စက္ကန့်ပေါင်း (၃၁၆) သိန်းအတွက် ကျေးဇူးနော်
လွန်ခဲ့တဲ့ ၃၆၆ ရက်က ကျနော် သူ့ကို အဲဒါလေး ပေးလိုက်တယ်။ (မှတ်ချက် ။ ။ ၂၀၀၈ ခုနစ်သည် ရက်ထပ်နှစ် ဖြစ်သည်)
ဒီအတောအတွင်း တစ်ခါတစ်လေတော့လည်း အငြင်းအခုန်တော့ ဖြစ်ကြတာပေါ့။
ဘာပဲဖြစ်ဖြစ် ကုန်လွန်ခဲ့တဲ့ စက္ကန့်ပေါင်း (၃၁၆) သိန်း လိုလိုမှာ ကျနော်တို့ရဲ့ ဘဝဟာ ဒီလိုလေးပါ။
ဒါကြောင့် အဲဒီလို ဖန်တီးပေးတဲ့ သူ့အတွက် ကဗျာလေးတစ်ပုဒ်နဲ့ တင်စားလိုက်ပါတယ်။
ကျနော်တို့အတွက်ကတော့
This Post is dedicated to HER.
အမေနေ့ အမှတ်တရ
ဒီနေ့ဟာ ကျနော်တို့ မြန်မာတိုင်းရင်းသားတွေရဲ့ အမေနေ့ ဖြစ်ပါတယ်။ ဒီတော့ ဒီလိုနေ့မျိုးမှာ အမေနဲ့ ပတ်သက်တဲ့ ပို့စ်လေး တစ်ပုဒ်လောက် အမှတ်တရ ရေးမလား စိတ်ကူးမိပေမယ့် ခေါင်းထဲက ထွက်မလာဘူး။ ကျနော် ဟိုးအရင်ကတော့ အမေမေတ္တာနဲ့ ပတ်သက်တဲ့ ပို့စ် (၂)ပုဒ် ရေးဖူးပါတယ်။ Mom's Love ခေါင်းစဉ်နဲ့ နိုင်ငံခြား ကဗျာ တစ်ပုဒ်ကို ပြန်ဝေမျှ ဖူးသလို အမေ့ကိုယ်စား ဆိုတဲ့ ဘာသာပြန် ပို့စ်တစ်ပုဒ်လည်း တင်ခဲ့ဖူးပါတယ်။ ကျနော် အခု အမေနေ့ အမှတ်တရ ပို့စ်တစ်ပုဒ် တင်မယ်ဆိုတော့ ဟိုး လွန်ခဲ့တဲ့ ငါးနှစ်လောက်က အမေနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို သွားသတိရတယ်။ အဲဒီ ဆောင်းပါးထဲမှာ တင်ပြထားတာက အမေ ဆိုတဲ့ ဝေါဟာရ အကြောင်းပါ။ ကမ္ဘာအရပ်ရပ်က သုံးနေတဲ့ "အမေ" ဆိုတဲ့ ဝေါဟာရ အတော်များများဟာ ထူးဆန်း အံ့သြဖို့ ကောင်းလောက်အောင် လာဆင်နေပါတယ်။ ကမ္ဘာပေါ်မှာ အသံထွက်အနေနဲ့ အဆင်ဆုံး ဝေါဟာရလို့ သက်မှတ်နိုင်ပါတယ်။ အဲဒီ ဆောင်းပါးထဲမှာ တင်ပြထားတာတော့ ပါဠိ ဝေါဟာရ ဖြစ်တဲ့ "မာတာ" ဆိုတဲ့ စကားလုံးနဲ့ လက်တင် ဝေါဟာရ "Mother" နဲ့ဟာ အသံထွက်အားဖြင့် လုံးဝ ချွတ်စွတ် တူနေတာကို အံ့သြဖွယ် တွေ့ရမှာပါ။ လက်တင်ဘာသာမှာ သွားတူနေတာကြောင့် လက်တင်ဘာသာကနေ ဆင်းသက်တဲ့ တခြား ဘာသာစကားတွေမှာ လာတူနေတဲ့ အပြင် ပါဠိဘာသာကနေ ဆင်းသက်တဲ့ တခြား ဘာသာစကားတွေ အားလုံးမှာလည်း အသံထွက်တူတဲ့ ကိုယ်ပိုင် ဘာသာစကားနဲ့ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ဆင်တူအများဆုံး ဝေါဟာရ အနေနဲ့ "အမေ" ဆိုတာ ပညာရှင်အားလုံး အကန့်အကွက် မရှိ သဘောတူထားကြတယ်။ ဝေါဟာရချင်းပဲ တူသလားဆိုတော့ အမေကို ချစ်ကြတာချင်းလည်း အတူတူပါပဲ။
ကျနော် အဲဒီ ဆောင်းပါးကို သေချာ မစုဆောင်းလိုက်ရတော့ အခု ပြန်လိုချင်တဲ့အချိန် အခက်တွေ့ရတာပေါ့။ ဒါကြောင့် အခု တင်ပြချင်တာတောင် မူရင်း ဆောင်းပါးထဲကလို ပြည့်ပြည့်စုံစုံ မတင်ပြနိုင်တော့ပါဘူး။ ကျနော် တွေ့ရှိထားသလောက်ပဲ မျှဝေလိုက်ရပါတယ်။ အင်္ဂလိပ်တွေ သုံးတဲ့ "Mother" ဆိုတဲ့ စကားလုံးဟာ ပါဠိမှာ "မာတာ" လို့ သုံးကြောင်း တင်ပြပြီးပါပြီ။ နောက်ဆက်ပြီး တင်ပြချင်သေးတာက
- mom, mommy ကို မြောက်အမေရိက နိုင်ငံ အများစု (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) မှာ သုံးပါတယ်။ ဗြိတိန်နိုင်ငံ West Midlands မှာလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးတာ တွေ့ရတယ်။
- mum, mummy ကို ဗြိတိန်၊ နယ်သာလန်၊ သြစတေးလျ နဲ့ နယူးဇီလန် နိုင်ငံတွေမှာ သုံးပါတယ်။
- Ma, Mam, Mammy ကို အိုင်ယာလန် နိုင်ငံမှာ သုံးပြီး ဗြိတိန် နဲ့ အမေရိကန် ပြည်ထောင်စုမှာလည်း ရံဖန်ရံခါ သုံးလေ့ ရှိပါတယ်။
- Maa, Amaa, Maataa ကို အိန္ဒိယနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံမှာ သုံးပါတယ်။ မြန်မာနိုင်ငံမှာ တချို့ တိုင်းရင်းသား လူမျိုးစုတွေမှာ သုံးတာ တွေ့ရပါတယ်။
- Mama ကို နိုင်ငံ အတော်များများမှာ သုံးပြီး အထူးသဖြင့် စပိန် ကိုလိုနီ ကျရောက်ဖူးတဲ့ နိုင်ငံတွေမှာ အများဆုံး သုံးပါတယ်။
တခြား ဘာသာစကားတွေမှာလည်း အသံထွက် တူတာ၊ ဆင်တူတာတွေ ရှိပါသေးတယ်။
- mama ကို ပိုလန် နဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေမှာ သုံးတယ်။
- māma ကို တရုတ်ဘာသာစကားမှာ သုံးတယ်။
- máma ကို ချက်နိုင်ငံမှာ သုံးတယ်။
- maman ကို ပြင်သစ်နဲ့ ပါရှန်း ဘာသာစကားမှာ သုံးတယ်။
- mamma ကို အီတလီနိုင်ငံမှာ သုံးပါတယ်။
- mãe ကိုတော့ ပေါ်တူဂီတွေ သုံးတယ်။
- Ami ကို ပန်ဂျက် ဘာသာစကားမှာ သုံးပါတယ်။
- mama ကို ဆွာဟီလီ ဘာသာစကားမှာ သုံးပါတယ်။
- eema (אמא) ကို ဟီဘရူး ဘာသာစကားမှာ သုံးပါတယ်။
- umma (엄마) ကိုတော့ ကိုရီးယား ဘာသာစကားမှာ သုံးပါတယ်။
- Mama ကို ဂျပန်နိုင်ငံမှာတော့ အင်္ဂလိပ်တွေဆီက ငှားရမ်း သုံးစွဲပါတယ်။
- တောင်အာရှ တစ်ကျောမှာ ရှိတဲ့ နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာ အမေကို amma (သို့) oma (သို့) ammi (သို့) ummi တို့အပြင် တခြား သံတူကြောင်းကွဲ ခေါ်ဝေါ်ကြတာတွေ အများကြီး ရှိပါတယ်။
ဘာသာစကားဆိုတာ ပင်မ ရိုးတံ တစ်ခုကနေ အများကြီး အများကြီး ဖြာဆင်းတာ ဆိုပေမယ့် နှစ်ပေါင်း ထောင်နဲ့ချီ ကြာလာတဲ့အခါမှာ ရာသီဥတု၊ အစားအသောက်၊ ရေခံမြေခံ ပေါ်မူတည်ပြီး အာတွေလျှာတွေ ကွာသွားတာကြောင့် အသံထွက် ဝေါဟာရတွေ ရွေ့လျားပြီး လာလိုက်တာ အခုဆိုရင် ဘာသာစကားပေါင်း ပင်မ (၇၃၀၀) မျိုး နဲ့ အခွဲ (၃၉၄၉၁) မျိုး ရှိသွားပါပြီ။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက ဘာသာစကားတွေ တစ်ခုကနေတစ်ခု ဘယ်လိုပဲ ရွေ့လျားရွေ့လျား ဘာသာစကားရဲ့ ထက်ဝက်မကတဲ့ အရေအတွက်မှာ "အမေ" ဆိုတဲ့ အသံထွက်နဲ့ အသုံးဟာ တူနေဆဲဆိုတာ ဘာကို ဆိုလိုနိုင်ပါသလဲ။ ကျနော် ထင်တာကတော့ ဘယ်လူမျိုး၊ ဘယ်နိုင်ငံ၊ ဘယ်ဘာသာတရား နဲ့ ဘယ်ခေတ်မှာမဆို မိဘမေတ္တာ အားလုံးဟာ တူညီကြပြီး ဘယ်တော့မှ မပျောက်မပျက် မယုတ်မလျော့ ပဲ ထာဝရ တည်နေနိုင်လို့ ပဲလို့ ယူဆမိပါတော့တယ်။
မြန်မာစာပေ ကောက်ကြောင်းများ (၂)
ကျနော် လွန်ခဲ့တဲ့ ၂၀၀၈ စက်တင်ဘာလတုန်းက မြန်မာစာပေ ကောက်ကြောင်းများ ဆိုတဲ့ နာမည်နဲ့ အပိုင်း (၁) ဆိုပြီး ရေးဖူးပါတယ်။ အပိုင်း (၁) လို့ စပြီး နာမည်တပ်လိုက်တာက ရေးစရာ အများကြီး ရှိမယ်ဆိုတာ သေချာနေတာကို။ အခုတော့ ဗဟုသုတ ရစရာ အနေနဲ့ ကျနော် အပိုင်း (၂) အဖြစ် ထပ်ပြီး မျှဝေ ပေးချင်ပါတယ်။ အခု တင်ပြမယ့် စာတွေက ဆရာ အောင်သင်းရဲ့ တိုလီမိုလီစာပေ ဆိုတဲ့ စာအုပ်ထဲက ထုတ်နုတ် ကိုးကားသွားမှာပါ။
ဒီတစ်ပတ် ပြောချင်တာကတော့ "စာရင်း" ဆိုတဲ့ စကားလုံးပါ။ စာရင်းဆိုတဲ့ စကားလုံးကို ကျနော်တို့ နားလည်ထားတာက အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး အစီအစဉ်တကျ မှတ်သားထားတဲ့ အမှတ်အသားကို ခေါ်တာပါ။ မြန်မာအဘိဓာန်မှာလည်း "အမျိုးအမည်၊ အရေအတွက် တို့ကို ရေးမှတ်ထားချက်" လို့ အနက်ဖွင့်ပါတယ်။ ဒါပေမယ့် ခေတ်ဘန်းစကားမှာ ရှိတဲ့ "စာရင်းရှုပ်" ဆိုတဲ့ စကားလုံးကျ မူရင်းအဓိပ္ပာယ်ကို သွေဖယ်သွားတယ်။ "ဇယားရှုပ်" ဆိုတဲ့ စာလုံးနဲ့ အဓိပ္ပာယ် တူပါတယ်။ ခပ်လွယ်လွယ် ပြောရရင် "အလုပ်ရှုပ်တယ်" ဆိုတဲ့ အဓိပ္ပာယ်ပါ။ "ပြဿာနရှာတယ်"ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တတ်ပါတယ်။ ဒီအဓိပ္ပာယ်ကို လူတိုင်းလိုလို နားလည်မှာပါ။ ဒါပေမယ့် ဒီစကားလုံးရဲ့ မူလရင်းမြစ် အဓိပ္ပာယ်ကို မေးမယ်ဆိုရင် သိတဲ့သူ အတော်လေး နည်းနေပါလိမ့်မယ်။ မူလရင်းမြစ် အဓိပ္ပာယ်ကို ပြန်လှန်နိုင်ဖို့ ရှင်မဟာသီလဝံသရဲ့ "တိုင်းပြည်စည်ကားကြောင်း တရားခုနစ်ပါး" ထဲက စာသားတချို့ကို ပြန်ကောက်ပါရစေ။

ရှေးကလာသော မင်းစဉ်စာရင်းအလျောက် ကျင့်ပေးခြင်းသည်ကား ပြည်ထဲက အစီးအပွား အလို့ငှာပေတည်းဟု နှစ်လိုဝမ်းသာ ဖြစ်ကြလေကုန်ရာ၏
အထက်က စာပိုဒ်မှာ သုံးထားတဲ့ "မင်းစဉ်စာရင်း" ကို ကျနော်တို့ ခေတ်သဘောနဲ့ နားလည်ကြည့်မယ် ဆိုရင် မင်းတွေရဲ့ နာမည်ကို အစဉ်အတိုင်း စီတန်းပြီး ချရေးထားတဲ့ ရေးမှတ်ချက်လို့ ယူဆမိမှာပါ။ တကယ်လို့ သူ့ အပေါ်စာပိုဒ်ရဲ့ စကားသွားကို အသေအချာ နားလည်မယ်ဆိုရင် အဲဒီလို ဆိုလိုတာ မဟုတ်ဘူးလို့ ဘွင်းဘွင်းကြီး ပေါ်လာပါလိမ့်မယ်။ ဆရာတော်က တိုင်းပြည်တစ်ပြည် စည်းကားဖို့ အကြောင်းအရင်းထဲမှာ အတုတ်၊ အခွန် ကင်းခ တွေကို ရှေးယခင် မင်းတွေ ပြဌာန်းထားတဲ့ ပုံစံအတိုင်း ကောက်ခံရမယ်၊ ပိုမတောင်းရဘူး ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။ ဒီတော့ စာရင်းဆိုတာ "စာအရင်း၊ ရင်းမြစ်မူလက" ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ်။
အညာ လူကြီးတွေ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ "လူချင်းချစ်ရင် သက္ကရာဇ် နာနာကန်" တဲ့။ အထူးသဖြင့် ငွေကြေး အချေးအငှား လုပ်ကြတဲ့အခါ ချေးငွေဆပ်ငွေ စတာတွေကို ရက်စွဲနဲ့တကွ မှတ်ကြတဲ့ အခါမျိုးမှာ သုံးလေ့ ရှိပါတယ်။ အထက်က စာကြောင်းမှာ "ကန်" ရဲ့ အဓိပ္ပာယ်ကို ဆန်းစစ်ကြည့်တော့ "ရေးတာမှတ်တာ" လို့ ဆိုကြပါတယ်။ "စာရင်းလုပ်သည်" သက္ကရာဇ်ကန်သည်" လို့ သုံးတတ်ကြတယ်။ လူတစ်ယောက်က ငွေတစ်သောင်း ချေးပြီး မကြာခင်မှာ ခြောက်ထောင် ပြန်ဆပ်တယ်။ နောက်ပြီး ငွေလေးထောင် ထပ်ချေးပြန်တယ်။ နောက်ပြီး ငွေသုံးထောင် ပြန်ဆပ်တယ်။ အဲဒီလို အချေးအဆပ်တွေ ရှုပ်လာတဲ့အခါ မှတ်တမ်း အတိအကျ မရှိရင် ငြင်းကြခုံကြနဲ့ အခင်အမင်တွေ ပျက်ပြီး လူချင်း မုန်းတဲ့အထိ ဖြစ်တတ်ကြတယ်။ ဒါကြောင့် ချစ်ခင်နေကြတဲ့သူတွေ မုန်းမသွားရအောင် ဆပ်ငွေချေးငွေ ပမာဏ၊ နေ့စွဲ အတိအကျကို မှတ်တမ်းတင်ကြဖို့ သတိပေးထားတဲ့ စကားဖြစ်ပါတယ်။ နောက်ပိုင်း သတိမေ့ ပေါ့လျော့ အငြင်းပွားလာကြရင် ကိုယ် မှတ်ထားတဲ့ "မူရင်းစာ" "စာအရင်း" (စာရင်း) ကို ပြန်ပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဆရာတော် ရှင်မဟာသီလဝံသရဲ့ "မင်းစဉ်စာရင်း" ဆိုတာ ရှေးမင်းတွေ အစဉ်အဆက် ကျင့်သုံးခဲ့ကြတဲ့ မှတ်တမ်းမူရင်း ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒီကနေ့ခေတ် ကျနော်တို့ သုံးနေကြတဲ့ "စာရင်း" ရဲ့ အဓိပ္ပာယ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုရင် ဝေါဟာရတွေရဲ့ အနက်ရွေ့လျောတတ်ပုံကို သတိပြုမိလိမ့်မယ်လို့ ယူဆမိပါတယ်။
ဆက်နွယ်ပို့စ်များ - မြန်မာစာပေ ကောက်ကြောင်းများ (၁)

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.