Monday, January 19, 2009

[ကဗျာသီတဲ့ ကြိုး] 25 New Entries: မေးခွန်းက ကမ္ဘာကျော်မှာလား

မေးခွန်းက ကမ္ဘာကျော်မှာလား

လူ ၁၂ ယောက် မေးခွန်း ၁၂ ခု မေးခဲ့တယ်
ဘယ်ညာ လက်တစ်စုံ
တစ်မိနစ်အတွင်း ကျရောက်သော စကားလုံး
နောက်. . .ကောင်းတာတစ်ခုက ကဗျာဟာ ဘယ်တော့မှ
ခေတ်ရေစီးမဖြစ်နိုင်ဘူး
တကယ်လို့ ဒီကဗျာကို ခင်ဗျားမကြိုက်ရင်
ခင်ဗျားနှစ်သက်ဖို့
အခြားကဗျာ အမျိုးအစား သန်းနဲ့ချီပြီးရှိတာပဲ
ပထမဆုံးဖတ်ဖြစ်တဲ့ ကဗျာက. . .
ဟာ တော်တော်ခက်ခဲတဲ့ မေးခွန်းပဲ
ကဗျာရဲ့အရသာကို ငါသိလို့
မေးခွန်းကနေ မွေးခန်း အဓိပ္ပါယ်ရှိသေးတယ်
မေးခွန်းကနေ ခေးမွန်းဆိုရင် ဘာအဓိပ္ပါယ်
ကဗျာဆိုတာ မေးခွန်းတစ်ခုအထိ ရောက်လာစရာ
အကြောင်းမရှိဘူး
ကဗျာပရိသတ်ထဲ သူ့မေးခွန်းကျန်ခဲ့စေရန်
ခဏမျှ ရပ်နားလိုက်သည်
ပြောသူနှင့် နားထောင်သူကြားတွင်ပင် အဓိပ္ပါယ်
ပြောင်းသွားသဖြင့်
စိုင်းဝင်းမြင့်
(၂၀၀၇-မတ်လ-မဟေသီ)

ဆန်နီနှစ်ယောက်

ခရမ်းက
ပဲခူးက လမ်း ၃၀ ထိပ်မှာ
ငါက ရန်ကုန်သစ်
အောင်ဇေယျ ၂ လမ်းထိပ်မှာ

ကမ္ဘာကြီးက
ရယ်ဒီမိတ်တွေနဲ့ ရေးကြီးသုတ်ပျာ
ငါက
အလှကုန်တွေနဲ့
စပ်ဖြီးဖြီး
ယိုစီးပြီး အကြောငုပ်နေတယ်

လူအဖြစ်
မြေကြီးပေါ် အမြစ်စွဲအောင်
ထူထောင်ရတဲ့စရိတ်က ကြမ်းတယ်
အရိပ်လို
လွယ်လွယ်လိုက်ဖမ်းလို့မရဘူး
ငါတိုစားကျက်ထဲ
ရောင်းရောင်းဝယ်ဝယ် ဘယ်ဝါသနာပါမလဲ
အဆင်ပြေသလို
ထင်းလည်း မခုတ်တတ်
ရွှေပေလွှာပေါ် စာရင်းလည်း မရှုတ်တတ်သူတွေ

ဒီနေ့
ကဗျာတစ်ပုဒ် ဒေါ်လာတစ်ရာပေးစမ်း
ငါနဲ့ခရမ်း
ချက်ချင်း
နင်းထားတဲ့လမ်း ဆွဲဆုတ်ပစ်မယ်

လောလောဆယ်ဆယ်
ငုတ်တုတ် ဖြန့်ခင်းထားတဲ့အတိုင်း
ခင်ဗျားလည်း ဆန်နီ
ကျွန်တော်လည်း ဈေးသည်
ခရမ်းရေ. . .
ရယ်ရယ်မောမော မိုးချုပ်ကြတာပေါ့။ ။

မင်းချမ်းမွန်
(၂၀၀၇-မတ်-မဟေသီ)

တီဘီကြည့်ခြင်း

ကျွန်တော့်အိမ်မှာ
တီဘီတစ်လုံးမှမရှိပါဘူး
ဒါပေမဲ့. . .
တစ်နှစ်နဲ့ ခြောက်လလုံးလုံး
ကျွန်တော်တို့မိသားစုအားလုံးထိုင်ကြည့်စရာ
အငယ်ဆုံးသမီးလေးမှာတော့
တီဘီတစ်လုံးရှိလေရဲ့
တီဘီအမျိုးအစားအမည်က
"အရိုးတီဘီ"တဲ့
အဲဒီ အရိုးတီဘီတစ်လုံးကို
အသည်းနှလုံးနဲ့နေ့စဉ်ထိုင်ကြည့်ရင်း
မြင်ကွင်းတွေကို အန်ချပစ်လိုက်တာ
မိဘမေတ္တာပဲပြန်အမ်းစရာကျန်တော့တယ်။ ။

နောင်ဝင်းထွန်း
(၂၀၀၇-မတ်-ရွှေသမင်)

မှော်သေတ္တာ

မိုးရေတစ်စက်က
ပင်လယ်နဲ့ သမုဒ္ဒရာကို သိမ်းထားတယ်။

သစ်စေ့ကလေးတစ်စေ့က
အမြဲစိမ်းတောကြီးကို သိမ်းထားတယ်။

ခြေတစ်လှမ်းက
ခရီးမိုင်ပေါင်းတစ်သန်းကို သိမ်းထားတယ်။

ပိတ်ထားတဲ့တံခါးတစ်ချပ်က
ပွင့်သွားမယ့် မိုးကောင်းကင်ကြီးကို သိမ်းထားတယ်။ ။

မိုဃ်းဇော်
(၂၀၀၇-ဖေဖော်ဝါရီ-ရတီ)

အချိန်မရသူတစ်ယောက်

"အချိန်မရဘူးတဲ့"
လမင်းနဲ့ကြယ်ပွင့်တွေကို မော့မကြည့်ဖြစ်ဘူး။
ကိုယ့်အနားမှာ ပန်းတွေပွင့်လာတာ မသိလိုက်ဘူး။
လေပြည်လေညင်းတိုက်ခတ်သွားတာ မခံစားနိုင်ဘူး။
ရုပ်ဖွဲ့စည်းပုံ သိမ်မွေ့သလောက်
စိတ်ဖွဲ့စည်းပုံ မသိမ်မွေ့နိုင်တော့ဘဲ
အချိန်မရဘူးဆိုတဲ့ စကားပဲပြောတော့တယ်။
ဘာအတွက် အချိန်မရတာပါလိမ့်
လူ့ဘ၀ဖြစ်တည်ပုံ ကြည့်မကောင်းဘဲ
နိဂုံးချုပ်ရ၊ ပြီးဆုံးရပြန်ဦးတော့မယ်။ ။

ထွန်းဝေမြင့်
(၂၀၀၇-ဖေဖော်ဝါရီ-ရတီ)

လှောင်အိမ်

စိတ်ကို ပန်းချီကားထဲ ထည့်ထားတာပါ။
စိတ်က လွမ်းနေတော့
အရောင်တွေလည်း လွမ်းတာပေါ့။
စိတ်က မှိုင်းနေတော့
အရောင်တွေလည်း မှိုင်းတာပေါ့။
စိတ်က ဆွေးနေတော့
အရောင်တွေလည်း ဆွေးတာပေါ့။
စိတ်က အုံ့နေတော့
အရောင်တွေလည်း အုံ့တာပေါ့။
စိတ်က နာနေတော့
အရောင်တွေလည်း နာတာပေါ့။
စိတ်က ငိုနေတော့
အရောင်တွေလည်း ငိုတာပေါ့။
စိတ်က လွင့်နေတော့
အရောင်တွေလည်း လွင့်တာပေါ့။
စိတ်ကို ပန်းချီကားထဲ ထည့်ထားခဲ့တာပါ။
ဒါပေမဲ့
စိတ်က ပန်းချီကားထဲက ထွက်ပြေးသွားတယ်လေ။
နောင်ဆိုရင်
အရောင်တွေကို
လှောင်ပိတ်ထားလို့ရမှာ မဟုတ်တော့ပါဘူး။ ။
(ပိပိသို့ . . .)
အောင်ဝေး
(၂၀၀၇-ဖေဖော်ဝါရီ-ရတီ)

စည်းအပြင်ကလူ

အခြေအနေက
လူကိုပလက်ဖောင်းပေါ်နေရာရွှေ့ထားတယ်
ဘာဖြစ်လဲ
ငရဲဆိုလည်း အရသာအသစ်
နိဗ္ဗာန်ဆိုလည်း
အတွေ့အကြုံအသစ်ပေါ့
ပန့်ခ်ရော့ခ်တေးကို လေချွန်လို့
နတ္ထိဝါဒီစာတန်းနဲ့ သွေးအေးမိတယ်။
လူ့ဘ၀ဆိုတာ
လေယာဉ်ပျံပေါ်ကကြည့်တော့ ကမ္ဘာမြေပြင်
ကမ္ဘာမြေပြင်ကကြည့်တော့နတ်ဘုံနတ်နန်း
ကိုယ့်အဓိပ္ပါယ်က
မူရင်းအတိုင်းပဲ။
တခြားလူတွေမြင်လား
လျှာဖျားလေးနဲ့ လျက်တာလောက်တော့
ရယ်တာပေါ့
လူပြိန်းဦးနှောက်နဲ့
ပြောတာလောက်တော့ ရယ်တာပေါ့
ပါဝါမျက်မှန်ချင်းမတူလို့
လောကအမြင်ချင်းမတူတာ
အနုပညာကို ပိုက်ဆံအိတ်ထဲကနှိုက်ယူလို့
မရသလို
ဉာဏ်ပညာဆိုတာ
ကျမ်းစာအုပ်တွေထဲက ထွက်လာတာမှ
မဟုတ်ဘဲကိုယ့်လူ။
ရယ်ဒီမိတ်အင်္ကျီဝတ်လို့
ဝံပုလွေနံထွက်နေတဲ့ အရေပြားတွေကြား
ကိုယ်ကဂျင်းန်ပင်အဟောင်းနဲ့ဆိုပေမယ့်
လူကြီးလူကောင်းစိတ်မွေးသူ
မင်းလည်းဒီလိုဘ၀င်မျိုးနဲ့ပဲမဟုတ်လား။
ဘယ်လိုတံဆိပ်နဲ့ဖြစ်ဖြစ်
ကိုယ့်သွေးသားက ကြွပ်ဆပ်တယ်
ကိုယ့်အရိုးကရင့်တယ်။
အခုလည်း
ပလက်ဖောင်းပေါ် ဆောင့်ကြောင့်ထိုင်လို့
လူလောကကို ရယ်သွေးသွမ်းနေပုံ
မိန်းမဆန်ဆန်
စကားလုံးတွေနဲ့ ပစ်ပေါက်ချင်စိတ် မဖြစ်မိ
ဘူးလား
"ဟား- -ဟား- -ဟား"

အောင်ရင်ငြိမ်း
(၂၀၀၇-မတ်လ-ရွှေသမင်)

တန်ဖိုးနည်းအလှကုန်တွေ အာမခံချက်လည်းနည်း

မောပန်းနေလို့တော့မဖြစ်ဘူး လမ်းကို
ကလိုင်ပေါက်ထဲအထိဖွင့်ထားရမယ်။ ဒါမှမဟုတ်
ရေငုပ်ဝတ်စုံဝတ်ထားရမယ်။ ကိုယ့်မစင်က
ကိုယ့်ကိုပြန်မေးခွန်း
ထုတ်နေတယ်/ဒါမှမဟုတ်လူမမြင်အောင်ဖုံးထားခဲ့ရ
မယ်။ဝင်လာပြီး အတွေးစကို ခါထုတ်လိုက်တယ်။
လွင့်စင်သွားတဲ့ရေတစ်စက်ချင်းစီထဲက
တိုးလျှိုးပေါက်ထွက်နေတဲ့ အနာဂတ်ကြည့်ဖန်လုံး(ထဲက)
နေ ဘယ်လိုရုန်းထွက်မလဲ။ဘယ်လိုယုံတတ်သလဲ။
လွတ်မြောက်မှုနောက်လိုက်သွားတော့ ဟောဒီ
မြေဆွဲအားကို လွတ်မြောက်(ကန်တတ်)သွားဖို့
လွတ်မြောက်အားလိုတယ်။
ငြီးငွေ့နေပြီမို့ စကားလုံးတစ်လုံးစာခုန်ကျော်
ဖြစ်နိုင်ဖွယ်စာလုံးပေါင်းတွေက လူတိုင်းကိုစာလုံးပြန်ပေါင်းလို့
ကျဉ်းထဲကျပ်ထဲ (ကျင်းထဲ) ရောက်မှသိရတယ်။
အားလုံးကမေးခွန်းပြန်ထုတ်နေတယ်။ ။
မောင်ဒေး
(၂၀၀၇-မတ်လ-ဟန်သစ်)

ကျွန်တော့်ကမ္ဘာ အမြန်ပြန်မလာပါနဲ့

ကျွန်တော့်ကမ္ဘာရဲ့ သွေးအမျိုးအစားကို ကျွန်တော်မသိသေး
အဲဒီတုန်းက ကျွန်တော်နဲ့ဆက်သွယ်ဖို့အညွှန်းတွေ
ကျွန်တော့်ကမ္ဘာမှာ မရှိသေး
ငှက်ပစ်ဖို့ထက် လေယာဉ်ပျံကိုမော့ကြည့်ဖို့
အဲဒီတုန်းက ကျွန်တော့်ကမ္ဘာက စိတ်ဝင်စား
လေယာဉ်ပျံလို ပျံဖို့တော့
ကျွန်တော့်ကမ္ဘာဟာ စိတ်မ၀င်စား
အကုန်အကျနည်း အလှည့်အပြောင်းနည်း အဲဒီတုန်းက
အမြင်ကျယ်မှုနည်း ရှေ့ရောက်မှုနည်း ကျွန်တော့်ကမ္ဘာဟာ
ရှိတဲ့တောင်ကုန်းတွေနဲ့ လမ်းတွေနဲ့ပဲ လည်ခဲ့တယ်။
အရှိန်လည်း ဒီလောက်မမြန်
လေထုလည်း ဒီလောက် မညစ်ညမ်း
ဒီလောက်လည်း မတိမ်းမစောင်းသေးတဲ့ ကျွန်တော့်ကမ္ဘာဟာ
နောက်ကျကျန်တဲ့အရပ်ဆီ
ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်။
`ကျွန်တော့်ကမ္ဘာ
အမြန်ပြန်မလာပါနဲ့´။ ။
လင်းလွင်
(၂၀၀၇-မတ်လ-ဟန်သစ်)

ဗီလိန်

ဗိုက်ပြည့်မှဘုရားသခင်ကိုမြင်နိုင်မယ်
လှဲထားတဲ့အသံကို သွားပြီးတက်နင်းလိုက်မိတယ်
ကျောက်ပတ်တီစီးထားတဲ့ပန်းသီးကို ဖြည်ချလိုက်တော့
အစားအစာဟာ စားပွဲပေါ် နှင်းစက်လိုကျလာတယ်
ပျော်ရွှင်မှုမှာ သွပ်နဲ့သံနဲ့
ရေနံချေးသုတ်ထားတဲ့နှစ်ထပ်အိမ်လေးနဲ့
တောင်ယာစိုက်ခင်းနဲ့ငှက်အော်သံနဲ့
အရေခွံသပ်ထားတဲ့စမ်းချောင်းနဲ့
စိတ်ကူးထားတဲ့အတိုင်း ၀ရန်တာကနေ လမင်းဆီစီးဆင်းနေတယ်
နေရောင်ခြည်ကလည်း တစ်လက်မမှ နောက်ကျမနေဘူးပေါ့
အိမ်ခေါင်ကယိုကျလာတဲ့ အလင်းရောင်ဟာ
ကြယ်တွေရဲ့ပူနွေးနေတဲ့ကိုယ်နံ့ပေါ့. ..။
အစာအိမ်ကို ပြန်ဖြည်ချလိုက်တော့
ပန်းသီးဟာ မြေကြီးပေါ် ကျောက်ခဲတွေလိုကျလာတယ်. ..။

ဝမ်းနည်းခြင်းမှာ
ပြတင်းပေါက်ဘောင်နဲ့
ပေါက်ပြဲနေတဲ့ `လ´နဲ့
ခြေသလုံးအိမ်တိုင်နဲ့
သွေးသွင်းထားတဲ့ညနဲ့. . .။
ဒီဇင်ဘာထဲ ကားတွေမီးထိုးပြီးဝင်လာကြတယ်
မြေပုံပါတဲ့ကွမ်းတစ်ယာနဲ့ သူ့ဆာလောင်မှုကို
တောက်ရွှေ့ထားလိုက်တယ်. ..။ ။
မောင်ဖီလာ
(၂၀၀၇-မတ်လ-ဟန်သစ်)

အကြောင်းအမျိုးမျိုးတွန့်ကြေ

စိတ်ကူးထဲကို
အကြောဆေးပုလင်းကြီးသွင်းရမယ်
မာနထဲက
အက်ဆစ်တစ်လီတာ စုတ်ထုတ်ပစ်ရမယ်
ပညာအရေအတွက်ကို ထင်နေတာ
ခလုတ်ဖွင့်ရင်
အဆောင်အယောင်ပစ္စည်းတွေထွက်ကျမယ့်စက်
အတွေးအခေါ်ကရော
ခလုတ်နှိပ်ရုံနဲ့အစာရေစာအန်ချပေးမယ့်စက်
ဒီမှာ
မဲ့ခွက်ခွက်မျက်နှာနဲ့
လက်ကြောတင်းချင် စိတ်နာကျင်မှုပဲ
အရှိန်ပိုတယ်
ဇောကပ်နေတာအနုပညာဟုတ်လား
ဘာလက်ဖြောင့်တပ်သားလဲ
ဘယ်ပလက်ဖောင်းက
ဘယ်သူ့မီးပွားကိုပစ်ချပေးနိုင်လို့လဲ
လွန်တဲ့ ၅ နှစ်တုန်းက ၀ိုးတ၀ါးမှုဟာ
နောက် ၅ နှစ်မှာ အမှိုက်သရိုက်များဖြစ်နေမလား
ကျွန်တော်
သစ်ပင်ပေါ်က ရှဥ့်လေးလို
တက်လိုက်ဆင်းလိုက်လုပ်မနေချင်ပေမဲ့
ကောင်းကင်ယံမှာ တံမြက်စီးပျံလေးနဲ့
လှလှပပ ၀ဲချင်တယ်
ဝယ်လိုအားလမ်းမပေါ်
လူလတ်တန်းစားလျှောက်လွှာတွေ ရေးဖြည့်တတ်လွန်းလို့
အိမ်ကလည်း အရူးလို့ထင်နေကြပြီ

ငါလေ
အကြောင်းအမျိုးမျိုးနဲ့တွန့်ကြေ
အလင်းရောင်ကိုအသည်းနှလုံးနဲ့ မကိုင်မိသမျှ
ရေတွေ နောက်နေရဦးမှာ။ ။
ခိုင်မြဲကျော်စွာ
(၂၀၀၇-မတ်လ-ဟန်သစ်)

ဒီကဗျာ ဒီမှာဆုံးပါတယ်

အမှတ်မထင်
ဝင်တိုက်မိတဲ့မထင်မှတ်မှုကနေ
နာမည်တစ်လုံးရလာတယ်။
ဘ၀တစ်လျှောက်လုံး
ခင်ဗျားတို့ချည်းပဲ
မီးနဲ့အဆေးခံနေရတယ်လို့ မထင်နဲ့။
ကျွန်တော့်မှာ အကြံပေးစရာမရှိဘူး။
လမ်းလယ်ကောင်မှာ ရပ်ရင်း
လမ်းခွဲခံရတဲ့စိတ်နဲ့ ၀ါယာတွေရှော့ခ်ဖြစ်လို့
ခင်ဗျားမလိုတာတွေ အကုန်လုံး
ကျွန်တော်ကိုယ်မှာ ပျားစွဲလို့
မတော်တဆမှုနဲ့ တရားဘယ်နှကြိမ်
နေ့ပေါင်း၊ ညပေါင်း၊ လူငယ်ဘ၀အပေါင်း (+) (-)
ခွေးများ၊ သွားများ၊ စိပ်များ
မနက်ဖြန်မှာ ကျွန်တော်လာလို့မရဘူး။
မေ့ဆေးနဲ့အပက်ခံရတယ်
အထူးသဖြင့် အခုလို ၂၁ ရာစု
အသက်ရှုဖို့မေ့နေတဲ့ ဒီကဗျာ။
ဒီမှာဆုံးရမယ်လို့
လျှောကျသွားတဲ့ နေလုံးကြီးကိုကြည့်ပြီး
ဒီကဗျာ ဒီမှာဆုံးလိုက်တယ်။ ။
ဟိန်းမြတ်ဇော်
(၂၀၀၇-မတ်လ-ရုပ်ရှင်တေးကဗျာ)

ဒီနေ့ကျေးလက်

နေပူဆာ ၀၀လှုံနိုင်တဲ့
ဟောဒီ ဂုဏ်သရေရှိကျေးလက်မှာ
ပင်အပ်ကမ္ဘာနဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့
ဆောင်းဥတုစစ်စစ်ကြီးရှိတယ်။
ငံရမှာကို လုံးလုံးမေ့ပစ်လေ့မရှိတဲ့
ချွေးစက်စစ်စစ်တွေရှိတယ်။
သစ်ပင် ချုံထိပ်ဖျားတွေမှာ
အပျံစားသီးနေတဲ့
စာဗူးတောင်း စစ်ကြီးတွေလည်း ရှိတယ်။
ကောက်ရိုးပန်းပန် ရွာစည်းရိုးဆီမှာ
ညနေရီ ချိုးကူသံစစ်စစ်ရှိတယ်
ဟောဟိုရွာဦး မူးကြီးရိုးလက်တံမြောင်းမှာတော့
ထနောင်းကိုင်းခြောက် စစ်စစ်တွေရှိနေလေပေါ့။
နောက်ပြီးတော့
ထောပတ်ပဲပြုတ် ငရုတ်သီး ငပိထောင်းစစ်စစ်နဲ့
မန်းကျည်းရွက်ချဉ်ရည်ဟင်းစစ်စစ်လည်းရှိရဲ့။ ။
မောင်စိမ်းသစ်
(၂၀၀၇-မတ်လ-ရုပ်ရှင်တေးကဗျာ)

ကဗျာနှင့် ပတ်သက်၍

ကဗျာစစ်ပွဲများ မဖြစ်စေရန်၊
ကဗျာလောကကြီး ငြိမ်းချမ်းစေရန်၊
ကဗျာကိုလိုနီစနစ် ဖြတ်သိမ်းပြီ ကဗျာများအားလုံးလွတ်လပ်ကာ
တန်းတူရည်တူ ရှိစေရန်၊ ကဗျာအချင်းချင်း အသားအရောင်၊
အမျိုးအစား၊ အဆင့်အတန်းခွဲခြားမှုများပပျောက်စေရန်
ကဗျာတစ်ပုဒ်နှင့်တစ်ပုဒ် အတွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်း။
ကျူးကျော်တိုက်ခိုက်ခြင်း မပြုဘဲအငြင်းပွားမှုရှိလျှင်
ကဗျာဝါဒ အားဖြင့် မဖြေရှင်းဘဲ ကဗျာဗေဒ အားဖြင့်
ဆွေးနွေးဖြေရှင်းရန်၊ ကဗျာတစ်ပုဒ်၏ အချုပ်အချာ
အာဏာ(ဤအချက်တွင် အနည်းငယ်အားနည်းချက် ရှိကြောင်းဝန်ခံပါသည်)
ကို ကျန်ကဗျာများအားလုံးက လေးစားရင်၊
ကဗျာပြည်တွင်းစစ်၊ ကဗျာဒေသစစ်၊ ကဗျာကျူးကျော်စစ်၊
စသည်ဖြစ်ပွားရာ ဒေသများသို့ ကဗျာ့ကုလသမဂ္ဂ
(ကြိုးစားတည်ဆောင် နေပါသည်)က ကဗျာစုံငြိမ်းချမ်းရေး
ထိန်းသိမ်းမှု အဖွဲ့များစေလွှတ်
ထိန်းသိမ်းရန်။
(၁၉၇၀ ပြည့်လွန်နှစ်များကလွတ်လပ်ရေး ရရှိလာသည့် ဖွံ့ဖြိုးကဗျာများ)မှ
အစဉ်တိုးတက်လျက် ရှိသောခေတ်ပေါ်ကဗျာ၏
လက်ငင်းအကျိုးရလာဒ်များကို ဘယ်လိုပမွှားကဗျာအမျိုးအစားကမှ
ဝင်ရောက်နှောင်ယှက် ဖြည့်စွက်ခြင်းပြုနိုင်/မပြုနိုင်။
ခေတ်ပေါ်ကဗျာ၏ မူလ၊ ခေတ်ပေါ်ကဗျာ၏ ဂုဏ်၊ အရည်အသွေးများကို
လက်ရှိဆက်ခံသော ခေတ်ပေါ်ကဗျာများမ
ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းရှိ/ မရှိ
ခေတ်ပေါ်ကဗျာသည် လူ့အဖွဲ့အစည်းကို ကိုယ်စားပြုရာတွင် အခြေခံ
ပေါက်ဖွားသည့်အတွက် ယခုအခါလက်ရှိကဗျာများသည်
လူ့အဖွဲ့အစည်းကို ဆက်လက်၍ကိုယ်စားပြုနိုင်/မပြုနိုင်
ခေတ်ပေါ်ကဗျာများတွင် ပညာတတ်များမည်သည့်အတိုင်းအတာအထိ ပါဝင်လာနိုင်ခွင့် ရှိမရှိ
ယခုအခါ ခေတ်ပေါ်ကဗျာဟု အမည်တပ်ပြီး
ဆုရွေးချယ်ရေးအဖွဲ့များမှ ရွေးချယ်နေသော
ကဗျာများအား ခေတ်ပေါ်ကဗျာဟု
သတ်မှတ်နိုင် မသတ်မှတ်နိုင်
(အထက်ပါအချက်များအတွက် သက်ဆိုင်ရာကဗျာအဖွဲ့အစည်းများမှ မူဝါဒ
ကြော်ငြာချက်များ ထုတ်ပြန်လာလျှင် အချိန်နှင့်တပြေးညီ
ဖြည့်စွက်ဖော်ပြသွားပါမည်။)
ကိုးကား။ ။ကဗျာကြေးမုံ အတွဲ(၂) အမှတ်(၃၀)
မိုးဝေး
၂၅-၉-၂၀၀၆(၂၀၀၇-မတ်လ-ရုပ်ရှင်တေးကဗျာ)

အထက်ကနေ ကမ္ဘာမြေကိုသွားဖြဲ၍

မကျေနပ်ရင် ဘဂ္ဂဒက်သွားနေ
အချိန်ပြည့်ရင်ခုန်နေရတော့
နှလုံးသားအညောင်းမမိဘူးပေါ့
လာ အာမချောင်နဲ့ မသာရဲ့
ယုတ္တိထက်တိကျတဲ့ ယာဉ်တိုက်မှုနဲ့
`မတော်တဆ´တွေ့သွားမယ်
(ဘယ်လိုလဲကွယ် ဒီလိုဝါကျမျိုးတွေ ဘာအတွက် အကျိုးရှိသတုံး
ဖွဲထုံးနဲ့ တနည်းမဟုတ်တနည်း စေ့စပ်ကြောင်းလမ်းသင့်မသင့်)
မွဲပြာပုဆိုးဟာ သူ့ဝမ်းတီးတူးကော် မဟုတ်ဘူးပြောတယ်
လက်ဆုပ်လက်ကိုင်လိုချင်တာ
ခေါင်းစဉ်ကများ ပေးမလားကတိ
ဟုတ်မဟုတ် သူလက်ကိုင်ဆုပ်ထားတယ်ထင်ရတဲ့
ကျွန်တော့်လက်ဟာ သူ့လည်မျိုမှာ
(ဘာသာပြန်ရင် သင့်လည်မျိုပေါ့)
ဖြစ်နိုင်တယ် ဖြစ်ခဲ့တယ်
အလကားပြောတာ ဖြစ်နေပြီ
အပြင်လူအနေနဲ့ ခင်ဗျား ဟောဒီကျွန်တော့်အတွင်းထဲ
ခင်ဗျားရဲ့ လက်တုတစ်ဖက် သံချိတ်ကောက်နဲ့ထိုးဆွနေတာ
ကြိုက်ရဲ့လားဟင်. . .ဟင်. . . ကြိုက်လားဟင်. . .
မေးခွန်းထဲက ကဗျာအသားဟာ
ပိုနှုးညံ့တယ်ဆိုတာ ဆူးညှောင့်တစ်ခုပေါ့
အဲဒီမှာ ဘာမှအပြည့်အ၀မရှိဘူးဆိုတာ
လမ်းကူးရင်း၊ အလေးသွားရင်း၊သံဝေဂလျှော့ရရင်း
ဝက်သားတုတ်ထိုးခြင်းရဲ့ ပွက်ပွက်ဆူ ကိုယ့်လူအရည်ထဲမှာ
ဘယ်ဘ၀တစ်လှီးစာ ခင်ဗျားတုတ်မှာထိုးထားလဲ
နှစ်လိုက်မယ် ငရုတ်ဆီထဲမှာလည်း
သဲကန္တာရကို တစ်ဟုန်ထိုးဖြတ်နေတဲ့
အစမ်းသပ်ခံတင့်ကားတွေ၊ စမ်းသပ်ဖို့ဓာတုတွေ
စမ်းသပ်စရာမဟုတ်တော့တဲ့ ကြက်တုပ်ကွေးတွေ
ဆက်လက်၍ သက်သက်သာ
ဆက်လက်၍ သက်သက်အပြင်
ဆက်လက်၍ သဒ္ဒါစည်းကမ်းထဲက
ပြည်တည်နာကြီး ဆက်တလိုက်က
မြင်ရသတဲ့ မကြောက်ပါနဲ့. . .
ကိုယ်တိုင်ဟာ ရောင်ကိုင်းလို့နေပြီ နေခြည်
ကိုယ့်ကိုယ်ကိုယ်ချိန်တွယ်ကြည့်တိုင်း မပြည့်သေးတဲ့တစ်စိတ်နဲ့
ဘယ်လိုကိုယ်တို့ တစ်ဝမ်းကျမလဲဟင် ကတည်းမှပဲ
ဒက်ဒက်ဒက်မှာပေါ့ကွာ ဘဂ္ဂဒက်ဆိုမှနေမှတော့
ဟိုနာမည်လှလှလေးလည်း ရှိသေးတယ် သိလား
ဟို. . .ဖာလူဒါ. . .အဲလေ. . .ဟုတ်ပေါင်. . .ဖာလူဂျာ။ ။
ဇေယျာလင်း
(၂၀၀၇-မတ်လ-ရုပ်ရှင်တေးကဗျာ)

ငါ့ ပညတ်ချက်

အရပ်လေးမျက်နှာတဲ့လား
ဒါ ပညတ်ချက်ထင်ပါရဲ့ . . .
ငါ မျက်နှာမူရာ အရပ်ဟာ
မင်းရှိတဲ့အရပ်ပါ။
ငါ. . .ကျောခိုင်းထားရာဟာ
မင်းရှိတဲ့ အရပ်ပါ။
ငါ. . .ဘယ်နေရာက ခရီးနှင်ခဲ့လဲ
မမေးပါနဲ့ ။
ငါ. . .ဘယ်နေရာမှာလဲ
မသိချင်နဲ့ ။
ငါ. . .မင်းကို ကျောခိုင်းစေဦးတော့
ငါ့ မျက်နှာမူရာဟာ
``မင်းမျက်နှာ´´ပါ။

မိုးကျတော့မယ်တဲ့လား။
မိုးရာသီ ရောက်ပြီဆိုကြရဲ့ . . .
ငါ. . . နွေ၊ မိုး၊ ဆောင်း မသိခဲ့တာ
ကြာမှ ကြာပေါ့။
ငါ့အတွက်တော့
မင်းအပြုံးဟာ
အစဉ်မြဲ. . . နွေနံနက်ခင်းပါပဲ။
သိုမဟုတ်. . .ဆောင်းနေခြည်လေးပါပဲ။
မင်း ငိုကြွေးခြင်းဟာ
ငါ့ရဲ့ မိုးရာသီ
ဒါနဲ့
ငါ့ရင်ထဲ ``မင်းရာသီ´´တွေ
အထပ်ထပ်ဖြတ်ကျော်

အံ့သြမိပါရဲ့
မင်း . . .တန်ခိုးရှင်များလား။
``မင်းမျက်နှာ´´ရှိရာအရပ် ကို ခရီးနှင်နေသူ
``မင်းရာသီ´´တွေထဲ လမ်းမှားနေသူ
ငါ့ကို . . .
``မင်းစိတ်´´များနဲ့
ရွက်လွင့်စေခဲ့လေသလား။
နောက်ဆုံးတော့. . .
ငါကိုယ်တိုင်ဟာလည်း
``မင်း ကိုယ်ပွား´´ ဖြစ်နေပါပြီလေ. . .။ ။

ပန်းသလားခင်

တွေးလိုက်ပါတဲ့မောင်ကြီးရယ်
ရေးလိုက်ပါတဲ့မောင်ကြီးရယ်
ခေါက်ထီးလေးဝယ်ဖို့။

မီးဖိုချောင် မပြောင်သေးလို့
ကလောင်ချွေးစို့. . .။

တစ်တိုက်တက် တစ်တိုက်ဆင်း
မဂ္ဂဇင်းတဲ့ မောင်ကြီးဝင်
ခြေကျင်နဲ့ ကုန်းကြောင်း။

အယ်ဒီတာဟိုလူကြီးရယ်
ဆီးကြိုလို့ မောင်းသတဲ့တော်. . .။

တိုက်ပေါ်က မောင်ကျလို့
အပ ရယ်မှီ။
ထွီစရာတောအရက်နဲ့
မက်သနောသောက် ပျောက်. . .။

ဆေးပြင်းလိပ်တိုကိုခဲ
စားပွဲမှာတဲ့ တင်ပျဉ်ခွေ။

စာရွက်တွေ တဆုတ်ဆုတ်နဲ့
အိမ်ရှုပ်တယ်တော့်. . .။

ဆန်ကွဲကိုပြာ
ဆန်ညှာကပေါက်သောက်။

တော့်ကဗျာစာမူခရယ်
အူရှလို့ပေါက်. . .။

ပဲဟင်းမှာဆားပေါ့လို့
အားလျော့ပြီကွယ်။

သည်အရွယ်
သည်မယ်မှာ ကဗျာသမားနဲ့
မှားလို့မှ ညားသလေ့တော်. . .။ ။
မောင်ခိုင်မာ
(စွယ်တော်မဂ္ဂဇင်း-၁၉၈၉-ဖေဖော်ဝါရီလ)

ဧရာမ လူ့ဘီလူးကြီး

The Colossus

အဖေ့ကို တစ်ခုလုံး ပြန်ဆက်ဖို့
သမီး ဘယ်တော့မှရမယ် မထင်ဘူး
တစ်စစီကော်ကပ်၊ တစ်ခုစီချိတ်ဆက်လို့။
မြည်းအော်သံ၊ ၀က်မြည်သံနဲ့
ညစ်ညမ်းတဲ့ ကြက်မ ကတော်သံတွေ
အဖေ့ ဧရာမနှုတ်ခမ်းတွေထဲက ထွက်လာတယ်။
ကောက်ပဲသီးနှံ သိုလှောင်ရုံတစ်ဝိုက်
ရောက်နေရသလိုပဲ။

အဖေ့ကိုအဖေ နတ်ကွန်းလို့
ယူဆတယ် ထင်တယ်၊
လူသေတို့ရဲ့ ပါးစပ်ပေါက်၊
နတ်ဘုရားတစ်ပါးပါးရဲ့ ဆက်သွယ်မှု။
နှစ်သုံးဆယ် ကြာပြီ သမီး ကြိုးစားခဲ့တာ
အဖေ့လည်ချောင်းထဲက နုန်းတွေကို
သောင်တူးသလို တူးပြီး ဖယ်ရှားဖို့။
ဒါပေမယ့် သမီး မလုပ်တတ်တော့ဘူး။
လှေကားကလေးတွေထောင်
ကော်ပုံးတွေ၊ Lysol ပုံးတွေသယ်ပြီး
တွယ်တက်လို့
အဖေ့မျက်ခုံးရဲ့ ပေါင်းပင် ထူထပ်တဲ့ မြေဧကပေါ်
ပူဆွေးသောက ရောက်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်လို
တွားသွားလို့
ကြီးမားတဲ့ ဦးခွံရိုးအချပ်တွေကို ပြုပြင်ဖို့
အဖေ့ မျက်လုံးတွေရဲ့
ပြောင်သလင်းခါနေတဲ့
သုသာန်ကမူတွေ ရှင်းလင်းဖို့။
သမီးတို့ကို မိုးနေတာက သြရက်စတီးယာ
ကြေကွဲပြဇာတ်ထဲက ကောင်းကင်ပြာပဲ။
အဖေရယ်၊ အဖေဟာ လုံးလုံးကို တစ်ယောက်တည်း
အဖေဟာ တိကျတဲ့ အဓိပ္ပါယ်တွေ ပြည့်ဝလို့
ရောမခေတ်လူထု ရင်ပြင်လို သမိုင်းဖြစ်လို့။
ဆိုက်ပရက်(စ်) ကျောက်ပန်းပင်နက်တွေ ပေါက်တဲ့
တောင်ကုန်းလေးတစ်ခုပေါ်မှာ
သမီး နေ့လယ်စာ ထိုင်စားတယ်။
ဒေါင်လိုက် မြောင်းတွေ ထွင်းထားတဲ့
အဖေရဲ့ အရိုးတိုင်လုံးတွေနဲ့
ဂရိခေတ်ရဲ့ ပန်းပုလက်ရာတွေမှာ တွေ့ရတဲ့
သစ်ရွက်ပုံစံ ဆံပင်တွေမှာ

ရှေးဟောင်းမင်းမဲ့စရိုက်
အမှိုက်တွေပုံလို့
ဟိုး မိုးကုတ်စက်ဝိုင်းတန်းအထိ။
မိုးကြိုးသွားထက် အားပိုလိမ့်မယ်
ဒီလောက်အထိ ယိုယငွ်းပျက်စီးသွားရအောင်။
ညတွေ မှာ အဖေ့ ဘယ်ဘက်နားရွက်ရဲ့
ဣစ္ဆာသယထဲ သမီး ဆောင့်ကြောင့်ထိုင်လို့၊
လေနဲ့ လွတ်ရာမှာပေါ့၊

အနီရောင်ကြယ်တွေ၊ မက်မန်းရောင်ကြယ်တွေ
ရေတွက်လို့။ အဖေ့လျှာရဲ့ ကျောက်ဆစ်တိုင်လုံး
အောက်ကနေ နေထွက်လာတယ်။
သမီးရဲ့ အချိန်နာရီတွေဟာ အရိပ်နဲ့ ထိမ်းမြားလို့။
ဆိပ်ကမ်းရဲ့ ကျောက်တုံးတွေပေါ်
လှေဧရာရဲ့ ပွတ်ခြစ်သံကို
သမီး နားမစွင့်တော့တာ ကြာပါပြီ။
၁၉၆၀
(SYLVIA PLATH-ဆစ်လ်ဗီယာ ပလာ့သ် ကဗျာများအား ဇေယျာလင်းဘာသာပြန်သည်။)

နေရောင်ခြည်၏ အရိုးစု

ငါ့ဟင်းလင်းပြင်ထဲ
မောဟတွေ ဒုန်းစိုင်းဝင်လာပြီ။

ပြီးခဲ့တဲ့သီချင်းများအတွက်
တစ်ယောက်မျက်လုံးကို တစ်ယောက် ချောင်းကြည့်ကာ
အံ့သြမိရဲ့။
လက်ဖ၀ါးပေါ်က အရေးအကြောင်းများကို
ယုံကြည်ရင်ခုန်ဖို့
မသေချာမှုတွေထင်ရှားဖို့
စာရိတ္တအဟောင်းကို လဲလှယ်ပစ်ဖို့
ကိုယ့်ကိုယ်ကို တာဝန်သိခဲ့၊
မမြင်နိုင်တဲ့ အမှားအယွင်းများကြောင့်
ရခဲ့ဖူးတဲ့ နောင်တတွေကို
တမင် မေ့လျော့ပစ်ခဲ့၊
လူ့အဖြစ်ရဲ့ ဟာသတချို့မှာ
လွှတ်ခနဲ အသိဉာဏ်တွေရှိတယ်။

စနစ်တကျ. . .ဟုတ်လား
ငါတို့ရဲ့ ဆင်ခြေဟာ
စည်းကမ်းမဲ့ခဲ့ပြီ။

ဟိုးရှေ့ဆီက စိမ်းစိုမှုအရောင်များ
ပညာရှိတစ်ယောက်ရဲ့ စာမျက်နှာ
သင်တို့လည်း ဒုက္ခနဲ့ပျော်ရွှင်ဖူးမယ်။

ဟေ့. . .သူစိမ်း
ဒီအရပ်မှာ
အလင်းရောင်များလှချည့်လား။ ။
ဝေမှူးသွင်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာကဗျာစာအုပ်မှ)

မကျွတ်မလွတ်တဲ့စွန်

မကျွတ်မလွတ်တဲ့ စွန်
အခု လေပေါ်မှာ ဘာလုပ်နေတယ် ထင်သလဲ။

မကျွတ်မလွတ်တဲ့ စွန်
အခု မြင်ကွင်းမှာ ကြိုးနဲ့ ချိတ်နေတယ်။

မကျွတ်မလွတ်တဲ့ စွန်
အခုကြိုးတစ်ချောင်းနဲ့
ဘာတွေရှုပ်နေသလဲ။

မကျွတ်မလွတ်တဲ့ စွန်
ငါ မသိဘူး
မင်း မသိဘူး
အဖြေ မရှိဘူး။ ။
ဝင်းမြင့်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

မွန်

စိုးရိမ်ပူပန်မှုတွေများပြီး
သောကပွားတတ်ရင် မကောင်း။
အကျိုးမရှိ
အဆွေးနိဂုံး၊ အပြုံးနိဒါန်း
ပန်း၏ပမာ၊ လန်းပါစေကြောင်း
ဆုတောင်းဆုမွန်၊ စိတ်ထားမွန်ဖို့
မွန်မြတ်တရား၊ ရင်မှာထားစို့။
ငါးပါးအနန္တ၊ ပဉ္စဂုဏံ
ဦးထိပ်ပန်လျက်
နိုင်ငံနှင့်လူသား၊ အကျိုးများအောင်
စိတ်ထားမွန်စေ၊ ထမ်းဆောင်လေအံ့။

သောက မောဟ၊ တောနှယ်ထ၍
ဘ၀မမြိန်၊ ခန္ဓာအိမ်ဟု
တိမ်တိမ်တွေးဆ၊ မဖြစ်ရ။
ဘ၀တန်ဖိုး၊ ဆထက်တိုးအောင်
တန်းခိုးကျက်သရေ၊ ပွားများစေအံ့။
လူမြေလောက၊ လှထက်လှအောင်
စွမ်းစထုတ်ကာ၊ ဖန်းတီးပါစို့။
နာရီမိနစ်၊ အကျိုးဖြစ်အောင်
အားသစ်အင်သစ်၊ အသိသစ်နှင့်
တို့ခေတ် ထွန်းသစ်သာစေဖို့။
ကိုယ်ကျိုးမရှု၊ မြင့်မြတ်မှုကား
ယခုလည်းကောင်း၊ နောင်လည်းကောင်း၏။
စိတ်ကောင်းမွေးကြစေသတည်း။ ။
၂၆-၁၂-၉၀
နံနက်ခင်း
တင်မိုး
(ကန္တရနှစ်များ ကဗျာစာအုပ်မှ)

ပန်းချီကား

ပန်းချီကားအား ခံစားကြည့်ခြင်း

ပန်းချီကား

ကင်းဘတ်စအပေါ် ဆေးအစက်စက်တို့
စွန်းထင်း
အရောင်ဆိုးခြင်း မည်သတဲ့လား?
အနုပညာမှော်အောင်ခြင်း အတွက်
ငါ့ဝိညာဉ်အား စတေးခြင်း တစ်ရပ်
ဖြစ်တယ်။

သည်ပန်းချီကားမှာ
အနီရောင် အတွက်
ငါ့သွေးတို့ ရောစပ်ခဲ့တယ်
သည်ပန်းချီကားမှာ
အချစ်သင်္ကေတအဖြစ်
ဓားတစ်လက် ထည့်သွင်းခဲ့တယ်။
သည်ပန်းချီကားမှာ
မျက်ရည်များ အတွက်
ငါ့ နေ့ ည တွေ
ခင်းကျင်းခဲ့တယ်။
သည်ပန်းချီကားမှာ
ပန်းပွင့်များ အတွက်
ငါ့ရင်ဘတ် ဟင်းလင်း
ဖွင့်ထားခဲ့တယ်။
သည်ပန်းချီကားမှာ
ဆာလောင်ခြင်း အတွက်
ငါ့ဘ၀ကို ထိုးစိုက်ခဲ့တယ်။

လေရှုးသုန်သုန် တိုက်စေတော့
လေထန်ကုန်းလည်း ရောက်ခဲ့ပြန်တယ်။
သည်ပန်းချီကားထဲ. . .
ဟိကလစ်က ကတ်သရင်းကို
အ၀ါရောင် ပန်းတစ်ပွင့်ပေးလို့
ရိုမီယိုက ဂျူးလိယက်ကို
သူစိမ်းဆန်ဆန်
ဆက်ဆံလို့ပေါ့ ။

ဘ၀ဆိုတာ တိုတိုလေးပါတဲ့။
သည်ပန်းချီကားက
ဘ၀ကို ဘ၀နဲ့
လက်ဆင့်ကမ်းလို့
မျက်ရည်ကို မျက်ရည်နဲ့
တုန့်ပြန်ပြလို့
ရသမြောက်မှုတစ်ခုမှာ
အသည်းနှလုံးတို့ ပျက်သုဉ်းကြွေကျ
ဉာဏ်ပညာတို့ အကွပ်မဲ့ခဲ့ကြတယ်။

သရုပ်မှန်ဝတ္ထုတစ်ပုဒ်လို
သည်ပန်းချီကားဟာ
အိပ်မက်တစ်ခုရဲ့ သတ်သေခြင်း
ကြိုးတစ်ချောင်းရဲ့ နိဂုံး
မိုက်မဲခြင်းရဲ့ သန်းခေါင်ယံ
စည်းအပြင်က လူတစ်ယောက်
လွင်တီးခေါင်က တယောသံ
အဆုံးသတ်တိုင်းရဲ့ အဆုံးသတ်
အနုပညာ မှော်အောင်ခြင်းတစ်ရပ်
ဖြစ်တယ်။
ငါ၏ ပုံတူကားချပ်လည်း
ဖြစ်စေတယ်။
မှတ်ချက် နှင့် လက်မှတ်မှာ
လေးလေးနက်နက် သေသေသပ်သပ်
ရေးထိုးခဲ့ပါတယ်။ ။

ကိုယ့်ပန်းချီကား

ကိုယ့်ပန်းချီကား

ကင်းဘတ် အဖြူစတစ်ခုပါ။

အရောင် စွန်းစေချင်လို့
အရောင်ဆိုးတာ မဟုတ်ပါ
ပန်းချီကားတစ်ခု ဖြစ်စေချင်လို့။

ကိုယ် စိတ် နှလုံး အကုန်လုံး
နေ့နေ့ ည ည ပေးခဲ့ခြင်း မဟုတ်ပါ
ပန်းချီတစ်ချပ် အသက်ဝင်စေချင်မိလို့။

ကိုယ့်နှလုံးသွေးကို . . .
နှုတ်ခမ်း နီတျာတျာ အတွက်
သုံးခဲ့သည်။
ကိုယ့်ဆံနွယ်များကို
မျက်ဆံတစ်စုံအတွက်
သုံးခဲ့သည်။
ကိုယ့် အသိဉာဏ်ကို နိမိတ်ပုံများအတွက်
သုံးခဲ့သည်။

ကိုယ့် စိတ်ဝိညာဉ်တွေလေ. . .
ကိုယ့်အတ္တကို အရောင်ဖော်ပေးမယ့်
ပန်းချီကားအတွက်
အရက်ရောဆုံး သုံးပစ်လိုက်မိပြီ။

မေတ္တာမဟုတ်ပါ။

သံယောဇဉ် မဟုတ်ပါ။

စစ်ပွဲများ၏ အလံဖြူမဟုတ်ပါ။

မင်း. . .
ကိုယ့်ရဲ့ ပန်းချီကားလေး လုပ်မလား?

ကိုယ့်အတ္တကလွဲရင် . . .
ဘာမှ အဓိပ္ပါယ် မသက်ရောက်တဲ့ ပန်းချီကားပေါ့
ဟင် . . .လုပ်မလား? ။ ။

ဧည့်စာရင်းစစ်ဆေးခြင်း

လူဘ၀ဆိုတဲ့
ဗဟိုချက်မကျတဲ့
တည်းခိုခဈေးကြီးတဲ့
ဧရာမဟိုတယ်ကြီးထဲမျာ
ခရီးလှည့်လည်ခဲ့သူ
ဧည့်သည်သစ်တွေဟာ
ဝတ်လစ်စလစ်နဲ့ ရောက်လာကြတယ်။

တချို့ကြတော့
တည်းခိုခအတွက်
လက်သိပ်ထိုပြီး
တိုးတိုးတိတ်တိတ်
ကျိတ်ကျိတ်ဝှက်ဝှက်
အရှက်တရားကို ရောင်းကြ
နှလုံးသားကို ရောင်းကြ
ဦးခေါင်းကို ရောင်းကြ
ဘ၀ကိုရောင်းကြ
တိုတောင်းတဲ့ ခဏတာမှာ
လှပတဲ့ ၀တ်စုံသစ်တွေနဲ့
ယစ်ရွှေရည်တွေကို ၀ယ်ကြပေါ့။

တချို့ ကြတော့
မာနနဲ့ သိက္ခာကို
အဟာရနဲ့ ရိက္ခာနဲ့ မလဲ
ပသာဒ၀တ်ရုံနဲ့ မလဲ
ဆင်းဆင်းရဲရဲနဲ့
တင်းတင်းမြဲမြဲ နေသွားခဲ့. . . ။

အို. . . .တည်းခိုသူများ ခင်ဗျာ
ဟိုတယ်မန်နေဂျာရဲ့
ဧည့်မှတ်တမ်း စာအုပ်စင်မှာ
(မိမိအပါအ၀င်. . . )
ကိုယ့် ကိုယ်ရေးရာဇ၀င်ကို
ဘယ်သူ မြင်ခဲ့ပါသလဲ
ဘယ်သူ ဖတ်ရှုခဲ့ပါသလဲ။ ။
မောင်ခိုင်မာ
(မြတ်လေး မဂ္ဂဇင်း၊ ၁၉၈၈၊မေလ)
(ငွေလမင်းကို နမ်းတဲ့ည ကဗျာစာအုပ်မှ)

သွေးရူးသွေးတမ်း

Maenad(from poem for a birthday)

တစ်ချိန်တုန်းက ကျွန်မဟာ သာမန်ပဲ
ကျွန်မအဖေရဲ့ ပဲတောင့်ပင်ဘေးမှာထိုင်
ဉာဏ်ပညာ အမြော်အမြင် လက်ချောင်းတွေ စားသုံးတယ်။
ငှက်တွေဟာ နို့ရည်ပြုလုပ်တယ်။
မိုးခြိမ်းတဲ့အခါ
ပြားချပ်ချပ်ကျောက်တုံးတစ်တုံးအောက်မှာ ၀င်ပုန်းတယ်။

ပါးစပ်တွေရဲ့ မိခင်က ကျွန်မကို မကြိုက်ဘူး။
အဘိုးကြီးဟာ အရုပ်ကလေးတစ်ရုပ်အရွယ်
သေးကျုံ့သွားခဲ့တယ်။
ကျွန်မ နောက်ပြန်သွားလို့ မရတော့အောင် ကြီးထွားလွန်းခဲ့ပြီ။
အခုတော့သိပြီ
ငှက်နို့ရည်ဟာ ငှက်မွေးတွေပဲ
ပဲတောင့်ပင်၇ွက်ဟာ လက်တွေလိုထုံအ။
ဒီလထဲမှာ အသုံးဝင်တာ မရှိသလောက်ပဲ။
စပျစ်ရွက်တွေထဲမှာ လူသေတွေ မှည့်လာကြတယ်။
ကျွန်မတို့ကြားမှာ အနီရောင် လျှာတစ်ချောင်းရောက်နေပေါ့။
အမေ၊
ကျွန်မရဲ့ ကောက်ပဲသီးနှံ သိုလှောင်ရုံအနားတောင် မကပ်ပါနဲ့။
ကျွန်မဟာ အခြားတစ်ယောက် ဖြစ်လာနေပြီ။
ခွေးခေါင်းငဲ့၊ ကိုက်ဖဲ့စားသောက်ပစ်သူငဲ့၊
ကျွန်မကို အမှောင်ရဲ့ ဘယ်ရီသီးတွေ ကျွေးလော့။
အဖုံးအခွံတွေဟာ မပိတ်ကြဘူး။ အချိန်ကာလာဟာ
နေလုံးကြီးရဲ့ ဧရာမချက်ထဲက
သူ့ရဲ့ မဆုံးနိုင်တဲ့ ပြိုးပြိုးပြက်ပြက်တွေ ဖြည်ချတယ်။

အားလုံးကို ကျွန်မ
မျိုချပစ်ရမယ်။

အို. . .ဂုဏ်သရေရှိ အမျိုးကောင်းသမီးငဲ့
လရဲ့စည်ပိုင်းထဲက အဲဒီသူစိမ်းတွေဟာ ဘယ်သူတွေလဲ
အိပ်မောကျ မူးနေလိုက်ကြတာ
ခြေတံလက်တံတွေ နေရာတွေ လွဲနေလိုက်ကြတာ။
ဒီအလင်းရောင်ထဲမှာ သွေးဟာ မည်းနက်။
ကျွန်မဘယ်သူလဲ
ကျွန်မနာမည်ကို ပြောပါရှင့်။
၎၊နိုဝင်ဘာ၊ ၁၉၉၅
(SYLVIA PLATH-ဆစ်လ်ဗီယာ ပလာ့သ် ကဗျာများအား ဇေယျာလင်းဘာသာပြန်သည်။)

You received this email because you are subscribed to the real_time feed for http://literaturisms.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.