Monday, January 19, 2009

[တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်ပါတယ်..] 2 New Entries: ခွင့်မလွှတ်ပါနဲ့ ကိုအိုင်လွယ်ပန် (ဖ၀ါးနဲ့ဖတ်ပါ)

ခွင့်မလွှတ်ပါနဲ့ ကိုအိုင်လွယ်ပန် (ဖ၀ါးနဲ့ဖတ်ပါ)

ကျွန်တော် ကဗျာတွေစုတုန်းက နောက်ဆုံး ရတဲ့ ၂ပုဒ်က ခန့်နေ နဲ့ BlackDream ပါ ။ အဲဒီကဗျာတွေထက် အရင် ရောက် လာခဲ့ပြီးမှ ၊ ကျွန်တော့်ရဲ့ ပေါ့ဆမှု ( အလွန်အင်မတန်ညံ့ဖျင်းမှု) ကြောင့် ကဗျာတစ်ပုဒ် ကျန်ခဲ့ ပါတယ်ကျွန်တော်တစ်ယောက်တည်း ကြောင့်ခုလိုဖြစ်ရတာပါဗျာ ။ မ၀ါဝါခိုင်မင်း က ကဗျာတွေ သူ့ဘလော့ဂ်မှာ တင်ချင်လို့လှမ်းတောင်းကာမှ သိလိုက်ရတာပါ ( ကျွန်တော့်စိတ်ထဲမှာ ပါတယ်လို့ပဲထင်ခဲ့တာပါ ) ။ ကိုသင်ကာ ၊ ကိုဟန်သစ်ငြိမ် နဲ့ ဖွဲ့တည်ရာဆီ ပို့တဲ့ Mail တွေထဲ ပြန်ကြည့်မှ ကျွန်တော် အကြီးအကျယ်မှား သွားမှန်း သိလိုက်ရပါတယ် ။

ဘလော့ဂ်မှာ တင်ပြီးသားကို (အချိန်ပိုင်းအတွင်း) ချက်ချင်းဖြုတ်ပြီး ပို့ပေးတဲ့ ကိုအိုင်လွယ်ပန် ရေ ၊ ကျွန်တော့်ကို လုံးဝ ခွင့်မလွှတ်ပါနဲ့ဗျာ ။ ကျွန်တော် အရမ်းလေးစားတဲ့ ကဗျာသမားတွေ ထဲက တစ်ယောက်ရဲ့ ကဗျာကို စော်ကားမိတဲ့ အတွက် ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ဗျာ ။ ကိုအိုင်လွယ်ပန် ရဲ မေမေကိုပါ တောင်းပန်ပါတယ်ဗျာ ။ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ ။ ကိုအိုင်လွယ်ပန် ရဲ့ ထိချက်တွေပြင်းတဲ့ ၊ အားကောင်းမောင်းသန် ၊ မှော်သားပြည့် ကဗျာ ကို ကျွန်တော့်ကို ခွင့်မလွှတ်ကြပဲ ဖတ်ပေးကြပါဦး ၊ ခံစားပေးကြပါဦးဗျာ ။ ဒီစာကို ကိုအိုင်လွယ်ပန် လည်းဖ၀ါးနဲ့ သာဖတ်ပါတော့ဗျာ ။ (အဆင်ပြေရင် လူကိုယ်တိုင်လာပြီး တောင်းပန်ချင်ပါတယ်ဗျာ )


"ဖဝါးနဲ့ဖတ်ပါ မေ…မေ "



ဘယ်သူမှ မစိုက်သွင်းခဲ့ပါဘူး

အလိုလိုကို နစ်ဝင်တာ

ကံကြမ္မာ ဓါးရိုးတန်းလန်းက

ရေခံမြေခံလိုက်ပြီး

တအိအိဝင်နေ

အများကြီးမပေးခဲ့ဘူးတော့

အများကြီးလည်းပြန်မလိုချင်ရဲပါဘူး မေမေ

ကိုယ်လှမ်းခဲ့မှတော့ကိုယ့်ခရီးပေါ့……………….



အိမ်ဆိုတာကို

စာလုံးမပေါင်းခဲ့တဲ့ကောင်ကြိုက်တတ်တဲ့

ကော်ဖီတစ်ခွက်ဟာ

မေမေ့စားပွဲပေါ်မှာအမြဲတမ်းအေးစက်

ကော်ဖီဖျော်တဲ့လက်တစ်စုံကတော့

အဲဒီ ကောင်အတွက်

အမြဲတမ်းနွေးထွေးနူးညံ့နေခဲ့

မေတ္တာတဲ့လားမေမေရယ်

ကြားရတာလေးနဲ့တင် သိမ်မွေ့အိစက်ပါရဲ့…………………………



ကဗျာရူးတဲ့

မေ့မေ့ရင်ထဲကကဗျာတစ်ပုဒ်

ယောင်ယောင်လေးတောင်

လှပ်မကြည့်ခဲ့မိဘူး

ကျွန်တော်ဘယ်လောက်များ

မိုက်ရိုင်းခဲ့ပါသလဲ

"နှောင်း" ဆိုတာ

ထုတ်ချင်းခပ်လှံတစ်စင်းတဲ့လား

ရင်ကော့ထားတယ်မေမေ ……………………….



ဝေးကာမှ ကောက်ကာငင်ကာ

ထဆိုတဲ့ တေးတွေပါ

အမြစ်တွယ်နေတုန်းက မသိခဲ့ဘူး

ခုခါကျမှ စိန်းလန်းလို့

အလွမ်းတွေက အဲသလိုကို သန်စွမ်းတာ

နစ်…ခဲ့…ပြီ…မေ…မေ

ခံယူမှုကိုသာ အဝင်ကောင်းရုံ

ရောစပ်နေရတော့တယ် ……………………………..



ဖဝါးနဲ့ဖတ်ပါမေမေ

မေမေ့အကြောင်းရေးရရင်

ကျွန်တော့်လက်တွေက အလိုလို ဆွံ့အ

မေမေအပါအဝင် ကမ္ဘာပေါ်က အမေတွေရဲ့ မေတ္တာကို

ပုံဖော်နိုင်တဲ့စကားလုံးသတ္တိ

ကျွန်တော့်မှာမရှိပါဘူးမေမေ

မေမေ ကသာ

ကျွန်တော့်ကောင်းကင်မှာ

နေ့ရောညပါ

လရိပ် လို ဝင်းပကြည်လင်လို့

မေမေ့နှုတ်ခမ်းဖျားက

"သား" ဆိုတဲ့အသံတွေဟာ

ကြိမ်နှုန်းပြည့် အားကောင်းမောင်းသန် လို့

ဘယ်ဒေသရောက်ရောက်ကို ကြားကြားနေရတော့တယ် …………………………….။။။



( အိုင်လွယ်ပန်) ကိုရင်ညိန်း ၏ ပေါ့ဆမှုကြောင့် အချိန်မှီရောက်သော်လည်း ကဗျာစာအုပ်တွင် မပါဝင်သွားခဲ့ပါ ။

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ



Mother Day Poems2



စာအုပ်လိုဖတ်ရတာ အဆင်ပြေချင်ရင် အောက်က ပုံလေးအတိုင်း ကလစ်ပြီးဖတ်ကြပါဗျာ ။

ဒီနေ့ (10.01.09) ပြာသိုလပြည့်နေ့ ၊ အမေနေ့ ။ ကျုပ် Google နဲ့ Wikipedia မှာရှာကြည့်လိုက်တော့ အမေနေ့ဆိုတာ ရှေးဟောင်း ဂရိယဉ်ကျေးမှု့နွေဦးပေါက်ပွဲတော်ထဲက အားလက်ရက် တစ်ခုတဲ့ ။ တိတိကျကျ ကတော့ အမေရိကန် နိုင်ငံက စာရေးဆရာမ ဂျူလီယာဝါ့ဒ်ဟောင်း(Julia Ward Howe)က ၁၈၇၀ မှာစတင် လှုံဆော်ကျင်းပခဲ့ပြီး ၊ ၁၉၀၄ မှာ ဖရန့်ခ်အီးဟာရင်း ကလည်း လက်ဆင့်ကမ်း လှုံဆော်ကျင်းပခဲ့ပါတယ် ။ ၁၉၀၇ မှာ အာနားဂျားဗစ် (AnnaJarvis) က ထပ်ပြီး လှုံဆော်ကျင်းပခဲ့လို့ ၁၉၀၈ ခုနှစ် မေလ ၁၀ ရက်နေ့ကို ပထမဆုံး အမေများနေ့ (Mother's Day) အဖြစ်အသိအမှတ်ပြုခဲ့ကြတယ်တဲ့ ။ကျုပ်ကလည်း ဘာသာပြန် ခပ်ကောင်းကောင်းရယ် ။ ပိုတိတိကျကျ သိချင်ရင် Wiki မှာသာဖတ်ကြည့်ကြတော့ဗျာ ။

ကျုပ်တို့ မြန်မာပြည်မှာတော့ ဆရာကြီးဦးသုခ စတင်လှုံဆော်ခဲ့လို့ အမေနေ့ (Mother Day) ဆိုတာ ဖြစ်လာခဲ့ရတာပေါ့ ။ မြန်မာပြည်မှာဆိုရင်တော့ဟောပြောပွဲတွေ ၊ အလှူပွဲတွေ လုပ်နေကြမှာပေါ့ဗျာ ။ ကျုပ်တို့လိုပြည်ပရောက်နေတဲ့သူတွေကတော့ အိမ်က အမေဆီ ဖုန်းဆက်ရုံကလွဲပြီး ကျန်တာက မလွယ်ဘူးလေ ။ Blogger တွေကလည်း အမေနေ့မှာ ၀ါသနာပါရာအလိုက် ကဗျာတွေ ၊ စာတွေ ၊ သီချင်းတွေ တင်ကြမယ်ပေါ့ဗျာ ။

ကိုးနတ်ရှင် အခက်အခဲ တွေနဲ့ အားလုံးကို တစ်ပြိုင်တည်းဖတ်ဖို့ ၊ အဆင်ပြေတာ အကြိုက်တွေ့တာလေးများရှိရင် သိမ်းထားဖို့ အခက်အခဲရှိတဲ့Blogger တွေ ၊ Blog Reader တွေအတွက် လက်လှမ်းမှီသလောက် အမေနေ့ အမှတ်ရချက် ကဗျာတွေကို စုလိုက်တယ်ဗျာ ။ ပြီးတော့ E-Book လုပ်လိုက်တယ် ။ "ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ" တဲ့ ။ E-Book လေး လှတပတ ကြွကြွရွရွ (ကြက်ဖ သီချင်းစာသား) ဖြစ်လာအောင် အမေ့သားတွေဖြစ်တဲ့ ကိုအောင်သာငယ် ၊ ကိုသင်ကာ ၊ ကိုဟန်သစ်ငြိမ် တို့ကညလုံးပေါက် ၂ညတိတိ အိပ်ရေးပျက်ခံပြီး အမေတွေကို ဂါရ၀ပြုပေးတယ် ။ E-Book ကိုကြည့်ရင်သိလိမ့်မယ်ဗျ သူတို့ဘယ်လောက် အားထည့်ထားတယ်ဆိုတာ ။ ကြားချောင် အဆစ်ပါသွားတာက Existence (ဖွဲ့တည်ရာ) မဂ္ဂဇင်း ၀ိုင်းတော်သားတွေပဲ ။ (အရမ်းအေးလို့ စောင်ခြုံပြီး လုပ်ကြတာ ၄ နာရီထိုးတဲ့အထိပဲ ။ ကျေးဇူး အလေးအနက်တင်ပါတယ်ဗျာ )

အခု ကဗျာချစ်တဲ့သူတွေ အတွက် တစ်ထိုင်ထည်း ဖတ်လို့ရအောင် နဲ့ အဆင်ပြေရင် Download လုပ်လို့ရအောင်ပါ တင်ပေးလိုက်တယ် ။ အမေနဲ့ ရန်ဖြစ်ထားတဲ့သူတော့ Download မရလောက်ဘူး ကမ္ဘာပေါ်က အမေ့သားသမီးတွေနဲ့ အတူ ကျုပ်လည်း ကမ္ဘာပေါ်က အမေတွေအားလုံးကို ဂါရ၀ပြုလိုက်ပါတယ်ဗျာ ။ ကျုပ်ဘလော့မှာဖတ်တဲ့လူတွေရော မဖတ်ရတဲ့လူတွေရော အမေတွေကပေးတဲ့ ဆုကိုရကြပါစေဗျာ ။

ပြောဖို့မေ့လို့ဗျ ။ နောက်နှစ်တွေမှာလည်း ခုလိုလုပ်ချင်သေးတယ်ဗျာ ။ အားခဲထားတယ် ။ ကဗျာ E-book လည်း ခုထက်ပိုပြီးတော့ FileSize ကြီးလာမယ်လို့လည်းမျှော်လင့်တယ်ဗျာ ။ (ကဗျာတွေအပြင် တစ်ခြားကဏ္ဍ တွေတောင် ပါချင်ပါလာနိုင်သေးတယ် ။ ဥပမာ-၀တ္ထုတို့ ၊ အက်ဆေးတို့ ၊ ဆောင်းပါးတို့ပေါ့ ) ။ ကျုပ်ဆက် သွယ်တာ ညံ့လို့ ကဗျာမပေးလိုက်ရတဲ့ Blogger တွေရော ၊ကျုပ်နဲ့ အဆက်အသွယ် (Blog ပေါ်မှအပ) မရှိတဲ့ ကဗျာ Blogger တွေကိုလည်း နောက်နှစ်တွေမှာ ၀ိုင်းကြတာပေါ့လို့ အားနာပါးနာနဲ့ တောင်းပန်လိုက်တယ်ဗျာ ။
အခုနှစ်အတွက် အားတက်သရော ပါဝင်ကူညီကြတဲ့ Blogger အစ်ကို အစ်မများ အားလုံးကိုလည်း ကျေးဇူး အလေးအနက် တင်ပါတယ်ဗျာ ။ လေးစားစွာဖြင့် (ကိုရင်ညိန်း) ....

You received this email because you are subscribed to the real_time feed for http://koyinnyein.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.