဲ့ အလိုလိုက်ပေးတဲ့ ချစ်ညီမလေးကို ကျေးဇူးတင်တယ်နော်။

hApPy BiRtHdAy!!!!!!!!!!!!!!!!!!!!!!! My little sissssss

ခေးရော့စ်

သူငယ်ချင်းတစ်ယောက်အတွက်

ကျွန်မတို့ သူငယ်ချင်း တစ်ဖွဲ့လုံး ဟိုးအရင်က သိပ်ပျော်ကြတာပေါ့။ သွားအတူ၊ လာအတူ၊ စားအတူ၊ ပါရင်တော့ အတူမရလို့ (အဟဲ ဆောရီးနော် နောက်တာ)။ အခုတော့လဲ တစ်ယောက် တစ်နေရာစီမှာပေါ့။ ကျွန်မ သူငယ်ချင်းလေးက နက်ဖြန်ဆို ၂၅နှစ်ပြည့်ပြီလေ။ အကြာကြီး အတူတူ အမြဲမခွဲဘဲ နေလာကြတဲ့ သူငယ်ချင်းတွေ နောက်ဆုံး တစ်ရက်တော့လဲ ဇာတ်ဆရာ အလိုကျ ကျရာနေရာမှာ ဘ၀ကို ရုန်းကန်ဖို့ ဖြစ်လာတော့လဲ လမ်းခွဲကြရတာပါပဲ။ အခုဆိုရင် သူက ကျွန်မတို့နဲ့ မနီးမဝေး နိုင်ငံလေးမှာ နေသားကျလို့ .... မပြောနိုင်ဘူး အခုချိန်ဆို ဘ၀လက်တွဲဖော် ကောင်မလေးချောချောလေး တစ်ယောက်တောင် ရှိချင်ရှိနေလောက်ပြီ။ အရင် သူငယ်ချင်းတွေ အကြောင်း ပြန်စဉ်းစားပြီး ပို့စ်ရေးနေတဲ့ အချိန်မှာ သကောင့်သား မျက်ရည်က ဘယ်ကနေ ဘယ်လိုမှန်းမသိဘူး ရောက်လာပြန်ပြီ။ သတိရလာလို့ပါ။ အရင် အတိတ်နေ့တွေ ချိုမြိန်ခဲ့ကြတယ်။ ဒီလိုပါပဲ သူငယ်ချင်းရယ် ဘ၀ဆိုတဲ့ လမ်းရှည်ကြီးကို မှုန်ဝါးဝါး စမ်းတ၀ါးဝါးနဲ့ လဲကျရင်း ပြန်ထရင်း အနာတရတွေ ဖြစ်ချိန်မှာ ဖေးမကူညီပေးခဲ့လို့........ ဘ၀ရဲ့ သံစဉ်တွေ ချိုမြိန်ချိန်မှာ အတူတကွ သီကြူးခဲ့ကြတယ်။ အခုဝေးနေပေမယ့် နောင်တစ်ချိန် ပြန်တွေ့တဲ့ အချိန်ကျရင် မွေးနေ့ပွဲလေးကို အရင်လို ပျော်ရွှင်စွာ အတူဆင်နွှဲချင်တယ်နော့။

သူငယ်ချင်း

ဘ၀ရဲ့ တစ်ကွေ့မှာ
မမျှော်လင့်ဘဲ ဆုံလာကြတယ်။
အခြေအနေပေးလို့
ငါတို့တွေ ပျော်ရွှင်ဖူးသလို
အခြေအနေ မပေးတော့လဲ
ငါတို့တွေ တိုးတိတ်စွာ
သက်ပြင်းရှိုက်မိကြတယ်နော်။

ဘ၀ရဲ့ စာမျက်နှာတစ်ချို့ထဲမှာ
သူငယ်ချင်းဆိုတဲ့ စာမျက်နှာက
အရေးပါ အရာရောက်လို့
အတိုင်းအတာတစ်ခုကို
ခရီးပေါက်ခဲ့ကြတယ်နော်။

နင့်ဘ၀နဲ့နင်
ငါ့ဘ၀နဲ့ ငါဆိုပေမယ့်
အတွေး အမြင်
အကောင်းအဆိုးတွေနဲ့
စိတ်ရဲ့ အာဟာရတစ်ခုအနေနဲ့
သူငယ်ချင်းဆိုတာ
နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ
အမြဲတည်ရှိနေမှာပါ။

ဟက်ပီး ဘတ်ဒေး KC ရေ။ နင့်ဘ၀၊ နင့်ဆန္ဒနဲ့ နင့်အိမ်မက်တွေ နင်လိုသလို ပုံဖော် ထုဆစ်နိုင်ပါစေ...
ပျော်ရွှင်စရာ မွေးနေ့လေးအဖြစ် အထီးကျန်ဆန်စွာ မဆင်နွှဲရအောင် ငါကြိုဆုတောင်းထားပေးတယ်နော်။ ဟဲဟဲဟဲ
ခေးရော့စ်

တန်ဖိုး

တန်ဖိုးတစ်ခုဆိုတာ သတ်မှတ်တဲ့လူပေါ်မှာတည်တယ်။ ဘ၀ဆိုတာကို တန်ဖိုးတစ်ခုလို့ သတ်မှတ်မယ်ဆိုရင် ပေးဝယ်ရမယ့် အရင်းအနှီးကတော့ အချစ်၊ အချိန်၊ ဆင်းရဲဒုက္ခ၊ ပျော်ရွှင်မှု၊ အသိပညာ၊ အတွေ့အကြုံတွေပဲဖြစ်မယ်ထင်တယ်နော်။ ဒါကလဲ ခေးရော့စ်ရဲ့အတွေးပါ။ ဖောဝေါ့မေး တစ်ခုကနေရတာလေးကို ဘာသာပြန်တင်ပေးလိုက်တယ်။ ဖတ်ကြည့်ကြပါဦး။

  • ဒီနေ့ တကယ်လို့များ နားမ၀င်သာတဲ့ စကားတစ်ခုကို ပြောမိတော့မယ်ဆိုရင် စကားလုံးဝမပြောတတ်တဲ့သူတွေကို သတိရလိုက်ပါ။
  • အရင်တုန်းက အစားအသောက်နဲ့ ပတ်သက်ပြီး ချေးများတယ် ဆိုရင် စားစရာတောင် လုံးဝမရှိနေတဲ့ သူတွေကို သတိရလိုက်ပါ။
  • ကိုယ့်ရဲ့ ကြင်ယာဘက်နဲ့ ပတ်သက်ပြီး မကောင်းမြင်နေမယ်၊ အပြစ်တွေတင်နေမယ်ဆိုရင် ဘ၀မှာအဖော်တစ်ယောက် တစ်လေမှ မရှိနိုင်လို့ ဘုရားသခင်ထံ ငိုကြွေးပြီး ဆုတောင်းနေသူများကို သတိရလိုက်ပါ။
  • ဒီနေ့မှာ တကယ်လို့များ ဘ၀နဲ့ ပတ်သက်ပြီး အပြစ်တင်နေမယ်ဆိုရင် တစ်ချို့သောလူများ ဘ၀ဆိုတာကို သေချာမသိခင်ဘဲ လူ့လောကကနေ ထွက်ခွာသွားနေရတယ်ဆိုတာကို သတိရလိုက်ပါ။
  • ကိုယ့်မှာရှိတဲ့ ကလေးတွေနဲ့ပတ်သက်ပြီး ဗာဟီရများတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေမိတယ်ဆိုရင် တစ်ချို့လူတွေ ကလေးလိုချင်လို့မှ ကလေးမရနိုင်တာကို သတိရလိုက်ပါ။
  • တစ်ချိန်က ကိုယ့်အိမ်မှာ ဖုန်တင်နေလို့ပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်က မလှည်းမကျင်းထားတာပဲဖြစ်ဖြစ် အပြစ်တွေ မြင်နေမိတယ်ဆိုရင် တစ်ချို့သောလူတွေ အပြစ်တင်ခွင့်ဘာမှမရှိဘဲ လမ်းပေါ်မှာနေထိုင်နေရတာကို သတိရလိုက်ပါ။
  • ကိုယ်က ယာဉ်တစ်ခုကို ပိုင်ဆိုင်နေရက်နဲ့ သွားရတဲ့ ခရီးဝေးလို့ ငြီးတွားနေမယ်ဆိုရင် ခရီးချင်းအတူတူကိုမှ ကိုယ့်ခြေထောက်ကိုယ် အားကိုးပြီး လမ်းလျှောက်နေရတဲ့ သူတွေကို သတိရလိုက်ပါ။
  • ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုနဲ့ ပတ်သက်ပြီး ပွစိပွစိနဲ့ အပြစ်မြင်နေမယ်၊ ကိုယ့်ကိုယ်ကို ပင်ပန်းနေမယ်လို့ မြင်နေရင် အလုပ်လက်မဲ့လူတွေ၊ မသန်မစွမ်းတွေနဲ့ အလုပ်လိုချင်တဲ့လူတွေကို သတိရလိုက်ပါ။
  • တွေ့ရာလူကို လက်ညှိုးလေးထိုးပြီး အပြစ်မြင်နေမယ့်အစား လောကကြီးမှာရှိတဲ့ ဘယ်တစ်ဦးတစ်ယောက်ကမှ ပြည့်စုံခြင်း ဆိုတာကို မပိုင်ဆိုင်ထားနိုင်ဘူးဆိုတာကို သတိရလိုက်ပါ။

ဒါက ဖောဝေါ့မေးထဲက စာသားလေးတွေကို တတ်နိုင်သလောက် ဘာသာပြန်ထားတာပါ။ ရေးထားတာကတော့ ဟုတ်လို့။ ရှင်းရှင်းပြောရရင် အကောင်းမြင်ကြည့်မယ်ပေါ့။ အဓိက လူတစ်ယောက်မှာ သူရဲ့ ပြသနာကို ဘယ်ရှုထောင့် ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ အရေးအကြီးဆိုပါ။ အရာရာကို အကောင်းမြင်ပြီး အရှုံပေး နှလုံးအေး အားလုံးကို လက်မြောက် ဖြစ်ချင်ရာဖြစ် လက်ခံမယ်ဆိုလဲ မဟုတ်သေးပြန်ဘူး။ အချိန်အခါနဲ့ အခြေအနေကိုကြည့်ပြီး လုပ်သင့်လုပ်ထိုက်တာကို ခွဲခြားသိလို့ တန်ဖိုးဆိုတာကို နားလည်မယ်ဆိုရင်…………….

ခေးရော့စ်

အမေးအဖြေနဲ့ အတွေးတွေ

တစ်ခါတုန်းက အရာခပ်သိမ်းအကြွင်းမဲ့ စောင့်ကြပ်ကြည့်ရှုရတဲ့ စစ်သားလေး တစ်ယောက်ရှိတယ်။ သူဟာ သန်မာတယ်၊ ရဲရင့်တယ်၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေသလို လူသားတွေရဲ့ လူ့အခွင့်အရေးအတွက်လဲ သူ့မှာတာဝန်သိစိတ် အပြည့်ရှိတယ်။


တစ်နေ့မှာ ခေါင်းဆောင်က " တကယ်လို့များ မင်းတစ်ခြားလူသားတွေကို သတ်ပစ်နိုင်ရင် ဒါမှမဟုတ် လူတွေကို အနာတရဖြစ်အောင်သာ လုပ်နိုင်မယ်ဆိုရင် မင်းရဲ့လုပ်ရပ်အတွက် ဆုတံဆိပ်တွေ အမြောက်အများ ချီးမြှင့်ခံရမှာဖြစ်သလို အဆုံးမဲ့ အောင်မြင်မှု၊ ကျော်ကြားမှု တစ်ခုကိုပိုင်ဆိုင်ရစေမယ်။ ဒီလိုအမိန့်ပေး ခိုင်းစေတာလဲ တစ်ခြားတော့ မဟုတ်ပါဘူး။ လူသားတွေကိုကယ်တင်ဖို့ပါ။" လို့ပြောလိုက်တယ်။

" ကျွန်ုပ်က ကရုဏာ ရှေ့ရှုတဲ့ လူတစ်ယောက်ပါ" စစ်သားလေးကဆက်ပြောတယ် " သတ်ဖြတ်မှုနဲ့ လူတွေကို နာကျင်အောင်လုပ်တာက တကယ်ပဲ ကမ္ဘာကြီးကို ငြိမ်းချမ်းမှုဆောင်ယူလာနိုင်တယ်ဆိုတာ ဟုတ်ပါသလား?"

ဒါနဲ့ ခေါင်းဆောင်က ဖြေတယ် "ယုတ်ညံ့တဲ့၊ စိတ်ဓါတ်မကောင်းတဲ့ လူတွေကို သုတ်သင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက သူတို့ကို အဆုံးစီရင်လိုက်ဖို့ပဲ။ သူတို့ အနာတရဖြစ်မှ ငါတို့စစ်တပ်ရဲ့ အင်အားကြီးမားမှု၊ တန်ခိုးအာဏာရှိမှုတွေပို ထင်ရှားသိသာလာပြီး သူတို့တွေ ငါတို့ကိုကြောက်ရွံ့မယ်လေ။ ဒါကြောင့် ဒီလို သွေးထွက်သံယိုဖြစ်မှုဟာ ငြိမ်ချမ်းမှုကို ဆောင်ယူလာဖို့အတွက် လိုအပ်တယ်"

" အခွင့်အရေးတွေ ချိုးဖောက်ပြီး အကြမ်းဖက် အပြုအမူတွေက ငြိမ်းချမ်းရေးကို ဆောင်ယူလာမယ်…ဟုတ်လား? ကျွန်တော် မေးချင်တယ်ဗျာ။ ဒီအပြုအမူ လုပ်ရပ်တွေက ဆင်းရဲဒုက္ခ၊ အမုန်းတရား၊ ကြောက်ရွံ့မှု နဲ့ လက်စားချေခြင်းဆိုတဲ့ သစ်စေ့တွေကို စိုက်ပျိုးလိုက်သလိုပဲ။ ဘာသာဝင်အမျိုးမျိုးရဲ့ တရားဟောသဘောတွေကို မလေးမစားပြုမူလိုက်သလိုပါပဲလို့ ကျွန်တော်ထင်တယ်ဗျာ"

ခေါင်းဆောင်ကြီးက ဘာမှပြန်မဖြေပဲ တုံဏှိဘာဝေနဲ့လုပ်နေတယ်။ နောက်တော့ အသံနက်ကြီးနဲ့ " အေး…မင်းဒါတွေကို မလုပ်ချင်ရင်ရတယ်။ တကယ်ပဲ ငြိမ်ချမ်းမှုလိုလားတဲ့ တစ်ခြားလူတွေကို ငါခိုင်းလိုက်ရုံပဲလေ..ငါထင်ပါတယ် သူတို့တွေ အသက်စွန့်လုပ်ဆောင်ဖို့အတွက် အဆင်သင့်ပဲလို့"
စစ်သားလေးက ပြန်ပြောတယ် " စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို တကယ်လိုချင်တယ်ဆိုရင် ငြိမ်းချမ်းစွာ ဆောင်ရွက်လို့ရတဲ့ နည်းတွေ အများကြီးရှိတာပါပဲ။ လူတွေကျွန်တော့ကို ထင်မြင်ယူဆ သတ်မှတ်ထားတာက ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတယ်တဲ့ လူတစ်ယောက်ပါ။ ဒါတွေကလဲ အရေးကိစ္စကြုံလာတိုင်း ကျွန်တော့ သေနတ်ကို ဘေးမှာချလို့ မတရားခံရသူတွေကို တရားနည်းလမ်းကျအောင် ဖြေရှင်းပေးနိုင်တဲ့ နှလုံးရည်နဲ့ လူတွေကို ကူညီပံ့ပိုးတဲ့ စိတ်ဓါတ်ကြောင့်ပါ။ အမုန်းတရားတွေကို ချစ်ခြင်းမေတ္တာနဲ့ ………….. လျစ်လျူရှုခြင်းတရားကို အသိဥာဏ်ပညာနဲ့ …….. ကြောက်ရွံ့မှု ကို သစ္စာတရား နဲ့ ယုံကြည်စိတ်ချမှု တွေနဲ့ အနိုင်တိုက်မယ်။ လိုအပ်လို့ သေနတ်ကိုစွဲ တိုက်ပွဲဝင်ခဲ့ရင်တောင် ဘုရားသခင်ရဲ့ ဖန်ဆင်းမှုအပေါင်းပေါ်မှာ ရက်စက်ကြမ်းကြုတ်မိလေခြင်းဆိုတဲ့ ပူဆွေးမှုနဲ့ ယူကျုံးမရဖြစ်မိတယ်ဗျာ"

"မင်းကွာ……အဲ့ဒါ မင်းရန်သူတွေလေ" ဆိုပီး ဒေါသတစ်ကြီးနဲ့ ခေါင်းဆောင်ကြီးက အော်ဟစ်နေပါတော့တယ်။ စစ်သားလေးကလဲ " မဟုတ်ဘူး။ သူတို့တွေက ကျွန်တော့ အတွက် တစ်အူတုံဆင်း ညီရင်းအစ်ကိုတွေလိုပါပဲဗျာ။ အားနည်းတဲ့လူ၊ ပြောခွင့်မရပဲ ဖိနှိပ်ခံလူတန်းစားတစချို့ နဲ့ ကလေးငယ်တွေအတွက် …ကုန်ကုန်ပြောမယ်ဗျာ…….လူသားအားလုံးအတွက် ကျွန်တော်တိုက်ပွဲဝင်တာပါ… အံ့သြစရာကောင်းတာ တစ်ခုရှိတယ်… ဘုရားသခင်က သွေးထွက်သံယိုမှုမပါပဲ အောင်နိုင်တဲ့ လက်နက်တစ်ချို့ ကျွန်တော်တို့ကိုပေးထားတယ်။ ပညာမဲ့ လူတန်းစားတွေအတွက် ကျွန်တော် ကျောင်းဆောင်ပြီးကူညီမယ်။ နာဖျားမကျန်းဖြစ်သူတွေကို ဆေးရုံတွေဆောက်ပေးမယ်။ ဆာလောင်မွတ်သိပ်နေသူတွေအတွက် လုံလောက်တဲ့ လယ်ယာတွေတည်ထောင်ပေးမယ်။ လက်စားချေလိုမှုဆိုတဲ့ အကြီးမားဆုံး ရန်သူကို တစ်ယောက်ကို တစ်ယောက် အပြန်အလှန်နားလည်လို့ စည်းလုံးညီညွတ်ခြင်းဆိုတဲ့ လက်နက်နဲ့ တိုက်ထုတ်မယ်ဗျာ။"

ခေါင်းဆောင်ကလဲ " ဟ..ဟ…လုပ်လေ သူတို့က မင်းကိုတောင် ပြန်သတ်သွားဦးမယ်" လို့ပြောပြန်ရော။
ဒါနဲ့ စစ်သားလေးက " ဟုတ်ရင်လဲဟုတ်မယ်လေ။ ဒါပေမယ့် သူတို့မိသားစု သူတို့သွေးသားတွေကိုသာ ကျွန်တော် မထိခိုက် အမှားမကျူးလွန်ဘူးဆိုရင် ကျွန်တော်နဲ့ ကျွန်တော့မိသားစုကို သူတို့ဘာလို့ အကျဉ်းအကျပ်ထဲ ထည့်မှာလဲ?"

" မင်းက အတွေးသမားသက်သက်ပဲကွ….. ဒါပေမယ့်ကွာ မင်းလုပ်ရပ်တွေက တကယ်တမ်းတော့ ဖြစ်နိုင်ချေကို မရှိဘူး" လို့ခေါင်းဆောင်က ပြောတယ်။

စစ်သားလေးက " ဘုရားသခင်ရဲ့ဆန္ဒက ကမ္ဘာကြီး ငြိမ်းချမ်းဖို့ဆိုတာကို ခေါင်းဆောင်ကြီး လက်ခံပါသလား?" လို့လဲမေးရာ ခေါင်းဆောင်က " လက်ခံတယ်လေ" လို့ပြန်ပြောတယ်။စစ်သားလေးက " ဒါဆို ဘုရားသခင်ရဲ့ ဆန္ဒတွေကရော ဖြစ်နိုင်ချေမရှိဘူးလို့ ခေါင်းဆောင်ကြီးက ဆိုလိုပါသလား? ဘုရားသခင်က ကျွန်တော်တို့ကို မျှော်လင့်ချက်အိပ်မက်တွေ ပေးတယ်။ သူ့ရဲ့ သင်ကြားမှုအောက်မှာ ချစ်တတ်တဲ့စိတ်နဲ့ လူအများကို စိတ်အာဟာရဖြည့်ပေးရမှာ ကျွန်တော်တို့ တာဝန်တွေပါ။ လူတစ်ယောက် ကိုယ့်ကို ဘယ်လိုပြုမူဆက်ဆံလဲဆိုတာ ကိုယ်က သူ့ကိုဘယ်လိုအရင် ဆက်ဆံတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကျပ်တည်းဆင်းရဲမှု၊ လျစ်လျူရှုခံထားရခြင်းနဲ့ ဖိနှိပ်မှု၊ အကြောက်တရား အစရှိတဲ့ ပြသနာကို ဖြေရှင်းနိုင်မယ်ဆိုရင် တစ်စစီကြဲပြန့်ပြီး မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ဘ၀တွေကို စုစည်းပေးလိုက်နိုင်သလိုပါပဲ။ ဒါဆိုရင် သူတို့က ကျွန်တော်တို့ကို အန္ဒရာယ်ပြုလိုတဲ့ ဆန္ဒတွေဆိုတာ ဘယ်မှာလာရှိတော့မလဲ။ ဥပမာဗျာ…အရိုးရှင်းဆုံးတစ်ခု ပြောရရင် သူတို့အတွက် လိုအပ်မယ့် အလုပ်ပေးနိုင်မယ်ဆိုပါစို့။ အလုပ်လုပ်ချင်စိတ်နဲ့ တကယ်သာကြိုးစားလုပ်မယ်ဆိုရင် အနည်းဆုံး သူတို့ စားဝတ်နေရေး ပြေလည်မယ်။ သူတို့အတွက် ဖန်တီးပေးတဲ့ အခွင့်အရေးတစ်ခုကို သူတို့က တကယ်အကျိုးရှိရှိအသုံးချမယ်ဆိုရင် နှစ်ဦးနှစ်ဖက်လဲ အကျိုးရှိနိုင်တာပေါ့။"

ခေါင်းဆောင်ကြီးကလဲ ဟိန်းဟောက်တဲ့ လေသံနဲ့ " ဒီလိုတွေလုပ်မယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ကုန်ကျမယ်ဆိုတာ နားမလည်ဘူးလားကွ" လို့လဲပြောရော စစ်သားလေးက " ဒါဟာကျွန်တော်တို့ လိုအပ်တဲ့ ငြိမ်းချမ်းမှုအတွက် ပေးဆပ်ရမယ့် တန်ဖိုးပဲလေ။ လောကမှာ ဘယ်အရာကိုမှ အလကားမရပါဘူး။ တကယ်လို့ ပိုက်ဆံတွေ အများကြီးနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုကို လှဲလှယ်လိုက်နိုင်တယ်ဆိုရင်ပဲ လူသားအားလုံး လူနေမှုဘ၀သာယာဖို့ အတွက်ဖြစ်လို့ ဘာပဲဖြစ်ဖြစ် တန်ပါတယ်။ ကျွန်တော်တို့ ကလေးတွေအတွက် သာယာလှပတဲ့နေရာလေးတစ်ခုကို ဖန်ဆင်းပေးနိုင်ဖို့အတွက် ငြိမ်းချမ်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုက်ပွဲဝင်ဖို့ မလုပ်နိုင်သလို၊ လုပ်ဖို့လဲ စိတ်ကူးမရှိပါဘူး။ လူသားတစ်ယောက်ရဲ့ အသက်တစ်ချောင်းအတွက် ငွေတန်ဖိုးဘယ်လောက်ရှိလဲ? လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကရော ပိုက်ဆံနဲ့ တန်ဖိုးဖြတ်မယ်ဆိုရင် ဘယ်လောက်တန်ပါသလဲ? ကမ္ဘာကြီးကို ချစ်မြတ်နိုးတဲ့စိတ်၊ ငြိမ်ချမ်းစေချင်တဲ့စိတ်ကရော ဘယ်လောက်တန်ဖိုးရှိပါသလဲ?ဆိုတာ ခေါင်းဆောင်ကြီးကနေ ပြောပြပေးစေချင်ပါတယ်။" ခေါင်းဆောင်ကြီးမှာ ဖြေစရာစကားမရှိပါဘူး။ သူတစ်ယောက်သာ အလုပ်တွေသိပ်ရှုပ်နေတယ်ဆိုတဲ့ ပုံနဲ့ " အချိန်မရှိဘူးကွာ။ ငါ့မှာ စစ်ပွဲတွေကို ဆင်နွှဲဖို့ ပြင်ဆင်ရမယ်" လို့ဖြေတယ်။ စစ်သားလေးက ရုံးခန်းထဲကနေ ထထွက်လာတယ်။ ပြီးတော့ ကျွန်မတို့ကိုစကားတွေ လှမ်းပြောနေတယ်။ သူပြောချင်တာက " ကျွန်တော့်အသက်နဲ့ အလောင်းအစားလုပ်ခဲ့တဲ့ ဒီစကားဝိုင်းဟာ ကျွန်တော်နဲ့တကွ ကျွန်တော့မိသားစု၊ ပြီးတော့ ကမ္ဘာအ၀ှမ်းရှိ လူသားအားလုံးအတွက် စွန့်စားခဲ့တာပါပဲ။ တကယ်လို့များ ခင်ဗျားတို့ အားလုံး ကျွန်တော်နဲ့အတူ ပါဝင်ကူညီမယ်ဆိုရင် ကမ္ဘာကြီးအတွက် လိုအပ်နေတဲ့ ငြိမ်းချမ်းမှုကို အတူတကွ ဆောင်ကျဉ်းပေးနိုင်မှာ မုချပဲဗျာ"

ခေးရော့စ်

တမ်းချင်း

နူးညံ့တဲ့ အချစ်တစ်ခုက
ပေါက်ဖွားလာတဲ့ အလွမ်း။
အချစ်တစ်ခုသာ ကုန်ဆုံးသွားမယ်
အလွမ်းဆိုတာ မရပ်တန့်သွားဘူး။
အချစ်တစ်ခု အသက်ဝင်လာရင်
တိတ်ဆိတ်စွာ ကပ်ပါလာတဲ့
အလွမ်း...............ရုတ်တရက် သိခွင့်ရတာက
ငါ..............................................
အလွမ်းတွေနဲ့ မယဉ်ပါးသေးပါလား။
စက္ကန့်တိုင်း၊ မိနစ်တိုင်းက
ရင်ခုန်သံစည်းချက်နဲ့ အညီ
အလွမ်းတေးတွေများ ဆိုညည်းနေတာလား။

ရင်ကွဲ လုမတတ် အော်ခေါ်နေလဲ
လွမ်းလိုက်တာဆိုတဲ့
ခံစားချက်လေး
စကားလုံး အသွင် မကူးပြောင်းနိုင်ခဲ့ဘူး။

လွမ်းလို့ ကဗျာရေးတယ်လို့ပြောရအောင်
ကဗျာရေးတိုင်း မလွမ်းတတ်ကြပါဘူး။
ရင်နဲ့အမျှ ခံစားချက်တွေ
တွန်းတိုက်လာတဲ့အခါ
အလွမ်းဒဏ်နဲ့
ရင်ဘတ်ထဲမှာ
အလွမ်းတွေ ပဋိပက္ခဖြစ်နေကြတယ်။


မျက်ဝန်းတစ်စုံ
တိုးတိတ်စွာ ငေးမောလို့
မျက်ဝန်းတစ်စုံ
မျှော်လင့်ခြင်းအရောင်ယှက်သန်းလို့
နှလုံးသားမှ အလွမ်းတွန်းအားနဲ့
မျက်ဝန်းမှ ပုလဲခနေပြီ သခင်။

ခေးရော့စ်

ဖတ်မိတာလေးတွေ

အခုရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ ပို့စ် အသစ် မတင်ဖြစ်တော့ လာလာပြီး စာဖတ်တဲ့လူတွေကို အားနာမိပါတယ်။ မနေ့ညက စာအုပ်တစ်အုပ်ဖတ်လိုက်ရင်း စာအုပ်ထဲမှာပါတဲ့ တွေးစရာ၊ ပြုံးစရာလေးတွေကို ခဏလောက် ဖတ်ကြည့်လိုက်ရအောင်နော့။ ဒီလို................
  • "ဘ၀ကို မကျေနပ်တဲ့လူတွေ ကံကို ပုံချတယ်။ ကံကို မကျေနပ်တဲ့လူတွေ ဘ၀ကို ပုံချတယ်။"
  • "ကိုယ့်နေရာမှာ ကိုယ်နေချင်တဲ့ လူထက် သူများနေရာမှာ နေချင်တဲ့လူ အမြဲတမ်း ပိုများတယ်။"
  • "လုပ်မိတဲ့ အမှားတွေရဲ့ အရေအတွက်က အရည်အသွေး အဖြစ်ကို ပြောင်းလာရင် အဲ့ဒါ ဘ၀အတွေ့အကြုံပဲ။ "
  • "အချစ်ဟာ တယ်လီစကုပ်နဲ့ ကြည့်တယ်။ မနာလိုစိတ်က မိုက်ကရိုစကုပ်နဲ့ ကြည့်တယ်။"
  • "ကြင်နာမှု ဆိုတာ နားထိုင်းသူ ကြားရပြီး မျက်စိကန်းသူ မြင်နိုင်တဲ့ အရာ။"
  • "ကိုယ်မှားတဲ့အခါ မှားကြောင်း ၀န်ခံရင် အဲ့ဒီလူဟာ ပညာရှိ...အဲ....မှန်နေပေမယ့် မှားကြောင်းဝန်ခံနေရင်တော့ အဲ့ဒီလူဟာ မိန်းမရှိတဲ့ လူဖြစ်ရမယ်။ :)"
  • "အထက်လူကြီးကို သူနဲ့ ပတ်သက်ပြီး ခင်ဗျား စိတ်ထဲရှိတာ မှန်သမျှ ပြောရဲတယ်ဆိုရင် အလုပ်သစ်တစ်ခုကို ခင်ဗျားရှာတွေ့ထားလို့ပဲဖြစ်ရမယ်"( ခေးရော့စ်တော့ ရှာမတွေ့ပဲ ပြောနေတယ်။ အလုပ်ပြုတ်မယ့်ကိန်းမြင်ရင် အလုပ်သစ်လေးများ မစကြပါဦးနော့။ :) )
  • "သေတဲ့ အထိချစ်မယ်လို့ ကတိပေးထားရင် စောမသေသင့်ပါဘူး။"
  • "အားလုံးကို နားလည်သွားတဲ့လူ ဘာကိုမှ မယုံတော့ဘူး။"
  • "ချီးမွမ်းတာခံရတော့ နေမထိထိုင်မသာဖြစ်ရတယ်။ ချီးမွမ်းတာနဲ့ ညီအောင် နေရတာကိုး။"
  • "ရေးသလိုနေ၊ နေသလိုရေး။"
  • "ရှိရှိသမျှ အခွင့်အရေးတွေထဲမှာ မှားခွင့်ဟာ လက်လှမ်းအမှီဆုံးပဲ။"
  • "လူရှိတယ်။ ပြသနာရှိတယ်။ လူမရှိဘူးနော်။ ပြသနာ မရှိတော့ဘူး။"
  • "ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ယူဆတဲ့လူတွေ ငွေအတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ၀န်မလေးတဲ့သူ ဖြစ်နေတယ်။"
  • "ချစ်မိပြီဆိုရင် ဘာကိုမှ မစဉ်းစားတော့ဘူး။ စဉ်းစားလာပြီဆိုရင် မချစ်တော့ဘူး။"
ဘလော့ရေးမိပြီဆိုရင် ဘာကိုမှ မသိတော့ဘူး။ ဘလော့လဲအရေးရပ်ရော အလုပ်တွေက ဘေးမှာတန်းစီနေရော။ ကဲကဲ အလုပ်ဆက်လုပ်လိုက်ဦးမယ်။ အလုပ်မလုပ်ဘူးဆိုရင် နောက်ဆုံးရလာဒ်က အလုပ်မပြီးဘူးပေါ့နော်။ ဘလော့မရေးရ၊ မဖတ်ရဘူးဆို စိတ်ထဲမှာနေလို့မကောင်းဘူး။ အဟတ်။ ရောဂါကတော့ တော်တော်ရင့်နေပြီနော်။ ကုစရာဆေးလဲရှိတယ်။ နည်းလမ်းလဲရှိပါတယ်။ ကိုးနတ်ရှင်ကောင်းနေသရွေ့ပေါ့။ အဟေးဟေး ( ကိုရင်ညိမ်း ရယ်သံကို ခဏယူသုံးခြင်းဖြစ်သည်။ ) :P

ခေးရော့စ်

ပိုင်လိုက်တဲ့ အကြံ

ဟုတ်ကဲ့ အခုတစ်လော ခေးရော့စ် တစ်ယောက် အပြောင်းအလဲမျိုးစုံကြားမှာ အမျိုးမျိုးသော အကြောင်းတွေကြောင့် အလုပ်မထွက်ဖြစ်သေးပါဘူး။ တစ်ခါတစ်ခါလဲ ခေးရော့စ်တွေးမိတယ် ပျော့ညံ့တဲ့ သူတစ်ယောက်များ ဖြစ်နေသလားလို့။ သေချာတာတစ်ခုကတော့ အဖြေတစ်ခု ကိုယ့်ဟာကို ကောက်ချက်ဆွဲလိုက်တယ် " I am fighting a losing battle cos i care too much for others " ဒါက လတ်တစ်လော အခြေအနေပေါ်မှာ ခေးရော့စ် ကောက်ချက်ဆွဲချလိုက်တဲ့ ကိုယ်ပိုင်ခံစားချက်သက်သက်ပါ။ အလုပ်ကမထွက်ဖြစ်သေးဘူးပေါ့။ အင်တာနက်ဆက်ရနေဦးမယ်။ ဘလော့လဲရေးလို့ အဆင်ပြေနေမယ်။ အပျင်းထူ၊ စိတ်တွေရှုပ်ပြီး အလုပ်ရှုပ်တာလဲပါတယ် စာမရေးဖြစ်ဘူး။ အဲ့ဒါကို ကိုရန်အောင် ကြီးက ဘယ်လိုသိသွားလဲမသိဘူး။ ဟဲလို ခေးရော့စ်. ဘေးမော့လို့ ငေးနေသလား. ဆွေးနေသလား. ပို့စ်လည်း မရေးပါလား. နက်ဖြန်ထပ်လာမယ်. ဟာဒုက္ခပါပဲ။ နက်ဖြန်ထပ်လာလို့ ပိုစ့်အသစ် မတင်နိုင်ရင် ဆိုပြီး ကွန်ပျူတာ ကီးဘုတ်ကို နင်းပိတ်ကန် တွယ်တော့တာပဲ။ လက်နဲ့ပြောတာ။ ဆီပုံးကနေလာလည်တဲ့ လူတွေကလဲ သတိရတယ်တဲ့။ ကွန်မန့်လဲ ၀င်ပေးကြ။ စိတ်မကောင်းဘူးဆိုတော့။ နဂိုကမှ ပျော့ချင်နေတဲ့ စိတ် အခုတော့ လုံးဝကို ခွေကျသွားပြီ။ ကဲကဲ လေကြောမရှည်တော့ဘူး။ ဒီနေ့ ဖောဝေါ့ဒ် မေးကနေ ရလာတဲ့ စာလေးတစ်ပုဒ်ကို ပြန်တင်ပေးလိုက်မယ်။ ဖတ်ကြည့် မိုက်တယ်ဗျ...............

တစ်ခါက ကောင်လေး တစ်ယောက်က ကောင်မလေး တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်မိပါတယ်။ ခက်တာက ကောင်မလေး အဖေက လူကြီးတို့သဘာဝ လုံးဝကို သဘောမတူဘူးပေါ့။ ဒါနဲ့ ကောင်လေးက ကောင်မလေးဆီကို စာတစ်စောင်ပို့လိုက်တယ်။ ကောင်မလေး အဖေကနေတစ်ဆင့်ပေါ့။ ဘယ်လိုစာမျိုး ပို့လိုက်တယ် ဆိုတာ သိချင်ပါသလား။ ဟုတ်ကဲ့ အောက်က စာလေးဖတ်ကြည့်လိုက်နော်။

"The great love that I have for you
is gone, and I find my dislike for you
grows every day. When I see you,
I do not even like your face,
the one thing that I want to do is to
look at other girls. I never wanted to
marry you. Our last, conversation
was very boring and has not
made me look forward to seeing you again.
You think only of yourself.
If we were married, I know that I would find
life very difficult, and I would have no
pleasure in living with you. I have a heart
to give, but it is not sth that
I want to give to you. No one is more
foolish and selfish than you, and you are not
able to care for me and help me.
I sincerely want you to understand that
I speak the truth. You will do me a favor
if you think this is the end. Do not try
to answer this. Your letters are full of
things that do not interest me. You have no
true love for me. Good-bye! Believe me,
I do not care for you. Please do not think that
I am still your boyfriend.
"

စာလဲဖတ်ပြီးရော အဖေက သမီးကို ပေးလိုက်တယ်။ ကောင်မလေးက တအားပျော်သွားလေရဲ့။ ဘာဖြစ်လို့ပါလိမ့်လို့ စဉ်းစားနေပြီဟုတ်။ အခုဒီစာကို ဖတ်ပြီးတဲ့ လူတွေထင်နေတာက ကောင်လေးက ကောင်မလေးအပေါ်ရက်စက်သွားပြီပေါ့။ အဲ့လို ထင်ရင် လွဲပါတယ်။ တက်တက်စင်အောင်လွဲပါတယ်။ ဘာလို့လဲသိလား။ ကောင်လေးက ဥာဏ်တအားကောင်းပ။ အခု အပေါ်ကစာကို သေချာပြန်ဖတ်ကြည့်နော်။ ဒီတစ်ကြိမ်ဖတ်တဲ့အခါကျရင် ပထမဆုံးတစ်ကြောင်းက စဖတ်။ ပြီးရင် တစ်ကြောင်းစီကျော်ဖတ်ကြည့်။ ကောင်မလေး ဘာလို့ပျော်သွားလဲ သိလာလိမ့်မယ်။ :P :P

ကဲကဲ အိမ်က သဘောမတူလို့ စာတွေပေးမယ်ဆိုရင် ကောင်လေးလို ဥာဏ်ကိုလွှာသုံးပြီး မိဘတွေကို မျက်လှည့်ပြလိုက်ရအောင်။ အောင်မလေးနော်။ အဖေများ ဒီစာကို မြင်ရင် သမီးမိုက် နင်တော့လား။ ဒီလိုဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ်ဝါ၊ ဥာဏ်စိမ်းတွေ အကုန်ထွက်တယ်ဆိုပြီး ကြိမ်းမောင်းနေမှာ မြင်ယောင်သေး။ တိတ်တိတ်နေနော်။ ခေးရော့စ်က အချစ်ကဗျာတွေ။ အလွမ်းစာတွေ ခံစားပြီးသာ ရေးနေတာ။ ဖေဖေက သိသေးဝူး။ တိုင်ပြောနဲ့နော်။ ကျေးဇူးဆပ်မယ်။ အဟတ်

ခေးရော့စ်

.............................................

အချစ်အကြောင်းနဲ့ ပါတ်သက်လို့ ကျွန်မကို တက်ထားခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကပေါ့။ အခုတစ်ခါ ကျွန်မရဲ့ ဖိုးဖိုး နဲ့ အစ်မ ခွန်မြလှိုင် က ခေးရော့စ်ရဲ့ အချစ်ကို နားလည်ခံစားပုံကို ထပ်မံတက်လာပြန်ပါတယ်။ အရင်တစ်ခါ ရေးခဲ့ဖူးတဲ့ ကျွန်မ ခံစားမိတဲ့ အချစ်အကြောင်းနဲ့ အခုချိန်ထိ ကျွန်မကို ခံစားမှုတွေ မွေးဖွားပေးတဲ့ သူ့ နဲ့ ပါတ်သက်ပြီး ရေးဖွဲ့ထားတဲ့ အချစ်ကဗျာများကို တင်ပေးလိုက်ပါတယ်။ တစ်ချို့ ကဗျာတွေကို ကျွန်မ အင်္ဂလိပ်လို ရေးဖွဲ့ထားတာ ဖြစ်လို့ အဆင်မပြေမှုများ ရှိခဲ့ရင် ခွင့်လွတ်ပေးပါလို့ အရင်တောင်းပန်အပ်ပါသည်။

Love

Love is the mystery of Beauty,
In reality, it can sometimes leave the History of your own story.

Love is so-called a worthy Splendor,
On the other hand forces us to be a Wrong doer.

When you Miss someone as usual,
Remember that Absence makes the heart grows fonder.

Love can only be Interpreted,
When you experience with your Spirit.

If Love controls over your Head,
You'll go Crazy and Mad.

Love between parents, teachers and friends are Pure
Because their Love can cure and care your Pain and Tears.

Be Alert when you are in Love,
There are times you can only meet it Half.

Channel your Jealousy in proper way,
Love will stay with you Everyday.

ဒီအပေါ်က ကဗျာလေးကတော့ ကျွန်မရဲ့ ချစ်သူကို စတင်မတွေ့ရှိခင်တုန်းက ကျွန်မသိရှိနားလည်ထားတယ်ဆိုတဲ့ အချစ်ပေါ့...တကယ်တမ်း သူ့ကို စတင်တွေ့ရှိသွားချိန်မှာ ကျွန်မ ဒီကဗျာလေးကို ရေးမိတယ်။
Perfection

My heart leaps up,
When you say I'm your Miss Right;

My smile comes alive,
When I hear your sweet voice;

My life is perfect,
When I see your love is endless;

The future is not blurred,
When we love each other for sure.

လူတစ်ယောက်ဟာ ချစ်တတ်လာတာနဲ့ အမျှ အလွမ်းဆိုတာ ကိုရှောင်လွှဲလို့ မရဘူးဆိုတာ သိလာတယ်။ ရှောင်လွှဲလို့မရတဲ့ အလွမ်းကို တည့်တည့်ဝင်တိုးရင်းနဲ့ပဲ ကျွန်မရင်ဘတ်ထဲက ကဗျာ တစ်ပုဒ် ထွက်ကျလာပြန်တယ်။ အလွမ်းဗိုင်းရပ်စ်တဲ့..............

လွမ်းတယ်ဆိုတာ
ငါ...................
ဘာမှန်းမသိခဲ့ဘူး။
တကယ်တော့
အလွမ်းဆိုတာ
ခံစားရခက်တဲ့ ဝေဒနာဆိုးကြီးမှန်း
ငါသိတဲ့ အချိန်ကျတော့
ကုရာနတ္တိ ဆေးမရှိပဲ
ငါ့ ဘယ်ဘက်ရင်အုံကြီးတစ်ခုလုံး
ဒဏ်ရာဒဏ်ချက်
ဗလပွနဲ့
အလွမ်းရဲ့ နှိပ်စက်မှုဒဏ်ကို
မဟားဒရား
ပိုးစိုးပက်စက်
တစ်ဆစ်ဆစ်နဲ့ကို
ခံနေရပြီပဲ။

လွမ်းတယ်
အချိန်တိုင်းလွမ်းတယ်
ဘာပဲလုပ်လုပ်လွမ်းတယ်
ငါ့ရဲ့ အချိန်တော်တော်များများကို
အလွမ်းဆိုတဲ့
ဗိုင်းရပ်စ် တစ်ကောင်က
ဖျက်ဆီး သိမ်းပိုက်ဖို့
ကြံစည်နေပြီ။

နှလုံးသားကို
Format ချလို့
Anti virus ကောက်တင်လိုက်တယ်
System က Alert လာပြနေတယ်
နှလုံးသားတစ်ခုလုံး
အဖတ်ဆည်မရအောင်
ဗိုင်းရပ်စ်ကိုက်ခံနေရပြီတဲ့……..

........ဒီလိုနဲ့ပဲ ခေးရော့စ် တစ်ယောက် အချစ်နဲ့ သူ့ ကို တစ်သားတည်း ရှာဖွေတွေ့ရှိသွားတဲ့အခါမှာ...........


When I know your love

I feel as if we've come to possess a little part of each other,
Though we are far from one another.

Whenever I'm caught on the horns of dilemma,
You help me out and lead me with your kind behavior.

At times, I feel blue, sad, hopeless and helpless,
And I can always withstand cos of your love and kindness.

တစ်ခါတစ်ရံမှာ အချစ်ကိုကိုးကွယ်တယ်လို့ပဲပြောပြော အချစ်ဟာ အဓိက မဟုတ်ဘူးလို့ပဲပြောပြော၊ ကျွန်မအတွက်တော့ အချစ်ဟာ................................................................

အချစ်ဆိုတဲ့
အဓိပ္ပါယ်
မင်း နဲ့တွေ့မှ
ငါ နက်နဲစွာသိလာတယ်....

အချစ်ကြောင့်
ငါ့ဘ၀ဟာ
နေထိလို့လန်းတဲ့
ပန်းတစ်ပွင့်လိုပဲ
လှပလာတယ်.....

အချစ်က သင်ပေးတဲ့
သင်ခန်းစာတွေ
ငါချိုမြိန်စွာ သင်ယူရင်း
အချစ်ရဲ့
ဟိုးအဝေးတစ်နေရာက
အလွမ်းကိုလဲ
သိမ်ငယ်စွာ
ကြောက်ရွံ့နေတယ်.....

တစ်ခါတစ်လေတော့လဲ
အရာအားလုံးကိုကျောခိုင်းလို့
မင်းလက်လေးကိုဆွဲ
အဝေးကိုသွားပြီး
ဘယ်အရာမှမပါ
အချစ်တစ်ခုနဲ့သာ
ဘ၀ကိုဖြတ်သန်းဖို့
စိတ်အားထက်သန်နေမိပြန်ရော...

အချစ်သာပါတဲ့
အချစ်သီးသန်နဲ့
ငါရူးမိုက်စွာ
နူးညံ့စွာ
ရင်ခုန်စွာ
ပျော်ရွှင်စွာနဲ့
အရာရာကိုအာခံမိနေတတ်ပြီကော။

အရာရာကို အာခံလို့ ခေးရော့စ်တစ်ယောက် သိပ်ချစ်တာ အပြစ်လားဆိုပြီး ကဗျာတွေလဲ ရေးနေတတ်ပြန်ရော။
အခုလောက်ဆို ခေးရော့စ်ရဲ့ အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုချက် နဲ့ ခေးရော့စ်ရဲ့ခံစားချက်တွေကို သိနေလောက်ပြီလို့ ထင်ပါတယ်။ ရေးပြီးသား ကဗျာတွေ ပြန်တင်တယ်ဆိုပေမယ့် ဒီကဗျာတစ်ပုဒ်စီတိုင်းဟာ ကျွန်မရဲ့ ခံစားချက် ၀ိညာဉ်တွေ ကွန့်မြူးနေတယ်ဆိုတာ နားလည်ပေးနိုင်မယ်ထင်ပါတယ်။ အော် တစ်ဆက်တည်း ဆက်ပြောရဦးမယ်။ အခုတစ်လော ကျွန်မ ရဲ့ လက်ရှိလုပ်နေတဲ့ အလုပ်ကနေ ထွက်ဖို့ အထိရည်စူးထားပြီးဖြစ်တဲ့အတွက် နောက်နောင် ပို့စ်အတင်ကျဲခဲ့တာပဲဖြစ်ဖြစ်၊ ကျွန်မလေးစားရတဲ့ ဘလော့ဂါ အစ်ကို၊ အစ်မတွေရဲ့စာတွေကို မဖတ်နိုင်တော့ရင်ပဲဖြစ်ဖြစ်၊ ခေးရော့စ်ဆိုတာ မသိလိုက် မသိဘာသာလေး ပျောက်ကွယ်သွားခဲ့ရင်ပဲဖြစ်ဖြစ်။ ကျွန်မရင်ထဲမှာတော့ ကျွန်မချစ်တဲ့ ဘလော့လေးနားမှာ လူကိုယ်တိုင် မရောက်နိုင်တောင် စိတ်ကတော့ အမြဲရောက်နေမှာပါ။ လူဆိုတာမကောင်းဘူးနော်။ အခုလိုမျိုးတွေးရေးပြီး နှုတ်ဆက်ရမယ်ဆိုပြန်တော့လည်း ရင်ထဲမှာ မကောင်းဘူး။ ၀မ်းနည်းတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အခြေအနေတွေအရ တွေ့ဆုံကြတယ်။ အခြေအနေမပေးလို့ ခွဲခွာသွားရမယ်ဆိုရင်လည်း အမှတ်ရစရာလေးတွေကတော့ အမြဲ ရင်ဘတ်ထဲမှာရှိနေမှာပါ။

ခေးရော့စ်

အင်္ဂလိပ်စာ လေ့လာလိုသူများအတွက်

"ဘ၀ အောင်မြင်မှုအတွက် အင်္ဂလိပ်စာ သင်ယူကြပါစို့" ဆိုတဲ့ အဖွင့်စာသားလေး ဘလော့ဂါ ကိုရန်အောင် တည်ထောင်ထားပေးတဲ့ အင်္ဂလိပ် ဘလော့လေး တစ်ခုရှိပါတယ်။ အခုဆိုရင် အဲ့ဒီဘလော့လေးဟာ တစ်ခြားသော ဘလော့ဂါ အစ်ကို၊ အစ်မတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ရပ်တည်လာတာ တစ်နှစ်နီးပါးရှိခဲ့ပါပြီ။ ပါဝင်ရေးသားတဲ့သူ အများစုကတော့ ကိုယ်တတ်ထားသမျှ၊ ကိုယ်သိသမျှကို ဝေမျှထားကြပါတယ်။ ဘယ်သူမဆို အင်္ဂလိပ်စာကို အစကနေလေ့လာနေတာပဲဖြစ်ဖြစ်၊ နောက် ဝေါဟာရ အသစ်အဆန်းလေးတွေကို ခုံမင်လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘန်းစကားတွေကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် အဲ့ဘလော့လေးမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ စကားပုံလေးတွေကို ဘေးမှာထည့်သွင်းထားပေးတယ်။ နေ့စဉ်ပေါ့။ စာအသစ်မဖတ်ဖြစ်တောင် စကားပုံလေးတစ်ခုခုကို ဖတ်မိတယ်ဆိုရင်ပဲ စာဖတ်သူအတွက် အနည်းအကျဉ်း အသုံတည့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ပါဝင်ရေးသားသူအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်သိကိုယ်တတ်တာကို ထုတ်ပြမော်ကြွားခြင်း ဆိုတဲ့စိတ်နဲ့ မဟုတ်ဘဲ တတ်နိုင်သလောက် လက်လှမ်းမှီရာ ပြန်လည် ဝေမျှပေးနေခြင်းပါ။ အချိန်လဲရှိတယ်၊ ကိုယ်တတ်ထားသလောက်ကိုလဲ လူများကို ပြောပြချင်တယ်ဆိုရင် အီးမေးကနေတစ်ဆင့် ကိုရန်အောင်ဆီမှာ contributor ယူလို့ရပါတယ်။ အားလုံးရဲ့ အကျိုးတစ်ခုအတွက် ကျွန်မတို့ အားလုံး ဖြစ်နိုင်တဲ့ တစ်ဒေါင့်ကနေ ပါဝင်ကူညီရင်း အင်္ဂလိပ်စာ ဘလော့လေးကို အသက်သွင်းလိုက်ရအောင်။

စိတ်ဝင်စားသူအားလုံး ဒီ လင့်လေးကို နှိပ်ပြီး သွားရောက်ဖတ်ရှု၊ ဝေဖန် အကြံပြုနိုင်ပါတယ်။
ခေးရော့စ်

ဘာရယ်မဟုတ်............

ရန်ဆောင်နေတဲ့ စစ်ပွဲတွေ၊ ဆင်းရဲငတ်မွတ်မှုတွေ၊ ကမ္ဘာကြီးပူနွေးလာမှု နဲ့ အမျိုးမျိုး သောရာဇ၀တ်မှုတွေ ပတ်လည်ဝိုင်းနေတဲ့ 21ရာစုရဲ့ အဖွင့်စာမျက်နှာက အစပြုလို့ ယခုချိန်ထိ ကမ္ဘာတစ်ဝှမ်း မငြိမ်မသက်ဖြစ်မှုတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။ တစ်ချို့သော လူများဖျားနာလို့….တစ်ချို့တွေ သေဆုံးလို့……..တစ်ချို့ကွာရှင်းပြတ်စဲကြလို့…..တစ်ချို့တစ်ချို့တွေ ရောဂါဆိုးရဲ့ နှိပ်စက်မှုနဲ့ မနက်ဖြန်သေမလား သဘက်ခါသေမလားဆိုတဲ့ အတွေးနဲ့ သိမ်ငယ်နေရတယ်။ ဆန္ဒတွေ ဆွဲခေါ်ရာနောက် တစ်ကောက်ကောက်လိုက်ပါလို့ တကယ်လို့များ ငါသာ ဒီထက်ဒီပိုချမ်းသာခဲ့ရင်…..တကယ်လို့များ……ငါသာ အတိုင်းထက်အလွန် ကျော်ကြားမှုတစ်ခုကိုပိုင်ဆိုင်ခဲ့ရင်….တကယ်လို့များ ငါသာ လက်ရှိပိုင်ဆိုင်နေတဲ့ အသက်အရွယ်ထက်ပိုငယ်သွားရင် (သို့) ပိုသာကြီးခွင့်ရခဲ့ရင်….တကယ်လို့များ ဘ၀အာမခံချက်ပိုပေးနိုင်တဲ့ အလုပ်ကောင်းတစ်ခုကို ဖက်တွယ်နိုင်ခဲ့ရင်…..တကယ်လို့များ ငါဟာ မတူညီတဲ့ နေရာတစ်ခုမှာ မတူညီတဲ့ ခံစားမှုအသစ်အဆန်းကို တွေ့ကြုံနိုင်ခဲ့ရင်…..ဒီလိုနဲ့ပဲ ဘေးနားမှာ မျက်နှာငယ်လေးနဲ့ ရပ်နေရှာတဲ့ ပျော်ရွှင်မှုတွေကို မြင်အောင်မကြည့်လိုက်နိုင်တော့ဘူး။ တကယ်လို့ အငြင်းပွားနေကြပြီ… တစ်ယောက်ရဲ့ ထင်မြင်ချက်၊ ပြောပြချက်ကို နောက်တစ်ယောက်က ဘယ်လိုမှ လက်မခံနိုင်အောင် ဖြစ်နေပြီ။ နှစ်ယောက်ကြားထဲမှာ ညှိနှိုင်းမရတဲ့ ပြသနာ တွေဖြစ်နေပြီဆိုရင် သွေးပူနေတုန်း ခဏမှာ ဆက်ပြီးတော့ ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ ပြသနာ သေးသေးလေးကနေ အကြီးကြီးထိ နောက်ဆုံး တစ်ယောက်ကိုတစ်ယောက် ချစ်နေရက်နဲ့ မုန်းသွားသည်အထိတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သွေးပူနေတုန်း ဒေါသတွေ သိပ်ကြီးနေတုန်း မဆုံးဖြတ်လိုက်ပါနဲ့။ အမှားတွေ့နိုင်တယ်။ ကိုယ်တွေ့နော်ကိုယ်တွေ့.........။ တကယ်လို့များ တစ်ဘက်ကလူကသာ ကိုယ့်ကို ခွင့်မလွတ်နိုင်ဘူး။ ကိုယ်ကလဲတောင်းပန်ဖို့ စိတ်ကူးမရှိဘူးဆိုရင် ဆက်ဆံရေးတစ်ခုရဲ့ နေ၀င်ချိန်ကိုရောက်လာပြီလေ။ ဘာပဲဖြစ်ဖြစ် ပြသနာတွေခဏမေ့လိုက်ပြီး တစ်ညလောက်အိပ်ပျော်အောင် အိပ်ကြည့်လိုက်ပါတဲ့။ နောက်နေ့သစ်တစ်ခုမှာ နိုးထလာတဲ့အချိန်ကျတော့ ဒီနေ့ပြသနာက မနေ့ကထင်သလောက် ကိုယ့်အတွက် မခက်ခဲနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် အဖြေတစ်ခုတော့ ကိုယ့်မှာရှိသွားပြီလေ။ ဘယ်ရှုထောင့်ကနေ ဘယ်လိုရင်ဆိုင်မယ်။ မှားနေရင် တောင်းပန်မယ်။ မကောင်းနေတဲ့ အကျင့်ဆိုးတစ်ခုကို ပြင်နိုင်အောင်၊ ပြင်ဖို့ကြိုးစားရင်း နောက်နေ့ရက်တွေအတွက် ဆက်လက် ခရီးထွက်ရဦးမှာပဲ။ ကိုယ်ချစ်တဲ့လူတစ်ချို့ကို စာရင်းပြုစုရင်း ဘ၀မှာ သူတို့ဟာ ငါချစ်တဲ့သူတွေပါလား။ ငါနဲ့လူချင်းဝေးနေရင်တောင်မှ ငါရဲ့အနားမှာရှိနေပေးတဲ့ အားပေးဖော်တွေပါလားဆိုတဲ့ အသိလေးရလာနိုင်တယ်။ ဒါက စာရင်းပြုစုမှရလာမယ်ဆိုလို့ စာရင်းထဲမှာချရေးရမယ်လို့ ကျွန်မတော့ တစ်သမတ်မထင်မိဘူး။ တကယ်တော့ နှလုံးသားထက်မှာ ကမ္ဗည်းထိုးထားပြီးသားလေ။ ကိုယ်ချစ်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်ကိုချစ်နေတဲ့လူတွေဆိုတာ နှလုံးသားက ခံစားပြီး ကျောက်ထက်အက္ခရာ တင်ထားပြီးသားပါ။ အခုဆို ကျွန်မဘ၀ရဲ့ အစိတ်အပိုင်းလေးတစ်ခုနဲ့ ဘလော့လေးက ကျွန်မသံယောဇဉ်ရှိနေတဲ့ လူတွေ၊ ကျွန်မကို ချစ်ခင်လို့ပဲဖြစ်ဖြစ်၊ ကျွန်မရေးတဲ့စာတွေကို အားပေးလို့ပဲဖြစ်ဖြစ်၊ ကျွန်မလေးစားတဲ့ စာရေးဆရာတွေကို အားကျလို့ပဲဖြစ်ဖြစ်..ကျွန်မအတွက်ကတော့ ကျွန်မချစ်တဲ့လူတွေနဲ့ အသွားအလာလုပ်ခွင့်ရတဲ့ နေရာလေးတစ်ခုပေါ့။ ကျွန်မရဲ့အတူရှိနေတဲ့ ပျော်ရွှင်မှုတစ်ခုဆိုလဲ မမှားပါဘူး။ အခုဆို ဘလော့ရေးလာတာ တစ်နှစ်ကျော်သွားပြီ။ ဒီအတောအတွင်းမှာ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘလော့စာမျက်နှာတွေရဲ့ နေ့တိုင်းမှာ ပျော်ရွှင်မှုတွေရှိသလို၊ စိတ်ညစ် စိတ်ဆင်းရဲရတဲ့နေ့တွေလဲ အများကြီးပါ။ ဘာပဲဖြစ်ဖြစ် စာလေးတစ်ကြောင်း ကွန်မန့်လေး တစ်ခုနဲ့ တစ်ယောက်နဲ့ တစ်ယောက် မမြင်၊မတွေ့ဘူးသည့်တိုင် စာဖတ်ရင်း ရင်းနှီးလို့ အားပေးမှုတွေလဲ အများကြီးရခဲ့တယ်။ နွေးထွေးမှုတွေနဲ့ ဖေးမပေးခဲ့ကြတယ်။ ဒါတွေကလဲ ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုတွေပေါ့။ တစ်ခါတစ်ခါ ဘ၀အမောတွေ သိပ်ကိုများပြားလာတဲ့ အခါမှာ အကောင်းမြင်ကြည့်ပါဆိုတဲ့ စကားလုံးကို မုန်းတီးလာတယ်။ ဒါပေမယ့်လဲ အကောင်းမြင်နိုင်အောင်ကြိုးစားမိတဲ့ စိတ်ကမှသာ လူကို လွတ်လပ်ပေါ့ပါးစေတယ်။ ဖြစ်သမျှကို ခံစားနေရင် ကြာလာရင် ခံရပါများတဲ့ ရင်ဘတ်ကြီးလဲ မွန်းကျပ်လာတယ်။ အခြေအနေ၊ အချိန်အခါကို ကြည့်လို့ လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေနေရတယ်။ အပြောလွယ်ပြီး လေ့ကျင့်ယူရခက်တဲ့ တစ်ချို့ချို့သော စကားလုံးတွေကို လေ့လာသင်ယူရင်း ပျော်သလိုနေ၊ ပျော်အောင်ကြိုးစားရင်း ခေးရော့စ် တစ်ယောက် လူ့ဘ၀ပင်လယ်ထဲမှာ ကူးခတ်နေဆဲ........................

ခေးရော့စ်

အကျည်းတန်အချစ်

အချစ်....အချစ်....လူတွေ ပါးစပ်ဖျားက အချစ်တစ်ခုဟာ သူတို့ခံစားချက်နဲ့လိုက်ပြီး ခံယူချက် ပြောင်းသွားတတ်တယ်။ ပျော်ရွှင်မှုတစ်ခု တွေ့နေချိန်မှာ အချစ်ဟာ နတ်ဘုရားမလေးပေါ့။ တကယ်လို့များ အချစ်တစ်ခုကို အတ္တနဲ့လွန်ဆွဲလို့ ချစ်မိကြမယ်ဆိုရင် အဲ့ဒီအချစ်ဟာ အကျည်းတန် သွားနိုင်တာလေးကို စိတ်ကူး ပုံဖော်ကြည့်တာပါ။

အချစ်ကိုလူတွေက အရောင်ဆိုးကြတယ်။
အဆိပ်သင့်အောင် ဖန်တီးကြတယ်။
လူတွေနှိပ်စက်မှုအောက်မှာ အချစ်ဆိုတာ
ရက်စက်မှုအပေါင်း သရဖူဆောင်းထားတဲ့
"ရက်စက်သူကြီး"ပေါ့။

အဆိပ်ငွေ့တွေနဲ့ အချစ်ပင်ကို
သွန်းလောင်လို့…..
မာနတွေနဲ့ အချစ်ကို
ဖွဲ့သီလို့…..
သောကတွေနဲ့ အချစ်ကို
မျက်ကွယ်ပြုလို့….
အာဃာတတွေနဲ့ အချစ်ကို
ရှင်သန်ဖို့ အားယူနေကြတယ်။

အချစ်ဟာ မီးလိုပူပြင်းတယ်လို့ဆိုရင်
ဘာလို့ မီးထဲဇွတ်တိုးနေတာလဲ?
အေးမြတဲ့ အချစ်တစ်ခုကိုပိုင်ဆိုင်ဖို့
ကိုယ်တိုင်ကရော
အေးချမ်းမှုကို ပေးနိုင်ရဲ့လား?
ပေးချင်တဲ့ ဆန္ဒတစ်စုံတစ်ရာရော
ရှိမှရှိရဲ့လား?
ပေးဖို့ရော လိုအပ်လို့လား?
ပေးကောပေးနေရဲ့လား?
အင်းပါ….
တစ်ခုခုတော့ဖြစ်မှာပေါ့….

အချစ်ကို အရှုံးပေးမိလို့ နှလုံးအေးတာလား
ကိုယ်ကိုယ်တိုင်ရဲ့ အတ္တကို
အနိုင်တိုက်နိုင်ဖို့ လုံလောက်တဲ့ သတ္တိမရှိလို့လား?
ဘာပဲဖြစ်ဖြစ်လေ….
အတ္တနဲ့ အချစ်ရဲ့
လွန်ဆွဲပွဲတစ်ခုမှာ
အတ္တကို အနိုင်သရဖူပေးလို့
နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့
အနာဂတ်ကို
ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်။
အပျက်ပျက်နဲ့
နှလုံးသွေးတွေ စီးလိုရာသာစီးပါစေတော့လေ။

ခေးရော့စ်

ကြော်ငြာဝင်မလို့

တစ်ခြားတော့မဟုတ်ပါဘူး...
ကျွန်မရဲ့ ညီမငယ်လေး တစ်ယောက် ဘလော့စရေးနေပြီလေ။
သူဘလော့ လောကထဲကို ခြေချဖို့ အားယူနေချိန်မှာ အစ်မတစ်ယောက်ဖြစ်တဲ့ ကျွန်မမှာ အားပေးကူညီရမယ့် တာဝန်အပြည့်ရှိတာပေါ့နော့။ ကျွန်မရဲ့ ညီမလေးလိုလဲချစ်၊ သူငယ်ချင်းတစ်ယောက်လိုလဲ ချစ်ရတဲ့ ကောင်မလေး ဘလော့စရေးပြီဆိုတော့ ၀မ်းသာတာပေါ့။ ကျွန်မဘလော့ကို လာလည်ကျတဲ့ သူငယ်ချင်းများ နဲ့ အစ်ကို၊ အစ်မ၊ ညီမလေး၊ မောင်လေး အားလုံးလဲ အချိန်ရခဲ့ရင် ကျွန်မညီမလေးဆီကို သွားပြီး အားပေးကြပါဦးနော်။ ကျေးဇူးအများကြီးတင်ပါတယ်။ သြော်မေ့လို့....သူ့လင့်လေးကိုမပေးရသေးဘူး။
dodi.myanmarbloggers.org တဲ့။

ခေးရော့စ်

အိပ်စက်ခြင်းဟုဆိုရာဝယ်.........

ညမှာ ကောင်းစွာ အိပ်စက်ရတယ်ဆိုရင်ပဲ မနက်နိုးလာတာနဲ့ နေလို့ထိုင်လို့ ကောင်းနေတယ်။ လိုအပ်တဲ့ အိပ်စက်မှုကိုသာ ရရှိမယ်ဆိုရင် လူက လန်းဆန်းနေတယ်။ နောက်နေ့သစ်တွေကို ရင်ဆိုင်ဖို့ အားအင် ပြည့်ဝနေတယ်။ စိတ်ကလဲ ကြည်လင်နေတယ်။ ဒါဆိုရင် နေ့တစ်နေ့ရဲ့ လုပ်ငန်း ဆောင်တာတွေကို ပြီးမြောက်နိုင်တဲ့ ခွန်အားတွေ ပိုရှိနေသလိုပါပဲ။ ပိုကျန်းမာနေမယ် ………. ပိုပြီးတော့တောင် ကြည့်ကောင်းနေသေး။

အကောင်းဆုံး အိပ်စက်ခြင်းကတော့ တစ်ညလုံး ဆက်တိုက် ဘာအနှောင့်အယှက်မှ မရှိဘဲ အိပ်စက်နိုင်ခြင်းကို ခေါ်ပါတယ်။ တကယ်လို့များ အိပ်ချိန်က ပြတ်တောင်း ပြတ်တောင်းဖြစ်နေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အောက်ပါ တာဝန်ရပ်များကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင် တော့ပါ။
  • ကြွက်သားများကို ပြုပြင်ပေးခြင်း။

  • ဦးနှောက်မှ မှတ်ဉာဏ်အဖြစ် သိုလှောင်ပေးခြင်း။

  • ကြီးထွားရန်နှင့် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသော ဟော်မုန်းများကို ထုတ်လွှတ်ပေးခြင်း။

နောက်ဆုံး ရလာဒ်ကတော့ ကောင်းစွာ အာရုံမစူးစိုက်နိုင်ခြင်း၊ ဆုံးဖြတ်ချက်များပြုလုပ်ရန် အခက်အခဲရှိခြင်း၊ ကျောင်းသားဖြစ်ခဲ့လျှင် ကျောင်းစာများကို ကောင်းစွာ မလေ့လာနိုင်ခြင်းနှင့် လူမှုရေး လုပ်ငန်းဆောင်တာများတွင် စွမ်းဆောင်ရည် ကျဆင်းနိုင်ခြင်းတို့ ဖြစ်တတ်ပါသည်။

အိပ်စက်ခြင်းနဲ့ပါတ်သက်လို့ ကျွမ်းကျင်သူများရဲ့ ပြောပြချက်အရ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်က တစ်နေ့ကိုအိပ်ချိန် ၇နာရီ ကနေ ၉နာရီကြားရှိရမယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် တစ်ချို့သောသူတွေက အိပ်ချိန်နည်းပေမယ့် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ ဆောင်ရွက်နိုင်ပြီး တစ်ချို့လူတွေက အိပ်ချိန်ပိုရရှိမှသာ တစ်နေ့တာ လည်ပတ်ဖို့ အားအင်ပြည့်ဝကြပါတယ်။

The National Sleep Foundation (NSF) ရဲ့မှတ်တမ်းများအရ လူတစ်ယောက်ရဲ့ အိပ်ချိန်က သူ့အသက်အရွယ် အပိုင်းအခြားအလိုက် ကွဲပြားသွားတယ်လို့ သိရပါတယ်။ မွေးကင်းစကလေးငယ်လေးများ ကတော့ အိပ်ချိန်တော်တော်များများ လိုအပ်တယ်။ ဒါတင်မကဘူး….၂၄နာရီပတ်လုံးမှာ ဖြစ်နိုင်ရင် ခဏခဏ သိပ်ပေးတာ ကလေးလေးတွေအတွက် ပိုသင့်လျော်ပါတယ်။ အသက် (၅)နှစ် အရွယ်လောက်ထိကို အခုလိုမျိုး နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်စက်ခိုင်းခြင်းက ကလေးများအတွက် များစွာသင့်လျော်ပါတယ်။ အသက်အရွယ် ကြီးပြင်းလာတာနဲ့ အမျှ မှေးစက်ဖို့ လိုအပ်ချိန်တွေ တစ်ဖြည်းဖြည်း ကွာဟလာပါတယ်။
အိပ်ချိန် လုံလောက်စွာမရရှိခဲ့ရင် ဘာတွေဖြစ်နိုင်မလဲဆိုတဲ့ မေးခွန်းတွေ ရှိလာနိုင်တယ်။
  • စိတ်ထဲမှာ မရိုးမရွဖြစ်ခြင်း

  • စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း

  • မောပန်းနွမ်းလျခြင်း

  • စိတ်သွားတိုင်း ကိုယ်မပါဖြစ်ခြင်း

  • စိတ်မကြည်ခြင်း

  • အမြင်အာရုံ၊ အကြားအာရုံ စတဲ့ အာရုံခံစားမှုအပိုင်းနဲ့ ကြွက်သားလှုပ်ရှားမှု အပိုင်းတွေမှာ နှေးကွေးမှုတွေကို ဖြစ်ပေါ်စေပါတယ်။
လူတစ်ယောက်ဟာ အိပ်ချိန်ကို လုံလောက်စွာ ရရှိနေမယ်ဆိုရင် ခန္ဓာကိုယ်မှ leptin နဲ့ ghrelin လို့ခေါ်တဲ့ ဟော်မုန်းဓါတ်တွေကို ပုံမှန်လည်ပတ်နေစေတယ်။ ဒီဟော်မုန်းနှစ်မျိုးက ဇီဝအစာချေဖျက်စနစ်အတွက် အထောက်အကူ ပြုသလိုပဲ ကျွန်မတို့ တစ်နေ့တာမှာ စားသုံးလိုက်တဲ့ ကယ်လိုရီဓါတ်တွေကို ပြန်လည်အသုံးပြုနိုင်ဖို့ အတွက်လည်း အကူအညီပေးပါတယ်။ အိပ်ရေး မ၀တဲ့ အချိန်မှာ ၄င်း ဟော်မုန်းတွေရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ပေးသလို ဖြစ်တဲ့အတွက် ခန္ဓာကိုယ် အလေးချိန်ကို အလွယ်တကူ မထိန်းချုပ်နိုင်ခြင်းနှင့် ပေါင်ချိန်တက်လာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

တကယ်တမ်းတော့ လုံလောက်စွာ အိပ်စက်နိုင်ခြင်းက လူတိုင်း အတွက် လိုအပ်သလို၊ အရေးလဲ ကြီးပါတယ်။ နေ့စဉ်ပုံမှန် ဆိုသလို လုံလောက်စွာ မအိပ်စက်နိုင်သူများအတွက် ဘ၀ရဲ့ ပျော်ရွှင်မှုအပိုင်းမှာ ထိခိုက်နစ်နာမှုတွေ ကြုံတွေ့လာနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာ စားသောက်ခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းသို့ ရောက်ရှိအောင် ကြိုးစားကြည့်သင့်ပါတယ်။

အိပ်စက်ခြင်း အကြောင်းကိုသာ ခေါင်းစဉ်တွေတပ်ပြီး ရေးနေတာ။ တကယ်တော့ ကျွန်မအတွက် တစ်နေ့တာ အိပ်ချိန်တွေကို လုံလောက်စွာ မရရှိပါဘူး။ ညညတွေဆို အိပ်မပျော်တတ်ဘူး။ လူများတွေက ပြောတယ်။ အိပ်မပျော်ရင် စာဖတ်လိုက်။ စာဖတ်ရင်းနဲ့ ငိုက်ပြီး အိပ်ပျော်သွားရောတဲ့။ ကျွန်မအတွက်ကတော့ အဲ့ဒီ method က အသုံးမ၀င်ဘူး ဖြစ်နေတယ်။ အိပ်မပျော်လို့ စာအုပ်တစ်အုပ် ကောက်ဖတ်လိုက်တာနဲ့ အိပ်ချင်စိတ်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပါလေရော။ ဒါနဲ့ပဲ ဘလော့မှာ ကဗျာတွေလည်း ကျဲလာရော။ မဆိုင်ဘူးလားဆို ဆိုင်တော့မဆိုင်ပါဘူး။ နဲနဲလေးတော့ဆိုင်တယ်။ ဘာလို့လဲဆို ကဗျာဆိုတာ ရေးချင်းတိုင်း ရေးလို့ရတာ မဟုတ်ဘူး။ ကျွန်မအတွက် ပြောတာပါ။ အထူးသဖြင့် ညမိုးချုပ်ချိန်တွေဆို တွေးငေးပြီး ကဗျာထိုင်စပ်ရတာကို ၀ါသနာ အလွန်ပါပါတယ်။ ဒါနဲ့ပဲ အိပ်ပျက်ညပေါင်းလဲ မနည်းတော့ပါဘူး။ အခုနောက်ပိုင်း ကျန်းမာရေး အခြေအနေကြောင့် ညကို စောစောအိပ်ဖြစ်ပါတယ်။ ကဗျာတွေ ခေါင်းထဲ တိုးဝင်လာလဲ ဇွတ်ကြိတ်မှိတ်ပြီးကို အိပ်ပျော်အောင်အိပ်ရတယ်။ တစ်ခါတစ်ခါ ညဘက်တွေ အိပ်ဆေး သောက်အိပ်မှ အိပ်ပျော်တယ်။ ညရောက်မှာကို ကြောက်တတ်လာတယ်။ အိပ်မပျော်တဲ့ ညတွေကို အမြန်ဆုံး အဆုံးသတ်ချင်နေပြီ။ အခုတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်လို့ အိပ်ပျော်စ ပြုလာပါပြီ။ ဒီ topic လေးကလဲ ကျွန်မလို အိပ်မပျော်တဲ့ လူတွေအတွက်များ အသုံးဝင်မလားဆိုပြီး ဘာသာပြန်တင်လိုက်တာပါ။ တစ်ချို့ကပြောတယ် အိပ်ပျော်အောင် အိပ်လိုက်လေတဲ့။ အဲ့လောက်တောင် လွယ်ကူနေမှတော့ အိပ်မပျော်တဲ့ ရောဂါဆိုတာတောင် ရှိလာမှာ မဟုတ်တော့ဘူး။ အအိပ်ကောင်းသူများ၊ အိပ်ပျော်လွယ်သူများ အားလုံးကို မနာလိုဘူး။ :(

ခေးရော့စ်

သေခါနီး ဆယ်ရက်အလို chaos ၏ ကယောင်ကတမ်း ဖွင့်ဟချက်များ

အချိန်တွေရှိနေတုန်းက ငါ…
သေရမယ်ဆိုတာကို မေ့ချင်ယောင်ဆောင်နေခဲ့တယ်။
မနက်ဖြန်များစွာကို
လက်ချိုးရေတွက်လို့ ပေါ့ပါးနေတာပဲ။
……………………………………
………………………………………….
……………………………………………………
…………………………………………………………….

ရှာရှာ ကြံကြံလဲ တက်တတ်ပါတယ်။ မသေခင် ဆယ်ရက်အလိုတဲ့။ ကဲ….ယိမ်းနွဲ့ပါး က ကိုမိုးကြယ်ရေ။ စိတ်ထဲရှိတဲ့ အတိုင်း လက်ကသွားတဲ့ အတိုင်းရေးလိုက်ပြီနော်။ အင်း……။ တကယ်တမ်းပြောရရင် ကျွန်မက ငယ်ငယ်လေးကတည်းက "ချူချာမယ်" (ပန်းကန်ပြားမယ်တော့မဟုတ်ဘူးနော် အဟတ်) ဆိုတဲ့ ဘွဲ့နာမည်ကို မလိုချင်ပဲ ပိုင်ဆိုင်ထားရတာ။ ခုချိန်ထိပေါ့။ တစ်မျိုးပြီး တစ်မျိုး ရောဂါတွေ အလျှိုလျှိုနဲ့ ဘယ်ကနေမှန်းမသိဘဲ ၀င်ဝင်လာတတ်လွန်းလို့ လူများတကာရဲ့ "အဲ့လောက်တောင်ပဲ ပျော့ရလား? အားအားရှိဖျားနေတယ်နော်? ဒီလိုမျိုးသာဆို အသက်ကြီးရင် ဘယ်လိုလုပ်မလဲ? နင်တော့ မဟုတ်သေးဘူးထင်တယ်?" ဆိုတဲ့ မေးခွန်းပေါင်းများစွာ အောက်မှာ ငြိမ်သက်တိတ်ဆိတ်စွာနဲ့ ပြန်ဖြေစရာ စကားမရှိခဲ့ပါဘူး။ မောင်နှစ်မသားချင်း အရင်းအချာဆိုတာ တစ်ယောက်တစ်လေမှ မရှိတဲ့ ကျွန်မ၊ မိဘတွေရဲ့ ပုံအောပြီး ချစ်တဲ့ အချစ်တစ်ခုကို ကျေကျေနပ်နပ်ကြီး ပိုင်ဆိုင်လို့ စိတ်ပျက်စရာ နေ့ရက်တွေကို အားတင်းပြီး ကျော်လွှားနေရတယ်။ သေမင်းဆိုတာ မျက်နှာမလိုက်တတ်ဆုံးသော၊ ဘာနဲ့မှ လာဘ်ပေးလို့ မလွှတ်မြောက်နိုင်သော အမှန်တရားရဲ့ ခါးသီးတဲ့ ကိုယ်စားလှယ်ကြီးပေါ့။ တကယ်လို့များ သေမင်းက မဆိုင်းမတွ လက်မရွံ့ဘဲ တစ်ချောင်းတည်းသာ ပိုင်ဆိုင်ခွင့်ရတဲ့ အသက်ကို နှုတ်ယူမယ်ဆိုရင်လဲ ဘာတတ်နိုင်မှာလဲ။ ဆယ်ရက်ပဲကျန်တော့မယ့် အချိန်ကို ရောဂါဆိုးဆိုးရွားရွား တစ်စုံတစ်ရာနဲ့ နာကျင်တဲ့ ဝေဒနာကို အိပ်ရာထက်မှာ ခံစားပြီး မကုန်လွန်ချင်ဘူး။ ကိုယ့်အနီးနားက ကိုယ့်ကိုချစ်တဲ့ လူတွေ မျက်ရည်လည်ရွဲနဲ့ ကိုယ့်ရဲ့ နောက်ဆုံးအချိန် ဝေဒနာခံစားနေရတာကို မမြင်စေချင်ဘူး။ မမြင်ခိုင်းရက်ဘူး။ ကိုယ်ကိုယ်တိုင်လဲ သူတို့ကို ဘယ်လိုနည်းနဲ့မှ မခွဲနိုင်ဘူး။ မခွဲရက်ဘူးလေ။


အချိန်တွေကို ရပ်တန့်ပေးထားပါလား
ခဏလောက်ဖြစ်ဖြစ်ပါ။
ဟင့်အင်း……
လာမခေါ်နဲ့ဦး
အဆင်သင့်မဖြစ်သေးဘူး။
ဘယ်ချိန်မှ ဖြစ်မယ်ဆိုတာ မမေးနဲ့
ငါ…ဖြေစရာ စကားမရှိဘူး။

ဆယ်ရက်တဲ့ ……
နည်းလိုက်တာ။
နေ့စွဲတွေက တွန်းတိုက်လို့
နေ့သစ်ကို ကူးပြောင်းဖို့ အားယူနေတယ်။
နာရီတွေကလဲ
တစ်ချက်ချက်နဲ့
အချိန်မှန်လည်ပတ်ရင်း
အောင်နိုင်သူတစ်ဦးရဲ့
အပြုံးမျက်နှာနဲ့
ငါ့ကို လှောင်ရယ်နေကြတယ်။

ဒီလိုနဲ့ ဘာလုပ်ရင်ကောင်းမလဲ။
ဘာဆက်လုပ်ရမလဲ ?
တွေးရင်း….ရက်တွေကုန်လွန်ကုန်ပြီ။
အချိန်သိပ်မရှိတော့ဘူး။
ပထမဆုံး သတိရမိတာက ဘုရားသခင်ကိုပေါ့။
ဟုတ်တယ်……
ငါ…ဘုရားရှိခိုးရင်းနဲ့ တရားရိပ်မှာ အေးချမ်းမှုကိုရှာရမယ်။
သံယောဇဉ် အပူမီးတွေနဲ့ လောင်မြှိုက်နေလို့ အသိဥာဏ်တွေ ချိနဲ့ကုန်တာ။
သေစမ်း…. ဟင့်အင်း….
ဘာလို့ ဒီအချိန်မှာမှ ဒီဝေါဟာရကြီးက ငါ့အတွက် ခါးသီးနေတာလဲ။
မပြောနဲ့ အဲ့ဒီ သေစကားတွေ။
ဟား…….နောက်ဆုံးချိန်ထိ ငါ တရားမရသေးဘူးပဲ။


မကြည့်နဲ့
အဲ့လိုမျက်လုံးတွေနဲ့
သနားစရာမလိုဘူးလေ။
ဒီလမ်းဟာ အားလုံးအတွက်
ဖောက်ထားတာ။
တစ်နေ့ကျရင်
ပုံစံမျိုးစုံနဲ့ မတူညီနဲ့နေရာစုံက
အတူတူ လျှောက်ရမှာပဲ။

မျက်ခွံတွေလေးလာပြီ။
အင်း………..
ငါ မလိုချင်တဲ့ အချိန်တစ်ခု
အရှေ့မှာ ငုတ်တုတ်ရောက်နေပြီ။
သွားရတော့မယ်။
မျက်စိဖွင့်မရတော့ဘူး။
မငိုနဲ့လေ။
မငိုနဲ့……
ငါနောက်ဆံမတင်းချင်ဘူး။
အသံတွေ မကြားရတော့ပါလား…..
အိုး………….
ငါကိုယ်တိုင်ရဲ့
ငါ့ရုပ်ကလာပ် ရှေ့မှာ လှဲလျောင်းနေပါလား…
ဒါဆို…ငါ………

မသေခင်ဆယ်ရက်ကို ကဗျာနဲ့ရေးလိုက်တာ။ အဟတ်။ တကယ်ပဲ သေသွားသလိုခံစားရတယ်။ ဆယ်ရက်မှာ လူများတွေလို ဘာလုပ်မယ်။ ဘယ်သွားမယ်။ ဘာစားမယ်နဲ့ ကျွန်မ အချိန်တွေမကုန်ပဲနဲ့ အတွေးတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရင်းပဲ သေသွားမယ်ထင်တယ်။ အင်း….ဒီခေါင်းစဉ်လေး ရေးရတာ အကျိုး အများကြီးရှိပါတယ်။ ဆယ်ရက် မပြောနဲ့ နက်ဖြန်ဘာဖြစ်မယ် ဆိုတာတောင် ကြိုသိခွင့်မှမရှိတာပဲ။ ဒီနေ့ လတ်တစ်လော တန်ဖိုးရှိတဲ့အချိန် တွေကို အကျိုးရှိရှိ အသုံးချမယ်လေ။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ၀မ်းနည်းမှုတွေကို အတတ်နိုင်ဆုံး အာခံရင်းနဲ့ လုပ်ချင်တာတွေ၊ လုပ်မယ့် အရာတွေကို သေမင်းဆိုတဲ့ ကိုရုပ်ဆိုး မလာခင် စုတ်တံတစ်ချောင်းနဲ့ လှပတဲ့ ပန်းချီကားတစ်ချပ် ခြယ်မှုန်းထားမယ်။

ခေးရော့စ်

ခေးရော့စ်ဆိုတာ #$%*@#$

ကိုယ့်ရဲ့နာမည် ---------- chaos

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ---------- ခေးရော့စ်၊ ကြေးအိုး၊ ကြေးအိုးလေး၊ ခေးခေး၊ ညီမလေး၊ အစ်မခေး၊ ချော၊ မချော

ကိုယ်ဒီမှာနေတယ် ---------- မိဘအိမ်မှာ (အခုလက်ရှိကို ပြောတာ အဟဲ)

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ---------- အင်းးးးအမြဲပြောနေလို့ အားမှာမဟုတ်ဘူး။ မပေးတော့ဘူးနော်။

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက-

အရောင်ဆိုရင် ---------- အဖြူ၊ အနီ၊ အနက်

အ၀တ်အစားဆိုရင် ---------- လိုက်မယ်ထင်တာ အကုန်ကြိုက်တယ်။ ဖိနပ်ကတော့ All Star ခရေဇီ

အစားအစာဆိုရင် ---------- ကြက်ကောင်လုံးကြော်၊ ခေါက်ဆွဲပြုတ်၊ ထမင်းပေါင်း ဆက်ပြောရင် မကုန်တော့ဘူး။

ပစ္စည်းဆိုရင် ---------- ဖတ်လို့ကောင်းတဲ့ စာအုပ်။

သီချင်းဆိုရင် ---------- ဆူဆူညံညံတွေ နားထောင်တော့ လူများတွေက နားငြီးတယ်တဲ့။

စာရေးဆရာ ---------- တော်တော်များများကိုကြိုက်တယ်။

စာအုပ် ----------- တော်တော်များများဖတ်ဖြစ်တယ်။

Life style ---------- ရိုးရိုးရှင်းရှင်းနဲ့ ကိုယ်ချစ်တဲ့လူက ကိုယ့်အနားမှာ အမြဲရှိနေရင် ပြည့်စုံပါပြီ။ ဘ၀ဆိုတာ တိုတိုလေးပါ။ အဲ့ဒီခဏတာမှာ တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ့်ကိုတန်ဖိုးထားတဲ့လူနဲ့ ကုန်ဆုံးခွင့်ရချင်တယ်။

ကိုယ့်ရဲ့ဝါသနာ ---------- သီချင်းနားထောင်တယ်။ စာအုပ်ဖတ်တယ်။ ဘလော့ရေးတယ်။ ကဗျာရေးတယ်။ ကဗျာတွေ ဘလော့တွေ လိုက်ဖတ်တယ်။ ဂီတာတီးတယ် ( ဘေးကလူများ နားပိတ်ထားရသည်။ အသံသေး အသံကြောင်နဲ့ နှောင့်ယှက်သောကြောင့်)

အလိုချင်ဆုံးလက်ဆောင် ---------- သူပေါ့။ ပေးမယ်ပြောပြီး အခုထိမပေးသေးဘူး။ Pooh ရုပ်လေးလိုချင်လို့ပါဆို။ အကြီးကြီးလေး ဘာလေးနဲ့ ဟွန့်။

ကိုယ့်ရဲ့ အချစ်ဆုံးသူက ---------- မိဘနှစ်ပါး၊ ကျွန်မ၏ အဒေါ်နဲ့ ကျွန်မရဲ့ " သူ "

ကိုယ့်ရဲ့ အလေးစားဆုံးသူက ---------- My Parents, My teacher နဲ့ ကျွန်မကို မမွေးခဲ့သော အားလုံးက လေးလေးစားစားခေါ်သော ကျွန်မတို့ရဲ့ အမေ၊ ပြီးတော့ My quarter half :P

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ---------- အစ်မ၊ ညီမလေးနဲ့ ကျွန်မကို နားလည်ပေးသော သူငယ်ချင်းများ

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ---------- ကျွန်မရဲ့ "သူ"

ကိုယ့်ရဲ့ အမုန်းဆုံးသူက ---------- လူများအတင်းပြောခြင်းဖြင့် အချိန်ကို ကုန်ဆုံးနေသော လူများ။ ဝေဖန် အပြစ်တင်ရတာကို အားရကျေနပ်သူများ။

ရင်အခုန်ဆုံးအချိန်---------- အတူတူလျှောက်လည်ပြီး အဖေတွေ့မှာစိုးလို့။ အဲ့ချိန်က ရင်အခုန်ဆုံးပဲ။ တွေ့များတွေ့ရင် ဆိုပြီးတော့လေ။ အမယ်လေးနော် ပြောရင်းတောင် ရင်ခုန်လာပြန်ပီ။ :P

အကြောက်ဆုံးအချိန် ---------- သရဲနှင့်တွေ့မည့် အချိန်။ ( ရှိတာ မရှိတာ အပထား။ ကြောက်တာကတော့ အသားကုန်ပဲ)

အပျော်ဆုံးအချိန် ---------- နှစ်ယောက်အတူရှိချိန်။

အမှတ်တရနေ့ ---------- January 13, February 16 and 27

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ---------- သူ အမြဲကျန်းမာပျော်ရွှင်ပါစေလို့……

အချစ်ဆိုတာ ---------- နှလုံးသားကနေ စည်းချက်ညီညီနဲ့ လှပတဲ့ သံစဉ်လေးတွေ မွေးထုတ်ပေးတဲ့ ကဗျာ။ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ရတဲ့ အချိန်တစ်ခုမှာ အဲ့အချစ်ဆိုတဲ့ကောင်က နှလုံးသားထဲမှာ အခန့်သား နေရာယူပြီးနေပြီလေ။

အမုန်းဆိုတာ----------အချိန်တော်တော်များများကို ခိုးယူစားသုံးပြီး အတိဒုက္ခရောက်အောင် နှိပ်စက်တဲ့အရာ။

အလွမ်းဆိုတာ----------မရှိရင် ပိုကောင်းမယ်။ လွမ်းရတာ မောလို့ဆိုသလိုပဲ။ အင်း….ဒါပေမယ့် အလွမ်းဆိုတာ အချစ်ရဲ့ တမန်တော်များလား။

သံယောဇဉ်ဆိုတာ---------- နွံတစ်ခုလိုပဲ။ ရုန်းလေ နစ်လေ။

ဘ၀ဆိုတာ ---------- Life is life but always full of ups and downs. ဘ၀အကြောင်းကို ဒီလို ကဗျာလေးရေးဖူးတယ်။

သူငယ်ချင်းဆိုတာ ---------- ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်အပေါ်မှာ အမြဲပြောဆိုဆုံးမတယ်။ နားလည်တယ်။

ချစ်သူဆိုတာ ---------- အရိပ်တစ်ကြည့်ကြည့်နဲ့ လိုအပ်ချက်မှန်သမျှကို အမြဲဖြည့်ဆည်းပေးတဲ့သူ၊ နားလည်မှု၊ မေတ္တာ နဲ့ သစ္စာတရားကို စွဲမြဲထားပြီး မြတ်မြတ်နိုးနိုးချစ်နေတဲ့သူ၊ ချစ်မိတဲ့သူ။

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် ----------တဇွတ်ထိုး၊ ခေါင်းမာတယ်။ ဒေါသကြီးတယ်။ တစ်ခါတစ်ခါတော့ သွေးအေးပြီး ကလဲ့စားချေဖို့ အားထက်သန်တတ်တယ်။ တစ်ခုမှ မကောင်းဘူးနော်။ ခင်တော့ခင်တတ်တယ်။ ခင်ပြီဆို ရေပက်မ၀င်နဲ့ လေပေါတတ်တယ်။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ---------- Do unto others as you would have others do unto you

အပြောချင်ဆုံးစကားတစ်ခွန်း ---------- Whether you do right or wrong there may be at least one person to put the blame on you. It's good to do your best regardless of people's criticism.


ကဲကဲ အောင်မျိုးဟန်က တက်တယ်ဟ ဆိုလို့ ပြီးတော့ ကျွန်မ ဖိုးဖိုးတစ်ဝမ်းကွဲ ဂျူလိုင်ဖိုးဖိုးကလဲ ချက်တင်ကနေတက်တယ်ဟာတဲ့။ သူများကတက်လို့ လိုက်တက်ပြီးပြီ။ မနည်းတိုးတက်လိုက်ရတယ်။ ပြုတ်ကျကျန်ခဲ့မှာစိုးလို့။ ကိုရန်အောင်ကြီး၊ ကိုအတာနဲ့ ယိမ်းနွဲ့ပါးမှ ညီအစ်ကိုများကို ဆက်တက်ချင်တယ်။ ရေးပေးမယ်မလား။ သိတယ်နော်။ ရုပ်ချောသဘောကောင်းကြီးတွေ။

ခေးရော့စ်

နှုတ်ဆက်သူ

အို အသင်လောက
အညစ်အကြေးတွေဖုံးလွှမ်း
မလန်းမဆန်းနဲ့ပါလား..

ဒေါသ
မောဟ
သောက
မာန
ရာဂနဲ့ ပနံမသင့်ကြတော့
စိတ်ဓါတ်တွေ ညစ်ညမ်း။

မေတ္တာ
သစ္စာနဲ့
အနစ်နာ
လူတွေ အပြစ်ရှာနေတဲ့
ဒီလောက ကမ္ဘာ။

မပါတ်သက်ချင်တော့ဘူး..
ထွက်ခွာပါရစေတော့
ဖျောင်းဖျလို့မှမရ
နားချလို့မှ မကျတဲ့
အပူမီးတွေ…

အတွေးအခေါ်
အယူအဆ
ပညတ်ချက်များ
ဘာသာတရားရဲ့ အဆုံးအမများ
ငါ…ရုန်းရင်းဆန်ခတ် ပြုတ်ကျသွား
မတူညီမှု အရောင်စုံနဲ့
မျက်လုံးထဲက မီးတောက်များ
အစွန်းရောက် ကမ်းပါးနားမှာ
ခိုနားလေသလား….

တစ်ရစ်သထက်တစ်ရစ်
တိုးလို့လာတဲ့ သံယောဇဉ်ကြိုး
ကံကြမ္မာ ခြေခံထိုးတဲ့
ဒီအမုန်မျိုး
ထာဝရ နှုတ်ဆက်လို့
ငါ တစ်ရွေ့ရွေ့…………

ခေးရော့စ်

Invasion of PrIvAcY

Come on!
Don't you have anything to do?
Is it your habit or manner to invade people's privacy?
Or what?

Do you think I am a FOOL.
Stop that.
Don't abuse my intelligence!!
Don't insult my character!!
Don't think that I will give you up!!
Don't try the patience of a Saint!!

ENOUGH!

It's all ENOUGH!

I can't stand the sight of you anymore
Nor can I believe the tricks and lies of you
I've totally lost the patience of the job
YOU.......such a real INTRUDER!!!
Even if you don't have the impact on some of my thoughts ...
How are you going to dominate my life.
What a joke!!

You know what?
I, Myself is going to programme my future
With my own two hands.



chaos

13ရက်နေ့အတွက်



Your smile makes me feel shy,


Your love makes me blind,

Your eyes shine when I say you are mine;

But.....................be careful of Lady Luck

She can destroy our love....

chaos

ကံကြမ္မာဆိုတဲ့ ဘွားတော်က တစ်ခါတစ်ခါ ဘာမှန်းမသိတဲ့ လက်နက်ပုန်းတွေ ထုတ်ထုတ်သုံးတယ်ဗျာ။
မထင်မှတ်ထားတာဆို သူက သိပ်လုပ်ပြတတ်ချင်တာ။ ပြောကို မပြောချင်ဘူး။ ပြောတော့ပြောလိုက်ပီ

မျက်ရည်



ပူလောင်မှုနဲ့ နာကျင်နေတဲ့
နှလုံးသားရဲ့ ဒေါင့်တစ်နေရာက
မြစ်ဖျားခံလို့ကျဆင်းလာတာလား
နာကျင်မှုနဲ့ ယောင်ချာချာဖြစ်နေတဲ့
ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကို
ခဏသာ ရပ်တန့်ဖြစ်ဖို့
တဒင်္ဂ အမည်ခံလိုက်တဲ့
အမည်နာမ တစ်ခုများလား

မျက်ဝန်းတစ်စုံက စီးဆင်းနေတဲ့
နွေးထွေးမှုရယ်လို့ မမည်နိုင်တဲ့
ကျဆင်းနေတဲ့ မျက်ရည်တွေ…..
ခံစားလွယ်တဲ့
ခံစားနိုင်လွန်းတဲ့
ခံစားတတ်တဲ့
နှလုံးသားက
နာနာကျင်ကျင်နဲ့ ညှစ်ထုတ်နေပါရောလား

အသက်ရှူမှားမတတ်
နှလုံးသားတစ်စုံကို
ကိုင်လှုပ်နေတဲ့
အချစ်…
နှစ်လုံးတည်းသာဖြစ်တည်လာတယ်
အကျိုးဆက် ရလာဒ်တွေက
မီးခိုးကြွက်လျှောက် တန်းစီနေပါလား။

ခေးရော့စ်

၁၉ ဇူလိုင်

လူတစ်ချို့က ပြောကြတယ်။ နင်တို့ဘလော့ဂါတွေက စာရေးဖို့ဂွင်ချောင်းနေကြတာတဲ့။ ဟိုနေ့ဆိုလဲစပ်စပ်၊ ဒီနေ့ဆိုလဲစပ်စပ် နေရာတကာ နင်တို့ပါတယ်တဲ့။ တကယ်တမ်းတော့ ဘလော့တစ်ခုဆိုတာ ကျွန်မအတွက်တော့ ပွင့်လင်းတဲ့ လျှို့ဝှက်ချက်တွေ စုစည်းထားတဲ့ ဒိုင်ယာရီပါပဲ။ ကျွန်မရဲ့ ချစ်ခြင်း၊ ၀မ်းနည်ခြင်း၊ ကြေကွဲခြင်းတွေ စုစည်းထားရာနေရာလေး ဆိုလဲမမှားပါဘူး။ နောက်.....ကျွန်မအတွက် အရေးပါတဲ့ လူပုဂ္ဂိုလ်တစ်ချို့ကို ကျွန်မမြတ်နိုးစွာ စာဖွဲ့၊ ကဗျာတွေရေးပီး တင်ထားတဲ့ နေရာလို့လဲ ပြောလို့ရတယ်။ ရှင်းရှင်းပြောရရင် လူများယောင်လို့ လိုက်ယောင်ပြီး နေ့ထူးနေ့မြတ်တွေကို ချောင်းနေတာ မဟုတ်ရပါဘူးရှင်။ ကောင်းတဲ့ကိစ္စ သေးသေးလေးတစ်ခုကိုပဲလုပ်လုပ်၊ မကောင်းတဲ့ကိစ္စ တစ်ခုကိုပဲလုပ်လုပ်၊ အပြစ်ရှာချင်ရင် အပြစ်တစ်ခုလို မြင်နေချင်တဲ့ လူဆိုတာတော့ ရှိစမြဲပါ။ ထားလိုက်ပါ ခဏ။ ၁၉ ဇူလိုင်ရောက်တော့မယ်။ ဘာလဲဇူလိုင် ၁၉?
ဘာအတွက်ကြောင့် ဇူလိုင် (၁၉)ကို လာမေးနေတာလဲ? လူတိုင်းသိနေတဲ့ ကိစ္စကိုလို့ ပြောချင်ပြောကြလိမ့်မယ်။ မထင်ပါနဲ့ ..........အာဇာနည်နေ့ကို လူတိုင်းအမှတ်မရကြတော့ဘူး။ လူတိုင်းမသိကြတော့ဘူး။ မပြောမရှိနဲ့။ မေ့ချင်သလိုနဲ့ တကယ်မေ့နေကြပါပီ။ ပြန်စဉ်းစားကြည့်ရင် ၀မ်းနည်းဖို့ကောင်းလိုက်တာ။ အမိမြန်မာပြည်ကို လွတ်လပ်ရေးရဖို့ စွမ်းစွမ်းတမံ ကြိုးစားပေးခဲ့တဲ့ ကျွန်မတို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်တွေကို မေ့ထားလိုက်ကြပီလေ။ သမိုင်းဆိုတာ အတိတ်တစ်ခုပေါ့။ ဒါပေမယ့် အတိတ်ကအကြောင်းက မေ့ထားလို့မရဘူးလေ။ အတိတ်မေ့ချင်ယောင်ဆောင်နေတယ်ဆိုရင်တော့လဲ တစ်မျိုးပေါ့လေ။ ပစ္စုပ္ပန်မှာ တတ်စွမ်းသလောက် အားထုတ်၊ ပြီးတော့ အတိတ်ကပေးတဲ့ သင်ခန်းစာကိုနာယူ၊ အနာဂတ်က လက်တစ်ကမ်းမှာ အကောင်းဆုံး ပြင်ဆင်ပြီး ရင်ဆိုင်ကြရမှာပဲ။ သမိုင်းဆိုတာ လူတစ်ယောက်အတွက်၊ နိုင်ငံတစ်နိုင်ငံအတွက်၊ ကမ္ဘာမြေကြီးတစ်ခုလုံးအတွက်တော့ အရေးပါနေတာပါပဲ။ ဒါဆို မြန်မာပြည်ရဲ့ ဟိုးအရင်နှစ်ပေါင်းများစွာက သူတစ်ပါးနိုင်ငံကို ကျူးကျော်၊ အုပ်ချုပ်မင်းလုပ်ပြီး ဂုတ်သွေးစုပ်ခဲ့ကြတဲ့ နယ်ချဲ့အရင်းရှင်တွေကို မြန်မာ့မြေပေါ်ကနေ မောင်းထုတ်ပေးနိုင်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့ ၁၉ ဇူလိုင်ကရော သမိုင်းမှာအရေးပါတဲ့ နေ့တစ်နေ့ဖြစ်ခဲ့သလို အခုလဲအရေးပါနေတယ်။ နောက်နောင် နောင်လာနောက်သားတွေသာ မမေ့သွားကြရင်လည်း ဆက်ပြီးအရေးပါနေမှာပဲ။ ဒါဆို မမေ့သွားအောင်လည်း လက်ဆင့်ကမ်း သတိပေးနေရမယ့် တာဝန်ကလည်း ကျွန်မတို့မှာ အပြည့်ရှိနေတယ်။ ကျွန်မတယ်ရင်း ကောင်မလေးတစ်ယောက်က စာသင်ပေးတယ်လေ။ သူ့ကို သူ့တပည့်လေးက မေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မန်းလေးနန်းတွင်းမှာ နေခဲ့တာလားတဲ့။ ကြားကြားချင်းတော့ ရီလိုက်မိတယ်။ တကယ်တမ်းပြောရရင် စိတ်မကောင်းစရာပဲ။ ဗိုလ်ချုပ်အကြောင်းကို မေ့နေကြပီဖြစ်သလို၊ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ (၁၃)ဆိုတာ မေ့တာမှ လာလား မပြောပါနဲ့တော့ပေါ့နော်။ ဖေဖော်ဝါရီ (၁၄)ကိုကျတော့ လူတွေက ဗယ်လန်တိုင်းနေ့တဲ့။ ချစ်သူများနေ့တဲ့။ မှတ်မှတ်ရရ ကိုယ်နဲ့မဆိုင်လဲ ဂလိုဘယ်လိုင်ဇေးရှင်း။ ကမ္ဘာကြီးမှာဖြစ်ပျက်သမျှ ခေတ်နဲ့အညီဖြစ်နေရမယ်တဲ့။ အဟား။ ရီချင်လိုက်တာ။ ကိုယ့်နိုင်ငံရဲ့ သမိုင်းကိုတောင် မသိမေ့နေတဲ့လူတစ်ယောက်က ဘာလဲကမ္ဘာနဲ့ရင်ဘောင်တန်းမယ်။ ကျွန်မ မြန်မာလူမျိုးတစ်ယောက် မဟုတ်ဘူး။ ကျွန်မ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မ မြန်မာ့မြေပေါ်မှာ ကြီးပြင်းလာတယ်။ မြန်မာ့ရေကိုသောက်နေတဲ့ မြန်မာမဟုတ်တဲ့ မြန်မာ့သွေးတစ်ယောက်ပါ။ မျိုးချစ်စိတ်ဓါတ်ရှိတယ်။ နိုင်ငံရေးလုပ်နေတာမဟုတ်တဲ့ နိုင်ငံ့အရေးကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တစ်ယောက်ပါ။ မြန်မာလူငယ်တွေ သိထား၊ နားလည်ရမယ့် မြန်မာ့သမိုင်းမှာအရေးပါတဲ့၊ မြန်မာပြည်သူတွေအတွက် အရေးကြီး ပုဂ္ဂုလ်တွေကို ကျွန်မမမေ့သလို ကျန်ရှိနေသာ အခြားအခြားသော လူများကိုလဲ မမေ့စေချင်တာကတော့ တကယ့်စိတ်ရင်းအမှန်ပါ။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု။

ခေးရော့စ်

သိပ်ချစ်တာ အပြစ်လား

၁၃ရက်နေ့တိုင်းဟာ ကျွန်မအတွက် အမှတ်တရ တစ်ပွေ့တစ်ပိုက်နဲ့ နေ့လေးတစ်နေ့ပေါ။

တကယ်လို့များ မတူညီတဲ့ လူနှစ်ယောက်အတွက် တူညီတဲ့ခံစားမှုတစ်ခုနဲ့ နေ့တစ်နေ့ကို မတူညီတဲ့နေရာ နှစ်ခုကနေ တိတ်ဆိတ်စွာ အမှတ်တရဖြစ်နေမယ်ဆိုရင်..........






အချစ်ဆိုတဲ့
အဓိပ္ပါယ်
မင်း နဲ့တွေ့မှ
ငါ နက်နဲစွာသိလာတယ်....

အချစ်ကြောင့်
ငါ့ဘ၀ဟာ
နေထိလို့လန်းတဲ့
ပန်းတစ်ပွင့်လိုပဲ
လှပလာတယ်.....

အချစ်က သင်ပေးတဲ့
သင်ခန်းစာတွေ
ငါချိုမြိန်စွာ သင်ယူရင်း
အချစ်ရဲ့
ဟိုးအဝေးတစ်နေရာက
အလွမ်းကိုလဲ
သိမ်ငယ်စွာ
ကြောက်ရွံ့နေတယ်.....

တစ်ခါတစ်လေတော့လဲ
အရာအားလုံးကိုကျောခိုင်းလို့
မင်းလက်လေးကိုဆွဲ
အဝေးကိုသွားပြီး
ဘယ်အရာမှမပါ
အချစ်တစ်ခုနဲ့သာ
ဘ၀ကိုဖြတ်သန်းဖို့
စိတ်အားထက်သန်နေမိပြန်ရော...

အချစ်သာပါတဲ့
အချစ်သီးသန်နဲ့
ငါရူးမိုက်စွာ
နူးညံ့စွာ
ရင်ခုန်စွာ
ပျော်ရွှင်စွာနဲ့
အရာရာကိုအာခံမိနေတတ်ပြီကော။

ခေးရော့စ်

ကောင်လေးတစ်ယောက်ကပေးသော သင်ခန်းစာ

နေသာတဲ့ နေ့လေးတစ်နေ့မှာပေါ..........ပင်လယ်ကြီးရဲ့ အရှေ့ဘက်ခြမ်းတစ်လျှောက်မှာ မထင်မှတ်ပဲ အံ့သြစရာတစ်ခု ဖြစ်သွားတယ်။ ၁၄နှစ်၊ ၁၅နှစ်အရွယ် ကောင်လေးအုပ်စု သုံးစုလောက်တွေ့မိကြတယ်။ အထက်တန်းကျောင်းသား အရွယ်လေးတွေပေါ့။ သူတို့အားလုံး အပြေးပြိုင်ဖို့ အတွက် တာဆူနေကြတယ်။ ပထမ အုပ်စုက တစ်အားတက်ကြွနေတယ်။ ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်မယ့် အနိုင်ရချင်တဲ့၊ ခေါင်းဆောင်ဖြစ်ချင်တဲ့ ပုံရိပ်တွေ ထင်ဟပ်နေကြတယ်။ ဒုတိယအဖွဲ့ကတော့ ကောင်လေးစုစုပေါင်း အယောက် (၂၀) လောက်ရှိမယ်။ သူတို့ကို ကြည့်ရတာ ပထမအုပ်စုလောက် တက်တက်ကြွကြွ မရှိကြဘူး။ ပထမအုပ်စုကို တကယ် ယှဉ်နိုင်ပါ့မလား ဆိုတဲ့ အတွေးတောင်ဝင်နေပုံရတယ်။ နောက်ဆုံးတစ်ဖွဲ့ ကောင်လေးတွေက (၁၀) ယောက် မပြည့်တစ်ပြည့်ပဲ။ သူတို့ကတော့ ခေါင်းငိုက်စိုက်ချထားလို့ ဘယ်သူ့ကိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အရှုံးစိတ်ကို နှလုံးသွင်းထားနေလေရဲ့။ အဖွဲ့တွေအားလုံး အပြေးပြိုင်ပွဲအတွက် အာရုံထားနေကြချိန်မှာ ကောင်လေးတစ်ယောက် အေးအေးလူလူ လမ်းလျှောက်နေတယ်။ သပ်သပ်ရပ်ရပ်နဲ့ အားကောင်းမောင်းသန် ကောင်လေးကတော့ အသက်တောင် ပြင်းပြင်းမရှူဘူး။ တစ်ခြားအဖွဲ့တွေရဲ့ ဟိုးးးးးးအနောက်ဘက်မှာ အများကြီး ပြတ်ကျန်နေခဲ့ပေမယ့် အပြုံးမပျက်၊ ယုံကြည်မှု အပြည့်နဲ့ လျှောက်လှမ်းနေလိုက်တာ။ သက်တောင့်သက်သာနဲ့ ကမ်းခြေတစ်လျှောက် ရှုခင်းတွေကို ငေးမောရင်းပေါ့.......... သူ့အတွက်ကတော့ ပြိုင်ပွဲတစ်ခုလို့ မှတ်ယူထားပုံ မပေါ်ဘူး။ နေသာတဲ့ နေ့တစ်နေ့မှာ အလှအပ ခံစားရင်း လမ်းလျှောက်ထွက်လာပုံပဲ။ တစ်ခြားသူတွေလို စည်းကမ်းကလနားတွေနဲ့ ယှဉ်ပြိုင်ခြင်း၊ အနိုင်ရလိုခြင်း ဆိုတာထက် သူ့ပုံစံက ပါဝင်မှုတော့ရှိတယ်... ဒါပေမယ့် ရိုးရှင်းတယ်... မရှုပ်ထွေးဘူး... တကယ့်ကို ရိုးရိုးလေး... လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ လူများတွေ သူ့ကို ဘယ်လိုထင်မယ်၊ ဘယ်လိုတွေးမယ် ဆိုတာကို လုံးဝ အမှုမထားဘူး။
ဒါကတော့ ကျွန်မဖတ်လိုက်ရတဲ့ ဆောင်ပါးလေးတစ်ပုဒ်ကို သင့်လျော်အောင် ကြိုးစားပြီး ဘာသာပြန်ထားတာပါ။
ဒီရှုပ်ထွေး ပွေလီလှတဲ့ လောကကြီးထဲမှာ တစ်နေ့တစ်နေ့ ပြိုင်ဆိုင်မှု၊ ယှဉ်ပြိုင်မှုထဲမှာ နှစ်မြှုပ်ရင်း၊ ရုန်းကန်ရင်း၊ ဘ၀ခရီးကို လေးပင်စွာ လျှောက်လှမ်းနေမိကြတယ်။ ပတ်ဝန်းကျင်၊ လူ့အသိုင်းအ၀ိုင်းရဲ့ လောင်းရိပ်အောက်မှာ ကိုယ့်ရဲ့ ဆန္ဒတစ်စုံတစ်ရာကို မြေမြှုပ်သဂြိုလ်လိုက်ရမယ်ဆိုရင် တကယ်ရော ထိုက်တန်ရဲ့လားဆိုတာ ပြန်စဉ်းစားဖို့ လိုမယ်ထင်တယ်။ တစ်ခါတစ်ခါ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ၊ လွတ်လပ်ပျော်ရွှင်မှုတစ်ခု အများကိုလဲ မထိခိုက်ဘူးဆိုရင် စိတ်ကို ထွက်ပေါက်ပေးသင့်တယ်။ ပြန်စဉ်းစားကြည့်ရင် ဘ၀ဆိုတာ တိုတိုလေးပါ။ စိတ်ကို ထောင်သွင်း အကျဉ်းချပြီး ပိတ်လှောင်ထားမယ့်အစား ပေါ့ပါးလွတ်လွပ်တဲ့ ခံစားမှုလေးတွေကို လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းလေး ကြုံတွေ့နိုင်တယ်ဆိုတာ သတိမထားမိလိုက်ကြဘူး။ ပညာရှိ သတိဖြစ်ခဲလေးဖြစ်သွားတာပါ။ မျှော်လင့်ချက်နဲ့ အသက်ရှင်နေထိုင်နေရတဲ့ ဒီလောကဆိုတဲ့ နေရာတစ်ခုထဲမှာ ယုံကြည်မှုကို မလွတ်တမ်းဆုပ်ကိုင်ရင်း စိတ်ချမ်းမြေ့မှုကိုလဲ မေ့ထားလို့ဘယ်ဖြစ်မလဲနော့.....


ခေးရော့စ်

YoU <= HaPpiNeSs <=LoVe



When the tears run down my cheeks,
I know one thing that I love u indeed.

When I know u love me too deep,
The only thing I can hold is belief.

When u say u can't leave me,
I too have the same feeling not to part from u.

When u say that I'm ur precious thing,
At the same time I too feel that it's my wish & dream.

People will say that never say never,
But I will always murmur that I will love you forever & ever.

ခေးရော့စ်

မှတ်ချက်။ ခေးရော့စ် အကြိတ်အနယ် ခံစားတင်ပြသည်။ :P

You received this email because you are subscribed to the real_time feed for http://chaos.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.