ကမ်းတတ်တိုက်ပွဲ
ညိုထက်(လမ်းသစ်ဦး)
လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။
စားကြတယ်
လူကို လူချင်းစားကြတယ်။
ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။
အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
"ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။"
ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။
မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။
ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။
ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။
တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။
သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြက်ပြက်သားသားကို ယုံကြည်တယ်။
ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။
ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။
ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။
ညိုထက်(လမ်းသစ်ဦး)
"နေလို လ လို ရဲဘော် နေလ"
လင်းနွေးအိမ်
ဂုရုရေ
အိပ်မက်တွေပိုက်ပြီး လျှောက်ခဲ့ကြတဲ့
တော်လှန်စစ်အနှစ်နှစ်ဆယ် ကာလမှာ
ဌာနတွေမတူခဲ့ကြပေမယ့်
ဝါဒတွေတူခဲ့ကြတယ်။
ဂုရုရေ
ဆေးလိပ်တိုလက်ကြားညှပ်ပြီး
အဆိပ်ငွေ့တွေရှုရှိုက်ရင်း
အသက်ပြင်းပြင်းရေးခဲ့ကြတဲ့ကဗျာတွေထဲမှာ
ပါဒတွေတူခဲ့ကြတယ်။
ဂုရုရေ
မဲဆောက်က ဆရာလွမ်းရဲ့ ကဗျာစခန်းမှာ
သူရာနဲ့ ဝရုဏကို ဂုဏ်ပြုကြတုန်းကလဲ
စရဏတွေ တူခဲ့ကြတယ်။
အခုတော့
ရဲဘော်ရေလို့ အော်ခေါ်လိုက်တဲ့အခါမှာ
ချွန်မြနေတဲ့ကလောင်တချောင်းက
မြင့်ဇေဘလောက်ထဲက ထွက်လာတယ်
အဲဒါ ဂုရု ဖြစ်တယ်
အဲဒါ ပွင့်သစ်ကရိန်ကန် ဖြစ်တယ်
အဲဒါ ရဲဘော်မြင့်အောင်ဖြစ်တယ်
အဲဒါ ကိုနေလ ဖြစ်တယ်
အဲဒါ ၈၈ ရဲ့ ရင်သွေးတယောက်ဖြစ်တယ်
အဲဒါ စစ်အုပ်စုနှလုံးသားမှာ စိုက်နင်ခဲ့တဲ့ ကျည်ဆန်တတောင့်ဖြစ်တယ်။
ရဲဘော်ဂုရုရေ
စိတ်ချလက်ချသွားပေတော့
ခင်ဗျားချစ်တဲ့ ရဲဘော်တွေရှိနေသမျှ
ခင်ဗျားပွင့်စေချင်တဲ့ပန်းတွေ ဝေဆာလာလိမ့်မယ်။ ။
လင်းနွေးအိမ်
(၂၀ဝ၈ နိုဝင်ဘာ ၂၀ မှာဘဝကူးသွားတဲ့ သူငယ်ချင်းရဲဘော်သို့)
မုန်တိုင်းလာသွားခဲ့တယ်
မြင့်ဇေ
သတိရမိတယ်
ဆားချက်တဲ့လက်က
တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။
မင်းလည်း မမြင်နိုင်
ငါကလည်း မင်းကို
မပွေ့ထွေးနိုင်ခဲ့
ဆားချက်သမလေးရေ…။
မုန်တိုင်းက
ေ ရာ က် လာ တ ယ် ။
အခုတော့
ကမ်းမမြင် လမ်းမမြင်။
စီးမျောသွားပုံက
ကောင်းကင်တခုလုံး
ချက်ချင်း
ပျက်သွားသလို
ရုန်းရင်းဆန်ခတ်။
ခေတ်တွေ စီးဆင်းသွားတော့
ပင်လယ်က
ပြာစိမ်းလို့
ဘာမှမပတ်သက်သလိုမျိုး
သူစိမ်းဆန်ဆန်ကြည့်လို့ ။ ။
ကိုဖိုးဇေ (ခ) ကိုဂုရု နောက်ဆုံးရေးခဲ့တဲ့ ကဗျာလေးပါ...
(အရမ်းကြေကွဲရပါတယ် ကိုဂုရု ...)
ကိုဈာန်
ချေ (သို့မဟုတ်) ရဲဘော်ရဲဘက်
ရွှေအိမ်စည်
(၁၉၆၇ခုနှစ် အောက်တိုဘာလ ၉-နေ့တွင် ကျဆုံးခဲ့သည့် ပျောက်ကျားစစ်သူကြီး ရဲဘော် ချေဂွေဗားရားအား ဂုဏ်ပြုရေးဖွဲ့သည်)
(၁)
မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တယောက်အား ဆီးကြို၍ထွေးပွေ့ထားခဲ့သည်မှာ ကြာပြီ။ သူ....ကျဆုံးခဲ့သည့် ၁၉၆၇ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ မှ ....။ နှစ်ပေါင်း (၄၁) ရှိလေပြီ။
သူကား....ဆရာဝန်တဦး ...။ သို့သော်...သူကား မောင်းပြန်ရိုင်ဖယ်သေနတ်ကိုသာ ကိုင်၏။ "လူတယောက်ချင်း
ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်"
သူပြောခဲ့သည့်စကားဖြစ်၏။ ၁၉၅၉ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။
(၂)
၁၉၆၇ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီဟူသည်အား အတည်ပြုနိုင်သည်က ... အောက်တိုဘာလ (၁၅)ရက်နေ့မှဖြစ်သည်။
ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုမှ အတည်ပြုထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏အလောင်းကိုမူ မတွေ့ခဲ့ကြရ။ နှစ်ပေါင်း (၃၀)အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ခုနှစ် ဇူလိုင်လ (၁၂)ရက်တွင်မှပင် သူ၏ရုပ်အလောင်းအား မြေ၀သုန်အတွင်းမှ ပြန်လည်တူးဖော်ရရှိတော့၏။
ဘိုးလီးဗီးယားနိုင်ငံ " ဗယ်ရီဂရန်ဒေသ" လေ ယာဉ်ကွင်းငယ်လေးအနီးမှဖြစ်သည်။ ကျင်းငယ်အတွင်း၌ ရုပ်အလောင်းအရိုးစု (၇)စုအား တွေ့ရ၏။
အရိုးစုအမှတ် (၂)က လက်မောင်းရင်းမှနေ၍ လွှနှင့်တိုက်ဖြတ်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံးမရှ္ဇိ္ဇ။ ဒီအင်အေ စစ်ဆေးမှု ပြု၍ အတည်ပြုနိုင်ခဲ့၏။
သူ .... ။
သူကား ... နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ " ဆန်တာကလာရာမြို့" ရှိ သူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့၏။
(၃)
သူနှင့်ပါတ်သတ်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ်ပညာရှင် " ယန်ပေါဆတ်" က သူ့အား ...
"ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား" ဟူ၍ မှတ်ချက်ပေး၏။ အမေရိကန်နိုင်ငံ မေရီလင်းအင်စတီကျူ က သူ့အား " ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတတစ်ခု " ဟု သတ်မှတ်၏။ ဖီဒယ်ကက်စထရိုကမူ သူ့အား .... " သူဟာ သူ့ရဲ့အကျင့်စာရိတ္တ၊ သူ့ရဲ့စိတ်ဓါတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ်တယ်။ တခွန်းတည်းအတိုချုပ်ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာဖြစ်တယ်"
(၄)
သူ့အား အားဂျင်တီးနားနိုင်ငံ၏မြို့တော် " ဗွေနိုဇာရီမြို့" မှ မိုင်၁၀၀-ကျော်ဝေးသည့် " ရိုစာရီယို မြို့" တွင် မွေးဖွားခဲ့၏။ " ရိုစာရီယို မြို့" က " ပါရာနာ" မြစ်၏ မြစ်ဝကျွှန်းပေါ်ဒေသတွင် တည်ရှိသည့် မြို့ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲအေးခဲ၍နေသည်။
သူကား .... ၁၉၂၈ခုနှစ် ဇွန် (၁၄)ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ ၅-ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင် အာနက်စ်စတိုဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာတဦးဖြစ်ပြီး မိခင်က စီလီယာဆာနာဖြစ်၏။ သူကား ငယ်စဉ်က ချူချာ၏။ ပန်းနာရင်ကျပ်သည်တဦး ....။ အေးလျှင် ပန်းနာဝေဒနာက ထပြီ။ ပန်းနာရင်ကျပ်ရောဂါရှိပေမယ့် သူကား အားကစားဖက်တွင်လည်း ထူးချွှန်ခဲ့၏။ " ရဂ္ဂဘီ" ပွဲ များတွင်ခပ်ကြမ်းကြမ်းကစား တတ်သည်။ ဖခင်က သူ့အား
ငယ်စဉ်ကပင် သေနတ်ပစ်သင်ပေး၏။
စစ်တုရင်ကစားနည်းသင်ပေး၏။ သူသည် စစ်တုရင်ကစားရာတွင်လည်း ထူးချွန်သူတဦးဖြစ်ခဲ့သလို သေနတ်ပစ်ရာတွင်လည်း .... ။
(၅)
သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ကိုယ်ပိုင်စာကြည့်ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀-ကျော်ရှိ၏။
စာကြည့်တိုက်ငယ်လေးတခုပမ္ဇာ၏၏။ "ဂျက်လန်ဒန်" ၊ ""ဂျူးလဘန်း"၊ "ဆစ်ဂမန်ဖရိုက်"၊ "ဘာထရန်ရပ်ဆဲလ်"
တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။
သူက ကဗျာကိုလည်း အရူးအမူးစွဲလမ်း၏။ "ပက်ဘလိုနီရူးဒါ" ၏ ကဗျာများအား အာဂုံဆောင်နိုင်သည်အထိ ဖတ်ခဲ့၏။
ဖခင်က လက်ဝဲ၀ါဒီတစ်ဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ ... လေ့လာခွင့်ရခဲ့၏။
(၆)
၁၉၄၇ခုနှစ်တွင် သူ ... " ဗွေနိုဇာရီး"တက္ကသိုလ်တွင် ဆေးပညာသင်ယူခဲ့သည်။ထိုတက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ခုနှစ်တွင် သူသည်
ဆေးတက္ကသိုလ်တတ်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတဦးနှင့်အတူ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီးနှင်၏။
ချီလီသို့ရောက်၏။ ချီလီမှသည် ပီရူး ၊ အီကွေဒေါ ၊ ကိုလံဘီယာ ...ထိုမှ ဗင်နီးဇွဲလား ....။
ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု ၊ လူတန်းစားမညီမျှမှုများအား တွေ့ခဲ့မည်။ ဤခရီးစဉ်အကြောင်းအား
သူကိုယ်တိုင် စာပြန်ရေး၏။ " မော်တော်ဆိုင်ကယ်ဒိုင်ယာရီ" ဟူ၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့်ဖြစ်သည်။
နောက်ပိုင်းတွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ခုနှစ်တွင် ထိုစာအုပ်အား မှီ၍ ရုပ်ရှင်ပြန်ရိုက်၏။
(၇)
၁၉၅၃ခုနှစ်တွင် အာဂျင်းတီးနားအစိုးရက ဆရာဝန်များအား အတင်းအကျပ်အမှုထမ်းခိုင်း၏။ သူက လူတယောက်ချင်း ခံစားနေရသည့်ဝေဒနာအား မကုသချင် ....။ ဤတွင် သူသည် အာဂျင်းတီးနားမှ တိမ်းရှောင်ထွက်ခဲ့တော့၏။
ပီးရူး ၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ရောက်၏။
မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့်တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား " ၂၆ဲ " ရဲဘော်များဟု ခေါ်ကြသည်။ ဖီဒယ်ကက်စထရိုတို့၏ " ၂၆ " ရဲဘော်များက ကျူးဘားအာဏာရှင် " ဖူလ်ဂျင်စီယိုဘာတစ္စတာ" အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ ....။
မက္ကဆီကိုတွင်ပင် " ၂၆ဲ " ရဲဘော်များနှင့် အတူ သူ .... ၏စစ်သင်တန်းတတ်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတဦး
....။ သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း " အယ်ဘာတိုဘေးယို" က မှတ်ချက်ပြု ၏။ " သူသည် သင်တန်းသားများအားလုံးအနက် အထူးချွန်ဆုံး ဖြစ်သည်" ဟူ၍ ....။
(၈)
၁၉၅၆ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် " ၂၆ " ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံသို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ
မော်တော်ငယ်တစီးနှင့် .... ။ မိုင် ၁၃၀-ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ်ကျိပ်နှင့် တယောက် ...။ ဓါးကောက်သဏ္ဍာန်
ကျူးဘားကျွှန်းပေါ်သို့ ရောက်၏။ မကြာ .... ကျူးဘားအာဏာရှင်တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက မကောင်း။ သူတို့ဘက်မှ ရဲဘော် ၆၉-ယောက် ကျဆုံးကုန်၏။ သူ ..... ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော် ၁၂-ယောက်သာကျန်တော့၏။ အငတ်ငတ်အပြတ်ပြတ် ....။ ကြံခင်းများအတွင်း ပုန်းနေကြ၏။ ကြံများစုတ်ရင်းသာ အဟာရဖြည့်နေကြရသည်မှာ ရက်သတ္တပတ်ခန့်ကြာ၏။ ဤမှ .... သူတို့ အာဏာရှင်အား ပြန်တိုက်၏။
မောင်းပြန်ရိုင်ဖယ် ၁၂-လက် .... ။
လူ ၁၂-ယောက်နှင့် .... ။
(၉)
ကျူးဘားနိုင်ငံ "ဆီအဲယားမေထရာ" တောင်တန်းများပေါ်မှ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောက်၏။
သူပုန်စခန်းဖွင့်၏။ အောင်မြေ .... ။
သူသည် .... ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင် .... သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်းရင်း လူထုအား ဆေးကုသ၏။ လူတယောက်ချင်း၏ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ခံစားနေရသော ဝေဒနာကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တတ်၍လာ၏။ ဒီလှိုင်းများသဖွယ် .... အားနှင့်မာန်နှင့် .... အဆုံး၌ ကျူးဘားအာဏာရှင်အစိုးရ ကျဆုံးရ၏။
(၁၀)
ကျူးဘားတော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယသြဇာအာဏာအရှိဆုံးဖြစ်လာ၏။
ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများတွင် အဓိကတာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတတ်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။
ထိုစဉ်က ..... GATT (ကုန်သွယ်ရေးနှင့်အခွန်အကောက်ဆိုင်ရာ အထွေထွေသဘောတူညီ
ချက်အဖွဲ့) အစည်းအဝေးပွဲများသို့ သူတတ်ရောက်ခဲ့ရသည်။ သံလွင်ရောင်စစ်ဝတ်စုံ ၊ပြောက်ကျားယူနီဖောင်းနှင့် .... ။
(၁၁)
၁၉၆၂ခုနှစ်ကား.... စစ်ရေးတိုက်ပွဲအရှိန်၏ အမြင့်မားဆုံးကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နူးကလီးယားစစ်ပွဲများ ဖြစ်လေမည်လား ..... ။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။
(၁၂)
၁၉၆၄ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာခရီးစဉ်များသွား၍ သံခင်းတမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ကွန်ဂို၊ အိုင်ယာလန်၊ နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့ ..... ။
ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန် ဖြစ်သည်။ သူက သဘောတရား
အရတွင် "မော်" တို့နှင့်တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင် ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင်တဦးပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့ .... ။
သူတို့ ညီအစ်ကိုက "ခရူးရှော့"နှင့် နီးစပ်သူ .... ။ သူခရီးစဉ်အပြီး
"ဟားဗားနား" သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက် ......။ မကြာ သူ ကျူးဘားမှ ပျောက်သွားခဲ့တော့၏။ အားလုံးအား စွန့်လွှတ်၍ .... ။
(၁၃)
အာဖရိကတိုက်ရှိ ကွန်ဂို -ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း ... သူ ...သေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိက
တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်က သူအသက်သည် ၃၈-နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ်ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး ..... ။
မရတော့ .... ။ သူ အနားယူရသည်။ အနားယူစဉ် ကာလအတွင်း " ကွန်ဂိုဒိုင်ယာရီ" အားရေးခဲ့သည်။ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ .... ။
(၁၄)
ထိုနောက် .... ။
သူသည် ဘိုလီးဗီးယား အစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့်ရဲဘော် ၁၇-ယောက် ..... ။ ဗီယက်နမ်ရဲဘော်များလည်းပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ .... ။
၁၉၆၇ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် သူနှင့်ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။
ရိုင်ဖယ်သေနတ်များနှင့် ... ။ ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် ... ၀ိုင်းဝန်ပစ်ခတ်မှုအား သူတို့ ရုတ်တရက်ခံလိုက်ကြရ၏။ သူ .... ဦးဆောင်သည့်ပြောက်ကျားများ ဘိုလီးဗီးယားစစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ .... ။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍မရ .... ။ တတ်၍မရ .... ။ နောက်ဆုံး .... သူ ဘိုလီးဗီးယားစစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။
(၁၅)
၁၉၆၇ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့ ...... ။
ဘိုလီးဗီးယားနိုင်ငံ၏မြို့တော်နှင့်ဝေးကွာလွန်းသည့် "ဗယ်လီဂရန်ဒေမြို့" လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့်စစ်သုံ့ပန်တဦးအား နောက်ပြန်လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ်ခံထားရသည့် စစ်သုံ့ပန်သည် ဘိုလီးဗီးယားစစ်သားများ၏အရှေ့၌ မတ်မတ်ရပ်၍နေသည်။ စစ်သားများက စစ်သုံ့ပန်အား
မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့် ချိန်ထား၏။ စစ်သုံ့ပန်က စစ်သားများအား သူ၏စူးရှသော မျက်လုံးများနှင့်ကြည့်၏။
အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍သွားသည်။ ယမ်းညော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။
စစ်သုံ့ပန်သည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ..... ဘိုလီးဗီးယားစစ်သားများက သွေးအလူးလူးနှင့်လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက်...... လေယာဉ်ကွင်းအနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍
မြုပ်နှံလိုက်ကြတော့၏။
(၁၆)
မပုပ်မသိုးရန် ဆေးရည်စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။
၁၉၆၇ခုနှစ် အောက်တိုဘာလ (၁၅)ရက် .... ။
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့်သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့သည့်လက်များ .... ။ မလွဲနိုင် .......။ သူ ...... ။ သူ .... ။
"အာနက်စ်တိုဂွေဗားရားဒီလာဆနာ" သို့မဟုတ် ..... "ချေ" ။ ချေ ဟူသည်က .....စပိန် ဘာသာအရ " ရဲဘော်၊ ရဲဘက်" ဟူ၍ဖြစ်သည်။
"မြေ၀သုန်ရေ ...... ဂုဏ်ပြု့အပ်တဲ့ ဧည့်သည်တယောက်ကို ဆီးကြိုပေတော့ ...."
(အော်ဒင်)
ရွှေအိမ်စည်
မဇ္ဈိမ ၀က်ဆိုက်မှ ကူးယူဖော်ပြသည်။
အနှစ် ၂၀ ထဲက ကျောင်းသားတပ်မတော်
ညိုထက် (လမ်းသစ်ဦး)
ယခုနှစ်သည် ၁၃၅၀ ပြည့်အရေးတော်ပုံ အနှစ်၂၀ ပြည့်နှစ် ဖြစ်သလို ABSDF (ကျောင်းသားတပ်မတော်) . အနှစ် ၂၀ ပြည့်နှစ်လည်း ဖြစ်သည်။ အနှစ် ၂၀ ဟူသည် မျိုးဆက်တဆက်ဖြစ်သည်။ ကျနော်က ABSDF (ကျောင်းသားတပ်မတော်) ပထမမျိုးဆက် ဖြတ်သန်းခဲ့သည့် ခရီးလမ်းကို စေ့ငုနေမိသည်။ အနှစ် ၂၀ သို့ ဒုတ်ဒုတ်ထိရောက်၍ ABSDF ၏ ပထမမျိုးဆက်ခေါင်းဆောင်မှု အများစုအား ပြန်လှည့်ကြည့်သောအခါ သူတို့ မရှိကြတော့။
ABSDF ပထမမျိုးဆက်၏ အနှစ် ၂၀ ခရီးအား ပြန်ကြည့်သောအခါ --- ABSDF ပထမမျိုးဆက်၏ ကောင်းမှုများအဖြစ် ---
- ABSDF အား ၁၃၅၀ ပြည့်အရေးတော်ပုံ မျိုးဆက်၏ တပ်ဦးအဖွဲ့အစည်းအဖြစ် သမိုင်းအမွေဆက်ခံကာ ဖွဲ့စည်းနိုင်ခဲ့သည်။
- ဗမာပြည်အနှံ့အပြားရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးဒေသအသီးသီးသို့ ရောက်ရှိနေသော ၁၃၅၀ ပြည့် အရေးတော်ပုံ ကျောင်းသားအများစုအား စုစည်း၍ ABSDF အား ဖွဲ့စည်းနိုင်ခဲ့သည်။
- ၁၃၅၀ ပြည့်အရေးတော်ပုံ၏ အမြင့်ဆုံးကြွေးကြော်သံဖြစ်သည့် "ရ ရင် ရ။ မရ ရင် ချ" ကြွေးကြော်သံအား လူထုလမ်းညွှန်ချက်အဖြစ်သဘောထားကာ ABSDF (ကျောင်းသားတပ်မတော်) ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။
- စစ်အုပ်စု.လက်အောက်တွင် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအခွင့်အရေးများကို ရရှိနိုင်လိမ့်မည် မဟုတ် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၄ မှ) --- ဟု ယုံကြည်ခံယူကာ နေ၀င်းစစ်အုပ်စုအား အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် လက်နက်ကိုင်တော်လှန်ရေးကြီးကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) --- ကြေငြာချက် (၁) တွင် ဖေါ်ပြ၍ ABSDF အား ရှစ်လေးလုံး အရေးတော်ပုံ. လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းအဖြစ် အတိအလင်းဖွဲ့စည်းခဲ့နိုင်ခဲ့သည်။
- ဗမာပြည်ကျောင်းထုတရပ်လုံးနှင့် ကျောင်းသားလှုပ်ရှားမှုတလျောက်လုံးကိုင်စွဲခဲ့သည့် အမျိုးသား နိုင်ငံရေးလမ်းကြောင်းအား ABSDF ၏ ဦးဆောင်နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်ဖြစ်သည့် အမျိုးသား နိုင်ငံရေးလမ်းစဉ်အဖြစ် တရားဝင် ပြဌာန်း ကိုင်စွဲနိုင်ခဲ့သည်။
- လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတရပ်အနေဖြင့် မရှိမဖြစ်လိုအပ်၍ အသက်သွေးကြောသဖွယ် ဖြစ်သော နိုင်ငံရေးလမ်းစဉ်။ စစ်ရေးလမ်းစဉ်တို့အား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
- ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ကျောင်းသားတပ်မတော်ဥပဒေ။ နည်းဥပဒေ အစရှိသော ဥပဒေများအား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
ဤကောင်းမှုများအတွက် ပထမမျိုးဆက်ကို ကျေးဇူးတင်ရမည်ပင်။ ထို့အပြင် ABSDF ပထမမျိုးဆက်. အနှစ် ၂၀ အတွင်း တနိုင်ငံလုံးလက္ခ္စာဆောင်သည့် ထိုးစစ်ကြီးများအဖြစ် အောက်ပါတို့ကို တွေ့ရမည်ဖြစ်သည်။
- DAB ပူးတွဲစစ်ဆင်ရေးလှုပ်ရှားမှု (၁၉၉၀) - တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် လက်တွဲ၍ ရေး မြို့သိမ်းတိုက်ပွဲအထိဆင်နွှဲနိုင်ခဲ့သည်။
- အခြေခံဒေသထိုးဖောက်ရေးလှုပ်ရှားမှု (၁၉၉၂) - ၁၉၉၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ကိုယ်ပိုင်ဒေသရရှိရေးအတွက် ဆင်နွှဲသည့် စစ်ဆင်ရေးဖြစ်သည်။
တနိုင်ငံလုံးသဘောဆောင်သည့် စစ်ရေးအောင်မြင်မှုအဖြစ် ရန်သူစစ်အုပ်စု၏ "နဂါးမင်းထိုးစစ် - ၁၉၉၂ (မာနယ်ပလောထိုးစစ်)" အား ABSDF အပါအ၀င် လက်ဝဲလက်ယာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ စုပေါင်းကာ ခုခံကာကွယ်ခြင်းဖြင့် တော်လှန်ရေး ဂ္စုသိကျှာတက်စေခဲ့သည်။ ဤသည်လည်း ABSDF ပထမမျိုးဆက်၏ ကောင်းမှုဟုပင် ယူသော်ရမည်ထင်သည်။
ABSDF ၏ အနှစ် ၂၀ ခရီးမှ အရေးကြီးမည်ထင်သည့် ဖြစ်စဉ်အစိတ်အပိုင်းတချို့အား ပြန်ကြည့်ဖြစ်သည်။
၁၃၅၀ ပြည့် အရေးတော်ပုံတွင် ဗကသ အား လူသိရှင်ကြား ဖွဲ့စည်းလိုက်နိုင်သည်။ အရေးတော်ပုံအတွင်း လူထု. အကြမ်းမဖက် သပိတ်တိုက်ပွဲ ပြင်းထန်မြင့်မားလာသည်နှင့်အမျှ စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုကလည်း ပြင်းထန်မြင့်မားလာသည်။ ရန်သူစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို မခံမရပ်နိုင်ဖြစ်လာသည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတရပ်လုံးက အမြင့်ဆုံးတိုက်ပွဲ ကြွေးကြော်သံဖြင့် တခဲနက် တိုက်ပွဲခေါ်ခဲ့သည်။ "ရ ရင် ရ။ မရရင် ချ" ထိုကြွေးကြော်သံသည် ရန်သူစစ်အုပ်စု အကြောက်ဆုံးသော တိုက်ပွဲခေါ်သံပင်။ စစ်အုပ်စုက အချိန်မဆိုင်းပဲ အရေးတော်ပုံကို အင်အားသုံးဖြိုခွဲခဲ့သည်။ ထိုသို့ဖြင့် ၁၃၅၀ ပြည့် အရေးတော်ပုံသည် တပါတီ စစ်အ္စာာရှင်ဖြစ်သော မဆလအား ဗမာပြည်မြေပေါ်မှ ရှင်းလင်းဖယ်ရှားလိုက်နိုင်သည့် တစိတ်တပိုင်း အောင်မြင်မှုဖြင့် အဆုံးသတ်ခဲ့ရသည်။ သို့သော် ၁၃၅၀ ပြည့်အရေးတော်ပုံက ကောင်းမှုတွေတော့ ထားခဲ့နိုင်သည်။ ပါတီစုံဒီမိုကရေစီစနစ်။ အမျိုးသားဒီမိုကရေစီအဖွဲချုပ်။ ဗမာပြည်ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။ နောက်ဆက်တွဲအနေဖြင့် ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်။
ABSDF (ကျောင်းသားတပ်မတော်)။ ၁၃၅၀ ပြည့် အရေးတော်ပုံသည် အထွေထွေလူထုတိုက်ပွဲဖြစ်သလို ကျောင်းသားတိုက်ပွဲ အဖြစ်လည်း ကမ္မည်းတွင်သည်။ တစိတ်တပိုင်းအောင်မြင်မှုများဖြင့် အရေးတော်ပုံ အဆုံးသတ်သွားသောအခါ တိုက်ပွဲဝင် ကျောင်းသား လူငယ်များစွာ တောခိုခဲ့ကြသည်။
တောခိုကျောင်းသားလူငယ်များသည် ၁၃၅၀ ပြည့် အရေးတော်ပုံမျိုးဆက်အဖြစ် အခိုင်အမာ ရပ်တည်ခဲ့သည်။ ၁၃၅၀ ပြည့် အရေးတော်ပုံကို အမွေဆက်ခံခဲ့ကြသည်။ ကျောင်းသားလှုပ်ရှားမှု။ ဗကသ အစဉ်အလာအား ဆက်ခံခဲ့ကြသည်။ (ကျောင်းသားသမဂ္ဂ၏ အစဉ်အလာအတိုင်း ခွပ်ဒေါင်းအလံကို လွှင့်ထူကာ "ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၃ မှ") အရေးတော်ပုံ. တိုက်ပွဲဝင် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ သွေးဖြင့်ရေးသည့်အမိန့် "ရ ရင် ရ။ မရ ရင် ချ" ကို နာခံဆက်ခံပြီး "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)"ကို ဖွဲစည်းထူထောင်ခဲ့ကြသည်။
ABSDF အနှစ် ၂၀ သမိုင်းအတွင်း တိုက်ပွဲသဏ္ဍန်ဆိုင်ရာ အချင်းပွားမှုများစွာ ဖြစ်ခဲ့ရသည်။ အထက်တွင် တင်ပြခဲ့သည့် သမိုင်းဆိုင်ရာ မုချတရားအရ ကျနော့်အမြင်ကို တိုက်ရိုက်တင်ပြပါမည်။ ABSDF အား လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းမှ သွေဖီစေရန်နှင့် အားနည်းစေရန် ကြိုးစားသူသည် လုံးဝ အမှားကျူးလွန်သူ ဖြစ်သည်။ တစိတ်တပိုင်းမျှကြိုးစားသူသည်လည်း လုံးဝအမှားကို ကျူးလွန်သူပင်ဖြစ်သည်။ ထို့ပြင် ၁၃၅၀ ပြည့် အရေးတော်ပုံနှင့် အရေးတော်ပုံအတွင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် အထောင်အသောင်းကို သစ္စာမဲ့ဖေါက်ပြန်ခြင်းလည်း ဖြစ်သည်။
ကျောင်းသားတပ်မတော် ဘာလဲ။ ဘယ်လဲ ယတိပျက်ရွေးချယ်ရမည့် တိုက်ပွဲကိုလည်း အနှစ် ၂၀ ခရီးအတွင်း ကျနော်တို့ ရင်ဆိုင်ခဲ့ရသေးသည်။ ၂၀၀၀ ပြည့်နှစ် - လမ်းကြောင်း ၃ သွယ်။
ထိုကိစ္စသည် ကျောင်းသားတပ်မတော်အတွက် ကိစ္စကြီးဖြစ်သည်။ အမှားအယွင်း အတိမ်းအစောင်းမခံသည့် ကိစ္စကြီးလည်း ဖြစ်သည်။ ထိုကိစ္စ၏ဇစ်မြစ်သည် ကာလရှည်ကြာကတည်းက အစပြုခဲ့ခြင်းဖြစ်သော်လည်း လတ်တလောဖြစ်ရပ်အဖြစ် ၉ လေးလုံးလျောမွေးဟု ယူဆသည်။ ABSDF ပထမမျိုးဆက်သည် မီဒီယာအားကိုးဖြင့် ၉ လေးလုံးကို လှုံ့ဆော်ခဲ့သည်။ လျောမွေးဖြစ်သွားသောအခါ နိုင်ငံရေးကုန်သွားသည်။ ထိုအခါ ထွက်ပေါက်ရှာကြတော့သည်။ ထက်ပေါက်ရှာသည်က အကြောင်းမဟုတ်။ ကျောင်းသားတပ်မတော်အား နိုင်ငံရေးတောင်ပံ (Political wing) စစ်ရေးတောင်ပံ (Military wing) ခွဲမည်ဟုဆိုလာသောအခါ တရားအရ။ အစဉ်အလာအရ ပြန်လည်သုံးသပ်မှုများ လုပ်လာရသည်။ ခုခံကာကွယ်မှုများ လုပ်ရတော့သည်။
နိုင်ငံရေးတောင်ပံ (Political wing) စစ်ရေးတောင်ပံ (Military wing) ခွဲခြင်းသည် ABSDF (ကျောင်းသားတပ်မတော်) အား နိုင်ငံရေးအဖွဲ့အစည်း တခုအောက်သို့ သွပ်သွင်းလိုခြင်း ဖြစ်သည်။ ယင်းသည် ကျောင်းသားအစဉ်အလာ။ ဗကသ အစဉ်အလာနှင့် ဆန့်ကျင်သည်။ ABSDF ၏ သီးခြားလွတ်လပ်သည့် အမျိုးသားနိုင်ငံရေးအင်အားစုအသွင်ကို ဖျက်ဆီးခြင်းဖြစ်သည်။ ကျောင်းသားလှုပ်ရှားမှုအစဉ်အလာ။ သမဂ္ဂ အစဉ်အလာတွင် နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုခု၏ လက်အောက်ခံလုပ်ခဲ့သည်မရှိ။ သီးခြားလွတ်လပ်သည့် အမျိုးသားနိုင်ငံရေး အင်အားစု။ လှုပ်ရှားမှုအဖြစ်သာ တွေ့မြင်ရသည်။ အာဏာရ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်ဖြစ်စေ။ မဖြစ်သည်ဖြစ်စေ တူလျင်တွဲလုပ်သည်။ မတူလျင် ခွဲလုပ်သည်။ လူထုအကျီုးစီးပွား။ ကျောင်းသားထုအကျိုးစီးပွားနှင့် ဆန့်ကျင်လာလျင် တိုက်ပွဲဝင်သည်။
ABSDF (ကျောင်းသားတပ်မတော်) သည် ၁၉၂၀ ကတည်းကစတင်ခဲ့သည့် ဗမာပြည်ကျောင်းသားလှုပ်ရှားမှုနှင့် တဆက်တစပ်တည်း ဖြစ်သည်။ စစ်ကြောင်း တကြောင်းတည်း ဖြစ်သည်။ သမဂ္ဂ အစဉ်အလာကို အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။ (ကျောင်းသားသမဂ္ဂ. အစဉ်အလာအတိုင်း ခွပ်ဒေါင်းအလံကို လွှင့်ထူကာ "ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၃ မှ") ကျောင်းသားတပ်မတော်သည် ကျောင်းသားသမဂ္ဂ အစဉ်အလာအတိုင်း လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်ကြောင်းကိုလည်း ABSDF ၏ ကြေညာစာတမ်းဟု ဆိုရမည်ဖြစ်သည့် ABSDF ကြေညာချက် (၁) အပိုဒ်ခွဲ ၂ ၌ "ကျွန်ပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးသည် မည်သည့်နိုင်ငံရေးပါတီ မည်သည့်တော်လှန်ရေးအင်အားစုများ. လွှမ်းမိုးမှုမရှိပဲ လွတ်လပ်စွာ ဖွဲ့စည်းခြင်းဖြစ်သည်" (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၂ မှ) ဟု အတိအလင်း ကြေညာထားခဲ့သည်။
ကျနော်တို့က ထိုတရားနှင့်အညီ ABSDF (ကျောင်းသားတပ်မတော်) ၏ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် အလံအား အခက်အခဲများစွာဖြင့် လွှင့်ထူချီတတ်ခဲ့ကြသည်။ တိုက်ပွဲဝင်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ကျောင်းသားတပ်မတော်၏ နိုင်ငံရေးလမ်းကြောင်း။ သမိုင်းလမ်းကြောင်းသည် အကြီးအကျယ် ချိုးကွေ့သွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဖောက်ပြန်၍ လက်အောက်ခံဖြစ်သော အစဉ်အလာသို့ ထိုးစိုက်ကျဆင်းသွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ခွပ်ဒေါင်းကြိမ်စာသင့်ပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက နယ်ချဲ့ဆန့်ကျင်ရေး။ ဖက်ဆစ်တိုက်ဖျက်ရေး။ ဒီမိုကရေစီတော်လှန်ရေး အဆက်ဆက်တွင် ကျဆုံးခဲ့လေပြီးသော ကျောင်းသားအာဇာနည်အထောင်အသောင်း၏ ကြိမ်စာသင့်ပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက အစဉ်အလာ ကျောင်းသားလှုပ်ရှားမှု။ ကျောင်းသားသမိုင်းနှင့် ကင်းကွှာု ဖောက်ပြန်သော ကျောင်းသားအင်အားစု ဖြစ်သွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဗမာပြည်ကျောင်းသားထုတရပ်လုံးနှင့် ကင်းကွာသွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဗမာပြည်ကျောင်းသားလှုပ်ရှားမှုအားလုံး၏ လက်နက်ကိုင်တော်လှန်ရေး စစ်ကြောင်းအဖြစ်မှ ရှက်ဖွယ်လိလိ သွေဖယ်သွားပေမည်။
ယခုအနှစ် ၂၀ အတွင်း နိုင်ငံရေးမှနှ်ု ABSDF (ကျောင်းသားတပ်မတော်)သည် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရပ်တည်နိုင်ခဲ့သည်ဆိုလျင် ထိုလောကဓံကို အနိုင်တိုက်နိုင်ခဲ့၍သာဖြစ်သည်။ ကြေညာချက် (၁) မှ စတင်ကာ တနိုင်ငံလုံးသို့ပေးထားသော နိုင်ငံရေးကတိက၀တ်ဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေးကြီးကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) ဆိုသည့် နိုင်ငံရေးအာမခံချက်အား ယနေ့တိုင် ဦးလည်မသုန်ထမ်းရွက်ခှဲု့သာ ဖြစ်သည်။
အနှစ် ၂၀ သို့ရောကှ်ု ABSDF . ပထမမျိုးဆက်ခေါင်းဆောင်မှု အများစုအား ပြန်လှည့်ကြည့်သောအခါ သူတို့ မရှိကြတော့။ သူတို့မရှိတော့သော်လည်း ABSDF (ကျောင်းသားတပ်မတော်) က ဆက်လက်၍ ၁၃၅၀ ပြည့် အရေးတော်ပုံ၏ မပြီးဆုံးသေးသည့်တာဝန်။ ကျောင်းသားထုတရပ်လုံး၏ ဒီမိုကရေစီရေးတာဝန်များအား ပခုံးထမ်းတာဝန်ယူလျက်ပင်ရှိသည်။ ကျနော်တို့တွင် ပုဂ္ဂိုလ်ရေးမရှိ။ ကျနော်တို့တွင် မူနှင့် အစဉ်အလာသာရှိသည်။ ABSDF (ကျောင်းသားတပ်မတော်) တွင် ကျရာတာဝန်များအား ထမ်းဆောင်လျက်ရှိသည့် ပထမမျိုးဆက်ဝင်များ ဆက်လက်၍ ရှိနေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ထိုရဲဘော်များကိုတော့ဖြင့် ကျနော်တို့ အလေးအမြတ်ပြုသည်။ ABSDF (ကျောင်းသားတပ်မတော်)၏ မူကို နာခံသူ။ ကတိက၀တ်ကို လေးစားသူ။ အစဉ်အလာကို လေးနက်သူများအဖြစ် အလေးအမြတ်ပြုခြင်းဖြစ်သည်။
ဗမာပြည်အဖိနှိပ်ခံတို့၏ တော်လှန်သော ဒီမိုကရေစီတိုက်ပွဲက မပြီးသေး။ --- စစ်အုပ်စုကို အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) တော်လှန်ရေးခရီးစဉ်က မပြီးသေး။ ထို့သည်နှင့်အတူ ABSDF (ကျောင်းသားတပ်မတော်)၏ လက်နက်ကိုင်တော်လှန်ရေးသည်လည်း မပြီးဆုံးသေး။
ညိုထက် (လမ်းသစ်ဦး)
ကျောင်းသားများထံသို့
[ဖိုးသံ(လူထု) အီးမေလ်နဲ့ လက်ဆင့်ကမ်းမျှဝေတဲ့ နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]
[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆိုချက်များဖြစ်၍၊ မည်သည့် စာနယ်ဇင်းတွင်မျှ၊ ဤ မိန့်ခွန်းမပါဘူးသေးကြောင်း]
ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။
ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။
တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။
ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။
ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။
ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။
အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။
အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက်ရောက်တဲ့ နွားနဲ့ တူနေကြတယ်။
အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။
ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။
အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။
အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရတာဘဲ။
ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။
လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။
လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။
ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။
အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့တတ်သည်" လို့ ဆိုတယ်။
လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆိုသလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။
ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာတွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။
အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။
ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မတန်တူတယ်။
လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ်နေကြရတာဘဲ။
ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာတော့ စားကျက်လုနေတာ တွေ့ရတာဘဲ။
ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။
သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြုလွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။
တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။
ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။
ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။
အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။
ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေအောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။
အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်းတယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။
အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင်လောက်ပဲ။
ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။
သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။
စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။
တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။
အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက်ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။
ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။
အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။
ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။
နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ- အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်းဘဲ။
အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ်ထားတယ်။
ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...
လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။
ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။
ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။
လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။
နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။
တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။
ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။
ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။
ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်'ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင်သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။
ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင်တာင် လာမှာဘဲ။
အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။
ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသားတွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။
ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။
အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။
ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။
ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။
ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။
ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။
တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူးတယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။
"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"
"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။
ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။
ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြတဲ့ အကောင်တွေဘဲ။
အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်းဆောင်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။
အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရားပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။
အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။
[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]
ပြီးပြီ။
အရေးတော်ပုံ အောင်ပါစေ။
[ဖိုးသံ(လူထု) အီးမေလ်နဲ့ လက်ဆင့်ကမ်းမျှဝေတဲ့ နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]
http://charnarthu.blogspot.com/ မှ ကူးယူသည်။
ဘဟိန်း (သို့မဟုတ်) ကဗျာ
ဒဂုန်တာရာ
( ၁ )
ယခုခေတ် ဗမာပြည်၌ကွန်မြူနစ်တို့သည် ရုပ်ဝါဒကိုမျိုးစေ့ကြဲ၍ နေကြပေပြီ။ ရုပ်ဝါဒဆိုသည်မှာ စိတ်ဝါဒ မဟုတ် စိတ်ကူး စိတ်သန်းမဟုတ်။ အကောင်အထည်ကိုမာကြောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို လူအများက ယေဘုယျ မှတ်ထင်ကြပေသည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူ နစ်ပါတီ၏ ခေါင်းဆောင် သခင်ဗဟိန်းအား ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့် ရုပ်ဝါဒ နိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟုထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဘဟိန်း ကို နိုင်ငံရေးသမားအဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာပေသည်။ ကဗျာ …. ။ ဟုတ်သလား။
၁၉၃၈ ….
သရက်ထည် ပန်းပွင့်ရိုက် အနားကွပ် ခန်းဆီးပြာသည် ပိန်လိုက် ဖေါင်းလိုက်နှင့် ရွက်တိုက်လျက်ရှိသည်။ အပြင်ဘက်တွင်ကား မှောင်၍ နေသည်။ တချက် တချက် တက္ကသိုလ် ရိပ်သာလမ်းမှ အဓိပတိလမ်းသို့ ကွေ့ကာ မောင်းဝင်လာသော မော်တော်ကား ရှေ့မီးရောင် သည် ၀င်းကနဲ လက်လိုက်ရာ တက္ကသိုလ်သမဂ္ဂ အသင်းတိုက်ရှေ့ရှိ ဇော်မွှားပန်း၊ ဗုဒ္ဓံသရဏံပန်းများကို လျှပ်စစ်ပြက်လိုက်သလို ရိပ်ကနဲ တွေ့မြင်လိုက် ရပေသည်။
လူများချိန် (၈)နာရီခန့် ဖြစ်သဖြင့် သမဂ္ဂပျော်ပွဲစားရုံသည် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံတို့ဖြင့် ညံ၍ နေ၏။ မြို့ထဲတွင် လည်ပတ်ရာမှ နောက်ကျသော ကျောင်းသားများသည် သမဂ္ဂတွင် ၀င်၍ ညစာ စားလေ့ ရှိကြ၏။ ပျော်ပွဲစားရုံ၏ ဒေါင့်ရှိ စားပွဲရှည်တွင်ကား သမဂ္ဂခေါင်းဆောင် ကျောင်းသားတစုသည် ၀ိုင်းဖွဲ့ကာ စကားပြောသူကပြော၊ အစား စားသူကစားလျက် ရှိကြသည်။
သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့စကားပြောထဲတွင် မပါဝင်ဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓာတ်စက်ကို ဓါတ်ပြား တချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။
သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင် အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့ လန်းရွင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကြက်သရေဖြင့် လျှမ်းသောအပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး။
ကျွန်တော်သည် ရုပ်ရှင်ကြည့်ရာမှအပြန် နောက်ကျနေသဖြင့် ကျောင်းထမင်းစားရုံသို့မသွားတော့ဘဲ သမဂ္ဂ ပျော်ပွဲ စားရုံတွင်ပင် ညစာကို မှာစားလျက်ရှိသည်။
သူတို့ဝိုင်းထဲမှ ကိုဗဆွေ (ယခု ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး)က ကျွန်တော့်ကို ကိုဘဟိန်း နှင့် အသိဖွဲ့ပေးလေသည်။ ကိုဗဆွေကား စစ်ကိုင်းကျောင်းဆောင်တွင် ကျွန်တော်နှင့် အခန်းခြင်းကပ်နေ၍ တယောက်ကို တယောက် ဆဲမနာ၊ ဆိုမနာ ခင်မင်သူ ဖြစ်သည်။
`ဒါ ကိုယ်တို့စစ်ကိုင်းကျောင်းဆောင်ကလေ။ ဒဂုန် မဂ္ဂဇင်းမှာစာတွေ ဘာတွေ ရေးတာပေါ့ကွ´ဟု ကိုဗဆွေ က မိတ်ဖွဲ့ပေးသောအခါ ကိုဘဟိန်းသည် ဓါတ်စက်မှသော့ကိုလှည့်ရင်း သူ၏ကြာပွင့်ချပ်ကလေးထဲမှ ၀တ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ …
`သြ … ဟုတ်လား။ ရတုပိုဒ်စုံတွေ ဘာတွေ ဒဂုန်မှာဖတ်ဖူးပါတယ်။ မန္တလေးမှာ နေကထဲက တွေ့ဖူး ပါတယ်´
ကိုဘဟိန်းသည် လူဖတ်နည်းလှသော ကျွန်တော်၏ရတုပိုဒ်စုံများကို ဖတ်ဖူးသဖြင့်အံ့သြ၍သွား၏။ သူသည် ကဗျာကို မြတ်နိုးသူ တယောက်ဖြစ်သည်။
`ကျွန်တော်တော့ မေရှင်ကို အတော်ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ´ဟု ပြောကာ သူသည် `ချစ်၍ခေါ်ရာ၊ ချစ်၍ခေါ်သည်´ကို ဒုတိယအကြိမ် ထပ်၍ ဖွင့်ပြန်၏။ ပြီးလျှင် `သော်တာငွေမင်း´ကို ဖွင့်၏။ သူသည် ဂီတကို ချစ်သည်။ သူနှင့် ကျွန်တော်သည် ခဏနှင့်ပင် စကားလက်ဆုံကျလျက်ရှိကြသည်။ ကာလပေါ် ဗမာဂီတ အခြေအနေကို သူသည် ဝေဖန်လျက်ရှိသည်။
`တချို့က အင်္ဂလိပ်တီးလုံးသွား သီချင်းတွေကို မကြားနိုင်ကြဘူး။ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့ တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးတည်း ကန့်သတ်ထားတာ မဟုတ်ဘူး။ ကျွန်တော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြား ဂျပန်ပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ်၊ ဣတာလျံ ပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့က အင်္ဂလိပ်သံဆိုရင် အသံသေး အသံကြောင်ဆိုပြီး နားမထောင်နိုင်ကြ တာ အံ့သြဆရာပဲ´ စသည်ဖြင့် သူက ပြောလေသည်။
တဘက်စားပွဲစွန်းတွင် သမဂ္ဂအမှုဆောင်တစုနှင့် နိုင်ငံရေးအကြောင်း ငြင်းခုံစကားကောင်းလျက်ရှိသော ကိုဗဆွေက ဂီတနှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိသော ကိုဘဟိန်းနှင့်ကျွန်တော်တို့ဘက်သို့ လှည့်ကာ `အေး … မင်းတို့နှစ်ယောက်ကတော့ ကိုက်မှာပဲ။ ဘဟိန်းကလဲ ၀တ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စား ချင်နဲ့တော့။ မင်းတို့ နှစ်ယောက်က စိတ်ကူးယဉ် သမားတွေကိုး´ဟု ပြောကာ ရယ်မော၍ နေသည်။
`လူဆိုတာ အလှအပကို မက်တာပဲ။ ကဗျာဂီတရဲ့ အလှအပကို မကြည်နူးဘဲမနေနိုင်ဘူး။ လူဟာမင်းပြော တဲ့ စိတ်ကူးယဉ်ပဲ ဆိုပါတော့။ ကဗျာဂီတကို နားလည်မွေ့လျော်တာဟာ ယဉ်ကျေးလာတာကွ´ဟု ရယ်မော ရင်း ကိုဘဟိန်းက ပြန်ပြောလေသည်။
ကိုဗဆွေပြောသလိုပင် သူနှင့်ကျွန်တော်သည် မကြာမီပင် ခင်မင်ရင်းနှီးကာ ကျောင်းတွင် တတွဲထဲတွဲလျက် ရှိပေသည်။ သူသည် မန္တလေး ကောလိပ်မှလာစ ဘီအေ ပဋ္ဌမနှစ်။ ကျွန်တော်ကားကျောင်းရောက်စ ဥပစာ ပဋ္ဌမနှစ် ဖြစ်ပေသည်။
( ၂ )
အကယ်၍ ကိုဘဟိန်းသည်နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာတယောက် ဖြစ်မည်ဟုကျွန်တော် ထင်သည်။
သူသည် စာပေကိုလည်း အင်မတန် ၀ါသနာပါသည်။ ကားလ်မတ်စ်၏ကွန်မြူနစ်စာပေ ပရိယတ္တိကိုသာ မဟုတ် အနုစာပေကိုလည်း ဖတ်သူဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။
တခါက သူသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလ်သမဂ္ဂတွင်ရှိစဉ် ဂေါ်ကီ၏ ၀တ္ထုတိုတပုဒ် ကို ဗမာလို ဆီလျော်အောင် ဘာသာပြန်ဖူးသည်။ သူသည် ကျွန်တော့်ရှေ့တွင်ပင် ၀တ္ထုတိုကို ရေးပေသည်။
သူ၏၀တ္ထုသည် ထိုအခါက နာမည်ထွက်စပြုလျက်ရှိသော လက်ရွေးစဉ်မဂ္ဂဇင်းတွင် ပါစေသည် (လက်ရွေး စဉ် မဂ္ဂဇင်းကို စတင်တည်ထောင်သူအယ်ဒီတာမှာ ဂျာနယ်ကျော်တွင် မကြာခဏ ရေးလေ့ရှိသော ကွယ်လွန်သူ အဆန်းဆရာကြီးဖြစ်သည်။) ကိုဘဟိန်း ရေးသော ) ၀တ္ထုတို၏ အမည်မှာ `လေလွင့်သူ´ ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘ၀အကွေ့၌ တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံ သဘာဝကို ပြထား သော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်သည်။
ဒဂုန်မဂ္ဂဇင်းတွင်ပါဝင်သော သူ၏ `ဘ၀ခရီး´ အမည်ရှိ ၀တ္ထုတိုကားဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှ သည်။ ကုလား ဗမာ အဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်း နှစ်ယောက်၏ မေတ္တာနှင့်ငတ်မွတ်ခြင်း အကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာ ထည့်သွင်းထားသေးသည်။
ထွန်းအေးစာအုပ် ဖြန့်ချိရးဋ္ဌာနမှထုတ်ဝေသော `ဓနရှင် လောက´ ကား ဗမာစာနယ်ဇင်းလောကတွင် ထင်ရှားသည်။`ဓနရှင် လောက´သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဘဟိန်းသည် အရေးအသား၌ နိုင်နင်း ကျွမ်းကျင်ကြောင်း ဖေါ်ကြွားထားပေ၏။ သုသည် စာရေးကောင်းသူတယောက် ဖြစ်သည်။
အင်္ဂလိပ် ပြေးခါနီး သူထောင်မကျခင်က ချားလ်ဒစ်ကင်း၏ နာမည်ကျော် `မျှော်တလင့်လင့်´ ၀တ္ထုကြီးကို `လူ့အလို´ အမည်ဖြင့် ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ(၆၀)ကျော်သာ ပုံနှိပ်ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာ စာပေလောကတွင် ကျော်စော ထင်ရှားဦးမည့် ၀တ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည် နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေရာ တဖေါင် ရိုက်နေစဉ် နောက်တဖေါင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေး စာအုပ်ဖြန့်ချိရေးဋ္ဌာန အလုပ်ခန်းတွင် ထိုင်ကာ ရေးပေးသော ၀တ္ထုဖြစ်သည်။ သူ့မှာ ၀တ္ထုရေးဆရာကြီး တယောက်ဖြစ်နိုင်သော လက္ခဏာတွေ အများကြီးရှိသည်။ သို့သော် ဗမာပြည်ကို လွတ်လပ်ချင်သောစိတ်၊ ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်လို သော စိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘ၀ ကတည်းကပင် ထောင်ကျဆင်းရဲ အနစ်နာ ခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။
`ဇမ္ဗူကျွန်းလုံး` သီချင်းခံကို ဂီတ၌အတန် ၀ါရင့်သူများသာ ရပေသည်။ ကိုဘဟိန်းသည် ဇမ္ဗူကျွန်းလုံး သီချင်းခံကို အစအဆုံး ပင် ဆိုနိုင်သည်မှာ အံ့သြဖွယ် ကောင်းပေသည်။ ဇမ္ဗူကျွန်းလုံးသည် ဂီတ၀ိသော ဓနိကျမ်း၌ တမျက်နှာကျော် ရှည်လျားသည်။
အေ၀မ်း ဓာတ်ပြားများကို သူသည် နှစ်သက်သည်။ ပြည်လှဘေ ဆိုသော `နတ်ရှင်နောင်´ သီချင်းကို တူရိယာ တီးမှုတ်သူ တွေ့တိုင်း တီးခိုင်းလေ့ရှိသည်။ နတ်ရှင်နောင်ထဲမှ `ပေါ်နွေလလျင်´ရတုကို မရတရဖြင့် ညည်းသည်။ ဒိုရာသန်းအေး၏ `လှေကလေး´ ကိုလည်း သူအတော် သဘောကျသည်။
တက္ကသိုလ် ရာဇ၀င်ကထိက ဦးဘညွှန့် သီဆိုဓာတ်ပြားသွင်းသော ဆုထူးရွယ် သီချင်းကို သူသည် ဓာတ်ပြားမထွက်ခင်ကတည်း က ရနေသည်။ ဦးဘညွှန့်မှာ ကိုဘဟိန်းနှင့်ခင်ရာ ဦးဘညွှန့် တယောလေးနှင့် ဆိုလေ့ရှိသည်ကို နားဖြင့် မှတ်ကြားကာ ရနေဟန် တူလေသည်။ ကိုဘဟိန်းကား အခြားနိုင်ငံရေးသမားများလို မဟုတ်။ နိုင်ငံရေးသမားများနှင့်သာမဟုတ်၊ အနုပညာသမားတွေနှင့်လည်း ခင်မင်ပေါင်းသင်းသူ ဖြစ်ပေသည်။
ကိုဘဟိန်းသည် လူအဖြစ် ကုန်လုံပြည့်စုံသူ တယောက်ဖြစ်သည်။ လူတွင် ချစ်စိတ်ကြိုက်စိတ် ရှိသည်။ ဆန့်ကျင်ဘက် လိင်ကို ကြိုက်တတ်သည်။ ကိုဘဟိန်းသည်လည်း ချစ်စိတ် ကြိုက်စိတ် ရှိသည်။ တက္ကသိုလ်တွင် ရှိစဉ်က လှပသည့် ကျောင်းသူတဦးကို ကော်ရစ်ဒါ အကွေ့တွင် စကားလိုက်ပြောသည်ဆိုသော သတင်းထူးသည် တက္ကသိုလ်နယ်တွင် ပျံ့နှံ့သွား၏။ ကိုဘဟိန်းသည် လူဖြစ်သည်။ သူတယောက်တည်းသာမဟုတ် ပုတုဇဉ် အားလုံးသည် ဥမ္မာတကော မဟုတ်လား။
ဘီအေ အထက်တန်းတွင်ရှိသော ၁၉၃၉ ခုနှစ်က သူသည် သထုံကျောင်းဆောင်တွင် မနေဘဲ မြေနီကုန်းရှိ ပြည်လမ်းမကြီးမှ အရှေ့ဘက်သို့ ချိုးဝင်ရသော မြေနုလမ်းတွင် နေကာ နေ့ကျောင်းသားအဖြစ် ကျောင်းတက်လျက်ရှိသည်။ သူနှင့်အတူ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) နှင့် သူ၏ညီ မောင်သန်းနိုင်တို့ နေသည်။ ကျွန်တော်သည် အတန်းအားချိန်တွင် သူ၏နေအိမ်သို့ မကြာခဏ သွားလည်လေ့ ရှိသည်။သူ၏ အိမ်တွင် ဓါတ်စက်တလုံး ရှိ၏။
ကိုဘဟိန်းတွင် လူတွေကို ချစ်ခင်တတ်သော မေတ္တာဓါတ် ကြွယ်ဝသည်။ အထူးသဖြင့် သူသည် ကလေးများကို အင်မတန် ချစ်ခင်တတ်သည်။ တနေ့ ကျောင်းအားချိန်တွင် မြေနုလမ်းအိမ်သို့ သွားလည်ရာ သူသည်(၄)နှစ်သား အရွယ် ကလေးလေးကို ဒူးနှစ်ဖက်ကြား တွင် ပွေ့ဖက်ကာ`သည်ဆောင်းဟေမန်´ ဓါတ်ပြားကို ဖွင့်လျက်ရှိသည်ကို တွေ့ရသည်။ ကလေးလေး၏ နှပ်ချေးများကို သူကိုယ်တိုင် လက်ဖြင့် သုတ်သင်ပေးသည်။ သူသည် သည်ကလေးလေးကို အင်မတန် အလိုလိုက်သည်။
ကျွန်တော်က မသင်္ကာ၍ ကိုထွန်းရှိန်ဘက်သို့လှည့်ကာ `ဘယ့်နှယ့်လဲ ကိုထွန်းရှိန် သူ့မှာ နှမချော၊ အဒေါ်ချောမှ ရှိရဲ့လား´ဟု ကလေးကို မေးငေါ့ပြရင်း ရယ်မောကာ မေးလိုက်၏။ ကိုဗဟိန်းကား ဓါတ်စက်မှ သော့ကိုသာ အတွင်လှည့်နေသည်။
ကိုထွန်းရှိန်သည် အိမ်ဘက် လမ်းရှေ့ဆီသို့ ငေးကြည့်ကာ `မသိတော့လားဗျာ´ ဟု ခပ်ပြုံးပြုံး ဖြေလေသည်။
သူ၏ အိမ်ရှေ့တွင်ကား ဆရာဖြစ်သင် ကောလိပ်ကျောင်းသူ မခင်ကြီး ရှိသည်။ ကိုဘဟိန်းသည် မခင်ကြီးအား ချစ်သူဘ၀ ကတည်းကပင် အတော်ချစ်၏။ ၁၉၃၉ ခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက် အတွင်းက သူနှင့်ကျွန်တော် ရှမ်းပြည်သို့ မန္တလေးမှ ဖြတ်သန်း သွားခဲ့၏။ ထိုစဉ်က မန္တလေးသို့ မင်းလတ် သင်္ဘေဖြင့် ဆန်တက်လျက်ရှိရာ သင်္ဘောပေါ်တွင် ကိုဘဟိန်းသည် မခင်ကြီးအကြောင်းကို တတွတ်တွတ် ပြောလျက်ရှိ၏။ မခင်ကြီးထံသို့ တနေ့ တစောင်ကျ စာထည့်၏။ သင်္ဘေဆိပ်ကမ်းမြို့ တမြို့သို့ ဆိုက်ကပ်လျှင် ကျွန်တော်က စာတက်၍ ထည့်ရ၏။ ကျွန်တော့် အမေထံသို့ စာထည့်ရန် ရန်ကုန်က ၀ယ်လာခဲ့သော ဒစ်ကင်ဆန် စာရေးစက္ကူကပ် အပြာနုမှာ သူ့ မခင်ကြီး ထံသို့ စာရေးသဖြင့် ရှမ်းပြည် နမ်းမတူ ရောက်အောင် မခံဘဲ အကုန်ချောတော့၏။
( ၃ )
ကိုဘဟိန်းကို သူ့မိဘများက ကြေးမှုံသဖွယ် အရိပ်တကြည့်ကြည့်နေအောင် ချစ်၏။ သူ ရန်ကုန် တက္ကသိုလ်သို့ လာသောအခါ မိဘများက သူ၏ သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကြပ်နေအောင် သိပ်ပေးခဲ့၏။ ကိုဘဟိန်းမှာ သပ်သပ်ရပ်ရပ် နေတတ်၏။
ရှမ်းပြည်အသွားတွင် ကျွန်တော်သည် လက်ဆည်ကန်ရှိ ကိုဘဟိန်း၏ မိဘများအိမ်တွင် ရက်သတ္တ တပတ်ခန့် တည်းခိုရ လေသည်။ ထိုအခါ သူ၏ ဖခင် ဦးမှင်က သူ့ကို စကားမပြော။ မခေါ်ဘဲ နေသောအခိုက် ဖြစ်၏။ သို့သော် ရှမ်းပြည်တွင် လည်ပတ်သောအခါ အချမ်းလုံအောင်ဆို၍ သားအတွက် ရှူးဖိနပ်ကို ကိုယ်တိုင် ဆေးသုတ်ပေးရှာ၏။ ဤမျှ သားကို ယုယ၏။
တည ကျွန်တော်တို့ ရှိစဉ် သခင်အောင်ဆန်းသည် မန္တလေးသို့ နိုင်ငံရေးကိစ္စနှင့် လာခိုက်ဖြစ်၍ ကိုဘဟိန်းထံသို့ အလည် လာ၏။ ကိုဘဟိန်း အပြင်သို့ ထွက်နေသဖြင့် သခင်အောင်ဆန်းသည် ဦးမှင်နှင့် စကားပြောလျက် ရှိ၏။ ကိုဘဟိန်းအကြောင်း ရောက်သွားသောအခါ ဖခင် ဦးမှင်က `သူ့ကို ကျုပ်တို့က ဘယ်လောက် အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပေမယ့် သူက မိဘကို နိုင်ငံရေးလောက် ချစ်တာ မဟုတ်ဘူး´ ဟု ပြောလေသည်။
သခင်အောင်ဆန်း နှုတ်ဆက်၍ ပြန်သွားသောအခါ ဦးမှင်သည် ကျွန်တော့်ဘက်သို့ လှည့်၍ `ကိုအောင်ဆန်းနဲ့ ဘဟိန်းဟာ အတူတူပဲ။ သူတို့က နိုင်ငံရေးကို မိဘထက် အပုံကြီး ချစ်တယ်´ ဟု ပြောလေသည်။
မိခင်နှင့် အစ်မများကလည်း သူ့ကို`ကိုဟိန်း-ကိုဟိန်း´ နှင့် ပါးစပ်ဖျားလေးတွင်၊ ကိုဘဟိန်းသည် သူ့မိခင်၏ ပေါင်ကို ခေါင်းအုံးကာ မိခင်၏ ယုယစွာ ဆံပင်သပ်ပေးခြင်းကို ကျေနပ်စွာ ခံလျက်ရှိသည်။ အစ်မလုပ်သူများက ဘေးတွင် ထိုင်စကားပြောလျက်ရှိကြ၏။
မိဘများက သူ့ကို ဘယ်လောက်ပင်ချစ်ချစ် သူသည် နိုင်ငံရေးအတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏ အေးချမ်း ရိပ်ငြိမ်သော အရိပ်တွင် မနေနိုင်ဘဲ ကြမ်းတမ်းခက်ထရော်၍ မာကြောလှသော အကျဉ်းထောင် နံရံလေးဘက် အတွင်း၌သာ ဆင်းရဲခြင်း ဒုက္ဒ ကို တွေ့ကြုံရလေသည်။
သူသည် အ၀တ်အစားကို သပ်သပ်ယပ်ယပ် ၀တ်ဆင်တတ်၏။ သန့်ရှင်းစွာ နေတတ်၏။ ဘန်ကောက်လုံချည် အပြာကို ကြိုက်၏။ ဂီတကို ချစ်၏။ သူ့ကို အဝေးက ကြည့်လိုက်လျင် ပေါ်လွင်၍ ကြက်သရေဖြင့် ရွမ်းရွမ်းမြသော သူ၏အပြုံးသည် ကြာပန်းမှ ၀တ်ဆံကို ဖွင့်လှပ် တင့်ကြွားလိုက်သလို မြင်လိုက်ရ၏။ သူ၏ ရုပ်သည် ယဉ်ကျေးသိမ်မွေ့သော လူလတ်တန်းစား ဟန်သွင်ဖြစ်၏။ သို့သော် ကျောင်းသားဘ၀ ကတည်းက မကွေးထောင်၊ အင်းစိန်ထောင်တို့တွင် နေရ၏။ တိုက်ပိတ်ခံရ၏။ အင်္ဂလိပ် ပြေးခါနီး အဖမ်းခံရ၍ ထောင်အမျိုးမျိုးပြောင်းကာ ဒုက္ဒကို တွေ့ကြုံ၏။ ဆင်းရဲခြင်းနှင့် နဘမ်းလုံး၏။
( ၄ )
ရှမ်းကုန်မြေမြင့်ဒေသကား လွင်ပြင်မှာထက် စော၍ နေ၀င်သည်။ နေ၀င်သော်လည်း အမှောင်ထုသည် မင်းမမူ။ လသည် ငြိမ့်ငြိမ့်ကြီး ထွက်လာလေတော့သည်။
ငွေလရောင်သည် တောနှင့် တောင်ကို ပွေ့ဖက်ကာ မြူလိုက်လေသည်။ တဘက်တွင် မှိုင်းညို့သောသစ်တောနှင့် စောက်မတ်သော မြေထရံကြီး။ တဘက်တွင်း ရေတံခွန်တို့ဖြင့် ပြွမ်းကာ တသွင်သွင်စီးဆင်းနေသော ဒုဋ္ဌာဝတီမြစ်။
မြစ်ကမ်းရှိ သစ်ပင်တို့သည် ငွေသရဖူ-ငွေမကိုဋ်ကို ဆောင်းကာ သူတို့၏အလှကို ၀င့်ကြွားလိုက်သည်။ မြစ်ယံမှ ရေတံခွန်တို့သည် ငွေလရောင်ဦးဝယ် တလက်လက် ကွန့်မြူး၍ နေသည်။
လားရှိုးသို့တက်သော မီးရထားသည် မန်ဆန်ဘူတာရုံကို ကျော်လေပြီ။
ကိုဘဟိန်းသည် ငွေလရောင်၏ အလှတွင် ယစ်မူးကာ မေရှင်၏ ကျောင်းပိတ်ရက် သီချင်းကို တအေးအေး ညည်းလျက် ရှိလေသည်။
ရေတံခွန် သွယ်ဖြာစီးလို့ရယ်
တောင်ခြေ နှင်းမြူတွေဝိုင်းတယ်
အလျှိုလျှိုတောင်ညို တန်းလို့ကွယ်
ပျိုပျို လွမ်းပါလှတယ်…..
ရှမ်းပြည်သို့ လည်ပတ်စဉ်က ကိုဘဟိန်းနှင့် ကျွန်တော်တို့တွင် နောက်ခံနိုင်ငံရေး ရည်ရွယ်ချက် ရှိသေးသည်။ အကယ်၍ လမ်းပန်း သာမည်ဆိုလျှင် နယ်ခြားကို ဖြတ်သန်း၍ တရုတ်-ဗမာ လမ်းမကြီးတလျှောက် တရုတ်ပြည်တွင်းသို့ သွားရန်ဖြစ်၏။ တရုတ်ပြည်သို့ ရောက်မိလျှင် နိုင်ငံခြား အဆက်အသွယ် ရနိုင်မည်ဖြစ်၏။ သို့သော် အကြောင်း မသင့်သဖြင့် သိန္နီသို့ ရောက်သောအခါ ရှမ်းပြည်ပုဒ်မ (၁၀) ကြောင့် ဆက်မသွားနိုင်တော့ဘဲ ပြန်ခဲ့ရ၏။
လွယ်ယိုးသည် ငွေလရောင်နှင့် မှောင်ရိပ်ကြားဝယ် ငြိမ်ဝတ်စွာရှိသည်။ ယူနန်-ဗမာ လမ်းမကြီးသည် ငွေပြာ ဖဲပြားကို ဖြန့်ထားဘိသကဲ့သို့ မှတ်ထင်ရ၏။
တရုတ်ပြည်သို့ သွားကြသော မော်တော်ကားတန်းကြီးသည် လမ်းဘေးတွင် အိပ်စက်လျက်ရှိ၏။ မလှမ်းမကမ်းတွင်ကား ဒမ်းစတေရှင် ခေါ်သော လက်နက်စက်ရုံကြီးသည် ကုန်းမြင့် အစွန်းဝယ် ပေါ်နေ၏။ တဘက်တွင်ကား မှိုင်းညို့သော လားရှိုး လေယျာဉ်ပျံကွင်း ကြီးသည် ငွေလရောင်ဝယ် ၀မ်းလျားမှောက်၍ နေသည်။
တောတောင်ရေမြေသာမဟုတ် လေသည်လည်း ငွေရောင်ဖြင့် ပြွမ်းသည်။ ကိုဘဟိန်းနှင့် ကျွန်တော်သည် ယူနန်-ဗမာ လမ်းမကြီး ပေါ်တွင် လမ်းလျှောက်နေကြစဉ် သူက စတင်၍ `လသာတယ်ဗျာ၊ တယ်ပြီး ကြည်နူးစရာကောင်းတာပဲ။ ဒီငွေလရောင်က ကျွန်တော့ရဲ့ အတွင်းစိတ် တခုကို ထကြွရွင်လန်းအောင် လှုံဆော်ပေးတယ်။
ကျွန်တော်က သူသည် ရန်ကုန်တွင်ရှိသော မခင်ကြီးကို တမ်းတလွမ်းဆွတ်လိမ့်မည် ဟု အောက်မေ့လျက် ရှိသည်။
`ကဲ ဆိုစမ်းပါဦး´ဟု ကျွန်တော်က ၀င်ထောက်၏။
`အဲဒီတော့၊ ဒီလိုငွေလရောင် မြူးခိုက်မှာ စိတ်ဟာ ကြည်လင်ရွင်လန်းပြီး လီနင်ရေးတဲ့ နိုင်ငံတော်၊ အစိုးရနှင့် တော်လှန်ရေး အကြောင်းကို ဆွေးနွေးရအောင်….´
ကျွန်တော်ထင်သည်မှာ တက်တက်စင် လွဲလေပြီ။ လသာသဖြင့် သူယုံကြည်သော ကွန်မြူနစ်ဝါဒကို ပြောချင်သည်။ ကျွန်တော်လည်း စိတ်မပါလှဘဲ သူ၏ လီနင်ဝါဒများကို နားထောင်၍ နေရလေသည်။ ကိုဘဟိန်း၏ ရုပ်ဝါဒတရားသည် လှပတင့်ထူးသော ငွေလရောင်ဝယ် ပြန့်လွင့်ကာ ပဲ့တင်ထပ်လျက် ရှိလေသည်။
( ၅ )
ကျွန်တော်ကား နိုင်ငံရေးသမား မဟုတ်၊ ကွန်မြူနစ်လည်း မဟုတ်။ သို့သော် ကိုဘဟိန်းနှင့် ကျွန်တော့်ကို မေတ္တာကြိုး သွယ်ထား၏။ တခါက သူ၏ဓါတ်ပုံကို ကျွန်တော့်အား အထိမ်းအမှတ် လက်ဆောင်ပေးသောအခါ ဓါတ်ပုံ၏ နောက်ကျော၌ `ကိုယ်တို့နှစ်ဦးကို တွယ်တာချစ်ခင်ခြင်းသည် ဂဟေဆက်စေ သတည်း´ ဟု စာထိုးလိုက်၏။
တခုသွား၍ သတိရ၏။ ဂျပန်ခေတ်က နိုင်ငံခြားရေးဋ္ဌာနသည် အင်းလျားကန်စွန်းရှိ `အိမ်ဖြူ´ တွင် ရုံးလုပ်ထား၏။ ကိုဘဟိန်း သည် နိုင်ငံခြားရေး ဒုတိယ အတွင်းဝန်ဖြစ်နေ၏။ ကျွန်တော်သည် ရန်ကုန်သို့ ခေတ္တလာလည်စဉ် နေ့တိုင်း သူ၏ ရုံးခန်းတွင် အချိန်ဖြုန်း၏။ သူသည် အက်ဂါစနိုးရေးသော `တရုပ်ပြည်ပေါ်က ကြယ်နီ´ စာအုပ်ကို ဖတ်လျက်ရှိသည်။
ကျွန်တော်မှာ ရန်ကုန်သို့ ၂-ရက် ၃-ရက်ဆိုပြီး တောမှအလာ (၃)လခန့် ကြာပြီး သောင်တင်လျက်ရှိရာ လဲစရာ လုံချည်ပိုမရှိ။ ဘန်ကောက်လုံချည် အပြာတထည်ကိုသာ မချွတ်တန်း ၀တ်နေရ၏။ သို့ဖြစ်ရာ ကိုဘဟိန်း ၀တ်ထားသော မန္တလေးလုံချည် အစိမ်းနှင့် လဲရန် အတင်းပူဆာ၏။ ကျွန်တော်တို့သည် သူ၏ နိုင်ငံခြားရေးဋ္ဌာန အတွင်းဝန်ရုံးခန်း တံခါးကိုပိတ်ကာ ဘောင်းဘီတို ကလေးတွေနှင့် တယောက် လုံချည် တယောက်လဲကြ၏။ ပြီးလျှင် နှစ်ယောက်သား အူတက်မတတ် ရယ်မောလျက် ရှိကြလေသည်။ သည်အကြောင်းကို မခင်ကြီးအား ပြောပြသောအခါ `ရှင်တို့ဟာ ခလေးတွေလိုပဲနော်၊ အရှက်လဲ မရှိဘူး´ဟု ရယ်ကာကြိမ်း၏။
သူကား ကျွန်တော့်ကို အခွင့်သင့်တိုင်း နိုင်ငံရေးလောကသို့ သွေးဆောင်၏။ အင်္ဂလိပ် တော်လှန်ခါနီးက ဒို့ဗမာ အစည်းအရုံး ၀င်ရန် ဖျားယောင်း၏။ နောက် ကွန်မြူနစ်ဖြစ်သောအခါ သူ ဥက္ကဋ္ဌ လုပ်သော အလုပ်သမားသမဂ္ဂတွင် ပါဝင်ရန် တိုက်တွန်း၏။ သို့သော် ကျွန်တော်ကား နိုင်ငံရေးသမား မဖြစ်၊ စာပေလောကတွင်သာ မွေ့လျော်၏။
ကဗျာကိုတွေ့လျှင် လူတွေ ချစ်သလို ကိုဗဟိန်းကိုလည်း တွေ့လျှင် မချစ်ဘဲမနေနိုင်။ သူ၏ အပြုံးသည် အင်မတန် ချစ်ဘွယ် ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာ ပါမောက္ခ ရုတ်စ် ကပင် ကိုဘဟိန်းအား `နှစ်လိုဖွယ် ကောင်းသော သူငယ်ပဲ´ဟု ပြော၏။ ဒါကြောင့် သူ့ကို ကဗျာဟု ကျွန်တော်က ခေါ်၏။ ကျွန်တော့်အထင်ဖြင့် သူ့အမူအယာ၊ သူ့အပြုံးကလေးများသည် ကဗျာဆန်လှ၏။
ကိုဘဟိန်းကား ကျွန်တော့်ကို နိုင်ငံရေးသမား ဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကျွန်တ်ေက ကိုဘဟိန်းကို စာရေးဆရာ ဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကိုဘဟိန်း မကျမ်းမာ၍ မန္တလေးတွင် ဆေးကုလျက်ရှိစဉ် တနေ့သ၌ သုဓမ္မ၀တီ ပုံနှိပ်တိုက်တွင် သခင်ဘကိုးနှင့် သွားတွေ့၏။
`ဘယ့်နှယ့်လဲ ကိုဘဟိန်း ဘယ်လိုနေသေးသလဲ´ဟု ကျွန်တော်က မေး၏။
`ဒီလိုပဲ…ရောဂါက တန်းနေတာပဲဗျာ၊ မန္တလေး ဆေးရုံမှာ တက်နေတယ်။ ခင်ဗျားတောင် ကိုဘဟိန်းက မေးလိုက်တယ်´
နောက် ၁၀-ရက်ခန့်ကြာသောအခါ ကျွန်တော်လည်း နေမကောင်း၍ အိပ်ယာထဲတွင် မှိန်းနေစဉ်၊ တည၌ သမာဓိ သတင်းစာတိုက် မှ မိတ်ဆွေ အယ်ဒီတာတဦးက `ကိုဘဟိန်းတယောက် မန္တလေး ဆေးရုံမှာ ဆုံးပြီ´ ဟု လာရောက်ပြော၏။ ကျွန်တော်သည် အံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ် သွားသည်။
ကိုဘဟိန်း၊ ကိုဘဟိန်း၊ ချစ်လှစွာသော သူငယ်ချင်း ကိုဘဟိန်းကား မရှိတော့ပြီ။ ။
ဒဂုန်တာရာ
ဇန်န၀ါရီလ၊ ၁ ၉ ၄ ၇
သေတမ်းစာ
ယောဟန်အောင်
အလင်းကိုပေးဖို့
ထင်းဟာ မီးကို စားသလိုပေါ့၊
အားလုံးကို လင်းဖို့
တို့အသက်တွေ ရင်းခဲ့ရတယ်လေ။
ငါ့သူငယ်ချင်း
ရဲဘော်တဦး
ခေတ်တခေတ်ကို မြင်ဖူးချင်လို့
နေလုံးတူးဆွ
သွေးတွေစွန်းထင်းတဲ့
ဝတ်စုံတစ်စုံရခဲ့တယ်။
မနေ့ကလေ
အေ-ကေသေနတ်
သူဖြုတ်တပ်ဆင်
တသသ ရောင်တင်သုတ်နေခဲ့တယ်။
မနေ့ကလေ
ညနေနီကျင်၊ ကင်းကျစဉ်က
ခပ်ဝေးဝေးမြို့ပြ၊ မှောင်ရီကျစဉ်
မီးစတင်လင်း၊ ထမင်းဝိုင်းမှာ
သူ့မိဘတွေ၊ ဇွန်းလက်ဆုံလေတိုင်း
ဘာတွေ ပြောလေမလဲ
သူတွေဝေနေခဲ့တယ်။
မီးခိုးဖုံလုံး၊ ဗုံးသီးကွဲမြောက်
မောင်းပြန်ပေါက်ထွက်၊ အတွဲဆက်တွေ
ဆူပွက်အော်ဟစ်၊ ပစ် ပစ် ပစ်ကြ
ဖောက်ပြန်သူတွေ တို့ပစ်ရမယ်၊
ဒါတော်လှန်စစ်ရဲ့ နိယာမလေ။
ငါ့သူငယ်ချင်း ...
မင်းအားတင်းပါ၊
မင်းဘာပြောမလဲ၊
မင်းဘာမှာမလဲ
နေမင်းကို သဲတွေပြိုဖို့မိကြ
မှောင်မိုက်ခဲ့ရပေါ့။
သူဟာ
သူ့ဓါတ်ပုံကို
ကျွန်ုပ်တို့၏ ယုံကြည်ချက်အပေါ်မှာ ချိတ်ပါ၊
သူ့ဓါတ်ပုံကို
ရုပ်ရှင်ရုံမှာ အလေးပြုပါ၊
သူ့ဓါတ်ပုံကို
ရေစာရုပ်ပုံ၊ ငွေကြေးစုံမှာ ရိုက်နှိပ်ပါ၊
သူမှာမသွားခဲ့ဘူး။
သူဟာ တိတ်တိတ်ဆိတ်ဆိတ် အိပ်စက်သွားခဲ့တယ်၊
မှတ်တမ်းငယ်တအုပ်ထဲမှာတော့
(ရက်ပေါင်းနှစ်ဆယ်ကျော် ဖျားနာစဉ်
ဘာမှ စားလို့မ၀င်ဘူး၊
မေမေ့ချဉ်ရေဟင်းတခွက်
ညက အိပ်မက်တယ်လေ)။
ဌာနချုပ်ကိုပေးမယ့်
ကြေးနန်းစာရေးစဉ်
ကျနော့လက်တွေ တုန်ယင်နေခဲ့တယ်လေ။
ယောဟန်အောင်
ဒေါင်းအိုးဝေဂျာနယ်။ ရေဆန်းလမ်းသို့အပြန် (နိုင်ဝင်းဆွေအမှတ်တရ ကဗျာများ)၊ ဖေ ၁၉၉၆၊ ဧရာဝတီညီနောင်စာပေ။
ရဲရင့်သူတို့အောင်ပွဲ (သို့) ကျနော်၏ မှတ်မှတ်ရရ ရဲဘော်များ
ငြိမ်းစု
ဒီနေ့ မနက်ဟာ ခါတိုင်းနေ့တွေနဲ့ မတူ ခြောက်သွေ့လွန်းလှတယ်။ လမ်းဘေး ပလက်ဖေါင်းပေါ် သွားလာသူက နှစ်ယောက် သုံးယောက်၊ လမ်းမပေါ်မှာလည်း "ကား" မပြောနဲ့ ဆိုက်ကား တောင် မတွေ့ရဘူး။ တမြို့လုံး တိတ်တိတ်လေး ကြေကွဲနေကြတယ်။ ဟုတ်တယ် ဒီနေ့ဟာ ဒီမြို့လေး တမြို့တည်းအတွက်တင် ၀မ်းနည်း ကြေကွဲဘွယ် နေ့တနေ့ မဟုတ် မြန်မာတနိုင် ငံလုံးအတွက် ဗိုလ်ချုပ် အောင်ဆန်းနဲ့အာဇာနည်တွေ အသက်ပေးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ လည်း ဖြစ်တယ်။
တခဏအတွင်းမှာ ခြောက်သွေ့နေတဲ့ လမ်းမကြီးပေါ်မှာ အဖြူ အစိမ်းဝတ်ထားတဲ့ ကျောင်းသား ကျောင်းသူတွေ စုဝေးရောက် ရှိလာကြသလို၊ လမ်းဘေး ပလက်ဖေါင်းပေါ်မှာလည်း ပြည်သူတွေ ပြည့်နက်သွားတယ်။ လေးယောက်တတန်း တန်းစီထားတဲ့ ကျောင်းသား ကျောင်းသူတွေဟာ အရာရာကို ရင်ဆိုင်ကျော်လွှားဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ရှေ့ဆုံးမှာ ပန်းခွေ နှစ်ခွေကို ကိုင်ထားတဲ့ အလယ်တန်း ကျောင်းသူကလေး ၄ ဦး၊ သူတို့နောက်မှာတော့ မူလတန်း ကျောင်းသား ကျောင်းသူလေးတွေက စလို့ အလယ်တန်း အထက်တန်းနဲ့ ကောလိပ် ကျောင်းသား ကျောင်းသူတွေ အဆုံးပေါ့။ အားလုံးရဲ့ ထိပ်ဆုံးမှာတော့ သတ်ရင်လည်း အသေခံ၊ ဖမ်းရင် လည်း အဖမ်းခံပြီး မိမိတို့ လိုရာခရီးအတွက် ရင်ဆိုင်ဖြေရှင်းမယ့် ကျောင်းသား ၁ ယောက်၊ သူ့လက်ထဲမှာက ဗိုလ်ခင်ညွန့်ရဲ့ "အာဇာ နည်များအား လွတ်လပ်စွာ ဂါရ၀ ပြုခွင့် ပြုသည်" ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်ပါတဲ့ သတင်းစာတစောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။
ကျောင်းသား ကျောင်းသူပေါင်း တရာ့ငါးဆယ်ကနေ နှစ်ရာနည်းပါးရှိပြီး စည်းကမ်းတကျ စီတန်းထားတဲ့ လူတန်းကြီးဟာ စ ထွက်ခွာတာလိုက်တာနဲ့ တပြိုင်နက်ထဲမှာပဲ စစ်ကားသုံးစီးဟာ ချီတက်ရာလမ်းကြောင်းရှေ့မှာ ရုတ်တရက် ၀င်ရောက်ရပ်တန့်ပြီး စစ်သားတွေကလည်း ချက်ခြင်းဆိုသလို ကားပေါ်ကနေ ခုန်ဆင်း ပိတ်ဆို့လိုက်တယ်။ ဒီအခြေအနေကို ကြိုတင်တွက်ဆထားတဲ့ ကျောင်းသူ/သားများဟာ တုန်လှုပ်ခြင်း မရှိဘဲ၊ တည်ညိမ်စွာနဲ့ ရပ်တန့်လိုက်ကြတယ်။ စစ်ကား တစီးပေါ်က စစ်ဗိုလ်တဦး ခက်ထန်မာ ကျောတဲ့ မျက်နှာနဲ့ ယုတ်ရင်း ကြမ်းတမ်းစွာ ဆဲဆိုရင်း ဆင်းလာတယ်။ တချိန်ထဲမှာပဲ သတင်းစာကိုင်ထားတဲ့ ကျောင်းသား ရှေ့ထွက်သွားတယ်။ သူတို့ ဗိုလ်ချုပ်ကျောက်ရုပ်ကို သွားရောက် ပန်းခွေချမယ့်အကြောင်း ပြောလိုက်တယ်။ စစ်ဗိုလ်က လက်မခံဘူး၊ လူစုခွဲဖို့သာပြောတယ်။ ကျောင်းသားက လက်ထဲမှာပါလာတဲ့ သတင်းစာကို ပြလိုက်ပြီး သူတို့ ၂ဦး အခြေအတင် ပြောဆိုနေရာက လေးယောက်တတွဲ သွားခွင့်ပြုလိုက်တယ်။ စစ်ဗိုလ်က ခွင့်သာပြုလိုက်ရတယ် သိပ်,ကျေလည်ပုံမရ၊ ကျောင်းသားတွေကတော့ မရ, ရတဲ့နည်းနဲ့ချီတတ်ဖို့ ဆုံးဖြတ်ပြီးသားပါ။ ပထမဦးဆုံး ၄ ယောက်ထွက်လာတယ်၊ သူတို့က ပန်းခွေကိုင်ထားတဲ့ ကျောင်းသူကလေး ၄ဦး ဖြစ်တယ်။
သူတို့၎ဦး စတင်ချီတက်သွားပြီ ဖြစ်လို့ နောက်၎ဦးက အရန်အသင့်စောင့်နေချိန်မှာ စစ်ဗိုလ်က သူနဲ့စကားပြောခဲ့တဲ့ ကျောင်း သားကို အတင်းဝင်ရောက် ဖမ်းဆီးလိုက်တယ်။ ဒါ့ကြောင့် လမ်းဘေး တဖက်တချက်မှာ ရပ်ကြည့်နေတဲ့ လူထုကြီး က ကျောင်းသားကို အကာအကွယ် ပေးရင်း စစ်ဗိုလ်ကို ၀ိုင်းရံထားလိုက်ကြတယ်။ ရုတ်တရက် ၀ိုင်းအုံလာတဲ့ လူအုပ်ကြီးကို မြင်လိုက်တဲ့ စစ်ဗိုလ်က သူ့ခါးက သေနတ်ကို ထုတ်ပြီး မိုးပေါ်ကို ထောင်ပစ်လိုက်တယ်။ တချိန်တည်းမှာ လမ်းကြောင်းကို ပိတ်ထားတဲ့ စစ်သားတွေ ကလည်း သေနတ်တွေ ပစ်ဖေါက်ပြီး လူအုပ်ကြီးကို ၀င်ရောက် ဖြိုခွင်းတော့တယ်။ သေနတ်ပြောင်းနဲ့ အထိုးခံရသူတွေ၊ ခြေနဲ့အကန် ခံရသူတွေ၊ အဖမ်းခံရသူတွေ အများအပြားရှိသလို ကျောင်းသားလေးတွေကို နီးရာအိမ်တွေက ခေါ်ယူဖွက်ပေးထားကြတယ်။ ပစ်ခတ်မှုကြောင့် ပြေးကြလွှားကြနဲ့ ရှုပ်ထွေးနေချိန်၊ သေနတ်သံတွေ ဆူညံနေချိန်၊ ပန်းခွေတွေနဲ့ ချီတက်နေတဲ့ ကျောင်းသူ ၄ဦးကတော့ သေနတ်သံ တွေကြောင့် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ပြေးလွှားခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ သူတို့ နောက်ကျောက သူတို့ကို ပစ်မယ်ဆိုရင် သူတို့တွေ အဲ့ဒီလမ်းမကြီးပေါ်မှာပဲ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေကို ဂါရ၀ပြုဖို့ ဗိုလ်ချုပ် ကျောက်ရုပ်ဆီကိုသာ ဦးတည်ချီတက်နေပါတယ်။
ချီတက်ရာ လမ်းတလျှောက် အိမ်နဲ့ ဈေးဆိုင်တွေက ပြည်သူတွေကလည်း လက်ခုတ်တီး အားပေးကြတာကြောင့် သူတို့ ၄ဦး မှာ အင်းအားတွေ ပြည့်ဝနေတယ်။ ပြည်သူတွေရဲ့ လက်ခုပ်သံတွေက သူတို့ကို အကြောက်တရားတွေကနေ ကင်းဝေးစေသလားပဲ။ လမ်းမအလယ်မှာ အဖြူ အစိမ်းဝတ် ကျောင်းသူ ကလေး ၄ ဦး ပန်းခွေတွေ ကိုင်ဆောင်ရင်း တည်ညိမ်အေးငြိမ်းစွာ ချီတက်နေတဲ့ မြင် ကွင်းကို မြင်နေရသူအဖို့ အားရဖွယ်၊ ကြည်နူးဖွယ် ကောင်းသလို၊ စိတ်မချမ်းမြေ့ဖွယ်၊ ကြေကွဲဖွယ်ရာတွေနဲ့ ပြည့်နက်နေပါတယ်။
လက်နက်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖြိုခွင်းလိုက်ရင် ကြောက်ရွံ တုန်လှုပ်သွားပြီလို့ ထင်ခဲ့ရင်တော့ သူတို့ မှား သွားလိမ့်မယ်။ နောက်တကြိမ် ကျောင်းသားပြည်သူတွေ ပြန်လည် စုစည်းကြပြန်တယ်။ ဗိုလ်ချုပ်ကျောက်ရုပ်နဲ့ သိပ်မဝေးလှတဲ့နေရာမှာ ကျောင်းသူ၎ဦး အာဇာနည်ကြီးတွေကို ပန်းခွေချ အလေးပြုနေတာ လှမ်းမြင်နေရတယ်။ စစ်တပ်ကလည်း အဲဒီနေရာကိုပဲ ထပ်ပြီး ပိတ် ဆို့ပြန်တယ်။ ဒါပေမဲ့ ကျောင်းသားပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုအားကို မခံနိုင်တဲ့ အဆုံး ၄ယောက်တတွဲ အလေးပြုခွင့်ကို အာဏာ ပိုင်တွေက ခွင့်ပြုလိုက်ရတယ်။
ကျောင်းသူ ၄ ဦးဟာ ပန်းခွေချ အလေးပြုပြီးး စထွက်ခဲ့စဉ်ကလိုပဲ နှစ်ယောက်တတွဲ ပြန်ထွက်လာတယ်။ လူထုနဲ့ ဗိုလ်ချုပ် ကျောက်ရုပ်အလယ်ကြား အရောက်မှာ ကျောင်းသားတယောက် သူတို့အနား ရောက်လာပြီးး "ဘာမှ မစိုးရိမ်နဲ့ တို့အောင်မြင်တယ်။ မင်းတို့ ငါတို့ကို ပစ်ပြီးး လူစုခွဲတဲ့ နေရာအထိ ဆက်လျှောက်ပါ"လို့ ကပ်ပြောသွားခဲ့တယ်။ သူတို့လေးဦး လူထုကြီးနဲ့ နီးလာလေလေ သူတို့ကို အားပေးသံ လက်ခုတ်တီးသံဟာ ပိုပြီး ဆူဆူညံညံ ထွက်ပေါ်လာခဲ့ပါတယ်။ လူထုအနီး ရောက်လာတဲ့ သူတို့ကို စစ်ဗိုလ်တဦးက လမ်းဘေးက ဆင်းလျှောက်ဖို့ ပြောလာတယ်။ သူတို့ကလည်း တည်ညိမ်စွာနဲ့ "ကျမတို့ ကျောင်းသားတွေကို ပစ်ပြီးး လူစုခွဲတဲ့ နေရာ ရောက်တဲ့အထိ ဆက်လျှောက်မယ်"လို့ ပြန်ပြောလိုက်တယ်။ လူထုကြီးဟာ သူတို့အနားရောက်လာတဲ့ ကျောင်းသူ၎ဦးကို အားပေးရင်း အံ့ဩနေကြတယ်။ သူတို့ မရပ်သေးဘူး၊ ဆက်လျှောက်နေဆဲမို့ လူထုကြီးက သူတို့ကို လမ်းရှင်းပေးရင်း အားပေးရင်းနဲ့ သူတို့ကို ငေးကြည့်နေတယ်။ မပြီးဆုံးသေးတဲ့ သူတို့ခရီးလမ်းရဲ့ ဘေးတဖက်တချက်မှာ ရှိနေတဲ့ အိမ်တွေထဲက ပြေးထွက်ပြီး အားပေးကြ၊ တချို့ဆို ဘုရားစင်က သပြေပန်းတွေ ကမ်းကြ၊ တချို့ကတော့ ၀မ်းနည်း ၀မ်းသာဖြစ်ပြီးး မျက်ရည်တွေ ၀ိုင်းလို့ပေါ့။ သူတို့ကတော့ မလျော့တဲ့ ဇွဲသတ္တိနဲ့ အကြောက်တရားကို ဖယ်ရှား မောင်းထုတ်ထားပြီးး ခရီးဆုံးဖြစ်တဲ့ ပန်းတိုင်အရောက် လျှောက်လှမ်းလျှက် … …။
၁၉၉၀ ခုနှစ် အာဇာနည်နေ့ရဲ့ ဒီမြင်ကွင်း၊ ပြည်မြို့က ကျောင်းသားပြည်သူတွေရဲ့ ညီညွတ်ခြင်း၊ ရဲရင့်ပြတ်သားတဲ့ ကျောင်း သားရဲဘော် တဦးနဲ့ ကြောက်ရွံ့မှု ကင်းဝေးပြီးး ဇွဲသတ္တိအပြည့်နဲ့ မိမိတို့ ရည်မှန်းချက် ပန်းတိုင်ကို လျှောက်လှမ်းနိုင်ခဲ့ကြတဲ့ ကျောင်း သူကလေး ၄ ဦး ကို နှစ်ကာလတွေ ဘယ်လောက်ပဲ ကြာပါစေ သူတို့အားလုံးရဲ့ ယုံကြည်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုတွေအပေါ် အမြဲမှတ် မှတ်ရရ ဂုဏ်ပြုလေးစားလျက်ရှိနေရပါတယ်။
ငြိမ်းစု
လွတ်မြောက်ရေး မုန်တိုင်းများ၏ နိဒါန်း
သားချစ်( မနောမြေ )
မကြာမှီရောင်နီ လာတော့မည်၊ ကျောင်းသားရဲဘော်များ၏ နှင်းမြူများကြားမှ ထွင်းဖေါက်ထွက်လာသော နံက်စောစော လေ့ကျင့်ရေးကွင်းဆီမှ ညီညာစွာ အော်ဟစ်လိုက်သော "ဘာစိတ်ဓါတ်လဲ? …. ခွပ်ဒေါင်းစိတ်ဓါတ်" အသံများက တောင်နံရံတ၀ိုက်၌ ဟိန်း၍ ပဲ့တင်ထပ်နေသည်၊ ကျနော်ရဲ့ ဘေးတွင်လည်း ခွပ်ဒေါင်းစစ်သည် နှစ်ဦး၏ အသံများသည်လည်း အေးစက်စက် ဆောင်းလေတိုး၍ စကားပြောသံများ တိုးသွားလိုက် ကျယ်သွားလိုက် မီးပုံကိုအာရုံပြုကာ ရှင်းပြဆွေးနွေးလျှက်၊ ကျနော်သည်လည်း မနောတောင်တန်းများ၏ အအေးဒါဏ်ကို ကြံ့ကြံ့ခံလျှက် သူတို့ပြောသမျှကို ကြုံးငုံ့၍ ရေးလျှက်မှတ်လျှက်၊ လက်များကတော့ ခဲသွားမလား လို့ပင်ထင်ရအောင် အေးစက်နေသည်၊ သို့သော် သူတို့ပြောတဲ့ အရှိန်ကြောင့် ခန္ဓာကိုယ်မှ သွေးများက အရှိန်ပြင်းစွာ လည်ပါတ်နေသည်၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့သိမ်းတိုက်ပွဲသည် ထိုနေ့က လိုင်စင်ဒေသနံနက်ခင်း ရေခဲများကို အရည်ပျော်စေခဲ့သည်။
တိုက်ပွဲ အတွက် ကနဦးပိုင်း အခြေအနေ
မိုးညှင်းတိုက်ပွဲသည် ကျောင်းသားပြည်သူအားနှင့် လက်နက်ကိုင် တော်လှန်ရေးကို အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့သဖြင့် လူထုတရပ်လုံး ထောက်ခံမှုရခဲ့သော မြို့သိမ်းတိုက်ပွဲကြီး၊ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးကို န.၀.တစစ်အုပ်စုက ရက်ရက်စက်စက် ဖြိုခွဲပြီးနောက် မိုးညှင်းမြို့ခံလူထုများ၏ အနာဂါတ်ရင်သွေးငယ်များ၊ အရေးတော်ပုံနှင့် ပါတ်သက်နေသောသူများအား ဖမ်းဆီးချုပ်နှောင် ထောင်သွင်း အကျဉ်းကျခံမူများမှ လွတ်မြောက်စေခဲ့သော တိုက်ပွဲကြီးဖြစ်သဖြင့် မြန်မာ့သမိုင်းတွင် ကျောင်းသားတပ်မတော်၏ အရေးပါအရာရောက်သော တိုက်ပွဲတပွဲ၊ ခွပ်ဒေါင်းတို့၏ လွတ်မြောက်ရေး တပ်လှန့်သံဟုပြောလျှင် ရပေမည်၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုကျောင်းသားပေါင်းစပ်မှု အရှိန်ကြီးကြောင့် ထိုကျောင်းသား လူငယ်များ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြရသည်။
စစ်ထွက်တော့မည့် မြောက်ပိုင်း ခွပ်ဒေါင်းစစ်သည်တော်များ ထိုတိုက်ပွဲထဲတွင် လူထုအားနှင့် ကျောင်းသားအား။ လက်နက်ကိုင်အင်အားကို အထူးပေါင်းစပ်ပေးနိုင်ခဲ့သူများမှာ ကျောင်းသားတပ်မတော်မှ ဗိုလ်ပီတာ၊ ဗိုလ်ဦးဝင်း၊ ဗိုလ်ဇော်ဦး၊ ဗိုလ်ထွန်းလွင်တို့ ဖြစ်ကြသည်၊ ဗိုလ်ဇော်ဦးသည် ရှမ်းပြည်တောင်ပိုင်းတောတွင်းတနေရာ၌ တိုက်ပွဲတွင် ကျဆုံးသွားခဲ့သူတဦးဖြစ်ပြီး ဗိုလ်ပီတာသည် ၁၉၉၄-မေလခန့်က ဖားကန့်ဒေသ၌ ရန်သူလက်ချက်နှင့် အသက်စွန့်သွားသူဖြစ်သည်၊ ဗိုလ်ဦးဝင်းသည် ကေအိုင်အိုအခြေစိုက် လိုင်ဆာဒေသ နောင်လာပါစခန်းတွင် ငှက်ဖျားရောဂါဖြင့် ၁၉၉၆တွင် ကွယ်လွန်ခဲ့၍ သူ၏ရုပ်ကလပ်သည် ထိုစခန်း၌ ငြိမ်းချမ်းစွာလဲလျောင်းလျှက်၊ ဗိုလ်စိန်အေး(အတွင်းရေးမှူး ကျောင်းသားတပ်မတော်)မြောက်ပိုင်းသည် ၁၉၉၈တွင်နယ်စပ်တနေရာ၌ အဖမ်းဆီးခံခဲ့ရပြီး ယခုအခါ သရက်အကျဉ်းထောင်တွင် ၁၇-နှစ်နှစ်ချုပ်နှောင်ထားခြင်းကို ခံနေရသူတဦးဖြစ် သည်၊ ၁၉၈၈မှ ယခုတိုင် ဒီမိုကရေစီလွတ်မြောက်မှု တိုက်ပွဲများအတွက် မြောက်ပိုင်းကျောင်းသားရဲဘော်များက အယောက်တရာကျော် တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ကြသည်။
ယခင်ကာလများ၌ မိုးညှင်း၊ နမ္မား၊ မော်လူး၊ မော်ဟန် ထိုရှမ်းနီအများစုနေသော ဒေသများသို့ ကေအိုင်အိုသည် အနီးသို့ပင် ခြေချခွင့်မရနိုင်ခဲ့၊ အဘယ့်ကြောင့်ဆိုသော် အတိတ်သမိုင်းများတွင် ရှမ်းနီနှင့် ကေအိုင်အိုတို့ကြီးစွာ ပတိပက္ခဖြစ်ခဲ့ကြ၍ လူမျိုးစုခြင်း သွေးချောင်းစီးခဲ့ကြရဖူးသည်၊ သို့သော်မိုးညှင်းတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ထိုဒေသမှလူထုတရပ်လုံး၏ လေးစားချစ်ခင် ယုံကြည်မှုကို ကေအိုင်အိုမှ ရရှိလိုက်သည်၊ ယနေ့လူထုတရပ်လုံး၏ လိုလားချက်များကို ဖြည့်ဆည်းပေးရန် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက သင်ခန်းစာယူ၍ ရှေ့သို့တဟုန်ထိုးတက်ရန် လိုအပ်လာသည့်အချိန် ကျရောက်နေပြီ။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထု၊ ကျောင်းသား ပူးပေါင်းဆောင်ရွက်မှု အရှိန်သည် ကြီးစွ။ ယနေ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတချို့၏ လက်နက်များသည် န.အ.ဖ၏ မက်လုံးပေးမှုများ အောက်တွင် အရည်ပျော်နေလျှက်ရှိသည်၊ သူတို့သည် သူတို့၏ တကိုယ်ရေအကျိုးစီးပွားကြောင့် လူထုနှင့်တော်လှန်ရေးကို ကျောခိုင်းနေကြရသည်၊ ထို့ကြောင့် စစ်ဖိနပ်အောက်၌် ဖိနှိပ်မှုများစွာ ဆက်၍ဆက်၍ ဖြစ်ပေါ်လျှက်ရှိနေသည်၊ လူထုအကျိုးကိုလိုလားသော လူမျိုးစုလက်နက်ကိုင် အင်အားစုများမှ ရဲဘော်များ၏ လက်များသည်လည်း သေနတ်မောင်းခလုပ်ထဲ၌ လက်ညှိုး ထည့်လျှက်၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲ စနစ်တကျပေါင်းစပ်နိုင်မည့် အချိန် ကျရောက်လာလျှင်ဖြင့် ရန်သူသည်မကြာမှီ ကသောကမျှော ပြေးကြရတော့မည်ကို ဤမိုးညှင်းတိုက်ပွဲက သက်သေပြုလျှက်ရှိနေသည်။
ကေအိုင်အေ ဗဟိုနှင့်တွဲနေသော အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်း ဌာနချုပ်မှ ခွပ်ဒေါင်းသမီးပျိုများ
ထိုတိုက်ပွဲ အတွက် ကျနော်အသိခြင်ဆုံးအရာသည်ကား ထိုသုံးခု ………
မိုးညှင်းမြို့၏ ပထ၀ီဝင် အနေထား၊
ကေအိုင်အို၏ စစ်ဆင်ရေးဗျူဟာ ရေးဆွဲမှု၊
ကျောင်းသားပြည်သူများ၏ အားထုတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှန်းချေ ပေါ့လေ …. ။
မိုးညှင်းမြို့၏ ပထ၀ီဝင် အနေအထား
မိုးညှင်းမြို့၏ အရှေ့ဘက်တွင် ကြီးမားသောတောင်ကြီးက မားမားမတ်မတ် ထိုးထိုးထောင်ထောင်၊ စိမ်းစိမ်းညှို့ညှို့ မှုံမှိုင်းလျှက်၊ လယ်ကွက်တချို့က တောင်ခြေနှင့်ထိစပ် ယှက်နွယ်လျှက်၊ လူနေရပ်ကွက်တချို့က တောင်ခြေကို ဦးခိုက်လျှက်၊ ထိုတောင်ခြေနှင့်ကပ်လျှက် ရပ်ကွက်များ ဖြစ်သော အောင်သပြေ၊ အရှေ့စု၊ မိုးတားစု တို့တည်ရှိကြသည်၊ ထိုမှတဆင့် ဆင်းလာလျှင် ကားလမ်းမကြီးက တောင်မြောက်သွယ်တန်းလျှက်၊ မြောက်ဘက်သို့ယွန်းသော မြစ်ကြီးနား၊ တောင်ဘက်တွင် မန္တလေး၊ ထိုမှအနောက်ဘက်သို့ ဦးတည်လျှင် သာယာလှပသော နမ့်ရင်းချောင်းကြီးက မိုးညှင်းမြို့ကြီးကို ရစ်ခွေပတ်ကာ စီးဆင်းလျှက်။
ထိုနမ့်ရင်းချောင်းပေါ်၌ ကြိုးတံတား၊ အုတ်ကျင်းတံတား၊ သံတံတား၊ နောင်စွန်းတံတား တို့ ဖြတ်သန်းလျှက်ရှိသည်၊ ထိုမှအနောက်လွန်လျှင်မန္တလေး၊ မြစ်ကြီးနားသံလမ်းကြီးက ဖြောင့်တန်းစွာ မြို့အလယ်၌ လဲလျောင်းလျှက်၊ ထိုမိုးညှင်းဘူတာဘေးတွင် ရှေတန်းတပ်ရင်းရုံးက ကပ်လျှက်တည်ရှိပြီး မိုးညှင်းတောင်ဘက်တွင် တပ်ရင်း(၁၅)က မဲပုတ်ပုတ် ၀ပ်တွားတည်ရှိလျှက် ရှိနေသည်။
ကချင်ပြည်နယ်၌ လွင်ပြင်ကြီးသုံးခုရှိသည်၊ ကောက်ကွေ့လွင်ပြင်၊ နမ့်ရင်းလွင်ပြင်၊ ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင် တို့ဖြစ်ကြသည်၊ ထိုထဲမှ နမ့်ရင်းလွင်ပြင်သည် ကချင်ပြည်နယ်တခုလုံး သာမက အထက်မြန်မာတပြည်လုံးကိုပင် ကျွေးမွေးသုတ်သင်နေသလို ရှိလျက်နေသည်၊ နမ့်ရင်းလွင်ပြင်ပေါ်၌ မိုးညှင်းမြို့က ထီးထီးမားမားတည်ရှိနေသည်၊ မိုးညှင်းဒေသရှိ လူထုတရပ်လုံးသည် လယ်ယာဖြင့် အသက်မွေး ၀မ်းကြောင်းပြုကြသည်၊ သူတို့သည် ရိုးသားသော တောင်သူလယ်သမား ရှမ်းလူထုများဖြစ်ကြပြီး ဖိနှိပ်ခံစနစ်ဆိုးကြောင့် စစ်အုပ်စုကို တူးတူးခါးခါး ရွံရှာမုန်းတီးကြသည်၊ မိုးညှင်းမြိုနယ်ထဲ၌ မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော အင်းတော်ကြီး အိုင်သည် လှပစွာငြိမ်ဝပ်စွာတည်ရှိနေပြီး ထိုအိုင်မှာ မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအိုင်ကြီးဖြစ်ကာ ရေအိုင်အလယ်၌ အင်းတော်ကြီးရွှေမဉ္ဇူ ဘုရားကလည်း သပ္ပါယ်စွာ တည်ရှိနေသည်၊ ဗုဒ္ဓဘာသာဝင် တောင်သူများတည်ရှိသောမြို့ ဖြစ်သဖြင့် အေးချမ်းသော လုပ်ငန်းများဖြင့် ငြိမ်းငြိမ်းချမ်းချမ်းလုပ်ကိုင်စားသောက်သော လူထုများဖြစ်ကြသည်၊ လယ်ယာလုပ်ငန်းမှ ရရှိလာသော သူတို့၏ အရင်းအမြစ် ချွေးနဲစာများသည် လှူရေးတန်းရေးသာ ဖြစ်ကြသည်။ လယ်ယာလုပ်ငန်းပြီးစီးလျှင် ကျောင်းကန်ဘုရားသွားကြမည်။ လူငယ်များက ဖါးကန့် ကျောက်စိမ်းမှော်ထဲသို့ သွားကြသည်။
ထိုဒေသရှိ တောင်သူလယ်သမားများအပေါ် စစ်အုပ်စု၏ ဗိုလ်ကျဖိနှိပ်ဂုတ်သွေးစုပ်မှုများက ရှစ်လုံးလေးအရေးတော်ပုံကြီးတွင် တက်ကြွစွာပါဝင်လာစေရန် မီးပွားကြီးတခုဖြစ်စေခဲ့သည်။ ဤသို့ဖြင့် ထိုသမိုင်းဝင်အရေးတော်ပုံကြီးတွင် မိုးညှင်းလူထုတရပ်လုံးမှ လေထဲမိုးထဲရေထဲ၌ ဒီမိုကရေစီကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်၊ မြန်တပြည်လုံးလူထုတရပ်လုံး၏ တောင်းဆိုမှုများနှင့် တထပ်တည်း တသားတည်းကျခဲ့သည်၊ ၁၉၈၈ စက်တင်ဘာလတွင် စစ်အုပ်စုက အာဏာသိမ်းလိုက်သည်၊ အာဏာသိမ်းပြီး မိုးညှင်းကျောင်းသားကျောင်းသူ များကဇွဲမလျှော့သေး၊ မကြောက်တမ်း ဆက်လုပ်ကြပြန်သည်။ ထိုသို့ဆက်လုပ်သည့် ကျောင်းသား ကျောင်းသူများ အယောက်နှစ်ဆယ်ခန့်အား န.၀.တက ဖမ်းချုပ်ပြီး မိုးညှင်းရဲစခန်းသို့ ဂုတ်ဆွဲ၊ ရိုက်နှက်၍ ပို့လိုက်ကြသည်၊ ထိုကျောင်းသားများအား ဖမ်းဆီးထားမှုသည် မိုးညှင်းမြို့လူထု တရပ်လုံးအား စိတ်နှလုံးပူပန်သောက ရောက်စေခဲ့သော အဖြစ်ဆိုးကြီးပင် မဟုတ်ပါလား။
ကေအိုင်အို၏ စစ်ဆင်ရေးဗျူဟာ
မိုးညှင်းမြို့၏ ပထ၀ီတည်ရှိမှုကို အခြေခံ၍ ကေအိုင်အိုက ဗျူဟာဆွဲသည်၊ အဓိကကျသည့် အရေးကြီးစဉ်းစားရမည့် အချက်တွင် ကျောင်းသားပြည်သူ ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည်၊ ရန်သူက အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက် အဘက်ဘက်မှ ၀င်ရောက်လာနိုင်သည်၊ ထိုနေရာများကို အဖွဲ့များစွာ ဖွဲ့၍ ပိတ်ရမည်၊ ဆို့ရမည်၊ ကာရမည်၊ တိုက်ရမည်၊ စီမံချက်သည် လုံးဝအသေးစိတ်ကျမှ ဖြစ်မည်၊ ထို့အတွက် ကျောင်းသားပြည်သူများ၏ အင်အားများစွာ၏ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှု လိုလာသည်၊ စစ်အောင်နိုင်ရကြောင်း အခြေခံအချက်များစွာထဲတွင် လူထုတရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင် ရွက်ချက်များကပို၍ အရေးကြီးသည်၊ မြောက်ဘက်ရှိ စစ်ဌာနချုပ်များရှိရာ မြစ်ကြီးနားဘက်မှ ရန်သူကိုလည်း ဂရုစိုက်ရမည်၊ တောင်ဘက်က ခ.လ.ရ(၁၅)က ကိုလည်း အပြတ်တွယ်ကာ ဖိထားမှရမည်၊ မိုညှင်းမြို့ကို ပတ်ခွေစီးဆင်းနေသည့် နမ့်ရင်းချောင်းအနောက်ဘက် တဖက်ကမ်းမှ ၀င်လာနိုင်သည့် ရန်သူများကိုလည်း အလေးထားရမည်၊ ဘူတာနှင့်ကပ်လျှက်ရှိသော ရှေတန်းရုံးက ကောင်တွေကိုလည်း အသေးစိတ်ကြည့် မျက်ခြေမပြတ် နေမှရမည်၊ မြို့တွင်း ရန်သူ၏အုပ်ချုပ်ရေး ယန္တရားမှန်သမျှ အကုန်လုံးအစုံ လုံးဂရုစိုက်ရတော့မည်၊ ဤနေရာ၌ တိုက်ပွဲ၏ မြောက်ပိုင်းကျောင်းသားများ အခန်းကဏ္ဏက ပို၍ အရေးကြီးလာသည်။
ဖမ်းဆီးခံ ကျောင်းသားများကို ကယ်ထုတ်ရန်ကြိုတင် ကြိုးပမ်းအားထုတ်မှုများ
ကျောင်းသားများအားကယ်ထုတ်ရန် ကိုထွန်းလွင်၊ ကိုသံချောင်း၊ ကိုကျော်ကျော်နှင့် ကိုအောင်ကြီး၊ ကိုမင်းဌေး (ရမ်ဘို-၄ ဇါတ်ကားမှ ဗီလိန်) တို့က ပထမစောလျင်စွာ ကေအိုင်အိုဗဟိုနှင့် လိုင်စင်ဒေသ၌ တွေ့ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ကိုထွန်းလွင်က မိုးညှင်းသို့ကြို၍ ဆင်းသွားသည်၊ ကေအိုင်အိုအရာရှိတဦးနှင့် ကျနော်က မြို့တွင်းသို့ ရန်သူ့အခြေအနေကို လေ့လာသည်၊ တပ်ရင်း၁၅ အခြေအနေကို ဘက်ပေါင်းစုံလေ့လာသည်၊ မိုးညှင်းဘူတာအနီးရှိ ရန်သူအင်အားကို တွက်သည်ဆသည်။ ထိုစဉ်က ရှေ့တန်းရုံးအနားသို့ ညနေပိုင်း ကျနော်တို့ ရောက်သွားသည်။ တန်းစီချိန်ဖြစ်သဖြင့် လူစေ့တက်စေ့ကို မြင်လိုက်ရပြီ။ ရန်သူအ၀င် အထွက်လမ်းကြောင်းများကို လေ့လာသည်၊ ကျနော်(ထွန်းလွင်)သည် မိုးညှင်းပြည်သူ့စစ်များနှင့် စီမံကိန်းအသေးစိတ်ကို ဒူးတိုက်ဆွေးနွေးသည်၊ အချိန်ကာလ တလအတွင်း ကျိုးပမ်းအားထုတ်သဖြင့် ရန်သူ၏ဘက်ပေါင်းစုံ အခြေအနေများကို ခြုံငုံလေ့လာမိတော့သည်၊ ဗိုလ်ပီတာ၊ ဗိုလ်ဦးဝင်း၊ ဗိုလ်ဇော်ဦးတို့ လိုင်စင်ကျောင်းသားဗဟိုမှ ဆင်းလာကြဦးမည်။
တာဝန်ခွဲဝေခြင်း
ခလရ (၁၅)ကို တွယ်မည်၊ ဗျူဟာတော့ဆွဲပြီးသွားပြီ၊ သဲမြေပုံများနှင့် တာဝန်ခွဲဝေကြသည်၊ မြို့တွင်းသို့ ဒူကမ္ဘာ လဆန်အောင်ဝါ တာဝန်ယူမည်၊ တပ်ရင်း၁၅ကို ဒူကမ္ဘာဇော်တူးက တွယ်မည်၊ မြစ်ကြီးနား၊ မိုးကောင်းမှ မီးရထားဖြင့်လာနိုင်မည့် ရန်သူကို ပိတ်ဆိုဖြတ်တောက်ရန် တာဝန်ကို ဗိုလ်ဦးဝင်းနှင့် ဗိုလ်ဇော်ဦးက တာဝန်ယူကြမည်၊ မြို့တွင်း နမ့်ရင်းချောင်းအနောက်ဘက်ကမ်း ရှေ့တန်းရုံးမှ ၀င်လာနိုင်သော ရန်သူများကို ဗိုလ်ထွန်းလွင်က တာဝန်ယူကြမည်၊ အချုပ်စခန်းသို့ ၀င်စီးထိုးဖေါက်ရေးနှင့် ကျောင်းသားကျောင်းသားများအား ကယ်ထုတ်ရေးတာဝန်ကို ဗိုလ်ပီတာက တာဝန် ယူမည်၊ ဗိုလ်စိန်အေးက မျက်စိမကောင်း၍ ဗျူဟာကုန်း၌သာ ကျန်နေရစ်တော့သည်။ ဒီ… မိုးညှင်းမြို့ ၀င်စီးသည့် တိုက်ပွဲသည် ကျောင်းသားတပ်မတော် သမိုင်းတွင် အစောဆုံးသေနတ်ပေါက်ခဲ့သည့် တိုက်ပွဲကို မြန်မာပြည်မြောက်ဖျားက ဒေါင်းများက မနောမြေတွင် ၁၉၈၉ခုနှစ် ဖေဖေါ်ရီလလည်ပိုင်းတွင် သမိုင်းကမ္ဗည်း ရေးထိုးကြတော့မည် ……. ။
စစ်ပြင်ခြင်း
အချိန်က ညမှောင်ပြီ။ ။ မြို့ကို ကပ်တော့မည်၊ ဆောင်းတွင်း အအေးဓါတ်က ကျနော် (ဗိုလ်ထွန်းလွင်)ကို နှိပ်စက်လျှက်ရှိသည်၊ ရဲဘော်များက ခုန်ဆွခုန်ဆွဖြစ်နေသည်၊ ကျနော်သည်လည်း အင်္ကျီအပါးလေးဖြင့် အချမ်းဒါဏ်ကို ခုခံကာကွယ်လျှက်။ ငါတို့ကျောင်းသားတွေ အရေးက ပိုအရေးကြီးသည်ဟု စိတ်ထဲတွင်တင်းထားလျှက် အအေးဒါဏ်အား စိတ်ဖြင့်ကာလျှက်၊ ကေအိုင်အိုရဲဘော်များ၏ သေနတ်မောင်းထိုးသံများ ဂျောက်ဂျက်ဂျောက်ဂျက်၊ လူစစ်ဆေးနေသံများနှင့် စိတ်ထဲမှာတော့ ဂယောက်ဂယက် ဒီကောင်တွေ အရေးတော်ပုံကိုလည်းဖြိုခွဲသည်၊ ငါတို့မန္တလေးဘုန်းကြီးတွေကို ပစ်သတ်သည်၊ ငါတို့စစ်ကိုင်းလူထုကိုလည်းပစ်သတ် မြစ်ထဲမျှောချသည်၊ ငါတို့ ကျောင်းသားများကိုလည်း ဖမ်းဆီးထားသည်၊ ကျားနှင့်ဆင်တော့ လယ်ပြင်မှာ တွေ့ကြတော့မည်၊ အာဏာသိမ်းစစ်ဘီလူးစောမောင်ရေ …….. ! နိုင်တုံးလုပ်ထားကွလို့သာ စိတ်ထဲကတေးနေမိသည်။
ချရတော့မည်ဆိုသည့် အသိကရင်ထဲသို့ ဆောင့်တက်လာသည့်နှယ် တလှိမ့်လှိမ့် တက်လာနေသည်။ ဆူနာမီရေလှိုင်းထက်ပင်လျှင် အဆထောင်သောင်းကြီးမားနိုင်သည်၊ ဒီကောင်တွေကို ချမှရတော့မည်ဟု စိတ်ကူးအတွေးဝေစီလျှက်၊ တပ်ရင်း (၁၅)ကို ညလင်းအားကြီး နှစ်နာရီတွင် တိုက်မည်၊ သတ်မှတ်ထားသော အချိန်ရောက်ရန် ကျနော်သည် စိတ်စောလျှက်၊ စိတ်မောလျှက်၊ စောင့်ရသည့်အလုပ်သည် ကမ္ဘာမှာ အပင်ပန်းဆုံးအလုပ် ဖြစ်သည့်အတွက် ကျနော်ကမချင့်မရဲ ဖြစ်နေမိသည်၊ ကျနော်၏ စိတ်အရှိန်သည်အထွတ်အထိပ် အဖျားသို့ ရောက်လျှက်။ နှစ်နာရီတွင် ချတော့မည် ထိုးပါတော့ ဒီနှစ်နာရီဟု "တ"နေမိသည်၊ နှစ်နာရီထိုးပြီ ၀င်တော့ဟု စက်မှ ပြောလာသည်နှင့် ချရတော့မည်ဟူသော စိတ်အလျင်နှင့်အတူ မြို့အတွင်းသို့ အရှိန်ဖြင့်ပြေးဝင်မိသည်၊ ထိုစိတ်အလျင်၏ ရိုက်ခတ်လာသဖြင့် ၀မ်းသာကြည်နူးစိတ်များကြောင့် ကျနော်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ သူ့အလိုလိုကျဆင်းလာသည်၊ ထိုစဉ်မြို့အနီးသို့ ကပ်၍၀င်ရောက်နေသော ကျနော်တို့ တပ်ဖွဲ့ကို ဆုတ်ပါဆုတ်ပါ ဟု ပြောလိုက်သံကြီးက နားထဲသို့ သံရေပူနှင့်လောင်းချနေသကဲ့သို့ ဖိစီးဝင်လာသလို အသံတွေ၊ ကျနော်၏ သေနတ်ဖျားတွင် တပ်ထားသော ချွန်မြနေသော ဘက်နက်ကို "မင်း" ဖြုတ်သိမ်းလိုက်ပါဟု ပြောဆိုနေသကဲ့သို့၊ သို့လော သို့လော … စစ်ဆိုသည်မှာ မထင်မှတ်သောအရာများက ၀င်ရောက်လာတတ်သည်၊ ဆုတ်ပါဟုပြောခြင်းကို မကျေနပ်နိုင် ဘေးဘီကြည့်လိုက်တော့လဲ အားလုံးက နေမြဲ။
မြို့တွင်းသို့ ၀င်ရောက် ထိုးဖေါက်တိုက်ခိုက် စီးနင်းခြင်း
ထိုစဉ် လက်နက်ကြီးသံ အုန်း … ဂျိန်းဆိုသည့် အသံများ တပ်ရင်း ၁၅ဖက်က ကြားလိုက်ရသည်။ ဂျီသရီးအသံ၏ ဒုတ်…ဒုတ်…ဒုတ် ဟုအသံများက ဖေါက်ထွက်လာသည်။ အေကေ၄၇ အသံများက လည်း ကျွက်ကျွက်ဆူလာသည်၊ လက်နက်ကြီးကျသံ၊ သေနတ်ပေါက်သံများက မိုးညှင်းမြို့၏ မနက်ဦးယံကို လှုပ်ခါနိုးထစေသည်၊ မြောက်ပြန်လေနှင့် အတူသယ်လာသော ကာဘိုက်ယမ်းနံ့က ကျနော်၏ စစ်သွေးစစ်မာန်ကို ဒိုင်းကနဲဆောင့်တက်စေလာသည်၊ ကျနော်တို့ မြို့ဝင်မည့်တပ်ဖွဲ့သည်လည်း နော်မန်ဒီကမ်းခြေသို့ တက်၍ထိုးသော စစ်သည်များလို တရှိန်ထိုး တိုး၍ မြို့တွင်းသို့ တဟုန်ထိုး ၀င်ကြလေပြီ။
မိုးညှင်းမြို့ မြောက်ဖက်တွင် ဗိုလ်ဇော်ဦးနှင့်ဗိုလ်ဦးဝင်း ဦးဆောင်သည့်အဖွဲ့က ရန်ကင်းတံတားကိုလည်း ဖေါက်ခွဲကုန်ပြီ။ အားလုံးတိုင်ပင်ကိုက် လှုပ်ရှားကြပြီး၊ ၀ုန်း … ဂျိန်း။ ဒုတ်ဒုတ်ဒုတ်ဒုတ်အသံများက ဆူကျွတ်ဆဲ။ တောင်ဖက်၊ မြောက်ဖက်အရှေ့ဖက် အနှံ့သေနတ် ပေါက်ကုန်ကြလေပြီ။ အောင်သပြေ၊ နတ်ကြီးကုန်းလမ်းကြောင်းအတိုင်း ကျနော်က နမ့်ရင်းချောင်းဘက်သို့ ဦးတည်နေသည်၊ ကျနော်နှင့်အတူ ကေအိုင်အိုစစ်ကြောင်းသည်လိုက်ပါလျှက်။ ချောင်းဘက်မှ ၀င်လာနိုင်မည်ဖြစ်သော ရန်သူများတွင်သာမက ဘူတာဘေး၌ ရှိသော ရှေ့တန်းရုံးခွေးများ ကိုလည်း ကျနော်တာဝန်ယူထားရသည်၊ ကျနော်၏ တာဝန်ကလည်း အရေးကြီးနေသည်၊ မြို့ထဲမှလျှံ လာနိုင်သည့် ရန်သူ၊ မြို့တွင်းရန်သူ ၀င်လာနိုင်သည့် လမ်းများကို ကျနော်က ပိတ်ဆို့ရလေပြီ။
ရန်သူ့ သေနတ်ပစ်မိုးပေါ်ထောင်ဖေါက်သံများက တမြို့လုံးဆူညံလျှက်ရှိနေသည်။ သေနတ် ကျည်ဆံများ၏ မီးရောင်များကလည်း တလက်လက်တဖိတ်ဖိတ် ထွက်လျှက်ရှိသည်၊ ကျနော်တို့ရဲဘော်ရဲဘက်များ၏ ၂၂အမျိုးအစားသေနတ် သုံးလက်၏ မီးရောင်အရှိန်များသည်လည်း ကားမီးထွန်းသည့်ပမာ အရောင်များက ဖွေးဖွေးလှုပ်လျှက်၊ ကျနော်သည် ထိုနေရာမှ မြို့အ၀င် ကြိုးတံတားရှိရာသို့ ဖေါက်ထွက်သွားရသည်၊ ထိုနေရာရောက်သည်နှင့် ကျနော်၏ တပ်စုကို ကမန်းကတန်း နေရာချပြန်ရသည်၊ ပြီးလျှင် သံတံတားရှိရာဘက်ဆီသို့ အပြေးအလွှား သွားရပြန်သည်။ ထိုနေရာမှ ခုခံနေသောရန်သူကို ကျနော်တို့ သွား၍ ဖြိုခွင်း ရပြန်သည်၊ ရန်သူက ကြောက်လန့်တကြားဆုတ်ခွာသော်လည်း ကာပစ်တော့ ပစ်နေသေးသည်၊ ရန်သူဆုတ်ခွာသည့် သတင်းကို ကြိုးတံတားရှိရာ ကျနော်၏ မဟာမိတ်များဘက်သို့ ထိုသတင်းပေးပို့ရန် သွားရပြန်သည်။ ရပ် … ဘယ်သူလဲ ! ဘယ်သူလဲ ! ဟု မေးသံကြားလိုက်ရသည်၊ ကျနော်၏ ရဲဘော်က ကချင်လိုပြောလိုက်သဖြင့် ကျနော့်တို့ကို စပစ်တော့သည်၊ ဟိုက် !! ဟုသာအော်နိုင်သည် အလျှင်အမြန် ၀ပ်လိုက်ရသည်၊ အကွာအဝေးသည်ကား ကိုက် ၁၀ကိုက်မျှသာ။ ရန်သူက ကြောက်ကြောက်နှင့် ပစ်၍သာ ကျနော့်နှင့် ရဲဘော်များကို မထိခြင်းပင်။ ကျနော်က လှိမ့်၍ လှိမ့်၍ နေရာယူသည်၊ လက်ပစ်ဗုံးနှင့် ပစ်ခွဲရန်ကြံစည်မိသော်လည်း အခြေအနေမပေးလိုက်။
တိုက်ပွဲဖြစ်စဉ်များ သည်ကား ရူပ်ထွေးလျှက်ရှိနေသည်။ ရန်သူပစ်သော သေနတ်မီးရောင်များက ဖွာကနဲဖွာကနဲ ရဲကနဲရဲကနဲထွက်လာနေသည်၊ ကျနော်က မြို့လည် ဘူတာရုံအနီးရှေ့တန်းရုံးမှ အန်ထွက်လာနိုင်မည့် ရန်သူမှန်သမျှကို ပိတ်ဆို့ကာဆီး ပစ်ရှင်း ရှင်းနေရသည်၊ သေနတ်သံများကလည်း ရေနွေး ပွက်ပွက်ဆူ နေသကဲ့သို့ဖြစ်နေသည်၊ အသံကိုမြှင့်လျှက် လက်သီးကိုဆုပ်ကာ … ယော်အေ့ ယော်(ကချင်စကား) (ချဟေ့ … ချကွ)ဟု ကျနော်သည် ဟစ်ကြွေးလျှက်ရှိနေသည်၊ အနောက်ဘက်သံတံတားဘက်မှ ရန်သူပစ်လိုက်သည့် ကျည်ဆံမီးကျည်များသည် ကျနော်တို့ ဘက်ရှိရာသို့ တန်းကနဲတန်းကနဲ ကျနော်တို့ မဟာမိတ်ကလည်း ရဲရဲတင်းတင်း လမ်းမပေါ်၏ စက်သေနတ်ကို ထောက်ကာ ရန်သူကို တဒက်ဒက်နှင့်ပစ်ခတ်နေသည်။
သေနတ်သံများကလည်း လူထုကို ဆွဲရမ်းနှိုးနေသကဲ့သို့ မိုးညှင်းပြည်သူလူထုကြီးကလည်း သေနတ်သံများ ကြောင့် အိပ်မောကျရာမှ နိုးထလာကုန်ကျပြီ။ သေနတ်ပေါက်သံများက လူထုကြီးကို လှုပ်ရမ်း နိုးခါနေသည်။ ထိုခဏ တွင်ပင်လျှင် အသံနက်ကြီးများ တမြို့လုံး ဟိန်း၍ ဟိန်း၍ ထွက်လာသည်၊ ထိုအသံကြီးက ရန်သူကို တုန်လှုပ်ခြောက်ခြားစေသည်၊ ထိုအသံနက်ကြီးက မနက်ခင်းအရုဏ်ဦးတွင် ကျယ်လောင်စွာ မြည်ဟည်းလျှက်။ ကျယ်လောင်စွာထွက်ပေါ်လျှက်။ ထိုအသံကြီးကား ရန်ငါစည်းခွဲခြားသံ။ ထိုအသံသည်ကား ရန်သူကို ပုန်ကန်သည့်အသံ။ ထိုအသံသည်ကား …. ချကွ၊ ချကွ …. ဒီကောင်တွေကို ချကြကွဟု နေအိမ်များတွင်းမှ အားပေးသံများကြားရသည်။ လူထုက အသံဖြင့် စစ်အုပ်စုကို ပုန်ကန်ကုန်ကြပြီ …. ။ မိုးညင်းမြို့ကြီးကို ထိုအသံဖြင့် လှုပ်နိုးလှုပ်ခတ်လှုပ်ရမ်းသွားစေခဲ့ပြီ။
န၀တ ခလရ (၁၅)တပ်ရင်းမှူးဗိုလ်မှူးကြီး၏ ထွက်ပြေးခြင်း အဖြစ်သနှစ်
တမြို့လုံး ဒိန်းဒိန်းဒိုင်းဒိုင်းဖြစ် မိုးလုံးညံကာ ဝေသာလီပြည် ဘီလူးစီးသလို ဖြစ်နေသည်၊ တပ်ရင်း(၁၅) တပ်ရင်းမှူးကြီးသည် သွေးလေ ခြောက်ခြားနေသည်၊ သူသည်ပြေးပေါက်ရှာ ကြံလျှက်ရှိနေသည်၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲကျောင်းသားပူးပေါင်းမှုကြီးက သူကိုယူနီဖေါင်းတောင် ၀တ်ချိန်မပေးနိုင့်။ ဆောင်းကာလကြီးတွင် မာရသွန်အပြေးသမားတယောက် လုပ်ခိုင်းလိုက်သည်၊ လန်ကွတ်တီနှင့် ဒိုးမှရတော့မည်။ သူ၏ လန်ကွတ်တီ အောက်ခံအနီရောင် ဘောင်းဘီတိုကိုပင်လျှင် မြင်နေရပြန်သည်၊ မဲပြောင် ပြောင် ကိုယ်လုံးကြီးပေါ်၌ အတွင်းခံဘောင်းဘီတထည်မျှသာ တင်နိုင်တော့သည်၊ တမြို့လုံး လက်နက်ကိုင်ပျောက်ကျားများ စိမ်းစိမ်းလှုပ်နေသည်၊ နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက် ဟုသူတွေးမိလိုက်သည်ထင်ရဲ့၊ ထိုမှစ၍ သူသည် ဖနောင့်နှင့် တင်ပါးတသားတည်းကျကာ အသကုန် ခြေကုန်သုတ်လေတော့သည်၊ အဝေးမှ ပြေးလာသော ထိုမဲမဲလုံးလုံးကြီးကို (ဈေးထွက်ရောင်းလာကြသော ဈေးသည်မများက ဤသို့ မြင်၍ နောက်ပြန်ပြောပြချင်မျှသာ) ဟယ် …. ဝေလီဝေလင်းမှာ ၀ိရိယ ကောင်းလိုက်တာ …. ဟယ်၊ စောစောစီးစီးကြီး အင်္ကျီမပါဘဲ အပြေးကျင့်နေလိုက်တာ ဟုမှတ်ချက်ချနေကြသည်။ လက်နက်ကိုင်တိုက်ပွဲနှင့် လူထုပေါင်းစပ်မှုကြီးက သူကို အမှုန့်ကြိတ်ကြတော့မည်၊ ပြေးနိုင်မှ လွတ်ပေတော့မည်။ သူသည်မြို့တွင်းသို့ သွေးရူးသွေးတန်း ပြေးမိရာပြေးနေသည်၊ သေငယ်ဇောဖြင့် ပြေးနေသဖြင့်နောက်သို့ ပင်မလှည့်ကြည့်နိုင်တော့။ ဖနောင့်နှင့် တပ်ပါးတသားတည်းကျနေသည်၊ သူသည် မိုင်ငါးမိုင်ကျော်ခရီးကို သက်လုံအပြည့် ၀ိုင်းကြီးပတ်ပတ်ပြေးနေသည်။ တံတါးဂိတ်ရန်သူရဲဘော်တပ်စိတ် တစိတ်ဆီသို့ သူသည်ကြောက်လန့်တကြား မောကြီးပမ်းကြီး ရောက်လာ၍ ကျနော်တို့ပြန်အတက်လမ်းကို သွားရောက်ပစ်ခတ်ရန် အာဏာပြအမိန့်ပေးလျှက်ရှိသည်၊ အမိန့်ပေးပြီးသည်နှင့် သိုကိုယ်၌ကား ဘန်ကာထဲ၌ အချိန်မှီခုန်ချလိုက်ကာ ဇက်ပု၍ ၀ပ်၍နေသည်။
ကယ်ဆယ် လို့ရပြီ ….!
မိုးညှင်းရဲစခန်း၌ ကျောင်းသားများကို ချုပ်နှောင်ထားသည်၊ ထိုကျောင်းသားများကို ကယ်ထုတ်ရန် ဗိုလ်ပီတာ စစ်ကြောင်းက တာဝန်ယူရသည်၊ ရဲစခန်း၊ ကောင်စီရုံးများရှေမှ ဘန်ကာထဲက ရန်သူက ကန့်လန့်ကန့်လုပ်နေသည်၊ ကျောင်းသားတပ်မတော်ဝင်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားနေသည်၊ ဒီကောင် တွေကိုရှင်းမှ ရတော့မည်၊ ဘဇူကာ တလုံးပစ်ထည့်လိုက်သည်။ ဘဇူကာက အပေါ်သို့ ထောင်တက်ကာ ထိုဘန်ကာထဲရှိ အကုသိုလ်ကောင်များဆီသို့ တန်း၍ မတ်၍ ၀င်သွားချေပြီ။ ဒုန်း … ဂျိန်း။ ဘဇူကာသီးကြီး၏ အစွမ်းကထက်လေစွ။ စစ်ကြောင်းသည် အရှိန်ဖြင့် ထိုး၍ ရဲစခန်းဝင်းထဲသို့ အပြေးဝင်ရောက်သည်၊ အချူပ်ခန်းသော့ကို သေနတ်များဖြင့် ပစ်ချိုးဖျက်စီးလိုက်ကြသည်၊ သံတိုင် အချုပ်စခန်းကြား၏ ကျနော်တို့ သွေးသောက်ကျောင်းသား ရဲဘော်များ။ ငြိုးလျစွ နွမ်းဖတ်ဖတ်နှင့်သူများ။ ရိုက်နှက်နှိပ်စက်ထားသည့် ဒဏ်ရာများ ကြောင့် တချို့ကမထနိုင်။ တချို့က သံတိုင်များကို ကိုင်၍ငေး၍။ စစ်ကြောင်းဝင်လိုက်သည်နှင့် ရဲဘော်များရေထိသော ပန်းများကဲ့သို့ လန်းဖြာကုန်သည်။ ကျောင်းသားကျောင်းသူလေးများ၏ မျက်ဝန်းအိမ်များ၌ အားငယ်စိတ်။ ကြောက်ရွံ့စိတ်များမှ ၀မ်းသာကြည်နူးမှုများကို သေနတ်သံများကြားမှ တွေ့လိုက်ရသည်၊ ဗိုလ်ပီတာ၏ လက်နှင့်သူတို့လက်များ လက်ချင်းယှက်သွားကြသည်၊ သူတို့၏ လက်များက ခိုင်မြဲလို့နေပြီ။ အောင်ပြီ …. ။ အောင် ပြီ …. ။ အောင်ကြပြီဟု ကြွေးးကြော်သံများက ကျောင်းသားရဲဘော်များနှင့် ပြည်သူများ၏ နူတ်ဖျားမှ ပွင့်အံ ထွက်လာကြသည်၊ ဒို့အရေး …. ။ ဒို့ အရေး အသံများကလည်း မိုးလုံးညံလျှက် ချကွ …. ။ ချကွ …. ။ အောင်ပြီ …. ။ အောင်ပြီ …. ။ ဒို့အရေး ဒို့အရေး…. တို့ပြည်သူများ အရေးပင် မဟုတ်ပါလား။
ရန်သူကို ဖမ်းဆီးရမိခြင်း
တရားရုံးထဲက စာရွက်စာတမ်းများကို မီးရှို့လိုက်သည်၊ ရဲစခန်းကိုမီးတိုက်သည်။ ဒီနေရာတွေ ဟာ လူထုကို မတရားဖိစီးသည့် နေရာများမို့ ဤသို့ပြုကြရသည်၊ ညီနောင်ကျောင်းသားများကို ခေါ်ဆောင်လာခဲ့ပြီး မလိုအပ်သော သူများအား ရဲစခန်းမှ လွှတ်ပေးလိုက်ကြသည်၊ ထိုဟုန်းတောက်နေသော မီးရောင်များက မိုးညှင်းမြို့တမြို့လုံးကို ထိန်ထိန်လင်းလျှက်ရှိသည်၊ ကျနော်တို့ ရည်မှန်းချက်ပြီးဆုံးပြီ။ သတ်မှတ်နေရာသို့ရောက်အောင် စစ်ကြောင်းက အမြန်ဆုတ်ခွာကြကုန်လေပြီ်၊ ကျနော်သည်လည်း တောင်ခြေဘက်သို့ဦးလှည့်၍ စစ်ကြောင်းများနှင့် နောက်ကြောင်းပြန်ဆုတ်ခွာသည်၊ တောင်ခြေစပ်ကလေးတနေရာသို့ ရောက်သွားသည်၊ ထိုနေရာ၌ ဗိုလ်မှူးသိန်းတင့် အူယာဖားယားပြေး၍ ပစ်ရန်အမိန့်ပေးခဲ့သော တံတားထိပ် တပ်စိတ်မှရန်သူ သုံးကောင်ကို တွေ့လိုက်ရသည်၊ ကျနော်က ဟိတ် … ! လက်နက်ချ၊ လက်နက်ချ ဟု အော်ပြောသည်၊ ထိုသုံးယောက်သည် ကြောက်ဒူးများတုန်လှုပ်ရှိနေသည်၊ သူတို့၏ မျက်နှာသည် ကြောက်ရွံမှုများကြောင့် ဘီးလူးသံပုရာသီး ကျွေးသကဲ့သို့ဖြစ်နေသည်၊ ကျနော်တို့ ကျောင်းသားတွေပါ၊ ခင်ဗျားတို့ အသက်တွေကို ကျနော်တို့ လုံးဝအာမခံတယ်ဟု အော်ပြောနေသော ကျနော့်ကို သုံ့ပန်းပေါ်လစီကို နားမလည် မသိသေးသော ကေအိုင်အေရဲဘော်များက ကြောင်တောင်တောင်ဖြင့် ကြည့်နေကြသည်၊ ကျနော်က လမ်းမကြီးပေါ်၏ တကိုယ်လုံးပေါ်၍ ထွက်အော်နေသည်။ ဘာအကွယ်မှ မရှိ။ ထိုကြောင့် ကေအိုင်အိုရဲဘော်များက ကျနော်တို့ကျောင်းသားများ၏ ရဲတင်းမှုကို အံ့သြလျှက်ကြည့်နေသည်၊ တပ်ကြပ်ကြီး တဦးနှင့် တပ်ကြပ်နှစ်ယောက် သစ်ပင်အကွယ်မှ ထွက်လာကြသည်။ ဂျီသရီး၊ ဂျီဖိုးသေနတ်များကိုင်ဆောင်လျှက်။ ကျနော်၏ ရှေ့ ဒေါက်ထောင်လျှက်သား လက်နက်လာချသည်၊ ကျောင်းသားများအပေါ် ယုံကြည်ကိုစားလွန်း၍ သူ့အသက်၏အရံ လက်ပစ်ဗုံးကိုပင် သူ့အိတ်ထဲ၌ နိုက်ယူသွားရန် ဆိုခဲ့သည်၊ထိုမှစ၍ သူတို့တပ်ရင်း(၁၅) တပ်ရင်းမှူးကြီး၏ ဖြစ်အင်သနစ်ကို ကျနော်တို့ သူတို့ထံမှ စုံလင်စွာသိလိုက်ရသည်၊ သူတို့တပ်ရင်းမှူးကြီးတောင် အသကုန်ပြေးမှတော့ဖြင့် သူတို့သည်လည်း ဤကဲ့သို့ လက်နက်ချရလေပြီ။ ပြည်သူ့ချဉ်ဖတ် ရဲအလောင်းများသည်လည်း မီးစက်ဝင်းထဲမှာ ပိုးလိုးပက်လက် မြင်ခဲ့ရသည်။
ကျနော်တို့အဖွဲ့များသည် အောင်ပွဲရခဲ့သည့် စစ်သည်တော်ကြီးများပမာ ဆုတ်ခွာလာခဲ့ကာ နှုတ်မှတော့
"တိုင်းပြည်ကို … ရှေ့ဆောင်ကာ … တို့ကျောင်းသားတွေသည် … စံနမူနာတင် … ကျောင်းသား သမဂ္ဂတို့ဖြစ်သည် ကမ္ဘာတ၀ှမ်းမှာ … မြန်မာစွမ်းကာ … မော်ကွန်းတင်လေမည်၊ ဒို့တတွေသွေးစည်းမည်၊ မြန်မာပြည်ဆိုင်ရာ … ကျောင်းသားသမဂ္ဂသည်… ရာဇ၀င်တင်လောက်ပေသည် … တော်လှန်ရာတွင် ရှေ့ကပင်ဦးစီးသည် … သက်စွန့်ကျိုးပမ်း … ထမ်းရွက်ခဲ့လေသည်၊ ကိုယ်ကျိုးအတွက်ဆို …. မငဲ့ကွက်နိုင်ပါသည် ကျောင်းသားများရဲ့ … ကောင်းကျိုးတွေကို… ထမ်းရွက်မည်"……. "ကျောင်းသားသမဂ္ဂ"သီချင်းဆိုသံများသည် မိုးညှင်းအရှေ့ တောတောင်တခွင်လုံးကို ရိုက်ခတ်သွားသည်။ အချုပ်ခန်းထဲမှ ရရှိခဲ့သော ရိုင်ဖယ်သေနတ် ဖေါက်သံများကလည်း "ကျောင်းသားသမဂ္ဂ" သီချင်းကို ဘရာဇီးတွေ တီးခတ်တဲ့ ဆမ်ဘားတေးဂီတလို နရီစည်းဝါးလိုက်လျှက် နေသလိုပင် … ရှိလေစွ။
မားမားမတ်မတ် ထိုးထိုးထောင်ထောင် ရှိသော မနောမြေ စိမ်းညှိ့ညှိ့တောင်တန်းကြီးများက ကျနော်တို့ကို ရင်ဖွင့်၍ ကြိုဆိုနေသည့်နှယ်၊ မိုးညှင်းနမ့်ရင်းချောင်းကြီးသည်လည်း သာယာသော အလျင်အဟုန်ဖြင့် စီးဆင်လျှက်၊ ကျနော်တို့သည်လည်း အေးမြ၍ လွတ်လပ်စိမ်းစိုသော တောရိပ်တောင်ရိပ်၏ ရင်ခွင်သို့ ခိုလှုံမိကြသည်။
လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုကျောင်းသားများ၏ အစွမ်းထက်လှသော လက်စောင်း ကို န.၀.တ ကောင်းကောင်ကြီး ခံစားလိုက်ရချေပြီ။ မိုးညှင်းတရားရုံး၊ ရဲစခန်းများမှ ထွက်ပေါ်လာသော မီးခိုး မှိုင်းမှိုင်းကြီးများက သက္ကရာဇ်၁၉၈၉ရဲ့ ဖေဖေါ်ဝါရီလ ကောင်းကင်တိမ်တိုက်များ အကြား အမှန်တရားကို ရေးချယ်နေသလို မနောမြေတောင်တန်းများပေါ်မှ သမင်လည်ပြန်ကြည့်မိတဲ့ ကျနော်တို့ မြင်တွေ့လိုက်ရသည်။
ထိုနေ့က ကေအိုင်အိုနောက်တန်း တပ်ရင်း(၅)မီးပုံပွဲကြီး၏ စစ်ဇောမာန်တက်နေတဲ့ မီးရောင်အရှိန်များဟာ တတောလုံးတတောင်လုံး လင်းထိန်လျှက် ရှိလို့နေတယ်၊ ကျနော်တို့ ကချင်ပြည်ကျောင်းသားများသည် အောင်သေအောင်သား စားလျှက်၊ ပျော်လျှက်၊ မော်လျှက်။
ဒါတွေဟာ စစ်အာဏာရှင်တွေကို အန်တုမဲ့ အနှစ်၂၀ကျော် ဒီမိုကရေစီ ခရီးရှည်ကြီးရဲ့ အစလို့ အဲဒီအချိန်က ကျနော်တို့ မတွေးမိသေးတာတော့ အမှန်ပါ။
ရွှေရုပ်တု
ဌေးအောင်
ရဲဘော်
နွေလည်နေ့ရက်တရက်မှာ
ငါတို့ကို ရဲဘော်ခွဲထွက်သွားခဲ့တယ်။
ရဲဘော်ရဲ့ဈာပနကို
ငိုရှိုက်ခြင်းနဲ့ ပို့ဆောင်ဂုဏ်ပြုဖို့
ငါတို့မှာ အချိန်မရှိ။
ရဲဘော်ရဲ့ ရုပ်တုကို
ယဉ်ကျေးစွာထုလုပ်ဖို့ … ပြီးတော့
ထိုက်တန်စွာ ထုလုပ်ဖို့
ငါတို့မှာ ရွှေသားမရှိ။
ဒါပေမယ့်
သွေးတွေရွှဲနစ်နေတဲ့
ရဲဘော်ရဲ့ အင်္ကျီကို
ငါတို့ အလံထူလို့
ရှေ့သို့ ရှေ့သို့
ရှေ့ဆီကို သွားနေကြတယ်ဆိုရင်
နှစ်နှစ်ချိုက်ချိုက်
အိပ်ပျော်လိုက်ပါတော့ ရဲဘော်။
ဌေးအောင်
ပုစွန်ဆိတ် ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် နှင့် ခွပ်ဒေါင်းစစ်သည် ဘယ်ညာချီ …
ခန့်အောင်
အချိန်က ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံအပြီး န၀တ(နအဖ) စစ်အုပ်စုကို လက်နက်ကိုင် ပြန်တိုက်မယ် ဆိုပြီး တက်ကြွတဲ့လူငယ်များဟာ ဗမာပြည်ရဲ့ အရှေ့ဘက် လူမျိုးစု လက်နက်ကိုင် ဒေသတွေကို ရောက်ရှိ နေချိန်ပါ။ စစ်အုပ်စု နအဖကိုလက်နက်ကိုင်ပြီး တိုက်ပစ်မယ်ဆိုတဲ့ စိတ်ကူးပုံဖေါ်မှု အမျိုးမျိုးနဲ့လေ။ ကျနော် ဆိုရင်လဲ နှစ်ပတ်လောက် သင်တန်းတက်ပြီး ကျနော်တို့နယ်ဘက်မှာ ပြန်ချမယ်လို့ စိတ်ကူးထားတာ။
ဒီလိုနဲ့ တောထဲမှာ စစ်သင်တန်းတွေ တက်ကြပါပြီ။ သင်တန်းပေးတဲ့ ဆရာတွေက အရေးတော်ပုံမှာ ပြည်သူ လူထုဘက်က ရပ်တည်ခဲ့ကြတဲ့ မျိုးချစ်စစ်သည်တွေ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ လူမျိုးစုမဟာမိတ် တပ်ဖွဲ့တွေက စစ်သင်တန်းပေးပါတယ်။ သင်တန်းမှာ ၀တ်စရာ စစ်ယူနီဖေါင်းကမရှိသေးတော့ ဘောင်ဘီ ရှည် ၀တ်တဲ့သူက၀တ်၊ တချို့က ဘောကန်ဘောင်းဘီတို၊ ပုဆိုး၊ စကတ်၊ ထမီ အစုံပဲဝတ်ပြီး သင်တန်း တက်ကြတယ်။ စစ်သင်တန်းမှာ သေနတ်ကလည်း ကိုင်းစရာမရှိတော့ ၀ါးရင်းတုတ်ကိုင်ကြတယ်။
သင်တန်းရိက္ခာတွေကတော့ မျှစ်နဲ့ ငှက်ပျောအူစားရတဲ့နေ့က ခပ်များများပါ။ မြို့ပေါ်ကနေ တောထဲလာ အစာဆင်းရဲ၊အနေဆင်းရဲကြပေမယ့် ကိုယ်လုပ်ချင်တာကို လုပ်နေရတော့ ဒုက္ခ ဆင်းရဲတွေကို ရယ်စရာ အဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ဒီလိုနဲ့ပဲ သင်တန်းတွေဆင်းခဲ့ကြ၊ တိုက် ပွဲတွေ ၀င်ခဲ့ကြတယ်။ ၁၉၉၀ ခုနှစ် ၀န်းကျင်လောက်မှာ အဘဦးအေးမြင့် တော်လှန်ရေးဒေသကို ရောက်လာတယ်။ အဘက ပြည်သူဘက်ကို ရပ်တည်ခဲ့တဲ့ မျိုးချစ်စစ်သားကောင်းတဦးဖြစ်ပါတယ်။ နအဖ စစ်အုပ်စုမှာ အမှုထမ်းနေစဉ်တုန်းက ဗိုလ် သင်တန်းကျောင်းကိုတောင်ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ စည်း စနစ်ကြီးပြီး တိကျတဲ့နေရာမှာ နာမည်ကြီး ခဲ့သူပါ။ အဘ တော်လှန်ရေးဒေသကို ရောက် ရောက်ချင်းပဲ ကေအန်ယူ ဗိုလ်သင်တန်းတွေကို စိတ်အား တက်ကြွစွာနဲ့ ကူညီသင်ကြားပေး ပါတယ်။ အဘရဲ့ သင်တန်းတွေ၊ တိုက်ပွဲဖေါ်နည်းတွေ၊ ခံစစ်ထိုင်နည်း တွေဟာ အဲဒီကာလမှာ အလွန်အသုံးဝင်ခဲ့တယ်။
စစ်ပညာ မကျွမ်းကျင်ပဲ တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေကို အထူးစိုးရိမ်ပါတယ်။ အဲဒီစိုးရိမ်စိတ်နဲ့ပဲ ကျနော်တို့ကို အဘဦးစီးပြီး စစ်သင်တန်းတခု ပြုလုပ်ဖြစ်ခဲ့တယ်။ သင်တန်းတက်မယ့် သင်တန်းသားထဲက အဆင့်လိုက် သင်တန်းအကြပ်၊ အမှူးတွေခန့် သင်တန်းသားတပ်စုတွေဖွဲ့၊ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်တယ်။ အဘကတော့ သင်တန်းနည်းပြချုပ် လုပ်တယ်။
သင်တန်းမစခင် လေးငါးရက်အလိုလောက်ကစပြီး ဆံပင်တွေညှပ်ထားရပါတယ်။ ဆံပင်ညှပ်ရတော့လဲ တော်လှန်ရေးဒေသရဲ့ တခုတည်းသော ဆံသဆိုင်မှာ အလကား ညှပ်ရတာပါ။ ဆံသဆရာတွေက ဗမာ စကားကို သိပ်မပြောတတ်ကြပါဘူး။ ဆံပင်ညှပ်မယ့် သင်တန်းသားတွေက မြို့သားတွေလေ သိတယ် မဟုတ်လား။ ခုံပေါ်ထိုင်ပြီး ဆံသဆရာကို ဘာကေ၊ ညာကေ၊ ဘယ်မင်းသားကေပေါ့။ ဘေးက သိပ်မပြောင် နဲ့။ နောက်က နည်းနည်းရှည်ပေးပါ။ တောင်းဆိုတော့ တော်လှန်ရေး ဆံသဆိုင်က ဆရာကဆိုင်မှာ ချိတ်ထားတဲ့ မှန်တွေကို ဖြုတ်ပြီး သိမ်းလိုက်ပါတယ်။ ပြီးမှ စက်ကပ်ကြေးကိုယူပြီး တခေါင်းပြီးတခေါင်း အပီကြွေးလွှတ်လိုက်တယ်။ ညနေ သောင်ရင်းချောင်းမှာ ရေချိုးဆင်းချိန် အားလုံးပြန်ဆုံတော့မှ တယောက် ခေါင်း တယောက်လက်ညှိုးထိုး ဟားကြရတယ်။
မနက် လေးနာရီခွဲမှာ ၀ီစီသံကို စကြားရပါတယ်။ ၀ီစီသံကြားတယ်ဆိုရင်ပဲ ကမန်းကတန်းထ အိပ်ယာသိမ်း ပြီး တန်းစီတဲ့နေရာကို ရောက်အောင်သွားတန်းစီ၊ လူစုံမစုံစစ်ဆေး ပြီးတာနဲ့ ကြံ့ခိုင် ရေးအတွက် ပီတီပြေး ကြရပါတယ်။ ပီတီပြေးပြီး ဆန်ပြုတ်သောက်၊ ခဏနားပြီး စစ်ရေးပြ ၀င်ရတယ်။ စစ်ရေးပြလုပ်ရာမှာလည်း အဘကိုယ်တိုင် ကြီးကြပ်ပြီး သင်ပေးပါတယ်။ လမ်းလျှောက်ပုံ၊ သတိအနေအထားရပ်နေပုံကအစ ပုံစံ မကျကျအောင် ဆဲဆိုကြိမ်းမောင်း သင်ပါတယ်။ စစ်ရေးပြပြီးရင် နေ့လည်ထမင်းစားချိန် ဖြစ်ပါတယ်။ ထမင်းစားပြီး ခဏနားရတယ်။ ပြီးရင် စစ်နဲ့ပတ်သက်တဲ့ သဘောတရားတွေကို အဘကိုယ်တိုင် လက်ချာ ရိုက်တယ်။
သင်ပေးတာတွေကတော့စုံလို့ပဲ။ စစ်သားကောင်းတယောက်ရဲ့စိတ်ဓါတ်ကစပြီး လုံခြုံရေးကိစ္စ တိုက်စစ် နည်းဗျူဟာတွေ၊ မြေပုံဖတ်၊ လက်နက်ကြီးပစ်နည်းတွေအပြင် တခါတရံ တိုက်ပွဲပုံစံတွေပါ လက်တွေ့လုပ် ကြရတယ်။ ဒီသင်တန်းက တက်ခဲ့သမျှထဲမှာ အပင်ပန်း ဆုံးလို့ထင်တယ်။ မသိသေးတာတွေသိခဲ့တာလဲ အများကြီးပဲ။ သင်တန်းကာလကို သုံးလသတ်မှတ်ထားတယ်။ သုံးလပြည့်လို့ သင်တန်းဆင်းပွဲကိုလည်း သေချာလုပ်မယ်ဆိုတာ သတင်းကြားထားတယ်။ အဘဦးအေးမြင့်ပေးတဲ့ သင်တန်းဆိုတော့ သင်တန်း ဆင်းပွဲကိုလည်း သေသေချာချာ ခမ်းခမ်းနားနားလုပ်ချင်ကြတယ်။
သင်တန်းဆင်းရက် နီးတဲ့အခါကျတော့ အခမ်းအနားနေ့ကျရင် လုပ်ရမယ့် စစ်ရေးပြတွေပါ ကြိုတင်လေ့ ကျင့်မှုတွေပါ ထည့်လုပ်ပေးရတယ်။ အစီအစဉ်အကြမ်းပြင်းက သင်တန်းသား ရဲဘော်တွေက အခမ်းအနား လုပ်မယ့်ကွင်းထဲမှာ တန်းစီရပ်နေရမယ်။ တာဝန်ရှိလူကြီးတွေက အမှာစကားတွေပြောမယ်။ တာဝန်ရှိ လူကြီးက တပ်ကိုစစ်ဆေးမယ်။ နောက်ဆုံးတခုက သင်တန်းစစ်ကြောင်းက တာဝန်ရှိလူကြီးကို ချီတက် အလေးပြုမယ် ဒီလောက်ပဲ။
အစီအစဉ်တွေထဲက နောက်ဆုံးအစီအစဉ်ဖြစ်တဲ့ ချီတက်အလေးပြုတဲ့အခါမှာ စစ်ကြောင်းမှူးရဲ့ `ချီတက်´ ဆိုတဲ့ အမိန့်သံဆုံးတာနဲ့ အရေးကြီးပြီသီချင်းကို အသံချဲစက်က ကွက်တိဖွင့်ပေးရမယ်။ အရေးကြီးပြီ သီချင်းရဲ့ အင်ထရို တီးလုံးအစမှာ…
`တော်.. တီ.. တော်.. တော်….. တော်.. တော်.. တော်.. တူ´
`ဒုန်း ဒုန်း ဒုန်း´ `ဒုန်း ဒုန်း ဒုန်း´
အဲဒီ `ဒုန်း ဒုန်း ဒုန်း´ စတာနဲ့ စစ်ကြောင်းက စလျှောက်ရမှာ ဖြစ်တယ်။ ကျန်တဲ့အစီအစဉ်တွေက အိုကေ နေပြီ။ ချီတက်အလေးပြု အစီအစဉ်တခုပဲ ထစ်နေတာ။ သီချင်းဖွင့်ပေးမယ့်လူရယ် စစ်ကြောင်းရယ် အမိန့် ပေးသံရယ် ကွက်တိဖြစ်ဖို့ အတော် လေ့ကျင့်ယူလိုက်ရတယ်။ ရဲဘော်တွေအားလုံးလဲ အကောင်းဆုံးဖြစ် အောင် စိတ်ကိုဆန့်ပြီး လိုက်လုပ်ပေးကြတယ်။
အသံချဲ့စက်ဖွင့်ဖို့ တာဝန်ယူထားတဲ့ ရဲဘော်ကလဲ သူလုပ်ရမယ့်တာဝန်ကို အပီလေ့ကျင့်တော့တာပေါ့။ သီချင်းတီးလုံးစတဲ့နေရာကို သေချာအောင် ခဏခဏပြန်ရစ်ပြီး ဖွင့်နားထောင်လိုက်။ ` တပ်ဖွဲ့…. ချီတက် ´ဆိုတဲ့အမိန့်ပေးသံကို အော်ပြီး ကက်ဆက်ခလုပ်ကိုနှိပ်ပြီး သီချင်းစဖွင့်လိုက်နဲ့ ကွက်တိဖြစ်အောင် အပြတ် လေ့ကျင့်နေတယ်။ ဒီပွဲမှာ သူက အခရာပဲမဟုတ်လား။ အဲဒီသီချင်းခွေကို ကက်ဆက်ထဲ အမြဲထည့်ပြီး လေ့ကျင့်နေရောပဲ။ အခွေ၊ ကက်ဆက်၊ ဓါတ်ခဲ အမြဲရယ်ဒီပြင်ထားတယ်။ သီချင်းဖွင့်ရမယ့်စက်က နားကြပ် ကက်ဆက်သေးလေးနဲ့ အသံချဲ့စက်ကို ဆက်သွယ်ပြီး ဖွင့်ရမှာဖြစ်တယ်။
အဲဒီရက်တွေက အသံချဲ့စက် တာဝန်ယူထားတဲ့ ရဲဘော်နားမှာ အိပ်တဲ့ရဲဘော်တွေကတော့ သင်တန်းဆင်းပွဲ မပြီးမချင်း အတော်လေးခံစားနေရတယ်။ အမိန့်ပေးလိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ရစ်လိုက်၊ အမိန့်ပေးလိုက်၊ ပြန်စဖွင့်လိုက်နဲ့ ဘာကို နားထောင်လို့ ထောင်ရမှန်း မသိတော့ဘူးပေါ့ ….
`တပ်ဖွဲ့….ချီတက်´
`ကလစ်´
`တော်…တီ…တော်…တော်´
`ဒုန်း..ဒုန်း..ဒုန်း´ `ဒုန်း..ဒုန်း..ဒုန်း´
`ဂျောက်´
`ကလစ်´
`ရှလွတ်…ရှလွတ်…ရှလွတ်´
` တပ်ဖွဲ့….ချီတက် ´ …
အဲဒီအသံတွေပဲ တနေကုန် ပတ်ချာလည်ပြီး ကြားနေရတာ …
သင်တန်းဆင်းပွဲ ချောချောမောမောနဲ့ အဆင်ပြေဖို့အတွက် လေ့ကျင့်နေတာဆိုတော့ ရဲဘော်တွေကလည်း သီးခံကြပါတယ်။
သင်တန်းဆင်းပွဲနေ့ မနက်စောစောမှာ အခမ်းအနား ပြင်ဆင်ရေး တာဝန်ရှိရဲဘော်တွေက အလုပ်တွေ ရှုပ်နေကြတယ်။ အချိန်ကလည်းစောသေးတော့ နှင်းတွေကလည်းကျနေတုန်းပဲ။ အခမ်းအနားစဖို့ကလည်း အချိန်က လိုသေးတယ်။ သင်တန်းသားရဲဘော်တွေ တာဝန်ရှိသူတွေ ကတော့ စကားတပြောပြောနဲ့ ကွင်း ဘက်ကို လျှောက်လာနေကြတယ်။ မဟာမိတ်ဧည့်သည် တွေလည်း တဖြည်းဖြည်း တွေ့လာရပါတယ်။ နေထွက်လာတယ်ဆိုရင်ပဲ နှင်းအကျလည်းကြဲသွားတယ်။ အခမ်းအနား ပြင်ဆင်ထားပုံက ခုမှ ပြတ်ပြတ် ထင်ထင် ပေါ်လာတယ်။ နောက်ခံမှာ ခွပ်ဒေါင်းအလံတော်တွေ စိုက်ထားတဲ့ စကားပြောစင်တခုရယ် ဘေး တဘက်တချက်မှာ …
`တော်လှန်ရေးသည်ငါတို့ကျောင်း ငါတို့တက္ကသိုလ်´
`တိုက်ပွဲဝင် အလံတော်ကို အမြင့်မားဆုံးလွှင့်တင်ကြ´ … ဆိုတဲ့ စာတန်းကြီးနှစ်ခုက နေရာယူထားတယ်။
အခမ်းအနားမှူးလုပ်သူရဲ့အသံ ထွက်ပေါ်လာပါတယ် ...
`သင်တန်းဆင်းပွဲအခမ်းအနား စတင်တော့မှာ ဖြစ်တဲ့အတွက် နေရာယူပေးကြပါခင်ဗျာ´ ဟု ကြေငြာလိုက် တယ် ဆိုရင်ပဲ စစ်ကြောင်းမှူးနဲ့သင်တန်းသားတွေက တန်းစီဖို့သတ်မှတ်ထားတဲ့ နေရာ၊ စကားပြောဖို့ တာဝန်ရှိတဲ့ လူကြီးတွေကလည်း သတ်မှတ်ထားတဲ့နေရာတွေမှာ နေရာယူကြပါတယ်။ အခမ်းအနားမှူးက သင်တန်းဆင်းပွဲ အခမ်းအနား အစီအစဉ်ကို ကြေငြာသွားပါတယ်။ အစီအစဉ်ရ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အလေးပြုခြင်း၊ ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်းတို့ကို ပြုလုပ်ပြီး အစီ အစဉ်အတိုင်း တာဝန်ရှိလူကြီးများက အမှာစကားများ ကိုယ်စီပြောသွားကြပါတယ်။
ပထမ တာဝန်ရှိလူကြီးတဦး အမှာစကား ပြောသွားတဲ့အထဲမှာ မှတ်မိလိုက်တာတွေက နအဖ စစ်အုပ်စုကို လက်နက်ကိုင် တိုက်ပွဲနည်းဖြင့်သာအောင်နိုင်မယ်ဖြစ်ကြောင်း၊ တော်လှန်စစ်မှာ စစ်ခရီးစဉ်ကြီး သုံးခုရှိ ကြောင်း၊ အဲဒီအဆင့်သုံးဆင့်ကို ဖြစ်သန်းရမှာဖြစ်ကြောင်း၊ ရဲဘော်တွေအနေနဲ့ စိတ်ဓါတ်မကျဖို့၊ သီးခံစိတ်ရှည်ဖို့တွေပြောပြီး ဆင်းသွားပါတယ်။ အစီအစဉ်အရ တာဝန်ရှိတဲ့နောက်တဦး အမှာစကားတက် ပြောပါတယ်။ သူကတော့ သံတမန်ရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲ၊ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ၊ အဲဒီတိုက်ပွဲနည်းနာတွေဟာလည်း ဗမာပြည်တော်လှန်ရေးမှာ လွန်စွာမှ အရေးပါပြီးထိရောက်ကြောင်း ပြောပြီးဆင်းသွားပါတယ်။
စကားပြောဖို့ ကျန်နေသေးတဲ့ နောက်ထပ် တာဝန်ရှိသူတဦး ထပ်တက်လာပါတယ်။ သူကလည်း လက်နက် ကိုင်တိုက်ပွဲနည်းနာ၊ သံတမန်ရေးတိုက်ပွဲ၊ လူအခွင့်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲ၊ အဲဒီလိုတိုက်ပွဲနည်းလမ်း ပေါင်းစုံနဲ့ ဆက်စပ်ပြီးလုပ်မှ အောင်မြင်မယ်ပြောပြီး ဆင်းသွားပါတယ်။
ကွင်းလယ်မှာ မတ်တတ်ရပ်ပြီး နာခံနေရတဲ့ ရဲဘော်တွေမှာ အဲဒီတာဝန်ရှိသူ သုံးဦးနဲ့ မတ်တတ်ရပ်ပြီး တိုက်ပွဲဝင်ရတာ သုံးနာရီလောက် ကြာသွားခဲ့ပြီမို့ ခြေထောက်တွေလဲ အတော်အီစိမ့်နေပါပြီ။ ဒါတောင် သူတို့ပြောတဲ့ တိုက်ပွဲနည်းနာတွေနဲ့ မပေါင်းစပ်ရသေးဘူး။ ရဲဘော်တွေခမျာ ငိုက်သလိုလို၊ မူးပြီး ပစ်လဲချင် သလိုလို ဖြစ်ကုန်ကြတယ်။ ပြောနေတာတွေကိုလည်း သေသေချာချာမကြားနိုင်တော့။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပစ်လဲမသွားအောင် ထိမ်းထားနိုင်ဖို့က အဓိကဖြစ်နေပါတယ်။
အစီအစဉ်အရ တပ်စစ်ဆေးမယ့် အချိန်ကို ရောက်လာပါတယ်။ စစ်ကြောင်းမှူးက အင်အားစာရင်း သတင်း ပို့ပါတယ်။ တာဝန်ရှိသူတဦးက တပ်မှူးလေးယောက်ရံပြီး တန်းစီနေတဲ့ ရဲဘော်တွေနားလျှောက် လာပါတယ်။ အနားရောက်တော့ စစ်ကြောင်းထိပ်ကနေစပြီး ဇတ်တောက် ဇတ်တောက် လျှောက်နေတဲ့ တပ်မှူး လေးဦးရံပြီး ရဲဘော်တွေကို တခါမှမမြင်ဘူးတဲ့ မျက်နှာမျိုးနဲ့ ကြည့်ပြီး တတန်းပြီးတတန်း စစ်ဆေး သွားတယ်။ တပ်စစ်ဆေးပြီး သူ့နေရာသူ ပြန်ရောက်တဲ့အချိန်မှာ ချီတက်အလေးပြု အစီအစဉ်အလှည့်ပါ။
`တပ်ဖွဲ့ … ရှေ့ ……ကြည့်´
ဆိုတဲ့ စစ်ကြောင်းမှူး အမိန့်ပေးသံ ထွက်ပေါ်လာပါတယ်။ ဒီအစီအစဉ်ပြီးရင် အခမ်းအနားပြီး ဆုံးတော့မယ် ဆိုတော့ ရဲဘော်တွေလဲ နည်းနည်းလန်းလာတာပေါ့။ ခုအပိုင်းက ရဲဘော်တွေ အပိုင်းပဲကျန်တော့တယ်။ ဒီအစီအစဉ်က ရဲဘော်တွေရဲ့အစွမ်းကိုပြရတော့မှာ ဖြစ်တဲ့အတွက် အပီအပြင်စစ်ကြောင်းလျှောက်ပြလိုက် မယ်ဟဲ့ဆိုပြီး စိတ်ကိုတင်းထားတာပေါ့။ အလေးပြုခံမယ့် ပုဂ္ဂိုလ်ကလည်း သူနေရာမှာအသင့်၊ သီချင်းဖွင့်ဖို့ တာဝန်ရှိတဲ့ရဲဘော်ကလည်း သူနေရမှာ အသင့်အနေအထားတွေ့နေရတယ်။
`တပ်ဖွဲ့….. သတိ´
အမိန့်သံဆုံးတာနဲ့ ကွင်းတခုလုံးငြိမ်သက်သွားပါသည်။ စစ်ကြောင်းမှူးက အမိန့်ဆက်ပေးပါတယ်။
`တပ်ဖွဲ့ … သေ….နတ်…. ထမ်း´
`ဗြောင်း´ `ဗြောင်း´
ဆိုတဲ့အသံဆုံးတာနဲ့ ရဲဘော်တွေရဲ့ ဘယ်ဘက်ပခုံးပေါ် သေနတ်တွေရောက်ပြီး သေနတ်ထမ်း အနေ အထားဖြစ်သွားပါတယ်။ သေနတ်ထမ်းလှုပ်ရှားမှုမှာ ရဲဘော်တွေလက်မှာ ၀တ်ထားတဲ့လက်အိပ်အဖြူတွေရဲ့ ရိပ်ကနဲရိပ်ကနဲ ဖြစ်သွားတာဟာ အလွန်ကြည့်ကောင်းတယ်။
`တပ်ဖွဲ့ … ညာ……. လှည့်´
သင်တန်းစစ်ကြောင်းဟာ သုံးယောက်တန်း ညာဘက်လှည့်ပြီး လမ်းလျှောက်ဘို့ဖို့ အသင့်ဖြစ်နေပါတယ်။ စစ်အကြောင်းမှူးက စစ်ကြောင်းရဲ့ထိပ်ကိုလျှောက်လာပြီး စစ်ကြောင်းထိပ်မှာ နေရာယူပါတယ်။ သင်တန်း နည်းပြ တယောက်က စစ်ကြောင်းနောက်မှာ ပိတ်ပြီးနေရာယူတယ်။
အားလုံးအသင့်အနေအထားရောက်တာနဲ့ စစ်ကြောင်းမှူးက ချီတက်ဖို့အမိန့်ပေးမှာဖြစ်တယ်။ အမိန့် ပေးတာနဲ့ အရေးကြီးပြီ သီချင်းဘင်သံနဲ့စထွက်မယ်။ အလေးပြုခံပုဂ္ဂိုလ်ရှေ့ရောက်ရင်အလေးပြုဖို့ အမိန့် ပေးမယ် အဲဒီအခါမှာ အလေးပြုခံပုဂ္ဂိုလ်ဘက်ကိုကြည့် သေနတ်ဒင်ပေါ် ညာလက်တင်၊ လမ်းဆက် လျှောက်၊ ပြီးရင် နေမြဲ အမိန့်ပေး၊ မူလတန်းစီတဲ့ နေရာကို ပြန်ရောက်ရင်ပြီးပြီ။ ကျနော်တို့ဆက်လုပ်ရမှာ က ဒီလောက်ပဲ။
`တပ်ဖွဲ့… ချီ….. တက်´ အမိန့်ပေးသံဆုံးတာနဲ့ ရဲဘော်တွေဟာ အရေးကြီးပြီ အင်ထရိုတီးလုံးသံကို စောင့် နေပါတယ်။ အဲဒီအချိန်မှာ အသံချဲ့စက်က ထွက်လာတဲ့အသံကို ကြားလိုက်ရတာကတော့ ….
`ပုစွန်ဆိတ်ကလေး ဘယ်လို ငယ်ငယ် ပင်လယ်ကူးတတ်တယ် … ´
`ပုစွန်ဆိတ်ကလေး ဘယ်လိုငယ်ငယ် ပင်လယ်ကူးတတ်တယ် ….´
လျှောက်ဖို့ခြေလှမ်းပြင်နေတဲ့ စစ်ကြောင်းက စစ်သွေးစစ်မာန်နဲ့လျှောက်ရမယ့် အနေအထားကနေပြီး ပုစွန် စိပ်ခုန် ခုန်ရမလိုလို စည်းချက်အတိုင်း ဖင်လိမ်ပြီ လျှောက်ရမလို ဖြစ်ကုန်ကြတယ်။
ရဲဘော်တွေလဲ ရယ်ချင်ကြတာပေါ့။ ဒါပေမဲ့ ဘယ်သူကမှ မရယ်ရဲကြဘူး။ အားလုံးပွစိပွစိ နဲ့ အသံတွေ ထွက် လာတာပေါ့။ မျက်စိတွေအားလုံးကလည်း ကက်ဆက်ဖွင့်တဲ့ ရဲဘော်ဆီရောက်သွားတာပေါ့။ သူ့ခမျာလည်း ချွေးတွေပြန်၊ ခေါင်းလဲအတော်ပူသွားပုံရတယ်။ အရေးကြီးပြီသီချင်းခွေကို ဟိုလှန် ဒီနှိုက်နဲ့ ပြန်ရှာနေတယ်။ အခွေပြန်တွေ့တာနဲ့ စစ်ကြောင်းကို စဆုံးအမိန့်ပြန်ပေးပြီးမှ အခမ်းအနားပြီးဆုံးသွားတော့တယ်။
အဲဒီလိုကမောက်ကမဖြစ်နေတဲ့အချိန်မှာ ကျနော်တို့သင်တန်းအုပ်ကြီး အဘဦးအေးမြင့်ကတော့ ဆဲနည်း ပေါင်းစုံတွေ လွှတ်တော့တာပေါ့။ အဘအနားကို ဘယ်သူမှ မကပ်ရဲကြတော့ဘူး။
အခမ်းအနားမှာ စစ်ကြောင်း ပုစွန်ဆိတ်ခုန်နည်းနဲ့ ခုန်ပြီး လျှောက်ရမလိုဖြစ်သွားရခြင်းက ဒီလို.. သင်တန်း ဆင်းပွဲမလုပ်ခင်ညက မနက်ဖြန်မှာ ဖွင့်ဖို့အသင့်ပြင်ထားတဲ့ကက်ဆက်ကို မေဆွိခရေဇီ ရဲဘော်တယောက် က ကက်ဆက်ကိုခိုးပြီး မေဆွိအခွေထည့်နားထောင်တယ်။ ပြီးတော့ အခွေကို မထုတ်ဘဲ ဒီအတိုင်းပြန်ထား လိုက်တယ်။ မနက်ရောက်တော့ ဓါတ်စက်ဖွင့်မယ့် ဆရာကလည်း ကက်ဆက်အထဲကအခွေဟာ သူအသင့် ပြင်ထားတဲ့အခွေပဲလို့ထင်နေတယ်။ ဒါနဲ့ အားလုံးအသင့် ဖြစ်နေတဲ့အချိန်မှာ လွှတ်ပေးလိုက်တာလေ …
`ကံကောင်းလို့ ပုစွန်ဆိတ်တွေ မဖြစ်ကုန်တယ် ….´
(http://www.naytthit.com ... မှ ကူးယူဖော်ပြသည်။)
ဥတ္တရ ယဉ်စွန်းတန်းက ခွပ်ဒေါင်းတို့ရဲ့ မာန်ဟုန်ဝင့်သံ
မောင်မောင်ခင် (ရမ်ဘို)
မောင်မောင်ခင်(ရမ်ဘို) မှာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ရင်း (၇၀၁)မှ ဖြစ်ကာ၊ ယမန်နှစ် ဒီဇင်ဘာလက ကမ္ဘာနှင့် အ၀ှမ်းဖြန့်ချီလိုက်သော ရမ်ဘို(၄) ဇါတ်ကားတွင် ဟောလီးဝုဒ် မင်းသား ဆီဗက်စတာ စတောလုံးနှင့် အပြိုင်သရုပ်ဆောင်ခဲ့ သော မြန်မာစစ်တပ်မှ ကာနယ်တင့် အဖြစ် သရုပ်ဆောင်ခဲ့သူ
- အချိန်ကား ၁၉၉၂ သြဂုတ်လ (၈)ရက်နေ့၊ ၈လေးလုံး ပြည်လုံးကျွတ် အုံကြွမှုကြီး အပြီး လေးနှစ် မြောက် ပေါ့၊ ကျောင်းသားတပ်မတော် မြောက်ပိုင်း ဗဟိုဌာနချုပ် ရှိရာ ပါဂျောင် ဒေသ၊ လိုင်စင်ဘွန်း၊ ဒေါင်း မိခင် ခမ်းမမှာ (၈) လေးလုံး နှစ်ပါတ်လည် အခမ်းအနား ကျင်းပ နေချိန်။
ကျနော်သည် ထိုအခမ်းအနား ကျင်းပရာ ဒေါင်းမိခင် ခမ်းမ၏ ထေါင့်တနေရာတွင် မလှုပ်မယှက် ငုတ်တုတ်ထိုင်နေလျှက်။ တော်လှန်ရေး အဖွဲ့အသီးသီးမှ ဧည့်သည်တော်များ နေရာယူပြီးကြသော အခါ အခမ်းနားမှူးမှ ခွပ်ဒေါင်း အလံတော် အလေးပြုရန် အားလုံး မတ်တတ်ရပ်ပေးကြပါ ခင်ဗျားဟု စကားသံ ထွက်ပေါ်လာသည်နှင့် ခမ်းမထဲတွင်ရှိနေသော သူများအားလုံး ကမန်းကတန်း မတ်တတ်ထရပ်ကြသည်။ ထိုအစဉ် အခန်းနားမှူးမှ -
"အားလုံးးးးးးးးးးးးးးးးသတိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော် အား အလေးးးးးးးးးပြု။
နေမြဲ……။
ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား ဦးညွှတ်အလေးးးးးးးးးးးးးပြု" ။
ဟုကြားရသည်နှင့် ကျနော့်ရင်ထဲ၌ ခံစားမှု တစုံတရာ ဖြစ်ပေါ်လာပြီး အတွေးပုံရိပ် အပိုင်းအစများသည် ဟိုအဝေး တနေရာဆီသို့ ခေါ်ဆောင်သွားသည့် နှယ် စိတ်လေတံခွန် လွှင့်လျက်…..လွင့်လျှက်။
သဘာဝတရားမှာ အရုဏ် အလင်း ရောက်ယင် တောရဲ့ သဘာဝအတိုင်း ကျေးငှက်တို့လည်း အိပ်တန်းမှ နိုးးထ ပြည့်ဝတဲ့ အင်အား တွေနဲ့ အနာဂါတ်တခုအတွက် မနက်ဖြန်များစွာကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့  မြည်တွန်မြူးတူး အားဖြည့် နေကြလေပြီ ။
လက်ရေ တပြင်တည်း
ကျနော်သည် ခရီးပမ်းလာ၍လား မသိအိပ်ပျော်သွားသည်မှာ တုန်းကနဲ အသိချပ်တဲ့ အချိန်မတော့ ကျေးငှက်တွေရဲ့ အသံများသည် သံစဉ်မျိုးစုံဖြင့် ကျနော်အား ကလူဤသို့ မြူဤသို့ နိုးထရန် လာရောက် အချက်ပြ နေလေပြီ။ ကျနော်မျက်လုံး အစုံကို ဖွင့်ကြည့်လိုက်တော့ စိမ်းလန်းတဲ့တောအုပ် ကြီးထဲ ကျေးငှက်တို့ လှုပ်ရှား နေကြသလို ကျနော်တို့ ရဲဘော်တွေလည်း လှုပ်ရှားနေကြရသည်။ ကျနော့်မျက်စိရှေ့ တည့်တည့်က ရဲဘော် တယောက်သည် သစ်ရွက်များပေါ်တွင် ခင်းထားသော ထမင်းစား မိုးကာ (၂ပေ ၃ပေခန့် ဖြန့်ခင်းထား သောမိုးကားငယ်) ပေါ်သို့ ဟန်းကောထဲမှ ထမင်းများကိုခူး၍ ပုံနေသည်။ ထမင်းကို ဘယ်အချိန်က ချက်လိုက်သည် ကျနော်မသိ ထို့ကြောင့် သိလိုဇောနဲ့ " အငယ်လေး ထမင်း ဘယ်တုန်းက ချက်လိုက်တာလဲ " ဆိုတော့ ရဲဘော်အငယ်လေးက " မနက်လေးနာရီက ထချက်တာ၊ မိုလင်းလာယင် မီးခိုး ရန်သူ မြင်မှာစိုးလို့ ကျနော့်အား ရှင်းပြပြီး ဟန်းကော(စစ်သုံး ထမင်းဘူး) အလွတ်များကို ဆေးကြောရန် ကျောက်ချောင်းလေးရှိရာသို့ ဆင်းသွားလိုက်တော့သည်။ ခဏအကြာတွင် ဟန်ကောအလွတ်များတွင် ရေခတ်လာပြီးသူတို့ တပ်စိတ်ထမင်းစားရန် လှမ်းခေါ်၍ ကျနော့်အား ထမင်းစားရန် လာခေါ်သည်။ ကျနော်လည်းမျက်နှာကို မြန်မြန်သစ်ပြီး ထမင်းစားဝိုင်းထဲသို့ ၀င်လိုက်သည်၊ ထမင်း၏ အလယ်တွင် ဟန်းကောအဖုံးများနှင့် ထည့်ထားသော ဟင်းနှစ်မျိုးကိုသာ တွေ့လိုက်ရသည် ဟင်းပျင်းလှော် နဲ့ ဟင်းပျင်း ဟင်းချိုရည်(ဟင်းပျင်း ဆိုသည်မှာ ကချင်ပြည်နယ်မှာသာ ရှိသော ဟင်းရွက်တမျိုးသာ) သူတို့ တပ်စိတ်တွင်(၆)ယောက်သာရှိသည် ရှေ့တန်းတပ်စိတ်များကို များသောအားဖြင့်(၅ယောက်၊၆ယောက်) သာ စုဖွဲ့ကြသည်။ တိုက်ပွဲက များသည်ဖြစ်လျှင် တနိုင်တပိုင် စီမံကွတ်ကဲနိုင်သည်။ ကင်းစောင့်နေသော ရဲဘော်တယောက်အတွက် ထမင်းနဲ့ ဟင်းကို ခွဲထားပေး၍ ကျနော်နှင့် ကျနှ်(၆)ယောက် ထမင်းဆက်စားကြသည် ။ လက်ရေ တပြင်တည်း ဆိုသော ရှေးထုံးစကားသည် ကျနော်တို့ တော်လှန်ရေးသမားတွေ အတွက် ရေးထားလေသလား မသိခဲ့ပါချေ။ ထမင်းစား မိုးကာနဲနဲမြင့်တဲ့ နေရာမှာ ရဲဘော်က ဟင်းရည်ကို လောင်းချလိုက်ရင် မိုးကာအနိမ့်ပိုင်းတွင် စားနေသောရဲဘော်များမှာ ဟင်းချိုရည်ကို ထပ်ထည့်စရာ မလိုတော့ပဲ စီးလာသော ဟင်းချိုရည်ကို ရွံရှာမှု အလျဉ်းမရှိဘဲ လက်ရည်တပြင်ထဲ စားသောက်ကြရသည်။ ကျောင်းသားရဲဘော်များသည် ဖြူစင်တဲ့ စိတ်ဓါတ်၊ ရိုးသားမှု အရင်းခံ ၊အာဏာရှင်ကို တော်လှန်လိုသော စိတ်တို့ကို အခြေတည်ကာ ညီရင်းအကိုပမာ အသက်ကိုပေး၍ ချစ်ကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ ဟင်းပျင်းလှော်ထဲတွင် ကျောက်ချောင်းမှ ကျောက်ပုဇွန်လုံးလေးတွေ ပါနေသဖြင့် ဟင်းပျင်း၏ အချိုဓါတ် ပုဇွန်လုံးများရဲ့ အချိုဓါတ်တွေ ပေါင်းစပ်လိုက်တော့ ကျနော်တို့ရဲ့ တော်လှန်ရေးဟင်းလျာသည် ကြယ်ငါးပွင့်ဟော်တယ်တွင် မှာစားရသည့် (၁၂)မျိုးဟင်းချိုအလား အရသာရှိရှိနှင့် မြိန်ရည်ရှက်ရည် စားလိုက်ကြသည်။ (၅)မိနစ်အတွင်း အလယ်တွင် ပုံထားသော ထမင်းပုံကြီးမှာ ကျနော့်မျက်စိရှေ့အောက်က ပျောက်ကွယ် သွားတော့သည်။ ထမင်းစားပြီးသော် အခါတွင် ရဲဘော်များသည် သူ့နေရာကိုယ့်နေရာတွင် ပစ္စည်းများကို သိမ်းထုပ်ပြီး ကျောပိုးအိတ်ကို မှီကာခွဲတမ်းကျ ဝေထားသော ဆေးမှုန့်ထုပ် (သတင်းစာနှင့် လိပ်သောက်ရသော ဗာဂျီးနီးယားဆေး)ကို ထုတ်၍ လိပ်သောက်ကာ ထမင်းလုံးစီကြသည်။ ဤသည်ကား စနစ်ဆိုးတခုကို တော်လှန်နေတဲ့ တော်လှန်ရေးသမားတို့၏ လောကစည်းစိမ် မဟုတ်ပါလား။ တောထဲတွင် ခြင်ကိုက် ဖြုတ်ကိုက် ဒဏ်ခံနိုင်အောင် သောက်ရင်း ဆေးလိပ် မသောက်တတ်သော ရဲဘော်လည်း ဆေးလိပ်စွဲသွားတတ်ကြသည်။ ထမင်းစားပြီး ဆေးလိပ်တလိပ်ကို သောက်ရင်း ကျနော် စဉ်းစားနေမိသည် ဖိနှိပ်မှုတိုင်းကို တွန်းလှန်ဘို့ ကျနော်တို့ ကျောင်းသားတွေ နိုင်ငံအတွက် ဓါးစာခံ ဖြစ်ပေါ်လာ ရသလားမသိxxx ပေးဆပ်မှုတွေက မကုန်နိုင်သေး စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေကလည်း ဒုနဲ့ဒေး များလှသည်။ ပထမတော့ ……
မိသားစုကိုစွန့်xxxxxx
စာသင်ခန်းကိုစွန့်xxxxxx
မြို့ပြကိုစွန့် xxxxxx
မိဘကိုစွန့် xxxxxx
ချစ်သူကိုစွန့် xxxxxxx
လ္ဘက်ရည်ဆိုင်ကိုစွန့် xxxxxxxx
အားလုံးကို စွန့်လွှတ်ပြီး ကြမ်းတမ်းတဲ့ ခရီးကြမ်းမှာ သေနတ်ကို ကိုင် ဦးတည်ချက် ကို မယိုင် လဲရအောင် ငှက်ဖျားနဲ့ စစ်ခင်း သေမင်းကို စိန်ခေါ် အစားဆင်းရဲ အနေဆင်းရဲ စိတ်ဆင်းရဲ ဆင်းရဲမှုတွေ အစုစုနဲ့ ပြည်သူလူထု အာဏာရှင်လက်အောက်မှ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေ သူတွေပါလားဟု စဉ်းစားနေမိသည်။
သေကံမရောက် အသက်မပျောက်
ထိုစခန်းလေးတွင် ကျနော်တို့ တပါတ်ခန့် နေခဲ့ရသည်။ ကျနော်ရောက်ပြီး နောက်တရက်တွင် ကိုမျိုးဝင်းက ပြန့် (ခေါ်) နမ္မားသို့ ဆင်းသွားသည် သူ့ပြန်အလာကို စောင့်ရင်နဲ့ သေကံမရောက်တဲ့ အကြောင်းလေးတခုကို သွားသတိရမိသည်။ သုံးရက်မြောက်နေ့တွင် စားစရာ ဆန်နည်းလာ၍ ရွာမှဝယ်ထား သောဆန်များကို သွားထမ်းသောအခါ ကျနော်လိုက်သွားသည်၊လမ်းတွင်ကျနော်တို့၏ ဆလန်ကဘာ (စည်းရုံးရေးမှူး) ဦးစက်အောင်နဲ့ လမ်းတွင်ဆုံကြသည်၊ သူသည် နမ္မားဖက်မှ တက်လာသည် သူ့တွင် နမ္မားတွင် နာမည်ကြီးသည့် မက်စီကျို့(သစ်သီးစိမ်အရက်) ရဲဘော်များ သောက်ရအောင် ပါလာသည်။ ကျနော်လည်း နာမည်ကြီးတဲ့ မက်စိကျို့ကို တခွက်ြမည်းကြည့်လိုက်သည် အရသာတွေ့သွား၍ နောက်တခွက် ထပ်ချလိုက်ပြန်သည်။ အပြန်ခရီးတွင် မက်စီကျို့ အရှိန်လေးနဲ့ ဆန်လေးပြည်အပါအ၀င် သေနတ်ကို ထမ်းခဲ့သည်မှာ ပါလို့ပါမှန်းတောင် မသိ ပေါ့ပါးသွက်လက်၍ လေပေါ်တွင်မြှောက်ကာ မိုက်ကယ်ဂျက်ဆင်ရဲ့ မွန်းဝေါ့ခ် အကထဲကလိုမျိုး ပေါ့ပါးလျှက်ရှိနေသည်။ စခန်းအ၀င်လမ်းကို ကျနော်မမှတ်မိတော့ သတိရလို့ ကြည့်လိုက်သောအခါ အရှေ့ကရဲဘော်တွေလဲ မတွေ့ရ နောက်က ရဲဘော်တွေလည်း မတွေ့တော့ပါ။ ကျနော် လမ်းမှားလာသည်ဟု ချက်ချင်းသိလိုက်သည် လမ်းပြန်ရှာသည် မတွေ့တော့ပါ စခန်းနဲ့ သိပ်မဝေးသေးမှန်းတော့ သိသည်။ တနာရီခန့် ကြိုးစားရှာကြည့်သည် မတွေ့ ဆက်ရှာလျှင် စခန်းနဲ့ ဝေးတော့မည်။ ရောက်တဲ့နေရာမှ သေနတ်တချက် ဖေါက်လိုက်သည်။ (၁၀)မိနစ်ခန့် အကြာတွင် ရဲဘော်နှစ်ယောက် စိုးရိမ်ကြီးစွာဖြင့် လာကြို၍ စခန်းကို ပြန်ရောက်ခဲ့သည်။ စခန်းပါတ်လည်တွင် မိုင်များထောင်ထားကြောင်း ပြောပြီး မိုင်းတာဝန်ယူထားသော ရဲဘော်မှမိုင်းများကို သွားရောက်စစ်ဆေးကြည့်ရာ ကျနော်မိုင်းကြိုးများကို တိုက်ဖြတ်ထားသည်ကို တွေ့ရပြီး မိုင်းခလုပ်နေရာ လျှပ်စီးလိုက်မဲ့ နေရာတွင် ခြတွေ တောင်ဘို့ တည်ထားသောကြောင့် မိုင်းမကွဲဘဲ ကျနော် အသက်ချမ်းသာရာ ရခဲ့ကြောင်း ပြန်ပြောင်းတွေးမိတော့ ကြက်သီးမွေးညင်းများ ထောင်းလမောင်း ထဆဲ။ ခြတွေကယ်လို့ ကျနော်သေကံမရောက် အသက်မပျောက်ခဲ့ရသည်။ သုံးရက်ခန့် စောင့်ပြီးသောအခါ ကိုမျိုးဝင်းနဲ့ ရဲဘော်သုံးယောက် ပြန်ရောက်လာကြသည်။
နောက်တနေ့ မနက်စောစော မြေနုပို့(စ်)တွင် ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့ တပ်စိတ်တစိတ် ချန်၍ ကျနော်တို့ ခရီးဆက်ထွက် ခဲ့ကြသည်။ တနေကုန် ဒေါင်းတောက်အောင် လျှောက်ခဲ့သည် ညနေစောင်းတော့ ကျနော်တို့ ခရီးတထောက်နားမည့် ဟိုပင်ပို့(စ်)ကို ရောက်ခဲ့ကြသည်။
မပစ် သေနတ်နဲ့ အမတ်ကြီးများ
ထိုပို့(စ်)တွင် ကျနော်တို့ကို အသင့်စောင့်နေသော ကျနော်တို့ရဲဘော်များနဲ့ မိုးညှင်မြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မောင်နဲ့ မိုးညှင်းမြို့နယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးကြာမြတို့ ကိုပါတွေ့ရသည်။ ဟိုပင်ပို့(စ်)က မြေနုပို့(စ်)နဲ့မတူတဲ့ ဟာတွေကတော့ စခမ်းကို အခိုင်အခန့် ဆောက်ထားသည်ကို တွေ့ရသည်၊ မြေနုပို့(စ်)ကတော့ မြို့နဲ့ နီးလွန်းသောကြောင့် မိုးကာတဲများသာ ထိုး၍နေကြသည်။ နယ်မြေခံရဲဘော်များ နေရာချထားရာတွင် အထုပ်အပိုး များချကာ နားကြသည်။ နောက်တနေ့တွင် ခရီးဆက်မထွက်ပါ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အကြမ်းဖျင်း ဆွေးနွေးကြသည်။ ကေအိုင်အေမှ ပေးထားသော နိုင်းမမ ပစ္စတိုကို ခါးတွင်ချိတ်၍ လွှတ်တော်ကိုယ်စားလှယ်ဦးကြာမြ တက်ကြွနေသည်ကို တွေ့တော့ ရဲဘော်တယောက်က ကျနော့်ကိုလာပြောသည်။ " ဆရာမပစ် သေနတ် မြင်ဘူးလားတဲ့ " ကျနော်က " တို့ ကချင်ပြည်နယ်မှာ မခုတ်ဒါးနဲ့ မထိုးလှံပဲ ကြားဖူးပါတယ် အဲဒါက ကချင်တွေ မိန်းမတောင်းရင် လိုတယ်လေလို့ " ပြောတယ်၊ မပစ်သေနတ်ကို မြင်ဘူးချင်ရင် ဟောမှာ ကြည့်ဟုဆိုကာ ဦးကြာမြခါးက သေနတ်ကို လက်ညှိုးထိုးပြသည်။ သူ့သေနတ် ပစ်ရင်မထွက်ဘူး ခါးမှာချိတ်ထားတဲ့ သေနတ်ဆိုပြီး ဦးကြာမြ မကြားအောင် ပြောပြီး ကြိတ်ရယ်ကြသည်။ ရဲဘော်များသည် တောထဲတွင် ပျော်စရာဆိုတာ မရှိ၍ ကြံဖန်ပြီးပျော်ကြရသည်။ အပျော်အပျက်အဖြစ်သာ နောက် ကြသည် ပြည်သူက တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်တွေကို အသက်ပေး ကာကွယ်ရမည်ဆိုတာ ပြည်သူ့အတွက် တော်လှန်ရေးလုပ်နေသော ကျောင်းသားရဲဘော်တိုင်း၏ စိတ်ထဲတွင် နှလုံးသွင်းပြီးသား ဖြစ်သည်။
ကျနော်သည် တနေ့တာရဲ့ အချိန်တွေကို မတွေ့တာကြာ ပြီဖြစ်တဲ့ ရဲဘော်တချို့နဲ့ ရောက်တတ်ရာရာ စကားပြောခြင်းဖြင့် အချိန်ကာလက နိုင်င်ငံရေးအရ ကြီးမားသောကာလဟု ပြောလျှင်ရနိုင်သည်။ ပြည်သူ လူထု၏ နိုင်ငံရေးရေချိန် အမြင့်ဆုံးကိုရောက်နေသည်။ အာဏာရူးတဲ့ စစ်အုပ်စုက လူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားနေပြီ။ ကျနော်တို့ တော်လှန်ရေးသမား တွေကလည်း အာဏာရှင် သက်ဆိုးမရှည်ရအောင် နိုင်ငံရေး/စစ်ရေး ထိုးစစ်များ ကိုပြင်ဆင်ကြရန် ဖြစ်ပေတော့သည်။
ခရီးစပြီ
နောက်ရက်တွင်ကျနော်တို့အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များလူစုခွဲ၊ စစ်ကြောင်းများခွဲ၍ ကေအိုင်အေနည်းဗျူဟာအမှတ်(၄)သို့ စတင်ချီတက်ကြသည်။ နိုင်ငံရေး/စစ်ရေးထိုးစစ်များပြင်ရန် ကျနော်တို့ကျောင်းသား (ABSDF) ၊အန်အယ်ဒီ(NLD)၊ကေအိုင်အေ(KIA) သုံးဖွဲ့ပေါင်းကာ သုံးပွင့်ပူးပေါင်း စစ်ဆင်ရေးကို စတင်နေပြီ(သ.ပ.စ.က) ထိုအစည်းဝေးလုပ်ရန် ရှေ့တန်းအသီးသီးတွင် ရောက်နေကြသော သုံးဖွဲ့စလုံး၏ စည်းရုံးရေးမှုများ၊ တပ်တွေကို ကေအိုင်အေနည်းဗျူဟာ အမှတ်(၄)တွင် လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကြရန်ဖြစ်သည်။ ထိုအစည်းဝေးသို့( ABSDF) နိုင်ငံရေးမှုနဲ့ စည်းရုံးရေးမှုများသာ တက်ရောက်ရန်နှင့် တိုက်ခိုက်ရေး တပ်တွေကိုတော့မြို့နဲ့ အနီးဆုံးတွင် ကပ်ထားရန် ကိုမျိုးဝင်းမှ ညွှန်ကြား ချက်ပေးထားသည်။
ငှက်တွေက ကျီစယ်လေသလား
ကျနော်တို့တွင် တိုက်ခိုက်ရေးတပ် အင်အားများများစားစား မပါလာပါ။ အတွင်းရေးမှူး ကိုမျိုးဝင်းရဲ့ လုံခြုံရေးတပ်စိတ် တစိတ်နဲ့ ရဲဘော်နိုင်ဦးနဲ့ ရဲဘော်ခွက်ကြီးတို့ ဦးဆောင်တဲ့ရဲဘော်သစ် တပ်စိတ်တစိတ် စုစုပေါင်းဖွဲ့စည်းပုံ မပြည့်တဲ့တပ်စိတ် နှစ်စိတ်သာဖြစ်သည်။ ထိုလမ်းကြောင်းများမှာ ရန်သူ၏ထိုးစစ်ဆင်သည့် စစ်ကြောင်းများ မရှိသဖြင့် လုံခြုံရေးတပ်များကို မခေါ်လာခြင်းဖြစ်သည်။ ရန်သူရဲ့ ထိုးစစ်မရှိပေမဲ့ ကျနော်တို့ကို တိုက်ခိုက်နေတဲ့ အမြဲတမ်း ရန်သူကတော့ရှိနေသည်။ ဒေသတခုတခုတွင် တမင်းတမူ ကြီးစိုးနေကြတဲ့ ငှက်ဖျားဖြစ်သည်။ ငှက်ဖျားသည် ဒေသတခုနဲ့ တခုမတူကြပါ။ သံလမ်းရိုးငှက်ဖျားသည် ကျနော့်အတွက် အသစ်အဆန်း မဟုတ်ပေးမဲ့ ဖားကန့်ဒေသတွင် တနှစ်ကျော်ကျော် နေလာသောကြောင့် သံလမ်းရိုးငှက်က သူစိမ်းဆန်ဆန်ဖြစ်ခဲ့ ရပြီပေါ့။ အခုတော့ သံရိုးလမ်းငှက်က ကျနော့်ကိုလာ ကျီစယ်နေကြပြီ ။ နားနားနေနေ လျှောက်ခဲ့ကြသော်လည်း ညကင်းစောင့်ကတော့ စောင့်ရသည် မည်မျှပင် အေးဆေးတယ်ပြောပြော တော်လှန်ရေး သတိဆိုတာ ကျနော်တို့မှာ အမြဲရှိကြရသည်၊ ညကင်းစောင့်၍ အိပ်ရေးပျက်လျှင် ငှက်ဖျားက၀င် သည်။ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွဲနေကြတဲ့ တော်လှန်ရေးသမားတွေမှာ ငှက်ဖျားဆိုတာ အထူအဆန်းမဟုတ်ပါ။ ဆေးရှိလျှင် ဆေးကိုသောက် ဆေးမရှိလျှင် မက္ကလောင်ခြစ် (ဒေသကုထုံးတမျိုး)့ ဆေးမရှိလို့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်း မှတ်တမ်းတင်လို့ပင် မနိုင်။ ဒီလို့နဲ့ပဲ ဖျားလိုက်၊ နားလိုက်၊ သွားလိုက်နဲ့ အာဏာရှင်ကို တော်လှန်နေကြရသည်။ ကျနော်တို့အဖွဲ့ နှစ်ရက်ကျော်ကျော် လျှောက်ပြီးသောအခါ တောင်ယာတခုသို့ ရောက်ခဲ့ကြသည်။
တောင်ယာပန်း နဲ့ ထမင်းဝိုင်း
ထိုတောင်ယာသည် ရင်း(၅)ဂွင်နဲ့ ရင်း(၁၁) ဂွင်ကြားတွင်ရှိသည်။ မိုးညှင်းမြို့နယ်ကို ရင်း(၅)ဂွင်းဟု သတ်မှတ်ထားပြီး မိုးကောင်းမြို့နယ်ကို ရင်း(၁၁)ဂွင်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ကျနော်တို့ရည်မှန်းချက်ကို ရောက်ရန် သိပ်မဝေးတော့ပါ။ ထိုတောင်ယာတွင် မုဆိုးတယောက် ပြောင်သားခြောက်လာရောင်း သောကြောင့် (၁)နာရီခန့် နားပြီး ထမင်းချက်စားကြသည်။ ကချင်တောပုန်း ရွာများ၊ တောင်ယာများသည် ဟင်းသီးဟင်းရွက်များကို စုံလင်အောင် စိုက်ထားတတ်ကြသည်။ ထို့ကြောင့်ဟင်းကောင်းကောင်း စားရသောနေရာများ ဖြစ်သဖြင့် ရဲဘော်များမှာ တောင်ယာများတွင် နားချင်ကြသည်။ ထိုနေ့ နေ့လည်စာကိုတော့ ပြောင်းသားခြောက်မီးဖုတ်၊ ဟင်းချိုတမျိုးနဲ့ ခရမ်းသီးထောင်းထဲတွင် တောင်ယာပန်း ( ကချင်ပြည်နယ် တောင်ယာများတွင် စိုက်သည့် ဟင်းခတ်အမွေးအကြိုင် ) ထည့်ထောင်းထားသဖြင့် မြိန်ရည်ယှက်ရည် စားသောက်လိုက်ကြသည်။ စားသောက်ပြီးသောအခါ ရဲဘော်တယောက်သည် ဟန်ကောများကို ရေပန်းကျနေသော နေရာသို့ဆေး ကြောရန် ယူသွားရင်း သီးချင်းတပိုင်းတစ ဆိုသွားသည်ကို ကျနော်ကြားလိုက်ရသည်။ "ငါသည်တော်လှန်ရေး xxx လုပ်ရမယ်လေ xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရှိရမယ် xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရသင့်ပါတယ်" …. ကျနော်တို့ ရဲဘော်များသည် အသားထုတ်ပေးသောနေ့ ဟင်းကောင်းသောနေ့များတွင် တက်ကြွ၍ အထက်ပါ သီချင်းမျိုးကို ဆိုတတ်ကြပြီး ပင်ပမ်းပြီး ဟင်းမကောင်းရင်တော့ စိုင်းထီးဆိုင်ရဲ့….စိတ်ဓါတ်ကျတယ် ဆိုတဲ့ သီချင်းကို… ဆိုတတ်ကြတယ်လေ။
ထိုတောင်ယာမှ တညအိပ်နှစ်ရက် ဆက်လျှောက်ပြီးသောအခါ ကေအိုင်အေ နည်းဗျုဟာ (၄) တပ်စခန်းကို ရောက်ခဲ့ကြသည်။ ထိုစခန်းသည် ဆားမှော်ရဲ့ အရှေ့မြောက်၊ ထိုပူးရဲ့အရှေ့တည်တည်၊ မိုးကောင်းအရှေ့မြောက်အရပ်တွင် တည်ရှိပြီး စခန်း၏သုံးဖက်တွင် ဆက်စပ်နေသော တောင်ကုန်းများဖြင့် ကာရန်ထားသည် ကျန်တဖက်သည် မြေပြန့်ဖြစ်ပြီး ရွာဟောင်းဖြစ်သည်။ ကျနော်တို့ရောက်ပြီး နောက်နှစ်ရက်အတွင်းမှာ မိုးညှင်းဖက်မှ ခရိုင်မှူးကိုစိန်အေးအဖွဲ့၊ ဆားမှော်ဖက်မှ ဆလန်ကဘာ ဦးထွန်းဖေအဖွဲ့နှင့် NLD(L.A)အဖွဲ့၊ KIAမှလည်း အမှတ်(၅)(၁၁)(၁၅) တပ်ရင်းများနှင့် တပ်းရင်းအမှတ်(၂၅၁) (၂၅၄)အစရှိတဲ့ ဒေသအသီးသီးမှ တပ်များ နိုင်ငံရေး/စည်းရုံးရေးမှူးများ ရောက်လာကြသည်။ ကျနော်နဲ့အတူ ရဲဘော်သစ်များ တပ်စိတ်တစိတ်သည် ချောင်းကလေး၏ တဖက်ကမ်း ရွာဟောင်းလမ်းတွင် ရှေ့ကင်းအဖြစ် တာဝန်ယူနေရပေသည်။
အစည်းဝေးစပြီ
နည်းဗျူဟာ(၄) ကွတ်ကဲမှုဒေသ အသီးသီးမှ တပ်များစုံပြီး ဖြစ်သဖြင့် ၁၉၉၂ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ရန်သူကို မည်သို့နိုင်ငံရေး/စစ်ရေးများ ထိုးစစ်ကို ဘယ်လို မြှင့်တင်ဆောင်ရွက်မလဲ ဆိုတာကို စတင်ဆွေးနွေးကြသည်။ ကရင်ပြည်နယ် ကေအန်ယူ ထိမ်းချုပ်ရာ မာနယ်ပလောတွင် နိုင်ငံရေးအရ အားကောင်းသော တပ်ပေါင်းစုကြီးကိုဖွဲ့ပြီး ဒီအေဘီ စစ်ကြောင်းများဖြင့် စတင်ထိုးစစ် ဆင်နေသော အချိန်လည်းဖြစ်သည်။ မြောက်ပိုင်းကျောင်းသားတပ်မတော် ခေါင်းဆောင် ကိုသံချောင်း၊ ကိုလဆိုင်းတို့ အဖွဲ့သည် မြစ်ကြီးနားမြို့ လေဆိပ်အနီး ဧရာဝတီမြစ်တဖက်ကမ်း စန်းကားဖက်သို့ ထိုးစစ်ဆင်ရာ အပြန်တွင် ရန်သူ့လက်နက် (၅)လက်ရခဲ့သည်ဟု စက်သတင်းဝင်လာသည်။ ထိုသတင်းကို ကြားတော့မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းရေးမှူးကိုမျိုးဝင်းသည် အားကျမခံ " ငါတို့ဘက်ကလည်း အနည်းဆုံး (၆)လက်ရမှ ပြန်လာမည် "ဟု ပြန်ပြောသည်။ ထိုစဉ်က တပြည်လုံးတော်လှန်မှ တပြည်လုံး အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း ဖြတ်ကနဲ တွေးမိနေသေးသည်။
ထမင်းရှာ ရန်သူတွေ့
၁၉၉၂ ဇူလိုင် (၁၂) အစည်းဝေး ဒုတိယနေ့အဖြစ် စတင်ကျင်းပနေသည်။ အစည်းဝေးကို နံနက်(၉)နာရီတွင် စနေကြပြီ ကျနော်တို့ ရှေ့ထွက်အဖွဲ့သည်လည်း နံနက်စာစားပြီး၍ မိမိအိမ်ပြန် ရောက်သည့်အလား စားပြီးဟန်းကေားများကိုပင် မသိမ်းသေး အိပ်ယာခြင်ထောင်များလည်း ဖရိုဖရဲနဲ့ စိတ်အေးလက်အေး ဆေးလိပ်လိပ်သောက် စကားဖေါင်ဖွဲ့နေကြသည်။ ထိုအချိန်မှာပဲ ရုတ်တရက် " ဝုန်း "ဆိုတဲ့ အသံနက်ကြီးတခု ကြားလိုက်သည်။ ကျနော့ လက်ပါတ်နာရီကို တချက်ဖြတ်ကနဲ ကြည့်မိလိုက်သည်မှာ နာရီလက်တန်သည် မနက်(၁၀)နာရီကို (၁၀)မိနစ်စွန်းစပြု နေပြီဖြစ်သည်။
ရဲဘော်တယောက်က သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောနေသေးသည် " ဒါတောကောင် တကောင် ကောင် မိုင်းနင်းမိတာပဲ ဖြစ်ရမယ် ညနေစာကိုတော့ အသားဟင်းစားရအုံးမယ် ထင်တယ် " ကျနော်ကတော့ ရဲဘော်တွေကိုလှမ်း သတိပေးလိုက်သည်။ " အိပ်ယာတွေတော့ သိမ်းထားကြဟေ့ ဘာမှန်းမသိဘူး " ဟုပြောပြောဆိုဆို နောက်(၅)မိနစ်အကြာတွင် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျနော်လည်း အဲဒီအခါကြမှ စကားပြောစက် ကမှန်းကတမ်း ကောက်ဖွင့်သည်။ ရဲဘော်တွေကို ပစ္စည်းများ အမြန်သိမ်းရန် လှမ်းပြောလိုက်သည်။ သိပ်မကြာပါ လက်နက်ကြီးအသံများ ဆက်တိုက်ကြားနေရသည်။ ဘယ်ကို ကျနေမှန်း ကျနော်တို့မသိ ကျနော်၏ စကားပြောစက်မှ ညွန်ကြားချက်ပေးသံထွက်ပေါ်လာသည်။ ကျနော်၏ တပ်စိတ်ကို သူ့နေရာသို့ အမြန်လာရောက်ပူးပေါင်းရန်ပြောနေသည်။ ကျနော်ရဲဘော်များ မကျန်အောင်စောင့်ခေါ် နေရသည်။ ကျနော်၏ စကားပြောစက်ထဲတွင် ကိုမျိုးဝင်းဆဲသံများ ဆက်တိုက်ထွက်လာသည် " ဟေ့ကောင် မင်းသေနေပြီလား မြန်မြန်လာပါဆို " ကျနော်နဲနဲ စိတ်တိုသွားသည်။ ကျနော် ရေချောင်းလေး ဖြတ်အကူးတွင် လက်နက်ကြီးအသံနဲ့အတူ လဲကြသွားသည် ရွံနဲ့ချော်၍ လဲကျသွားခြင်း ဖြစ်သည်။ ကျနော်ပြန်ထပြီး ပါတ်ဝန်းကျင်ကို အကဲခတ်လိုက်သည် ကျနော်တို့ တဲဖက်က ဝါးရုံများ ရန်သူရဲ့ လက်နက်ကြီးဒါဏ်ကြောင့် မြေကြီးတွင် ပြားပြားဝပ်ကာ ခံစားနေကြလေပြီ။
ကျနော်၏ တပ်စိတ်သည် ခဏအတွင်းမှာပင် အတွင်းရေးမှူး ကိုမျိုးဝင်း ဆီသို့ရောက်သွားကြသည်။ ထိုအခါတွင် ကိုမျိုးဝင်းသည် စောစောက သူမဆဲထားတဲ့ မျက်နှာမျိုးနဲ့ ကျနော့်ကို အပြုံးနှင့်ကြိုဆို၍ " မင်းတို့ဖက်က လက်နက်ကြီးကျည်တွေ တအားကျနေတော့ ငါက စိုးရိမ်နေတာ " ဟု မှတ်ချက်ပြု ပြောသည်။ နောက် ဆားမှော်ဖက် တာဝန်ယူရသည့် စစ်မြေပြင်ထောက်လှမ်းရေး ရဲဘော်ဗညားမှ ကျနော့်အား လှမ်းနုတ်ဆက်၍ ပလပ်စတစ်ခွက်ထဲမှ အရက်တခွက်ကို လှမ်းပေးသည်။ ကျနော်လည်း လှုပ်ရှားနေတဲ့ စိတ်တွေငြိမ်သွားအောင် အဖြေမပေးပဲ တချိုးထဲ မော့ချလိုက်သည်။ ပြီးမှ အခြေအနေ မေးကြည့်သည်။ " စခန်းလုံခြုံရေးအတွက် ကေအိုင်အေ တပ်စိတ် တစိတ်တင်ထားတဲ့ ကုန်းဖက်ကို ရန်သူဝင်လာလို့ မိုင်းအရင် ထကွဲတယ် ကင်းစောင့်နေတဲ့ ရဲဘော်တယောက်က လွဲလို့ ကျန်တဲ့ရဲဘော်တွေမရှိ ကြဘူးတဲ့ ကင်းစောင့်တဲ့ ရဲဘော်လည်း အောက်ကိုပြေးဆင်းရော ရန်သူက အဲဒီကုန်ကိုယူပြီး အပေါ်စီးက ပစ်နေတာ လက်နက်ကြီးက ဒီကိုကျော်ပြီး မင်းတို့ဖက်သွား ကျနေလို့ အတွင်းရေးမှူးက စိတ်ပူနေတာ "ဟု ရဲဘော်ဗညားမှရှင်းပြသည်။ အဲဒီအချိန်အထိ ကျနော်တို့ဖက်က သေနတ်သံ တချက်မျှ မထွက်သေးပါ။ ရန်သူစီးထားသော ကုန်းကိုပြန်တက်ထိုးဖို့ ပြင်ဆင်နေကြသည်။ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့လည်း တိုက်ခိုက်ရေး အင်အားကို ထုတ်နုတ် ပြန်လည်စုဖွဲ့သည်။ ရဲဘော်မြအောင်နဲ့ ရဲဘော်တာတီး ဦးဆောင်တဲ့ တပ်စိတ်တစိတ်။ ကျနော်နဲ့ ရဲဘော်ဗညား ဦးဆောင်တဲ့ တပ်စိတ်တစိတ် စုစုပေါင်းတိုက်ခိုက်ရေး တပ်စိတ်(၂)စိတ်သာ ထုတ်နုတ်နိုင်သည်၊ ရဲဘော်နိုင်ဦးကိုတော့ ရဲဘော်သစ်များကို အုပ်ချုပ်ရန် NLD(L.A) အဖွဲ့နဲ့ ထားခဲ့ရသည်။ ကေအိုင်အေ တပ်တွေတော့ ကုန်းကိုဝိုင်း၍ စတင်တက်ထိုးနေပြီ ဖြစ်သည်။ ကေအိုင်အေမှ တဖွဲ့ လန်၍ဆင်းလာသည်ဟု သတင်းကြားသောအခါ ကိုမျိုးဝင်းသည် ဗျူဟာမှူးထံ ကျနော်တို့အဖွဲ့ တက်ထိုးမည်ဟု ခွင့်သွားတောင်းသည်။ အဲဒီအချိန်တုန်းက ဗျူဟာမှူးက ဗိုလ်မှူးလဇိန်ဘောက်နော် (လိုင်ဇာတွင် ဗုံးခွဲလုပ်ကြံခံရ၍ သေဆုံးသွားသူ)၊ ဒုတိယ ဗျူဟာမှူးက ဗိုလ်မှူးလဆမ်အောင်ဝါ(ယခု ကေအိုင်အေ ခွဲထွက်)။ ဗိုလ်မှူးလဇိန်ဘောက်၏ ခွင့်ပြုချက် ရသည်ဆိုရင် အတွင်း ရေမှူးမျိုးဝင်းသည် သူစိတ်ကြိုက်ရဲဘော်များနှင့် စိတ်ကြိုက်လက်နက် တပ်ဆင်ကာ တက်ထိုးရန် ထွက်သွားသည်။ ကျနော်နဲ့ ဗညားဦးဆောင်တဲ့ တပ်စိတ်က ပွိုင့်(5) လုံခြုံရေးအတွက် လက်နက်ကြီး ကုန်းတွင် နေရာယူရသည်။ ညနေပိုင်းရောက်မှ အပြင်းအထန်ပြန်လည်း တိုက်ခိုက်တော့ ရန်သူက ခံစစ်အနေအထားကို ပြန်ရောက်သွားသည်။ တတောလုံး တတောင်လုံး ကာဗိုက်ယမ်းငွေ့များနဲ့ ဖုံးလွှမ်းနေသည် ရန်သူဖက်မှ အော်သံ/ဆဲဆိုသံများ ထွက်ပေါ်နေဆဲ။
ညပိုင်းကို ၀င်ရောက်လာ သောကြောင့် အမှောင်ထုက တဖြေးဖြေး ဖုံးလွှမ်းစပြုလာသည်။ ကျနော်တို့ရဲ့ ပွိုင့်(5)စက်ကြီး ပစ်လျှင် မီးရောင်များ ပါတ်ဝန်းကျင် တ၀ိုက်လင်းလျက် သွားစေသည်။ စက်ကြီးသေနတ်ကို တာဝန်ယူ ပစ်ခတ်ရသော ကချင်ရဲဘော်မှာ လက်နက်ကြီးဆူညံသံကြောင့် နားအုံကွဲကာ နားမကြားရတော့ပါ့….ပြင်းထန်သည့် စက်ကြီးသေနတ်သံများကို ကာကွယ်ရန် နားကျပ်တို့ ဦးထုတ်တို့ စသည့် အကာအကွယ်များ မရှိမှုကြောင့် ထိုရဲဘော်၏ နားစည်သို့ပြင်းထန်တဲ့ စက်ကြီး သေနတ်သံများက ဖျက်စီးပြစ်လိုက်ပြီ ဖြစ်သည်၊ ရန်သူ၏(၆၀)မော်တာ ကျည်ဆံများလည်း တခါတရံ ကျနော်တို့ဖက်သို့ ရစ်ဝဲလာနေခြေပြီ။ ထို့ကြောင့် စက်ကြီးသေနတ်ကို နေရာရွေ့ရန် ညွန်ကြားချက်ဝင်လာသည်။ ပွိုင့်(5)သေနတ် ရွေ့ရန်သာ ညွန်ကြားချက်ပါပြီး ကျနော်တို့ တပ်စိတ်နေရာရွှေ့ရန် ညွန်ကြားချက်ပါမလာ။ ပွိုင့်(5)စက်ကြီးအဖွဲ့ ရွေ့သွားသောကြောင့် ကျနော်တို့ တပ်စိတ် ထိုနေရာတွင် ကျန်နေကြသည်။ တိုက်ပွဲကြားထဲတွင် နေရာယူ၍ စကားပြော ဖြစ်နေကြသည်။ ထိုတပ်စိတ်တွင်ကျနော်ရယ် ရဲဘော်ဗညား၊ ရဲဘော်ဝင်းရွှေ၊ ရဲဘော်ခွက်ကြီး၊ ရဲဘော်မြင့်ဝင်း၊ ရဲဘော်အငယ်လေး စုစုပေါင်း (၆)ယောက်ဖြစ်သည်။ မိုးချုပ်လာ၍ သေနတ်သံများက မစဲသေး ယမ်းငွေ့များကြားတွင် ယမ်းနံ့များကြောင့် ရဲဘော်တိုင်း ထမင်းစားချင်စိတ် သိပ်မရှိကြပါ။ သို့သော်လည်း ဗိုက်ထဲမှ အစာအိမ်ရဲ့ အချက်ပေးမှုကြောင့် ထမင်းစားရန် သိလာရပြန်သည်။
တွေ့ပြီ ထမင်း
တိုက်ပွဲဖြစ်လျှင် အနီးစပ်ဆုံးရွာများမှ ထမင်းဟင်းချက်၍ ထမင်းထုပ်များ ပို့ပေးကြသည်။ ရွာနဲ့က မနီး ထမင်းလည်း မချက်နိုင်သော တိုက်ပွဲများတွင် ရိက္ခာခြောက်ရှိလျှင်ရှိ မရှိလျှင် ဆန်ကိုဝါးစားပြီး တိုက်ကြရသည်။ ယခုတိုက်ပွဲတွင် ထမင်းထုပ်များ တိုက်ပွဲကြားထဲ လိုက်ဝေနေသည်။ ကျနော်တို့ဖက် မရောက်လာ၍ တောင်ကြောအတိုင်း သွားပြီး ထမင်းထုပ်နေသော နေရာလိုက်ရှာကြသည်။ လက်ပါတ်နာရီကို ကြည့်လိုက်တော့ ည(၈)နာရီ(၄၅)မိနစ် ရှိနေချေပြီ၊ သစ်ပင်ခြေရင်းတွင် ၀ပ်နေသော ကချင်ရဲဘော်များကို ကျနော်တို့ ကချင်လို မေးကြည့်သည် " အေ့ခေါင် ရှပ်ဂရာကော့ ငါအီး " (ယောက်ဖ ထမင်းက ဘယ်မှာလဲ )ဟု ရဲဘော်ဗညားမှ မေးလိုက်သည် "ရှောင်းတဲ့" (အရှေ့မှာ)ဟု ကချင်ရဲဘော်မှ ပြန်ဖြေသည်။ ကျနော်တို့ ရှေ့ကိုဆက်သွားပြီး မေးတော့ စောစောက အတိုင်းသာဖြေသည်။ တောင်ကြောအတိုင်း ကေအိုင်အေ ရဲဘော်များ ၀ပ်၍ နေရာယူနေကြသည် ကျနော်တို့(၆)ယောက်ကတော့ လမ်း လျှာက်ပြီး ထမင်းထုပ်သာ လိုက်မေးနေတော့သည်။ ဆက်မေး၍သာ လာခဲ့ရာ အရှေ့နားတွင် ထမင်းထုပ်ခြင်းတောင်ကြီးကို တွေ့သဖြင့် တယောက်ကို နှစ်ထုပ်စီယူပြီးသောအခါ အရှေ့ကို ဆက်သွားခိုင်းသောကြောင့် ကျနော်မေးလိုက်သည် "အရှေ့မှာ ဘာရှိလဲ ယောက်ဖ" ကချင်တပ်မှူးတယောက်က "အရှေ့မှာ ရန်သူပဲရှိတော့တယ်"ကျနော်ကြောင် သွားသည်။ ငါတို့ကို ဘာလို့သွားခိုင်းတာလဲလို့ မေးတော့ "မင်းတို့ တက်ထိုးမလို့ လာတာ မဟုတ်ဘူးလား ""မဟုတ်ဘူး၊ ငါတို့ ထမင်းထုပ်လာယူတာ" မင်းတို့ တက်ထိုးပါဟု ပြောလာသည်။ အဲဒီအခါကြမှ ကျနော် သေသေချာချာ သိလိုက်သည်မှာ ကုန်းပေါ်ကို တက်ထိုးလိုက် ပြန်လန်ကျလာလိုက် ဖြစ်နေသောကြောင့် ကချင်ရဲဘော်များ တက်ထိုးရန် တုန့်ဆိုင်းနေကြသည် ဖြစ်သောကြောင့် ကျနော်တို့ကို တက်ထိုးခိုင်းခြင်း ဖြစ်သည်။
ထိုစဉ် လကလဲ မိုက်၊ ဗိုက်ကလဲ ဆာ၊ ဥတ္တရ ယဉ်စွန်းတန်း တနေရာဆီ မတော့ ညဦးယံကို ကာဗိုက်ယမ်း ရနံ့တွေနဲ့ သုတ်လူးထားလို့ နေတယ်။ ထမင်းထုပ်များကိုဖွင့်ပြီး လက်မဆေးနိုင်တော့ပါ၊ ထမင်းစားယင်း ရဲဘော်ဗညားနဲ့ ကျနော်တိုင်ပင်သည်။ ကျနော်တို့ ရင်ဆိုင်ကျားတက်ထိုးရန် ကျနော်တို့ တပ်စိတ်၏ လက်နက်များမှာ အကောင်းမရှိ တိုက်ပွဲဝင်အဆင့်ရှိသော လက်နက်မျာကို ရွေးယူသွားပြီဖြစ်သည်။
တက်မထိုးဘူး ပြောလျှင်လည်း ခွပ်ဒေါင်းသွေး မနီရာကြတော့မည် သွေးကြောင်သည်ဟု ထင်တော့မည်။ ကျနော်ကိုင်ထားသော ကာဘိုင်သေနတ်မှာ တိုက်ပွဲဝင်အဆင့် မရှိ ကျည်ဆံအတောင့်(၄၀)သာ ရှိသည်၊ ဗညားကိုင်ထားသော စတင်းဂမ်းက ပိုဆိုးသည်။ ထိုကြောင့်ကျနော်နဲ့ ရဲဘော်ဗညားတို့ ကချင်တပ်မှူးနဲ့ လက်နက်အလဲအလှယ် လုပ်ရန်ဆွေးနွေးသည် သူတို့တွင်လည်း မရှိကြောင်း သူတို့နဲ့အတူ တွဲ၍ ကျားတက်ထိုးရန်သာ ပြောနေတော့သည်။
ထို့ကြောင့် ရဲဘော်အငယ်နဲ့ ရဲဘော်ခွက်ကြီးကို နောက်သို့ ပြန်ခေါက်ခိုင်း၍ ကျနော်ရယ် ရဲဘော် ဗညား၊ ကျနော်နဲ့အတူ ဖားကန့်နယ်မြေမှ ပြန်လာသော ရဲဘော်ဝင်းရွှေ၊ ရဲဘော်မြင့်ဝင်း စုစုပေါင်း(၄)ယောက်သည် လက်နက်များ မကောင်းပေမဲ့ ရန်သူကို တပွဲတလမ်း အကဲစမ်းလိုသော သူများဖြစ်သောကြောင့် ကျားတက်ထိုးရန် နေခဲ့ကြလေတော့သည်။ ကျနော်တို့ လေးယောက်နှင့်အတူ ကေအိုင်အေ ရဲဘော်သုံးယောက်သည် ရန်သူနဲ့ အနီးဆုံးတောင်ကုန်း၏ အောက်ခြေတွင် ဖြန့်တက်ရန် နေရာယူထားပြီး ထမင်းထုပ်ကိုဖွင့်ယင်း ထမင်းစားရင်း တက်ထိုးရန် အမိန့်ကို စောင့်နေကြသည်။
တော်လှန်ရေး ဆိုတာ
ကျနော်နဲ့ ရဲဘော်ဗညား ကပ်လျက်ထိုင်နေကြသည်၊ ကေအိုင်အေမှ စကားပြောသံများ ကျနော်တို့စက်ထဲကို ၀င်လာသည်။ ကျောင်းသားတပ်မတော်မှ အရာရှိတယောက်ကျတယ်၊ အမိန့်စာ ပြန်တမ်းဖတ်ဖို့ ပြင်နေကြသည်။ မည်သူမည်ဝါ ဆိုတာတော့ အတိအကျမသိပါ။ ရဲဘော်ဗညားမှ ကျနော့်အားလှမ်းပြောသည် "ငါတို့ဆီက တယောက် ကျသွားပြီးတဲ့" လက်နက်ကိုင် တော်လှန်ရေး တရပ်ကို ဆငိနွှဲမှတော့ သေမင်းနဲ့ မိတ်ဖွဲ့ပြီးသားပဲကွာ ဘယ်တတ်နိုင်မလဲဟု ဖြေရင်း ခြင်နဲ့ဖြုတ် တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ရက်ပီတိုခြင်ဆေးရည်ကို မျက်နှာနဲ့နားများကို လိမ်းပြီးအတွေးကိုယ်စီနဲ့ အမိန့်ကိုစောင့်နေကြ၏။
မိုးတွင်းဖြစ်သဖြင့် ယမ်းငွေ့များကိုဖြတ်သန်းပြီး ကျရောက်လာသော မိုးပေါက်များသည် ကျနော်တို့လိမ်းထားသော ခြင်ဆေးများကို အရည်ဖျော်ပစ်လိုက်ပြန်သည်။ ကျနော် ငုတ်တုတ်ထိုင်းရင်း တခါတခါ မှေးကနဲ မှေးကနဲ အိပ်ပျော်သွားသည်။ ကျနော်ရဲ့ ငိုက်မျဉ်းမှုကို မိုးဖွဲမိုးပေါက်များက မဖျက်ဆီးနိုင် သို့သော်လည်း ဖျက်ဆီးနေသော အရာများက ရှိသည် ခြင်နဲ့ဖြုတ်၏ အတင်းအဓမ္မ ထိုးစစ်ဆင်မှုနဲ့ ရန်သူကြေးစားတပ်၏ သွေးရူးသွေးတမ်း ပစ်ခတ်နေသည့် ဂျီဖိုးသေနတ်သံများ ဖြစ်သည်၊ ထိုကြောင့် မှေးကနဲ ငိုက်လိုက် လန့်နိုးလာလိုက်နဲ့ မနက်အရုဏ် အလင်းပိုင်းကို ၀င်ရောက်လာသည် တညလုံး တဖွဲဖွဲကျနေသော မိုးပေါက်မိုးဖွဲကလေးများလည်း ပျောက်ကွယ်သွားပြီ ပါတ်ဝန်းကျင်ကို ကြည့်လိုက်တော မှုံဝါးဝါးနဲ့ မြင်နေရသော သစ်ပင်များတောင်ရိပ်များကို တဖြေးဖြေးနဲ့ ထင်ထင်ရှားရှားမြင်ရလာပြီး………ကျနော်တို့ စကားပြောစက်ထဲကို အသင့်ပြင်ထားရန် ညွန်ကြားချက် တချို့ဝင်လာသည်။
ညဦးပိုင်း ကုန်းကို ကျားတက်ထိုးခဲ့တုန်းက ရန်သူမှ အပေါ်စီးက အမှောင်ထုကို အကာကွယ်ယူ၍ ကျနော်တို့မတက်နိုင်အောင် ပစ်အားကို သုံးပြီးကာကွယ်ခဲ့သည် ထို့ကြောင့် သုံးကြိမ်တိတိ ကျနော်တို့ဖက်မှ လန်ဆင်းခဲ့ကြရသည်။ ညတိုက်ပွဲကို ဆက်ဆင်နွဲလျှင် ကျနော်တို့ဖက် အထိနာတော့မည် မိမိအင်အားကို မိမိဖြုန်းတီးရာ ရောက်ပေတော့မည်။ ဗိုလ်မှူးလဇိန်ဘောက်သည် ထိုအချက်ကို သိသည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူလည်းဖြစ်၍ ထိုကြောင့်မိုအလင်းကို စောင့်နေခြင်းသာ ဖြစ်သည်။
စိတ်ဓါတ်အင်အားနဲ့ ကျားတက်ထိုးပြီ
ကျနော်တို့ကို ကျားတက်ထိုးရန် ညွှန်ကြားချက် ၀င်လာလေပြီ။ သစ်ပင်အောက်တွင် တက်ရန် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသော ကချင်ရဲဘော်လေးကို တွေ့သောအခါ ရဲဘော်ဗညားမှ သူ့ စတင်းဂမ်းနှင့် ထိုရဲဘော်လေး ကိုင်ထားသော M(21) သေနတ်ကိုလဲ ယူလိုက်ပြီး ငါတို့တက်တော့မယ် မင်း ဒီမှာပဲနေခဲ့ဟု ပြောကာ တောင်ကုန်းလေးကို ဖြန့်တက်ခဲ့ကြသည်။ ၅မိနစ်ခန့် ဖြေးဖြေးတက်လာ ပြီးသောအခါ ကျနော်တို့ရဲ့ ဘယ်ဖက်တောင်ကုန်းမှ ဂျီ(4)ဖြင့် ရမ်းပစ်နေသည်ကို ကျနော်တို့ သိလိုက်ရသည်။ ကျနော်တို့ကို ညွန်ကြားချက်ပေးတာက ညာဖက်ကို ပစ်ရှင်းပြီး တက်ခိုင်းနေပြန်သည်။ စကားပြောစက်ဖြင့် ကချင်အရာရှိ ဗိုလ်ကို ကျနော်တို့ ပြန်ပြောသောအခါ ဘယ်ဖက်မှာ ကိုယ့်လူတွေရှိတယ် အချင်းချင်း ပစ်မိမည်ဟု ပြန်ပြောသည်။ ကျနော်တို့လည်း ပစ်လိုက် အော်လိုက် ဆဲလိုက် တက်လိုက်နဲ့ သိပ်မကြာလိုက်ပါ ကုန်းကြောထိပ်သို့ ရောက်သွားသည်။ ကျနော်လည်း အော်ဆဲပြီး ပစ်တက် တက်သွားသည် "မအေ-ိုးတဲ့ ခွေးတွေ ဘယ်ရောက်ကုန်ပြီလဲ ထွက်ခဲ့လေ" အော်သာအော်သည် ဘယ်ဖက်မှလည်း ပစ်ခတ်မှု မရှိတော့ချေ၊ ကုန်းပြောင်ပြောင် အလယ်တွင် ပစ္စည်းတွေကို စုပုံထားသည်၊ တောစပ်တွင် သေနေသော ရန်သူ့ရဲဘော် ကလေးစစ်သား အလောင်း(၂)လောင်းကို မဆွဲနိုင်ပဲ ပစ်ထားသည်ကိုသာ တွေ့ရသည်။
တချို့ နေရာများတွင် အလောင်းများကိုမြှုပ်ထားသော မြေစာပုံများနှင့် မကွဲသော ကေအိုင်အေ လုပ် လက်ပစ်ဗုံးများကိုလည်း တွေ့လိုက်ရသည်။ အခြေအနေကို ကျနော်သုံးသပ်လိုက်မိသည် ရန်သူလည်း တော်တော်အထိနာ သွားပုံရသည်။ ကျနော်သည် ကုန်းကြောပြောင်ပြောင်တွင် (၂)မိနစ်ခန့် ဟိုလျှောက်ဒီလျှောက်နဲ့ ကျနော့်ရဲဘော်များအား လှမ်းပြောနေသည် " ဒီမှာ ပစ္စည်းတွေ ဒီကောင်တွေ သယ်တောင်မသွားနိုင်ဘူး " ထိုအချိန်မှာ ကျနော်နဲ့(၅)လှမ်း အကွာတွင် သစ်ပင်အကြီးတပင် ခြေရင်းမှ ခေါင်းတလုံး ပြူထွက်လာပြီး ကျနော့်ကို လှမ်းမေးလိုက်သည် "မင်းတို့ ဘယ်အဖွဲ့ကလည်း" အခြေအနေကို သူစကားဆုံးတာနဲ့ တွက်ဆမိသောကြောင့် ကျနော်နောက်ကို ချက်ချင်းလှည့်၍ ကျန်သူများပါပစ်နိုင်ရန် "ရန်သူ"ဟု ကျနော်အော်လိုက်သည်နှင့် နှစ်ဖက်၏ ပစ်ခတ်သံများ ဆူညံသွားတော့သည်။ ရဲဘော်ဗညားမှ ကျနော့်အား လှမ်းပြောလိုက်သည် "ဟိုမှာ ၀င်းရွှေလဲနေပြီ ထိသွားပြီ" ဒါဆိုရင် မင်းနဲ့ငါသွားဆွဲမယ်။ ကျနော်တို့ နှစ်ယောက် ရဲဘော်ဝင်းရွှေဆီရောက်လို့ သူ့သေနတ်ကို ရဲဘော်ဗညားမှ ကောက်ကိုင်လိုက်ရင်ပဲ ရန်သူရဲ့သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရဲဘော်ဗညားမှ ကျနော့်အားလှမ်းပြောသည် "ငါတော့ ထိသွားပြီ" ကျနော်လည်း သိချင်ဇောနဲ့ ဘယ်မှာထိတာလဲဟု မေးလိုက်မိသေးသည်။ "ငါမသိဘူး မင်းငါ့ကို ကာပစ်ပစ်ပေး ငါကုန်းအောက်ကို ဆင်းပြေးမယ်" ကျနော် ကာပစ် ပစ်ပေး နေသောအချိန်တွင် ရဲဘော်ဝင်းရွှေ သေနတ်ကိုကိုင်ပြီး ရဲဘော်ဗညား ပြေးဆင်းသွားသည်။ ကျနော်ဗညားကို တချက်လှည့်ကြည့်လိုက်သည် သူ …. ပြေးအဆင်းကို ရန်သူ၏ ကျည်များသည် သူ၏ ဘေးနားတွင်ရှိသော သစ်ကိုင်းသစ်ရွက်များကို တဖေါက်ဖေါက်မြည်သံနှင့် ထိုးဖေါက်ဖျက်စီး နေကြသည်။ ကျနော်တို့ သူတို့ရဲ့ပစ်ကွင်း၊ သတ်ကွင်းထဲကို ရောက်နေကြပြီ် ဆိုတာကို သိလိုက်ရသည်။ ရန်သူက သူတို့အင်အားခြင်း မယှဉ်နိုင်သည်ကို သိ၍ ပစ္စည်းများကိုပုံကာ နည်းပရိယာယ် ဆင်ထားခြင်းဖြစ်သည်။ ရန်သူရဲ့ လှည့်စားမှု စစ်နည်းဗျုဟာ အကွက်ထဲကို ကျနော်တို့ ရောက်နေခြင်းဖြစ်သည်။ ရဲဘော်ဗညားတော့ လွတ်သွားပြီ ကျနော်ပြားပြားဝပ်၍ ရန်သူ့ပစ်ကွင်းထဲမှာ ကျန်နေသည်၊ ခေါင်းထောင်၍လည်းမရ ရဲဘော်ဝင်းရွှေ၏ ဒါဏ်ရာ လိုက်ရှာကြည့်နေမိသည် ကိုယ်ပေါ်တွင် ဘာဒါဏ်ရာမှ မတွေ့ရပါ။ သူရဲ့ နောက်ဖက်သစ်ရွက်များပေါ်တွင် ဖြူဖြူအဖတ်များ ကိုသာတွေ့ရသည်။ ထိုကြောင့် သူမျက်နှာကိုကြည့်မိလိုက်သည်။ နဖူးတွင် မှန်ထားသောကြောင့် ဦးခေါင်းနောက်ပိုင်း ပွင့်ထွက်သွားသည်။ သစ်ရွက်ပေါ်တွင် တွေ့လိုက်သော ဖြူဖြူအဖတ်တွေက သူရဲ့ဦးနှောက်များ ထွက်နေခြင်းဖြစ်သည်။
ဒဏ်ရာရပြီ
သေနတ်သံနဲနဲ ကျဲလာသောကြောင့် ရဲဘော်ဝင်းရွှေရဲ့ အီကွတ်မင့်ကို ဖြုတ်ရန် ခေါင်းထောင်လိုက်သောအခါ ရန်သူရဲ့ပစ်ခတ်တဲ့ သေနတ်သံနဲ့အတူ ကျနော်၏ဦးခေါင်းကို အလွန်မတန်မှကြီးမားတဲ့ တူကြီးနဲ့ အထုခံရသကဲ့သို့ ဖြစ်သွား၍၀ပ်လျက် မိချောင်းသွားကို နောက်ပြန်ဆုတ်သွားပြီး ၀ပ်နေလိုက်သည်။ သိပ်မကြာပါ ကျနော်ရဲ့ဆံစများမှ နေ၍ သွေးစက်ကလေးများ စတင် စီးဆင်းလာသည်။ ထိုအခါမှ ကျနော်အသိ ပြန်ဝင်လာပြီး ဦးခေါင်းကို လက်နဲ့စမ်းကြည့်သည် ရဲဘော်ဝင်းရွှေကဲ့သို့ ဦးခေါင်းတွင် အပေါက်ဖြစ်နေသည်ကို မစမ်းမိ သို့သော်ဦးခေါင်းမှ သွေးများစီးကျလာသည် တဖြည်းဖြည်းများလာသည်။ အတွေးတခု ကျနော်တွင်ဝင်လာသည် ထိထားသည့် ဒဏ်ရာမှာ သေလောက်တဲ့ ဒဏ်ရာ ဟုတ်မဟုတ် ကျနော်မသိနိုင် သွေးပူနေချိန်ဖြစ်သည်။ ငါသေရင်တော့ ဒီကုန်းပေါ်မှာ မသေချင် ရဲဘော်တွေရှိတဲ့ နေရာမှာသာ ပြန်သေချင်သည်ဟု စဉ်းစားမိသည်။ ကျနော်ဝပ်နေသည့် နေရာနှင့် နှစ်လှမ်းခန့်မျှ ဆင်းပြေးနိုင်လျှင် ပစ်ကွင်းက လွတ်သည်။ သို့သော် ကျနော်မှာ ခေါင်းထောင်ဖို့ကို အခြေအနေ မပေးဖြစ်နေသည်။
ကျနော်ငြိမ်ငြိမ် နေလိုက်သောကြောင့် ရန်သူက ကျနော်သေပြီဟု ထင်ပုံရသည် သေနတ်သံ ခဏရပ်သွားသည်။ ကျနော်သည် လူရွှင်တော်များ ပျက်လုံးထုတ်သည့် မဟာဇနက္က စကားသုံးခွန်း ဆိုတာကို သွားသတိရမိသည် သင်္ဘောရွက်တိုင်ပေါ်က မခုန်ချခင် စကားသုံးခွန်းပြောဘူးတယ် အဲဒါက တစ် နှစ် သုံးတဲ့ ကျနော်သေဘေးနဲ့ ကြုံတော့ မဟာဇနက္ကထုံးကို နှလုံးမူပြီး သေနတ်သံလည်း တိတ်ရော တစ်… နှစ်… သုံး ဆိုထပြေးတော့ ရန်သူကျည်ဆံများ ကျနော်နောက်ကို အပြေးအလွှား ဒလဟော လိုက်လာကြသည်။ သိုသော် ကျနော်ကိုမမှီ ကျနော်ပစ်ကွင်းက လွတ်လာတော့ ကျန်နေတဲ့ ရဲဘော်မြင့်ဝင်းကို ထပ်လှမ်းခေါ်လိုက်သည်။ "မြင့်ဝင်း ဆုတ်မယ် မင်းတယောက်ထဲ မနေခဲ့နဲ့" "ဟုတ်ကဲ့ ကျနော် လေးငါးချက်လောက်တော့ ပြန်ပစ်လိုက်မယ်"ဟု ပြန်ပြောပြီး ဆက်ပစ်နေသည်။
ပြီးတော့မှာ ကုန်းပေါ်တွင် စစ်တပ်မှ လည်းစည်းတခုကို ဖြုတ်ယူနေသည်။ အဝါရောင် လည်စည်းလေးကို ကြည့်လိုက်တော့ ခမရ(၂၅၉)စာတမ်းကို ထိုးထားသည်။ ထိုအချိန်တွင် ကျန်နေသော ကေအိုင်အေမှ ရဲဘော်များရောက်လာကြသည်။ ကျနော်က အေအိုင်အေ တပ်စိတ်မှူးကို "ငါတို့တော့ထိထားပြီ ပြန်ဆင်းတော့မယ် ဒီကောင်တွေ ပစ်အားက နှစ်ယောက်လောက်ပဲ ရှိတော့တယ်"ဟု ပြောပြီးဆင်းလာကြသည်။ ကုန်းအောက်နားတွင် သွေးတိတ်ဆေးနဲ့ အသင့်စောင့်နေသော ဆေးမှူးနှစ်ယောက်ကို တွေ့သည်။ ထိုဆေးမှူးနှစ်ယောက်သည် ကျနော်နဲ့ ရဲဘော်ဗညားကို လက်မောင်းကို အကျီမချွတ်ပဲ သွေးတိတ်ဆေးတချောင်းစီ ထိုးပေးပြီး။ ကျောင်းသားဆေးမှူး ဗြောက်သောက်(နံမည်ပြောင်)နဲ့ ကျန်ရဲဘော်တယောက် ခေါ်ဆောင်လာသည့် ကျောင်းသားနဲ့ NLD(LA) ရှိတဲ့ နေရာကို ပြန်လာခဲ့တော့တယ်။
အဆိုးထဲတွင် ကံကောင်းကြသူများ
ကျည်လွတ်ရာ ပြန်ရောက်မှ ကျနော်တို့ ဒဏ်ရာများကို ထုံးဆေးမပါ အစိမ်းချုပ်ကြသည်။ ကျနော်က ဦးခေါင်းထိပ်တွင် ရှပ်မှန်းပြီး ရဲဘော်ဗညားမှာ နောက်ကျောကို ကျောပိုးအိတ်နဲ့ကြားမှ ဖောက်ထွက်သွားပြီး အသီးသီး ရှပ်မှန်ကြသည်။ ကျနော်တို့ နှစ်ယောက် ကံကောင်းသည်လို့ ပြောရမည်။ ကျနော်ကို နောက်ထပ်(၀့ ၅) စင်တီမီခန့် ဒဏ်ရာအောက်ကျလျင် ကျနော်အသက်ရှင်စရာ အကြောင်းမရှိ။ ရဲဘော်ဗညားသည်လည်း နောက်(၀့ ၅ )စင်တီမီတာ လောက် ဒဏ်ရာအထက်ကို တက်လျှင် အာရုံကြောကိုထိ၍ အောက်တပိုင်းလုံး သေသွားနိုင် သည်။ ကျနော်၏ ကျောပိုးအိတ်ကြည့်လိုက်ရာ ကျည်ဆံဖောက်ထားသည့် အရာများကိုတွေ့ရသည်။ ကျောပိုးအိတ်အတွင်းမှ အ၀တ်အစားများတခုမှ အကောင်းမရှိ၊ မုတ်ဆိတ်ရိတ်တဲ့ဗူးကို ထိမှန်သွား၍ ဘရိတ်ဓါးများ ကော့လန် ကောက်ကွေးသွားသည်။ သို့သော်ကံဖယ်သည်ဟု ပြောနိုင်မည် ကျောပိုးအိတ်ထဲတွင် ထည့်ထားသော ယမ်းဘီလူး(တီအန်တီ)နဲ့ ကက်ကို ထိမှန်ခြင်းမရှိပေ၊ အကယ်၍များ ကက်နဲ့ တီအန်တီကို ထိမှန်လျင် ထပေါက်ပွဲပြီး ကျနော်၏ ခန္ဓာကိုယ်မှာ တစစီဖြစ်သွားမည် သေခြာသည်။ အခုတော့ ကံကောင်းသောကြောင့် သေဘေးမှလွတ်လာသည်။
တချို့ရဲဘော်များ ကျဆုံးသွားခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်နေရသည်တော့ အမှန်ပင်ဖြစ်သည်။ ကျနော်တို့ဆင်းခဲ့ပြီး သိပ်မကြာလိုက်ပါ နံနက်(၁၀)နာရီကျော်ကျော်တွင် ကုန်းကိုအပြီး သိမ်းလိုက်နိုင်ပြီဟု သတင်းဝင်လာသည်။ နေ့လည်ပိုင်းရောက်တော့ အပြီးအပိုင် ရှင်းလင်းပြီး ရန်သူတပ်မှရသော လက်နက်ကြီး ကျည်ဆံများလက်နက်များ စားစရာရိက္ခာများ စသည်တို့ကို အများအပြား သိမ်းစည်းရမိသည်။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ခဲ့သော စစ်ကြောင်းကို ဒုဗိုလ်မှူးကြီးတင်အုန်း ဦးဆောင်ပြီး ခမရ(၂၅၈)မှ တပ်ခွဲတခွဲနဲ့ ခမရ(၂၅၉)တပ်ခွဲတခွဲ ခြေမြန်တပ်များဖြင့် ကျနော်တို့ ဂွင်ကို ထိုးစစ်လာခြင်းဖြစ်သည်။ ခမရ(၂၅၉) ခံပစ်နေချိန်တွင် ခမရ(၂၅၈)မှ စစ်ကူသွားခေါ်ရန် လွှတ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန် ကျနော်တို့ ကျောင်းသားများ မြန်မာစကားပြော၍ တက်သွားခြင်းကို သူတို့စစ်ကူလာခဲ့သည်ဟု ထင်ခဲ့သည်။ အပစ်ခဏရပ်ပြီး လှမ်းမေးသောကြောင့် ကျနော်တို့အား ကြောင်ပြီး ပက်ပင်း တိုးခဲ့ခြင်းဖြစ်သည်။ နယ်မြေတဝိုက် ရှင်းလင်းသောအခါ တချို့စစ်သားများသည် ငှက်ဖျားမိပြီး လမ်းဘေးတွင် သေနတ်များကိုချကာ ငုတ်တုတ်ထိုင်နေသည်ကိုသာ တွေ့ရသည်။ နောင် … ထိုသုံ့ပန်း စစ်သားများကို ဖမ်းမိ၍ဆေးကုပေးပြီး ပြန်လွှတ်လိုက်သည်ဟု သိရသည်။
ရန်သူတော့ တော်တော်အထိနာသွားသည် တပ်ခွဲ(၂)ခွဲလည်း ဖွဲ့စည်းပုံပျက်ပြီး တစစီဖြစ်သွားသည်။ ဒုဗိုလ်မှူးကြီးတင်အုန်းလည်း ဘယ်လိုထွက်ပြေးသွားသည်မသိ လွတ်မြောက်သွားသည်။ ကျနော်တို့ဖက်လည်း ၁၁ယောက်ကျဆုံး၍ သုံးဆယ်ကျော်ဒဏ်ရာရသည်။ ထိုတိုက်ပွဲတွင် ကျနော်တို့ ကျောင်းသားတပ်မတော်မှာ အတွင်းရေးမှူး ရဲဘော်မျိုးဝင်း နဲ့ ရဲဘော်ဝင်းရွှေနှစ်ယောက် ကျဆုံး၍ ကျနော်တို့နှစ်ယောက် ဒဏ်ရာရသည်။ ကျနော် ပြန်စဉ်းစားမိသည် တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးသွားသူများဟာ စနစ်ဆိုးရဲ့ သားကောင်များသာဖြစ်သည်။ စစ်ကိုမတိုက်ချင်ပဲ တိုက်နေကြရသည်ကို ကျနော်မျက်မြင်တွေ့ခဲ့ပြီး သေဆုံးကျဆုံးသွားသူများမှာ ဘာအပြစ်မှမရှိကြပါ မိမိအာဏာအတွက် စနစ်ဆိုးကို ဖန်တီးသူများသာ တာဝန်အရှိဆုံး ဖြစ်နေလေတော့သည်။
ရှေ့တန်း တောတွင်းဆေးရုံ
ကျနော့်မှာ ဒဏ်ရာသွေးထွက် များထားတာရယ် အိပ်ရေးပျက်ထားတာရယ် ယမ်းငွေ့များကြောင့်ရယ် ခေါင်းမူးနေသည်၊ ရဲဘော်ဗညားသည်လည်း ကျနော်ကဲ့သို့ဖြစ်နေလိမ့်မည်ဟု ကျနော်ထင်မိပါသည်။ ကျနော်တို့နှစ်ယောက်ရဲ့ ဒဏ်ရာတွေကို အသီးသီးချုပ်ပြီးသောအခါ ကျနော်တို့ရဲဘော်များမှ ထမင်းယူလာပေးသည် ဟင်းကတော့ အမဲသားဟင်းပေါ့ ထမင်းစားပြီးသောအခါတွင် အခါမှေးစင်းလာသော မျက်လုံးများကို အနားပေးရန် ကျနော့်တို့ တရေးစီ စိတ်ချလက်ချ အိပ်ပြစ်လိုက်ကြသည်။ အိပ်ယာမှနိုးသောအခါ ဆေးရုံမှာ ကျနော်တို့နှစ်ယောက်သွားနေရမည် ဆိုသောကြောင့် ဆေးရုံရှိရာဖက်သို့ လာခဲ့ကြသည် ဆေးမှူးများကို ကျနော်တို့နာမည်များ စာရင်းသွင်းပြီး သူတို့နေရာချထားပေးသော နေရာတွင်လှဲချလိုက်သည်။ ဆေးရုံဆိုပေမဲ့ မြို့ဆေးရုံများလို မထင်လိုက်နဲ့ လူနာများနေဖို့ တဲတန်းရှည်တခုသာဖြစ်သည်။
ဆေးရုံဆိုသောနေရာတွင် ဆေးမရှိပါ ကျနော်တို့ဒဏ်ရာ ကျက်ရန် ပယ်နယ်စလင် မထိုးပေးနိုင်ပါ။ ဒဏ်ရာပြင်းထန်သော သူများကိုသာ ပယ်နယ်စလင်းထိုးပေးသည် အဘယ်ကြောင့်ဆိုသော် ဆေးဝါးအလုံလောက် မရှိသောကြောင့်ဖြစ်သည်။ ဆေးရုံတွင် ကချင်တိုင်းရင်း ဆေးဆရာများလည်း ပူတွဲထားသည်။ ထိုတိုင်းရင်း ဆေးဆရာများသည် တောထဲတွင် သဘာဝတောတောင် တောဆေးမြစ်များနဲ့ လူနာများကိုကုသည်။ ရဲဘော်ဗညားကိုတော့ ဆေးရွက်တမျိုးထောင်းပြီး တိုက်သည် ကျနော့်ကိုတော့ ဆေးရွက်တမျိုးကို တရက် သုံးကြိမ်းဝါးစားရသည်။ ထိုတိုက်ပွဲတွင် ဒဏ်ရာရသူများထဲတွင် ကျနော်တို့နှစ်ဦးမှာ အသက်သာဆုံးဖြစ်နေသည်။ ကချင်ရဲဘော်များသည်လဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကြသည်။ အနာရင်းမှာ ဆိုသောကြောင့်လား မသိ စားစရာကိုတော့ တခြားမကျွေးပါ၊ ဆွန်ထန်(မုန့်ညှင်းချဉ်ခြောက်) ဟင်းရည်တမျိုးတည်းသာ ကျွေးသည်။ စားစရာတခြား ဘာမှမရှိ တောထဲတွင် ဝယ်စား၍လည်း မရ၊ ဒါပေသိ ကျနော်တွင် နို့ဆီတဗူးပါလာသည်။ ထိုနို့ဆီးဗူးသည် ရန်သူ့ထံမှ သိမ်းဆီးပစ္စည်းများတွင် ပါလာ၍ ကျနော်၏ ရဲဘော်မောင်မဲ(ယခုသေဆုံး)ဲမှ ကျနော့်အား လာပေးထားခြင်းဖြစ်သည်။ ကျနော်တို့နှစ်ယောက် ထိုနို့ဆီဗူးလေးကို ဖျော်သောက်ပြီး အားမွေးနေကြရသည်။
နောက်တရက်တွင် ထိုဗျူဟာစခန်းတွင် တိုက်ပွဲနိဂုံးချုပ် သုံးသပ်ချက် အစည်းဝေးတခု ပြုလုပ်ပြီး ဗျူဟာစခန်းတခုလုံး ပြန်ဆုတ်ခွာမည်ဟု ညွန်ကြားချက် ရောက်လာသောကြောင အားလုံးပြင်ဆင်ကြရသည်။ လူနာတွေထဲတွင် လမ်းမလျှောက်နိုင်သူက များသည်၊ ထိုလူနာများကို ထမ်းစင်များနှင့် ထမ်း၍ခရီးထွက်ကြ ပြန်သည်။ လမ်းတွင် အင်းကြီးတခုကို ဖြတ်ရသည် ထိုအင်းကြီးသည် မိုးတွင်းဖြစ်နေသောကြောင့် ရေပြည့်နေသည်။ ကျနော်တို့ ဖြတ်ကြတဲ့အခါ ပခုံးထိရေမြုပ်နေသည်။ လူနာများကို ထမ်းရသော ရဲဘော်များမှာလည်း လူနာတွေကို ရေမထိအောင်မကြရသည် ထမ်းကြရသည်၊ တော်တော်ခက်ခက်ခဲခဲ နိုင်လှသည်။ ရဲဘော်ဗညားမှာ ကျောက ဒဏ်ရာမပြင်းသောကြောင့် လမ်းလျှောက်ရသည် လျှောက်လည်း လျှောက်နိုင်သည် ရေးကူးရမည်ဆိုသောအခါ အနာကိုရေမစိုအောင်းကူးဖို့ အခက်ခဲဖြစ်လာသည်။
ထိုကြောင့် ပလပ်စတစ်ရေပုံးကို လုံအောင်ပိတ်ပြီး ဝမ်းဗိုက်အောင်တွင် ထည့်ကာ ရေပြင်ကျယ်ကြီးကို ကူးရပြန်သည်။ အင်းကြီးဖြတ်ပြီးသောအခါ ကျနော်တို့ စစ်ကြောင်းကို အသင့်ကြိုဆိုနေသော ကိုင်းကွင်းကျယ်ကြီးကို တဖန်တွေ့လိုက်တော့ ကြည်နူးမိသလိုလို ဒီ… မျက်စိတဆုံး ဖြစ်နေတဲ့ ကွင်းပြင် ကြီးကိုကြည့်ပြီး ငါတို့ တော်လှန်ခရီးလမ်းဟာလည်း ဘယ်လောက်ကြာရှည်စွာ ဖြတ်သန်းကြရအုံးမလဲ မသိဟု တွေးတောရင်း ခံစားမှု ရင်မှာ မောဟိုက်လာပြန်သည်။ ထိုကိုင်းကွင်းကို တနာရီမျှ လျှောက်ပြီးသောအခါ ကွင်းထဲတွင် အင်ပင်များကို တစတစနှင့် တွေ့မြင်လာရပြန်သည်။ ထိုအခါ ကျနော်စိတ်တွေ နဲနဲတက်ကြွလာပြန်သည်၊ ကျနော့်အတွေ့အကြုံအရ အခုလို အင်ပင်တွေ စိတ်လာလျှင် မကြာသောအချိန်တွင် ကိုင်းကွင်းကြီး အဆုံးသတ်တော့မည်။ သိပ်မကြာလိုက်ပါ ကိုင်းကွင်းဆုံး၍ တောတန်းရှည်ကလေးကို ချဉ်းနင်းဝင်ရောက်လာ ခဲ့ကြပြီ။ ကျနော်တို့ စစ်ကြောင်းကြီးသည် လူဦးရေများသောကြောင့် ခရီးမတွင်လှပေ လူနာများကို တရုတ်နယ်စပ်ရောက်မှ ဆေးပြည့်ပြည့်စုံစုံနဲ့ ဆေးကုသရမှာ ဖြစ်သောကြောင့် ရည်မှန်းချက်ကို ရောက်ရန် နေ့ရော ညပါ ခရီးနှင်ကြသည်။
သဲတွေကလည်း ဒုက္ခပေးတတ်တယ်
ခရီးစထွက်လာပြီး နှစ်ရက်အကြာရောက်တော့ လမ်းလျှောက်သူတွေ စစ်ကြောင်းကို မှီရန်ကြိုစားပြီး လိုက်နေကြရသည်။ မိုးရာသီးတွင် ခရီးထွက်ရတော့ ခန္ဓာကိုယ် အောက်ပိုင်းသည် အမြဲစိုစွတ်နေသည် လမ်းခရီးတွင် ရေချောင်းငယ်ပေါင်းများစွာ ရေအိုင်ပေါင်းများစွာကို ဖြတ်ကျော် လျှောက်ခဲ့ရသောကြောင့် ကျနော်တို့၏ ခြေထောက်များကို သဲမှုန်ကလေးများ ၀င်ရောက်ဒုက္ခပေးလာသည်။ ကျနော်တို့စစ်ကြောင်းတွင် လူတိုင်းသဲဝဲစားခြင်းကို ခံကြရသည်။ နားသောအချိန်များတွင် စစ်ဖိနပ်ကိုချွတ်လိုက်လျှင် ခြေထောက်များသည် ပဲကြီးတွန့် တွန့်ပြီး နီရဲကာကိုက်နေတော့သည်။ မိုးတွင်းစစ်ဖိနပ်စီး၍ ခရီးရှည်ထွက်သောအခါ ကြုံတွေ့သည့် ဒုက္ခတမျိုးပင်၊ ထိုအချိန်မျိုးတွင် ဖိနပ်မပါဘဲလမ်းလျှောက်လျှင် မြက်ပင်ပဲဖြစ်ဖြစ် တခြားဘယ်အရာနဲ့ဖြစ်ဖြစ် ထိမိလျှင် အသည်းခိုက်နာကြရသည်။ ထိုအခါ ကျနော်သည် ခေါင်းကဒဏ်ရာက ပြည်စတည်နေပြီ ကျနော်တို့ နေ့ရောညပါ သုံးရက်ခရီး အပြင်းနှင်ခဲ့သောကြောင့် ဧရာဝတီမြစ်ကို ရောက်ခဲ့ပြီ။ နေရာကို စုံစမ်းကြည့်တော့ ဆင်ဘိုအထက်နားကနေ ဧရာဝတီမြစ်ကိုဖြတ်ရမည်။ အခုတော ဧရာဝတီရဲ့ အနောက်ဖက်ခြမ်း တောတွင်းတနေရာတွင် အိပ်ကြ၍ မြစ်ကူးရန် စီစဉ်မှုကို စောင့်ကြခြင်းဖြစ်သည်။
နံနက်(၃)နာရီတွင် ထ၍ မြစ်ကမ်းသို့ ရောက်အောင် လမ်းနဲနဲ ဆက်လျှောက်ခဲ့ကြသည်။ မြစ်ကမ်းနံဖူးကို ရောက်သောအခါ အမှောင်ထုကို အကာကွယ်ယူပြီး လက်ဖြင့်လှော်သောလှေ ငါးစီးဖြင့် ကျနော်တို့ လူတွေကို ခေါက်တုန့်ခေါက်ပြန် ကဲကြိုနေသောရွာသားများကို တွေ့ရသည်။ စစ်ကြောင်းက လူများသောကြောင့် ကျနော်တို့စီးရသော အချိန်သည် နံနက်ငါးနာရီးကျော် ခြောက်နာရီးနီးပါး ဖြစ်နေပြီး မိုးလင်း၍အရာရာကို ထင်ထင်ရှားရှား မြင်တွေ့နေရပြီ မြစ်အရှေ့ကမ်းရောက်တော့ ကျနော်တို့ လမ်းဆက်လျှောက်ရသည် မိုးကလေးက တဖွဲဖွဲရွာနေသည် ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသော ချောင်းသေးလေးတခုကို ဖြတ်ကြရသည်။ ချောင်းကလေးမှာ ရေအနည်းငယ်သာရှိပြီး သူ၏ကမ်းပါးဇောင်းမှာ ဝါးတပြန်မျှ မြင့်နေသောကြောင့် ချောက်တခုကဲ့သို့ ဖြစ်နေပြန်သည်။
ထိုကမ်းပါးဆောင်းလေးကို ဖြတ်ကူးရန်အတွက် သစ်ပင်ငယ်တပင်ကို လှဲထားပြီး ဘေးနှစ်ဖက်တွင် ဝါးဖြင့်လက်တန်းကလေး လုပ်ထားသည်။ တံတားလေးမှာ ကနွဲ့ကလျနဲ့ ကျနော်တို့စစ်ကြောင်းမှ သူများသွားလို့ရအောင် ကြိုးစားအားယူနေဟန်နှယ်။ ကျနော်ထိုတံတာလေးကို ကူးဖို့အလှည့်ရောက်လာတော့ အရှေ့က သူများသွားထားသောကြောင့် ထိုတံတားလေးမှာ ရွှံ့တွေနဲ့ချော်နေလို့။ ကိုယ်ပေါ်က ကျောပိုးအိတ်တလုံး အီးကွတ်မင့်နဲ့ သေနတ်ကို လွယ်ထားရ၍ မိုးဖွဲဖွဲကလေးရွာအချိန်မှာ ရွံများနဲ့ ချော်ပြီးမကျသွားအောင် ဝါးတန်းနှစ်ဖက်ကို သေသေချာချာ အားပြုထားရသည်။ ထိုအချိန် သတ္တဝါတမျိုးက ဒုက္ခပေးပြန်သည် အဲဒါကတော့ တခြားအကောင်ကြီးများ မဟုတ်ပါ "ဖြုတ်"များသာဖြစ်သည်။ ကျနော်၏အရေပြားသည် သူများနဲ့မတူ ခြင်နဲ့ ဖြုတ်ကိုက်ခံရလျှင် ပိုယားတတ်သည် အဖုများမှာ ပိုပြီးကြီးယောင်ကာ အဆိပ်တက်လွယ်သည်။ အခုတော့ သွေးဆာနေသော ထိုသတ္တဝါများ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းကို ခံစားရပြီး လက်နှစ်ဖက်က ဝါးတန်းနှစ်ခုကို ကိုင်ထားရသည် ခြေထောက်က ချော်မကျ အောင်ရွေ့လျား ရပြန်သည်။ မျက်နှာနဲ့ နားရွက်များကို ပြွတ်သိတ်အောင် ကိုက်သဖြင့် လက်တဖက်က တခါခါလှုပ်ရှားကာ ဖြုတ်များနဲ့ပြွတ်သိပ်နေသော မျက်နှာကို လှမ်းပွတ်သပ်ရသည် ပြုတ်မကျအောင်လဲ ယိမ်းထိုးနေသော တံတားကိုထိန်းပြီး လျှောက်ရသေးသည်။
မျက်နှာကို သဲနဲ့ဆုပ်ပက် သကဲ့သို့ဖြစ်နေသည် ကျနော်ဘ၀တွင် ဤကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြုတ်ကိုက်ခံရခြင်း မကြုံဘူးပါ ထိုတံတားလေးကို မိနစပိုင်းမျှ ဖြတ်ကူးပြီးသောအခါတွင် ကျနော့်မျက်နှာတခုလုံးမှာ ဖြုတ်ကိုက်ခံရသောကြောင့် ယားယံလွန်းလို့ မျက်နှာဆက်တိုက်ကို ပွတ်နေမိသည်။ အီကွတ်မင့်ထဲမှ မှန်ကလေးကို ထုတ်ကြည့်လိုက်တော့ မျက်နှာတွင် အပိန်းပိန်းတွေ ထပြီး ယောင်ကိုင်းနေသည်။ ကျနော်တို့မိနစ်(၃၀)ခန့် ဆက်လျှောက်ပြီးသောအခါတွင် တောင်ယာဟောင်းတခုသို့ ရောက်ခဲ့ကြသည် ထိုတောင်ယာဟောင်းတွင် အရှေ့မှာ ရောက်နှင့်သူများက နားနေကြပြီဖြစ်သည်။ နောက်ချန်အဖွဲ့များလည်း မြစ်ရဲ့ အရှေ့ခြမ်းသို့ ကူးလာပြီ ဖြစ်သောကြောင့် ထိုတောင်ယာဟောင်းတွင် နား၍ နံနက်စာ ချက်စားကြသည်။
အား မရှိတော့ဘူး
တောင်ယာဟောင်းတွင် ပါလာသော ရိက္ခာများဖြင့် ချက်ပြုတ်စားကြသည်။ သို့သော် ပါလာသောရိက္ခာတွင် အရေးအကြီးဆုံးဖြစ်တဲ့ ဆားက အလုံအလောက် ပါမလာ။ တောတွင်း တော်လှန်ရေးသမားများအတွက် အဓိက ရိက္ခာမှာဆန်နဲ့ဆားပဲဖြစ်သည် ကျန်တဲ့ဟင်းကိုတော့ သဘာဝက ပေးထားပြီးဖြစ်သည်နှင့် အမျှ ရှာဖွေစားသောက်ရသည်။ မြစ်ကိုကူးပြီး ဒုတိယနေ့ ကျနော်တို့တွင် ဆားလုံးလုံးပြတ်သွားသည် စစ်ကြောင်းတွင် ပါလာသော(NLD_LA)အဖွဲ့တွင် သွားရှာကြည့်တော့ သူတို့လည်း ကျနော်တို့နဲ့ အတူတူ ဆားပြတ်နေပြီ။ ဆားမပါတဲ့ဟင်းနဲ့ နှစ်နှပ်စားပြီး ခရီးဆက်ကြသည်။ လမ်းခရီးတွင် တောင်ကုန်းများကို ကျော်ဖြတ်ရသောကြောင့် တောင်တက်လျှင် ချွေးထွက်များ သည်။ ချွေးထွက်လျှင် ကျနော့်တို့၏ ခန္ဓာကိုယ်အတွင်း ဆားဓါတ်များချွေးနဲ့အတူ ရောပါသွားသည်၊ ခန္ဓာကိုယ်အတွင်း ကျဆင်းလာသော ဆားဓါတ်ကို ပြန်ဖြည့်စရာ ဆားမရှိသောကြောင့် ကျနော်အပါဝင် တခြားသူများလည်း နုံးပျော့လာကြသည် လမ်းလျှောက်ဖို့ အခက်ခဲဖြစ်လာသည်။ ထိုအချိန်မှာ အလယ်တန်းတွင် သင်ခဲ့ဘူးသော ကဗျာတပုဒ်ကို သွားသတိရလာသောကြောင့် ပါးစပ်မှ ရေရွတ်လိုက်မိသည်။ "ဝါးပြာထည့်ကြို အိုးနားတိုနဲ့ ဆောင့်ကြောင့်ထိုင်ကာ မွှေလိုက်မယ်၊ --- ချိုပေစွ ဟင်းချိုကို၊ု စလောင်းတို အခြေပဲ့နဲ့၊ အာခေါင်မှာ ပူအောင်ထည့်လို့၊ မြိုလှဲ့ကွယ်လေး" ဒီစာချိုးလို ဟင်းချက်တဲ့ အချိန်မှာ ဝါးအခြောက်များကို ထင်းအဖြစ်သုံးပြီး ကြွေကျလာသော ဝါးပြာများကို ချက်ထားသော ဟန်းကောအိုးထဲသို့ ဆားအဖြစ်ထည့် ရောမွှေလိုက်သည်။
ပြီးတော့မှာ ရဲဘော်တယောက်ကို "စားလို့ရပြီ မြည်းကြည့်" ဟုပြောလိုက်သည်။ ထိုရဲဘော်မှ ဟင်းဇွန်းနဲ့ ခပ်သောက်ပြီး ထွေးထုတ်လိုက်သည်။ ခါးတယ်စားလို့ မရတော့ဘူးဟု ပြောသောအခါ ကျန်သူများက ကျနော့်အားဝိုင်းရယ်ကြသည်။ ကျနော်လည်း အရှက်ပြေလိုက်ရယ်ပြီး ဟင်းကိုဇွန်းနဲ့ ခပ်သောက် ကြည့်ပြန်သည်။ ပြာတွေနဲ့ ရောနေသောဟင်းသည် စားလို့မရတော့ပါ။ ထိုကြောင့် သွန်လိုက်ရသည် ဆားမပါသောဟင်းကို ပြန်ချက်စားကြပြီး ခရီးဆက်ခဲ့သည်။ လေးလံသော ခြေထောက်များကို သယ်ဆောင်ရင်း တလှမ်းခြင်း လှမ်းခဲ့ကြသည် မိုင်ထောင်ချီသောခရီးကို ခြေတလှမ်းမှစရသည် ဆိုစကားမှန်သည်။ တရက်လျှောက်ပြီးသောအခါ ညအိပ်နားကြသည် နောက်ရက် နံနက်စောစောတွင် နားလုံရွာသို့ ရောက်လာကြသည် ရွာတွင်စားစရာများ ၀ယ်စားပြီး ဖျားနာသော ဒဏ်ရာရသော လူနာများကိုတင်ရန် လှည်းများကိုဆင့်ခေါ်သည်။ လှည်းများရသောအခါ ဖျားနာသူများနှင့် လူနာများကို လှည်းများဖြင့် တင်ဆောင်ပြီး ခရီးဆက်ရပြန်သည်။ လှည်းတန်းရှည်ကြီဖြင့် ကျနော်တို့စစ်ကြောင်း ဖြတ်သွားပုံမှာ အလှူလှည့်သကဲ့သို့ ဖြစ်နေသည်။ နားလုံရွာ ချောင်းတဖက်ကမ်းတွင် ရန်သူ့တပ်စခန်းတခုရှိသည် ထိုစခန်းသည် ကျနော်တို့ဖြတ်သွားတာမြင်တိုင်း လှမ်းပစ်လေ့ရှိသည်။
ယဉ်စွန်းတန်းမှာ နေရစ်ပေတော့
အဆောင်ပြန်လာတော့ လမ်းခုလတ်မှာ ဘယ်လိုမှ ဖြေသိမ့်မရသလို ပုံစံမျိုးနဲ့ ၀ုန်းကနဲ ဒိုင်းကနဲ ရွာချလိုက်တဲ့မိုးက ကျနော်တို့ မြောက်ပိုင်းကျောင်းသားတပ်မတော်မှ ကျဆုံးသွားသော အတွင်းရေးမှူး ကိုမျိုးဝင်း အပါအ၀င် ရဲဘော် ၁၁ယောက်အတွက် ဖြေမဆယ်နိုင်လို့ ရွာတယ်လို့ကို စိတ်အစဉ်က ထင်နေမိတယ်၊ မိုးရွာထဲ လျှောက်ယင်း မိုးရေစက်တွေကျရာ ကောင်းကင်ကို စိတ်ထဲက အော်ပြောလိုက်တယ် " ဥတ္တရယဉ်စွန်းတန်းမှာ တာဝန်ကျေစွာ နေပေတော့ ကိုမျိုးဝင်း နဲ့ ရဲဘော်တို့ရေ "လို့ ဆိုပြီး မိုးရေစက်လက်ကြားက ရင်ထဲမှာ ငိုနေမိတော့တယ်။
မေ့လျော့ခံသူရဲကောင်းများ
အောင်သာငယ်
၈၈ အရေးတော်ပုံကြီး စတင် ကတည်းက အမိ ဗမာပြည်ကြီး အတွက် ပြည်သူ လူထု အားလုံး အတွက် ကျရာနေရာကနေ နိုင်ရာ တာဝန် တွေကို ထမ်းဆောင် လာခဲ့ကြ သူတွေ ထဲမှာ တချို့တွေလည်း လူသိ ထင်ရှား၊ တချို့တွေလည်း လူမသိ သူမသိနဲ့ သူတို့ ဘ၀တွေကို ပေးဆပ် နေခဲ့ကြ ရပါတယ်။
စင်ပေါ် မရောက်၊ ဂုဏ်ပြု မခံရ၊ ဆုတွေ မရ၊ လူမသိ သူမသိဘ၀နဲ့ ပေးဆပ်နေခဲ့ကြတဲ့ အမေ့လျော့ခံ သူရဲကောင်းများကို ကျနော်က မှတ်တမ်းတင်လိုခြင်းမျှသာ ဖြစ်ပါတယ်။ ကျနော့်ကို မှတ်တမ်း တင်ခွင့် ပြုပါ။ စိတ်မကောင်းစရာ ဖြစ်တာတခုကတော့ ကျနော် မှတ်တမ်းတင်လိုတဲ့ တချို့ သူရဲကောင်းများ အတွက် ကျနော့်မှာ ဓါတ်ပုံတွေ မရှိတာပါပဲ။
ကိုဇော်ထွန်း
ကိုဇော်ထွန်းဟာ အသားဖြူဖြူ၊ လူပုံက နွဲ့နွဲ့၊ စကားပြောလည်း အေးအေးဆေးဆေးနဲ့ စိတ်ဓါတ်ကတော့ တော်တော် မာတဲ့သူပါ။ ၈၈ အရေးတော်ပုံ ကာလတွေတုန်းက ရန်ကုန် တတိုင်းလုံးမှာ အထွေထွေ သပိတ်ကော်မတီ -GSC (General Strike Committee) ရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ယူခဲ့တဲ့ ကိုဇော်ထွန်းဟာ ဆရာဝန် ဖြစ်တော့မယ့် ဆေးကျောင်းသားတဦးပါ။ GSC ဆိုတာက အဲဒီ အချိန်တုန်းက ရန်ကုန် ဧရိယာတခုလုံးမှာ အမြင့်မားဆုံး အဖွဲ့အစည်းပါပဲ။ GSC အလံအောက်မှာ အဖွဲ့အစည်း အားလုံး စုရပ်ခဲ့ကြတာပါ၊ ဗကသပါ ပါပါတယ်။ ၈၈ အရေးတော်ပုံ ကာလတွေ တလျှောက်လုံးမှာ အဖွဲ့အစည်း ပေါင်းစုံကို စုစည်း ထိန်းသိမ်းရတဲ့ ကြီးမားလှတဲ့ တာဝန်ကြီးကို ထမ်းဆောင်ခဲ့ ပါတယ်။ စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းမှုပြီးတဲ့နောက်ပိုင်းမှာတော့ GSC ရဲ့ တာဝန်တွေကို လွယ်ပိုးပြီး တွဲဖက် အတွင်းရေးမှူးဖြစ်သူ ဆရာဦးမြင့်လှိုင်နဲ့အတူ လွတ်မြောက်နယ်မြေကို ကိုဇော်ထွန်း ရောက်လာ ခဲ့ပါတယ်။ ကျနော် ရောက်ရှိခဲ့တဲ့ ကရင့် အမျိုးသား အစည်းအရုံးရဲ့ ဒူးပလာယာခရိုင်၊ ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ တပ်မဟာ (၆) ထိန်းချုပ်ရာ သေ့ဘောဘိုးစခန်းမှာ သူတို့ ၂ ယောက်နဲ့ ကျနော် တခဏတာ ဆုံလိုက်ရပါသေးတယ်။ တယောက်နဲ့ တယောက် အသက်ရှင်လျက် ကျန်းကျန်းမာမာ တွေ့ရတာကိုက ၀မ်းသာစရာကောင်းကြောင်း သူကပဲ ပြောသွားပါသေးတယ်။
၈၈ နိုဝင်ဘာထဲမှာ ကျနော်တို့တွေလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) အေဘီအက်စ်ဒီအက်ဖ် (All Burma Students' Democratic Front) ဖွဲ့စည်း၊ တပ်ရင်း အသီးသီးမှာ ပျော်ဝင် လှုပ်ရှားနေကြရတဲ့ အချိန်မှာ ကိုဇော်ထွန်း ကလည်း GSC အနေနဲ့ DAB (Democratic Alliance of Burma) မှာ ပူးပေါင်း ဆောင်ရွက်နေတာကို သိနေခဲ့ရပါတယ်။ သူကတော့ အဖွဲ့အစည်းပေါင်းစုံရဲ့ ဗဟိုဌာနချုပ်တွေ ရုံးစိုက်ရာ မာနယ်ပလောမှာပဲ နေထိုင် လှုပ်ရှားရင်း ရှိရှိသမျှ အဖွဲ့အစည်းတွေကို သူ တတ်နိုင်သလောက် ဆက်စပ်နိုင်ဖို့ ကြိုးစားနေတာကို သိရှိနေခဲ့ရပါတယ်။ မဲဆောက်မှာ တခါတရံ သူနဲ့ ကျနော် ဆုံဆည်းခွင့် ရတတ်ပါသေးတယ်။ ဆုံခွင့်ရတိုင်း ဘုံရန်သူု န၀တကို တိုက်ဖို့အတွက် တပ်ပေါင်းစု လိုအပ်ကြောင်းလည်း တဖွဖွ သူ ပြောနေတတ်ပါသေးတယ်။
နောက်တော့ မာနယ်ပလောမှာနေရင်းနဲ့ မကဒတရဲ့ တပ်ရင်း (၂၀၈) မှာ ကိုဇော်ထွန်း ပါဝင် ဆောင်ရွက်နေတယ်ဆိုတာ ကြားသိနေရ ပါတယ်။ ဒီလိုနဲ့ အဖွဲ့အစည်းတွေမှာ ဖြစ်တတ်လေ့ရှိတဲ့ အတွင်းပဋိပက္ခတွေကို မကဒတလည်း ကြုံခဲ့ရပါတယ်။ တော်လှန် ကော်မတီ ဆိုပြီး မကဒတ သမိုင်းမှာလည်း ပေါ်လာခဲ့တာပါပဲ။ အဲဒီကာလတွေတုန်းက မဲဆောက်မှာ သူနဲ့ ကျနော်တွေ့တော့ သူက အဖြစ်အပျက်တွေကို အေးအေးဆေးဆေး စဉ်းစားဖို့ ကျနော့်ကို နားချပါတယ်။ ကျနော်ကတော့ ကျနော့် တပ်ရင်းက အခက်အခဲတွေနဲ့ ကျနော့်ဘာသာ ကျနော် ရှုပ်ထွေးနေလေတော့ သူ့စကားတွေလည်း နားထဲ မ၀င်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ လူချင်း မဆုံမိကြတော့ပါဘူး။
ဒီလိုနဲ့ တနေ့မှာတော့ ကိုဇော်ထွန်း ပျောက်သွားကြောင်း သတင်းဟာ ကျနော်တို့ အားလုံးကြားမှာ ပြန့်နှံ့လာနေပါတော့တယ်။ မာနယ်ပလောကနေ မဲဆောက်ကို ထွက်သွားကြောင်းနဲ့ မဲဆောက်ကို ရောက်မလာကြောင်း အားလုံး သိနေကြပါတယ်။ မာနယ်ပလောကနေ မဲဆောက်ကို မရောက်ခင် ခလယ်တလူခေါ်တဲ့ လှေဆိပ်ကို အရင် သွားရပါတယ်။ အဲဒီ လှေဆိပ်ကနေမှ မဲဆောက်ကို လာရတာပါ။ ကိုဇော်ထွန်းကတော့ မဲဆောက်ကို မရောက်လာခဲ့သလို၊ ခလယ်တလူကိုရော ရောက်လာရဲ့လားဆိုတာ ဘယ်သူမှ မသိပါဘူး။ ဘယ်နေရာမှာ သူဘာဖြစ်သွားလဲဆိုတာ သူနဲ့ ဘုရားသခင်ပဲ သိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အကယ်၍ ဘုရားသခင်ဆိုတာ ရှိခဲ့ရင်ပေါ့လေ။
ဘာပဲဖြစ်ဖြစ် ကိုဇော်ထွန်းကတော့ ပျောက်ဆုံးသွားခဲ့ပါပြီ။ အမိမြန်မာပြည်လွတ်မြောက်ရေးအတွက် သူတတ်နိုင်တဲ့ နေရာကနေ ပါဝင်ဆောင်ရွက်ရင်း ပျောက်ဆုံးသွားတဲ့ ကိုဇော်ထွန်းကို ကျနော် အလေးပြုလိုက်ပါတယ်။ အခုတော့ သူ့ကို အားလုံးက မေ့လျော့နေပါပြီ။
ကိုသိန်း
မကဒတ မှာတော့ ကိုသိန်းကို အားလုံး သိကြပါတယ်။ အခုတော့ သူခမျာ အမေ့လျော့ ခံနေရလေသလားလို့ စဉ်းစားမိရင်း သူ့ အကြောင်း ကျနော် ထိတွေ့ခဲ့ရသလောက် ဖော်ပြချင်တာပါ။
၁၉၈၉ စက်တင်ဘာလမှာ လွတ်မြောက်နယ်မြေက အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး စီမီနာတခုကို ထိုင်းနီုင်ငံ တနေရာမှာ လျှို့ဝှက် ပြုလုပ်ခဲ့ပါတယ်။ မကဒတရဲ့ စခန်းပေါင်းစုံက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေထဲမှာ ကျနော်နဲ့ ကိုသိန်းလည်း အပါအ၀င်ပါ။ အဲဒီအချိန်က သူက တပ်ရင်း (၂၀၇)ရှိရာ ရေကျော်စခန်းရဲ့ဥက္ကဌပါ။ စီမီနာမှာ နိုင်ငံတကာက နိုင်ငံရေးကျွမ်းကျင်တဲ့ ပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဆွေးနွေးကြရတဲ့ အကြောင်းအရာတွေကလည်း အစုံပါပဲ။ ကျနော်တို့ နိုင်ငံလို ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေး ပြသနာတွေဟာ ဆွေးနွေးပွဲတွေမှာလည်း အကြိတ်အနယ် ဆွေးနွေးရ၊ ထိုးကြကြိတ်ကြတဲ့ အထိပါပဲ၊ ဒါပေမယ့် ကျနော်တို့ မကဒတ ကိုယ်စားလှယ်တွေကတော့ ထိုးကြိတ်ကြတဲ့ပွဲတွေမှာ မပါခဲ့ပါဘူး။
စီမီနာက စက်တင်ဘာ လလည်ကနေ နိုဝင်ဘာထိ တလခွဲလောက် ကြာခဲ့ပါတယ်။ အဲဒီကာလတွေအတွင်းမှာ ကျနော်တို့ တည်းခိုရတဲ့ တည်းခိုဆောင်မှာ ကိုသိန်းနဲ့ ကျနော်က ကုတင်ချင်းကပ်လျက်။ နေ့တိုင်းအတူတကွ သွားလာစားသောက်ရင်း သူနဲ့ ကျနော် ခင်မင်ရင်းနှီးခဲ့ပါတယ်။ အသားညိုညို၊ အရပ်မြင့်မြင့်၊ ကြည့်ကောင်းတဲ့ ဥပဓိရုပ်နဲ့ စကားအေးအေး ပြောတတ်တဲ့ ကိုသိန်းဟာ ခင်မင်စရာ ကောင်းတဲ့ သူတဦးပါ။ မကဒတရဲ့ စခန်း ဥက္ကဌတဦးဖြစ်ပေမယ့် မသိရင် သာမန်ရဲဘော်တဦးလိုပဲ နေလေ့ရှိပါတယ်။ အနေရိုးရိုးနဲ့ စကားပြောရင် လေးလေး နက်နက် ပြောလေ့ရှိတဲ့ ကိုသိန်းကို ကျနော် တော်တော်လေးစားခဲ့ပါရဲ့။ ဘယ် အကြောင်း အရာကို ပြောပြော သူက တလေးတနက် ဆွေးနွေးလေ့ရှိပါတယ်။ သူ့မှာ ပေါ့ပေါ့တန်တန် သဘောထားတဲ့အရာ တခုမှ ရှိပုံ မရပါဘူး။
သည်လိုနဲ့ တနေ့သားတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဖက်ဒရယ်တို့ကို ဆွေးနွေးရတဲ့ ရက်တရက်ကို ရောက်လာပါတယ်။ အဲဒီမှာ အခု UWSA (၀သပ) ထဲရောက်သွားတဲ့ ငတိတွေလည်း ပါပါတယ်။ သူတို့က ကျနော်တို့ကို ဘာပြောလဲဆိုတော့ မင်းတို့ ကျောင်းသားတွေက ဗမာပြည်နယ် တောင်းရမယ်-ဆိုပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ ဟာသ မလုပ်ပါဘူး။ ဒါဆွေးနွေးနေတာပဲ၊ ဘာလို့ ကျနော်တို့က ဗမာပြည် တောင်းရမှာလဲပေါ့။ မကဒတ-ဟာ ဗမာပြည်နယ်တောင်းဖို့ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတာမှ မဟုတ်ပဲ။ ပြီးတော့ မကဒတဟာ ဗမာ လူမျိုးတမျိုးတည်းကိုပဲ ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းမှ မဟုတ်ပဲ၊ ဒီလို ကျနော်တို့က ပြန်လည် ဆွေးနွေးပါတယ်။ ဒီမှာ ပြသနာ ထတက်တာကတော့ ကရင်နီပြည်နယ်က ကိုယ်စားလှယ်နဲ့ အဲငတိပါပဲ။ မင့်ကိစ္စ မင်း အရင် ရှင်းပါလားကနေ စလိုက်တာ ထိုးကြကြိတ်ကြတဲ့အထိပါပဲ။
နောက်တော့ အဲဒီ ၀ငတိနဲ့ ကျနော်တို့နဲ့ သိပ် မကြေမလည်တွေဖြစ်လာပါတယ်။ အဲဒီမှာ ၀ငိထိန်းခဲ့တာက ကိုသိန်းပါ။ အမှန်က ကိုသိန်းနဲ့ ကျနော်က အသက်ချင်းလည်း သိပ်မကွာပါဘူး။ ကျနော်က သဘောကောင်းပါတယ်။ အငြင်းအခုံ ၀ါသနာမပါဘူး။ ဘယ်တော့မှ မငြင်းဘူး။ ဒါပေမယ့် စိတ်မရှည်ဘူး။ ခုလို ငြင်းခုံရတာတွေများလာတော့ လက်ပါချင်နေပြီ။ ကိုသိန်းက ပွဲထိန်းပါတယ်။ ဒီလိုနဲ့ ပြီးသွားတယ်ဆိုပါတော့။ ကျနော့်အတွက်တော့ မှတ်မှတ်ရရပါပဲ။
ဒီလိုနဲ့ တောထဲကို ကျနော်တို့ ပြန်ရောက်သွားတယ်။ အချိန်ကာလတွေလည်း ရွေ့လျားလာတယ်။ ကျနော်လည်း ရွေ့လျားသွားတယ်။ တနေ့သားတော့ သတင်းတခု ကြားရတယ် ကိုသိန်းကို ရန်သူက ဖမ်းမိသွားတယ်။ လက်နက်တွေနဲ့၊ ရန်သူက သူ့ကို သေဒဏ်ပေးလိုက်တယ်။ ကြားရတာ ကျနော် စိတ်မကောင်းဘူး။ ဘယ်လိုဖြစ်ရတာလဲ ကိုသိန်းရယ်။ ခုနောက်ဆုံးတော့ သူ့ကို သေဒဏ်မပေးသေးပေမယ့် သာယာဝတီထောင်မှာ သူ့ကို ထားထားတယ်။ မျက်လုံးတဖက်ကွယ်သွားပြီ။ ကျနော် စိတ်မကောင်းဘူး။ ကြားရတာတွေက။ သူ တတ်နိုင်တာတွေကို အတတ်နိုင်ဆုံး ထမ်းဆောင်သွားခဲ့တဲ့ ကိုသိန်း။ သူဟာ သူရဲကောင်းတယောက်ပါပဲ၊ အခုတော့ သူ့ကို အားလုံးက မေ့လျော့နေလေပြီလား။
ဒေါက်တာမင်းသိမ်း
သူ့ကို ကျနော်တို့ သေ့ဘောဘိုးစခန်းမှာ တွေ့ကာစတုန်းကဆို ဆရာဝန်မှန်းတောင် မသိပါဘူး။ အဲလောက် အနေရိုးကုပ်တဲ့သူပါ။ သူ လုပ်စရာရှိတာကို သူလုပ်တယ်။ စကား အပို မပြောဘူး။ လူပုံက အရပ်ခပ်ပြတ်ပြတ်နဲ့ မျက်မှန်မထူတထူနဲ့။ စကားပြောရင်လည်း ခပ်လေးလေး ဒါပေမယ့် ပြတ်ပြတ်ပြောတတ်သူ။ ကျနော်တွေ့တွေ့နေတာကတော့ ပြင်ပက သတင်းထောက်တွေ လာရင် သူက စကားပြောနေသူဆိုတော့ အီးမေဂျာက တယောက်ယောက်ပေါ့လေ ကျနော်က ထင်နေတာ။ နောက်တော့မှ စခန်း ဆေးရုံမှာလည်း တွေ့တော့မှ သြော် ဆရာဝန်မှန်းသိရတော့တာ။
သည်လိုနဲ့ ကိုသိန်းနဲ့အတူ ကျနော် စီမီနာတက်တော့ သူလည်း ပါလာပါတယ်။ ကိုသိန်းလိုပဲ ကျနော် ခင်ရသူ။ ဒါပေသည့် စီမီနာမှာ Workshop တွေလုပ်တော့ သူက တခြား Group မှာချည်း။ ဒါနဲ့ စီမီနာ တလျှောက်လုံးမှာ သူနဲ့ တခါမှ မတွဲခဲ့ဖူး။ အမှန်ကတော့ ဒေါက်တာမင်းသိမ်းက ကျနော်တို့ စခန်းက မဟုတ် စောထစခန်းမှ လာသူ။
ကျနော်တို့ စခန်းမှာ သင်တန်းတွေမျိုးစုံပေးတော့ သူက အဲသည်မှာ ဆေးသင်တန်းမှာနည်းပြ။ သည်လိုနဲ့ သူနဲ့ ကျနော် စခန်းမှာ တတွဲတွဲ ဖြစ်လာတယ်။ အရက်အတူသောက်။ စကားတွေအတူပြော။ တခါတခါလည်း သူပြောတာတွေ ကျနော် နားမလည်ပါ။ ဒါပေမယ့် သူ့ကို ခင်ပါတယ်။
သည်လိုနဲ့ သင်တန်းတွေပြီးတော့ သူက သူ့ စောထစခန်း ပြန်သွားလေရဲ့။ နောက် ရှေ့တန်းစစ်မြေပြင်ဆင်းတဲ့ စစ်ကြောင်းမှာ ပါသွားတယ် ဆိုတာကိုလည်း ကြားလိုက်ရတယ်။ ယေဘူယျအားဖြင့် ဆရာဝန်တွေကို စစ်ကြောင်းထဲ မထည့်ပါဘူး။ ဆေးမှူးတွေသာ စစ်ကြောင်းထဲ လိုက်ကြလေ့ရှိတာကိုး။ သူကတော့ အတင်းတောင်းဆိုပြီး လိုက်သွားသည်တဲ့။
သိပ်မကြာပါဘူး။ မုပ္ပလင်နဲ့ ဘီးလင်းမှာ တိုက်ပွဲတွေ ဖြစ်တာကို ကြားရတယ်။ နောက်တော့ ဒေါက်တာမင်းသိမ်းကို ရန်သူက ဖမ်းမိသွားတယ် ဆိုတာကိုပါ ကြားလိုက်ရပါတော့တယ်။ သတင်း အတိအကျတော့လည်း မည်သူမျှ မသိရတော့။ ဒဏ်ရာနဲ့ ဆေးရုံမှာသေသွားသည်။ ရန်သူက မသေမချင်း နှိပ်စက်သည်။ ကျိမ်းသေတာကတော့ ဒေါက်တာမင်းသိမ်း ကျဆုံးသွားပါပြီ။
သူလည်း သူရဲကောင်းတဦး ဖြစ်ပါတယ်။ ခုတော့ လူတွေ သူ့ကို မေ့လျော့နေလေပြီလား။
(အောင်သာငယ် ဘလော့ဘ်မှ ပြန်လည်ကူးယူ ဖော်ပြသည်။)
ရင်ဘတ်ထဲက ရဲဘော်ကြီး
သံလွင်မြစ်ကမ်းဘေးတနေရာ။ …… လူနှစ်ယောက် သံလွင်မြစ်ကို စူးစိုက်ကြည့်နေကြသည်၊ သံလွင်မြစ်ကြီးက တသွင်သွင်စီးဆင်း နေသည်၊ တချက်ချက် ဝေါကနဲ၊ ဝေါကနဲ မြည်သံကြားနေရသည်၊ လရောင်နှင့် ရေအလျင် ဆုံမိသွား သဖြင့် ရေပြင်ပေါ်၌ တဖြတ်ဖြတ် နှင့် ငွေကြယ်ပွင့်ကလေးများ ကွန့်မြူးနေသည်ကို ထိုသူနှစ်ဦးက ကြည့်နေမိသည်၊ မြစ်ပြင်ပေါ်မှ ဖြတ်တိုက်လာသော လေနုအေးလေး က အနာဂတ်အတွက် ကြံဆနေသော ထိုသူနှစ်ဦးကို ပွေ့ဖက်နေသည်နှယ်၊ မြစ်ကမ်းနဘေးတွင်မူ ရေအားကြောင့် ယိမ်းထိုးလှုပ်ခါ နေသော မိုးမခပင်များ၊ မိုးမခပင်ကို နှစ်ဦးသား သက်သေပြုနေကြသည်၊ "မိုးမခပင်တွေ … ဒို့ … သက်သေတည် … စိမ်းလဲ့သော အင်းလျားကန်သာမြေ"။
တချက်တချက်ဝေါကနဲ၊ ဟဲကနဲ မြည်ဟည်းသံကြားထဲမှ သူပြောလာမည့်စကားများကို ငံ့လင့်နေမိသည်၊ "သူငယ်ချင်း ငါတို့ အခြေခံဒေသ တခုရှိဖို့လိုမယ် ငါတော့ ဒီလုပ်ငန်းအတွက်ကို ဇောက်ချလုပ်တော့မယ်။ အဲဒီတော့ ဒို့ကလူထု ရှိရာကို သွားကြရမယ်"။ ထိုအတွေးခေါ်တရပ်ကို သူ့ထံမှကြားရသဖြင့် အံ့သြသွားမိသည် လူထု၊ အခြေခံဒေသ၊ ထိုးဖေါက်ရေး၊ တည်ဆောက်ရေးကိစ္စရပ်များ။ နားထဲ၌ ထူးဆန်းသလို ဖြစ်မိသွားသည်၊ သဲသောင်ပြင်ပေါ်၌ နှစ်ယောက်သား ထိုင်နေရာမှ ထလိုက်ပြီး မြစ်ပြင်ထဲသို့ ခဲနှင့်စိတ်ရှိလက်ရှိ အားကုန် လွှဲပေါက်ရင်း "ဒီကိစ္စ ငါ့ကိုနဲနဲပြန် ရှင်းပြစမ်းပါအုံး" တဟဲဟဲမြည်နေသော သံလွင်မြစ်ရေစီးသံကြား၌ အသံကိုမြှင့်ရင်း ကျနော်သူ့ကို ပြန်မေးမိသည်၊ သူက ရှင်းပြသည်၊"လူထုနဲ့ အတူတကွရှိပြီး လူထုနဲ့အတူ လက်တွေ့တိုက်ပွဲဝင်ရေးအပေါ်မှာ အခြေခံစဉ်းစားချက် ဖြစ်တယ်။ ဆွေးနွေးစရာတွေ အများကြီးရှိလာပါလိမ့်မယ်" ကောင်းကင်သို့မော့ကြည့်မိသည် ကြယ်စင်များက တလက်လက်တောက်ပနေလျက်၊ ထိုစဉ် … ကြယ်တလုံး ကြွေကျသွားသည်ကို ကျနော့် စိတ်အစဉ်မှာ ဘာရယ်မဟုတ် နှမျှောတမ်းတစွာ ဖြစ်လိုက်မိသလို။
ကျနော်တို့ မာနယ်ပလောဌာနချုပ်သို့ ရောက်ခဲ့သည်၊ ခရီးရှည်ချီတက်ပွဲ ထိုခြောက်လအတွင်းက ကျနော်တို့ကို သင်္ခဏ်းစာအများကြီး ပေးသွားခဲ့သည်၊ အကြီးမားဆုံး သင်ခန်းစာ ထိုတခုက တိုင်းရင်းသားနယ်မြေအတွင်းရှိ တိုင်းရင်းသားများအပေါ် စစ်အစိုးရ ရက်ရက်စက်စက် ဖိနှိပ်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသော အတွေ့အကြုံများပင်ဖြစ်ခဲ့သည်၊ ထိုအတွေ့အကြုံများက စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာလျှင် မုန်တိုင်းထန်နေသော မြန်မာနိုင်ငံအတွက် အောက်ကျနောက်ကျ ဖြစ်နေသော ဘ၀များအတွက် ခိုင်မာသည့် တိုင်းပြည်ဖြစ်ပေါ်ရေးဆိုင်ရာ အတွေးအခေါ်များကို ညွှန်ကြားပြသပေးခဲ့သည်။
မာနယ်ပုလောဌာနချုပ်သို့ရောက်ပြီ … သားက … အမေနှင့် အဖေကို ရှာနေတာမျိုးတွေလည်း တွေ့ကြရသည်၊ ဆက် လက် ပြီး တွေ့ရသည်က အလံတချောင်း၊ လူတယောက်၊ လောလောဆယ်တော့ မဲဆောက်မှာ … ခင်ဗျ။ အဲဒီမှာ အား လုံးရှိကြတယ် … ခင်ဗျ။ ထိုသို့ ဆိုရာ မဲဆောက်သို့ အပြေး အလွှား ခရီးရှည်ချီတက်ရပြန်ပြီ တွေ့ရသည်မှာကား အထက် အောက် စုန်ချီတက်ချီရှိနေသော ကျနော်တို့ရဲဘော်များ။ စစ်ပူသည့်ကာလ။ ရန်သူက ကျနော်တို့ရှိသည် ထင်သမျှ နေရာ မဲမဲမြင်လျှင် ထိုးစစ်ဆင်နေစဉ်ကာလ မဲဆောက်ဌာနချူပ်။ ကျောင်းသားတပ်မတော်ရုံးစိုက်ရာ တိုက်ထပ်ကြီးဆီသို့ ရောက် သွားခဲ့ကြသည်၊ အထုပ်ကလေးများ ကိုယ်စီကိုယ် စီနှင့် ယောင်ချာချာဖြစ်နေသော တောင်ပေါ်သားများ၊ ကျနော်တို့ကို ဖိတ်ကြားခဲ့သော စည်းရုံးရေမှူးကို ရှာဖွေ ကြည့်နေဆဲ၊ ပါလာသည့် အထုပ်ကလေးကို အိမ်သာဘေးနား ခင်းထားသော မျက်ဖျာပေါ်၌ ခဏချထားလိုက်သည်၊ ဗိုက်ကလည်း ဆာလှပေါ့၊ လူတွေက ပျား ပန်းခပ်မျှ၊ ၀င်လိုက်ထွက်လိုက် ထိုပျားများကား အဆိပ်ရှိသော ပျားများဟု ယခင်က ကျနော် သတိမထား မိခဲ့ချေ၊ စစ်သားဆိုသည်မှာ ခြေထောက်နှင့် မချီတက်၊ ဗိုက်နှင့် ချီတက်သည်ဟူသော စကားအရ စားဖိုဆောင်သို့သာ တန်းတန်း မတ်မတ် ခြေဦးတည်မိသွား လေတော့သည်။
"တန်းစီပါကြမောင်ရင်တို့၊ မလောကြပါနဲ့၊ ဒီမိုကရေစီရကြမှာပါ" ဟု ရွှတ်နောက်နောက်နှင့် အသားအရည် ညိုရင့်ရင့် ရုပ်အသွင်သဏ္ဍာန်ကို မြင်လိုက်မိသည်၊ တိုက်အောက်ထပ်၌စားဖိုမှူး၏ စကားသံ လဲ့လဲ့လွင့်ပျံ့လာသည်၊ ကျနော်တို့က ဗိုက်ဆာလှပြီ၊ ဆွဲယူလာသော ပန်းကန်တချပ်နှင့် ခံလိုက်သည်၊ ရလာသည်ကား ဘဲဥပြုတ်တလုံး၊ ဟင်းဝေနေသော သူ၏ မျက်နှာကို ဖြတ်ကနဲကြည့်မိလိုက်သည်၊ ဗြုတ်ထနေသောမျက်နှာ၊ တနေရာမှာ မြင်ဖူးသလိုလို၊ ပြီးမှ တိုက်ပွဲဝင်ရဲဘော် တယောက်၏ အသံကိုကြားလိုက်ရသည်၊ "ကိုမွန်းအောင် … ဟင်း အရည်လေးများ ထပ်ထည့်ပေးလို့ ရနိုင်မလား… ဗျာ"၊ ထိုစဉ်မှ အစပြု၍ ကျနော်တို့ တောင်ပေါ်သားများ ပြန်ဆုံမိကြသည်၊ ကိုမွန်းအောင်၊ ကျနော်၊ သူ၊ သူဆိုသည်မှာ ဆန်းလင်း၊ ကိုမွန်းအောင်ဆိုသည်မှာလည်း ၁၉၈၈ ကာလများတွင် မြန်မာနိုင်ငံတွင် လျှမ်းလျှမ်းတောက် နံမည်ကျော် စတီရီယို အဆိုတော် မြစ်ကြီးနားသား၊ ၈ မျဉ်းစောင်း ၈၂ အင်းလျားဖြင့် လူသိများလာပြီး "လွမ်းရတဲ့ ညတွေလွန်ပါစေ"ဆိုသည့် စီးရီး အလွန်နံမည်ကြီးနေချိန် စွန့်လွှတ်ခြင်းတွေဖြင့် တိုင်းပြည်မျက်နှာသာငဲ့၍ လွတ်မြောက်နယ်မြေမှ ယခုထက်တိုင် ပြည်သူ့အတွက် လွတ်မြောက်ရေးတေးသီနေသည့် ကချင်တေးဆို ဌက်ကြီး။
ထိုစဉ်ကာလက စခန်းများအတွက် ထောက်ပံ့ရေးကိုင်နေသူ … ဆန်လင်း၊ ရောက်ခါစ တပ်ရင်းနာမည်များ မတွင်ကျယ်ကြသေး စခန်းဟုသာပို၍ လူသိများသည်၊ စောထစခန်း၊ သေ့ဘောဘိုးစခန်း၊ ၀မ်းခါစခန်း၊ ရေကျော်စခန်း၊ မင်းသမီးစခန်း၊ သံလွင်စခန်း၊ မိုးတောင်စခန်း စသဖြင့် စသဖြင့်ပေါ့ စခန်းကော်မတီများ ဖွဲ့စည်းပြီး ကျောင်းသားတပ်မတော်ကို ထိုစခန်းကော်မတီများမှ စီမံခန့်ခွဲနေသည်၊ စခန်းများ၏ ထောက်ပံ့ရေးကိစ္စမှန်သမျှ စီမံခန့်ခွဲရေးတာဝန်သည် သူ့ တာဝန်၊ သူ … ကိုဆန်းလင်းက အမေက ကချင်၊ အဖေကအိန္ဒိယလူမျိုး၊ ကျနော်က ကချင်ပြည်နယ်မှ ဒေသခံတယောက်ဖြစ်သည့် အားလျော်စွာ မိတ်မဆက်ဘဲ ရင်းနှီးသွားရသူများထဲတွင် သူတယောက်အပါအ၀င်၊ အပြုံးချိုချိုနှင့် စတတ်နောက် တတ်ပျော်ရွှင်တတ်ခြင်းများကြောင့် လူချစ်လူခင်ပေါ များလှသည်၊ ကျနော်၏ အရင်းအနှီးဆုံးများထဲတွင် သူတယောက်က ထိပ်ဆုံးက အမြင်တူ အတွေးတူများ ဖြစ်ကြသဖြင့် ငယ်ပေါင်းကြီးဖေါ်ကဲ့သို့ ပြောမနာဆိုမနာ များ သူပြောနေသော စကားလေးတခုက ယခုထက်ထိ ရင်ထဲမှာ စွဲတသသ ကျန်နေဆဲ မှတ်မိနေဆဲ။
နိုင်ငံရေးသမားများအား ပြောတတ်သည်မှာ "ဒို့က တော်လှန်မြေအခြေစိုက်၊ သူတို့က ဘန်ကောက်အခြေစိုက်" တဲ့လေ။
ထိုစဉ်ကာလ နုနယ်စဉ်ကာလ၊ တော်လှန်ရေး၏ လေးဘက်တွား နေရသောကာလ၊ အတွေးသစ်၊ အမြင်သစ်၊ အတွေ့အကြုံသစ်များကို စုစည်း၊သိမ်းကြုံးယူငင်နေဆဲ၊ လေ့လာစရာများက တပုံတပင်၊ တော်လှန်ရေး အဘိဓမ္မာ၊ တော်လှန်စာပေ၊ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ စာပေများကို ရသမျှ အငမ်းမရ ဖတ်ရှုလေ့လာ မှတ်သားနေရသော အချိန်။ အရာရာအားလုံးသည် အသစ်အဆန်းများသည်သာ၊ နိုင်ငံရေးအခံဖြင့် ဘာကိုမျှ ကောင်းကောင်း မမြင်နိုင်ကြသေးသဖြင့် လေးဘက်တွားသော ကာလဟု ခေါ်ဆိုမိသည်၊ နုစဉ်ကာလ၌ ခိုင်မာသည့်။ ရင့်ကျက်သည့် လူထုအတွေးအခေါ်တခုကို ရလိုက်သည့်အတွက် သူ့ကို အံ့သြသွားရခြင်းဖြစ်သည်၊ အံ့သြခြင်းနှင့်အတူ အယူအဆ ရင့်ကျက်ခိုင်မာမှုအပေါ် ထိုစဉ်ကတည်းက ကျနော်သူ့အပေါ် အထင်ကြီးလေးစားခဲ့သည်။
ပကာသန မမက် ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုဝတ်တတ်သော ကျနော်၏ ရဲဘော်သူငယ်ချင်းသည် အယူအဆရေးရာ အတွေး အခေါ်ကြိုးဝိုင်း၌သူ၏ ဆွေးနွေးမှုများက ချွန်ချွန်စူးစူး၊ ရဲရဲမြမြ၊ ဆွေးနွေးလိုက်တိုင်း လည်ဆံမွေးတထောင်ထောင်၊ မာန်တဖီဖီဆွေး နွေးမှုမျိုး၊ အနေအထိုင် ကပိုကယိုရှိသော်လည်း သူ၏ ဦးနှောက်ထဲ၌ ရှိနေသော အတွေးအခေါ်နှင့် ခံယူချက်သည်ကား ကျစ်လစ်သိပ် သည်းခိုင်မာသည်၊ လူက သေးသွယ်သော်လည်း လက်တွေ့နှင့် သဘောတရားပေါင်းစပ်ရာ၌ ကြီးမာသူ၊ ခက်ခဲကြမ်းတမ်းသည့် စစ် မြေပြင်နေရာကိုသာ တမ်းတသူ၊ မွေ့ပျော်သူ၊ လက်နက်ကိုင် တော်လှန်ရေးနှင့် လူထုတိုက်ပွဲကိုသာ တစိုက်မတ်မတ် ယုံကြည်ခဲ့သူ၊ ကျောင်းသားတပ်မတော် ညီလာခံတိုင်း၌ တိုက်ပွဲသဏ္ဍာန်ဆွေးနွေးတိုင်း ကျနော်နှင့်သူ အတွဲညီလှသည်၊ မကဒတ သမိုင်းကလည်း တိုက်ပွဲသဏ္ဏာန်သမိုင်း၊ တချို့ကနိုင်ငံရေးတိုက်ပွဲ၊ တချို့က လက်နက်ကိုင်တော်လှန်ရေး၊ ဒီမိုကရေစီလေ …… ဟုတ်စ။
၁၉၉၂ ယာယီမုန်တိုင်းထန်သော ကာလအတွင်း တည်ငြိမ်စွာပင် စစ်ကြောင်းများဖွဲ့ကြသည်၊ ထိုသည်မှာ အခြေခံဒေသ ထိုးဖေါက် ရေးစစ်ကြောင်းများ၊ ရှေ့တန်းနယ်မြေများ၌ ခြေကုတ်ယူ၍ မိမိတို့ အခြေခံဒေသများကို ခက်ခက်ခဲခဲ ထိုးဖေါက်ရသော အချိန်ကာလ ဖြစ်သည်၊ ထိုအတွေ့အကြုံများကို ပြန်လည်နိဂုံးချုပ်သုံးသပ်ယင်း ရှေ့တဆင့်တိုးကာ ထိုမှတဆင့် အခြေခံဒေသ ထိုးဖေါက်ရေးဆိုင်ရာ အတွေးအခေါ်များ၊ လူထုစည်းရုံးရေး လမ်းညွန်နှင့် ဘာသာရပ်များ၊ လုပ်ငန်းစဉ်များ ပေါက်ဖွားလာခဲ့ရပေသည်၊ လူထုအခြေခံဒေသ ဖေါ်ထုတ်ရေးလုပ်ငန်းကို လူထုစည်းရုံးရေး လမ်းညွှန်နှင့် ပေါင်းစပ်နိုင်ခဲ့ကြပေသည်။
ထိုသို့ပေါင်းစပ်ရာ၌ တပ်ဦး၏ ခေါင်းဆောင်မှု ဆိုင်ရာအတွေးအခေါ်များကို ဦးဆောင်ချမှတ် ပေးခဲ့သူများ အနက် သူတဦးသည်လည်း ရှေ့မှ ပါဝင်ဦးဆောင်ခဲ့သည် ဆိုသည့်အချက်ကိုမူ မည်သူမျှ မငြင်းနိုင်၊ လွန်ခဲ့သော အချိန်ကာလ သံလွင်မြစ်ကမ်းနဘေး သူပြောခဲ့ သော စကားများက လက်တွေ့တော်လှန်ရေးနှင့် ဟပ်စပ်နိုင်ခဲ့သဖြင့် သူကိုပို၍ လေးစားခဲ့သည်၊ သူသည် ကျနော်အတွက်တော့ ဟော့ဒီ ရင်ဘတ်ထဲက ရဲဘော်ကြီး၊ ကျနော်ကို အလင်းတံခါး ဖွင့်ပေးနိုင်ခဲ့သူ။ အတွေးအခေါ်အရ ဦးဆောင်နိုင်သူ။
"ဒို့ လူထုရှိရာကို သွားရမယ်"
ဒေါင်းဂွင်ရှိစဉ် သူ၏ စောထစခန်းလေးသို့ ကျနော်မကြာမကြာ ရောက်ဖြစ်ခဲ့သည်၊ စောထစခန်းလေးက သံလွင်မြစ်ကမ်းနဘေး တနေရာ၌ တည်ရှိသည်၊ ကုန်းမြင့်လေးပေါ်တွင် တည်ရှိသောထိုစောထစခန်းသို့ ရောက်သွားတိုင်းသူသည် သူ၏ရဲဘော်များနှင့် အတူတူ စလား, နောက်လားနှင့် ရင်းနှီးဖေါ်ရွေစွာ ရှိနေတတ်သည်၊ သူသည်နိုင်ငံရေးအတွေးအခေါ် သဘောတရားများကို တသားတည်းဖြတ်သန်း၍ ညီအကိုမောင်နှစ်မများသဖွယ်၊ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်ဖြင့် သင်ကြားသွန်သင် ပေးနိုင်ခဲ့သည်၊ စားရင်းလည်း သင်သည်၊ နေရင်းလည်း သင်သည်၊ သွားရင်းလည်း သင်နေသူ၊ သူ၏ ရဲဘော်များကလည်း သူနှင့် အလွန်အဟပ် အစပ်မိသည်၊ ရဲဘော်များနှင့်လည်း ကျနော်က တသားတည်း။။ ရဲဘော်များ၏ ဆိုးသမျှ ပေသမျှဒါဏ်ကို အလွန်သည်းခံ နိုင်ရှာသူ၊ မိမိ၏ ရင်ဝယ်သားကဲ့သို့ သဘောထားသဖြင့် ရဲဘော်များကလည်း သူ့ကို အလွန်လေးစား ချစ်ခင် ယုံကြည်ခဲ့သည်မှာ ကျနော့်ဘ၀ တသက်တာ မေ့မရနိုင့်ခဲ့ပါ၊ ချစ်ကြောက်၊ ရိုသေသည်ထက် ချစ်ခင် လေးစား ရိုသေသည်က ရှေ့တန်းလို နေရာမျိုးမှာ စောထရဲဘော်များက အခြား မကဒတ တပ်ရင်းမှ ရဲဘော်များနည်းတူ ပိုသည်သာပိုမည် လိုသည် မရှိခဲ့ပါ၊ အခြေခံလူတန်းစားများမှ ပေါက်ပွားခဲ့သော သူ၏ ရဲဘော်များသည် ရှေ့တန်းလိုနေရာမျိုး၌ သူပေးခဲ့သော လူထုတာဝန်အတွက် အသက်ပေးဆပ် သွားခဲ့သူများက ဒုနဲ့ဒေး၊ စစ်မှန်သည့် တော်လှန်ရေးလုပ်ငန်းစဉ် တရပ်ဖြစ်သော လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲ ပေါင်းစပ်ရေးအတွက် အနစ်နာခံကိုယ်ကျိုးစွန့် သွားသူများကလည်း တပုံတပင်။ ဒါဟာ တကယ်တော့ ၂၀ရာစု မြန်မာနိုင်ငံ ကျောင်းသားများ ခေတ်သစ် ရာဇ၀င်သာတည်း။
သူသည် လေ့လာရေးကို အင်မတန်မှ ခုံမင်သူတဦးဖြစ်သည်၊ သူ၏ဘေး၌ စစ်ရေးခြောက်စောင် ဘုတ်အုပ်ကြီးသည် သူနဲ့မကွဲမကွာ အတူရှိလျှက်။ သူလေ့လာသကဲ့သို့ ရဲဘော်များကိုလည်း လေ့လာခိုင်းသည်။ တော်လှန်ရေးတွင် လေ့လာရေးသည် အသက်တမျှအရေးကြီးသည်၊ လေ့လာမှု မရှိလျှင် ခေါင်းထဲ၌ ဘာအချက်အလက်မျှ မရှိနိုင်။ ရန်သူက ဘယ်လိုပုံ ဘယ်လိုနည်းနှင့် လူထုကိုဖိနှိပ်နေသနည်း။ လူထု၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေအနေများ မည်သို့မည်ပုံ ရှိနေသနည်း၊ စာတွေ့ လက်တွေ့ သိရှိနိုင်ရမည်၊ ကမ္ဘာ့တော်လှန်ရေးဖြစ်စဉ်များတွင် မည်ကဲ့သို့တော်လှန်၍ မည်သို့အနိုင်ယူ သွားခဲ့ကြသနည်း၊ တိုင်းပြည်အတွင်း ဘက်ပေါင်းစုံမည်သို့ မည်ပုံရှိနေသနည်း။ စသည်ဖြင့် စသည်ဖြင့် လေ့လာရေးစင်မြင့်ပေါ်သို့ မြင့်မြင့်တက်ခြင်းသည် တော်လှန်ရေးသမား၏ အရေးကြီးဆုံး တာဝန်တရပ်ဖြစ်သည်၊ ထိုအတွက် သူက သူ့ရဲဘော်များကို လေ့လာခိုင်းသည်၊ ဖတ်ခိုင်း မှတ်ခိုင်းသည်။ လေ့လာရေးလုပ်ရန် အမြဲတမ်း တွန်းအားပေးလေ့ရှိသည်၊ မရရသည့်နည်းနှင့် စာအုပ်များကို ဂျောင်ကြိုဂျောင်ကြားကနေ ရှာလာကာ ရဲဘော်များကို ပေးဖတ်သည်၊ ဒါ …. သူ့ရင်မှ စေတနာ အသီးအပွင့်များသာ …. ။
ဆိုးသည်ထက် နွဲ့သည်ဟု ဆိုရမည်ဖြစ်သော တော်လှန်ရေးဘ၀ မှတ်တမ်းလေးများမှာ ထူးခြားသည့် အတွေ့အကြုံလေးများက ကျနော့် အတွက်မမေ့နိုင်စရာ တခုတ်တရ ဖြစ်စေခဲ့သည်သာ များသာ။
မှတ်မှတ်ရရ ရဲဘော်လေးတဦး … သူသည်သူ၏ ကျောင်းသားတပ်မှူးစကားကို မြေ၀ယ်မကျ လေးစားလိုက်နာသူ၊ သူသည် အနုပဋိ လောမကို သဲကြီးမဲကြီးဖတ်သည်။။ ဗုဒ္ဓအဘိဓမ္မာကို အထူးလေ့လာသည်၊ အဘိဓမ္မာလေးစောင်ကို မှတ်သည်၊ ဖတ်သည်၊ တရက်သူနှင့်ကျနော်တွေ့ဖြစ်ရာ ဆွေးနွေးဘက်တဦး ရောက်လာသဖြင့်သူကပျော်နေ သလိုပင်၊ သူသည် စာဖတ်နာသူတဦးကဲ့သို့ပင် ဆွေးနွေး လာနိုင်သည်ဟု ကျနော်က ပကတိထင်မြင်နေမိသည် ကျနော်ကစစ်ရေးခြောက်စောင်ကို ဆွေးနွေးတော့ မည်လား၊ အနုပဋိလောမ ရုပ်ဝါဒကိုပဲ လှန်တော့မည်လား၊ ဗုဒ္ဓသာသနာ၏ အဆီအနှစ်တွေကိုပဲ ရှင်းပြရတော့မည်လား၊ ငံ့လင့်နေမိသည်၊ သို့သော်သူ၏ ဆွေး နွေးချက်ကို ကျနော်အံ့အားသင့်သွားသည်၊ သူ၏ ဆွေးနွေးချက်က ဤကဲ့သို့မျှသာ "အကို ပထမအရွယ်မှာ ပညာရှာတဲ့၊ ဒုတိယ အရွယ်မှာ ဥစ္စာရှာဗျ၊ တတိယအရွယ် ရောက်ရင် တရားရှာရမယ်လေ၊ ကျနော့်အရွယ်က ဒုတိယအရွယ်ရောက်နေပြီဗျ"၊ ကျနော်က စကားဖြတ်၍ တော်လှန်ရေးသမားဘ၀နဲ့ တော်လှန်ရေးအလုပ်လုပ်ရင်း လူထုကို အလုပ်အကျွေးပြုခြင်းသည် မွန်မြတ်သည့်ဘ၀ကို အကျိုးရှိရှိ အသုံးပြုရာ ရောက်ခြင်းဖြစ်ကြောင်း သူ့ကို ပြန်လည်ရှင်းပြရာ တဆက်တည်းမှာပင် "လူထုကို ငါ့ညီ ဘယ်လိုအလုပ် အကျွေးပြုမလဲ" ဟု ဖြတ်မေးရာ "ဆိုက်ကားနင်းရင်း အလုပ် အကျွေးပြုတော့မယ်အကို" ဟုဆိုကာ ထိုရဲဘော်လေးသည် ထိုအတွေး အခေါ်ကို ဆုပ်ကိုင်ကာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ကျနော့် ရဲဘော်ကြီးဆန်းလင်းသည် တဦးချင်းစီ ဖြစ်တည်နေ သော စံလွဲအတွေးအခေါ်များကို တည့်မတ် ဆွေးနွေးပေးနိုင်သည့် အချိန် သူ့မှာလုံလောက်စွာ မရရှိခဲ့ချေ၊ လေ့လာသည်ဆိုရာ၌ နိုင်ငံ ရေးအခံမရှိ နိုင်ငံရေးစံတခုမရှိလျှင် လေ့လာမှတ်သားသည့် ၀ါဒီ အစ်ဇင်များ၊ တွေးခေါ်မှု ဖလော်ဆော်ဖီများကို ချိန်ထိုး၍ ဝေဖန်ပိုင်း ခြားနိုင်စွမ်း မရှိနိုင်ချေ၊ နိုင်ငံရေး ရင်ကျက်မှုဆိုသည်မှာ တထိုင်တည်းဖတ်ရူမှတ်သားရုံမျှ မရနိုင်၊ အချိန်ကာလများဖြင့် တိုက်စားဖြတ် သန်းသော အတွေ့အကြုံများကသာ ရင့်ကျက်မှုကို စေစားနိုင်သည်၊ ကျနော်ရဲ့ ရဲဘော်ကြီး၏ စေတနာသည်ကား သူ့ ရဲဘော်များကို အတွေးအခေါ်ရ ခိုင်မာသည့် ရဲဘော်များအဖြစ် ထိုစဉ်ကတည်းကစ၍ အမျိုးမျိုးအဖုံဖုံ ကျိုးစားတည်ဆောက်ခဲ့သည်။
နောက်တန်းတွင် ဖြစ်သလို နေတတ်ထိုင်တတ်ကြသော ရဲဘော်များ၊ နောက်တန်းအမိန့်များကို ကပိုကရို လုပ်တတ်သော ရဲဘော်များကို ကျနော်တွေ့ဖူးသည်၊ ကြုံရဖူးသည်၊ လူဆိုသည်ကား လွတ်လပ်စွာ နေထိုင်လိုတတ်သော သတ္တ၀ါ၊ ရည်မှန်းချက် ပန်းတိုင်ကြီးမားသောကြောင့် ထိုပန်းတိုင်အရ ပေါ်ပေါက်လာခဲ့ရသော စည်းမျဉ်းစည်းကမ်း များက သူတို့အတွက် ထောင်းတာလှသည်၊ "နောက်တန်းစခန်းထဲ၌ အရက်မသောက်ရ" အမိန့်ထုတ်သည်၊ နောက်တန်းစခန်းထဲတော့ သူတို့ လုံးဝမသောက် သူတို့သောက်သော နေရာသည်ကား စခန်း၏ ပြင်ပ စခန်းကို ကာရံ ၀န်းရံထားသော စည်းဝိုင်း ခြံစည်းရိုး အပြင်၌ ကျောခြင်းကပ်၍ အပြင်ဘက်ဘေးတွင် ၀ိုင်းဖွဲ့နေကြသည်ကို မြင်ရဖူးသည်၊ ဟုတ်သည်၊ မှန်သည်၊တပ်စည်းဝိုင်းအတွင်း၌ မမှီဝဲ တပ်အပြင်၌ သာမှီဝဲသုံးဆောင်သည်၊ ၀ိနည်းလွတ်ဖြစ်သည် သို့သော် သူတို့သည် လူဆိုးလူပေများမဟုတ်ကြ၊ ငယ်သူများမို့သာ သို့ရာတွင် နောက်တန်းယဉ်ကျေးမှုအရ ကပိုကရိုနေထိုင်မည် ဖြစ်သော်ငြားလည်း ရှေ့တန်းစစ်မျက်နှာများ၌မူကား အလုပ်ကိုလေးစားသည်၊ တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်သည်၊ အသက်ကို စွန့်လွှတ် တိုက်ပွဲဝင်ကြသည်၊ ရန်သူ၏ နောက်တန်း အခြေစိုက်တပ်စခန်းအတွင်း အထိကို ထိုးဖေါက်ဝင်ရောက်၍ တိုက်ခိုက်နိုင်ခဲ့ဘူးသည်။ ထိုတပ်အတွင်း၌ပင် စောထစခန်းမှ မကဒတ ကျောင်းသားတပ်ခွဲမှူးတဦးကျဆုံးခဲ့သည်၊ ထိုတပ်အတွင်း၌ ကျဆုံးသွားသော တပ်ခွဲမှူးကျောင်းသားရဲဘော်ကို မြေမြုပ်နှံသည့်အခါ ရန်သူတပ်မှူးကပင်လျှင် ဂုဏ်ယူအလေးပြုခြင်းကို ခံခဲ့ရသည်၊ ဤမျှလောက် သတ္တိရှိရှိ တိုက်ခိုက်ခဲ့သဖြင့် ရန်သူ၏လေးစားမှုကို ခံခဲ့ရခြင်းကို ထိုစခန်းရှိ မကဒတရဲဘော်များက အသက်ပေး၍ပြသခဲ့ကြသည်။
သူသည်ရှေ့တန်းက ပြန်ရောက်လာတိုင်း ကျနော်ရှိရာသို့ မကြာခဏ ရောက်လာတတ်သည်၊ ကျနော်သည် သူ၏ ရှေ့တန်းအတွေ့အကြုံများကို ကျနော့်အား လိုလိုလားလား ရှင်းပြလေ့ရှိသည်၊ ရှေ့လုပ်မည့် အနာဂါတ် လုပ်ငန်းစဉ်များအတွက်လည်း အကြံဥာဏ်ဖလှယ်ကြ၊ ဝေဖန်ကြသည်၊ နှီးနှောကြသည်၊ ကျနော့်၏ အကျင့်က သူများ၏ အတွေ့အကြုံ သင်ခန်းစာများအား နားထောင်ခြင်းပင်ဖြစ်သည်၊ သူ၏ နေရာမှာ ကျနော်ဆိုလျှင် မည်ကဲ့သို့ အကောင်အထည်ဖေါ်မည် သို့မဟုတ် ဘယ်လိုရင်ဆိုင်မည် ဘယ်လို ဖြေရှင်းမည်နည်း၊ စဉ်းစားသုံးသပ်လေ့ရှိခြင်းပင်၊ သူသည် လူထုစည်းရုံရေးမှူးကောင်းတယောက်၊ အနာဂါတ်အတွက် တောက်ပြောင်လာမည့် ကြယ်တပွင့်၊ ရည်မှန်းချက်အင်မတန်မှ ကြီးမားသူ လူထုလူမြောက်ရေးအတွက် လူထုအားစည်းရုံးနိုင်ရေး အခြေခံဒေသခိုင်မာရေး လက်နက်ကိုင် တော်လှန်ရေးကို အခြေခံကာ လူထုကိုစည်းရုံး၊ ကျေးရွာကို အခြေခံ၊ မြို့ပြကို ထိုးဖေါက်ဒီလို သူက၊ သူသည် ကျေးရွာအတွင်း လူထုများနှင့် တွေ့ဆုံကာ ဒူးတိုက်သည်၊ မြို့နေလူထု လူတန်းစားနှင့်ထိတွေ့သည်၊ ရန်သူကို ဘက်ပေါင်းစုံ လေ့လာသည်၊ မိမိရဲဘော်များ၏ အထွေထွေ ကိစ္စရပ်များကို ရင်ဝယ်သားကဲ့သို့ ပြုစုဆောင်ရွက်သည်၊ မိမိအဖွဲ့အစည်း၏ တိုးတက်ရာတိုးတက်ကြောင်း ကိစ္စများ ခေါင်းထဲတွင် ဦးလည်မသုန် အစီအရီရှိနေတတ်သည်၊ ဝေဖန်ငြင်းခုန် ဆွေးနွေးအဖြေရှာ လေ့ ရှိသည်။
ဤသို့နှင့်ရှေ့တန်းတွင်သာ လူထုလုပ်ငန်းနှင့် ပျော်မွေ့နေတတ်သော ကျနော်၏ သူငယ်ချင်းကြီးသည် ၁၉၉၃ခန့် တွင် နောက်တကြိမ်ကျနော် တောင်ပေါ်ကပြန်ဆင်းလာတော့ တွေ့ကြပြန်သည့် ထိုအခါ သူ့ရုပ်သွင်ကို ကျနော်က စူးနစ်စွာကြည့်နေမိသည်၊ သူသည် ချေဂွေဗားရား ပုံစံပေါက်လာသည် နှုတ်ခမ်းမွေး မုတ်ဆိတ်မွှေးများက ထူလပြစ်နှင့် မသပ်ခပ်အား ထူးခြားသည်က ဆေးအိုးတံတလုံးကို ပါးစပ်တွင်ကိုက်၍ မီးညှိလိုက်ဖွာလိုက်နှင့် သူစရိုက်တခုမှာမူ ရောက်လာတိုင်း တောင်ကြည့်မြောက်ကြည့် လုပ်လေ့ရှိပြီး ကျနော်ဆီမှ သူလိုခြင်သည့်ဟာများတွေ့ပါက ဆွဲယူသွားသည် မှာသူ့အကျင့်၊ သူ့ဝသီ ရှေ့တန်းတွင် ပင်ပင်ပမ်းပမ်းရှိသော ကျနော်၏ သူငယ်ချင်းအတွက် ကျနော်ကလည်း မငြိုငြင်မိချေ။
ယခုတွင်လည်း ကျနော်နားထောင်နေသည့် ရေဒီယိုတလုံးကို ရချင်သည်ဟုဆိုလာပြန်သည်၊ ရှားရှားပါးပါး ရထားသော ရေဒီယိုတလုံးသည် သူ့အတွက်ဆိုလျှင် ကျနော်မငြင်းနိုင်ရှာ၊ ဆေးတံဖွာရင်း မျက်လုံးကိုမှေးကာ ရှေ့တန်း အတွေ့အကြုံများကို ရှင်းပြနေပြန်သည်၊ ကျနော်က နားထောင်သမားသက်သက် ပြည်တွင်းသို့ မည်ကဲ့သို့မည်ပုံ ၀င်ရောက်ခဲ့ကြောင်း၊ မည်သို့ရုပ်ဖျက်ဝင်ရောက်ခဲ့ကြောင်း၊ ရန်သူနှင့် မည်သို့ထိပ်တိုက်တွေ့ခဲ၍ မည်သို့လှည့်ဖျားခဲ့ရကြောင်း၊ သူရှင်းပြခဲ့သော ထိုအကြောင်းဤအကြောင်းများသည် ကျနော့်အတွက်၊ တော်လှန်ရေးအတွက်၊ မိခင်အဖွဲ့အစည်းအတွက် ကြီးမားသော အတွေ့အကြုံများပင်ဖြစ်သည် မဟုတ်ပါလား ဒါ .. ဟောလီးဝုဒ်က ရိုက်သည့် ဇာတ်လမ်းတပုဒ် မဟုတ် သူက လူထုလမ်းစဉ်၊ လူထုအာဏာကို စွဲမြဲစွာ ကိုင်စွဲထားသဖြင့် လူထုအပေါ်၌ ယုံကြည်မှုကြီးမားကာ ပျော်ဝင်ခြင်းသက်သက်၊ လူထုသည် ရေ၊ တော်လှန်ရေးသမားသည် ငါး ဆိုသည့် အတွေးအခေါ်ပေါ်အခြေခံ၍ လက်တွေ့ကျင့်သုံးသူ။
ထိုရက်က ကျနော့်ကို ဆွေးနွေးလာသည် သူမြို့တွင်းသို့ ပြန်၍ ၀င်ရောက် ထိုးဖေါက်စည်းရုံးမည်ဖြစ်ကြောင်း။ အစီအစဉ် များက မည်သို့ဖြစ်ကြောင်း ကျနော့်အား ယုံကြည်စိတ်ချစွာ ဖွင့်ထုတ်တိုင်ပင်လာသည်၊ သူမြို့ကိုဝင်သည့်အကြိမ် စိပ်လာမိကြောင်း ကျနော် သတိထားမိသည်၊ စိုးရိမ်စိတ်ဝင်လာသောကျနော်က ဤကဲ့သို့ အကြံပေးမိသည်၊ လူထုစည်းရုံးရာတွင် အဓိက တပ်ဦးမကျွံရေးနှင့် လူထုနောက်မြီးဆွဲမဖြစ်ရေးကို ရှင်းပြတော့ သူက လေးနက်စွာစဉ်းစားတွေးနေသည်၊ ကျနော်က ဆက်လက်၍ လူထုအဆင်သင့် မဖြစ်သေးတဲ့အခါ အတင်းထိုးပြီးဆွဲခေါ်ရင် ဆင်ကန်းတောတိုးဖြစ်ပြီး ကိုယ်ကြီးပဲကျန်ပြီး လူထ နောက်ချန်နေခဲ့ လိမ့်မယ်၊ လူထုရဲ့ရေချိန်၊ ရန်သူအပေါ်ထားတဲ့ သဘောထားကိုကြည့်ပြီး လုပ်ငန်းစဉ်ချ လုပ်ရမယ်၊ နောက်တခု အရေးကြီးတာက လူထုနောက်မြီးဆွဲမဖြစ်ရေးဘဲ ဆိုလိုတာက လူထုပြောသမျှ လူထုခိုင်းသမျှ လူထုနောက်ကနေ တရွတ်တိုက်မလိုက်မိဖို့ အရေးကြီးကြောင်းပြောတော့ သူက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ငြိမ်ပြီးနားထောင်နေခဲ့သည်၊ တခုလုံး အတိုင်းအတာရ လူထုကိုမှီခို၊ လူထုကြားမှာနေ၊ လူထုကိုလေးစားရမယ် ဒီအခြေခံပေါ်မှာ လူထုကို တစုံတခု အတိုင်းအတာရ ယုံကြည်ရမယ် ဒါပေမဲ့ တခုချင်း အတိုင်းအတာရ တော်လှန်ရေးသတိ အမြဲရှိနေရမယ်၊ အမြဲတမ်းသံသယကြီးဖို့တော့ မဟုတ်ဘူး တဦးချင်းဆီကို သတိထားနေရမယ် ဆိုတာကလည်း လူထုဆိုတာက အမျိုးမျိုးရှိတယ် ဥပမာကွာ … စီးပွားရေးအခြေခံပေါ်မှာ မူတည်ပြီး သူတို့အတွေးအခေါ်ကလည်း ပြောင်းလဲတတ်တယ်ဟု ဤကဲ့သို့ အကြံပေးတော့ သူကငြင်းချက်မထုတ်ခဲ့ ခါတိုင်းဆိုလျှင် ကျနော်နှင့် ဆန့်ကျင်ဘက် အတွေးအခေါ်များကို ဖေါ်ထုတ်ရင်း အဖြေမှန်ကို မရ ရအောင်ရှာလေ့ရှိသူ။
လက်နက်ကိုင်တော်လှန်ရေး အပေါ်တွင် သူမည်မျှ မာနကြီးကြောင်း ထိုရက်က သိလိုက်ရသည်၊ ထိုရက် တရက်----။ သူနှင့် ကျနော် မာနယ်ပလောသို့ ကိစ္စတခုဖြင့် သွားကြသည်၊ သူ့စခန်းမှနေ၍ စက်လှေကြုံဖြင့် လိုက်သွားကြရာ မယ်နယ်ပလောသို့ ရောက်သည်၊ ထိုစဉ် သူက ပျောက်ကျားယူနီဖေါင်းနှင့် ဦးထုပ်တော့မပါ မာနယ်ပလောရောက်တိုင်း ကျောင်းသားဘ၀က ပါလာသည့်အကျင့်က မပျောက် ထိုအကျင့်က လဘက်ရည်ဆိုင် ထိုင်သည့်အကျင့် "လာ … လဘက်ရည်ဆိုင်ထိုင်မယ် ကွာ" ဟုဆိုသဖြင့် "ဘယ်ဆိုင်ထိုင်မှာလဲ" ဟုကျနော်က မေးသည် ထိုစဉ်က မာနယ်ပလောတွင် လဘက်ရည်ဆိုင် သုံးလေးဆိုင် ရှိသည်၊ "ဟိုဘက်ကွာ" အန်အယ်လ်ဒီဘက်သွားရင်း ကဗျာဆရာပန်းခက်ဆိုင်မှာ ထိုင်ရအောင်ဟု ဆိုလာသည်၊ ကျနော်က မငြင်းမိ၊ ချစ်သူငယ်ချင်း သွားရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်လေ့ရှိသူ မိတ်ဆွေများကို သံယောဇဉ်ကြီးသူ ချိုစိမ့်မရှိ၊ ဖန်ချိုမရှိ သောဆိုင်၌ သူနှင့်ကျနော် ကော်ဖီမှာသောက်ကြသည်၊ ထုံးစံအတိုင်း သူ၏ စိတ်အစဉ်တွင် လွှမ်းမိုးနေသော လူထုစည်းရုံရေး လက်နက်ကိုင်တော်လှန်ရေး ဘ၀အကြောင်းများကိုသာ ကျနော့်ကို တတွင်တွင် ပြောနေသည်၊ ထိုစဉ်က ရှစ်လေးလုံးအရေးတော်ပုံကြီးက ပူပူနွေးနွေးပြီးခါစ တောခိုလာသည့် ကျောင်းသားများ ကလည်း လက်နက်ဖြင့် လူအင်အားဖြင့် တွန်းလှန်တိုက်ခိုက်ပြီး အမြန်ဆုံးအောင်ပွဲရရန် စိတ်အားထက်သက် နေကြသည့်အချိန် တော်လှန်ရေးကိုလည်း အချိန်တိုအတွင်းပြီးမည်ဟု ယုံကြည်နေကြသည်၊ တိုက်ခိုက်ရေး စိတ်ဓါတ်အရှိန်အဟုန် မြင့်မားနေသည့်အချိန်၊ ထိုစဉ် ပြည်တွင်းပါတီတခုမှ တောခိုလာသည့် ကျောင်းသားသုံးဦး လဘက်ရည်ဆိုင်ထဲသို့ ၀င်လာကြသည်၊ ကျနော်တို့၏ လက်မောင်း၌ တပ်ထားသော ဘက်တံဆိပ်ကိုကြည့်ကာ သူတို့ကို သူတို့ မိတ်ဆက်ပြီး ကျနော်တို့ ၀ိုင်းထဲသို့ ပူးပေါင်းလာကြသည်၊ ကျနော်တို့ ကလည်းသူတို့ကို လေးစားစွာ ဖိတ်မန္တကပြုသည်၊ ကျနော့် သူငယ်ချင်းက သူတို့ကို အကဲခတ်လေ့လာနေသည်၊ စကားသံများက တိတ်ဆိတ်လျှက် ထိုအရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် ထိုပါတီလူငယ်က စကားစလာသည်၊ ကျနော်တို့ ဆိတ်ငြိမ်စွာ နားထောင်နေကြသည်၊ ထိုလူငယ်က ပြည်တွင်းတွင် သူ မည်သို့မည်ပုံ ထိုးဖေါက်လှုပ်ရှားခဲ့ကြောင်း၊ ပါတီကို လူဦးရေများများရအောင်မည်ကဲ့သို့ကြံဆောင်ခဲ့ကြောင်း ပါတီအတွေ့အကြုံများကို အာဘောင် အာရင်းသန်သန်ဖြင့် ကျနော်တို့ကို ရှင်းပြလာသည်၊ ကျနော်နှင့် သူကလည်း အတွေ့အကြုံယူနေကြသည်၊ စကားဝိုင်းက အချိန်ကြာလာသည်၊ သူလည်းအရှိန်တော်တော်ရလာသည်၊ ပြောပါများသဖြင့် ပါးစပ်ကအမြုပ်တစီစီဖြစ်တော့ မလိုလို ဘယ်လိုလုပ်သည်ထက် သူက သူများထက်ဘယ်လိုပိုလုပ် နိုင်ကြောင်းကို ကြွားလုံး ထေ့လုံး သန်သန်ဖြင့်ပြောလာသည်၊ သူကဘယ်လိုချလိုက်ကြောင်း။ သူ့ကြောင့် ဘယ်လိုဖြစ်သွား ကြောင်းစသည်ဖြင့် ပြောလာတော့ ကျနော်က နားကြားပြင်း ကပ်ချင်ချင်ဖြစ်လာသည်၊ ကျနော့်သူငယ်ချင်းကို ကြည့်တော့ သူ စိတ်အချဉ်ပေါက်နေပုံရသည်၊ ကျနော်၏ ပေါင်ကို သူက တချက်ကုတ်ပြီး အချက်ပြလိုက်သဖြင့် ကျနော် သတိထားမိလိုက်သည်၊ သူပြောတော့မည်၊ သူပြောမည့်စကားများကို ကျနော်က စောင့်စားယင်း အမြုပ်ထနေသော ထိုပါတီရဲဘော်လေးကို ကြည့်လိုက်စဉ် သူက … ခင်ဗျားပြောတာကောင်းပါတယ်၊ ဗဟုသုတရတာပေါ့ဗျာ … ခင်ဗျားတို့လိုတော မြို့ပေါ်နိုင်ငံရေးပါတီ အတွေ့အကြုံကတော့ ကျနော်တို့အားနည်း ပါတယ် … ဒါပေမဲ့ဟု အစချီက သူက ရေပက်အ၀င်မခံ ဆက်တိုက် ပြောလေတော့ ထိုပါတီလူငယ်လေးမှာ ပါးစပ် အဟောင်းသား သူပြောလိုက်သည်ကား သူတိုက်ခဲ့သည့် တိုက်ပွဲများအကြောင်း မာနယ်ပလော ခံစစ်တိုက်ပွဲများအကြောင်း၊ မည်မျှအချိန် ကြာသည် မသိတော့နိုင် ကျနော်က သူ့ ပေါင်ကို ကုတ်လိုက်သည်၊ သူသည်ဂရုမစိုက် ပြောမြဲပြော ဟောမြဲဟော ဆဲပင် ကြာတော့ ထိုပါတီရဲဘော်များက ကုတ်ကုတ် နှင့် ထပြန်သွားတော့မှ သူက ရယ်ကျဲကျဲနှင့် ကျနော့်အား ဟေ့ကောင် မင်းသိတယ်မဟုတ်လား ငါက သူတို့မလိုက်နိုင်တဲ့မမှီတဲ့ အာဂျင်ဒါနဲ့ ဆွေးနွေး လိုက်တာလေ၊ ဒီတော့ ၀င်ပြီးဆွေးနွေးလို့ မရတော့ဘူး သိပြီလား ပြောသည်ကို ကျနော်ကတော့ ကောင်းလေစွဟု ပြောယုံမှတပါး အခြားမရှိပါ၊ ကြည့်လေ … သူက အဲဒီလို မာကျောကျော ဂျွတ်ဆတ်ဆတ်၊ ခပ်ရွဲ့ရွဲ့ ခပ်စောင်းစောင်းလူမျိုး ထိုစဉ် ကျနော်က ထိုပါတီလူငယ်များကို အားနာမိနေသည်။
ဘန်ကောက်၌ ရဲအဖမ်းခံရစဉ် ကျနော်တို့အား နှစ်ယောက်တွဲလက်ထိပ်ခတ်၍ အိုင်တီစီ (လ.၀.က) အကျဉ်းစခန်း သို့အပို့ခံရသည်၊ ကျနော်၏ ရှေ့၌ရှိသော သူက ထိုင်းပုလိပ်ကို ဂျစ်ကန်ကန်မှုံတေတေနှင့် ကြည့်နေသဖြင့် ထိုပုလိပ်က သူ့ကိုကြည့်ရကောင်း မလားဆိုကာ လူအများကြား၌ ၀ါးလုံးထိုးပြေးလာပြီးသူကို ထိုးမည့်ဟန်ဖြင့် ခြိမ်းခြောက်သည်ကို သူကလည်း ပြန်ခံချရန်ပြင်ဆင်သည် အားလုံးက ပြောမှသူက ငြိမ်သွားသည်၊ အဲဒီလို ဆတ်ဆတ်အထိမခံ၊ အကြောမခံသည့် လူမျိုး၊ ထောင်ထဲတွင်လည်း ရဲက နာမည်မေးသည်၊ သူက သူနာမည်ကို "အဖေ" ဟုပြောသည်၊ ရဲကနာမည်ကို အကျယ်ကြီးအော်ခေါ်၍ အဖေ--အဖေ--အဖေ ဟုဆိုတော့ သူကမကြားခြင်ယောင်ဆောင်နေခဲ့သည်၊ ဟေ့ကောင် မင်းပေးထားတဲ့နာမည် မဟုတ်လားမေးတော့ သူကြာကြာခေါ်နေရအောင် ငါမကြားချင်ယောင်ဆောင်နေတာ ဟုဖြေကာ ကြာတော့မှ အဖေ … "ဟေ" ဆိုသော အာလုပ်သံဖြင့် အသံထွက်လာသဖြင့် အချုပ်ကား၌ ရောက်နေသော ကျနော်တို့ တသောသော တ၀ါးဝါးဖြင့် ပွဲကျခဲ့ရသည်၊ သူက အဲဒီလို ရွတ်သည်၊ရွဲ့သည်၊ဂျစ်သည် ထိုင်းပုလိပ်ဆိုလျှင် ကျနော်တို့ ကျောင်းသားများက သိပ်ပြီးဂရုစိုက်လေ့မရှိ။။ မောင်ကျောင်းတို့၏ ဒါဏ်ကိုလည်းသူတို့ တော်တော် ခံရသည်၊
၁၉၉၄နောက်ပိုင်းကျနော်နှင့် သူမဆုံဖြစ်ကြတော့၊ မဆုံဖြစ်ကြသော်လည်း သူအကြောင်းကို မေးမြဲ၊ စုံစမ်းဆဲ၊ ရှေ့တန်းရောက်နေသည့်အကြောင်း၊ လူထုစည်းရုံးရေးကို တစိုက်မတ်မတ်လုပ်နေကြောင်းကိုသာ ပြန်၍ကြားရသည်၊ အသေးစိတ်ကိုတော့ မသိခဲ့ရ။ နောက်တော့ သူအဖမ်းခံရသည်ဟု ကြားလိုက်ရသည်၊ ထိုသတင်း ကိုကျနော်မယုံကြည်၊ သူ … ကျနော်နှင့်အတူ တော်လှန်ရေးမှာရှိနေသည်ဟု ယုံကြည်နေဆဲ၊ ထိုသတင်းကြားစဉ်က ကျနော် နားထဲ သံရေပူတွေ ဖြတ်စီးဆင်းသွားသလိုခံစားမိလိုက်သည်၊ မဖြစ်ပါစေနဲ့ မဟုတ်ပါစေနဲ့ဟု အခါခါဆုတောင်းမိသည်၊ သတင်းက အမှန်ဖြစ်တော့ ကျနော်ယူကြုံးမရကြေကွဲရသည်၊ သူသည် ရှေ့တန်းသို့ လူထုစည်းရုံရေးလုပ်ငန်းအတွက် ရွာစဉ်ရွာနှံ့အပင်ပန်းခံ၍ လှည့်လည်သွားလာကာ တာဝန်ထမ်းဆောင်နေစဉ် ရွာသားတဦးကို ခေါ်ကာ သူ့ လုပ်ငန်း အတွက် လမ်းပြအဖြစ်တာဝန်ပေးခဲ့ရာမှ ရွာသားစည်းပေါက်ကာ သတင်းပေးသဖြင့် သူသည် တောင်ငူအနီးနားရှိ ရွာတရွာတွင် အိမ်တအိမ်၌ နားနေစဉ် စစ်ခွေးများကို သူနေသည့်အိမ်ကို အင်အားအပြည့်နှင့် ပိတ်ဆို့လိုက်ကြောင်း သူ့တွင် ကိုင်နေကြ အေကေတလက်ပါသည်၊ သို့သော်သူခံမပစ်ခဲ့ ခံပစ်ပါက အိမ်တွင်ရှိနေသော မဆိုင်သူ မိသားစုများ အားလုံး သေနတ်ကျည်ဆံသင့် သေဆုံးကြမည့်အရေးကို သူသိသည်၊ ထို့ကြောင့် သူက ထိုနေရာမှလွတ်မြောက်ရန် အားထုတ်တော့သည်၊ ထိုအိမ်ပေါ်မှနေ၍ အိမ်အောက်သို့ခုန်ချသည်၊ ထိုစဉ်အောက်၌ ရှိသော ၀ဲစားခွေးတပ်က အိမ်အောက်တွင်ရှိသော လှည်းကိုထောက်သည့် လှည်းဒေါက်နှင့် သူ့ ခေါင်းကိုရိုက်ခွဲပြီး တောင်ငူထောင်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်၊သူယုံကြည်သော သူ၏လမ်းမှာ သူကိုသစ္စာဖေါက်ကာ သူနေသည့်နေရာသို့ လက်ညှိုးထိုးပြခဲ့လေသည်၊ ထိုတောင်ငူ စစ်ကြောရေးစခန်းတွင် သူကို ဘ၀ပျက်အောင် နှိပ်စက်နည်းမျိုးစုံဖြင့် နှိပ်စက်ကြသည်၊ သူကိုစစ်ကြောရေးဝင်စဉ်သူသည် ဗမာစကားကို တလုံးမှပင်မပြောတော့၊ အင်္ဂလိပ်လိုသာပြောသည်၊ စစ်ကြောရေးဝင်သည့် ရဲဘော်များသည် အခက်တွေ့လာကာ အင်္ဂလိပ်စကားပြောတတ်သည့် ဗိုလ်မှူးတယောက်ကို ခေါ်၍ စစ်ကြောခဲ့ရသည်ဟု သိရသည်၊ ထိုမျှပင် စိတ်ဓါတ်ခိုင်ကျဉ်စွာ စစ်အစိုးရအား ရသလောက် အညှိုအငြင် ပေးသွားနိုင်သည့် ရင်ဘတ်ထဲက ရဲဘော်ကြီး ထိုအကျဉ်းစခန်းမှာပင်လျှင် ကျနော်၏ ရဲဘော်ကြီးကျဆုံးခဲ့ရသည်၊ သူသည် သူရဲကောင်းပီသစွာ ကျဆုံးခဲ့သည်၊ သူယုံကြည်သည့် လူထုကို အသက်နှင့်လဲ၍ ကာကွယ်ပေးခဲ့နိုင်သည်၊ သူရဲကောင်းစိတ်ဓါတ်နှင့် ကိုယ်ကျိုးစွန့်တိုက်ပွဲ ၀င်သွားခဲ့သော ရဲဘော်ကြီးဆန်းလင်း ကောင်းရာသုဂတိ လားပါစေ။
လာမဲ့နှစ် ၂၀၀၈ အတွက် မကဒတမှထုတ်ဝေသော ပြက္ခဒိန်ရသည်၊ ကျနော့် သူငယ်ချင်းသည် မြက်ခင်းစိမ်းစိမ်းကြား၌ ရောက်နေသည်၊ မြက်ခင်းစိမ်းစိမ်းကြားကို ကျော်ဖြတ်၍ ပိန်းပိတ်မဲမှောင်နေသော စနစ်များရှိရာ မြန်မာပြည်အတွင်းရှိ စစ်အာဏာရှင်များကို လက်နက်ကိုင်တော်လှန်ရန် ကျောင်းသားတပ်မတော် တပ်ရင်း၂၀၈၊ ၂၀၉၊ တပ်ရင်း ၂၁၀၊ ပါဝင်သော စစ်ကြောင်းများက ချီတက်တော်လှန်တိုက်ခိုက်တော့မည်၊ အချိန်တိုင်း အချိန်တိုင်းသူသည် ကျနော့်လွှမ်းမိုးနေဆဲ၊ သူသည် ကျနော် နှင့် အတူရှိနေဆဲ၊ ပြက္ခဒိန်ကို သေသေချာချာ ကျနော်ကြည့်တော့ သူ့ကကြည့်နေသည့်နှယ်၊ စေ့စေ့ကြည့်သည်၊ စူးစိုက်ကြည့်သည်၊ ကျောင်းသားတပ်မတော်ယူနီဖေါင်းနှင့် သူ … ရီနေသည်၊ နောက် သူ …ပြုံးနေသည်၊ ပြီးတော့ …. ။ သူ့ ကာဘိုင်သေနတ် သည် မိုးပေါ်သို့ထောင်လျှက် … မောင်းတင်လျှက် …. ။ သူ့ ၀ိညာဉ်သည်လည်း …. ဒီမိုကရေစီ စနစ်ဆီသို့ ဒေါင်းတင် မောင်းတင်လျှက် ……. ရှိနေမည်သာ။ ။
( ဆန်းလင်းနှင့် တပ်ရင်း(၂၁၀)မှ ရှေ့တန်းတနေရာတွင် ကျဆုံးသွားသော ရဲဘော်များနှင့် မကဒတရဲဘော်များ အားလုံးကို ဂုဏ်ပြုဦးညွတ် အလေးပြုလျှက်။ )
သားချစ် ( ဟစ်တိုင် )
ဟစ်တိုင် ၀က်ဘ်ဆိုက်မှ ပြန်လည် ကူးယူဖော်ပြပါသည်။
လမ်းတလမ်း၊ ပန်းတဖူးနဲ့ သူရူးတယောက်
သည်လိုနဲ့ အလွန်ရင်းနှီးကြသော သူစိမ်းများဖြင့် ဖွဲ့စည်းထားအပ်သည့် သစ်တပင်က သည်မြေမှာ ပေါက်ခဲ့ပါ လေပြီ၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (All Burma Students' Democratic Front - ABSDF) ကို သေ့ဘောဘိုး စခန်းမှာ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါလေပြီ၊
-----
သည်လမ်းကို သူလျှောက်ခဲ့သည်မှာ အနှစ် ၂၀ နီးပါးရှိတော့မည်။ နေ့တိုင်း မနက်မိုးလင်း ၆ နာရီကနေ ညနေမိုးချုပ် ၆ နာရီ ထိ သည်လမ်းကို အသွား အပြန် သူ လျှောက်နေခဲ့သည်မှာ နှစ်တွေက အနှစ် ၂၀ နီးပါးရှိတော့မည်။ ဆိုတော့ သည်လမ်းပေါ်မှာ ဘယ်နေရာမှာ ဘာရှိသည် ဆိုတာကို အတိအကျ သူ သိနေခဲ့သည်။ သူ့မျက်စေ့ကို မှိတ်ထားဦး ဘယ်နေရာမှာ ဘာ အဆောက်အဦး ရှိသည် ဆိုသည်ကိုပင် သူ ပြောပြ နေနိုင် ပါလေသည်။ သည်လမ်းကို သူ လျှောက်နေခဲ့သည့် အနှစ် ၂၀ အတွင်းမှာ သည်လမ်းရဲ့ ဘေးဘီ ၀ဲယာ တဖက်တချက်မှာ အပြောင်းအလဲတွေလည်း ရှိခဲ့ပါသည်။ ဒါပေသည့် ထို အပြောင်းအလဲများက နေ့ချင်း ညချင်း ပြောင်းလဲ ခဲ့ကြသည် မဟုတ်ပါ။
ဥပမာ ဆိုပါစို့။ သည်လမ်းပေါ်မှာ လဘက်ရည်ဆိုင်တွေ အများကြီး ရှိခဲ့သည်။ တရက်ရက်မှာ လဘက်ရည်ဆိုင် အသစ်တခု သည်လမ်းပေါ်မှာ ပေါ်လာတော့မည် ဆိုပါစို့။ သူကတော့ သည်လမ်းကို နေ့စဉ် လျှောက်နေသူ ပီပီ သည်နေရာမှာ လဘက်ရည်ဆိုင် အသစ် တခု ပေါ်လာလိမ့်မည်ကို သေသေချာချာကို သိနေခဲ့ပါလေသည်။ ဘာလို့လည်းဆို လဘက်ရည်ဆိုင် တခုကို ဖွင့်မည်ဆိုလျင် အရင်ဆုံးကတော့ ဆိုင်းဘုတ် တခု တပ်ရမည် မဟုတ်လား။ ပြီးတော့ လဘက်ရည်ဆိုင် တခု လိုအပ်သမျှကို ဆိုင်မဖွင့်ခင် ကြိုတင် ပြင်ဆင် ရမည် မဟုတ်လား။ ဒါတွေအားလုံးကို ကြိုတင် မြင်နေရပါသည်။ သည်တော့ သူကလည်း ကြိုပြီး ပြောပြနိုင်ပါသည်။ လဘက်ရည်ဆိုင် အသစ်တခု ဖွင့်တော့မယ်။
နောက်တခု ပြောစရာ ရှိနေပါသေးသည်။ သည်လမ်းပေါ်မှာ ရှိသမျှ အဆောက်အဦးတွေကိုလည်း တခုမကျန် သူ သိနေပါသည်။ သူ့ မျက်စေ့ မှိတ်ထားခဲ့သည့်တိုင် သည်လမ်းပေါ်မှာ ဘယ်နေရာမှာ ဘာ အဆောက်အဦး ရှိသည် ဆိုသည်ကို သူက အလွတ်ရနေပြီးသား ဖြစ်ပါသည်။ တခါတခါတော့လည်း သည်လမ်းပေါ်မှာ အဆောက်အဦး အသစ်တွေ ပေါ်လာခဲ့ပါသည်။ ဒါပေသည့် သည်အဆောက်အဦးတွေ အားလုံးက လက်ဖျောက် တချက်တီးပြီး ပေါ်လာကြသည်တော့ မဟုတ်ပါ။ သည်နေရာမှာ အဆောက်အဦးတခု ပေါ်လာတော့မည်ကို ရက်ပေါင်း များစွာကပင် မည်သူမဆို ကြိုသိနိုင်နေပါသည်။ ဥပမာ အဆောက်အဦး တခုကို ဆောက်လုပ်ဖို့ လိုအပ်သည့် အုတ်၊ သဲ၊ ဘိလပ်မြေ- စသည်များကို ထို အဆောက်အဦးကို ဆောက်မည့် နေရာတွင် စတင် နေရာချ နေကတည်းက မည်သူမဆို သည်နေရာမှာ အဆောက်အဦးတခု ဆောက်တော့မည် ဆိုသည်ကို သိနိုင်နေသည် မဟုတ်လား။
-----
သို့သော်လည်း သည်လမ်းကို အပ်ကျသည်ကအစ သိသည်ဟု သူ ထင်နေသော အတွေးများ အဆုံးသပ် သွားသော နေ့တနေ့က ရောက်လာခဲ့ပါသည်။ ထိုနေ့က အနှစ် ၂၀ နီးပါး သူလျှောက်ခဲ့သော လမ်းသည် သူ တခါမှ မလျှောက်ခဲ့ဖူးသော လမ်းတလမ်း အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
-----
ထိုနေ့က သည်လမ်းမှာ ရေကြီးခဲ့သည်။ သည်လမ်းပေါ်မှာ အပြောင်းအလဲတခု ဖြစ်တော့မည်ကို အမြဲတမ်း ကြိုသိနေသော သူသည် ထိုနေ့က သည်လမ်းမှာ ရေကြီးလိမ့်မည်ကို ကြိုမသိနိုင်ခဲ့ပါချေ။ ထိုနေ့က အရှိန်အဟုန် ပြင်းစွာ စီးဆင်းကျလာသော ပင်လယ်ကြီးတခုမှ ရေလှိုင်းများဖြင့် သည်လမ်းပေါ်မှာ ရေလျှံခဲ့ပါ လေသည်။ သည်လမ်းပေါ်မှာ ရှိသမျှ လူအားလုံးကို ထိုရေလှိုင်းက သယ်ဆောင်သွားခဲ့လေသည်။ သည်လမ်းပေါ်မှာ သူမြင်နေကျ အရာများ၊ သူမြင်နေကျ အဆောက်အဦးများ၊ သူမြင်နေကျ လူများကို ဘာတခုမှ သူ မမြင်ရတော့။ သူမြင်နေရသည်က သူတခါမှ မတွေ့ခဲ့ဖူးသော လူတွေရဲ့ မျက်နှာတွေချည်းသာ။ သူ ကြည့်မိလေရာရာ အရပ်တိုင်းမှာ လူစိမ်းတွေ-- လူစိမ်းတွေ---။ ဒါပေသည့် သည်လူတွေအားလုံးက ဦးတည်ရာ တခုတည်း ကိုသာ ညီညီညာညာ စီးဆင်းသွားနေလေသည်။ အလျင်အမြန် စီးဆင်းသွားနေသော သည်ရေလှိုင်းကြီးထဲမှာ သူကိုယ်တိုင် ပါဝင်စီးဆင်းနေရင်း သူ နားလည်သွားမိပါသည်။ - ဒီလမ်းဟာ ငါအနှစ် ၂၀ နီးပါး နေ့စဉ်လျှောက်ခဲ့တဲ့ လမ်းတလမ်း မဟုတ်တော့ဘူး။ ဒါဟာ အသစ်လွင်ဆုံး လမ်းတလမ်းပဲ၊ ဟုတ်တယ်-- ဟောင်းနွမ်း မှေးမှိန်လွန်းတဲ့နေ့တွေကို တောက်ပသွားအောင် ဆေးကျော လတ်ဆတ်ပစ်မယ့် လမ်းပဲ။
-----
နေ့စဉ် မနက်ဆိုလျင် အိမ်ကနေ သူထွက်ပြီး နေရာတခုကို ဦးတည်ကာ သည်လမ်းပေါ် သူလျှောက်ခဲ့သည်။ ညနေ စောင်းလျင် သည်လမ်းကပင် အိမ်သို့ ပြန်လာခဲ့သည်။ ထိုနေ့ကတော့ အရာရာ ပြောင်းလဲသွားခဲ့သည့် သည်လမ်းကို သူ မသိခဲ့သည့် လူစိမ်းများနဲ့ အတူလျှောက်ရင်း ညနေ စောင်းသွားသည့်တိုင် သူ အိမ်မပြန်နိုင်ခဲ့ပါ။ တကယ်တမ်း အပြည့်အစုံပြောရလျင်တော့ ထိုနေ့ကစပြီး ယနေ့အထိ သူ အိမ်မပြန်နိုင်ခဲ့ပါချေ။ သူက အိမ်ပြန်နောက်ကျနေခဲ့သူ တယောက် မဟုတ်ပါလား။
-----
ဒါပေသည့် သူ့လိုပင် အိမ်ပြန်နောက်ကျနေခဲ့သူများကို ညနေဆည်းဆာရီထဲမှာ သူတွေ့ရသည့်အခါ အဖော်စုံသော သည်လမ်းတလမ်းကိုပဲ သူ နှစ်သက် နေမိသေး တော့သည်လေ။
----------
`ဒီလမ်းကိုတော့ ဆုံးအောင်လျှောက်ရမယ်ဗျ` သူက အားတက်သရော ပြောနေမိသည်။
`အေးပါဗျာ။ ကျနော်လည်း ဒါကိုပဲ စဉ်းစားနေတာပါ။ ဒါပေမယ့် ဘယ်ကို သွားရင် ကောင်းမလဲလို့ ကျနော် စဉ်းစားနေတာဗျ` ကိုမောင်မောင်က သူ့ထုံးစံအတိုင်း လေအေးအေးလေးဖြင့် ပြောနေလေသည်။
`မြောက်ပိုင်းကိုတော့ မသွားချင်ဘူးဗျာ။ အရှေ့ဖက်ကို ကျနော် ပို စိတ်ဝင်စားတယ်။ နိုင်ငံတကာနဲ့လည်း အထိအတွေ့ ပိုလွယ်မယ်လို့ ကျနော် ထင်တယ်` သူကတော့ ဖြန့်ကျက် တွေးလေ့ရှိသည့်အတိုင်း လျှောက်စဉ်းစားရင်းက ပိုကောင်းသည် ထင်သော အရှေ့ဖက်ကို ဆန္ဒရှိနေမိသည်။
`အေး ခင်ဗျားပြောမှ ကျနော် သတိရတယ်။ ကရင်ကြီး မှတ်မိတယ် ဟုတ်လား။ သူ ကျနော့်ကို ဆက်ထားဖူးတယ်။ တခုခုဖြစ်ရင် သူ့ဖက်ကိုထွက်လာခဲ့တဲ့` ကိုမောင်မောင်က ပြောရင်း သူ့မျက်မှန် သေးသေးလေးကို ဖုံသုတ်နေပြန်သည်။
`ဒါဆိုလည်း လုပ်ဗျာ။ ကျနော် ကျန်တဲ့ ဘော်ဘော်တွေကို စုလိုက်ဦးမယ်။ မနက်ဖြန် ကိုဇော်ကြီးအိမ်မှာ ကျနော် အားလုံးကို ဆုံဖို့ ချိန်းထားတယ်။ အားလုံးစုံရင် ကျနော် ခင်ဗျားကို ဖုန်းထိုးလိုက်မယ်။ အိုကေ` ပြောရင်း သူ ထိုင်ရာမှ ထထွက်လာခဲ့သည်။
နောက်နေ့ လူအားလုံး စုံတော့ အရှေ့ဖျားသို့ သွားဖို့ကိစ္စကို သူ စတင် ဆွေးနွေးလိုက်သည်။ သဘော တူသူက တူ မတူသူက မတူ။
`အိုကေ၊ မတူတဲ့လူတွေ ပြန်ဗျာ။ တူတဲ့သူတွေပဲ နေခဲ့ကြတော့` သူက စိတ်လည်း သိပ်မရှည်တတ်သူပီပီ အပြတ်ပဲ ပြောလိုက်သည်။
သည်လိုနဲ့ လူ ၆ ယောက် ကျန်နေခဲ့သည်။ `သြော်- ဒါပဲလား။ ၂ လနီးပါး အတူတူ လျှောက်လာခဲ့ကြတာမှာ နောက်ဆုံးတော့ လမ်းတူတာက ဒီ ၆ ယောက်ပဲလား` သူ့ဘာသာသူ တွေးနေမိပြန်သည်။
သည်လိုနဲ့ ကိုမောင်မောင့်ကို သူ ဖုန်းခေါ်လိုက်သည်။ အခြေအနေတွေကို လိုတိုရှင်း သူ ပြောပြလိုက်သည်။
`အေး ကျနော် အဆက်ရပြီဗျ။ မနက်ဖန် ၉ နာရီ ဘားအံကားဂိတ်ကို အားလုံး လာခဲ့ဗျာ။ ကျနော် လက်မှတ် ၀ယ်ထားမယ်။ အနားက လဘက်ရည်ဆိုင်မှာ ဆုံမယ်` ကိုမောင်မောင်က ပြောပြီး ဖုန်းချသွားလေသည်။
တကယ့်တကယ် နောက်နေ့မနက်ကျတော့ ကိုဇော်ကြီးကိုယ်တိုင်က - `ခင်ဗျားလည်း သိပါတယ်ဗျာ။ ကျနော့် အကြောင်းကို။ ဒါပေမယ့် မိန်းမက သဘော မတူဘူးဗျ။ သိတဲ့အတိုင်း ကျနော့် သမီးလေးကလည်း အခုမှ ၅ လ ပဲ ရှိသေးတာ`လို့ပြောတော့ ကျန်သူတွေကလည်း -
`ငါ့အမေက နေမကောင်းဖြစ်နေတာကွ။ ငါ နှုတ်ဆက်တော့ ငိုတယ် ငါလည်း ဘယ်လိုလုပ်ရမလဲ။ ငါ့ကို ခွင့်လွှတ်ကွာ`
`မင်းဟာက ဘာမှလည်း သေသေချာချာ ပြောနိုင်သေးတာမဟုတ်ဘူး။ ညက အဲဒါကို ငါ စဉ်းစားတယ်။ သေချာမှ ငါ့ကို ခေါ်ကွာ။ အခုတော့ ငါ မလိုက်ချင်သေးဘူး`
`----- -------`
`----- ----- ----- ----- ----- ----- -----`
`----- ----- ----- -----`
အကြောင်းပြချက်တွေ အမျိုးမျိုးကို သူကြားနေရသည်။
`အေးပါကွာ၊ အေးပါကွာ၊ မင်းတို့ ငါ့ကို အခုလို လာပြောတာပဲ ငါကျေးဇူးတင်ပါတယ်။ အားလုံးကို ငါ နားလည်ပါတယ်` ဒေါသနဲ့ ပြောရင်း ကိုဇော်ကြီးကို နှုတ်ဆက်ပြီး ဘားအံကားဂိတ်သို့ ထွက်လာခဲ့သည်။
(အခုအချိန်မှာတော့ ကိုယ်တိုင် မိသားစုလေးရှိနေပြီဖြစ်သော သူသည် ကိုဇော်ကြီး ခံစားမှုကို ကောင်းကောင်း နားလည်နိုင်နေတတ်ပါပြီ)
သည်လိုနဲ့ ဘားအံကားဂိတ်နားက လဘက်ရည်ဆိုင်မှာ ဆုံကြတော့ သူနဲ့ လမ်းတူသူက ကိုမောင်မောင် တယောက်တည်းသာ။ (ဒါတောင် အဲသည် အချိန်က ကိုမောင်မောင့် ဇနီးသည်က သမီးလေးတယောက် မီးဖွားပြီးကာစသာ ရှိသေးသည်။ အခုအချိန်မှာ ကိုမောင်မောင့်ကို သူ အရမ်းလေးစားမိပါသည်)
သည်လိုနဲ့ သူတို့နှစ်ယောက် ဘားအံရောက်၊ တညအိပ်။ နောက်နေ့ ကော့ကရိတ်ဆက်ထွက်၊ ကော့ကရိတ် အ၀င်မှာတော့ ကိုမောင်မောင် အဖမ်းခံရသည်။ သူကတော့ စစ်တပ်ဂိတ်က အတင်းထွက်ပြေးရင်း သူ့လိုပင် ထွက်ပြေး လာသည့် ကိုဝင်းထိန်နဲ့အတူ လွတ်လာခဲ့သည်။ အဖြစ်အပျက်များက အိပ်မက်လိုပင်။
ညဖက်ရောက်တော့ ကော့ကရိတ်ကျောင်းသားများက သူတို့ နှစ်ယောက်ကို အိမ်တအိမ်ပြီး တအိမ်၊ ဘုန်းကြီး ကျောင်း တခုပြီးတခု ပို့ပြီး လိုက်ဖွက်နေလေသည်။ စစ်တပ်ကလည်း နောက်က လိုက်ဖမ်းနေသည်။ နောက်ဆုံးတော့ လူသူ မရှိသော အိမ်တအိမ်မှာ ပြေးလွှားခြင်း ဇာတ်လမ်းက ဆုံးခန်းတိုင်သွားနိုင်တော့သည်။
သည်လိုနဲ့ နောက်တနေ့မှာတော့ ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ရာ အရပ်ဆီ ဦးတည်နေသည့် လမ်းပေါ်မှာ စီးဆင်းနေကြသူအားလုံးနဲ့အတူ သူလည်း တကိုယ်တည်းစီးဆင်းလျက်။
စက်တင်ဘာလ ၂၇၊ ၁၉၈၈ ခုနှစ်။
ကရင့် အမျိုးသား အစည်းအရုံး အုပ်ချုပ်မှု အောက်မှ ဒူးပလာယာ ခရိုင် ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) ထိန်းချုပ်မှုအောက်ရှိ သေ့ဘောဘိုးစခန်းသို့ သူ ရောက်ရှိခဲ့ပါလေပြီ။
ဒါက သူ လျှောက်ခဲ့သော လမ်း အဆုံးလား။ သူ မသိသေးပါ။
သူ့လိုပင် ရောက်ရှိနေသော ထောင်ပေါင်းများစွာသော မျက်နှာများ။ အားလုံးက သူစိမ်းတွေချည်းသာ။
သူကတော့ တယောက်တည်းပါပေ။ အဆက်အစပ်တွေ အားလုံးကလည်း ကိုမောင်မောင်နဲ့ အတူ ပျောက်ဆုံးခဲ့ပြီ။
ဒါပေသည့် သည်လမ်းကို လျှောက်မိကတည်းက နောက်လှည့်ပြန်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိသူပီပီ သူကတော့ ရသလို ဆက်လျှောက်ဖို့ ဆုံးဖြတ်ထားလေသည်။
-----
နိုဝင်ဘာလ (၁) ရက်၊ ၁၉၈၈ ခုနှစ်။
သည်လိုနဲ့ အလွန်ရင်းနှီးကြသော သူစိမ်းများဖြင့် ဖွဲ့စည်းထားအပ်သည့် သစ်တပင်က သည်မြေမှာ ပေါက်ခဲ့ပါ လေပြီ၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (All Burma Students' Democratic Front - ABSDF) ကို သေ့ဘောဘိုး စခန်းမှာ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါလေပြီ၊
-----
သစ်တပင်ရှိလျင် အနည်းဆုံး ပန်းတဖူးကိုတော့ တွေ့ရမည်ပါ့။ ပွင့်မည့်ရက်ကိုသာ စောင့်ပါလေ။
----------
`ဟိုးဖက်ထောင့်မှာဗျ` ရဲဘော် ကိုကိုလေးက ပြောရင်း သူ့ M-16 သေနတ်ကို ထိုးချိန်ပြနေလေသည်။ ရန်သူ့ဖက်မှ တဒေါင်းဒေါင်းဖြင့် တောက်လျှောက် ပစ်ခတ်နေသည့် ဂျီဖိုးတလက် ရှိရာ ဖက်ကို ကိုကိုလေးက ပြောပြနေခြင်း ဖြစ်လေသည်။ သူကတော့ လျှောက်မြောင်း (Trench) ထဲမှာ ရှိနေသည့် အာရ်ပီဂျီ (RPG-Rocket Propelled Grenade) လောင်ချာ သမား တယောက်ကို လှမ်းခေါ်ရင်း မီးပွင့်လေးတွေ ထွက်နေသည့် နေရာကို ကြည့်လိုက်သေးသည်။ အာပီဂျီ-၅ (RPG-5)ကို ထမ်းထားသည့် ကရင် ရဲဘော်တယောက် အနားကို ရောက်လာတော့ မီးပွင့်တွေ ထွက်လာနေသည့် တောစပ်ကို ပြရင်း `ယောက်ဖရေ မိုဟဲသာ (ငရုတ်သီး) နည်းနည်းလောက်တော့ ကျွေးလိုက်ဦးကွာ`ဟု သူ ပြောရင်း နေရာဖယ်ပေး လိုက်လေသည်။ ထိုရဲဘော်လေးက `အေး ယောက်ဖ`ဟု ပြောရင်း သူ့ဝပ်ကျင်း(Fox-Hole) ထိပ်ပေါ်ကို ခုန်တက်လိုက်ရင်း ဂျီဖိုးသံကြားနေသည့် တောစပ်ကို ချိန်ရွယ်ကာ အာရ်ပီဂျီကို ပစ်လွှတ်လိုက်လေသည်။ မီးခိုးဖုံလုံးတခုနှင့်အတူ ဂျီဖိုးသံလည်း တိတ်သွားတော့သည်။ ဒီကောင် သေပြီလား။ မည်သူမျှ မသိပါ။ အသံကတော့ တိတ်သွားသည်လေ။
-----
သည်လိုမျိုး အဖြစ်အပျက်တွေက နိစ္စဓူဝ။ ဖလူးခံတပ်ထဲကို သူရောက်ကတည်းက။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ ပန်းလို သူ မြင်တွေ့နေခဲ့ရသည်မှာ ခဏခဏ။ အခုလေးပဲ ကိုယ့်ဘေးနားမှာ ရှိနေသည့်သူ တယောက် နောက် တမိနစ်မှာတော့ မရှိတော့။ လူတွေ စုဆုံနေကြသည်။ အပြုံးတွေနဲ့ တယောက်ကို တယောက်နှုတ်ဆက်။ စကားတွေ ထိုင်ပြော။ စကားမှ ဆုံးအောင်မှ မပြောရသေး လက်နက်ကြီးတွေက ကျရောက်ပေါက်ကွဲ။ လူတွေ အားလုံးက ဖရိုဖရဲ။ မီးခိုးတွေစဲသွားတော့ ကိုယ့် အနားက တယောက်ယောက်ကတော့ လောကကြီးမှာ မရှိတော့။
-----
`စိတ် - စိတ်- ညစ်- ညစ်-တယ်ဗျ` ကိုနိုင်က အ ထစ် ထစ်နဲ့ ပြောပြန်ပါလေသည်။ ရဲဘော်တွေက သူ့ကို အ ထစ်-ဟုလည်း ခေါ်ကြသည်။
`ဘာဖြစ် လာပြန်တာတုန်း ကိုနိုင်` သူကတော့ တပ်စုမှူး တယောက်လည်း ဖြစ်နေတော့ ကိစ္စအားလုံးကို ဖြေရှင်းပေးနေရသည်လေ။
`ဘာ- ဘာ- ဖြစ်ရမှာလဲ - တညတည်း ကျ-ကျ-နော် ကင်း နှစ်-နှစ် ခါ စောင့်- စောင့်ရတယ်`
`ဟုတ်တယ် ကိုနိုင်။ အားလုံးပဲ တညတည်း ၂ ခါစောင့်ရတယ်။ ကိုနိုင် မသိလို့။ ကျနော်တို့ အကွက်ထဲမှာ လူ ၄ ယောက် လျော့သွားတယ်လေ။ ကရင် ရဲဘော် ၂ ယောက် ကျသွားတယ်။ ၂ ယောက်က ဒဏ်ရာရပြီး ဆေးရုံမှာ။ ကျနော်တို့ လူ ၄ ယောက် ထပ်မရတော့။ အလှည့်နဲ့ အားလုံး ကင်းစောင့်နေရတာ` သူရှင်းပြလိုက်တော့ ကိုနိုင်လည်း ငြိမ်သွားပါလေသည်။
-----
ကိုနိုင့်ကိုပြောပြီး သူကိုယ်တိုင်လည်း စိတ်ညစ်နေမိလေတော့သည်။ အစားပျက် အအိပ်ပျက် နိစ္စဓူဝ လက်နက်ကြီး လက်နက်ငယ် မျိုးစုံရဲ့ ပစ်ခတ်သံတွေကြားထဲမှာ ရှင်သန်နေရသည့် ဘ၀က ငရဲကျနေသလိုပင်။ ဒါပေသည့် သည်လမ်းက သူတို့ ရွေးခဲ့သည့် လမ်း မဟုတ်ပါလား။ အဘယ်မျှ ကြမ်းတမ်းကြမ်းတမ်း ဆက်လျှောက်ကြရမည် မဟုတ်လား။
-----
တခါတခါလည်း သူ့ဘာသာသူ မေးနေမိသေးသည်။ ငါ ဘာတွေလုပ်နေတာလဲ၊ ကျိန်းသေတာ တခုကတော့ သူ အပါအ၀င် ရဲဘော်တွေအားလုံး နေ့တနေ့ကို ရူးသွပ်နေကြခြင်းသာ ဖြစ်ပါသည်။
-----
ဘယ်သူရေးတဲ့ ဘယ်စာအုပ်လဲတော့ သူ မမှတ်မိ။ စာအုပ်တအုပ်ထဲမှာ သူ ဖတ်ရဘူးသည် - ကောင်းမြတ်တဲ့ စိတ်ဆိုတာ ရူးသွပ်တဲ့ စိတ်နဲ့ ကင်းကွာလို့ ရတာ မဟုတ်ဘူး - ဆိုပဲ။ အဲသည်စာ ဖတ်ပြီးသွားချိန်တုန်းက ကောင်းမြတ်တဲ့ စိတ်ဆိုတာ ဘာလဲ။ မကောင်းမြတ်တဲ့ စိတ်ဆိုတာကရော ဘာတဲ့လဲ။ နောက်ပြီး ရူးသွပ်တဲ့ စိတ်ဆိုတာကရော ဘယ်လိုမျိုးလဲ။ မရူးသွပ်တဲ့ စိတ်ဆိုတာကရော ဘယ်လိုမျိုးလဲ။ သည်မေးခွန်းတွေ အတွက် အဖြေရှာကြည့်ရင်းက သူ ရူးချင်ချင် ဖြစ်သွားခဲ့ဖူးသည်။
-----
အခုချိန်မှာတော့ သည် ဖလူးခံတပ်အတွင်းမှာ ရှိနေသည့် သူအပါအ၀င် သူ့ ရဲဘော်တွေအားလုံးက နေ့သစ်တနေ့ကို မြင်ချင်နေကြသူများချည်း မဟုတ်လား။ အများအကျိုးဆောင်ခြင်း၊ ပြည်သူ့အကျိုး ဆောင်ခြင်းသည် ကောင်းမြတ်သည့် စိတ်ထားနှင့် ဓွန်တွဲနေသည်ဆိုလျင် သူတို့အားလုံးသည် ရူးသွပ်သည့် စိတ် ရှိနေသူများသာ ဖြစ်ပါသည်။ ပြောရလျင် သူတို့အားလုံးက သူရူးတွေသာ ဖြစ်ပါသည်။ သူရူးတွေကြားထဲမှာ သူကလည်း သူရူးတယောက်သာ ဖြစ်ပါသည်။
-----
ဘာပဲဖြစ်ဖြစ် အိမ်ပြန်နောက်ကျနေသည့် လမ်းတလမ်းပေါ်မှာ တနေ့နေ့ ပွင့်လာမည့် ပန်းတဖူးကို သယ်ပိုးရင်း မမောတမ်း ပြေးလွှားနေသည့် သူရူးတယောက်ကို သင်မြင်ခဲ့ဖူးပါလျင် -----
(၈-၈-၈၈ အရေးတော်ပုံ အနှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု ရေးသားပါသည်။)
(အောင်သာငယ် ဘလော့ဘ်မှ ပြန်လည်ကူးယူ ဖော်ပြသည်။)
အချစ်ပန်းလေးတွေ ပွင့်နေကြပြီ ရဲဘော်
တမာခင်
ဒီအချိန်ဆို လိုင်စင်တောင်တန်းမှာ ခရမ်းပြာပြာ အချစ်ပန်းလေးတွေ ဖူးပွင့်နေကြပြီပေါ့ ရဲဘော်၊ ကြည့်လေရာ အရပ် ရှစ်မျက်နှာမှာ ခရမ်းရောင်လွှမ်းနေတဲ့ တောင်ကုန်းတောင်တန်းကြီးတွေက ပတ်လည်ဝိုင်းလို့၊ တောင်ကြို တောင်ကြား ချိုင့်ဝှမ်းလေးတွေထဲမှာတော့ ခမ်းတောက်ဖူးဝါဝါလေးတွေက အပြွတ်လိုက်အခိုင်လိုက် သင်္ကြန်အလွမ်းပြေ ပိတောက် ပန်းလေးတွေ ကိုယ်စားပေါ့လေ။ ခြုံနွယ်ပိတ်ပေါင်းတွေကြားထဲမှာတော့ ခတ္တာပန်းလို တောရိုင်းပန်း ဖြူဖြူလေးတွေ၊ နေကြာအရိုင်းဝါဝါလေးတွေကလည်း ပုန်းလျိုးကွယ်လျိုးနဲ့။
ဒီတောရိုင်းပန်းလေးတွေပါပဲ ရှေ့တန်းပြန်ရဲဘော်တွေကို ဂုဏ်ပြုကြဆိုခဲ့တာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ ကျဆုံးသွားခဲ့တဲ့ရဲဘော်တွေ အတွက် လွမ်းသူပန်းခွေလှလှလေးတွေ လုပ်ခဲ့ကြတာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ။ မြေပုံလေးတွေပေါ်မှာ သတိရတိုင်း မြက်ရှင်းပေးကြရင်းနဲ့ အလွမ်းပန်းလေးတွေ တင်ခဲ့ ကြတာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ၊ ဘုရားမှာတင်ပြီး ဆုတောင်းပေးခဲ့ကြ၊ အမျှဝေပေးခဲ့ကြတာ၊ ကျောင်းသားတပ်မတော် ရဲဘော် ရဲမေတွေ အားလုံးကတော့ တညီတညွတ်တည်း ကန့်ကွက်မဲမရှိ နာမည်ပေး ခေါ်ဝေါသုံးစွဲခဲ့ကြတယ်လေ။
ဘာတဲ့ ...။
အချစ်ပန်းလေးတွေတဲ့။
----------
"ဝုန်း"
"ရဲဘော်မျိုးမြင့်အောင် မိုင်းနင်းမိလို့တဲ့"။ စခန်းတခုလုံး တောမီးပမာ ပံျ့သွားခဲ့တယ်။ ရဲဘော်ရဲမေတွေ မိုင်းသင်တန်းကွင်း ရှိရာ ပြေးလွှားသွားကြတယ်။ ထမ်းစဉ်ပေါ်အမြန်တင် လေးယောက်တဆိုင်း အလှည့်ကျထမ်းရင်း လေးဆယ့်ငါးမိနစ် လောက်သွားရတဲ့ ရှားဟော့ပန်နားက ကေအိုင်အေဆေးရုံကို အပြေးအလွား ပို့ခဲ့ကြတယ်။ တနာရီအတွင်းမှာပါပဲ။ တတောက်တောက်နဲ့လမ်းလျှောက်တတ်စ သားငယ်ကိုကြည့်ပြီး အမေသဘောကျ ဂုဏ်ယူခဲ့တဲ့ ခြေထောက်လေးနှစ်ဘက် ဟာ ပေါင်ရင်းကနေ၊ အခုနေ အမေများတွေ့ခဲ့ရင်ဖြင့် ...။
"ကျနော့်ကို ပစ်သတ်ပေးကြစမ်းပါ။ ကျနော် မနေချင်တော့ဘူး"
"အားတင်းထားစမ်းပါ ရဲဘော်၊ မင်းဘာမှမဖြစ်ဘူး မင်းဘေးမှာ ရဲဘော်ရဲမေတွေ အများကြီးရှိတယ်"
"ပစ်သတ်လိုက်ပါတော့၊ ကျနော် တကယ်မခံစားနိုင်တော့လို့ပါ" တချက်တချက် ပေါ်လာလိုက် တချက်တချက်ဖျော့တော့ တိုးဝင်သွားလိုက်နဲ့ အရုဏ်တက်ချိန်လောက်မှာတော့ ရဲဘော်ရဲ့ ဆန္ဒပြည့်ဝသွားလို့ထင်ပါရဲ့ အပြစ်ကင်းစင်လှတဲ့ လူငယ်လေးတယောက် အိပ်မောကျနေသလိုပါပဲ။ အခုလောက်ဆို အိမ်ကိုမပြန်နိုင်တော့တဲ့ ရဲဘော်ရဲ့ကိုယ်စား အိမ်ပြန်ချင်နေရှာတဲ့ ဝိညာဉ်လေးက အသော့နှင်ရင်း အေးမြတဲ့ မိခင်ရင်ခွင်ဆီ ပြေးဝင်ခိုလှုံဖို့ အိမ်တံခါးတွေကို တဝုန်းဝုန်းနဲ့ လှုပ်နိုးနေကြရောပေါ့။
ရဲမေတွေကတော့ တောစပ်နားက တောရိုင်းပန်းလေးတွေကို ခူးယူနေကြရပြန်ပြီပေါ့ ရဲဘော်။ သူတို့ချစ်တဲ့ရဲဘော်အတွက် လွမ်းသူ့ပန်းခွေလေးတွေကို တောရိုင်းပန်းလေးတွေနဲ့ ငြိမ်ငြိမ်ဆိတ်ဆိတ်လေး ပြုလုပ်ကြလိမ့်အုံးမယ်လေ။
----------
တပ်မဟာ (၃) ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ဒေသတွေဟာ ကျောင်းသားတပ်မတော် (မြောက်ပိုင်းဒေသ)ဗန်းမော်ဒေသခံ ကျောင်းသားတွေ စည်းရုံးရေး အပိုင်ဆင်းထားတဲ့ နယ်မြေတွေမို့ စစ် သင်တန်း ပေးထားပြီးသား ပြည့်သူ့စစ်တွေလည်းရှိကြပါတယ်။ တခါ တလေမှာတော့ သူတို့မွေးထားတဲ့ ကြက်မတမ်းလေးတွေ အစုံလိုက် အစုံလိုက်ထမ်းရင်း တပ်ရင်းထိ ရောက်လာတတ်ကြပါသေးတယ်။ တပတ်တခါလောက် အနီးပတ်ဝန်းကျင် ရွာလေးတွေမှာ တတောင်တက် တတောင်ဆင်း တနေကုန်တနေခမ်း ခြေတိုအောင် ဟင်း ရှာထွက်လေ့ရှိကြတဲ့ ရဲဘော်ရဲမေတွေကို မွေးရင်းပွားရင်း စားစေ ချင်ကြတဲ့ စေတနာတွေနဲ့ပါ။
တခါကဆို ကေအိုင်အေ တော်လှန်ရေးနေ့ အကြီးအကျယ် ကျင်းပချင်တယ်ဆိုတော့ ပြည်သူ့စစ်တွေဖြစ်ကြတဲ့ မအူပင်ကအငြိမ့် တဖွဲ့ကို ကျောင်းသားတပ်က ခေါ်ပေးခဲ့ပါတယ်။ မကြည့်ရတာ ကြာလှပြီဖြစ်တဲ့ မင်းသမီးဝတ်စုံ လက်လက်တောက်တောက်တွေနဲ့ အငြိမ့်ကတာကို တောတွေတောင်တွေထဲမှာ ပြန်ကြည့်ကြရတော့ ခံစားမှုက ထူးထူးဆန်းဆန်းတမျိုးကြီးပါပဲ။ ဝါသနာပါတဲ့ ကျောင်းသားတွေက လူပျက်တွေဝင်လုပ်လို့ပေါ့။ အဲဒီအငြိမ့်အဖွဲ့လည်း ပြန်သွားရော၊ မကြာပါဘူး သတင်းရတာနဲ့လိုက်ဖမ်းလို့ အငြိမ့် တဖွဲ့လုံး တောထဲပြန်ပြေးဝင်လာခဲ့ကြရတယ်။ အဲဒီကစပြီး နှစ်တိုင်း အငြိမ့်ကြည့်ရတော့တာပါပဲ။
စပါးရိတ်သိမ်းချိန်မျိုးမှာ ဗန်းမော်တပ်ရင်းနဲ့သိပ်မဝေးတဲ့ အမာခံရွာတွေကို တရွာပြီးတရွာ စစ်ကြောင်းလှည့်လည်သွားကြ တာ လနဲ့ချီပြီးကြာပါတယ်။ ဝါဒဖြန့်ချိရေးအဖွဲ့က ရဲဘော်ရဲမေတွေ က ဂစ်တာတွေကိုယ်စီထမ်း ကျောင်းသားသီချင်းတွေ ဆိုကြ၊ ကကြ၊ တီးကြမှုတ်ကြနဲ့ စည်းရုံးရေးဆင်း၊ ဆေးတပ်ဖွဲ့က ဆေးဆရာ ဆရာ မတွေက တအိမ်ဝင်တအိမ်ထွက် ဆေးလိုက်ကုလို့၊ ကျန်တဲ့သူတွေ က လယ်ထဲဆင်း စပါးရိတ်ပေါ့၊ လယ်ကွက်ထဲရောက်မှ တံစဉ်ကို ဘယ်လိုယူ ဘယ်လိုကိုင် ဘယ်လိုရိတ်နဲ့ တတ်သိနားလည်ပြီးသား ရဲဘော်ရဲမေတွေက ပြပေးကြရင်း လုပ်ငန်းစကြပါတယ်။ လူအင်အား နဲ့ဆိုတော့ လယ်ကွက် တကွက်ပြီးတကွက် ဘာမှ မကြာလိုက်သလို ပါပဲ။
အစပထမတော့ စပါးရိတ် မလိုက်ကြရမှာ စိုးရိမ်နေကြတာ ပေါ့၊ ဘယ်သူမှ အစောင့်ချန်မနေခဲ့ချင်ကြဘူး။ လယ်ကွက်တကွက်ကနေ နှစ်ကွက်၊ နှစ်ကွက်ကနေ သုံးကွက်လောက်လဲရောက်ရော ကျင့်သားမရတဲ့ ခါးတွေက နာလာပါတော့တယ်။ စပါးရိတ်နေရင်းနဲ့ မခံနိုင်တော့တဲ့အခါ ခဏရပ်လိုက် ကိုယ်ဝန်ဆောင်တွေလို လက်နှစ် ဘက်နဲ့ ခါးကိုထောက်ရင်း ဖိချလိုက် နှိပ်ချလိုက်ကြ ပြန်ရိတ်လိုက် ကြနဲ့ပေါ့။ ငါးကွက်လောက်မှာတော့ တဆင့်တိုးလာပါတယ်။ ခါး မကုန်းနိုင်ကြတော့လို့ ငုတ်တုတ်လေးတွေ ထိုင်ရိတ်တဲ့သူက ရိတ်နေ ကြပါပြီ။ ကျင့်သားရနေပြီးသား ရဲဘော်ရဲမေတွေ ကျတော့လည်း ဘာမှမဖြစ်သလိုပဲ သန်မှသန် မြန်မှမြန် တကယ့်ပြည်သူပြည်သား တွေရဲ့ သားသမီးတွေပါပဲ။
လယ်ပိုင်ရှင်တွေကျွေးတဲ့ နေ့လယ်စာ ကောက်သစ်ဆန် မွှေးမွှေးလေးရယ် ငါးကြော်တကောင် ဒါမှမဟုတ် ကြက်သားတတုံး ဒါမှမဟုတ် ဝက်သားတတုံး ပင်ပင်ပန်းပန်းနဲ့ စားလိုက်ကြတာလည်း မြိန်မှမြိန်ပါပဲ။ တပ်ရင်းမှာ မရနိုင်ကြတဲ့ နတ်သုဒ္စါလေးတွေပဲပေါ့။ ခါးနာတာတောင် ပျောက်သွားသလိုပါပဲ။ အားသစ်တွေပြန်ရ ပြန်စနဲ့ ဒီလိုနဲ့ တရွာဝင်တရွာထွက်ပါပဲ။ ညနေစာကတော့ ကိုယ်တည်းတဲ့ အိမ်မှာ တပ်စိပ်အလိုက် ထင်းခွေ၊ ရေခပ်၊ ဟင်းရှာ ကိုယ့်ဘာသာ ကိုယ်ချက်စားပေါ့။ စားပြီးတာနဲ့ ရွာထဲလျှောက်လည် တည်သီးတွေ ဝါထိန်နေအောင်သီးနေတဲ့ အိမ်လေးတွေတွေ့ပြီဆိုရင် "အနူး လငိုင် လခေါင်း ဂျော့ရှားနာအီးရော၊ အမေ တလုံးနှစ်လုံး ပေးစားပါနော်" ဝင်တောင်းကြ၊ ခူးစားကြ ရွာသားတွေကလည်း အမှန်တကယ် လုပ်အားလိုအပ်နေတဲ့အချိန် လာကူပေးကြတဲ့သူတွေမို့ ကြည် ကြည်ဖြူဖြူနဲ့ဆိုတော့ ပျော်စရာကြီးပါပဲ။
တပ်ရင်းနဲ့ ဝေးတဲ့ရွာတွေမှာတော့ ရွာသားတွေနဲ့အတူ စပါးကူစိုက၊် ကူရိတ်ပေးရင်းနဲ့ တဘက်က ကိုယ့်တာဝန်ကျရာ ထမ်းဆောင်နေတဲ့ ရွာသူရွာသားလို ပုံမှားရိုက်ပြီး နေထိုင်ကြရတဲ့ ရဲဘော်ရဲမေတွေ တရွာမှာ နှစ်ယောက်လောက် အလှည့်ကျရှိနေ တတ်ကြပါတယ်။ ရဲဘော်တွေကတော့ မရေနိုင်ပါဘူး။ ရဲမေတွေ ထဲမှာတော့ ရဲမေသီတာခိုင်၊ ရဲမေမစိန်၊ ရဲမေမစန္ဒာ၊ ရဲမေမငွေ၊ ရဲမေ မမူ၊ ရဲမေအေးအေးသန်း၊ ရဲမေအေးမိစံတို့ဟာ အဲဒီလိုတာဝန်တွေ ကို ယူခဲ့ကြရသူတွေပါ။ လိုအပ်ရင် လယ်ကွင်းထဲက ထွက်ပြီး ငါးပိ ငါးခြောက်တွေ ပြည့်သိပ်နေတဲ့ခြင်းကြီးတွေကြားမှာ တာဝန်အရ သယ်ရမယ့်ပ္စည်းလေးတွေ ကြားညှပ်ရင်း ပလိုင်းကြီးတွေ ခေါင်းညွတ် တဲ့အထိ ရွက်ပြီး စွန့်စွန့်စားစားနဲ့ ရွာစဉ်လျှောက်ကြရတဲ့ ရွာသူ လုံမပျိုလေးတွေပေါ့။
ရဲမေမငွေနဲ့ ရဲမေနန်းစောတို့ရဲ့မိခင်တွေဆို မဆီမဆိုင် သမီးတွေအတွက်နဲ့ အဖမ်းခံခဲ့ကြရပါသေးတယ်။ ရဲမေမငွေရဲ့ အမေဟာ တကယ့်အရိုးခံ ရွာသူမကြီးပါ။ သူ့ကို စစ်တော့မယ်ဆိုရင် သေးပါချင်သလို ချေးပါချင်သလိုတွေဖြစ်ပြီး "နင့်သမီးလာလား" ဆို အကြောက်ကြောက်အလန့်လန့်နဲ့ လာတယ်ဖြေလိုက်၊ မလာ ဘူးဖြေလိုက်၊ "ဘယ်နေ့ကလဲ"ဆို စာကလည်းမတတ်တော့ ကြောက်ကြောက်နဲ့ပဲ ပါးစပ်ထဲတွေ့ရာ ယောင်ရမ်းဖြေ၊ တခါဖြေရင် တမျိုး၊ နောက်တခါဖြေရင် တမျိုးဖြစ်နေတော့ တမင်လိမ်ပြောတာ ထင်ပြီး နှိပ်စက်တာ တော်တော်လေး ခံလိုက်ရပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် သမီးနှစ်ယောက်နဲ့ပတ်သက်ပြီး အမေနှစ်ယောက်ကတော့ ထောင်ထဲမှာပဲ မိတ်ဆွေတွေ ဖြစ်သွားကြလေရဲ့။
---------
ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း (၆၆၆၇)မြင့်တဲ့ လိုင်စင်တောင်တန်း ကျောင်းသားတပ်မတော်မြောက်ပိုင်း (ဗဟို) ဟာ ရေခဲတဲ့အထိ အလွန်ချမ်းatးလှပါတယ်။ ရောက်စကဆို နေရောင်တောင် မမြင်ရပါဘူး။ တနေ့လုံးနီးပါး မြူနှင်းတွေကျနေ တတ်လို့ လှမ်းမြင်နေရသူ ဘယ်သူရယ်လို့မကွဲပြားသလို အမြဲ တမ်းလိုလိုလည်း မီးဖိုထားကြရပါတယ်။ တပ်စခန်းထဲက ဘယ် အဆောင်ကိုပဲသွားသွား မီးဖိုဘေးမှာပဲ မီးလှုံရင်း စကားပြောကြရပါတယ်။ ဘယ်လောက်တောင် ဖြစ်သွားကြလဲဆိုရင် ဘယ်ရဲဘော် ရဲမေမဆို မီးဖိုဘေးမှာထိုင်မိတာနဲ့ မီးမရှိလည်း လက်တွေကအကျင့် ပါပြီး မီးလှုံသလိုဖြစ်နေကြတော့တာပါ။
ရဲမေတွေဆို လစဉ်လာနေကျရာသီပန်းလေးတွေတောင် ပုံမှန်မပွင့်နိုင်ကြတော့လို့ သွေးဆေးနဲ့အရက်ရောထားတဲ့ ဆေးပု လင်းလေးတွေ ကိုယ်စီဆောင်ထားကြရပါတယ်။ တလတခါ ခွေး သားနဲ့ အရက်တပက်ကို ကျန်းမားရေးအရ တန်းစီလူစစ်ပြီး ဆေး တိုက်သလို မသောက်မနေရ သောက်ခိုင်းရတဲ့အထိပါပဲ။
ညညဆို ရဲမေဆောင်ရဲ့မီးဖိုပတ်ပတ်လည်မှာ ဂလူးကို့စ် အားဆေးသွင်းတဲ့ ပုလင်းလွတ်တွေကို ရေဖြည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားတဲ့ ရေနွေးပုလင်းတွေက ပတ်လည်ဝိုင်းနေတတ်ပါတယ်။ ပွက်ပွက်ဆူပြီဆို တယောက်နှစ်ပုလင်းစီ ယူသွားကြပြီး လက်မှာ တပုလင်းကိုင် ခြေထောက်မှာ တပုလင်းထားရတဲ့ စောင်တထည်စီကို နှစ်ထပ်ထပ် နှစ်ယောက်ပေါင်းအိပ်ကြမှ အိပ်လို့ပျော်ပါတယ်။ ဒါတောင် သန်းခေါင်မတိုင်ခင်ပဲ အပူဓာတ်ကခံပါတယ်။ အဲဒီအချိန်ဆို ပြန်နိုးလာတတ်ကြပါသေးတယ်။ မနက်ရောက်ရင် မျက်ခင်းစိမ်းစိမ်း လေးတွေပေါ်မှာ ရေခဲတွေက အချပ်လိုက်ပါပဲ၊ စားဖိုတာဝန်ကျသူ တိုင်း မီးအရင်မွှေးကြရပါတယ်။ ထမင်းအိုး၊ ဟင်းအိုးတွေထဲ ရေတွေ ခဲနေတာကို အရင်ပျော်အောင်လုပ်ပြီးမှ ဆေးကြောရ ပြန်ချက်ကြရ ပါတယ်။
တခါကဆို နှင်းတွေအပွင့်လိုက်အဆုပ်လိုက် မိုးရွာသလို တဖွဲဖွဲတသဲသဲကျနေလိုက်တာများ မြေပြင်ပေါ်မှာတထွာလောက် ထူမယ်ထင်ပါတယ်။ သစ်ပင်ပေါ်တွေ၊ အဆောက်အအုံပေါ်တွေ၊ မြေကွက်လပ်မကျန်ပါဘူး။ မြင်မြင်သမျှ ဖွေးဖွေးလှုပ်နေတာပါ။ အဲဒီအထဲမှာပဲ စစ်ရေးပြသင်တန်း မောင်းချသွားခဲ့ကြတာပါ။ ကြွက်၊ ခြင်၊ ယင်၊ ဘာဆိုဘာမျှမရှိသေးပါဘူး။ နောက်မှ လူတွေများလာ တော့၊ သစ်ဝါးတွေပြုန်းတီးလာပြီး၊ နေရောင်လည်း မြင်လာရသလို ºကက်၊ ခြင်၊ ယင်တွေပါ ရောက်လာကြတာပါ။ အဲသလောက် ခိုက်ခိုက်တုန်အောင် ချမ်းအေးရတဲ့အထဲ အပတ်စဉ် (၁)သင်တန်း သားတွေဟာ ညစဉ်ညတိုင်း လက်ချာဟောဝင်ကြရပါတယ်။
"ကြက်ကလေး ချီးတစ်"
အသက်ကလည်းငယ်သေး လူပုံကလည်း ပုကွကွဂင်တိုတို နဲ့ လူ့ဖလံလေး၊ စောင်အကြီးကြီး ရစ်ပတ်ခြုံထားတဲ့ကြားက နှာရည် က တရှုံ့ရှုံ့ ကုပ်ကုပ်ကုပ်ကုပ်နဲ့ ကြက်ကလေးချီးတစ်သလို ညစဉ် လက်ချာဟောထဲ ဝင်လာလေ့ရှိတဲ့သူ့ကို နိုင်ငံရေးသင်တန်းဆရာက အဲဒီလို နာမည်ပေးရာကစပြီး အားလုံးက ချစ်စနိုးလိုက်ခေါ်ကြရင်း နဲ့ တွင်သွားတဲ့နာမည်လေးပါ။ သင်တန်းမှာတုန်းကတော့ အသက် ကလည်းငယ် လူကလည်းသေးနဲ့ ဘာကိုမှ ခံနိုင်ရည်မရှိသေးတဲ့ ရဲဘော်ငယ်လေး တယောက်ပေါ့။ နာမည်ပြောင်တွေပဲ ခေါ်ကြတာများလို့ တချို့ဆို နာမည်အရင်းတောင် မသိကြတော့ပါဘူး။
နာမည်ရင်းက ရဲဘော်မျိုးကိုကိုပါ။ ဇာတိက မိုးညှင်း-နမ္မား မြို့ငယ်လေးက၊ မိဘနှစ်ပါးစလုံးက စာတိုက်ဝန်ထမ်းတွေ၊ ဗန်းမော် ခရိုင် မန်စီမြို့နယ် မန်ဝိန်းဒေသ ကချင်တပိုင်း ရှမ်းတပိုင်းရွာလေးမှာ ရွာသားတွေကြား နေထိုင်သွားလာရင်း အထက်မှာဖော်ပြခဲ့တဲ့ တာဝန်မျိုးတွေ ထမ်းဆောင်နေတဲ့ ရဲဘော်တဦးပါ။ ရွာထဲကအိမ် ရဲဘော်တွေရဲ့အိမ်။ ရွာထဲကမိဘ ရဲဘော်တွေရဲ့မိဘ။ ရွာထဲက ညီအကို မောင်နှမ ရဲဘော်တွေရဲ့ ညီအကိုမောင်နှမ သဘောမျိုး နေလာခဲ့ကြတာပါ။ ရွာသားတွေကလည်း အားကိုးကြသလို ကိုယ့်သားသမီးလေးတွေလိုပဲ သဘောထားကြပါတယ်။ တနေ့မှာတော့ ...။
ဒီလမ်းလေးတွေက သူနဲ့မစိမ်းကြ၊ ရင်းနှီးကျွမ်းဝင်ပြီးသား လမ်းကလေးတွေပဲမဟုတ်လား။ "အော် အီးအီး အွက်"ဟော ကြက်တွန်သံတောင် ကြားနေရပြီ၊ ဒါ ရွာနဲ့နီးလာပြီဆိုတဲ့သဘော ရဲဘော်တိုင်းနောကြေပြီးသား၊ မရောက်တာ အတန်ငယ်ကြာနေပြီ ဖြစ်တဲ့ ရွာလေးဆီကို ခြေလှမ်းသွက်သွက်နဲ့ လှမ်းလာခဲ့တယ်။ အင်း ... ငါ့ကိုမြင်တာနဲ့ "ဒီတခေါက် ပျောက်သွားတာ ကြာလိုက်တာလို့" အပြစ်တင်ကြလိမ့်အုံးမယ်။
မွေးမိခင်ရဲ့အိမ်လေးဆီ ပြန်ခွင့်မရသေးပေမဲ့ ပြန်စရာကျွေး မိခင်ရဲ့အိမ်လေး ကိုယ်စားရှိနေတာကိုပဲ သူကျေနပ်လို့မဆုံးပါဘူး။ အဘနဲ့အမေက အသက်ကြီးမှ အိမ်ထောင်ကျကြတော့ သားသမီး မရတော့ဘူး ထင်နေတဲ့ကြားက ညီမလေးကိုရခဲ့ကြတယ်။ လိုအပ် တာလေးတွေ ကူညီလုပ်ကိုင်ပေးတတ်တဲ့ သူ့ကိုတော့ သူတို့ရဲ့သား ကြီးတဲ့လေ။ ညီမလေးကလည်း အကိုတယောက်ကောက်ရသလို ပါပဲ။ ကိုယ့်အိမ်ကို ကိုယ်ပြန်ရောက်သွားသလို ခံစားမှုမျိုးနဲ့နွေးထွေးမှုတွေ ပေးတတ်တဲ့အိမ်လေးဆီ အရင်ခြေဦးလှည့်လိုက်မိတယ်။
မရောက်တာကြာလို့ပဲလား၊ သူ့စိတ်က ထင်လို့ပဲလားမသိ၊ အိမ်လေးဆီက ခါတိုင်းလို ဘာလုပ်ရှားသံမှမကြားရ၊ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်လို့ပါလား။ ဘာပဲဖြစ်ဖြစ် ငါ့ကိုမြင်ကြရင်တော့ ဝမ်းသာသွားကြမှာပါ။
"အဘရေ ... အမေရေ"
"သြော် ... ဘယ်တုန်းက ပြန်ရောက်နေလဲ"
"အခုပဲ အဘ ဒီကိုတန်းဝင်လာတာ"
"အေး ... အေး ... ထိုင်"
ခါတိုင်းတွေ့လိုက်တာနဲ့ "ဟဲ့ ... ထမင်းစားခဲ့ပြီလား၊ ဘယ်ကစားခဲ့တာလဲ၊ ဟိုမှ မုံည‡င်းပေါင်းထားတာရှိတယ် စားသွား" ဆိုပြီး မီးဖိုချောင်ဘက် မေးလေးငေါ့ပြတတ်ခဲ့တဲ့ အမေဟာ သူ့ဘက် တချက်သာလှည့်ကြည့်လာပြီးနောက် ပြန်လှည့်သွားရင်း ဆေးပေါ့ လိပ်သာ တွင်တွင်ဖွာနေပါတယ်။
"ဟေ့ ... မင်းတို့ကျောင်းသားတွေ အခြေအနေဘယ်လိုလဲ၊ ဘယ်သူဘယ်ရောက်နေလဲ၊ အခု ဘာတွေလုပ်နေကြလဲ" သိချင်တာ တွေ တရစပ်မေးမြန်းလေ့ရှိတဲ့ အဘကလည်း ငူငူငိုင်ငိုင်ကြီး ထိုင်လို့။ ခါတိုင်းနဲ့မတူတာတော့ အမှန်ပါပဲ။
ပိုပြီးထူးခြားစေတာက "ဟာ ... အကို ဘယ်တုန်းက ရောက်နေတာလဲ မနက်ကျ ပြန်လာခဲ့အုံး အကိုóကက်တဲ့ ဝဥသုတ် ထားပေးမယ်"လို့ ပြောဆိုနေကြ ညီမလေး ခမ်းဆာရဲ့ ဝဲတဲတဲ ဆာတာတာ အသံလေး လုံးဝပျောက်ဆုံးနေတာပါပဲ။
"အမေ ခမ်းဆာရော"ဆိုတော့ အဘကို မေးငေါ့ပြလိုက် တယ်။ အဘက "လာ ... လိုက်ခဲ့"တဲ့။ "ခမ်းဆာက အဘတို့နဲ့ အတူမနေ တော့ဘူးလား"ဆိုတော့ "မနေတော့ဘူး"တဲ့ ခေါင်းရမ်း ပြတယ်။ "ဘာဖြစ်လို့လဲ အဘ"ဆိုတော့လည်း အဖြေမပေးဘူး။ ခေါင်းကြီးငိုက်စိုက်နဲ့ ခြေလှမ်းကြဲကြီးလှမ်းနေတဲ့ အဘနောက်ကို အပြေးလိုက်ခဲ့ရပေမယ့် သူနားမလည်နိုင်တော့ဘူး၊ ဘာတွေဖြစ်နေ ကြတာလဲ။
ရွာစွန်ရွာဖျားကို ကျော်လာလို့ တောလမ်းလေးဘက် ချိုးကွေ့လိုက်တဲ့အချိန်မှာ သူ သဘောပေါက်လိုက်ပါပြီ။ မြေပုံများစွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် မခြောက်သေးတဲ့ မြေပုံမို့မို့လေးတခု၊ ခမ်းဆာ၊ အသက် (၁၅)နှစ်တဲ့။
သူ့မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်ထွန်းလာကြပါတယ်။ မြန်လိုက်တာ ညီမလေးရယ်၊ မယုံနိုင်စရာပါပဲ၊ အကိုတပ်ရင်းကို ပြန်သွားတာ ဒီလောက်လည်း မကြာလှသေးပါဘူး။ ငယ်ငယ်လေးနဲ့ အသေစောလှချည်းလား ညီမလေးရယ်။
"ဘယ်လိုဖြစ်ရတာလဲ အဘရယ် ညီမလေးက ဘာရောဂါနဲ့ ဆုံးသွားခဲ့ရတာလဲ"
"ဘာရောဂါ ... ဟုတ်လား၊ ဘာရောဂါမှမဟုတ်ဘူး ဟိုခွေး မသားတွေ ဟိုခွေးမသားတွေကြောင့် ..."ဆိုပြီး အဘဟာ အသံ အက်အက်ကြီးနဲ့ စကားတောင် မဆက်နိုင်ရှာတော့ပါဘူး။ ရှိုက်ကြီး တငင် ချုံးးပွဲချငိုပါတော့တယ်။
"ကြည့်စမ်းပါအုံး နှမချင်းမစာနာ ရက်စက်လိုက်ကြတာ ဗျာ၊ ကလေးစိတ်တောင် မပျောက်သေးတဲ့ ညီမလေးခမ်းဆာကို ထင်းခွေအပြန် ခြုံထဲဆွဲခေါ်ပြီး နအဖ စစ်ဗိုလ်တယောက်က မုဒိန်း ကျင့်လွှတ်လိုက်သတဲ့။ ညီမလေးဟာ ခွေထားတဲ့ထင်းစည်းလေး တောင်မယူနိုင်တော့ပဲ ကြောက်အားလန့်အား ငိုကြီးချက်မနဲ့ အိမ်ကိုပြန်ပြေးလာခဲ့တယ်။ အမေကို တင်းတင်းဖက်ထားပြီး ရှိုက်ကြီးတငင် ငိုနေတာကလွဲပြီး ဘာမှမေးလို့လည်းမရဘူး။ ငိုရတာ မောလွန်းလို့ တိတ်သွားတဲ့အချိန်မှာလည်း မျက်လုံးလေးပြူး ကြောင်ကြောင်နဲ့ ဟိုကြည့်ဒီကြည့် အထိတ်ထိတ်အလန့်လန့်နဲ့ ဖြစ်နေရှာသတဲ့။ မနက်ရောက်တော့ စာရွက်အစုတ်ကလေးတရွက်ပေါ်မှာ အဖြစ်အပျက်တွေကို စာလုံး ပေါင်းတတ်သလို ပေါင်းပြီး ရေးတတ်သလို ခဲတံလေးနဲ့ရေးထားခဲ့တဲ့ ညီမလေးရဲ့စာတိုလေးကို တွေ့လို့လိုက်ရှာကြတော့ လယ်အနီး တောစပ်ထဲကသစ်ပင်ကြီး တပင်အောက်မှာ ကြိုးဆွဲချသေနေတဲ့ ညီမလေးအလောင်းကို တွေ့ကြရသတဲ့"။
"တောက် ... ဟို ခွေးမသားတွေကြောင့် ဟို ... ခွေးမသား တွေကြောင့်"လက်သီးတင်းတင်းဆုပ်ထားတဲ့ကြားက သူ့တကိုယ် လုံးတုန်တက်သွားပါတယ်။ သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ မျက်ရည်တွေကတော့ တပေါက်ပေါက်နဲ့ သူ့ပါးပြင်ပေါ်မှာ တလိမ့်လိမ့် စီးဆင်းနေကြပါတယ်။ စီးချင်သလောက်သာ စီးကျပါစေ သူ မသုတ်လိုတော့။
"အကိုတို့က ဒီမိုကရေစီကျောင်းသားတွေပဲ၊ ဒီမိုကရေစီ ရရင် အကိုတို့က ကိုယ့်အိမ်ကို ကိုယ်ပြန်သွားကြမှာပါ၊ အဲဒီကျတော့ ခမ်းဆာတို့ကို သတိတောင် ရမှာမဟုတ်ပါဘူး"
"ဘယ်ဟုတ်မလဲ၊ ဒီမိုကရေစီရလို့အိမ်ပြန်ရရင်တောင် ဒီနေရာတွေကိုတော့ မရောက်ရောက်အောင် ပြန်လာလည်အုံးမှာပဲ၊ အဲဒီကျတော့ အဘတို့အမေတို့ ခမ်းဆာတို့ကို အကိုတို့ဆီ တလှည့် အလည်ပြန်ခေါ်သွားမှာပေါ့"
"တကယ်"
"တကယ်ပေါ့ အဲဒီကျ အကိုတို့ဆီက မုန့်ညှင်းပေါင်းတို့၊ ဝဥသုတ်တို့ တလှည့်ပြန်ကျွေးမှာပေါ့"ဆိုတော့ သဘောကျပြီး ရယ်နေလိုက်တာ ပါးလေးတွေ ရဲတွတ်ပြီး မျက်ပေါက်ကျဉ်းကျဉ်းလေးတွေ ပိတ်သွားတဲ့အထိ။
ခါတိုင်း ပင်ပန်းနွမ်းနုယ်လာတဲ့အရှိန်နဲ့ တုံးခနဲအိပ်ပျော်သွား တတ်ခဲ့တဲ့သူဟာ သူ့ကိုအားကိုးတတ် အထင်ကြီးတတ် နွဲ့ဆိုးဆိုး တတ်တဲ့ညီမလေး ခမ်းဆာရဲ့မျက်နှာလေးကို မြင်ယောင်နေရင်းနဲ့ သာ မိုးစင်စင်လင်းခဲ့ပါပြီ။
----------
ဒီနေ့ကတော့ မန်ဝိန်းဈေးနေ့လေးတနေ့ပေါ့။ တပ်ကုန်း စခန်းပေါ်မှာနေတဲ့ ဒီစစ်ဗိုလ်ကောင်ဟာ ဒီဈေးနေ့ကိုတော့ သေချာပေါက် လာတတ်တယ်ဆိုတာ သူစုံစမ်းထားပြီးသား။ တပ်ကုန်းစခန်း ဘက်ကို ခွဲထွက်သွားတဲ့လမ်းဟာ အများပြည်သူမသွားတဲ့ ဒီခွေး မသားတွေ မဖြစ်မနေဖြတ်ရမယ့် အသေချာဆုံးလမ်းပဲ။ ဟုတ်တယ် ဒီလမ်းဟာ မင်းတို့နဲ့အသင့်တော်ဆုံးပဲ။
ဒါပေမယ့် ငါလိုချင်တာ ငါ့ညီမလေးကို မုဒိန်းကျင့်သွားတဲ့ ဟိုစစ်ဗိုလ်ကောင်ကိုပဲ။ ချိန်ကိုက်မိုင်းဆို မသေချာဘူး၊ ဒီကောင့် မမိဘဲ တခြားကောင်တွေမိသွားရင် နောက်တခေါက်ဆို သတိထားကြတော့ မယ်။ လုပ်ဖို့မလွယ်တော့ဘူး။ အဲဒီတော့ ဒီကောင်အလာ သေချာ အောင်စောင့်ပြီး ဆွဲမိုင်းကိုသုံးတာပိုကောင်းတယ်။ ဆွဲမိုင်းသုံးရင် တော့ ငါ့အတွက် အန္တရာယ်ကြီးတယ်၊ ဒါပေမယ့် ငါ့ကို အထင်တကြီး အားကိုးနေတတ်တဲ့ ညီမလေး ခမ်းဆာ၊ ငါ့ညီမလေး။ ဟုတ်တယ် ငါ့ညီမလေးအတွက် ငါလုပ်ကိုလုပ်ရမယ် ခွေးမသားကောင် ... တောက်။
တပ်စခန်းက အထွက်တင်ပါပဲ။
"ဝုန်း"ဆို ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ဈေးနေ့ကို ထွက်လာကြတဲ့ စစ်ဗိုလ်ကောင်၊ တပ်ကြပ်ကြီးနဲ့ စစ်သားတချို့ လေထဲကို လွင့်စင်မြောက်တက်သွားကြပါတယ်။ တပ်ကြပ်ကြီးကတော့ ပွဲချင်းပြီးပါပဲ။ စစ်ဗိုလ်ကောင်နဲ့ ကျန်တဲ့သူတွေလည်း ဒဏ်ရာ အကြီးအကျယ် ရသွားကြလေရဲ့။ ငါ ပွဲချင်းပြီးစေချင်တာက ဟိုခွေးမျိုး စစ်ဗိုလ်ကောင်ကို ... တောက်၊ ဒါပေမယ့် ဒီကောင်လည်း အနှေးနဲ့ အမြန်ပါပဲ သေမှာ၊ မှတ်ထား ခွေးမသားကောင်။ ငါ့ညီမလေးကို စော်ကားအုံး။
ရန်သူဟာ ပျားတုတ်ခံရသလိုပါပဲ။ အခံရ ပိုခက်သွားတာက သူတို့ တပ်ကုန်းအထွက်မှာတောင် လာပြီး မိုင်းထောင်ဝံ့တာကိုပါ။ အထက်ကများသိခဲ့ရင် ဘယ်လောက်တောင် သ္ခိာကျလိုက်မလဲ။ ဂမူးရှူးတိုး ကောက်ရိုးပုံထဲကျတဲ့အပ်ကို ရှာသလို တရားခံကို ပိုက်စိပ်တိုက် ရှာဖွေပါတော့တယ်။
သူ ရွာဘက်ကို သွားလို့မရဘူး၊ ရွာသားတွေမှာ အန္တရာယ်ရှိတယ်။ ဒီခွေးကောင်တွေက မထင်ရင်မထင်သလို ယောကျာ်းမှန်သမျှ ရွာလည်မှာစုခိုင်းပြီး အစုလိုက်အပြုံလိုက် အတွဲလိုက်ဆွဲပစ်ဖို့ ဝန်မလေးဘူး။ ငါပြေးစရာကတော့ လယ်ကွင်းပဲရှိတယ်။ လယ်ပြင် မှာ ဆင်သွားသလိုထင်းနေပေမဲ့လည်း မတတ်နိုင်ဘူး။ ဒီလမ်းကို ရွေးရမှာပဲ။
"ဟော ... ဟိုမှာဟေ့ ... ဟေ့ကောင် မပြေးနဲ့ ရပ်စမ်း" ပြောပြောဆိုဆို ကျည်ဆံတွေ အတွဲလိုက်ပါပဲ တဖောင်းဖောင်းနဲ့ သူ့ဘေးမှာ ပွတ်ကာသီကာဖြတ်သွားကြတယ်။ သူကတော့ မရပ်မနားကွေ့ပတ်ပြေးလျက်၊ လယ်ကွင်းတွေကြားက မြောင်းသေး သေးလေးနား အရောက်မှာတော့ သူဆက်မပြေးတော့ ပြေးနေလို့ လည်းအပိုပဲ။ သူဆုံးဖြတ်ချက်ချပြီးတာနဲ့ မြောင်းလေးထဲဝပ်ချ လိုက်တယ်။ သူ့မှာပါလာတဲ့ ပ္စတိုလေးတလက်ကို ဆွဲထုတ် လိုက်ပြီး မတုန်မလှုပ်ခံပစ်နေတော့တယ်။ ဒါပေမယ့် တယောက်နဲ့ အများ ဝိုင်းပစ်ကြတဲ့အချိန်မှာတော့ ...။
ဒဏ်ရာတွေဗလပွနဲ့ မသေမရှင်ဖြစ်နေတဲ့သူ့ကို လည်ပင်းမှာကြိုးချည် ထော်လာဂျီနဲ့တရွတ်တိုက် မန်ဝိန်းစေမြို့လေးထဲကို ဆွဲခေါ်သွားကြတယ်။ ပြီးတော့ ရွာသူရွာသား မြို့သူမြို့သားတွေ အားလုံးမြင်သာအောင် "သူပုန်ဆို ဒီလိုဖြစ်သွားမယ် ကြည့် ထားကြ"လို့ နမူနာပြလိုက်ပါတယ်။ သေသွားတဲ့ အခါမှာလည်း ဈေးemးက ညောင်ပင်ကြီးမှာချိတ်ဆွဲထားပြီး မသင်္ဂြိုလ်ရဘူးလို့ အမိန့် ထုတ်ထားတဲ့အပြင် နှစ်ရက်သုံးရက်ကြာလို့ ပုပ်စော်နံနေတဲ့ အလောင်းကောင်ကြီးကို òမ့ငယ်လေး ywfဝန်းကျင်မှာရှိတဲ့ ရွာတွေက ရွာသူကြီးတွေခေါ်၊ ရွာသားတွေခေါ်ပြီး မင်းတို့ချစ်တဲ့သူပုန်တွေလေ အခုနမ်းကြစမ်းဆိုပြီး အတင်းနမ်းခိုင်းသေးသတဲ့။ ဘယ်လောက် စက်ဆုပ်စရာ အော့နှလုံးနာဖွယ်ရာ ကောင်းလိုက်တဲ့ လုပ်ရပ်ပါလဲ။ နောက်တော့ မြို့နယ်ဆရာဝန်က ကျန်းမာရေးအကြောင်းပြပြီး မသင့်တော်ကြောင်းပြောမှ မြေမြှုပ်သဂြိုလ်ခွင့် ရခဲ့ပါတယ်။
ဘယ်သူမှ ပန်းခွေမလုပ်ရဘူးလို့ တားမြစ်ထားတဲ့ကြားထဲ ကပဲ နံနက်တိုင်း နံနက်တိုင်း သူ့ရဲ့မြေပုံလေးပေါ်မှာ ဘယ်သူ ဘယ်ဝါရယ်လို့ အမည်တပ်မထားတဲ့ ပန်းလေးတွေကတော့ အမြဲရှိနေ တတ်ပါသတဲ့။
ရဲဘော်ကျဆုံးခဲ့တဲ့မြေမှာ ရဲဘော်အတွက် အချစ်ပန်းလေး တွေ နံနက်တိုင်း နံနက်တိုင်း ပွင့်လန်းနေကြတယ်ဆိုတာကိုများ ရဲဘော်သိခဲ့ရင်၊ ပြီးတော့ ... ဒီအဖြစ်အပျက်တွေကို သူရောက်နေတဲ့ နေရာကနေ ရဲဘော်ရဲ့ညီမလေး ခမ်းဆာတယောက် မြင်တွေ့ခွင့်များ ရရှိခဲ့ရင်၊ သူရဲ့အကိုတယောက်လို ရဲဘော်ကို သူအထင်တကြီးနဲ့ အားကိုးမိခဲ့တာတွေဟာ မမှားဘူးလို့ သူသိခွင့်များရခဲ့ရင်တော့ ... ရဲဘော်ရယ်။
နောက်တန်းစခန်း (ဗဟို)မှာတော့ ရဲမေတစု တောရိုင်းပန်း လေးတွေကိုယ်စီကိုင်ရင်း ဘုန်းကြီးကျောင်းကုန်း တက်သွားကြလေရဲ့။ သူတို့ချစ်တဲ့ရဲဘော်အတွက် တောရိုင်းပန်းလေးတွေကို ဘုရားမှာတင်ပြီး ဆုတောင်းအမျှဝေကြလိမ့်အုံးမယ် ရဲဘော်။
---------
ဒီအချိန်ဆို လိုင်စင်တောင်တန်းမှာ ခရမ်းပြာပြာအချစ်ပန်း လေးတွေ ဖူးပွင့်နေကြပြီပေါ့ ရဲဘော်၊ ကြည့်လေရာ အရပ်ရှစ်မျက် နှာမှာ ခရမ်းရောင်လွှမ်းနေတဲ့ တောင်ကုန်း တောင်တန်းကြီးတွေက ပတ်လည်ဝိုင်းလို့၊ တောင်óကတောင်ကြား ချိုင့်ဝှမ်းလေးတွေထဲမှာ တော့ ခမ်းတောက်ဖူးဝါဝါလွေက အပြွတ်လိုက်အခိုင်လိုက် သင်္ကြန်အလွမ်းပြေ ပိတောက်ပန်းလေးတွေ ကိုယ်စားပေါ့လေ။ ခြုံပိတ်ပေါင်းတွေကြားထဲမှာတော့ ခတ္တာပန်းလို တောရိုင်းပန်း ဖြူဖြူလေးတွေ၊ နေကြာအရိုင်း ဝါဝါလေးတွေကလည်း ပုန်းလျိုး ကွယ်လျိုးနဲ့။
ဒီတောရိုင်းပန်းလေးတွေပါပဲ ရှေ့တန်းပြန်ရဲဘော်တွေကို ဂုဏ်ပြုကြဆိုခဲ့တာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ ကျဆုံးသွားခဲ့တဲ့ရဲဘော်တွေ အတွက် လွမ်းသူ့ပန်းခွေ လှလှလေးတွေလုပ်ခဲ့ကြတာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ။ မြေပုံလေးတွေပေါ်မှာ သတိရတိုင်း မြက်ရှင်းပေးကြရင်းနဲ့ အလွမ်းပန်းလေးတွေတင်ခဲ့ကြတာ၊ ဒီတောရိုင်းပန်းလေးတွေပါပဲ၊ ဘုရားမှာတင်ပြီး ဆုတောင်းပေးခဲ့ကြ၊ အမျှဝေပေးခဲ့ကြတာ၊ ကျောင်းသားရဲဘော်ရဲမေတွေ အားလုံးကတော့ တညီတညွတ်တည်း ကန့်ကွက်မဲမရှိ နာမည်ပေး ခေါ်ဝေါ်သုံးစွဲခဲ့ကြ တယ်လေ၊ ဘာတဲ့ ...။
အချစ်ပန်းလေးတွေတဲ့။
တမာခင်
ဒေါင်းအိုးဝေ အတွဲ ၁ အမှတ် ၅ ၂၀၀၇ ခုနှစ်
http://cozan.blogspot.com/feeds/2055667694686397977/comments/default
ကျွန်တော် စိတ်လှုပ်ရှားမှုများဖြင့် ငြိမ် သက်စွာငေးမောနေသည်။ အမိုးပြော နေသည့် စကားလုံးတိုင်းက ရင်ကို စူးစိုက်နေသည်အလား။ "မိုးဦးအကျ စောမယ်ဆိုတာကလည်း တကယ် တော့ လောကဓံတွေပါလား အမေ ရယ်" ဆရာချောနွယ်၏ ကဗျာ စာသားများက ရင်ကို နာနာကျင်ကျင် တို့ထိ လျက်ရှိသည်၊ ဟုတ်ပါသည်။ အမိုးပြောနေသည့် အကြောင်းအရာ များက အကြွေစောသည့် ပန်းငုဝါ လေးတွေအကြောင်း။
[၁]
အမိုး၏စကားသံများက လောကဓံနှင့် အရင်းနှီးကြီး ရင်းနှီးနေသူ၏ လေသံ များအတိုင်း တည်ငြိမ်ခြင်းနှင့်အတူ လေးပင် ပြတ်သားခြင်းတို့ ရှိနေသည်။ ကံကြမ္မာကို ရိုးမယ်ဖွဲ့နေတာလား၊ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းလို့ ဖြေသိမ့်နေတာလား၊ ဒါမှ မဟုတ် ဘာဆိုဘာမှ စဉ်းစားမနေချင်တော့တာလား၊ သူမက ဘယ်လိုခံစားနေရသလဲ ဆိုတာ ကျွန်တော်က ခွဲခြမ်းစိတ်ဖြာကြည့်နေ ဖြစ်သည်။
ရဲဘော်ထူးအောင်ကတော့ စကားလုံးတွေကို စတင်နားလည်ကာစ ကလေးတယောက်လို သူပြောမည့် စကားများအတွက် အပြန်ပြန်အလှန်လှန် စဉ်းစားရင်း "သူ ... ကျသွားတယ်ဆိုတာကတော့ တကယ်ပါပဲ အမိုး" အသူတရာနက်သော ချောက်ထဲသို့ ထိုးဆင်းကျရောက်သွားသည့် စက္ကန့်နာရီများ၊ ထိုင်နေသူ အားလုံးဆီ တပြိုင်နက် အန်ကျလာသည့် သက်ပြင်း လှိုင်းပုတ်သံများ၊ ထိုစက္ကန့်ပိုင်းအတွင်း သွေးလေရပ်တန့်သွားသည်ဟု ခံစားလိုက် ရသည်။ ဒီဖြစ်ရပ်ကို သိနေကြသူတွေ ဖြစ်ကြ ပေမယ့် ဒီစကားတွေ ပြန်ကြားရတော့ တုန်လှုပ်ခြောက်ခြားရသည်က အမှန်၊ အထူးသဖြင့် စနစ်ဆိုးကြီးက ဝါးမြိုခြင်းဒဏ် ခံထားရသည့် မိခင်တယောက်ရှေ့မှာ သားတယောက်ရဲ့ ကံကြမ္မာကို အတိုရှင်းဆုံး စကားလုံးတွေနဲ့ ဖွင့်ဆိုပြနေရသည်က တုန်လှုပ် ခြောက်ခြားမှု နယ်ပယ်ကို ကျယ်သည်ထက် ကျယ်ဝန်းစေသည်။
"ရဲဘော်ဆေးရေ ... ရင်နှင့်အမျှ ကြေမွ နေကြရကုန်ပြီဗျာ"
[၂]
သူရဲ့မြန်မာအမည်က 'ဆန်းလင်းအောင်' ဒါပေမယ့် သူက ကရင်လူမျိုး။ စော ဆေးကိုလို ကျနော်တို့ အားလုံးကတော့ သူ့ကို 'ရဲဘော်ဆေး' လို့လည်း ခေါ်တယ်။ သူနဲ့ ကျွန်တော် ကျောင်းသားတပ်မတော် (၆ဝ၁) တပ်ရင်းသို့ ရောက်ခဲ့ကြသည်က ရှေ့ဆင့်နောက်ဆင့်။ ပြည်òမ့ လူဘောင်သစ် ပါတီဝင်။ အလံ (၃) လက်ကို ကြံ့ခိုင်သူ။ အမှတ် (၆ဝ၁) တပ်ရင်း၏ ၁၉၉၂ စည်းရုံးရေး ခရီးစဉ်အတွင်း ၃/၈ လုပ်ဟန်အရ လူထုနဲ့အတူ တည်ဆောက်ခဲ့သူ။ သူတို့မြို့သား အဆိုတော် ကိုခင်ဝမ်းရဲ့ ပြည်မှာဆောင်းကို ဆွတ်ပျံ့ဖွယ် တီးခတ်သီဆိုတတ်သူ။
"သြော်...အနေဝေး၊ ရေဝေးမှာ ပြည်မှာဆောင်းကို ဆုံးရှုံး သွားခဲ့ပါပေါ့လား၊ ရဲဘော်ဆေးရယ်" သူက စိတ်လိုလက်ရ ဖြစ်တဲ့အခါ ကဗျာရေးလေ့ရှိတယ်။ 'ဒီကမ္ဘာလောကမှာ သူရဲကောင်းဝါဒ ကျဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း မဟစ်ကြွေးပါနဲ့ မစ္စတာဂျော့'။ ဇွဲ ရှိသူတွေသာ အောင်ပွဲခံမှာပေါ့။ 'နှင်းရည်တွေ သိုင်းဝိုင်းနေတဲ့ ရှမ်းရိုးမရဲ့ည မီးပုံနံဘေးမှာ သူကိုယ်တိုင် ရွတ်ပြခဲ့တဲ့ သူ့ရဲ့ကဗျာလေး'။ အခုတော့လည်း လွမ်းရစေတော့ ရဲဘော်ဆေး ရေ။
သူက ဟာသဓာတ်လည်း ရှင်သန် ထက်မြက်နေတဲ့သူ။ အခြေခံဒေသ ထိုးဖောက်ရေး ထိုးစစ်ခရီးမှာ ကျွန်တော်တို့ အတူတကွ ချီတက်ခဲ့ကြ သူရဲကောင်းဆန်စွာ ကျဆုံးခဲ့ရ။ သူရှိရင် မငြီးစတမ်း။ သူ့ ပြည်မြို့ရဲ့ ဟာသအကြောင်းတွေ။ သူနဲ့ သူ့သူငယ်ချင်းတွေရဲ့ အမြီးအမောက် မတည့်တဲ့ ရယ်စရာဖြစ်ရပ်တွေ။ သူရဲ့ စက်မှုအထက် တန်းကျောင်းသား ဘဝဖြစ်စဉ်။ အမှုန့်ကြိတ် စက်ရုံ အလုပ်သမားဘဝ။ လူ့ဘောင်သစ် ပါတီဝင်အဖြစ် စွန့်စားခန်းတွေ။ ငတ်ပြတ်သူတွေ။ ပြည်မြို့ရဲ့ အာဇာနည်နေ့ လွမ်းသူပန်း ခွေချပွဲ သည်းထိတ်ရင်ဖို နိုင်ငံရေးထိုးစစ်။ နောက်တော့ သူ့မိသားစုအကြောင်း။ အဖေရယ်၊ အမိုးရယ်၊ သူရယ်၊ သူ့ညီမလေးရယ်။
"အေးဗျာ ... ကျွန်တော် တောခိုလာတော့ ညီမလေး တော်တော်ခံစားရမှာ ပဲ"
[၃]
'ဗျာ ...'
"ဟုတ်တယ် ဖိုးခွား ... အငယ်ကောင်လည်း ဆုံးသွားပြီ။ အမိုး အိမ်ပြန်ရောက်တော့ သူ့အဖေလည်း ဆုံးသွားပြီ"
ဒါဟာ မတော်တဆ တိုက်ဆိုင်မှုလား။ မဟုတ်နိုင်ပါဘူး။ မဟုတ်နိုင်ပါဘူး။ ကျွန်တော့် စိတ်တွေဟာ အရက်မူးသမားလိုမျိုး ယိမ်းယိုင်ပြီး ဆောက်တည်ရာ မရ ဖြစ်နေသည်။ ရဲဘော်ဆေး ပြောပြဖူးသည့် သူ့မိသားစုဘဝ ပုံရိပ်များက အပ်ချည်ကြိုးတစကို တဘက်က ကိုင်ထားရင် အပ်ချည်ကြိုးလုံး ပြုတ်ကျသွား သလိုမျိုး ဝရုန်းသုံးကား ပြုတ်ကျလာသည်။
"အဖေနဲ့ အမေက နယ်မြေလုရင်း ကျွန်တော်တို့ ၂ ယောက် ငယ်ငယ်ကတည်း က အတူမနေဖြစ်ကြတာဗျ"။
အမိုးရယ် လောကဓံဆိုတာ ရှစ်ပါးထက် မပိုဘူးဆိုပေမယ့် အမိုးအတွက်တော့ ပြင်းထန်လှချည်လားဗျာ။ ဘယ်လို ဖြစ်ရတာလဲ အမိုးရယ်။ ထောက်လှမ်းရေးတွေကလည်း အိမ်ကို ခဏခဏ လာမေးနေတယ်။
'ဆေးကိုလို တောခိုသွားပြီး သိပ် မကြာဘူး။ သူ့အဖေက အိပ်ယာထဲ လဲတော့တာပဲ။ သူ့အဖေက နဂိုကတည်းကလည်း ကျန်းမာရေး သိပ်ကောင်းလှတာ မဟုတ်တော့။ ဆုံးသွားရှာတယ်။ သူဆုံးခါနီး သူသားကြီးကို သိပ်တွေ့ချင်ရှာခဲ့တယ်။ ဟင်း ...'
အမိုးဟာ ရှည်လျားစွာ စကားပြော နိုင်ဖို့အားယူတာလား။ ဒါမှမဟုတ် နာ ကျင်စိတ်တွေ လိပ်တက်လာလို့လား မသိ။ သက်ပြင်းတခုချပြီး ဆေးပေါ့လိပ်ကို ကောက် ဖွာလိုက်တယ်။ အနုမြူပြာလဲ့ နေတဲ့ မီးခိုး ငွေ့များကို ကြည့်ရင်း ကျွန်တော့် စိတ်တွေ အနုမြူဗုံးဒဏ်သင့်နေပြီလားလို့ တွေးမိတယ်။ တကယ်တော့လည်း ဗမာတပြည်လုံးဟာ အနုမြူရောင်ခြည်တွေ လွှတ်ထားပြီး အဆိပ်သင့်နေတဲ့ လှောင်ချိုင့်ကြီးနဲ့ အတူတူပဲ မဟုတ်လား။ ကျွန်တော်တို့ အားလုံးဟာ အသက်ရှူသံ မျှဉ်းမျှဉ်းလေးတွေကိုတောင် ကြားနေရတဲ့အထိ တိတ်ဆိတ်စွာ အမိုးကို ကြည့်နေကြတယ်။ အဲဒီ တိတ်ဆိတ်မှုကြီးဟာ ကြောက်စရာ ကောင်းတဲ့ တိတ်ဆိတ်မှု ကြီးပါပဲ။
အဲဒီအချိန်က အိမ်မှာ သူတို့အဖွားရယ်၊ အဒေါ် အပျိုကြီး နှစ်ယောက်ရယ်၊ အငယ်ကောင်ပဲ ကျန်ခဲ့တယ်။ သူ့ဦးလေး တယောက်ရှိပေမယ့် သူက ရန်ကုန်မှာ။ တခါတလေမှပဲ ပြည်ကိုရောက်လာလေ့ရှိ တယ်။ သူ့ဦးလေးကိုတော့ အငယ်ကောင်က ကြောက်တယ်။ ဒါပေမယ့် အပျိုကြီး အဒေါ်တွေကိုတော့ နည်းနည်းမှ ကြောက်ဘူး။
အဒေါ်တွေကလည်းဆုံး အဖေက လည်းဆုံး၊ အကိုကလည်း တောထဲမှာကျဆိုတော့ မဆူရက်၊ မပြောရက်၊ ပိုက်ဆံကလည်း တောင်းသလောက်ရနေတော့ အငယ်ကောင်က ပျက်စီးလာတယ်။ မြန်မာပြည်မှာ အရက်နဲ့ မူးယစ်ဆေးဝါးက အရမ်းပေါတယ်။ အငယ်ကောင်က အပေါင်းအသင်းမှားပြီး ဘိန်းဖြူ စွဲသွားတယ်။
အမိုးဟာ ပြောလက်စ စကားကို ရပ်ပြီး မီးခြစ်လိုက်ရှာနေသည်။ မီးခြစ်ကို တွေ့သောအခါ မီးခြစ်ပြီး ဆေးလိပ်ကို မီးညှိ၏။ အမိုးရယ် အဲဒီ မီးခြစ်ထဲက မီးခတ် ကျောက်လိုမျိုး ကျွန်တော့် နှလုံးသားတွေ ပဲ့ကျနေရပါတယ်။ အမိုးက ဆေးလိပ်ကို အားပါးတရ ရှိုက်ဖွာပြီး မီးခိုးများကို မှုတ်ထုတ်လိုက်၏။
အမိုးရဲ့စိတ်တွေက ထိုမီးခိုးများလို အုံ့မှိုင်း ရှုပ်ထွေးနေပေလိမ့်မည်။
"သူ့အဒေါ်တွေက သူ့ဦးလေးဆီကို လှမ်းအကြောင်းကြားပြီး ဆေးဖြတ်ဖို့ ကြိုးစားတယ်။
ဒါပေမယ့် သူကလက်မခံဘူး။ သူ ဆေး မဖြတ်ချင်တော့ဘူးတဲ့။ သူ ဆေးဖြတ် လိုက်ရင် အခုဖြစ်နေတဲ့ သူ့ဘဝကိုသူ ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးတဲ့၊ သူ့ကိုယ်သူ သတ်သေသွားတာ မြင်ချင်ရင် ဆေးဖြတ်ပေးကြလို့ ပြောတယ်။ အင်း ... ခုတော့လည်း ဘိန်းဖြူနဲ့ပဲ ဆုံးပါးသွားရတာပါပဲ။"
[၄]
အမိုးနှင့် ကျွန်တော်တို့ ဆုံမိကြသည်က ညီလာခံကာလ၊ အမိုးက တယောက်တည်း စိတ်ကူးတဲ့ရာ သွားလာနေထိုင်ရင်း စိတ်ကို ဖြေကြည့်ဖို့ ကြိုးစားနေသည်မှာ ကြာပြီ။ အခု ရောက်လာသည်က ရဲဘော်ဆေးကို ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတာ တွေ့ရသည် ဟူ၍ သတင်းကြားသောကြောင့် ဖြစ်သည်။ ထိုသတင်းကို အမိုးက မယုံသော်လည်း အဒေါ် အပျိုကြီး နှစ်ယောက်က အတင်း လွှတ်သောကြောင့် စုံစမ်းရင်း၊ မေးမြန်းရင်း ကျွန်တော့်ဆီ ရောက်လာခြင်း ဖြစ်သည်။ အမိုးက အရာရာကို မတုန်မလှုပ် ရင်ဆိုင်ဖို့အသင့်ရှိနေပေမယ့် တုန်လှုပ်ခြောက်ခြားနေ ရသူတွေက ကျွန်တော်တို့။
"အင်း ... သူတို့ အဖွားကိုတော့ ဆေးကိုလို ကျသွားတာ ပြောမပြရဲဘူး၊ သူ့အဖွားက အကြီးကောင်ကို ပိုချစ်တယ်။ အခုတော့ ပိုဆိုးသွားတာပေါ့၊ သားလည်း ဆုံး၊ မြေးအငယ်ကလည်းဆုံးဆိုတော့ ဆေးကိုလိုအကြောင်း နည်းနည်းမှ မဟရဲဘူး။ သူ့အဖွားကတော့ သူ့မြေးကြီး ပြန်လာလိမ့်မယ်လို့ပဲ ထင်နေတာ။"
အမိုးက ရှည်လျားစွာ ရှင်းပြပြီး၊ ငေးရင်းမောရင်း ဆေးလိပ်ကိုသာ တွင်တွင် ဖွာ နေတော့သည်။ အမိုးက ဗလာနယ်ထဲ လွင့်ကျသွားတာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ မှာလည်း အမိုးပြန်ရင် သူ့မြေး ပြန်အလာကို မျှော်နေမယ့် အဖွားဆီ သတင်းစကား ပါးလိုက်စရာ ဘာမျှမရှိတော့ပြီ။
"ရဲဘော်ဆေးရေ ရင်နှင့်အမျှ ကြေမွ နေရပါပြီဗျာ"။
[ဆေးကိုလိုမိုးနှင့် တွေ့ဆုံခဲ့စဉ်များ
အမှတ်တရ]
ညိုထက်(လမ်းသစ်ဦး)
ပုတတ်စာလေးတွေ မီးလောင်မြေမှာ ဝေနေပြန်ပြီ ရဲဘော်မရေ
(၁)
မတ်လ နွေရက်တွေကို ကျွန်တော်တို့ ၁၅ နှစ်ကျော် ဖြတ်ကျော်ခဲ့ကြပါပြီ။ ကျွန်တော်က ကျောင်းသားတပ်မတော်က ရဲဘော်တယောက်ဖြစ်လေတော့ တောထဲက (ကျွန်တော်တို့နိုင်ငံ နယ်စပ်မြေပေါ်က) ၁၅ နှစ် သက်တမ်းနွေဟာ လွမ်းစရာတွေကို ထမ်းထမ်းလာတတ်တယ်။
အဲဒီသစ်ရွက်တွေ တဖြိုင်းဖြိုင်း ကြွေတတ်တဲ့ နွေရက်တွေမှာ ကျွန်တော်ဟာ (ကျွန်တော်တို့နိုင်ငံရဲ့ စစ်ရေးသဘာဝအရ) ရှေ့တန်းစစ်မြေပြင်မှာ ရှိနေတတ်တယ်။ (ကျွန်တော်တို့ စကားအရ) စစ်ပူနေတဲ့ အဲဒီနွေရက်တွေမှာ ကင်းစောင့်ရင်း စစ်ချီရင်းမှ တခါက 'နွေ' ကို ကြေကြေကွဲကွဲ ဆွေးဆွေးမြမြ သတိရနေတတ်သူပါ။ ကျွန်တော်တို့ လူငယ်ဘဝဆိုတာ အဲဒီ သစ်ရွက်ကြွေတွေနဲ့ တွဲယှက်ထားခဲ့ကြတာပဲ မဟုတ်ပါလား။ သစ်ရွက်တွေက မြို့ပေါ်မှာလည်း ကြွေခဲ့တယ်။ တောထဲမှာလည်း ကြွေခဲ့တယ်။ ရဲဘော်မ အခု နေထိုင် နေတဲ့ နိုင်ငံမြေခြားက သစ်ပင်တွေကကော ကျွန်တော်တို့ရဲ့ သစ်ပင်တွေလို လွမ်းစရာ ကောင်းအောင် ကြွေကျတတ်ပါသလား။
(၂)
နဝတ အာဏာအသိမ်းမှာ ရှစ်လေးလုံး သွေးတွေ ကျွန်တော်တို့ ရင်တပြင်လုံးမှာ ပြည့်ညပ်နေတော့တယ်။ ဘာလုပ်ကြမလဲ ဆိုတဲ့ အတွေးကို အဲဒီညက ဗမာပြည်က လူငယ်တိုင်း တွေးဖြစ်ကြမှာပေါ့။ 'ခွင့်လွှတ်ပါ အမေ'ဆိုတဲ့ စကားဟာ အဲဒီနေ့ရက်တွေထဲ တတိုင်းပြည်လုံးအနှံ့ မြည်ညံ နေခဲ့ရော့မယ်။ (တို့တိုင်းပြည်ကို တို့ချစ်သည်) အမေ့အိမ်ကနေ အခွာခက်တဲ့ခြေလှမ်းတွေကို ဇွတ်ဖယ်ခွာ သံယောဇဉ် သွေးစိမ်းရှင်ရှင်တွေကို သယ်မ လူငယ်ဆန်တဲ့ လှပမှုတွေသာ ကိုယ်စီ ပါလာခဲ့ကြတာပါ။ အဲဒီတုန်းကတော့ အဲဒီလောက်နဲ့ကို လုံလောက်ခဲ့ကြတယ်။
(၃)
လူငယ်နဲ့ တောအုံခြုံကြားတွေဟာ နီးစပ်သင့်ခဲ့ပါသလား။ စာသင်ခန်းအစား စစ်မြေပြင်ကို လူငယ်တွေ ရွေးသင့်ပါသလား။ လူငယ်တွေနှုတ်ဖျားမှာ ဘယ်လို စကားတွေသာ ရှိခဲ့သင့်ပါသလဲ။ အဲဒီ စစ်မုဆိုးတွေမှာလည်း သားတွေ သမီးတွေ ရှိနေခဲ့မှာပေါ့။ အဲဒီညမှာ သင်းတို့ဟာ သင်းတို့ သားသမီးတွေကို ဘာတွေသင်ပေးနေမလဲ။
(၄)
'လာနော် အဖော်တွေပါတယ်' လို့ စပယ်ယာလေးက ကျနော်တို့ (အိမ်က ထွက်စ အဝေးပြေးလမ်းမမှာ နိမိတ်ပြ စကားနဲ့) သူ့ကားပေါ် တင်ခေါ်လာတယ်။
လမ်းတလျှောက်မှာလည်း (သူထမ်းနိုင်တဲ့ ရှစ်လေးလုံးတာဝန်တွေ ယူပေးခဲ့တယ်)။ ခရီးမိုင် နှစ်ရာကျော်ကိစ္စမှာ သူထမ်းပြခဲ့တဲ့ တာဝန်တွေဟာ (ဘယ်လောက်များ မွန် မြတ်ခဲ့ပါသလဲ ဆိုရင်) ၁၅ နှစ်ကျော်သည့် တိုင် ကျွန်တော့်မှာ မမေ့ရက်နိုင်စရာ။ ကားပေါ်ကအဆင်း ကျွန်တော်တို့ ပေးလာတဲ့ ငွေတွေကို (စပယ်ယာနဲ့ ဒရိုင်ဘာက ငြင်းပယ်ချင်းရဲ့ လေးနက်မှုတွေ။) 'ကံကောင်းနိုင်ကြပါစေ' ဆိုတဲ့ စကားသံ။ မျက်လုံးတွေက ရီဝေ။ တောင်တန်းတွေက ပို၍ မြင့်မောက်ခဲ့ကြတဲ့ ဟောဒီည။ စိတ်သွားတိုင်း ကိုယ်ပါခဲ့တဲ့ အဲဒီညတွေဟာ မှောင်နေ ပေမဲ့ လူငယ်စိတ်တွေနဲ့ လက်စိုနေခဲ့တယ်။
(၅)
မီးခွက်ဆီမီးက မှိန်ဖျော့ လျှောကျ၊ မျက်နှာတွေ၊ မျက်နှာတွေ၊ သားသည်ကို ခါးထစ်ခွင်လာတဲ့ မိန်းမ။ ကိုယ်ဝန် နေ့စေ့ လစေ့လုနီး မိန်းမ၊ သာသနာဆရာက ရီရီဝေဝေ၊ ဒေသခံ ကျောင်းဆရာမလေးမှာ သူတတ်တာက ငိုခြင်း အနုပညာ၊ လူပျို ငယ်ရွယ်တွေက (ကျွန်တော်တို့နဲ့ ပါလာတဲ့ ကျောင်းသူပျိုများက ဆွဲငင်အားရှိခဲ့ထင်ပါ့) မနက်ဖြန် သူတို့လိုက်ပို့ရေး တာဝန်ယူချင်သပတဲ့။ တာဝန်တွေ ကိုယ့်ဘာသာကိုယ် အပ်နှင်းလို့။ သင်တိုင်းဖြူတချို့က လှပ နုနယ်သော မြို့သူများကို ငေး၊ သူတို့လေးတွေ အတွေးနက်နေရော့မယ်။ အားလုံးက ဝမ်းသာအားရနဲ့ တိတ်ငြိမ်နေတဲ့ အဲဒီည။ (ပထမဆုံးသော တောထဲက ည) မိုးအလင်းမှာ တောင်တွေက ကျောင်းသားတွေကို ကြို နေတော့တယ်။
(၆)
ပါဝါမျက်မှန်ကလေး တလက်လက်။ သွယ်နွဲ့နွဲ့ကိုယ်မှာ ဝန်စည်စလှယ်တွေက တွဲလွဲခိုလျက် …။ "ရတယ်အကို ညီမ နိုင်ပါတယ်" ဆိုတဲ့စကားကို ကျနော်လည်း ကြားပါတယ်။ ဒေါနတောင်တန်းကြီးလည်း ကြားပါတယ်။ ရှေ့က ရဲဘော်တွေလည်း ကြားပါတယ်။ ရန်သူလည်း ကြားလိမ့်မယ်။ အခုဆို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးလည်း ကြားရော့မယ်။
လွမ်းစရာတွေကို မေ့သွားနိုင်တဲ့ လျော့ပါးမှုတွေ ရဲဘော်မမှာ ကင်းစင်နေတာကို ယုံတုန်း…။
(၇)
သက်သာသလား။ ရဲဘော်က နားလည် စွာပြုံးပြတယ်။ ရန်ကုန်မြို့လည်ခေါင် (ကျောက်တံတားမှာ) နေခဲ့သူမှာ ငှက်ဖျား ဗဟုသုတ မရှိနိုင်ခဲ့။ တက္ကသိုလ်ကျောင်းသားဟာ ငှက်ဖျားရောဂါကို (ဟိုစဉ်က) ဘယ်လို လေးနက်ခဲ့မှာလဲ။ မဖြစ်နိုင်ပါဘူး ဆိုတာတွေ တို့ခေတ်မှာ ဖြစ်ခဲ့တယ်။
ကြေကွဲစရာ …။
(၈)
ဘယ်လိုမှ မမေ့နိုင်ခဲ့ဘူး။ လက်နက်ကြီး သံတွေက နံနက်အရုဏ်နဲ့ နေ့လည်တွေမှာ ခပ်စိပ်စိပ် ကြားနေရတယ်။ ဝါးရုံပင်တွေ ခပ်အုပ်အုပ်ထဲမှာ မြေစိုက်တဲငယ်လေး။ ဝါး ကုတင်လေးကတော့ ခိုင်ခိုင်ခန့်ခန့်။ တစက် ချင်းကျနေတဲ့ ဆေးစက်တွေကို ကအန်တော် ငေးနေတယ်။ မျက်မှန်အောက်က မျက်လုံးတွေ ဘာလို့ စိုဝင်းတောက်ပနေရတာလဲ ရဲဘော်မ။ မယ်ညောခီးက ကျနော်တို့ ရဲဘော်တွေ အခြေအနေ ဘယ်လိုရှိသလဲ။ ဘာသတင်း ထပ်ကြားသလဲ ရဲဘော်မ။ သူက ကအန်တော့်ကို တွေတွေငေးငေး စိုက်ငေး ကြည့်နေတယ်။ အဲဒီအခိုက်မှာပဲ ကအန်တော် မထင်မှတ်တဲ့ အပြုအမူတခု သူမပေါ်က ပြုတ်ကျလာတယ်။ နူးညံ့ပျော့နွေးတဲ့ လက်ဖဝါးလေးက ကျွန်တော့် နဖူးဆံစတွေကို သပ်တင် အကြင်နာတရားမှာ ရဲဘော် စိတ်တွေနဲ့ ဝေနေခဲ့။
(၉)
"ဒီလိုဖြစ်တာ ဆရာမရဲ့"က အတော် တားမြစ်တဲ့ ကြားက ရဲဘော်အောင်နိုင်က ဆရာမကို ကျွန်တော်အိပ်နေပြီ အထင်နဲ့ (ဆရာမက ချော့မေးနေတော့) တိုးတိုး တိတ်တိတ် ရှင်းပြနေတယ်။ "ကျွန်တော်တို့က ရန်သူကို လမ်းကနေ သွားပိတ်ပြီး မိုင်းထောင်ကြတာ။ အဲဒီ လမ်းကနေ ရန်သူ ဝင်လာမယ်လို့ သတင်းရလို့။ တကယ်လို့သာ အဲဒီလမ်းက ရန်သူဝင်လာနိုင်ရင် ကျွန်တော်တို့အတွက် အရေးပါတဲ့ ခံစစ် ကုန်းတကုန်း ကျသွားနိုင်တယ်လေ။ သတင်းရရခြင်း သွားထောင်ကြရတာ။ ကျန်းမာရေးကောင်းတဲ့ ရဲဘော်အားလုံး လိုလိုကလည်း ခံစစ်ကုန်းထဲ ရောက်နေတာ ဆိုတော့ ရဲဘော် ရုတ်တရက် ထုတ်ရခက်နေ တယ်။ ဒါနဲ့ တပ်ခွဲမှူးက သူကိုယ်တိုင် လိုက်မယ်ဆိုပြီး မိုင်းသင်တန်းဆင်းထားတဲ့ ကျွန်တော့် အားကိုးနဲ့ သွားကြတာပဲ။ ကျွန်တော်ကလည်း မိုင်းဘာသာကို စနစ်တကျ သင်ထားတာပါ။ မိုင်းထောင်ထားတဲ့ နေရာကို ပြန်ဖော်နိုင်ဖို့ မြေပုံကိုလည်း အသေအချာ ဆွဲ တတ်တဲ့အကျင့် လုပ်ထားတာပါ။ ဒါပေမယ့် အဲဒီနေ့ကတော့ အရေးကလည်းကြီး မိုင်းကလည်း ၁ဝ လုံး ကျော်ကျော်ပဲဆိုတော့ မြေပုံဆွဲမထားလိုက်မိဘူး ဆရာမ။"
ရဲဘော်အောင်နိုင်မှာ ထားဝယ်သား ဖြစ်ပြီး စကားပြောရင်လည်းြုပံး၍ အမြဲပြော တတ်သည်။ သဘောမနော သိပ်ကောင်းသူ၊ ရဲဘော်တွေအပေါ် အလွန် အနစ်နာခံတတ် သူလည်း ဖြစ်သည်။ သူ့ကို မချစ်သူမရှိ။ စကားပြောလျှင် အသံဝဲဝဲပြုံးပြုံးနှင့်မို့ သူ့စကားသံတွင် နစ်မြောသူများတတ်သည်။ ခုလဲ သူမက ပြုံးလဲ့လဲ့နှင့် အောင်နိုင်စကားကို ငေးစိုက်နားထောင်ရင်း ပတ်တီးများကို တိုင်းဆဖြတ်နေသည်။ ကျန်ကုတင်ရှိ ရဲဘော်တွေ ကလည်း ကုတင်ပေါ်မှ စြုပံ နားထောင်နေ သည်။ ကျန်တဲ့ ဆရာမ ၃၊ ၄ ယောက် ကတော့ မီးဖိုထဲ အလုပ်လုပ်ရင်းက နားစိုက် နေတော့ အောင်နိုင်တို့ မိုးပေါ် ကုတ်တက် ချင်တော့တာပေါ့လေ။
"ဒါပေမယ့် ဖြစ်ချင်တော့ ဆရာမရေ အဲဒီလမ်းက တော်တော်အသုံးဝင်တဲ့ လမ်းဆိုတော့ လာနေတဲ့ရန်သူက ဘယ်ဆီနေမှန်း မသိသေးဘူး။ ကျနော်တို့ ကျောင်းသား တပ်မတော်က ရဲဘော်တယောက် ရန်သူ့ လက်နက်ကြီးစ ခေါင်းကိုမှန်လို့ လူနာက အသည်းအသန် ဖြစ်နေပြီ၊ ဆေးရုံရှိရာ နောက်တန်းကို အနီးဆုံးနဲ့ အမြန်ဆုံး သယ်ဖို့ ဖြစ်လာတော့ ကျွန်တော်တို့ မိုင်းထောင်ထားတဲ့ လမ်းအတိုင်းလာခဲ့ဖို့ စစ်ရုံးက လမ်း ကြောင်းပေး ညွန်ကြားလိုက်တယ်။ ကျွန်တော်တို့ကိုလည်း အရေးကြီး ကိုယ့်လူနာ အရင်ဖြတ်မယ်။ မိုင်းခဏ ပြန်ဖော်ထားပေးဖို့ အမိန့်ပေးလာတယ်။ ကျွန်တော်တို့လည်း ချက်ခြင်း ပြန်ဖော်ပါတယ်။ ကျွန်တော်တို့ လူနာနဲ့အတူ ဒေသခံ စစ်ပြေးဒုက္ခသည်တွေလည်း ပါလာတယ်။ သူတို့ခမျာလည်း လမ်းကြောင်းက ပိတ်နေတာ ပွင့်တဲ့အခိုက် အားကိုးရှိတဲ့အခိုက် လိုက်လာကြတာ၊ လူတွေက မနည်းပါဘူး။"
အောင်နိုင်က စကားကို ရပ်ထားလိုက်သည်။ သူဆက်ပြောဖို့ နင်နေဟန်ရှိသည်။ ရဲဘော်မနဲ့ ကျန်ပရိသတ်ကလည်း အလိုက် သိစွာနဲ့ တိတ်ဆိတ် နေလိုက်ကြသည်။ ရဲဘော်မက လူနာတချို့ဆေးသွင်းထား သဖြင့် ဆေးစက် ပုံမှန်ကျ မကျ လိုက်စစ် နေသည်။ သူမ၏ ချစ်စရာ ရဲဘော်တွေ လေးစားကြတဲ့ အကျင့်လေးက အလုပ်နဲ့ လက်မပြတ်တတ်တာပဲ ဖြစ်သည်။
သူ့စကားကို အားလုံးက စိတ်ဝင်စား ဟန်ဖြင့် တိတ်ဆိတ်နေသောအခါ အားနာ တတ်သော အောင်နိုင်မှာ ခံစားချက်ထက် အားနာစိတ်က သူ့ကို ဖိထားလိုက်သည်။ သူ ကြာကြာ မတိတ်ရက်တော့။
"မိုင်းတွေ ပြန်ဖော်တော့ မိုင်းက တလုံး လိုနေတယ် ဆရာမရဲ့။"
သူမ၏ လှပသော နှုတ်ခမ်းလေးက ဆတ်ကနဲ ဟသွားသည်။ "ဘယ်လိုမှ ရှာလို့ မရတော့ဘူး၊ လူနာသယ်လာတဲ့ အဖွဲ့ကလည်း ကျွန်တော်တို့နေရာကို ဖြတ်တော့မယ်။ လှမ်းပြောနေပြီ။ ကျွန်တော်လည်း စိတ်တွေထူပူနေပြီ။ ကျွန်တော် ပြာချင် တိုင်းပြာ နေတဲ့အချိန်မှာ တပ်ခွဲမှူးက တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက် ပေးပါတော့တယ်။
"ကဲ … ရဲဘော်အောင်နိုင် မိုင်းတလုံးကတော့ ပျောက်နေတာ သေချာသွားပြီ။ ကျွန်တော်တို့ တပ်ကလည်း ဖြတ်တော့မှာ။ ဒီတော့ မိုင်းသမားဆိုတာ ကိုယ့်တာဝန် ကိုယ်ယူရတယ်။ ကအန်တော်တို့ အားနည်း ချက်ကြောင့် ကျွန်တော်တို့ မိုင်းဟာ ကျွန်တော်တို့ ရဲဘော် ပြန်မနင်းမိစေရဘူး။ ကျွန်တော်တို့ ပြည်သူတွေ မနင်းမိစေရဘူး။ ကဲ … ဒီတော့ မပေါ်တဲ့မိုင်း ပေါ်အောင် (ပေါက်အောင်) ခင်ဗျားနဲ့ ကျွန်တော်တို့ မိုင်းမြုပ်ထားတဲ့ နေရာတွေကို တခေါက်ထပ် ရှာကြသေးတာပေါ့။ (အောင်နိုင်က သက် ပြင်းကို လေးပင်နာကျင်စွာချလျက်) အဲဒီ မှာပဲ ကအန်တော့် တပ်ခွဲမှူး မိုင်းနင်းမိခဲ့ တာပါ"။
နားထောင်နေသူ အတော်များများ တိတ်ဆိတ်ငြိမ်သက်။ သူမကတော့ တွေ တွေ။ ဖြတ်နေတဲ့ ပတ်တီးစလေးကို လက်ထဲ ရစ်ချေရင်း ဆေးရုံကုန်းပေါ်မှ လှမ်းမြင်နေရ သော သံလွင်မြစ်ကြီးကို လှမ်းငေးနေသည်။ ပျိုစညနေရဲ့ နေခြည် နုနုနွေးနွေးတွေနဲ့ ဝင်းဝင်းလက်လက်အငွေ့တွေ သူမ မျက်လုံး မှာ စွန်းပေနေတာကို ဟန်ဆောင် မျက်စေ့ မှိတ်နေတဲ့ ကျွန်တော် အတိုင်းသား မြင်ခဲ့ ရတယ်။ ဆေးရုံအောက်ဘက် ကမ်းနားအစပ် ရဲဘော်ဘားတိုက်များဆီမှ ဟင်းရွက်စိုက်ခင်း ရေလောင်းရင်း အော်ဆိုလိုက်သော ရဲဘော်များရဲ့ သီချင်းတစက သူမရဲ့မျက်လုံးတွေကြား တမြေ့မြေ့ ဖြတ်သန်းသွားခဲ့တယ်။
"အနေဝေး … ရေဝေးမှာ … ဆုံးရှုံးရတော့မယ့် … ပြည်မှာဆောင်း"။
(၁ဝ)
ကျွန်တော်တို့တွေ ဒေါနကို ကျော်လာ ရာမှာ ခြေဖဝါးတိုင်းဟာ (ညီနေမယ် ထင်ခဲ့ တာပါ) စစ်သင်တန်းတွေကလည်း ဒီလို ညီရေ ကို အလေးထားခဲ့ကြတာပါပဲ။
ဘယ်ညာညီညီ လှမ်းခြင်းကိစ္စတွေမှာ ကအန်တော်ကတော့ မတတ်နိုင်တော့ပါ။ ဒီလို ဘယ်ညာ မညီမညာနဲ့ပဲ ရှေ့ခရီးကို ကျွန်တော် ဆက်သွားနေမှာပါ။ ခုလို သံလွင်ရေကြည် စိမ်းစြုပနေပြီဖြစ်တဲ့ နွေရက်တွေ ကျွန်တော်တို့ ရှေ့ကို ရောက်လာခဲ့ပြန်ပြီ ရဲဘော်မ။ တောမီးတွေလည်း လောင်စြုပနေပါပြီ။ မီးလောင်မြေ မည်းမည်းပေါ်က ပုတတ်စာ လှလှလေးတွေ ထိုးခွဲ ထွက်လာတာကို ရဲဘော်မ ပထမဆုံးမြင်တော့ အို … အံ့အားသင့် နုပျိုရွန်းစိုသွားတဲ့ မျက်နှာလေးကို ဒီဒေါန တောင်တန်းကြီးကလည်း လိုက်ရှာနေလိမ့်မယ်။
လျှပ်စစ်မီးရောင်တွေ လင်းလက်ပြိုးပျက် နေတတ်တဲ့ ကြွေရောင်တွေ ရောင်ပြန် လက်ကြွနေတဲ့ ကွန်ကရစ်အခင်းမြေမှာ ပုတတ်စာပင်လေးတွေ ပေါက်နိုင်မပေါက်နိုင် ကျွန်တော်တို့ မသိတတ်ကြပေမည့် သတိရခြင်း အဆိပ်ပြေစေဖို့ ပုတတ်စာလေးတပင် တလေတော့ ရဲဘော်မနားမှာ ရှိနေပါစေလေ။
နေထွက်လာတာ၊ အထူးသဖြင့် နေဝင် သွားတာတွေကို တခုတ်တရ ငေးနေတတ် လေ့ရှိတဲ့ ရဲဘော်မအတွက်လည်း အဲဒီ ဒေသမှာ နေလုံးကြီးရှိနေပါစေ။ အဲဒီနေလုံးကြီး လွတ်လွတ်ကအတ်ကအတ် မှိန်လျှဖျော့ကျ သွားတတ်တဲ့ ကျယ်လွင့်ခြင်း ဟင်းလင်းပြင်နဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေလဲ ရဲဘော်မ အနားမှာ တည်နေပါစေ။
မာနယ်ပလော ထီးပါဝီကျိုး တိုက်ပွဲရက်များမှာ ရဲဘော်တွေ ရှေ့တန်းသွားဖို့ စက်လှေပေါ် တက်နေတာတွေ၊ ရှေ့တန်းက အပြန်ရက် တပ်ရင်းစက်လှေဆိပ်ဟာ ရဲဘော် စကားတွေနဲ့ ညံညံပွက်ပွက် ဖြစ်နေတာ တွေ၊ မျက်ရည်ဝနေတဲ့ ရဲဘော်မရဲ့ မျက်ဝန်းထဲမှာ ဒီက ရဲဘော်တွေနဲ့ အစားထိုး အလွမ်းမဖြေတတ်တဲ့ ရဲဘော်မရေ… တောင်ယာ ကောက်သင်းနံ့လေးတွေကို နိုင်ငံတကာလေဆိပ်မှာ အငမ်းမရ ရှာနေဦးမှာလား။ ရန်သူမျိုးငါးပါး ပိုအားကောင်းတဲ့ ခေတ်ထဲမှာ ကိုယ့်တောင်ယာကိုယ် ရိတ်သိမ်းခွင့်ရ လိုက်တဲ့ တောပုန်း တောင်သူကြီး တယောက် ဟောဒီညနေကို ထိုင်ငေးနေပုံများ ရဲဘော်မကို ပြောပြချင်သေးတယ်။
(၁၁)
စစ်ရေးချုပ် မြို့ပေါ်က ပြန်လာတော့ ရဲဘော်မထံက အီးမေးလ်နဲ့ စာပို့လာသတဲ့။ ရဲဘော်တွေ ဆူညံနေတယ်။
ရဲဘော်မက ကျွန်တော်တို့ကို အသက် ရှူမိခြင်းနဲ့အမျှ သတိရနေရှာသတဲ့။ သူ့ယောကျာ်းကလည်း အင်္ဂလိပ်ပေမဲ့ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ တော်လှန်ရေးကို အားပေးသတဲ့။ ရဲဘော်မဟာ သံလွင်ရေ ကြည်ချိန်ရယ်၊ တောမီးလောင်ချိန်ရယ်၊ မီးလောင်ပြင် မည်းနက်နက်ပေါ်မှ ပုတတ်စာ ဖြူဖြူလွလွလေးတွေရယ်၊ ရဲဘော်များကို လွမ်းစိတ်ရယ်တွေ အတွက် ဘီဘီစီကနေ သီချင်း ခဏခဏ တောင်းပေးသတဲ့။
ဒါပေမယ့် ဘီဘီစီက…။
ထက်မိုး
ချေကွေဗားရား ဖျော်ရည်များ
ရဲဘော်ထွန်းလင်း
၁၉၈၈ခုနှစ် စစ်တပ်မှ န၀တမှ အာဏာသိမ်းပြီး နောက်ပိုင်းတွင် နယ်မြေဒေသအလိုက် ထိုင်းမြန်မာနယ်စပ် ကေအင်န်ယူ ထိန်းချုပ်ရာ ဒေသတွင် ABSDF (ဗဟို) ကျောင်းသားတပ်မတော် (ဗဟို) အနေဖြင့် ပေါ်ပေါက်ခဲ့ပြီး ၎င်း၏ နိုင်ငံရေး ဦးဆောင်မှုအောက်မှနေ၍ မြန်မာပြည် (မြောက်ပိုင်း) တရုတ် မြန်မာနယ်စပ် ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေတွင် ABSDF(NB) ကျောင်းသားတပ်မတော် (မြောက်ပိုင်း) လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ပေါ်ထွန်းလာခဲ့သည်။
ယင်းကဲ့သို့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့အနေဖြင့် ပေါ်ထွန်းလာပြီး စစ်ဆင်ရေးများကို ဆင်နွဲနေသော်လည်း တဖက်မှနေ၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပပျောက်ခြင်း မရှိစေရန်အတွက် လည်းကောင်း၊ အာဏာသိမ်း စစ်အုပ်စုများ သရုပ်မှန်များကို ဖေါ်ပြလိုသည့် အတွက်လည်းကောင်း၊ သမိုင်းမှန်များကို ထင်ကျန်ရစ်စေရန်အတွက် လည်းကောင်း စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသားတပ်မတော် (မြောက်ပိုင်း)မှ နေ၍ "ချေကွေဗားရား ဖျော်ရည်များ" အမည်ရှိ သံချပ်ခွေအား ၁၉၉၆ခုနှစ် သင်္ကြန်ကာလတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ တော်လှန်ရေးနယ်မြေရောက် အဖွဲ့အစည်း အသီးသီး ရှိခဲ့ကြသော်လည်း ယခုကဲ့သို့ သံချပ်ခွေထုတ်ဝေဖြန့်ချိခြင်း ယင်းအချိန်ထိ မည်သည့် အဖွဲ့အစည်းမျှ ပြုလုပ်ခဲ့ဘူးခြင်း မရှိသလို တော်လှန်ရေးနယ်မြေရောက် ပထမဦးဆုံးသော သံချပ်ခွေလည်းဖြစ်ပါသည်။
၁၉၉၄ ခုနှစ်တွင် ကေအိုင်အေနှင့်နအဖ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း မိမိတို့ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်များသည် ကေအိုင်အေဖြင့် တွဲဖက်လှုပ်ရှားနေသော ရှေ့တန်းစစ်မျက်နှာများမှ ဆုတ်ခွာလာခဲ့ရပြီး နောင်ရာပါ ဒေသတွင် တပ်ရင်းစိုက် အခြေချ နေထိုင်ခဲ့ရသည်။ ယင်းကဲ့သို့ နောက်တန်းတွင် နေထိုင်နေရသည့် အချိန်တွင် မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)အနေဖြင့် ရဲဘော်များ၏ စိတ်ဓါတ်ကြံ့ခိုင်ရေး၊ သဘောတရား မွမ်းမံသင်တန်းများ ဖွင့်လှစ်ခြင်းများ၊ စစ်ဆင်ရေး မွမ်းမံသင်တန်းများ သင်ကြားပေးခြင်း၊ စာပေမတတ်ခဲ့သော ရဲဘော်ရဲမေများအား ကျောင်းဆောက်လုပ်ပြီး အခြေခံမူလတန်း ကျောင်းစာပေများ သင်ကြားပေးခြင်းများ၊ မိမိတို့တပ်ရိက္ခာနှင့် ဒေသနေပြည်သူများ သက်သာချောင်ချိ စေရန်အတွက် စိုက်ပျိုးမွေးမြူရေးများ ပြုလုပ်၍ နေထိုင်နေခဲ့ရသည်။
၁၉၉၆ခု သင်္ကြန်ကာလသို့ ရောက်ရှိချိန်တွင် တဘက်မှလည်း စစ်ရေးမွမ်းမံလေ့ကျင့်မှုများ၊ စိတ်ဓါတ်ကြံခိုင်ရေးများ၊ သဘောတရားရေးသင်းတန်းများ ဘက်စုံပြည့်ဝခိုင်မာသည့် ကျောင်းသားတပ်မတော်ဖြစ်မြောက်အောင် ပြုလုပ်နေသလို တဖက်မှလဲ မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်မြင့်တင်ရေးဌာန (People Ralation and Encourage Team) မှ ဦးစီးကာ သံချပ်ခွေထုတ်ဝေဖြန့်ချိရန် ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ရာတွင် မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ရှိ တပ်ရင်းများနှင့် ရုံးဌာနအသီးသီးမှ ရဲဘော်များအားလုံးသို့ ရေသားသီကုံး ခိုင်းခဲ့ပြီး ရရှိလာသော သံချပ်များအား စုစည်းကာ "ချေကွေဗားရားဖျော်ရည်များ" အမည်ဖြင့် သံချပ်ခွေကို ထုတ်ဝေဖြန့်ချိ ခဲ့ခြင်းဖြစ်သည်၊၊
အဆိုပါ သံချပ်ခွေ အမည်နာမနှင့် ပတ်သက်၍ သံချပ်ခွေအမည်နာမ ရွေးချယ်ပေးခဲ့သူ ကျောင်းသားရဲဘော်တဦး၏ ပြောပြချက်အရ သံချပ်ခွေခေါင်စဉ်အား "တော်လှန်သူတို့၏သင်္ကြန်" ဟု အစကနဦးက သတ်မှတ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် တော်လှန်သူတို့ ဆိုသော စာသားအစား တချိန်က တောင်အမေရိကတိုက်တွင် လက်နက်ကိုင်တော်လှန်ရေး သမားတဦးအဖြစ် ထင်ရှားခဲ့သော ချေကွေဗားရား အမည်အား လက်နက်ကိုင် တော်လှန်ရေးသမားများ၏ သင်္ကေတအဖြစ် သုံးထားခဲ့ပြီး မြန်မာ့ရိုးရာအတာ သင်္ကြန်၏ သင်္ကေတအဖြစ် ဖျော်ရည်ကို ယူကာ ယခုလို "ချေကွေဗားရား ဖျော်ရည်များ" အမည်သို့ပြောင်းလဲ သတ်မှတ်ခဲ့သည်ဟု သိရှိရသည်၊
၁၉၉၇ ခုနှစ် ရောက်ရှိချိန်တွင် မိမိတို့ကျောင်းသားတပ်မတော်သည် ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေအတွင်းတွင် လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့အသွင်ဖြင့် ဆက်လက် ရပ်တည်ခွင့် မရရှိခဲ့တော့ချေ။ သို့ဖြစ်၍ မိမိတို့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) တပ်ဖွဲ့ဝင်များသည် ယင်းနယ်မြေမှ စွန့်ခွာက အခြား လက်နက်ကိုင် တော်လှန်နေသော တိုင်းရင်းအဖွဲ့အစည်းများထံ ပူးပေါင်း၍ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွဲ၍ လည်းကောင်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြင့် ပူးပေါင်းမှုမရရှိခဲ့ပဲ ကျန်ရှိနေသော ရဲဘော်များမှလည်းကောင်း မိမိတို့ ကျောင်းသားတပ်မတော်၏ ရည်မှန်းချက်၊ ဦးတည်ချက် များကို ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး တိုက်ပွဲဝင်လျက် ရှိနေခဲ့ပါသည်၊၊ အသွင်ပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တွန်းလှန်နေလျက် ရှိနေကြပါသည်။ သို့သော် မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) အနေဖြင့် ဆက်လက်၍ သံချပ်ခွေများအား ထုတ်လုပ်ဖြန့်ချိနိုင်မှု မပြုလုပ်နိုင်ခဲ့တော့ချေ။
ယခုလို ၂၀၀၈ခုနှစ် သင်္ကြန်ရောက်လာတော့မည့် ကာလတွင် ၁၉၉၆ခုနှစ် အာဏာသိမ်း စစ်အုပ်များ၏ သရုပ်မှန်များ၊ မြန်မာ့နိုင်ငံရေးတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေမှန်များ၊ န၀တ စစ်အစိုးရလက်အောက် ပြည်သူများ၏ ဖြစ်ပေါ်ခဲ့သော လူမှုဒုက္ခ အ၀၀ အထွေထွေ တို့ကို နှိုင်းယှဉ် လေ့လာ ပြန်လည် အမှတ်ရ သိရှိနိုင်ရန် အတွက် ယခုလို မြန်မာပြည် အနောက်ပိုင်း အိန္ဒိယနယ်စပ်မှ နေ၍ "ဘုန်းဘုန်းချမှ လုံးလုံးရမည်" ဆိုသည့် သံချပ် ထုတ်ဝေဖြန့်ချိ လာချိန်တွင် ကျောင်းသားတပ်မတော် (မြောက်ပိုင်း)မှ ထုတ်ဝေဖြန့်ချိခဲ့ဘူးသော "ချေကွေဗားရား ဖျော်ရည်များ" အမည်ရှိ သံချပ်ခွေအား ပြန်လည် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်ပါသည်။
လွတ်မြောက်နယ်မြေမှ ပထမဦးဆုံး ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့ ရဲရဲတောက်သံချပ်များ
(ပြည်သူ့အသံ ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။ သံချပ်သီချင်းမှားကို နားဆင်လိုပါက ယခုနေမှ သွားရောက် နားဆင်နိုင်ပါတယ်ခင်ဗျား)
ရန်ရောက်, ငါပျောက်သွားတဲ့ရွာကလေး (သို့) ဟိုကေ ရုပ်ပုံလွှာ
ညိုထက်(လမ်းသစ်ဦး)
(၁)
သံလွင်က ထုံးစံအတိုင်းမာယာများဆဲပင်။ မာယာများသော်လည်း တန်ဖိုးက မြင့်မားဆဲ။
"သံလွင်စစ်တောင်း … ညာလက်မောင်းဟေ့"
ဝဲရိုက်၊ ၀ဲသွင်း၊ ၀ဲပြန်များဖြင့် သံလွင်အော်သံက အရိုင်းဆန်ဆန် ဝေစီနေသည်။ ကျနော်ကတော့ သံလွင်အော်သံကို လူရိုင်းတို့၏ ဗုံသံကဲ့သို့ နာခံနေမိသည်။ စည်းချက်ကလေး၊ နရီကျဲကျဲ တချက်ချင်းတီိးခတ်နေသည့် သံလွင်ဗုံသံ။ အဲဒီ သံလွင်ဗုံသံလေးပင်ပင်ထဲ ရံဖန်ရံခါ စိတ်လိုလက်ရ သံရှည်စွဲမှုတ်သွင်းလိုက်သည့် နှဲခရာသံလို အစုန်အဆန် စက်လှေမောင်းသံများ။ ကျောက်ဆောင်တွေကို ခလုတ်တိုက်စီးဆင်းနေသည့် ရေစီးသံသည်လည်း သံလွင်ရဲ့ တိုးညှင်းသည့် ဂီတသံပင်။ ရေကျချိန်ဖြစ်သောကြောင့် ကမ်းစပ်က ငွေရောင်ဖြူလွှမွမွ။ ခြေလှမ်းလှမ်းလိုက်တိုင်း ကျွံဝင်မသွားဘဲ အိအိထွေးထွေးဖြစ်သွားသည်ကပင် သံလွင်ကမ်းပါးလမ်းလျှောက်ခြင်း အနုပညာဟုထင်သည်။
အိထွေးသည့် အဖြူရောင်ကမ်းဘေးအတိုင်း လျှောက်လာခဲ့သည်။ ကျနော်တို့စခန်းနှင့် မလှမ်းမကမ်း ၀ါးရုံပင်တန်း၊ တောအုပ်စိမ်း လန်းကြား ထောင်တက်သွားသည့် သဲဖြူခင်း လမ်းကလေးရှိသည်။ ကျနော် ထိုလမ်းကလေးအတိုင်း တက်လာခဲ့သည်။ ဒီတောင်ကုန်းကလေး အပေါ်မှာ တိတ်ဆိတ်စွာ နောက်ပြီး ရင့်ကျက်စွာတည်နေသည့် ရွာကလေးရှိသည်။
ရွာအမည်က "မငဲလူ"။
(၂)
ကျနော် သဲဖြူလမ်းကလေးအတိုင်း တက်လာခဲ့သည်။ သိပ်အဝေးကြီးတော့ မဟုတ်။ "မငဲလူ" ဟူသည်ကပင် "တောင်ကမူ" ဟု အဓိပ္ပာယ်ရသည့် ကရင်စကားဖြစ်သည်။ သံလွင်ကမ်းပါးမှ တောင်ကမူလေးပေါ်တွင် တည်ထားသောကြောင့် ထိုအမည်ပေးထားသည်ဟု ထင်သည်။
ရွာထိပ်ကိုရောက်သည်နှင့် မြင်ကွင်းပြောင်းနေသည်ကို သတိထားမိသည်။ ယခင်က ရွာကိုတက်လိုက်သည်နှင့် မူလတန်းကျောင်း ကလေးကို တန်းမြင်ရသည်။ ကားခွေကို ကျောင်းတက်ခေါင်းလောင်းအဖြစ် ဖန်တီးထားသည့် စာသင်တဲကျောင်းကလေး။ ထိုတဲကျောင်းက လေး၏နေရာတွင် ၀က်ခြံများကရှိနေသည်။ မေးကြည့်တော့မှ စာသင်ကျောင်းနှင့်ဘုရားကျောင်း တွဲထားကြောင်းသိရသည်။
ရွာက တောင်ပေါ်ကရင်ရွာဖြစ်သည်။ ခွေး၊ ကြက်၊ ၀က်တို့က ရွာလမ်းမ၊ အိမ်အောက်နှင့် ရွာအခြေတောအစပ်များတွင် ဥဒဟို သွားလာနေကြသည်။ သူတို့မွေးသော ၀က်များက တောဝက်မျိုးနွယ်ဟု ထင်သည်။ မျက်နှာချွန်ချွန် အလျှားရှည်ပြီး ဗိုက်ပူနံကားဖြစ်နေသည်။ တချို့ဝက်များဆို အစွယ်များပင် ထွက်နေသည်။ ရွာအခြေ တောအစပ်တွင် ၀က်တချို့ကို မြေတူးနေသည်ကိုပင် တွေ့ရသည်။ အဖီး (အဖွား) တို့က လှမ်းထားသော ငြုပ်ဗန်းများကို လာလာရန်ရှာတတ်သည့် ကြက်များအား တုတ်တချောင်းနှင့် မောင်းထုတ်နေသည်။ တချို့လူတွေက တောင်ယာထွက်သီးနှံများကို ပလိုင်းဖြင့်ထမ်း၍ တောင်ယာမှ ပြန်လာသူများကိုလဲ တွေ့ရသည်။ တချို့သော အမျိုးသားကြီးများကတော့ လွယ်အိတ်တလုံး တူမီးသေနတ်တလက်ဖြင့် ဆေးတံခဲလျှက် တောလည်ထွက်ရန် ပြင်ဆင်နေသည်ကိုလဲ တွေ့ရသည်။ စပါးမှည့်ချိန်ဖြစ်သော ကြောင့် တောဝက်တွေ တောင်ယာမှာ စပါးလာစားတတ်သည်မဟုတ်လား။ ဂျီနှင့်ပွေးများလဲ ဆောင်းဦးပေါက်မှ ထွက်လာတတ်သည်။ သင်းခွေ ချပ်ကတော့ သူတို့အတွက် တန်ဖိုးမြင့်သားကောင်ဖြစ်သည်။ တကီလိုလျှင် ၈၀၀ မှ ၁၂၀၀ ဘတ်အထိ ရတတ်တယ် မဟုတ်လား။
"စေးမူဝါး" တွေကတော့ ဆေးတံခဲရင်း စပါးထောင်းနေကြသည်။ "စေးမူဝါး" တောင်ပေါ်ကရင်များက ၀တ်ဆင်သည့်အင်္ကျီအ ရောင်ဖြင့် အပျိုမ အအိုမကိုခွဲခြားကြသည်။ "စေးမူဝါး" သည် ကရင်သင်တိုင်းရှည် အဖြူရောင်ဝတ်ဆင်ထားသည့် တောင်ပေါ်ကရင်အပျိုမဖြစ် သည်။ အအိုမများက သင်တိုင်းအနက်နှင့် လုံချည်တွဲ၍ ၀တ်ဆင်ကြသည်။
"မငဲလူ" သည် တောင်ပေါ်ကရင်ရွာဖြစ်သော်လဲ ရိုးရာနတ်စားကိုသာ ကိုးကွယ်ယုံကြည်ကြသူချည်းမဟုတ်။ ခရစ်ယာန်နှင့်နတ်စား ပင်ကျော်ပင်ကျ ရက်လုပ်ထားသည့် ဂျက်ခုတ်ထည်နှင့်တူသည့် ရွာကလေးဖြစ်သည်။ "မငဲလူ" တွင် နှစ်ခြင်းခရစ်ယာန်များရော၊ ရိုးရာနတ်စား သူများပါရှိသည်။ ဒီဇင်ဘာတွင် ခရစ္စမတ်ပွဲကျင်းပသလို၊ ၀ါခေါင်လတွင် လက်ချည်ပွဲကျင်းပသည်။ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းများတက် သည့်လူများရှိသလို တောင်ယာခုတ်ချိန်၊ တောင်ယာရိတ်သိမ်းချိန်နှင့် ကျန်းမာရေးမကောင်းလျှင် "လိပ်ပြာပွဲ" လုပ်သူများလဲ ရှိသည်။ ရွာတွင် ဓမ္မဆရာရှိသလို ကြက်ရိုးထိုးဆရာလဲရှိသည်။
နတ်စားသည့်ဓလေ့ကတော့ "မငဲလူ" တွင် မရှိသလောက်ဖြစ်သွားပြီ။ ကြက်ရိုးထိုးသည့် ဓလေ့ကတော့ရှိသည်။ တောင်ပေါ်ကရင် များ ကျန်းမာရေးမကောင်းလျှင်၊ အပျိုလူပျိုများအိမ်ထောင်ရက်သားပြုတော့မည်ဆိုလျှင် သူတို့၏ ကံကြမ္မာကိုကြည့်ရန် ကြက်ရိုးထိုးကြသည်။ ကြက်ရိုးထိုးသည့် လုပ်ငန်းစဉ်ကို ရှင်းပြကြသော်လဲ ကျနော်ဘယ်လိုမှ နားမလည်။ ထို့ကြောင့် ကောက်ချက်ချမိသည်။ ကျနော်က လူဗိန်း၊ ကြက်ရိုးထိုးတယ်ဆိုတာက အကဲ့ဒမစ်လုပ်ငန်း၊ ပညာရှင်လုပ်ငန်း။ တချို့ကိစ္စတွေက ပညာရှင်တွေကလွဲလို့ ကျနော်တို့လို သာမန်လူတွေနား မလည်နိုင်။
ရွာကလေးက တကြောင်းထိုးတက်လာပြီး ဘယ်ဘက်သို့ လမ်းတကြောင်း ဖျာဆင်းသွားသည်။ ၀က်ခြံ၊ စပါးကျီနှင့် တဲအိမ်များဖြင့် သိပ်သိပ်ထိုးထိုးတည်ထားသည့် ရွာကလေး။ အိမ်အများစုကို အင်ဖက်ဖြင့်မိုးထားသော်လဲ တချို့အိမ်များက အင်ဖက်မဟုတ်။ ၀ါးပိုးဝါးကို ထက်ခြမ်းခြမ်းကာ အဆစ်ဟပ်ပြီး ပက်လက်မှောက်ခုံလုပ်၍ မိုးထားသည်။ ဘုရားကျောင်းကတော့ သွပ်မိုးဖြင့် …….။
ကလေးငိုသံ၊ ၀က်အော်သံ၊ ကြက်အော်သံ၊ ခွေးဟောင်သံ၊ မောင်းထောင်းသံ၊ ကြက်မောင်းသံ၊ ကရင်ဘာသာစကားဖြင့် တဦး နှင့်တဦး ပြောနေကြသံ၊ ရယ်မောသံ၊ အော်ငေါက်သံတို့ဖြင့် ရွာကလေး "မငဲလူ" က သက်ဝင်လှုပ်ရှားနေတော့သည်။
(၃)
မူလက "မငဲလူ" ကို "ဟိုကေ" ရွာဟု သိထားသည်။ အမှန်ပြောရမည်ဆိုလျှင်လဲ "မငဲလူ" သည် "ဟိုကေ" ပင်ဖြစ်သည်။ "မငဲလူ" ရွာတွင် နေထိုင်ကြသူများသည် မူလ "ဟိုကေရွာ" မှ ပြောင်းလာကြသူများဖြစ်သည်။ "ဟိုကေ" ၏ အဓိပ္ပာယ်က "ရပ်လိုက်တော့" ဟူသော အဓိပ္ပာယ်ဟု သိရသည်။ မည်သည့် အနက်ကောက်မှု အမှတ်အသားဖြင့် ရွာအမည်ကို ထိုသို့ပေးခဲ့ကြသည်မသိ။ ရွာကလေးကတော့ စစ်မြေ ပြင် ကျေးလက်ဒေသရဲ့ ပြောက်ကျားစခန်းဆန်ဆန် ရွေ့ပြောင်းကျေးလက်ရွာဖြင့် သူ့အသက်ဓာတ်ကို ဆန့်ထုတ်ရှင်သန်ခဲ့ရသည်။ "ဟိုကေ" သည် "မငဲလူ" ဘ၀ရောက်သည်အထိ (၃) ကြိမ်တိုင် ရွေ့ပြောင်းအခြေချ ရှင်သန်ခဲ့ရသည်။
ရိုင်းစိုင်းဖောက်ပြန်သည့် ဖိနှိပ်သူနှင့် လူမျိုးပေါင်းစုံအဖိနှိပ်ခံတို့ကြား အကျိုးစီးပွားခြင်း ပြင်းထန်သည့်ပဋိပက္ခဖြစ်နေကြသည့် နိုင်ငံ တိုင်းတွင် လူထုအကျိုးစီးပွားဘက်မှ ရပ်ခံပေးမည့် နိုင်ငံရေးတပ်ဦးအဖွဲ့အစည်းနှင့် တော်လှန်သော တပ်မတော်တရပ်မရှိလျှင် အဖိနှိပ်ခံလူ မျိုးပေါင်းစုံ ပြည်သူလူထုသည် အကြွင်းမဲ့လည်စင်းခံပေးရုံသာ ရှိတော့မည်ဖြစ်သည်။ ထိုနိုင်ငံရေးတပ်ဦးအဖွဲ့အစည်းနှင့် တော်လှန်ရေးတပ် မတော်တို့၏ ကံကြမ္မာနှင့် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတို့၏ ကံကြမ္မာတို့က တဆက်တစပ်တည်းဖြစ်သည်။ အဖိနှိပ်ခံ ပြည်သူလူထု၏ တည်ငြိမ်မှုသည် လူထုနိုင်ငံရေးတပ်ဦးအဖွဲ့အစည်းနှင့် တော်လှန်သောတပ်မတော်တို့၏ အားကောင်းတည်ငြိမ်မှုနှင့် တထပ်တည်းဖြစ်သည်။ ကရင်အမျိုးသားများအတွက်ကတော့ KNU နှင့် KNLA သည် အမျိုးသားတပ်ဦးနှင့်တော်လှန်သော အမျိုးသားတပ်မတော်ပင်ဖြစ်သည်။ KNU နှင့် KNLA အားကောင်းတည်ငြိမ်လျှင် ကရင်အမျိုးသားများ အေးချမ်းတည်ငြိမ်မည်။ KNU နှင့် KNLA အားနည်းလျှင် ကရင်အမျိုးသားတည်ငြိမ် အေး ချမ်းရေး အားနည်းမည်။ "ဟိုကေ" သည်လဲ ထိုနည်းနှင်နှင်။
"ဟိုကေ"သည် KNU နှင့် KNLA အားကောင်းမောင်းသန်ကာလက "မယ့်ခေါင်" ချောင်းကလေးအား မေးတင်၍ အေးချမ်းစွာနေခဲ့ဖူး သည်။ ၁၉၉၅။ DKBA ၏ အမျိုးသားသစ္စာဖောက်မှုကြီးဖြစ်ခဲ့သည်။ DKBA က တနိုင်ငံလုံး၏ ဘုံရန်သူဖြစ်သော သောင်းကျန်းသူ နအဖနှင့် ပူး ပေါင်းခဲ့သည်။ DKBA နှင့် နအဖတို့မှ အကောက်ကျစ်အစဉ်းလဲဆုံး ထိုးစစ်ဖြင့် KNU အား ထိုးစစ်ဆင်ခဲ့သည်။ KNU ၏ အားကောင်းမောင်းသန် ပျယ်လွင့်ခဲ့ရသည်။ မာနယ်ပလော အခြေခံစခန်းကို စွန့်လွှတ်ရသည်။ အမျိုးသားတပ်ဦးအဖွဲ့အစည်းနှင့် တော်လှန်သော တပ်မတော်အားနည်း သည်နှင့်အမျှ ကရင်တိုင်းရင်းသားတို့၏ အခြေခံဒေသကြီးတခုလုံး တည်ငြိမ်မှုသည်လဲ ပျက်ပြားလာခဲ့သည်။ ကရင်ကျေးရွာပေါင်းများစွာ ပျက်ပြားခဲ့ရသည်။ ကရင်အမျိုးသားပေါင်းများစွာ တောတောင်တွေထဲ ကစဥ့်ကလျားပုန်းအောင်းထွက်ပြေးရသည်။ ရွာပုန်းရွာရှောင်များလဲ မြောက်များစွာ ပေါ်ထွက်လာခဲ့သည်။ စစ်ပြေးဒုက္ခသည်များအဖြစ် ထိုင်းနိုင်ငံထဲသို့ ၀ရုန်းသုဉ်းကား ထွက်ပြေးခဲ့ရသည်။ "ဟိုကေ" သည်လဲ ထိုနည်းနှင်နှင်။
"ဟိုကေ"သည် ထိုအချိန်မှစ၍ ရွှေပြောင်းကျေးရွာအဖြစ် ရင်သန်ရေးအတွက် အသက်ဆက်ရသည်။ ထိုစဉ်က "ဟိုကေ"သည် သာတောင့်သာယာ ရွာကလေးတရွာ ဖြစ်ခဲ့ပေလိမ့်မည်ဟု ကျနော်တွေးကြည့်မိသည်။ ကျနော် "ဟိုကေ" ရွာဟောင်းနေရာကို ၂၀၀၄ ခုနှစ် လောက်က ရဲဘော်တွေနှင့် လိုက်သွားရင်း ရောက်ဖြစ်သည်။ ထိုအချိန်အထိတိုင် တောခြိုအုံကြားထဲမှ "ဟိုကေ"၏ ရုပ်ပုံလွှာကို ရေးရေးပါးပါး တွေ့နေရသည်။ အုန်းပင်များ၊ ကွမ်းပင်များ၊ ကွမ်းသီးပင်များ၊ ပိန္နဲပင်များနှင့် ဒညင်းပင်များက ပိုင်သူမဲ့ အထီးကျန်စွာ တိတ်တိတ်ဆိတ်ဆိတ် မားမားရပ်လျက်။ ခြံစည်းရိုးသဏ္ဍာန် ပုံဖေါ်ယူ၍ရရန် သနပ်ခါးစပ်အပင်များ၊ ရွက်လှပန်းပင်များ၊ ဇော်စိမ်းပင်များနှင့် ခြံစည်းရိုးပင်များကို မြင်ခဲ့ရသည်။ လွမ်းစရာ။ သူ့အိမ်၊ သူ့ခြံ၊ သူ့ဝန်းနှင့် နေခဲ့သည့် ရွာကလေး ပျက်စီးခဲ့ရပြီ။ ဆက်ကြည့်ရင်း တွေ့ခဲ့ရသည်က မီးသင့်လောင်မြိုက် ခံထားရသည့် အိမ်တိုင်များ။ ဩော်…သူတို့ "ဟိုကေ"ကို မီးရှို့သတ်ခဲ့ကြတာကိုး။
နအဖနှင့် DKBA စစ်ကြောင်းများ တဖြည်းဖြည်း ပါးလျှကင်းရှင်းလာသည့်အခါ ကစဥ့်ကလျား တောတောင်များအကြား ပုန်းအောင်းပြေးလွှား နေကြသူများ ပြန်လည်စုစည်းပြီး "ဟိုကေ"ကို ရွာပုန်းအဖြစ် ထူထောင်ကြသည်။ ရွာဟောင်းနှင့် ဝေးဝေးလံလံကြီးတော့ မဟုတ်။ တောင်တန်းတကြောအကျော်တွင် ဖြစ်သည်။ သံလွင်နှင့် ပို၍နီးလာသည်။
ဒုတိယ ဟိုကေ ကိုတော့ အသက်ရှင်လျက် မြင်ခဲ့ရောက်ခဲ့ဖူးသည်။ တောင်စောင်းအစောင်းအတိုင်း ကုတ်ကုတ်ကပ်ကပ် ဆောက်ထားသည့် ရွာကလေး။ ခွေးသံ၊ ဝက်သံ၊ ကြက်သံနှင့် မောင်းထောင်းသံများဖြင့် ရွာကလေး။
တောင်ပေါ်ကရင်ကျေးလက်ရနံ့ စူးနစ်နေသည့်ရွာကလေး။ ထိုဒုတိယ"ဟိုကေ"သည်လည်း ၂၀၀၂ ကျောင်းသားတပ်မတော်ကို နအဖစစ်အုပ်စုမှ ထိုးစစ်ဆင်သည့် တိုက်ပွဲတွင် သောင်းကျန်းသူနအဖမှ မီးရှို့ဖျက်ဆီး လိုက်ပြန်သည်။ ရွာသားများကတော့ တော၊ တောင်၊ လျှိုမြောင်များအကြား ပုန်းအောင်း ထွက်ပြေးခဲ့ကာ "ဟိုကေ"ကို ထားခဲ့ရသည်။ ရန်သူစစ်ကြောင်းများ ရှင်းလင်းမှ သံလွင်ကမ်းပါးတွင် ရွာတည်သည်။ ဒီတခါတော့ "ဟိုကေ"ဟု မခေါ်တော့။ ရွာအမည် ပြောင်းသွားသည်။ "မငဲလူ" ဖြစ်သွားသည်။
"ဟိုကေ"ရွာလေး၏ ဖြစ်စဉ်များကို အတိတ်လှန်တူးဆွကြည့်ရင်း ဇာတိချစ်စိတ်ကို ထင်းလင်းမြင်သာ တွေ့ထိလိုက်ရသည်။
"ဟိုကေ"သည် "မငဲလူ" ဘဝထိတိုင် "အခါတရာပျက်၊ အခါတရာတည်ဆောက်" စိတ်ဓာတ်ကို အခိုင်အမာ ထူထောင်သွားခဲ့သည်။ ကရင်အမျိုးသားတို့၏ ဇွဲနှင့် သတ္တိတို့ကိုလည်း တွေ့ရသည်။ ရန်သူများ ရောက်လာသည့်အခါ ရွာသားများပျောက်သွာသည်။ ရန်သူသည် လူသူကင်းမဲ့နေသည့် ရွာအခွံကိုသာ တွေ့ရမည်။ ရန်သူများ ထိုနေရာမှ ထွက်ခွာသွားသည်နှင့် သူတို့ပြန်ရောက်လာကြသည်။ ရွာကို ပြန်တည်ကြသည်။ "ဟိုကေ"က ရန်သူနအဖကို သူ့နည်းသူ့ဟန်ဖြင့် သရော်လှောင်ပြောင် တိုက်ပွဲဝင်နေခြင်းဟုပင် တွေးမိသည်။ ရန်သူစစ်အုပ်စုသည် "ဟိုကေ" ရွာကလေးကိုပင် ပျက်အောင် မဖျက်နိုင်။ ရွာကို ရန်သူစစ်အုပ်စုက မီးရှို့ဖျက်သည်ကို ရွာသားများက စိတ်ဓာတ်မကျ။ အလံမလှဲ။ နည်းပရိယာယ်ကောင်းကောင်းဖြင့် ရန်သူစစ်အုပ်စုကို အံတုတိုက်ပွဲဝင်ခဲ့သည်။
လေးစားမိပါတယ် ရန်ရောက်၊ ငါပျောက်ရွာလေးရယ်…..။
ညိုထက်(လမ်းသစ်ဦး)။
သူပုန်တယောက်၏ နိဒါန်း
ရွှေအိမ်စည်
နှစ်နာရီမျှ ကျနော်တို့ လျှောက်ခဲ့ပြီးသည့် အခါတွင်မူ ကားသံများအား သဲ့သဲ့ ကြားရပြီ ဖြစ်သည်။ ဖြေးဖြေးမှန်မှန်သာ လျှောက်ခဲ့ကြသည်ဖြစ်၍ မပင်ပန်း …။ လမ်းက အတက်အဆင်းမရှိ…..။ လူသွားလမ်းအတိုင်း မသွားပဲ တောတိုး၍ လာခဲ့သည့်အတွက်သာ ခရီးက ဖင့်၏။ စမ်းချောင်းငယ်အတိုင်း သွားသည့်အခါ သွားသည်။ ၀ါးတောကြီးအတွင်း ဖြတ်၍ သွားသည့်အခါ သွား၏။ ကားသံများက တခါတခါ ကျယ်၍လာသည်။ တခါတခါတွင်မူ သဲ့သဲ့မျှသာ …။ အသံက လေယူရာတိမ်း၍ တိုးလိုက် ကျယ်လိုက်…..။
ဤကားသံများက အန္တရာယ်သံများ …။ ကားသံများနှင့် နီးလာလေ … အန္တရာယ်နှင့် နီးလေ ဖြစ်သည်။ စစ်တပ်က နှစ်စဉ် `ဖာပွန်´သို့ ရိက္ခာပို့သည်။ TE 11- စစ်ကားကြီးများနှင့် ပို့ခြင်း ဖြစ်၏။ အခေါက်ခေါက် အခါခါ …။ တခေါက်လျှင် ယာဉ်အစီး လေးငါးဆယ်မှ ရာကျော်အထိ ပါတတ်သည်။ သူတို့ အသုံးပြုသည့် လမ်းကား … သိမ်ဆိပ်၊ ပိန္နဲတောလေးကေမှ ကျသောင်းဆိပ် လဂွန်ပြို ဖာပွန်လမ်း ဖြစ်သည်။ လမ်းက လမ်းကြမ်း …..။ လမ်းလုံခြုံရေးအတွက် စစ်ဗျူဟာ (၃)ခုခန့် သုံး၏။ တပ်ရင်း ၉-ရင်းအင်အားနှင့် လမ်းကင်းချထားခြင်း ဖြစ်၏။ လက်ယှက်ထိုးထားသကဲ့သို့ …….။
ကျနော်တို့က ဤကြားမှ ဤလမ်းအား ဖြတ်ကျော်ကြရမည် ဖြစ်သည်။
`ကျနော်တို့ရှေ့မှာ ခဏနားကြပြီး သတင်းထောက်ပြီးတော့မှ ကားလမ်းကူး ကြမယ်…..´
ဖဒို့အောင်ရွှေက ကျနော်တို့အား ပြောသည်။ နားမည့်နေရာအား ကျနော် ကြည့်မိ၏။ တောင်ယာဟောင်း …..`ဖုန်းဆိုးမြေ´။ တောင်ယာက မို့မို့လေး မြင့်တက်သွားသည်။ တောအုပ်နှင့် တောင်ယာအကြား အနိမ့်ပိုင်းတွင် စမ်းချောင်းငယ်တခုက ရစ်ခွေထား၏။ တောင်ယာအား အနားသတ်မျဉ်းအဖြစ် စမ်းချောင်းငယ်သည် မြောက်မှတောင်သို့ ခွေရစ်၍ ထား၏။ ချောင်းငယ်အတွင်းသို့ ကျနော်တို့ ဆင်းလိုက်၏။ ချောင်းရေက ခြေမျက်စိမြုပ်ရုံမျှသာ….။ သဲချောင်းလေးဖြစ်၍ အေးစိမ့်၍ နေသည်။ ဖားလောင်းလေးများ အုပ်လိုက် ကူးခတ်နေသည်ကို တွေ့ရ၏။ ကုန်းမို့မို့ပေါ်သို့ ကျနော်တို့ တတ်ခဲ့ကြပြန်သည်။ ထိကရုံး ဆူးပင်များက တောထ၍ နေသည်။ ပိဇပ်ရိုင်း ပင်များ၊ မြက်ရိုင်းပင်များက လူတရပ်မက …..။
ဖုန်းဆိုး၏အလယ်တွင် တောင်ယာတဲပျက် တလုံးရှိသည်။ အမိုးမရှိ….၊ အခင်းမရှိ….။ မဓမ တိုင် ထိုးထိုးထောင်ထောင်များကသာ ……။ ယခင်က တောင်ယာခင် ရှင်တို့ နေခဲ့သည့် တဲဟူ၍ ပြောနိုင်တော့သည်။ တဲပျက်တွင်ပင် ကျနော်တို့ နားကြ၏။ ဖဒိုအောင်ရွှေနှင့် ပါလာသော KNU ရဲဘော်လေး ၃-ယောက်က ရှေ့သို့ ဆက်သွားပြီး ကင်းပုံးဝပ်၍ နေရာယူထားကြသည်။ ကားလမ်းနှင့် နီးပြီဖြစ်၍ ရန်သူက လမ်းလုံခြုံရေးအတွက် ကင်းရှည်လှည့်တတ်သည်။ သတိထားရမည့် နေရာ …..။
ကျနော်တို့နားပြီး အတန်ကြာမှ …. ဦးမောင်မောင်လတ် ရောက်လာသည်။ သူက….ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သည်။ ဆင်ခြေလျောလေးအတိုင်း သူတက်လာသည်မှာ ပေ ငါးထောင်အမြင့် စောက်ကမ်းပါးကြီးအား တက်နေသည်နှင့် တူတော့၏။ သူ့အသက်ရူသံက ခပ်းလှမ်းလှမ်းမှပင် ကြားနေရ၏။ ချွေးသီးချွေးပေါက်များက သူ့မျက်နှာတွင် ရွစိထနေသည်။ ရေနှင့် ဖျန်းပက်ထားသကဲ့သို့…..။ တိုက်ပုံ အင်္ကျီအနက်၊ တတ်ထရွတ်ပုဆိုး ကချင်ကွက် အစိမ်းအောက်၌ သူ့ခန္ဒာသည် ပိန်လှီလွန်းလှ၏။ ဖြူရော်သော် အသားရောင်သည် သွေးဆုတ်သွားသည့် လူသေတဦးကဲ့သို့ …..။ ဆံပင်တို့က ရှည်၍ ပွယောင်းနေသည်။
သူလမ်းလျှောက်နေသည်မှာ ….၀ိဥာဉ်တကောင် လွင့်ပါးနေသည့်အလား…။ ကျနော်တို့အနား၌ သူဝင်၍ ထိုင်လိုက်သည်။ သူအသက်ရှုနေသည်မှာ ခက်ခဲ ပင်ပန်းလွန်းလှ၏။ သူ့အဆုတ်သည် ညှစ်ရဖန်များ၍ ပွင့်ထွက်လာလေမည်လား ထင်ရသည်။
ကျနော်တို့ သက်သက်သာသာ သွားခဲ့ရသည့်ခရီးအား သူသည် ပင်ပန်းလွန်းစွာနှင့် လာခဲ့ရ၏။ သူ့အခြေအနေအား ဖဒို့အောင်ရွှေလည်း သတိထားမိ၏။ ရှေ့ခရီးက သွက်သွက်လက်လက် သွားရမည်။ ရှောင်ရ တိမ်းရမည်။ ရန်သူကြားမှ ဖြတ်ကျော်သွားရမည် ဖြစ်၍ ပြေးပြေးလွှားလွှား သွားရကောင်း သွားကြရမည်။ သူ့အခြေအနေနှင့် ဖြစ်နိုင်ပါ့မလား ….။ သူ့ကျန်းမာရေးက လိုက်နိုင်ပါ့မလား…..။
(ခ)
ကျနော်တို့ အစီအစဉ် ပြောင်းကြရသည်။ ပထမက ဖုန်းဆိုးမြေတွင် ခဏနားပြီး ….. ကားလမ်းအား ဖြည်းဖြည်းချင်း ကပ်မည်။ ကားတန်းအားလုံး လွန်သွားပါက ဖြတ်ကူးရန် ဖြစ်သည်။ ယခုမူ ဤအတိုင်း သွား၍မဖြစ်တော့…..။ ဦးမောင်မောင်လတ်က လိုက်နိုင်မည့်ဟန်မပေါက်……။ နားရမည်။ သူ့အား ဆေးမှူးနှင့်ပြပြီး ကုသပေးရမည်။ ပြီးမှ …. ခရီးအား ဆက်ကြရမည်။
ဖဒိုအောင်ရွှေက လမ်းလျှောက် စကားပြောစက်ဖြင့် ဆေးမှူးတယောက်အား ခေါ်၏။ တနေရာတွင် ဆုံရန်ချိန်း၏။ ကျနော်တို့ ယခုရောက်နေသည့် နေရာမှ မိနစ် ၂၀-ခန့် သွားရမည်။ ကျသောင်းဆိပ်ရွာနှင့် ကြိုးဝိုင်းအကြားတွင် ဖြစ်သည်။
ဝါးလုံးတွင် ပုခက်ဆင်ပြီး ဦးမောင်မောင်လတ်အား ကျနော်တို့ ထမ်းကြရ၏။ အရှေ့တယောက် အနောက်တယောက်…..။ ဖုန်းဆိုးမြေမှ တောင်ဖက်ဆီသို့ ပြန်ဆင်းခဲ့ကြ၏။ တက်နေဖြစ်သော်လည်း တပေါင်းနေက ပူပြင်းသည်။ ကျသောင်းဆိပ်ရွာအား ကွင်းရှောင်ပြီး သွားကြသည်။ ကျသောင်းဆိပ် ရွာတွင်က ရန်သူ၏ နည်းဗျူဟာ (၃၃၁) ရှိသည်။ ဆယ်မိနစ်ခန့် လျှောက်ပြီးသည်နှင့် လယ်ကွင်းအား တွေ့ရ၏။ လယ်က မလုပ်ပဲ ထားသည့်အတွက် `ကော´ ၍နေပြီ။ လယ်ကွင်းအား တည့်တည့် အလယ်မှ မဖြတ်ရဲ…..။ ရန်သူနှင့်တိုးပါက သတ်ကွင်းအတွင်း သွားသလို ဖြစ်နေမည်။ လယ်ကွင်းအား ကွင်း၍ ခင်းတန်းလေးအတိုင်း သွားကြသည်။ ခရီးကရှည်၏။ ထမ်းစက မလေးသော်လည်း ကြာလာသည့်အခါ၌ ပုခုံးများက ကြိမ်းလာသည်။ လယ်ကွင်းဆုံးသည်နှင့် ရွာအ၀င်လမ်းအား တွေ့ရ၏။ ရွာက ရွာပျက်……။
စစ်သားများ အလုံးအရင်းနှင့် တက်လာခဲ့သည်မှစ၍ ….. ရွာသားများ ရွာတွင်မနေရဲ….။ လယ်ထဲသို့ မဆင်းနိုင်…..။ တောင်ယာသို့ မသွားနိုင်ကြတော့…..။ ဤဒေသတွင် …. ရွာများက ရွာပျက်…..။ လယ်များက ကော၍ နေသည်။ တောင်ယာတို့က ဖုန်းဆိုးမြေ…..။
ရွာအတွင်းသို့ ရောက်၏။ အုန်းပင်များ၊ ကွမ်းသီးပင်များနှင့် အုပ်အုပ်ဆိုင်းဆိုင်း…..။ အိမ်ခြေငါးဆယ်ကျော် ရှိခဲ့မည့် ရွာဖြစ်မည်။ ယခုတော့ ….. ထရံများ ကွာကျနေသော အိမ်၊ အမိုးပွင့်နေသော တဲ….။ အခင်းပြုတ်နေသော ဇရပ်တို့သာ ရှိတော့၏။ ရွာလယ်တွင် ဘုန်းကြီးကျောင်း ရှိ၏။ ဘုန်းကြီးကျောင်းကမူ မပျက်ယွင်းသေး…..။ ယခင်က ဤရွာလမ်းတလျှောက် ခလေးငယ်တို့ လုံချည်ကွင်းသိုင်းနှင့် ပြေးလွှားကစားကြမည်။ သက်ကြီးရွယ်အိုတို့က အခါကြီးရက်ကြီးများတွင် ဘုန်းတော်ကြီးကျောင်းသို့ သွား၍ သီလ ဆောက်တည်ကြမည်။ ကြေးစည်သံတို့က လွင်နေလိမ့်မည်။
ယခုတော့ ရွာက တစပြင် …..။ သုသာန်ကဲ့သို့…..။
ဖဒိုအောင်ရွှေ၏ ရဲဘော် ၃-ယောက်အား ဘုန်းကြီးကျောင်းအတွင်း ကင်းရှည်အဖြစ် ထားခဲ့ပြီး ကျနော်တို့ ရွာ၏ မြောက်ဖျားပိုင်းသို့ ဆက်၍ ထွက်ခဲ့ကြသည်။ ရွာမြောက်ဖျားပိုင်းက ကုန်းမို့မို့ပေါ်တွင် ရှိ၏။ ဆုတ်ရန်၊ ရှောင်ရန် လွယ်ကူသည်။ ကျနော်တို့ နားကြပြီး ခဏတွင်ပင် ဖဒိုအောင်ရွှေ လှမ်းခေါ်ထားသည့် ဆေးမှူး ရောက်လာ၏။ ခမောက်ဆောင်းပြီး ပလိုင်းတလုံး လွယ်ထားသည်။ အရပ်ဝတ် အရပ်စားနှင့်ပင်။ မသိပါက KNU မှ ဆေးမှူးဟူ၍ မသိနိုင်။ ပျောက်ကျားရဲဘော် ပီသလှ၏။ ကွမ်းတမြုံ့မြုံ့နှင့် လူနာအား ကြည့်၏။ သွေးပေါင်ချိန်သည်။ ကိုယ်အပူချိန် တိုင်း၏။ အင်္ကျီအား လှန်၍ ကျောပြင်အနှံ့ လက်ခေါက်နှင့် ဖွဖွထု၏။ နားကြပ်နှင့် ထောက်၍ စမ်းသပ်၏။
`အဆုတ်ပွပြီး အဆုတ်ထဲ ရေ၀င်နေတယ်။ စုပ်ထုတ်လိုက်ရင် ကောင်းသွားမှာပါ´
ကွမ်းငုံထားသည့် အသံနှင့် ဆေးမှူးက ပြောသည်။ သူ့ပလိုင်းအတွင်းမှ ဆေးထိုးအပ်နှင့် `ဆလင်း´ အားထုတ်၏။ အပ်က ရှည်သည်။ တုတ်၏။ `ဆလင်း´ က ကြီး၏။ နွားများ၊ ကျွဲများအား ထိုးသည့် အပ်နှင့်ဆလင်းမျိုး…..။
`ဟန်းကော´ တွင်ထည့်ကာ `အပ်´နှင့် `ဆလင်း´ အားပြုတ်၏။ မပျက်မစီး ကျန်နေသည့် တဲငယ်၏ ၀ါးကွပ်ပျစ်ပေါ်တွင် လူနာအား လဲလျောင်းစေ၏။ အမိုးမရှိတော့သည့် တဲငယ်သည် ချက်ချင်းပင် စစ်မြေပြင် ဆေးရုံ ဖြစ်သွား၏။ လူနာအား တစောင်းလှဲစေ၏။ အင်္ကျီအား လှန်သည်။ ပြီးလျှင် …. အရက်ပျံ ဆွတ်ထားသော ဂွမ်းစနှင့် လက်ဖျံနှစ်ခုအကြား ကျောပြင်အား ပွတ်တိုက်၏။ ထိုနောက် ….. အပ်အား အဆုတ်ဆီသို့ ထိုးသွင်းသည်။ သူ့ဟန်က တည်တည်ငြိမ်ငြိမ်။ သူ့အလုပ်အပေါ် ယုံကြည်မှု အပြည့်ရှိသည့် သဏ္ဍာန်က သူ့မျက်နှာတွင် အထင်သား ……။ သူ့လက်က ဆလင်းအား စုပ်ယူလိုက်သည်။ လူနာ၏ အဆုတ်အတွင်းမှ ရေများ ဆလင်းအတွင်းသို့ ရောက်လာသည်။ ဆလင်းအတွင်း ပြည့်သွားသည်။ အပ်ကို မဖြုတ်ပဲ ဆလင်းအား အပ်မှ ချွတ်လိုက်သည်။ ပြီးလျှင် ….. အနီးရှိ ရေခွက်ထဲသို့ ထိုးထုတ်လိုက်သည်။ ဆလင်းအား အပ်တွင် ပြန်၍တပ်၏။ စုပ်ထုတ်၏။ တကြိမ်…..နှစ်ကြိမ်…..သုံးကြိမ်။
လီတာဝက်ခန့် ရေများ ထွက်လာ၏။ ဆေးမှူး၏ လှုပ်ရှား ဆောင်ရွက်နေသည်အား ကြည့်ရင်း ….. ကျနော်စိတ်၌ `နော်မန်ဘီသွန်´အား အတွေးရောက်စေ၏။
၁၉၃၉ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပါတ်၏ နေ့တနေ့တွင် ဒေါက်တာ နော်မန်ဘီသွန်သည် ဒဏ်ရာရ စစ်သည်တစုအား ခွဲစိတ် ကုသနေခဲ့၏။ ခွဲစိတ်ခန်းသုံး လက်အိတ်မရှိ …..။ လက်ကြီးဗလာနှင့် ခွဲနေသည်။ ခွဲစိတ်ရင်း သူ၏ လက်ဝဲဖက်လက်အား ခွဲစိတ်ဓါး ထိသွားခဲ့၏။ ပိုးသေစေရန် အိုင်အိုဒင်း ဆေးရည်ထဲသို့ သူ့လက်ကို ချက်ချင်း ထိုးနှစ်လိုက်၏။ ပြီးလျှင် …. ခွဲစိတ်မှုအား ဆက်လက် ဆောင်ရွက်သည်။ ဤသို့ ခွဲစိတ်နေစဉ် လက်ဓါးထိသည်မှာ ဒေါက်တာ နော်မန်ဘီသွန်အတွက် မဆန်း…..။ အကြိမ်ကြိမ် ရှိ၏။ ယခုလည်း အရင်ကကဲ့သို့ပင် အနာ ကျက်သွားလိမ့်မည်ဟု ဒေါက်တာဘီသွန် ယုံကြည်၏။ သို့သော် အနာက မကျက် …..။ ပြည်တည်လာ၏။ ပြည်တည်အနာကို ဖောက်ထုတ် ဆေးကြောသော်လည်း မထူးခြား….။ ပျံနှံ့၍သာ နေခဲ့၏။ လက်မောင်းတခုလုံး ဖူးယောင်ဖောင်းပွ လာခဲ့ပြီ။ သူကား သွေးအဆိပ်သင့်ခဲ့ပြီ။ သူတကိုယ်လုံး သွေးအဆိပ်သင့်မှုကား ပျံ့နှံ့လို့ နေခဲ့ပြီ။ ၁၉၃၉ခုနှစ် နိုဝင်ဘာလ ၁၂ နေ့တွင် ဒေါက်တာ နော်မန်ဘီသွန်သည် တရုတ်ပြည်၏ စစ်မြေပြင်၌ပင် ကွယ်လွန်ခဲ့သည်။
ဆေးမှူး၏ လူနာအား ပြုစုကုသမှုက ပြီးလေပြီ။ ဆေးပစ္စည်းများအား ပလိုင်းအတွင်းသို့ ပြန်ထည့်၏။ ပြီးလျှင် …. ကွမ်းပေါင်းနှင့် ထုံးဗူးအား ထုတ်၍ ယာနေ၏။
ဇန်န၀ါရီ ၁၅ ရက်၊ ၂၀၀၈ ခုနှစ်
(မဇ္ဈိမ အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်။)
သူပုန်တယောက်၏ ဖွင့်ဟ၀န်ခံချက်၊ ပထမည အစီရင်ခံစာ (အကျဉ်း)
ရွှေအိမ်စည်
(က)
လူတွေနဲ့ဝေး... ဝေး၊ ဝေးတဲ့နယ်မြေ
တနေရာရှိ... ရှိ၊ ရှိရမယ်လေ
နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ
(စိုင်းထီးဆိုင်၏ "သဘာဝရင်သွေးငယ်" သီချင်းမှ)
"အဟုန်းဝ" ရွာက ဘီးလင်းချောင်းအား ကားယားခွ၍ ထားသည်။ ချောင်း၏အရှေ့ဘက်ကမ်း၌လည်း အဟုန်းဝရွာရှိသလို ချောင်း၏အနောက်ဘက်ကမ်းခြေတွင်လည်း အဟုန်းဝရွာရှိသည်။ နှစ်ရွာလုံးက ဘီးလင်းချောင်းအား မေးတင်၍ ထားကြသည်။ မျက်နှာချင်းဆိုင်မဟုတ်။ ဓားလွယ်ခုတ်သဏ္ဍာန် ရှိသည်။ အနောက်ဘက်ကမ်းခြေရွာက မြစ်ညှာဘက် ပိုကျပြီး အရှေ့ဘက်ကမ်းရွာကမူ မြစ်အောက် ဘက်ကျသည်။ အဟုန်းဝအနောက်ဘက်ကမ်းရွာက ဘီးလင်းမြို့နှင့် ကမ်းတဘက်တည်းတွင်ရှိသည်။ ဘီးလင်း၊ ဖာပွန်လမ်းမနှင့်လည်း နီးသည်။ ချောင်းနှင့်ကားလမ်းကြားရှိ "ကျေးတောရွာ"...။ ဘီးလင်းနှင့်မူ (၇) မိုင်ခန့်သာဝေးပြီး မြင်းလှည်းနှင့် သွားလာ၍ရသည်။ အနောက်ဘက်ကမ်းရွာက အရှေ့ဘက်ကမ်းရွာထက် အိမ်ခြေပိုများပြီး ကရင်လူမျိုးများနေထိုင်ကြသည်။ တောင်ထန်းခြံလုပ်ငန်း များ ရှိကြသည်။ အာဏာပိုင်အဆက်ဆက်က စိုက်ခိုင်းသဖြင့် ကြံကိုသာစိုက်ပျိုးကြရသည်။ ကြံက စပါးလောက် တောင်သူများအတွက် တွက်ခြေမကိုက်။ မစိုက်မဖြစ် အာဏာစက်ကြောင့်သာ စိုက်နေ ကြရသည်။ တံတားခါးကျိုးတပ်စခန်း၊ အမှတ် (၃) ခြေမြန်တပ်ရင်းဌာနချုပ်နှင့် အဟုန်းဝအနောက်ဘက် ကမ်းခြေရွာတို့က တြိဂံတခု၏ အနားစွန်းများသဖွယ် ချောင်းနှင့်ကားလမ်းကြားတွင် ရှိ၍နေသည်။ နှစ်မိုင်၊ သုံးမိုင်ထက် မကွာဝေးကြ။ တပ်စခန်းနှစ်ခုက ဘီးလင်း၊ ဖာပွန်ကားလမ်းပေါ်တွင်ရှိပြီး ရွာက ချောင်းနဘေးတွင်ရှိသည်။ ဘီးလင်းမှလာသော် တံတားခါးကျိုး တပ်စခန်းအားလွန်လျှင် ကားလမ်းမှ ဖယ်ပြီး ရွာသို့သွားသည့် လှည်းလမ်းရှိသည်။ လှည်းလမ်းက ကြံခင်းများအား ဖြတ်၍သွားသည်။
ကျနော်တို့မြင်းလှည်းက တံတားခါးကျိုးတပ်စခန်းအား လွန်ခဲ့ပြီ။ ဂိတ်မှစစ်သားသည် ကျနော်တို့ မြင်းလှည်းအား ခဏမျှ ကြည့်ပြီး လမ်းအားပိတ်ထားသည့် ၀ါးတန်းဂိတ်များအား ဖွင့်ပေးသည်။ မည်သို့မျှ မစစ်မေး၊ အဟုန်းဝရွာသို့သွားသည့် လှည်းလမ်းဝသို့ ရောက်သည့်အခါ၌ ကျနော်တို့ မြင်းလှည်းပေါ်မှ ဆင်းကြ၏။ တယောက်.. နှစ်ယောက် .. သုံးယောက်။ ကျနော်တို့၌ လွယ်အိတ် တလုံးသာပါသည်။ လွယ်အိတ်ထဲ၌က အ၀တ်အစားအပိုတစုံစီနှင့် ငွေအနည်းငယ်မျှသာ...။
ထားတော့။ တပေါင်းနေသည် ဖျော့၍ ဖျော့၍လာပြီ။ ကျနော်တို့တခုတော့ စိုးရိမ်နေသည်။ ရွာ
အတွင်း၌ စစ်တပ်နှင့် မတိုးမိစေရန်။ တွေ့၍ မေးလားမြန်းလားလုပ်လာလျှင်လည်း ပြဿနာမရှိ။ ကျနော်တို့ ဖြေရန်စိတ်ကူးထားပြီးသား အဖြေများကရှိသည်။ ရွာအတွင်းသို့ လှည်းလမ်းအတိုင်း
ဝင်ခဲ့သည်။ ရွာတွင် စစ်ကြောင်းမရှိ။ ကျနော့်မိတ်ဆွေ၏ အမည်အားပြော၍ ရွာသားတဦးအား မေးရသည်။ သူညွှန်ပြသည့်အတိုင်း ကျနော့်မိတ်ဆွေ၏အိမ်သို့ ရောက်သည်။ ပထမ၌ ကျနော်တို့
အားတွေ့ပြီး ကျနော့်မိတ်ဆွေသည် အံ့သြ၍နေသည်။ ကျနော်အကျိုးအကြောင်းရှင်းပြ၍ သူ့ထံမှ အကူအညီတောင်းသည်။
"အရှေ့ဘက်ကမ်းကူးရင်တော့ ဒီအတိုင်းကူးလို့မဖြစ်ဘူး။ အရင်လူလွှတ်ပြီး သတင်းစုံစမ်းဦးမယ်။ အခုတလော ဟိုကောင်တွေ အ၀င်အထွက်အမြဲရှိတယ်။"
ကျနော့်မိတ်ဆွေပြောသည့် ဟိုကောင်တွေဆိုသည်မှာ ခလရ (၉၆) စစ်ကြောင်းနှင့် (သကစဖ) ဟု ခေါ်သော သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့များအား ရည်ညွှန်းခြင်းဖြစ်သည်။ အရှေ့ဘက်ကမ်းတွင်မူ ကျနော်တို့ ဟိုကောင်တွေနှင့် တွေ့၍မရတော့။ အနောက်ဘက်ကမ်းရွာကဲ့သို့ ရှင်းပြ၍လည်း မရနိုင်။ ချောင်းခြားသော ဤအရပ်က ကေအန်ယူတပ်မဟာ (၁၀) ၏ ပြောက်ကျားဒေသဖြစ်၍နေပြီ။ န၀တ
အတွက်မူ စစ်ဆင်ရေးနယ်မြေ။ အမဲရောင်အရပ်။ ဤအတွက် ဤအရပ်တွင် ကျနော်တို့ ဟိုကောင် တွေနှင့် ဆုံမိ၍မရ။ ကြိုတင်၍ သတင်းစုံစမ်းပြီးမှ ကျနော်တို့အား ကျနော့်မိတ်ဆွေမှ အရှေ့ဘက် ကမ်းသို့ လိုက်ပို့ပေးရန် စီစဉ်ခြင်းဖြစ်သည်။ ကောင်းကင်သည် ပုဇွန်ဆီရောင်အသွေးမှ ဖျော့၍လာ သည်။ ၀ါဖျော့ဖျော့...။ ထိုမှ မှိုင်းပြပြ...။ အရောင်များပြောင်းလဲ၍ သွားတော့သည်။
(ခ)
နေ၀င်ညကို ကူးဖြတ်ပြီးမှ
ရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်
သံသရာလမ်းဟာ မချောမွေ့တတ်တော့
ရင်ဆိုင်ရန်ခွန်အားဖြည့် မိငယ်ရေ...
(ခင်မောင်တိုး၏ "ခွန်အားဖြည့်မိငယ်" သီချင်းမှ)
တပေါင်း၊ တန်ခူးဖြစ်၍ ချောင်းပြင်သည် ရေသားနည်းပြီး သဲသောင်များဖြင့် ကျယ်၍နေသည်။ သဲသောင်အတွင်းသို့ မဆင်းမီ ကမ်းပါးစပ်ရှိ မိုးမခပင်ရိပ် အုပ်အုပ်များအောက်၌ ကျနော်တို့အားလုံး ခေတ္တထိုင်ပြီးငြိမ်၍ ချောင်းရေပြင်နှင့် ဟိုဘက်ကမ်းဆီသို့ စူးစိုက်၍ကြည့်၏။ လဆန်းရက် လရောင် သည် ရေပြင်နှင့် သဲသောင်ပြင်ပေါ်သို့ ယိုစီး၍ ဖိတ်ကျနေသည်။ ဘော်ငွေရောင် ဖျော့ဖျော့အောက်၌ အရာအားလုံးသည် ငြိမ်သက်၍နေ၏။ ချောင်းရေသည် ရေအလျင်သာ။ အရာအားလုံးသည် သက်ငြိမ်…။
အရှေ့ဘက်ကမ်းရွာဆီမှ နွားခလောက်သံများအား ကြိုးကြား၊ ကြိုးကြား ကြားရ၏။ အိမ်အပြန် နောက်ကျသည့် နွားရိုင်းတို့၏ ခလောက်သံ...။ တခါတခါတွင်မူ ကာလသားတို့၏ လရောင်ဆမ်း
သည့် ညဥ့်ဦးယံ၌ မထူးခြား...။ ဟိုကောင်တွေမရှိ။ သူတို့ရှိပါက ရွာသည် ဤသို့မဟုတ်...။ တိတ် ဆိတ်၍နေသည်။ ငြိမ်၍နေ၏။ ၀ပ်၍နေ၏။ တစပြင်ကဲ့သို့ ..။
"ကျနော်တို့ကူးကြရအောင်.."
ကျနော်တို့အားလုံး မိုးမခအရိပ်မှ ထွက်၏။ ကမ်းပါးမှဆင်းသည်။ သဲသောင်ပြင်အား ဖြတ်ကြ၏။ နွေရက်များဖြစ်၍ ချောင်းရေက တိမ်သည်။ ဒူးဆစ်မြုပ်ရုံသာ ရှိသည်။ လုံချည်အား "မ" ပြီး ရေပြင်သို့ဆင်း၏။ လရောင်သည် ကျနော်တို့အားလုံး၏ ကျောပေါ်၌ ခိုစီး၍လိုက်လာသည်။ ရေပြင်ထက်မှ လဆန်းရက်လသည် ကျနော့်အား မော့၍ကြည့်သည်။
ကျနော်ခေါင်းမော့လိုက်သည့်အခါ၌ ရွာမှကလေးများ၏အသံများကိုပင် ကြားရ၏။ ရွာသို့သွားရာ လူသွားလမ်းက ကမ်းပါးနှင့်မှေးပြီး ကပ်လျှက်သွားသည်။ ကျနော်တို့အပေါ်မှ ၀ဲ၍အော်နေသော တစ်တီတူးငှက်၏ မြည်သံက မရပ်တော့။ မှိတ်တုတ် မှိတ်တုတ်မီးရောင်များအား ဟိုမှသည်မှ တွေ့ရသည်။ အရှေ့မှသွားနေသော ကျနော့်မိတ်ဆွေသည် အိမ်ဝင်းတခုအတွင်းသို့ ၀င်လိုက်သည်။ အိမ်ရှင်အား ကျနော့်မိတ်ဆွေက ကရင်လို လှမ်း၍ခေါ်လိုက်သည်။ ကျနော်တို့က အိမ်ရှေ့ သရက်ပင် အုပ်အုပ်၏အရိပ်၌ လရောင်ကွယ်၍ မှောင်ရိပ်ခို ရပ်နေကြသည်။
ကျနော့်မိတ်ဆွေနှင့် အိမ်ရှင်သည် ကရင်လိုပြောနေကြသည်။ စကားသံအား ကြားရသော်လည်း နားမလည်။ ခဏကြာလျှင် သူတို့နှစ်ဦးလုံး ကျနော်တို့ရှိရာ သစ်ပင်အရိပ်ဆီသို့လာကြသည်။
"သူက ဒီရွာရဲ့ "ဘီဘဲလ်ခို" ပဲ။ ခင်ဗျားတို့ကိစ္စ သူဆက်စီစဉ်ပေးလိမ့်မယ်"
ကျနော့်မိတ်ဆွေပြောသည့် "ဘီဘဲလ်ခို" ဆိုသည်မှာ ကရင်လိုရွာသူကြီးဖြစ်သည်ကို နောင်မှ ကျနော်တို့သိလာကြရသည်။
ဤရွာများ၌ ရွာလူကြီးအား နှစ်ယောက်ထားကြ၏။ တယောက်က န၀တအာဏာပိုင်များနှင့် ဆက်ဆံ ရန်ဖြစ်ပြီး တယောက်က ကော်သူးလေအာဏာပိုင်များနှင့် ဆက်ဆံရန်ဖြစ်သည်။ ယခုကျနော်တို့နှင့် တွေ့သည့် ရွာသူကြီးက ကော်သူးလေပြည်နယ် အာဏာပိုင်များနှင့် ဆက်ဆံရမည့်သူဖြစ်မည်။ ကျနော်က ဆက်သွယ်လိုသည့် ကေအန်ယူမှ "ဖဒို" တယောက်၏အမည်အား "ဘီဘဲလ်ခို" ကို ပြောသည်။ သူက …။
"မနက်ဖြန်ကျမှ ဆက်သွယ်တာပေါ့။ ဒီညတော့ ခင်ဗျားတို့ မဲနခေါင်းရွာဘက်တက်အိပ်တာ ကောင်းမယ်။ ဒီမှာက အချိန်မရွေး ဟိုကောင်တွေ ၀င်ထွက်ကြတယ်။ စိတ်မချရဘူး။"
သူ့စကားအရ ကျနော်တို့ဒီည ခရီးဆက်ကြရဦးမည်။ မဲနခေါင်းရွာက အဟုန်းဝရွာ၏ အထက်ပိုင်းတွင် ရှိသည်။ ဘီးလင်းချောင်းဘေးတွင်ပင်ရှိသော်လည်း ရွာဝန်းကျင်က ကွင်းမဟုတ်။ တောတောင် လျှိုမြောင်တို့ရှိသည်။ န၀တစစ်ကြောင်းများလည်း ရုတ်တရက် ၀င်ထွက်မလှုပ်ရှားရဲ။ ကျနော်တို့အဖို့ လုံခြုံမှုရှိသည်ဟု ဆိုရမည်။ ကျနော်တို့ အဟုန်းဝရွာမှ ထွက်ခဲ့၏။ လမ်းပြသည် ပုဆိုးတထည်အား ပုခုံးပေါ်တင်၍ အရှေ့မှလျှောက်သည်။ သူ့နောက်မှ ကျနော်တို့...။ ကျနော်တို့ရွာသို့ဝင်ခဲ့သော လမ်း ဘက်ဆီမှ ခွေးဟောင်သံ စူးစူးဝါးဝါးအား ကြားရသည်။ ကျနော်တို့ခြေလှမ်းများ မြန်၍လာသည်။ စစ်ဆင်ရေးနယ်မြေ၌ လက်နက်ရှိသောရန်သူအား လက်နက်မရှိသေးသည့် ကျနော်တို့ မရင်ဆိုင် လိုသေး...။ ကြံခင်းများအား တခင်းပြီးတခင်း ဖြတ်ကျော်ခဲ့ရ၏။ လရောင်ကိုမူ ကျနော်တို့ကျောပိုး၍ ထားရဆဲ။
(ဂ)
ပိုင်ဆိုင်တာအားလုံး စွန့်ကာလေ
မနာလိုစရာလည်းပဲ မရှိတော့ပေ
ဘယ်သူမဆိုအာလုံး တန်းတူနေ
ညီအစ်ကိုလို ကြင်နာမှုနဲ့လေ
လောကအသစ်တခုတည်နေ ..
(စိုင်းထီးဆိုင်၏ "သဘာဝရင်သွေးငယ်" သီချင်းမှ)
"စောဖားကလိုး" က ကျနော်နှင့် အလယ်တန်းထိ ကျောင်းနေဘက်သူငယ်ချင်း။ ယခုမူသူက ကေအန်ယူသို့ဝင်ပြီး ကရင်လက်နက်ကိုင်တော်လှန်ရေးအား လုပ်ကိုင်၍နေသည်။ ကေအန်ယူ တပ်မဟာ (၁) မဲနခေါင်းနယ်မြေ၏ အကွက်မှူး၊ ကျနော်တို့ "စောဖားကလိုး" တို့ အဖွဲ့ထံတွင် ရောက်သည်မှာ (၃) ရက်ရှိပြီ။ မဲနခေါင်းနယ်မြေ၏ ကြံခင်းစောင့်တဲလေးတွင် ဖြစ်သည်။ မဲနခေါင်းချောင်းက ဘီးလင်းမြစ်အတွင်းသို့ စီးဝင်သည့် ရိုးငယ်လေးမျှသာ။ မိုးအခါတွင်ရေပြည့်ပြီး နွေဦးမှစ၍ ရိုးလေးအတွင်း ရေမရှိတော့။ ဟိုတကွက်၊ သည်တကွက် ရေအိုင်ငယ်လေးများသာ ကျန်ရှိတော့သည်။
နေ့ခင်းဘက်များတွင် ရေအိုင်ငယ်အတွင်းဆင်း၍ ငါးဖမ်းကြသည်။ အိုင်ပက်ကြ၏။ ငါးနုတ်ကလေး များလည်း ရတတ်ကြ၏။ အများအားဖြင့်မူ ဖားတပိုင်း၊ ငါးတပိုင်းများကိုသာ အရများ၏။ ဖားလောင်း များက လက်မခန့်ပင်ရှိသည်။ အရောင်က ညိုမည်းမည်း၊ ရေစင်အောင်ဆေးသော်လည်း အချွဲက မပျောက်။ ဖားလောင်းများအား သရက်သီးစိမ်းနဲ့ ချက်စားကြသည်။ ချက်သည်ဆိုသော်လည်း
ဆီမပါ။ "ဟန်းကော" တွင် အချိုမှုန့်၊ ဆားခပ်၍ ပြုတ်ခြင်းမျှသာ...။
ဤရက်အတွင်း ကျနော်တို့ လူတယောက်အား ရှာ၍နေကြသည်။ "ဘီဘဲလ်ခို" များ၊ ကင်းသမားများ ကိုလည်း လူလွှတ်၍ ရှာခိုင်း၏။ လမ်းလျှောက်စကားပြောစက်မှလည်း "စောဖားကလိုး" မှ ကေအန် ယူ၏ အခြားစက်များသို့ မေး၍ရှာ၏။ မတွေ့။ ပျောက်၍နေသည်။ သူက ကျနော်တို့ထက် တရက်ကြို ထွက်ခဲ့သည်။ ချောင်းကူး၍ အရှေ့ဘက်ကမ်းသို့ ရောက်ခဲ့ပြီကိုမူ ကျနော်တို့ မြို့မှ မထွက်မီကတည်း
က သိသည်။ အသေအချာပင်...။ သို့ကြောင့်ပင် ကျနော်တို့ နောက်နေ့၌ သူ့နောက်သို့ အမီလိုက်ခဲ့
ခြင်းဖြစ်သည်။ ဤသို့ထွက်ရန်အစီအစဉ်အားလုံးက ကျနော်တို့၏ အစီစဉ်ပင်။
ကေအန်ယူနှင့် အဆက်အသွယ်ရယူမှု၊ ဆက်သွယ်ပေးမည့်လမ်းပြ၊ ထွက်ခွာမည့်လမ်းကြောင်း၊ အားလုံးအား ကျနော်တို့ပင် စီမံခဲ့ကြ၏။ သူက အကြမ်းအဖျင်းမျှသာ သိ၏။ ဘယ်ရွာကို သွားမည် ဟူ၍မျှသာ...။ အသေးစိတ်ကိုမူ မသိ။ သူနှင့် ကျနော်တို့အားလုံး အတူတူထွက်ကြရန် စီမံထားကြ၏။ ဤအတွင်း သူက အစိုးရိမ်လွန်ပြီး တယောက်တည်းထွက်သွားခဲ့၏။ ယခုမူ (၄) ရက်မြောက်ခဲ့ပြီ။ သူ့သတင်းအား လုံးဝမရသေး။ ကေအန်ယူမှ မည်သည့်အဖွဲ့နှင့်မျှလည်း တွေ့သည်ဟူ၍ မကြားရ။ ရွာသားများတွေ့ခဲ့သည်ဟူ၍လည်း သတင်းမရ။ သူဘယ်ရောက်လို့ နေပြီနည်း။ မတတ်နိုင် ..။
ဖြစ်နိုင်သည်က နှစ်လမ်းရှိသည်။ ကေအန်ယူနှင့် အဆက်အသွယ်မရသည့်အတွက် ပြည်တွင်းသို့
လျှို့ဝှက်စွာပြန်ဝင်သွားပြီး တနေရာရာတွင် ရှောင်၍နေသည်လား။ ဒါမှမဟုတ် န၀တစစ်ကြောင်းနှင့် တိုးမိပြီး အဖမ်းခံသွားရပြီလား။ မြို့ရှိ သူ့နေအိမ်ကိုတော့ ပြန်၍မရ။ အဖမ်းခံရမည်သာဖြစ်မည်။ အန်အယ်လ်ဒီ၏ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ကျနော်တို့မြို့၏ မြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌတဦးဖြစ်သည့် သူသည် ကော်မရှင်သို့ မြို့နယ်စည်းရုံးရေးအမှုဆောင်အမည်စာရင်း လိမ်ညာပြီး တင်သည်ဟူသည့် စွဲချက်နှင့် သူ့အားရုံးတင်မည်ကို ကျနော်တို့ ကြို၍သိထားကြသည်။
အမှန်တော့ လျော့သွားသော မြို့နယ်စည်းရုံးရေးအမှုဆောင် အချို့နေရာတွင် အသစ်ရွေးချယ်သည့် အမှုဆောင်အမည်စာရင်းသစ်အား ကောင်မရှင်သို့ ဥက္ကဋ္ဌအနေဖြင့် လက်မှတ်ထိုးပြီး သူတင်ပြခြင်း
သာ ဖြစ်သည်။ ဤသည်ကို န၀တမှ အမည်စာရင်းနှစ်ခုမတူညီ၍ လိမ်ညာခြင်းဖြစ်သည်ဟူ၍ စွပ်စွဲပြီး ဖမ်းရန်ဖြစ်သည်။ အန်အယ်လ်ဒီ၏ လိုင်းသုံးလိုင်း မဟာဗျူဟာအလွန် န၀တမှ အန်အယ်လ်ဒီအား မြို့နယ်အထိ ထိုးစစ်ဆင်လာသော စစ်ဆင်ရေးဖြစ်သည်။
သူ့သတင်း တိတိကျကျမရဘဲ ကျနော်တို့ ဤအနီးအပါးမှ ထွက်ခွာသွား၍မရ။ မာနယ်ပလောသို့ တက်သွား၍မဖြစ်။ သူ့သတင်းအား တိတိပပ သိရမှသာ ကျနော်တို့ ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ် ရမည်။ "စောဖားကလိုး" နှင့်ကျနော်တို့ယာယီနေထိုင်သည့်တဲငယ်သည် မဲနခေါင်းချောင်းရိုး၏ ကမ်းပါးထိပ်တွင်ပင်။ ရိုးချောင်း၏ တဘက်ကမ်းပါးသည် ကျနော်တို့ရှိသည့်ဘက်ထက် နိမ့်သဖြင့် ကျနော်တို့က အပေါ်စီးမှ နေရာယူထားသကဲ့သို့ရှိ၏။ ရေမရှိတော့သော်လည်း ချောင်းရိုးကမ်းပါး စောက်နက်သဖြင့် အလွယ်တကူ တဘက်ကမ်းမှ ကူးမလာနိုင်။ တဘက်ကမ်း၏ ဟိုမှာဘက်တွင်
လည်း ဖုန်းဆိုးတောများသာရှိ၍ မျက်ကွယ်၊ ကျည်ကွယ်ပင်မရ။ ကျနော်တို့က အပေါ်စီးမှကြို၍ တွေ့မြင်နိုင်သည်။
ညနေ သုံးနာရီဝန်းကျင်တွင် ပုံမှန်ညနေစာအား စားကြပြီးဖြစ်သည်။ မနက်ဆိုလျှင်မူ (၇) နာရီခန့် စားကြ၏။ တဲဘေး၌ မိုးကာစအား ဖြန့်ခင်း၍ ဟန်းကောများအတွင်းမှ ထမင်းကိုပုံ၏။ ထို့နောက်... နှမ်းငပိ၊ ပြီးလျှင်... ကျနော်တို့၏ ဟင်းလျာများဖြစ်သည့် ဖားလောင်းနှင့်သရက်သီး။ ကျနော်တို့ အားလုံး ထိုင်၍စားသောက်ကြသည်။ ထမင်းပူပူ၊ ငရုတ်သီးချဉ်ချဉ်နှင့် ဖားလောင်းချွဲချွဲ...။ ချောင်း ကမ်းပါးတဘက် ဖုန်းဆိုးတောမှ လက်နက်ကိုင်စစ်သားတယောက်အား ရိပ်ခနဲတွေ့လိုက်ရသည်။
"ပွိုင့်" ပြေးလာသူဖြစ်မည်။ "စောဖားကလိုး" သည် သူ့ဘေးမှ ကာဘိုင်ရိုင်ဖယ်သေနတ်အားဆွဲပြီး ကမ်းပါးထိပ်ရှိ သစ်ပင်ဘေးသို့ပြေး၍ ၀ပ်လိုက်သည်။ သူ့ရဲဘော် နှစ်ယောက်သည်လည်း သူနှင့် ယှဉ်၍နေရာယူပြီး တဘက်ကမ်းသို့ ကြည့်နေကြသည်။ ကျနော်၏အသိက ကျနော့်အားညွှန်ကြား နေ၏။ နေရာယူရန်...။ သို့သော် ကျနော့်ခန္ဓာကိုယ်က မလှုပ်ရှား...။ ထမင်းဝိုင်းတွင် ထိုင်လျှက်ရှိနေ သေး၏။ တဘက်ကမ်းဖုန်းဆိုးတောမှ နောက်ထပ်လက်နက်ကိုင်စစ်သားများ ပေါ်လာပြန်သည်။ တယောက်၊ နောက်...တယောက်။ ပစ်ခတ်သံကိုမူမကြားရ။ ကျနော်က လှုပ်၍မရသေး။
"လူမှားမယ်၊ လူမှားမယ်၊ "ကျော်ဖားလူ" လူတွေ"
"စောဖားကလိုး" မှ သူ့ရဲဘော်များအား ပြောရင်း သစ်ပင်ကွယ်မှ ပြန်ထလာသည်။ ဤအချိန်အထိ ကျနော်တို့က လှုပ်ရှား၍မရသေး။ ထမင်းလုတ်အား လက်တွင်ဆုပ်လျက်...။ တဘက်ကမ်းမှ ရဲဘော်များ ချောင်းရိုးငယ်အား ကူးလာကြသည်။ ကျနော်တို့ ထမင်းဝိုင်းဘေးတွင်ပင် ထိုင်ကြ၏။ သူတို့ကိုင်သည့် လက်နက်များတွင် န၀တစစ်တပ်မှသုံးသော ဘီအေ (၆၃) မောင်းပြန်ရိုင်ဖယ်များ လည်း ပါသည်။ ယူနီဖောင်းက ညိုပုတ်ပုတ်...။ လက်မောင်းတံဆိပ်မှာမူ မပါ။ "ကျော်ဖားလူ" အဖွဲ့က ကေအန်ယူ၏ဒေသခံ ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဖြစ်သည်။ ဤနယ်မြေတွင်တော့ တိုက်ခိုက်ရေးတွင် နာမည်ရသည့်အဖွဲ့ဖြစ်သည်။ "ကျော်ဖားလူ" နှင့် "စောဖားကလိုး" တို့ ကရင်လိုပြောနေကြသည်။ ကျနော်တို့က နားမလည်။ ထမင်းကိုသာဆက်၍ စားနေကြသည်။ ကရင်လိုပြောပြီး "စောဖားကလိုး" က ကျနော့်ကို မြန်မာလိုပြန်ပြောသည်။
"မနက်က အဟုန်းဝနဲ့ မြောက်သူဌေးကုန်းအကြားက တောင်ထန်းတောထဲမှာ အသားဖြူဖြူပိန်ပိန်နဲ့ အသက်လေးဆယ်ကျော်လောက်ရှိတဲ့ လူတယောက်ကို "ကျော်ဖားလူ" တို့အဖွဲ့တွေ့လို့ မေးမြန်း ကြည့်တယ်။ ဘာမှမေးလို့မရဘူး။ နာမည်လည်း မပြောဘူး။ ဒါပေမယ့် လွယ်အိတ်ထဲမှာ အင်္ဂလိပ် စာအုပ်ရယ်၊ မှတ်တမ်းစာအုပ်တအုပ်နဲ့ တိုက်ပုံအင်္ကျီတွေတွေ့တယ်... ။ ဒါနဲ့ ..။
"စောဖားကလိုး" ကသူ့စကားကို "ဒါနဲ့" ရပ်ထား၏. ကျနော်ရင်ထဲထိပ်သွား၏။ ဒါနဲ့ … ဘာဖြစ်"
သလဲ...။
"ဘာမှမေးလို့မရလို့ ဖမ်းပြီး ဗိုလ်မိချောင်းဆီ သွားပို့ခဲ့တယ်"
ဗိုလ်မိချောင်းက ကေအန်ယူတပ်မဟာ (၁) သထုံခရိုင်အုပ်ချုပ်ရေး၏ သထုံမြို့နယ် ဥက္ကဋ္ဌဖြစ်သည်။ ကျနော်တို့က သူ့ထံသို့လည်း ကျနော်တို့ရှာနေသည့်သူ၏ ပုံသဏ္ဍာန်နှင့် အကျိုးအကြောင်းအား ဆက်သွယ်ရေးစက်ဖြင့် အကြောင်းကြားထားပြီးပြီ။ စိုးရိမ်စရာမရှိတော့...။ ကျနော်တို့အမတ်မင်းအား ပြန်တွေ့ပြီ။ ကျနော်တို့သုံးယောက် တယောက်မျက်နှာတယောက်ကြည့်ပြီး ပြုံးနိုင်တော့၏။ ဖား လောင်းတကောင်အား ဟန်းကောထဲမှခပ်၍ စားလိုက်၏။ လည်ချောင်းထဲတွင် ချွဲ၍ ၀င်သွားသည်။ ဗိုလ်မိချောင်းတို့က ကျခပ်ချောင်းတောင်ပေါ်တွင် စခန်းချနေကြသည်။
(ဃ)
ဒီကမ္ဘာမှာ စစ်... စစ်၊ စစ်မဖြစ်ရာမြေ
တနေရာရှိ... ရှိ၊ ရှိရမယ်လေ
ထာဝရငြိမ်းချမ်းမှုရှာကာပျော်ရွှင်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ...။
(စိုင်းထီးဆိုင်၏ "သဘာဝရင်သွေးငယ်" သီချင်းမှ)
ကျခပ်ချောင်းတောင်ပေါ်သို့ရောက်လျှင် တောင်ရိုးအတိုင်းလျှောက်၏။ တောင်ပေါ်ကကြည့်လျှင် ဘီးလင်းမြို့အား လှမ်း၍မြင်ရသည်။ သဲသဲကွဲကွဲမဟုတ်။ ဤအရာကဈေး၊ ဟိုအရာက စာသင်
ကျောင်း၊ ထိုအရာက ဆေးရုံဟူ၍မူ ခွဲခြား၍ရ၏။ တောင်ရိုးပေါ်မှတဆင့် သွယ်ဆင်းသွားသော တောင်နှာမောင်းအတိုင်း ဖဲ့၍ဆင်းကြသည်။ ဤအတိုင်း ဆက်၍ဆင်းသွားပါက ကျခပ်ချောင်းရွာသို့ ရောက်မည်။ ကျနော်တို့က ရွာဆီသို့မသွား...။ ဂငယ်သဏ္ဍာန်ပြန်၍ ကွေ့ပတ်နေသည့် လက်မောင်း သွယ်တောင်ရိုးအတိုင်း လျှောက်ခဲ့၏။ ၀ါးရုံတောများအတွင်းသို့ တိုးဝင်ခဲ့ကြ၏။ လူသွားလမ်းဟူ၍ မတွေ့ရတော့...။ လမ်းဖျောက်ထားသည်လား။ ၀ါးရွက်ကြွေများဖုံးလွှမ်းနေ၍ လမ်းမတွေ့ရတော့ သည်လား မပြောတတ်။
ဝါးရုံပင်အောက်၌ ကေအန်အယ်လ်အေ ရဲဘော်လေးနှစ်ဦး ကင်းစောင့်နေသည်ကို တွေ့ရ၏။
သူတို့နှစ်ယောက်၏ အနောက်ဘက်၌ နောက်ထပ်သုံးယောက်အား တွေ့ရပြန်သည်။ RPG နံပါတ်
(၅) တလက်အား သူတို့ထဲမှ တယောက်က ကိုင်ဆောင်ထားသည်။ ကင်းရှည်ထုတ်ထားသော ကင်းတပ်စိတ် တစိတ်ဖြစ်မည်။ ကျနော်တို့လာမည်ကို ကြိုသိ၍လားမသိ။ သူတို့မည်သို့မျှ မေးမြန်း ခြင်းမရှိ။ ကင်းတပ်စိတ်အား လွန်ခဲ့သည်။ ၀ါးရုံရိပ်များအောက်၌ ကေအန်အယ်လ်အေရဲဘော်များ
အား တွေ့ရ၏။ ဟိုနားတစု၊ သည်နားတစု။ အချို့က ပုခက်ပေါ်တွင် လဲလျောင်း၍ နားနေကြသည်။
ဗိုလ်မိချောင်းတို့နှင့်အတူ သူလည်း ထမင်းစားနေသည်။ကျနော်တို့ သူ့အနားတွင် ၀င်ထိုင်လိုက်ကြ သည်။ ကျနော်တို့အားမြင်၍ သူ့မျက်လုံးသည် ၀င်းလက်၍သွားသည်။ ပြီးလျှင်...။ ကျနော်တို့အား ကြည့်နေသော သူ့အကြည့်က မှုန်မှိုင်းသွားပြန်သည်။ သူ့အကြည့်အား ကျနော်အားမရ။ သုံးလေး ရက်အတွင်းတွင်သူသည် "ချုံ့" ကျသွားသည်။ ပိန်ပါးသော ခန္ဓာသည် အောက်ခံအင်္ကျီမပါသော တိုက်ပုံအင်္ကျီအနက်အောက်၌ သေးငယ်သွားသည်ဟု ထင်မိ၏။ လက်ကောက်ဝတ်နေရာတွင် ကြိုးရာအစင်းကြောင်းသည် ဖြူသောသူ့အသား၌ ထင်နေသည်။ ကျနော်က မျက်လုံးအကြည့်အား လွှဲလိုက်၏။ "ဟ" နေသည့် တိုက်ပုံအင်္ကျီအောက်မှ သူ့၏ရင်သည် မို့လာလိုက်၊ ချပ်သွားလိုက်နှင့် လှုပ်ရှားမှုမြန်နေသည်။
(ခေတ်ပြိုင် အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်။)
သူနှင့်ပြန်ဆုံပြီဖြစ်၍ ကျနော်တို့၏ ခရီးအား ဆက်ကြရတော့မည်။ မာနယ်ပလောဆီသို့...။ မာနယ် ပလောက တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရက်တစ်အင်အားစုတို့ ပေါင်းဆုံစုစည်းရာအရပ်...။ ပြီးလျှင် စစ်အာဏာရှင်တို့အား လက်နက်ကိုင်တော်လှန်သော ခံတပ်...။ လွတ်မြောက်ရေးတိုက်ပွဲ
တို့၏ လွတ်မြောက်နယ်မြေ။ စစ်တိုက်လေယာဉ်အုပ်စုတစု ပျံသန်းလာသော အသံများအား ဆူညံ စွာကြားရ၏။ PC – 6၊ PC – 7 အမျိုးအစားတိုက်လေယာဉ်များ ..။ ကျနော်တို့အပေါ်မှ ဖြတ်၍ ပျံသန်းသွားကြသည်။ ထွီးပါးဝီးကျိုး၊ နော်တ၊ မယ်ညောခီးနှင့် မာနယ်ပလော လွတ်မြောက်ရေး နယ်မြေများသို့ စစ်အုပ်စုမှ ထိုးစစ်ဆင်ရန် ပျံသန်းသွားကြခြင်းဖြစ်သည်။ န၀တက ပြည်တွင်းစစ်အား လေကြောင်းမှပင် စစ်ဆင်၍ တိုက်နေကြပါပကောလား။ ။
(ခေတ်ပြိုင် အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်။)
လွတ်မြောက်ရေးတိုက်ပွဲတွေရှိရာဆီ ကျနော်လာခဲ့တယ်.... (၁-၆)
မြင့်ဇေ
(၁)
အိမ်ကထွက်ခဲ့ပြီ။ ကိုတိုးကြီးရဲ့ ပြန်မလှည့်တော့ဘူး သီချင်းထဲက စာသားတွေကို နာနာကျင်ကျင် ညည်းရင်းနဲ့။ စစ်အစိုးရလက်အောက်မှာ နိုင်ငံရေးနယ်ပယ်ထဲ ၀င်လုပ်တဲ့သူတဦးဟာ ပိုင်းဖြတ်ချက်တော့ ထားရတာပဲ။ ကိုယ်နောက်ဆုံးလုပ်နိုင်တဲ့ အချိန်ထိ တောင့်ခံပြီးလုပ်။ အဲဒီစိုးရိမ်ရေမှတ်ကို ကျော်သွားတာနဲ့ အဖမ်းခံမလား၊ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲမလား။ ဒါက ပြည်တွင်းမှာ လှုပ်ရှားတဲ့သူတိုင်း ရွေးချယ်ရတဲ့ လမ်း၂ကြောင်းပါ။ ကျနော်ကတော့ ဒုတိယလမ်းပဲရွေးချယ်ခဲ့တယ်။ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပဲ မဟုတ်လား။
အိမ်က ထွက်ထွက်ချင်း လုပ်ဖော်ကိုင်ဘက်တဦးက ကျနော့်အမေ အမျိုးများရှိရာ ညောင်လေးပင်ဘက်ကို လိုက်ပို့ပေးတယ်။ အဲဒီကနေ အခြေ အနေကို စောင့်ကြည့်ဖို့ပါ။ တကယ်လို့ အခြေအနေကောင်းရင် ဆက်လုပ်နိုင်သမျှလုပ်ပေါ့။ မကောင်းရင်တော့ သွားမယ်။ တလလောက်ပါပဲ။ မိုးတွင်း ကာလ လယ်စိုက်ချိန်ကြီး။ ရေပြင်ဖွေးဖွေးနဲ့ ၀ိုင်းနေတဲ့ ဘကြီးရဲ့ လယ်တဲလေးမှာနေလိုက်။ ရွာထဲပြန်လိုက်နဲ့။ အဲဒီကာလက စာတော့ တော်တော် ဖတ်ဖြစ်သွားတယ်။ စာအုပ်တွေနဲ့ဘဲ နေနေရတာဆိုတော့။
အဲဒါနဲ့ အဆက်အသွယ်က ပြန်ရောက်လာတယ်။ အခြေအနေက ပိုပိုဆိုးတယ်လို့ဆိုတယ်။ အဲဒါနဲ့ ဒုတိယလမ်းကို အကောင်အထည်ဖော်ဘို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ တောထဲသွားဖို့ လမ်းကြောင်းရှာရ၊ ရွေးရတယ်။ ကျနော် ပထမသွားချင်တဲ့ လမ်းကြောင်းက သွားလို့ မရတော့ဘူး။ ပိတ်သွားပြီ။ အဲဒါနဲ့ ဒုတိယလမ်းကြောင်းကို ရှာတော့ ဘုရားသုံးဆူ ဘက်သွားဖို့ အကြံပေးကြတယ်။ အဲဒီလမ်းကပဲ ထွက်မယ်လို့ ဆုံးဖြတ်ပြီး ရန်ကုန်ကို ပြန်တက်လာကြတယ်။ ရန်ကုန်ရောက်တော့ ၀ပ်ကျင်းတခုရှာပြီး ခဏ ၀ပ်တယ်။ အိမ်ကိုလည်း ပြန်မရတော့။ ပြန်လည်း မိသားစုတွေ ၀မ်းနည်းတာ ကလွဲပြီး ထပ်ခွဲကြရင် နှစ်ထပ်ကွမ်းသောကပဲ ထပ်ရဦးမှာမဟုတ်လား။
ဒါပေမယ့် ခက်တာက သွားဖို့အတွက် လမ်းစရိတ်.. ကျန်တဲ့ လုပ်ဖော်ကိုင်ဘက်တွေလည်း မိဘဆီက လက်ဖြန့်တောင်းသုံးနေရတာမဟုတ်လား။ သူတို့လည်း မရှိ။ အခက်အခဲတွေ့တော့ အိမ်မှာ ကျန်ခဲ့တဲ့ အ၀တ်အစားအားလုံးကို လူတယောက်လွှတ်ပြိး အမေ့ဆီက ပြန်တောင်းခိုင်းလိုက်တယ်။ ငွေတော့ မတောင်းချင်။ သူတို့က ကျန်ရစ်ခဲ့တဲ့သူတွေ မဟုတ်လား။ ပိုပြီး လိုအပ်မှာပေါ့။ ကျနော်ကတော့ တယောက်တည်းဆိုတော့ ပြဿနာမရှိလှပါ။
အမေက အ၀တ်အစားအားလုံးကို ထည့်ပေးလိုက်တယ်။ အဲဒါနဲ့ ကိုယ့်အတွက်လိုအပ်မယ့် ၀တ်စုံ သုံးစုံကို ရွေးပြီး ကျန်တာတွေ အားလုံးကို အ၀တ်ဟောင်းဆိုင်မှာ ရောင်းလိုက်ရတယ်။ နောက် လက်ပတ်နာရီတလုံး။ အဲဒါနဲ့ ပိုက်ဆံ ၆၀၀ လောက်ရလိုက်တယ်။ ကျန်တဲ့လူတွေကို လောက်နိုင်ပါ့မလား လို့ မေးတော့ လောက်ပါတယ်ဆိုမှ သက်ပြင်းချမိတယ်။ မလောက်လဲ နောက်ထပ် ရပေါက်ရလမ်းကမရှိတော့ဘူး မဟုတ်လား။
ကျနော့် မှတ်ပုံတင်က သုံးလို့မရဘူးဆိုပြီး ရဲဘော်တယောက်က မှတ်ပုံတင်တခုလာပေးတယ်။ ကိုယ့်မှတ်ပုံတင်အစစ်တော့ လုံလုံခြုံခြုံ သိမ်းပေါ့။ ရထား လက်မှတ်ဝယ်တော့ မှတ်ပုံတင် ပြပြီးဝယ်ရတာ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဘက်တဦးရဲ့အဖေက မီးရထားမှာ အလုပ်လုပ်တော့ သိပ်အခက်အခဲ မရှိလှပါဘူး။
ခရီးထွက်မယ့်ညကျတော့ နောက်တယောက်ရောက်လာတယ်။ သူလည်း နေလို့မရတော့ဘူး။ သူက ကျနော်နဲ့ မန္တလေးညီလာခံမှာ တွေ့ခဲ့တဲ့ ကိုမွှေးကြိုင် (ထွန်းခင်- ၁၉၉၄ ခုနှစ်ဆန်းပိုင်းမှာ ပေါင်းလောင်းဒေသတွင် ကျဆုံး)ဖြစ်နေတယ်။ လူ့ဘောင်သစ်ပါတီက။ အဲဒီညက တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။ ဘ၀မှာ တခါမှ မကြုံဘူးတဲ့ ကြုံမယ်လို့လည်း မျှော်လင့်မထားတဲ့ အတွေ့အကြုံသစ်တွေ ကြုံရတော့မှာမဟုတ်လား။
နောက်နေ့မနက် ဘူတာကြီးမှာ ရောင်းတဲ့ ထမင်းကျော်ကို စားပြီး မနက် ငါးနာရီ မော်လမြိုင်ရထားနဲ့ နယ်ပယ်သစ်တခုဆီကို စထွက်လာခဲ့ပါပြီ။ အိပ်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့ကြီးကတော့ မီးရောင်တွေအောက်မှာ ငြိမ်သက်စွာ တဖြည်းဖြည်းပျောက်ကွယ်ပြီး ကျန်ရစ်ခဲ့တော့တယ်။ ငယ်ဘ၀ရဲ့ အိပ်မက် တွေလည်း အဲဒီမှာတင် ပျောက်ကွယ်ကျန်ရစ်ခဲ့တော့တယ်။
(၂)
ရထားကလည်း တလိမ့်ချင်းပါပဲ။ သတိတရဖြစ်မှုကလည်း တလိမ့်ချင်းပါပဲ။ ကျနော် အိမ်ပေါ်ကနေ ခဏခဏ ဆင်းဖူးတယ်။ အမေကပဲ `နင့်လို့ သားမျိုး ကို မောင်းချရမယ်´ဟဲ့လို့ ခဏခဏ နှင်ချဘူးတာ။ ကျနော်ကလည်း တော်တော်ဆိုးပါတယ်။ နှင်ချတိုင်း ကျနော်ဆင်းသွားတာက နောက်ဖေးကျော ချင်းကပ်က အိမ်ကို။ အိမ်ကဆင်းတော့ ဟန်ကျပန်ကျ။ အိတ်တွေဘာတွေ ယူ၊ အ၀တ်အစားတွေ ထည့်၊ ပြီးတော့ နောက်ဖေးအိမ်မှာ သွားအိပ်နေတာ။ မနက်ကျမှ `အမေ့အိမ်လောက် ဘယ်အိမ်မှ မကောင်းဘူးဆိုတာ ကျနော်သိပါပြီ၊ အမေ´လို့ အမေ့၇င်ခွင် ခေါင်းထိုးပြောတော့ မျက်နှာက တင်းနေပေမယ့် အမေ့မျက်လုံးက အပျော်တွေနဲ့ ရွှန်းစိုနေခဲ့တယ်။
အိမ်က ကျနော်ပုံမှန်ဆင်းရရင် တညပါပဲ။ အမေလည်း ကျနော့်ကို တညထက် ပိုပြီး မျက်စေ့အောက်က အပျောက်မခံနိုင်ခဲ့ဘူး။ တခါ ကျနော်လည်း ဒေါသထွက်၊ အမေလည်း အရမ်းစိတ်ဆိုးတဲ့ အခါတုန်းကတော့ ကျနော်ထွက် သွားဖို့ စဉ်းစားသေးတယ်။ အဲဒီညတွင်းချင်းပဲ ကျနော့်သူငယ်ချင်းတွေ ကို လိုက်ရှာခိုင်းတာ ကားဂိတ်၊ ရထားဂိတ်အနှံ့ပါပဲ။ ဒါပေမယ့် ကျနော်လည်း ဘယ်ဝေးဝေးသွားနိုင်မှာ လဲ။ ဘယ်သူကများ အမေ့လောက် ကျနော့်ကို စိတ်ရှည်သည်းခံ နိုင်မှာလဲ။
ဒါပေမယ့် ဒီတခါကတော့ အိမ်ကနေ ထွက်ခဲ့ရတာ တည ထက်ပိုမယ်ဆိုတာ အမေရော၊ ကျနော်ရော သိရက်နဲ့ မေ့တိမေ့မောနေခဲ့တယ်။ ဒီတခါတော့ တဘ၀လုံးနီးနီးလောက် အိမ်ပြန်မရောက်နိုင်ဘူးဆိုတာ ကျနော်လည်း သိခဲ့ပါတယ်။ အမေလည်း သိနေပါပြီ။
ကျန်ခဲ့တဲ့ ရန်ကုန်မြို့ကို ငေးရင်းတွေးလာမိတဲ့ စိတ်ကူးအပိုင်းအစတွေပါ။ လင်းအာရုဏ် မရောက်ခင်မှာ ကျနော်တို့ ပဲခူးဘူတာကို ဖြတ်ခဲ့ပါပြီ။ ပြီးတော့ စစ်တောင်းမြစ်ကူးတံတား…ရထားက လေးလေး နှေးနှေး။
ကရင်-မွန်ပြည်နယ်အ၀င်မှာတော့ နည်းနည်းရင်ထိတ်ရပါပြီ။ရထားတဲ့ သတင်းက ရန်ကုန်နဲ့ အထက်အညာက လူတွေ လာသမျှ ဖမ်းထားဆိုတာကို ထောက်လှမ်းရေးတွေက ချပြထားတယ်ဆိုပဲ။ ဒါပေမဲ့ ကျနော်က မှတ်ပုံတင် နောက်တခု ဆောင်လာတော့ သိပ်မစိုးရိမ်လှ။ ဒီလိုစဉ်းစားတာဟာ နောက် အချိန်တချို့အတွင်းမှာပဲ မှားယွင်းသွားပြီဆိုတာကို ကျနော်သိလိုက်ရတယ်။
ဖြစ်ချင်တော့ သထုံ အကျော်မှာ ကျနော်အိမ်သာထဲဝင်မိတယ်။ ဖြစ်ချင်တော့ အိတ်ကပ်ထဲထည့်ထားတဲ့ မှတ်ပုံတင်အတုဟာ လျှောခနဲ ကျသွားလိုက်တာ အိမ်သာကမုတ်ထဲကို ကွက်တိပါပဲ။ ဘာလုပ်ရမှန်း မသိဖြစ်ပြီး ပြန်ထွက်လာ။ လိုက်ပို့သူ ရဲဘော်တွေကို ပြောတော့ အားလုံးက ဝေဖန်ရေးပေးတယ်။ အသုံးမကျဘူး.. ပေါ့ဆတယ်… စသဖြင့်။ တိုက်ဆိုင်တာ ဆိုပေမယ့်လည်း ကျနော်က ပြုလုပ်သူ ဖြစ်နေတော့ ကိုယ့်ကိုယ်ကိုပဲ ကျိန်ဆဲနေမိတယ်။ အသုံးမကျတဲ့ကောင် ဆိုပြီး … ဒါရဲ့ နောက်ဆက်တွဲက လက်မှတ်စစ်လာတိုင်း အိမ်သာထဲဝင်နေရတာပါဘဲ။
အဲဒီလို ကသိကအောက်ဖြစ်ရမယ် ကိစ္စ ကလွဲပြီး မုတ္တမရောက်သွားတယ် .. ပြီးတော့ မွန်တို့ဌာနေ ရာမညလည်း စေ့ငှအောင် မကည့်ဖြစ်တော့ဘူး။ တန်းပြီးကားပေါ်တက် မော်လမြိုင်နဲ့ သိပ်မဝေးလှတဲ့ ဖားအောက်ကျေးရွာကို ရောက်သွားတယ်။ ဒါက စခန်းတထောက်ပေါ့။
ဖြစ်ချင်တော့ ကျနော်တို့ တည်းခိုတဲ့ အိမ်နေရာက အပျိုမတွေ ချည်းသက်သက် မွေးထားတာ။ အဲဒါနဲ့ နေရေးထိုင်ရေးကို စဉ်းစားတော့ ဒီမှာတော့ နေလို့ မကောင်းလှဘူး။ ပတ်ဝန်းကျင်ကလည်း သတိထားမိ မယ်ဆိုပြီး ကျောကိုလယ်ကွင်းတွေဘက် ပေးထားတဲ့ လယ်တဲလေး (အိမ်နဲ့တော့ မဝေးလှပါ) မှာ တည်းလိုက်တယ်။
အဲဒီကာလက စီးပွားရေးကလည်း ဆိုးသထက်ဆိုးလာပြီမဟုတ်လား။ ကိုယ်တည်းမိတဲ့အိမ်ကလည်း မိသားစုများတယ်ဆိုတော့ ထမင်းစားရတာ အားနာလာတယ်။ အဲဒါနဲ့ ထွက်ရမယ့်လမ်းကို အမြန်ရှာရတော့တယ်။
လမ်းက နှစ်လမ်းစုံစမ်းရတယ်။ တခုက ကြာအင်းဆိပ်ကြီးကို ဆန်တက်ပြီး သွားတဲ့လမ်း၊ နောက်တခုက ရေးနားက ဖြတ်တဲ့လမ်း။ အဲဒါနဲ့ ဘယ်ဟာ အဆင်ပြေမလဲ မေးကြည့်တော့ ကြာအင်းဆိပ်ကြီး က ပိုလွယ်နိုင်တယ်ဆိုတဲ့ ကောက်ချက်က ထွက်လာတယ်။
တည်းတဲ့အိမ်က လူတွေလည်း ရိပ်မိတန်သလောက် ရိပ်မိနေပြီ။ ရွာထဲက တချို့လူတွေလည်း သိနေကြပြီ။ ဒါနဲ့ ကျနော်တို့ အမြန်စီစဉ်ရတော့တယ်။ ၁၉၈၉ ခုနှစ် သြဂုတ်လ နှောင်းပိုင်းကာလမှာ … ကြာအင်းဆိပ်ကြီးလမ်းက ကျနော်တို့အတွက် မြွေကိုက်တဲ့လမ်းဆိုတာ အဲဒီခရီးစဉ်မှာမှ သိရတော့တယ်။
(၃)
သြဂုတ်လလယ်ကျော်တော့ ကျနော်တို့ စထွက်ခဲ့ပါပြီ…အဲဒီအချိန်မှာ နဂိုအတုယူလာတဲ့ မှတ်ပုံတင် မရှိတော့တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ပိုင်ကိုပဲ သုံးပါတယ်။ သွားတော့ သုံးယောက်။ တယောက်က ကျနော်တို့ကို လိုက်ပို့တာပါ။ သူက တောထဲ သွားတဲ့အတွေ့အကြုံရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် သူက ကျနော်တို့ကို ကြာအင်းဆိပ်ကြီးအထိ လိုက်ပို့ပေးပြီးပြန် ရမှာပါ။
ဖားအောက်ကနေပြီး မော်လမြိုင်ကို ပြန်သွားရပါတယ်။ အဲဒီမွာ သေဘာၤစီးရမွာပါ။ နောက်ကျမှ သိရတာပါ။ အပေါင်ဘူတာတို့၊ ကျိုက်ထိုဘူတာတို့ကနေ ဆင်းပြီး တောဘက်ကို ဆိုက်ကားတစီးငှားပြီးသွားလိုက်ရင် မြို့ပြင်ထွက်တာနဲ့ ကျနော်တို့ သွားမယ့်နေရာဆီ ရောက်သွားတာပါပဲ။ ဒါလည်း တောထဲရောက်မှ သိရတာပါ။ အခုတော့ ကုန်းတတန်၊ ရေတတန်နဲ့ အသည်းထိတ်ထိတ်သွားရတော့တာပါ။
မော်လမြိုင်ကနေ သဘောင်္စီးတော့ ကျနော်နဲ့ လိုက်ပို့တဲ့ ရဲဘော်က တစု၊ ကိုမွှေးကြိုင်က တယောက်တည်း သပ်သပ် ခြားထားတဲ့ သံဇကာကို ကျောချင်းကပ်ပြီး လူခွဲစီးပါတယ်။ တစုံတခုဖြစ်ရင် တယောက်ယောက်ု လွတ်အောင်ပါ။ ဒါနဲ့ ကျနော်တို့လည်း ဒီခရီးကိုသွားဖူးတဲ့ ဟန်ဆောင်ပေမယ့် ဘယ်လိုမှ ဒေသခံနဲ့ကို မတူနိုင်ပါဘူး။ မော်လမြိုင်နဲ့ ဆိပ်ကြီး(ကြာအင်းဆိပ်ကြီးလို့သာ တွဲခေါ်တာ၊ ဆိပ်ကြီး သတ်သတ်၊ ကြာအင်းကသပ်သပ်ပါ) ရဲ့ အလယ်ဗဟိုလောက်မှာ ဆိပ်ကမ်းတခုကို (ချောင်းနှစ်ခွဆိပ်ကမ်းထင်တယ်။) ကပ်ပါတယ်။ အဲဒီမှာတင် ရဲတွေတက်လာပါတယ်။ အဲဒီ ဘေးတလျှောက်က မွန်တပ်နဲ့ ကရင်တပ်တွေ ကြီးစိုးတဲ့ဒေသဆိုတော့ သူတို့က လုံခြုံရေးအရ လိုက်ရသလို၊ နောက် ခရီးသည်တွေကို စစ်ဖို့ပါ။ ဒီမှာတင် ကျနော်တို့ မြွေစကိုက်တော့တာပါဘဲ။
သူတို့ထုတ်ထားတဲ့ အမိန့်က ရန်ကုန်နဲ့ အထက်ဘက်ကလာတဲ့လူတွေကို စစ်ရမယ်။ မသင်္ကာရင် ဖမ်းရမယ်ဆိုပြီး ထုတ်ထားတာပါ။ အဲဒီမှာ သဘောင်္ထွက်ပြီးစစစ်တာက ရဲဘော်မွှေးကြိုင်ထိုင်တဲ့ ဘက်ခြမ်းကိုပါ။ အဲဒီမှာ သူ့မှတ်ပုံတင်က ပဲခူးအနောက်ခြမ်းဆိုတော့ ငြိသွားတယ်။ ဒါပေမယ့်ပါလာတဲ့ ရဲတပ်ကြပ်ကြီး ကပ်ပြီး ခေါ်သွားပြီး မှ ပိုက်ဆံပေးလိုက်တာ အဆင်ပြေသွားတယ်။ ဒါနဲ့ သူက နဂိုထိုင်တဲ့နေရာကိုပြန်လာပြီး ကျောချင်းကပ်အနေ အထား နဲ့ အခြေအနေကို ရှင်းပြပါတယ်။ ကျနော့်ကိုလည်း ပိုက်ဆံပေးလိုက်ဖို့ပြောတယ်။ တွက်ကြည့်တော့ ပိုက်ဆံက ၄၀၀ ကျပ်လောက်ပဲ ရှိတာ။ နောက်ကျနော်က ဒါမျိုးတခါမှ ပေးဖူးတာမဟုတ်တော့ ပေါက်တဲ့နဖူးမထူးတော့ဘူး၊ နောက်ဒီလောက်လည်း ဒီကောင်တွေ ကြည့်မှာမဟုတ်ဘူးလို့ ထင်လိုက်မိတယ်။
ကျနော်တို့အလှည့်ရောက်တော့ ရန်ကုန်မှတ်ပုံတင် ဆိုတော့ မေးတော့တာပေါ့။ဘာလုပ်မလို့လဲ၊ ဘာကိစ္စနဲ့လာတာလဲ၊ အသိရှိလား စသဖြင့်။ ကျနော်တို့က ကျောင်းပိတ်ရက်ဖြစ်နေလို့ မော်လမြိုင်က အမျိုးတွေဆီ လာလည်တာကဆက်ပြီး စိးပွားရေးလုပ်ငန်းလေးဘာလေး စနည်းနာတာလို့ ပြန်ဖြေလိုက်တယ်။ အဲဒါနဲ့ မင်းတို့က ဆိပ်ကြီးကိုလာတာ အသိရှိလို့လား မေးတော့ ဖျတ်ခနဲ သတိရလိုက်တာ ကိုးတန်းနှစ်က ကျနော်နဲ့ အီစီကလီ ဖြစ်ခဲ့တဲ့ ကောင်မလေးကိုပါ။ အဲဒါနဲ့ ရှိပါတယ်ပေါ့၊ ကျနော်နဲ့ပါလာတဲ့ ရဲဘော်ကလည်း သူလည်း ရှိပါတယ်၊ ဘယ်နေရာမှာ နေပါတယ်၊ ဘယ်လောက်ခင်ကြောင်း အာရတော့တာပေါ့။ ဒါပေမယ့် သူတို့က မင်းတို့ မှတ်ပုံတင်တွေ သိမ်းထားမယ်။ ပြီးရင် ဆိပ်ကြီးရောက်မှ ဆက်စီစဉ်မယ်ပေါ့။ ရပါတယ် ဆိုပြီး ပြန်ပြောလိုက်ရပေမယ့် ရင်ကတော့ စိုးထိတ်နေပါပြီ။
ဒီလိုနဲ့ ရဲတယောက် စောင့်ကြည့်နေတော့ ဘာမှ တိုင်ပင်လို့မရ။ သူ သတိတချက် မထားမိတဲ့အချိန်မှာ ရဲဘော်မွှေးကြိုင်ကပြောတယ်။ ရောက်ပြီး ဟိုဘက်ကမ်းက နာရီဝက်စောင့်မယ်။ မလာရင် သူတော့ သွားမယ် ဆိုပြီး ပြောတယ်။ အိုကေ.. ပေါ့လေ ကျနော်ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ ကျနော်တို့ ဆိပ်ကြီးကို ရောက်သွားပါပြီ။ ကျနော်တို့ကို မဆင်းခိုင်းပါဘူး။ ခရီးသည်အားလုံးကုန်တော့မှ (ရဲဘော်မွှေးကြိုင်လည်း ဆင်းသွားပါပြီ) ကျနော်တို့ကို လာခေါ်တယ်။ ပြီးတော့ ကျနော်တို့ကို သဘောင်္ဆိပ်မှာ အ၀င်အထွက်လာကြည့်တဲ့ ထောက်လှမ်းရေးနှစ်ယောက်လက်ထဲ လူရော၊ မှတ်ပုံတင်ပါ ပေးရင်း အကျိုးအကြောင်းတွေ ရှင်းပြလို့ထားခဲ့တော့တယ်။
ထောက်လှမ်းရေးနှစ်ကောင်လုံးက ခပ်ပုပု…၊ ဒါပေမယ့် တယောက်က မျက်နှာက သိပ်မဆိုးလှ။ နောက်တယောက်ကတော့ အမိန့်ပေးတိုင်း လုပ်မယ့် ရုပ်မျိုး။ အဲဒီမှာတင် မေးခွန်းပေါင်းသောင်းခြောက်ထောင် မေးတော့တာပဲ၊ ရဲတွေ မေးခဲ့တဲ့ မေးခွန်းအတိုင်းပါပဲ။ သူတို့ဆီကို ခေါ်မသွားဘူး။ သဘောင်္ဆိပ်နဲ့ သိပ်မဝေးတဲ့ လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာပါ။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်က တယောက်ပြောတဲ့စကားကို တယောက်ပြန် နင်းပြောရင်း လှိမ့်ရတော့တာပေါ့။ (အဲဒီနေရာမှာ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရား ဖောက်ဖျက်သူလို့ ကြိုက်သလို ပြောကြစေတော့၊ လိမ်ရပါတော့တယ်၊ ကိုယ်က မြင့်မြတ်သူမဟုတ်သလို၊ အနာအကျင်လဲ လိုအပ်မှ ခံမယ့်သူပါ)။ ကျနော်နဲ့ ပါလာတဲ့ ရဲဘော်က ခိုင်ပါတယ်။ သူက ၈၈၈၈ ပြီးစမှာ တောခိုသွားပြီးမှ အခြေအနေကို စိတ်ပျက်ပြီး ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်ဝင်လာခဲ့တာ၊ ၀င်တဲ့နေရာကလည်း အခု ကျနော်တို့ ရောက်နေတဲ့ ဆိပ်ကြီးမှာ။
အဲဒီတုံးက ကြိုဆိုရေးတွေဘာတွေ လုပ်ကြတဲ့အချိန်မှာ သူက အိမ်တအိမ်မှာ တည်းခဲ့ဖူးတယ်။ ဒါပေမယ့် သူ့နာမည်အစစ်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ကိုဆွဲထားတဲ့အချိန်မှာ အဲ့ဒီဘိုးတော်က ရ၀တ ဥက္ကဌ ဖြစ်နေတယ်။ သူ့နာမည်ပြောတော့ ထောက်လှမ်းရေးလည်း ကြောင်တောင်ယောင်တောင်ဖြစ်သွားတယ်။ အဲဒါနဲ့ မင်းတို့ကို အဲဒီအိမ်လိုက်ပို့မယ် ပြောပြီး လိုက်ပို့တယ်။
အိမ်ရှေ့ ရောက်တော့ ထောက်လှမ်းရေးတွေက အိမ်ရှင် အဖိုးကြီးနာမည်ကို ခေါ်တယ်။ အဖိုးကြီးထွက်လာတော့ ဥက္ကဌ ခင်ဗျားအသိတွေလို့ သူတို့ကပြောတယ်.. ဟုတ်လား .. မေးတော့ အဖိုးကြီးကလည်း မမှတ်မိဘူး။ အဲဒီမှာတင် ကျနော်နဲ့ပါလာတဲ့ ရဲဘော်က ဟာ … အဘ ကျနော့်ကို မမှတ်မိဘူးလား။ ကျနော်က ဘယ်အုပ်စုနဲ့လာပြီး အဘအိမ်မှာတည်းခဲ့တယ်လေ၊ လွန်ခဲ့တဲ့ နှစ်က…။ သူအရမ်းကောင်းလွန်းပါတယ်။ အဖိုးကြီးက တကယ်တော့ သူ့ကို မမှတ်မိပါဘူး။ ဘာလို့ဆိုတော့ အဲဒီအချိန်တုံးက ပြန်ဝင်ခဲ့တဲ့ လူတွေကများတော့ လူတိုင်းကို တဦးချင်းစီမှတ်မိဖို့က အရမ်းခက်တယ်။ နောက် နာမည်တွေကလည်း တကယ့်အစစ်မသုံးခဲ့လို့ပါ။
ဒီမှာတင် အဖိုးကြီးလည်း နဝေတိမ်တောင်နဲ့ သိသလို ဟန်ဆောင်ပြီး ကျနော်တို့ကို လက်ခံလိုက်ရတယ်။ အဲဒါနဲ့ ကျနော်တို့ကို အပ်ပြီး ပြန်မယ်လုပ်နေတဲ့ ထောက်လှမ်းရေးတွေကို အကို ကျနော်တို့ မှတ်ပုံတင်လေး ပြန်ပေးပါဦး ပြောကြည့်တယ်။ သူတို့က ဘာမှမစိုးရိမ်ပါနဲ့မင်းတို့ ပြန်ရင် ငါတို့ကိုယ်တိုင် လာပေးပါ့မယ် ဆိုပြီး ပြောပြီးပြန်သွားကြရော။
ထောက်လှမ်းရေးတွေ ပြန်သွားတော့မှ ပါလာတဲ့ ရဲဘော်က အဖိုးကြီးကို လုံးဝ စည်းရုံးရတော့တယ်။ သူ့ရဲ့သားတွေကလည်း ကျနော့်နဲ့ အသက်သိပ်မကွာတော့ ဟိုမေးဒီမေးနဲ့ ကျနော်လည်း လုံးရတယ်။ ဘယ်သူ့ကိုသိလား၊ ဘယ်ဝါ့ကို သိလားပေါ့။ ကျနော်နဲ့ အီစီကလီဖြစ်တဲ့ကောင်မလေးရဲ့ လိပ်စာကိုလည်း သူတို့ဆီကပဲ ရလိုက်ပါတယ်။
ထမင်းသာစားပေမယ့် မဖြောင့်ခဲ့ပါဘူး။ အဲဒီအိမ်ရှင်တွေက ကျနော်နဲ့ ပါလာတဲ့ ရဲဘော်ကို မမှတ်မိတော့လို့ပါ။ အဲဒီညမှာ သူပြောတဲ့ နာမည်ကို ထမင်းစားပြီး အိမ်ရှင် ဘိုးတော်က ရုံးကစာရင်းတွေထဲမှာ သွားရှာပါတယ်။ ကျနော်တို့ အိပ်လောက်ပြီလို့  ထင်တဲ့အချိန်မှာ ပြန်လာပြီး သူ့မိန်းမကို တီးတိုးပြောတာ ကြားပါတယ်။
ဘယ်ကကလေးတွေလည်း မသိပါဘူးကွာ၊ သူတို့ပြောတဲ့ နာမည်တွေလည်း မတွေ့ဘူး။
ကျနော်တို့ကလည်း တိုင်ပင်ထားတာ တခုခုဖြစ်တာနဲ့ ဘေးနားက ချောင်းကို ပြေးပြီး လွတ်လွတ်မလွတ်လွတ် ရေကူးပြေးမယ်ပေါ့။ ဒါပေမယ့် အိမ်ရှင်တွေ အရမ်းကောင်းပါတယ်။ သူတို့မသိတဲ့လူတွေကို ဘာမှ မဖြစ်စေအောင် သူတို့အကျိုးအတွက် အသုံးမချခဲ့လို့ပါ။
(၄)
အဲဒီညတော့ ရင်တထိတ်ထိတ်နဲ့ အိပ်လိုက်ရတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ အဲဒါနဲ့ မနက်ခင်းကျတော့ နှစ်ယောက်သားက ဘယ်တော့ ပြန်ထွက်ရင်ကောင်းမလဲ ဆိုတာ ဆွေးနွေးဖြစ်ကြတယ်။ ရောက်ရောက်ချင်း ပြန်ထွက်ရင် ဒီကောင်တွေ ပို မသင်္ကာဖြစ်သွားနိုင်တယ်။ ဒါကြောင့် နောက် ၂ ရက်လောက် အခြေမပျက် ဆက်နေပြီးမှ ဒီကောင်တွေကို ပြောပြီးပြန်ကြတာပေါ့ ဆိုပြီး နှစ်ယောက်သဘောတူလိုက်ကြတယ်။။
အိမ်ရှင်တွေက ကျနော်တို့ကို မသိပေမယ့် တော်တော်သဘောကောင်းပါတယ်။ အဲဒီကာလက ရ၀တဥက္ကဌ ခန့်တယ်ဆိုတာလည်း သူတို့လူ ဆိုပေမယ့် အရေးတော်ပုံကလည်း တနှစ်ပြည့်ပြီးခါစပဲရှိသေးတယ်ဆိုတော့ သူတို့လည်း သိပ်တော့ သွေးက မနွေးသေးပါဘူး။ နောက် ရွေးကောက်ပွဲလည်းလုပ်မယ် ပြောထားတာဆိုတော့ သူတို့က အဲဒါပြီးရင်တော့ အခြေအနေ အပြောင်းအလဲရှိမယ်လို့ စဉ်းစားကြပုံရပါတယ်။
သူတို့သားတွေ တပည့်တွေကလည်း ကျနော်တို့နဲ့ ရွယ်တူဆိုတော့ ပေါင်းရသင်းရတာ တညအတွင်း အဆင်ပြေ သွားပါတယ်။ မနက်ဆိုရင် လက်ဖက်ရည်ဆိုင်သွားထိုင်တယ်။ အဲဒီလက်ဖက်ရည်ဆိုင်မှာတော့ အမြဲလိုလို မှတ်ပုံတင် သိမ်းထားတဲ့ ထောက်လှမ်းရေးနဲ့ ဆုံဖြစ်ပါတယ်။ သူ့ဝိုင်းသူထိုင်၊ ကိုယ့်ဝိုင်းကိုယ်ထိုင်ပါ။
အဲဒီညနေမှာ ကျနော်ပြောထားတာလည်း ယုတ္တိဖြစ်အောင်၊ နောက် တွေ့လည်းတွေ့ချင်တာနဲ့ အီစီကလီမလေးရဲ့ အိမ်ကို သွားလည်ကြတယ်။ အိမ်ရှင်သားနဲ့သွားတာပါ။ လူနဲ့ နာမည်ပဲသိပြီး လိပ်စာမသိတော့ တော်တော်ရှာရပါတယ်။ သွားတဲ့အချိန်က ၅နာရီလောက်ရှိပါပြီ။ အိမ်ရှေ့ရောက်တော့ နာမည်အော်ခေါ်တယ်။ အထဲက အသံပြန်ထွက်လာတယ်။ ဘယ်သူလဲတဲ့။ ကျနော် မြင့်ဇေပါ ပြောတော့ …. သိတယ်၊ သိတယ်၊ ၀င်လာခဲ့လို့ အော်တယ်။ ၀င်သွားတော့ မ…… ရှိလား ဆိုတော့ ရှိတယ်။ ရေချိုးနေတယ်၊ ထိုင်ဦးလေ.။ သူ့အမ ကပြောတယ်။
သိပ်မကြာပါဘူး။ ကျနော့် ပန်းကလေးထွက်လာပါတယ်။ (အခုတော့ ပန်းကြီးဖြစ်နေပြီပေါ့နော့်) ဟယ်… ဘာလာလုပ်တာလဲ၊ ဘယ်လောက်ကြာအောင်နေမှာလဲ၊ လဲပေါင်းများစွာ။ ကျနော်လည်း စိတ်မကောင်းခြင်းကြီး စွာနဲ့ လိမ်ရပါတော့တယ်။ အလည်လာတဲ့အကြောင်း၊ မကြာခင်ပြန်မယ့်အကြောင်း၊ ကျောင်းပိတ်လို့ မြန်မာပြည် တပတ်လုံး လျှောက်လည်တဲ့အကြောင်း၊ သူကတော့ တသြော်သြော်နဲ့။ ဒါပေမယ့် ယုံပုံမရပါဘူး။ ကျနော် ရှစ်လေးလုံးတုံးက လုပ်ဆောင်ခဲ့တာတွေ သူသိတာကိုး။
ဒါနဲ့ လာလည်တယ်ဆိုရင် ကြာအင်းသွားလည်မယ်လို့ သူကပြောတယ်။ ကျနော်ကတော့ မလည်တော့ဘူးလို့ ပြန်ပြောဖြစ်လိုက်တယ်။ သန်ဘက်ခါ ပြန်မယ်ဆိုတာလည်း တခါတည်း အသိပေးလိုက်တယ်။ တောထဲရောက်မှ သိရတာက ကြာအင်းရောက်ရင် (အဲဒိအချိန်က) တောထဲရောက်ပြီ။ နောက်တခုထပ်သိရတာက ကောင်မလေးရဲ့ ဦးလေးတယောက်က ကေအဲန်ယူက တပ်မှူးတဦးဆိုတာကိုပါ။ဒါနဲ့ စကားစမြည်နည်းနည်း ထပ်ပြောပြီး ပြန်လာခဲ့တယ်။
နောက်နေ့ကျတော့ ကျနော်တို့ ထောက်လှမ်းရေးကို သွားတွေ့တယ်။ မနက်ဖြန်ပြန်မယ်၊ မှတ်ပုံတင်ပြန်ပေးပါ။ ဆိုပြီး။အဲဒါနဲ့ ဒီကောင်တွေက သဘောင်္ဆိပ်ကျမှ လာပေးမယ်လို့ဆိုတယ်။ အဲဒါနဲ့ ပြန်မယ့်နေ့ရောက်တော့ သဘောင်္ဆိပ်အဆင်းမှာ ကောင်မလေးနဲ့ သူ့အမက လာနှုတ်ဆက်တယ်။ ကြာကြာမနေသွားလို့လည်း စိတ်မကောင်းဖြစ်နေပုံရတယ်။ နှုတ်ဆက်စကားပြောပြီး သဘောင်္ပေါ်တက်လာခဲ့တယ်။ ဥသြတခါဆွဲတော့မှ ကိုရွှေထောက်လှမ်းရေးများ တက်လာပြီး မှတ်ပုံတင်လာပေးတယ်။ မင်းတို့ အိမ်ကိုတန်းပြန်လို့လည်း ပြောသေးတယ်။ ဟုတ်ကဲ့ ပြန်မှာပါ၊ ကျေးဇူးပါပဲအကိုတို့ဘာတို့ အာပလာ လုပ်လိုက်ရသေးတယ်။
သဘောင်္စထွက်တော့ ကမ်းပေါ်က လက်ပြနေသူတွေက အများကြီး.. အဲဒီထဲက လက်ဖ၀ါးလေးတခုတည်းကိုပဲ ကျနော်ကရွေးမြင်နေမိတယ်။
(၅)
သဘောင်္ဆိပ်ကမ်းက ခွာပြီးထွက်လာတာ ခရီးရဲ့တ၀က်ဖြစ်တဲ့ ချောင်းနှစ်ခွကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ သဘောင်္ပေါ်ကဆင်းပြီး မုဒုံကိုဖြတ်လို့ ဖားအောက်ကို နောက်တခေါက်ထပ်ရောက်သွားပါတော့တယ်။ အရင် တည်းတဲ့အိမ်မှာ စောင့်နေတဲ့ ရဲဘော်တွေကလည်း ကျနော် ပြန်ပါလာတာတွေ့တော့ အံ့အားသင့် သွားကြပုံ ရတယ်။ သူတို့ကတော့ ရောက်လောက်ပြီထင်နေတာလေ။ အဲဒါနဲ့ သူတို့ကို အဖြစ်အပျက် ရှင်းပြတော့ထပ်ဝေဖန် ကြရော၊ ဒါမှတ်ပုံတင်ပျောက်လို့ဖြစ်တ ဆိုပြီား။ ကျနော်ကတော့ ပြန်ပြောတယ်။ ဒေါသလည်း နည်းနည်း ထွက်သွားတယ်။ တမင်သက်သက် လုပ်ပျောက်တယ်ဆိုရင်တော့ ဝေဘန်မှုက ပြဿနာမရှိပါ။ ဒါပေမယ့် အခုဟာ မတော်တဆအဖြစ်အပျက်ကြောင့် ပျောက်ရှသွားတာကိုတော့ ဒီလောက် ဝေဘန်နေရင်တော့ မဟုတ် တော့ဘူးးလို့ ပြန်ပြောလိုက်တယ်။ အဲဒီအတွက်လည်း ပထမတကြိမ် ဝေဘန်ပြီးသွားပြီပဲ။ အခုလုပ်ရမှာက ဘယ်လိုဆက်သွားမလဲဆိုတာကို ဆွေးနွေးဖို့ဖြစ်တယ်လို့ ပြောလိုက်မှ နည်းနည်းငြိမ်သွားကြတယ်။
အဲဒါနဲ့ သွားရမယ့်လမ်းကြောင်းကို ပြန်တွက်တော့ ကြာအင်းလမ်းကတော့ လုံးဝအခြေအနေမကောင်းဘူး။ ဒါကြောင့် ကျနော်တို့ တည်းတဲ့ အိမ်က ဘိုးတော်နဲ့ တိုင်ပင်တော့ သူက ရေးကို မီးရထားနဲ့ သွားဖို့ အကြံပေး တယ်။ ရေးမရောက်ခင်မှာ လမိုင်းဘူတာ ဆိုတာ ရှိတယ်။ အဲဒီမှာ သူနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် လူငယ်တယောက်ရှိတယ်ပေါ့။ ပြီးတော့ အဲဒီလူကလည်း ထိုင်းဘက်သွားတဲ့လူတွေနဲရင်းနှီးတာကြောင့် အဲဒီလူ ဆီကို စာရေးပေးမယ်ဆိုပြီးပြောတယ်။ ဒါပေမယ့် တောခိုမယ့်အကြောင်းမပြောနဲ့ လို့ ဆိုတယ်။ ဟုတ်ကဲ့ပါ။
ကဲလမ်းကြောင်းကတော့ ရပြီ။ ဒါပေမယ့် ကြာအင်းခရီးစဉ်မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံ ၆၀၀ ဟာ လုံးဝမရှိတော့ဘူး။ အဲဒါကြောင့် ခရီးစရိတ် ဘယ်နှယ့်လုပ်ရပ အားလုံးဝိုင်းစဉ်းစားကြတယ်။ ရှိတဲ့ ပိုက်ဆံက လမိုင်းလောက်ဘဲ ရမယ်။ ဘုရားသုံးဆူသွားဘို့ကတော့ ဝေလာဝေးပေါ့။ အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ဘွားခနဲ ရောက် လာတယ်။ ပဲခူးအနောက်ခြမ်းက ကိုလင်း (ယခု ဖင်လန်တွင် နေထိုင်လျှက်ရှိ) ပါ။ သူလည်းရှောင်လာတာပါ။ ဒါပေမယ့် ခဏရှောင်ပြီး ပြည်တွင်းမှာ ဆက်လုပ်ဦးမယ်လို့ ဆိုတော့ …သူလည်း ဆက်နေဘို့ မလွယ်တဲ့ အကြောင်း ဆွေးနွေးရပါတယ်။ အဲဒါနဲ့ သူလည်း လိုက်မယ်ကွာဆိုပြီးပြောတော့ ကျနော်အတွက် ခရီးသွားဖော် အဖြစ်ရော၊ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရဲဘော်ရဲဘက် တဦးအဖြစ်ပါ အဆင်ပြေသွားပါတယ်။ နောက်တခုက လမ်းစရိတ်အဆင်ပြေသွားပါတယ်။ သူ့မှာ ရွှေဆွဲကြိုးပါလာတော့ အဲဒါကို လိုအပ်တဲ့အခါ ထုမယ်ပေါ့။
ဒါနဲ့ နောက်တရက်မှာ ကျနော်တို့ မော်လမြိုင်-ရေး ရထားနဲ့ ထွက်လာကြတယ်။ ရထားကတော့ ကျပ်လွန်းလှပါတယ်။ ကိုယ်မရောက်ဘူးတဲ့ ဒေသဆိုတော့ ဆိုင်းဘုတ်တခုချင်း ဖတ်ပြီး ရောက်မယ့် ဘူတာကို တမေးတည်း မေးရတော့တယ်။ နောက် စိုးလည်းစိုးရိမ်နေမိတယ်။ ကိုယ်တည်းမယ့်အိမ်ကရော အဆင်ပြေပါ့ မလား။
လမိုင်းဘူတာရောက်တော့ ညနေ၃ နာရီလောက်ရှိပါပြီ။ အဲဒါနဲ့ ကိုလင်းက ကျနော့်ကို တည်းမယ့် အိမ်လိုက်ပို့ တယ်။ ကို….. ရှိပါသလားဆိုတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ထွက်လာပြီး ကျနော်ပါဘဲလို့ ပြောတယ်။ အဲဒါနဲ့ ဖားအောက်က ထည့်ပေးလိုက်တဲ့ စာကိုထုတ်ပေးတော့ စာဖတ်ပြီး လာ.. လာ.. အိမ်ထဲဝင်ပါ ပြောတယ်။ ပြီးတော့ ထိုင်းကို ဘာသွားလုပ်မှာလဲ မေးတော့ ထိုင်းမှာ အလုပ်သွားလုပ်မယ့်အကြောင်း ပြန်ပြောလိုက်တယ်။ ဒါဆို ဒီအိမ်ကနေပြီး တပတ်လောက်စောင့်ပါ။ လူကြုံရှိရင် ထည့်ပေးပါ့မယ် ဆိုတော့ ကိုလင်းက နှုတ်ဆက်ပြီးထွက်သွားတယ်။ သူက မော့ဂနင်းရွာမှာ သွားတည်းမှာပါ။ ခရီးသွားဖို့ အဆင်ပြေမှ လှမ်းအကြောင်းကြားမယ်ပေါ့။ ဒါကလည်း လုံခြုံရေးအရ ခွဲတည်းကြတာပါ။
ညနေ ထမင်းစားသောက်ပြီး အိမ်ရှင်တွေနဲ့ စကားပြောနေတုန်း ကိုလင်း ရုတ်တရက်ပြန်ရောက်လာတယ်။ ဘာများဖြစ်လို့လဲပေါ့။ ဘာမှဖြစ်တာမဟုတ်ဘူး။ သူသွားတည်းမယ့် အိမ်က အိမ်ရှင်တွေမရှိလို့ ပြန်လာတာ။ အဲဒါနဲ့ အိမ်ပိုင်ရှင် အကိုက ဒီမှာဘဲတည်းပါ။ နှစ်ယောက်တည်း လည်း အားနာစရာ မလိုဘူး။ အကိုကြီးအသိတွေဘဲလို့ ပြောတာနဲ့ နှစ်ယောက်သားတည်းဖြစ်သွားတယ်။
ဒီလိုနဲ့ စက်တင်ဘာထဲကို ၀င်လာတယ်။ အိမ်ရှင်အကိုလည်း ထိုင်းဘက်သွားမယ့် ကုန်သည်အဖွဲ့ စုံစမ်းတာက မရသေးဘူး။ တပတ်ကျော်သွားပြီ။ ကျနော်တို့လည်း အားနာလာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အခက် အခဲနဲ့ကိုယ်မဟုတ်လား။ ကျိတ်မှိတ်ပြီးနေနေရတယ်။ တနေ့ကျတော့ အိမ်ရှင်အကို က ပြောတယ်။ ညီတို့ ဒီအချိန် မိုးတွင်းမျိုးက သွားတဲ့လူရှားတယ်။ အဲဒါကြောင့် မင်းတို့ ခဏ အိမ်ပြန်လိုက်။ မိုးတွင်းကုန်ရင် ပြန်လာခဲ့။ အကို ရအောင်ပို့ပေးမယ် ဆိုတယ်။ အဲဒါနဲ့ ကျနော်တို့နှစ်ယောက်တည်း သီးသန့် တိုင်ပင်ကြတယ်။ အခြေအနေကတော့ မထူးတော့ဘူး။ သွားမယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီတောင်းမယ် လို့ ဆုံးဖြတ်လိုက်တယ်။
ဆုံးဖြတ်ပြီး ကိုလင်းက အိမ်ရှင်အကိုကို အကျိုးအကြောင်း စကားပြောတယ်။ ကျနော်က ဘေးနားမှာထိုင်လို့။ တောခိုဘို့လာတဲ့ အကြောင်း ပြောလိုက်တော့ အိမ်ရှင်အကိုက ပြူးပြူးပျာပျာ ဖြစ်သွားတယ်။ ကျနော်တို့လည်း ငိုပြရတော့တာပေါ့။ သူတို့ကလည်း နိုင်ငံရေးအကြောင်းမသိတဲ့ သာမန်အရပ်သားတွေဆိုတော့ လန့်တာပေါ့။ သူကမေးတယ်။ ညီလေးတို့က ခေါင်းဆောင်တွေလား ဆိုပြီး။ ကျနော်တို့လည်း မဟုတ်ရကြောင်း နောက်လိုက်များသာ ဖြစ်ကြောင်းပေါ့။ ဒါပေမယ့် လိုက်ဖမ်းနေတဲ့ အတွက်ကြောင့် လာခြင်းဖြစ်ကြောင်း ပြန်ရှင်းပြရတာပေါ့။ အဲဒီမှာတင် ပိုဆိုးသွားတော့တယ်။
ကျနော်တို့က သာမန်ဆိုရင် ဖမ်းမှာမဟုတ်ဘူးပေါ့ဗျာ။ ဒါဆိုရင် လိုက်ဖမ်းတယ်ဆိုတာ အရေးအခင်းတုန်းက ခေါင်းဖြတ်တဲထဲ ပါလား လို့ မေးပြန်တယ်။ ကျနော်တို့လည်း ရယ်ချင်ပေမယ့် မရယ်ဖြစ်ဘူး။ ခေါင်းဖြတ်ဖို့ မပြောပါနဲ့။ ရန်တောင်မဖြစ်ရဲပါဘူး ဆိုတော့ သူက ဒါဆိုအိမ်ပြန်ပြီး ရှင်းပြလိုက်ပါ။ အေးအေးဆေးဆေး ပြန်နေပါလို့ ဆိုပြန်တယ်။ အဲဒါနဲ့ ကျနော်တို့က ငိုပြ၊ သူ့ခမျာမှာလည်း အကျပ်ရိုက်ပေါ့။ ဒါနဲ့ ကျနော်တို့က ရှင်းပြတယ်။ မကြာခင် ရွေးကောက်ပွဲ ပြီးသွားရင် (၁၉၉၀ ရွေးကောက်ပွဲကို ဆိုလိုတာပါ) ပါတီတခုခု အနိုင်ရမှာဖြစ်တယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ ပြန်လာခဲ့ပါ့မယ်။ အခုဟာက အဖမ်းမခံချင်လို့ပါ ဆိုတော့ သူနည်းနည်းတွေတွေဝေေ၀ ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသုံးဆူသွားတဲ့ လမ်းကြောင်းပေါ်မှာ သူ့ ကရင် သူငယ်ချင်း ဆင်သမားတွေရှိကြောင်း၊ အဲဒီကို ပို့ထားပေးမယ်၊ အားလုံး အဆင်ပြေသွားတဲ့အချိန်ကျမှ အိမ်ပြန်ပေါ့လို့ ဆိုပါတယ်။ ကျနော်တို့က သုံးရက်လောက်အချိန်ပေးပါ။ ကြားမှာ ကျနော်တို့လည်း လူကြုံစုံစမ်းမယ်။ အကိုလည်း စုံစမ်းပေးပါ။ သုံးရက်မှ မဖြစ်ရင်တော့ ကျနော်တို့ အကို ပေးတဲ့ အကြံအတိုင်း လိုက်နာပါ့မယ်ဆိုပြီး ပြန်ပြောတယ်။ အမှန်က အဲဒီဆင်သမားတွေဆီ သွားနေရင်လည်း တောထဲရောက်မှာပါ။ ဒါနဲ့ သူကလည်း အိုကေ လို့ပြန်ပြောတယ်။
သုံးရက်အတွင်း ကျနော်နဲ့ကိုလင်းနှစ်ယောက်သား ရင်းနှီးပြီးသား ဒေသခံလူငယ်တွေကို ရသလောက် မေးမြန်းရတာပေါ့။ နှစ်ရက်ကြာတဲ့ ညမှာ ကျနော်တို့ နေတဲ့ အိမ်ရှေ့မျက်စောင်းထိုးအိမ်ကနေ သတင်းတခု ရလာ တယ်။ ကုန်သည်အဖွဲ့ တဖွဲ့ ဘုရားသုံးဆူဘက်တက်ဖို့ ရှိတယ်။ သန်ဘက်ခါလို့ ဆိုတယ်။ အဲဒါနဲ့ အိမ်ရှင် အကိုကို အဲဒီသတင်းပြောပြတော့ သူသွားစုံစမ်းကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ သန်ဘက်ခါမနက် ငါးနာရီ ထွက်မယ် ပြင်ထားပါ လို့ဆိုတယ်။ နောက်နေ့မနက်ကျတော့ ခရီးစဉ်မှာ လိုအပ်တာတွေ ၀ယ်ဘို့အတွက် ကိုလင်းရဲ့ ဆွဲကြိုးလေးဟာ ဆိုင်ရောက်သွားပါတယ်။ နောက်ခရီးထွက်ဖို့အတွက် ပြင်ဆင်ပေါ့။ ကိုလင်းက ငါးခြောက်၊ ဆေးလိပ်၊ ကြက်သွန်၊ဆားစသဖြင့် သယ်၊ ကျနော်ကတော့ လူနှစ်ယောက်စာအတွက် ဆန်ပေါ့။
မထွက်ခင်ညဘက် အိမ်ရှင်အကိုက ကြက်သားဟင်းနဲ့ ကျွေးပြီး စကားတော်တော်ပြောတယ်။ အတူနေတာ နည်းနည်းကြာသွားတာလည်း ပါတယ်။ နောက် တောထဲမှာ တခုခုဖြစ်တာကို စိုးရိမ်တာလည်း ပါပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ပြန်လာဖို့ကို တဖွဖွမှာတယ်။ တောထဲမှာ အဆင်မပြေဖြစ်ရင် ပြန်လာဘို့ကိုပြောတယ်။ နောက် သူကိုယ်တိုင်လည်း စစ်တပ်ကို မကြိုက်တဲ့အကြောင်း ၊ဒါပေမယ့် နိုင်ငံရေးကို နားမလည်လို့၊ မပတ်သက် ချင်လို့ ဆိုတဲ့အကြောင်းတွေ ပြောဖြစ်တယ်။
မနက်ကျတော့ အိမ်ရှင်အကိုက လေးနာရီလောက်လာနှိုးတယ်။ ထမင်းစားသောက်ပြီး ထမင်းထုတ်ထုတ်ပေး တယ်။ ပြီးတော့ ကုန်သည်အုပ်စုစောင့်နေတဲ့ ရွာအပြင်ကလမ်းဆုံလေးကို လိုက်ပို့တယ်။ ကုန်သည်အဖွဲ့ရောက် လာတော့ ကျနော်တို့က အလုပ်သွားလုပ်မယ်ဆိုတဲ့အကြောင်း၊ သေသေချာချာ လမ်းမှာ ဂရုစိုက်ပေးပါဆိုပြီး တဖွဖွမှာတယ်။ ကျနော်တို့ကိုလည်း သူပြောတာ၊ မှာတာတွေကို မမေ့ဘို့အကြောင်း ပြောပြီး ပြန်သွားတယ်။
အိမ်ရှင်အကိုရဲ့ ကျေးဇူးဟာ ကြီးလှပါတယ်။ သူသာ စိုးရိမ်ပြီး နယ်မြေခံတပ်တို့ ၊ ရဲတို့ကို တိုင်လိုက်ရင် ဒါမှမဟုတ် သူ့အိမ်ကနေ ကျနော်တို့အကြောင်း သိသိချင်း မနေခိုင်းတော့ရင် တကယ့်ကို အကျပ်ဆိုက်မှာပါ။ သူစိုးရိမ်ပေမယ့် ကျနော်တို့ သွားလို့ရအောင်လုပ်ပေးတာကိုက သာမန်လူတယောက်ရဲ့မသိစိတ်ထဲမှာတောင် စစ်တပ်ကိုအလိုလို ဆန့်ကျင်နေတာကြောင့် ဖြစ်မယ်လို့ ကျနော်တွေးထင်မိပါတယ်။ အဲဒီမှာတင် ကုန်သည်အုပ်စုက သွားမယ်၊ မော့ဂနင်ကို မိုးစင်စင်မလင်းခင် ဖြတ်မှ ရမယ်လို့ ပြောတာနဲ့ ကျနော်တို့ စထွက်လာကြတော့တယ်။ အရှေ့မှာတော့ အရုဏ်ပျိုးလုလု…။
(၆)
မော့ဂနင် တပ်ကုန်းက စီးမြင်နေရတဲ့ ရေး-ထားဝယ်ကားလမ်းကို ကျနော်တို့ အလျင်အမြန် ဖြတ်ပြီးတော့ ငါးနာရီခွဲလောက်ပါပြီ။ ကျနော်တို့လိုက်လာတဲ့ ကုန်သည်အုပ်က အတော်များ ပြား ပါတယ်။ အသော့နှင်လိုက်ကြတာ ကျနော်လည်း ရွာအမည်တွေမမှတ်မိတော့ပါ။ တရွာနဲ့ တရွာက တခါတလေ နီးလိုက်၊ တခါတလေ ဝေးလိုက်ပါ။ မိုးတွင်းနှောင်းပိုင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ တောင်ပိုင်းးဖြစ်တာကြောင့် မိုးကရွာဆဲ။ ဒါကြောင့် ရေစီးနေတဲ့ ချောင်းလတ်၊ ချောင်းသေးတွေ အကြိမ်ကြိမ်ဖြတ်၊ ချောင်းကြီးတွေကျရင် ကမ်းပါးတွေကို ကုတ်ကတ်တွယ် တက်ပြီး ကူးရပါတယ်။ ပုဆိုးထဲမှာ ကျောပိုးအိတ်ကို ထည့်ပြီး ခေါင်းပိုးလွယ်။ ပြီးတော့ ဘောကန်ဘောင်းဘီတိုကျပ်ကျပ်နဲ့ တရစပ်လျှောက်လိုက်ရတာ နေ့လည်စာချက်စားမယ် ဆိုတဲ့ ရွာရောက်တဲ့အထိပါဘဲ။ ကျနော်ကတော့ ဟောဟဲ လိုက်နေပါပြီ။ ကိုလင်းက ခန္ဓာကိုယ်အရရော၊ အတွေ့အကြုံအရပါ ကျနော့်ထက် တောင့်တင်းတော့ ကျန်တဲ့လူတွေနဲ့ အမှီလိုက်နိုင်တယ်။ ကျနော်ကတော့ အမျိုးသမီးများတဲ့အဖွဲ့နဲ့နောက်မှာ ကျန်ရစ်ခဲ့တယ်။
နောက်မှ သိရတာက ကျနော်တို့နဲ့အတူ ပါလာတဲ့ ကုန်သည်အုပ်က တဖွဲ့တည်းမဟုတ်ဘူး။ အစုအဖွဲ့တွေနဲ့လာကြတာ။ နေ့လည်စာ ထမင်းစားပြီးတော့ ကိုလင်းနဲ့ အတူလျှောက်နေတဲ့ အဖွဲ့က ဆက်ထွက်သွားတော့ ကိုလင်းက ညကျမှ အိပ်တဲ့နေရာမှာ တွေ့မယ်လို့ ပြောသွား တယ်။ မင်းတော့ဖြည်းဖြည်းဘဲ ဒီကုန်သည်အဒေါ်တွေနဲ့ လိုက်ခဲ့ပေါ့လို့ ပြောပြီးထွက်သွား တယ်။
ကျနော်တို့ ဆက်ထွက်လာတာ ချောင်းလတ်လတ်တခုစီးနေတဲ့ လယ်ကွင်းသေးသေးတခုကို ရောက်သွားတယ်။ တော်တော်ကြီးတဲ့ လယ်တဲလေး တလုံးရှိတယ်။ ဒီည ဒီမှာအိပ်မယ် လို့ပြောတော့ လူကထိတ်ခနဲ ဖြစ်သွားတယ်။ အရှေ့ကအဖွဲ့ကို အမှီမလိုက်တော့ဘူးလား အဒေါ်လို့ မေးတော့ သူတို့နဲ့ ငါတို့အဖွဲ့နဲ့က တူတာမဟုတ်ဘူးတဲ့။ ဘာမှ မပူပါနဲ့ ဘုရားသုံးဆူကျရင် နင့်သူငယ်ချင်းနဲ့ ပြန်ဆုံမှာပါ လို့ အဒေါ်ကြီးက ပြန်ပြောတယ်။ ဟုတ်ကဲ့ သာ ပြန်ပြောလိုက်ရတယ်။ လူ့မှာတော့ စိုးတထင့်ထင့်ပါ။ ကျနော့်ပိုးအိတ်ထဲမှာက ဆန်နဲ့ ငါးခြောက်၊ ကြက်သွန်နီပဲပါတယ်။ ကျန်တဲ့ ဆေးလိပ်တို့ ဘာတို့အားလုံးက ကိုလင်းနဲပါသွားပြီ။ ကဲ-အခုမှတော့ ပေါက်တဲ့နဖူးမထူးတော့ပါဘူးဆိုပြီး ချောင်းထဲ ရေသွားစိမ်ပြီးနေလိုက်တယ်။
ထမင်းစားသောက်ပြီး ဆေးလိပ်သောက်ချင်လာတော့ ဆေးလိပ်လည်း မရှိဘူး။ အဲဒီမှာတင် ပွတ်ချွန်းနဲ့ စတွေ့တော့တာပါဘဲ။ ဆေးရွက်ကြီးတွေကို အမျှင်လေးတွေ ဖြစ်အောင်လှီးထားပြီး သတင်းစာစက္ကူနဲ့ လိပ်သောက်ရတဲ့ ပွတ်ချွန်းကို အဲဒီမှာ စဖွာရတော့တာပါဘဲ။ အဒေါ်ကြီး ငှားလာတဲ့ ကုန်ထမ်းအငှားသမားတွေလည်း ကုန်ထမ်းရ၊ ချက်ပြုတ်ရတဲ့အပြင် ကျနော့်ကို ပွတ်ချွန်းလိပ်ပေးရတဲ့ အလုပ်ကိုပါ အပိုဆောင်းလုပ်ပေးခဲ့ရတယ်။
လမ်းမလျှောက်ဘူးတော့ နောက်နေ့မှာ ဘယ်လိုမှ လျှောက်ချင်စိတ်မရှိတော့အောင်ကို ဖြစ်ပေမယ့် လျှောက်မှ ရောက်မယ့်အဖြစ်မို့ ဆက်လျှောက်ခဲ့တယ်။ ကျနော်တို့နဲ့ ပါလာတဲ့ အုပ်စုထဲမှာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်မယ့် ခပ်ငယ်ငယ်မိသားစုတစုလည်း ပါတယ်။ သားအမိသားအဖ သုံးယောက်ပါ။ ယောင်္ကျားဖြစ်သူက ကျနော့်ကို အမြဲစောင့်စောင့်ခေါ်တယ်။ ကျနော်ကလည်း ကိုယ့်ကြောင့် ခရီးနှောင့်နှေးမှာစိုးပြီး မှီအောင်တော့ အမြဲလိုက်လာခဲ့ပါတယ်။ အဲဒီမိသားစုနဲ့ တော်တော်လေးလည်း ခင်သွားတယ်။
သွားနေရင်းတရက်မှာ အုန်းထမင်းစားလိုက်ရသေးတယ်။ နေ့လည်ဘက်ရွာလေးတရွာမှာ ၀င်နားတုန်း အဒေါ်ကြီးက ကြက်တကောင်ရတယ်ဆိုပြီး အုန်းသီးခူးခိုင်းပြိး အုန်းထမင်းချက် တာ၊ အဲဒီရွာမှာဘဲ သူပုန်လို့ ပြည်မကခေါ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်သား သုံးလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို ပြောပြီးနေခဲ့ရင် ရပေမယ့် ကိုလင်းနဲ့လည်း တွေ့ချင်တာကြောင့် ဘာမှ မပြောဘဲ ဆက်လာခဲ့တယ်။
သုံးရက်မြောက်နေ့ မနက်ပိုင်းကျတော့ ဇမိမြစ်ကမ်းပါးကို ကျနော်တို့ ရောက်ခဲ့ပါပြီ။ အဲဒီကနေ လှေစီးပြီးသွားရမှာပါ။ ကျနော့်မှာတော့ အခက်ကြုံရပြန်ပြီ။ ကိုလင်းနဲ့အတူ ငွေတွေအားလုံး ပါသွားခဲ့တာကြောင့် လှေစီးဘို့ မပြောနဲ့ ဆေးလိပ်ဖိုးတောင်မှ မရှိလို့ ပွတ်ချွန်းသောက်ခဲ့ရတာ မဟုတ်လား။ လှေစောင့်နေတဲ့ အဒေါ်ကြီးနားကို သွားပြီး လှေခစိုက်ထားဖို့အကြောင်း၊ ဘုရားသုံးဆူ ရောက်မှ ပြန်ပေးမယ်ဆိုတဲ့အကြောင်း ပြောတော့ သူက ဟက်ဟက်ပက်ပက် ရီပါတယ်။
`ငါသိပါတယ်.. ကောင်လေးရဲ့၊ ကျန်တဲ့လူတွေလည်း သိကြတယ်။ ပြန်မပေးလည်း ပြဿနာ မရှိဘူး။ နင်တို့ကို စတွေ့ကတည်းက အလုပ်သွားလုပ်မယ့် လူတွေ မဟုတ်ဘူးဆိုတာလည်း သိတယ်။ တောခိုလာတဲ့ ကျောင်းသားတွေမှန်းလည်း သိတယ်။ အဲဒါကြောင့် ဒီအထိ နင့်အဖော်မရှိတာ တောင် ကောင်းကောင်းမွန်မွန် ခေါ်လာတာပေါ့။ ဟိုရောက်မှ အဆင်ပြေလည်း ပေး၊ မပြေလည်း မပေးနဲ့။ တောခိုမယ့် ကျောင်းသားတွေကို ငါခေါ်ခေါ်လာပေးတာ မနည်းတော့ပါဘူး။´လို့ ပြန်ပြောတော့ ၀မ်းလည်းဝမ်းသာသွားတယ်။ ရှက်လည်း ရှက်သွားတယ်။ ကိုယ့်မှာတော့ အလုပ်သွားလုပ်မယ်ဆိုပြီး ဟန်တွေပန်တွေ လုပ်နေရတာ။ သူတို့အားလုံးက သိနေခဲ့ပါလား ဆိုပြီး၊ နောက်တခုက လူထုရဲ့တရားကို မြင်ရလို့ပါ။ အာဏာရှင်ကို ဆန့်ကျင်ဘို့အတွက်မှာ အပြည့်အ၀မပါဝင်နိုင်သေးပေမယ့် တတ်နိုင်တဲ့ ဘက်က ၀ိုင်းလုပ်နေပါလားဆိုတာကို ကျနော်မြင်ရလို့ပါ။ အဲဒီမှာ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ လှေပေါ်တက်ပြီးထွက်ခဲ့တယ်။
မြစ်သာဆိုတယ်။ ချောင်းကျယ်တခုလောက်ပါဘဲ။ တောင်ဆင်ခြေလျောတလျှောက် ရေဆင်း လာတာဆိုတော့ ရေဆန်ကအရမ်းပင်ပန်းတယ်။ စက်လှေနဲ့ တက်ပေမယ့်လည်း တချို့နေရာတွေမှာလူတွေ ဆင်းတွန်းရတယ်။ ရေကကြည်လင်လွန်းနေပြီး အနက်က ဒူးဆစ်သာသာလောက်ဘဲ။ ချောင်းလယ်နဲ့ ကမ်းပါးဘေးကျောက်ဆောင်တွေကြားမှာ မိုးမခပင်တွေ။ တခါတလေ ရေအားသန်တဲ့ နေရာတွေကျရင် လှေပေါ်ပါတဲလူအားလုံး မိုးမခပင်တွေကို ဆွဲထား၊ ပြီး ညာသံပေးပြီး လှုပ်ပေးကြ။ အဲဒါမှ မရရင် ဆင်းတွန်းကြနဲ့ ပွဲတော်တခုကို သွားနေကြသလို ပါဘဲ။
လှေ နှစ်နာရီခွဲ၊ သုံးနာရီသာသာလောက် စီးပြီးတော့ ချောင်းဆုံကို ရောက်ပါပြီ။ ချောင်းဆုံမှာက မွန်ပြည်သစ်ပါတီရဲ့ တပ်တွေရှိတယ်။ ကုန်သည်တွေအ၀င်အထွက် အရမ်းများတယ်။ လှေကပ်ပြီး အပေါ်ကို မော့ကြည့်တော့ တဲတလုံးရဲ့ ၀ရန်တာမှာ ကိုလင်း ထိုင်နေတာ တွေ့ရတယ်။ သူ့တွေ့တော့ တော်တော်လည်း ပျော်သွားတယ်။ အဲဒါနဲ့ ကိုလင်းဆီ က ငွေတောင်းပြီး အဒေါ်ကြီးကို ပေးတော့ အဒေါ်ကြီးက မယူပါဘူး။ ဒါပေမယ့် အတင်းပေး တော့မှ ယူတယ်။ နောက် ဆုပေးတယ်။ ဘေးမထိ ရန်မခပါစေကြောင်းဆိုပြီး။ သူတို့က အဲဒီမှာ နေခဲ့ဦးမယ်လေ။ ဒါနဲ့ အားလုံးကိုနှုတ်ဆက်ပြီး ဘုရားသုံးဆူကို ရောက်မယ့် လမ်းအတိုင်း ဆက်လျှောက်လာခဲ့တယ်။ (နောက်ပိုင်းအဒေါ်ကြီးနဲ့ရော၊ ဟိုမိသားစုလေးနဲ့ပါ ဆုံဖြစ် ပါ သေး တယ်။ဘုရားသုံးဆူ မကျခင်အထိ)
ဘုရားသုံးဆူရောက်တော့ ကရင်-မွန် ပူးတွဲကော်မတီ အခြေစိုက်တဲ့ ရုံးရှိရာကိုသွားတော့ တောခိုလာတဲ့ ကျောင်းသားတွေကို လက်ခံဖို့အတွက် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်က လာနှုတ်ဆက်တယ်။ ပြီးတော့ ကျနော်တို့ကို တပ်ရင်းအခြေစိုက်ရာကို ခေါ်သွားတယ်။ ထိုင်းမြေကို ဖြတ်ရတာမို့ ကားစီးလာခဲ့ရတယ်။ ဘုရားသုံးဆူဈေးကိုလည်း ခဏဘဲ ကြည့်ဖြစ်တယ်။ ကားပေါ်ကနေပါ။ ကားကို ၁၅ မိနစ်လောက်စီးလာတော့ နမ့်ကိတ်ဆိုတဲ့နေရာကို ရောက်သွားတယ်။ ထိုင်း-မြန်မာနယ်နိမိတ်ကို အဲဒီနေရာမှာ ကားလမ်းနဲ့ ပိုင်းထားတာပါ။ မြန်မာမြေဘက်ပြန်ကူးပြီး ၁၅ မိနစ်လောက်ထပ်လျှောက်တော့ အော်သံတချို့ကို ခပ်အုပ်အုပ်ကြားရတယ်။ သေချာနားထောင်ကြည့်တော့
`ဘာလုပ်နေလဲ ၊ လေ့ကျင့်နေတယ်´
`ဘာစိတ်ဓာတ်လဲ၊ ခွပ်ဒေါင်းစိတ်ဓာတ်´ ဆိုတာပါဘဲ။
ပြီးတော့ ခွပ်ဒေါင်းအလံစိုက်ထားတဲ့ ကင်းဂိတ်တခုနဲ့ ကင်းစောင့်နေတဲ့ စစ်ဝတ်စုံဝတ်ထားတဲ့ သူရဲ့ ရင်ဘတ်မှာ ကျောင်းသားတပ်မတော်ဆိုတဲ့ ရင်ဘတ်တံဆိပ်ကို တွေ့လိုက်ရပါတယ်။ သေချာပါပြီ။ ကျနော် မျှော်မှန်းရည်ရွယ်လှမ်းလျှောက်ခဲ့တဲ့ ခရီးလမ်းဆုံးကို ရောက်ခဲ့ပါပြီ။ ဒါပေမယ့် အမေ့အိမ်ကထွက်လာတဲ့ခရီးအတွက် လမ်းဆုံးပန်းတိုင်ဖြစ်ပေမယ့် တော်လှန်ရေး ပြောက်ကြား ရဲဘော်တဦးရဲ့ ဘ၀အတွက်တော့ အစပြုရာပါ။ ။
(ကိုဖိုးဇေ ဘလော့ဘ်မှ ကူးယူဖော်ပြသည်။)
ဘိသိတ်ခံယူပွဲ
ညိုထက် (လမ်းသစ်ဦး)
(၁)
စစ်မြေပြင် ထောက်လှမ်းရေးတာဝန်ယူထားသည့် ရဲဘော်များပြန်ရောက်လာကြပြီ။ သူတို့ထွက်သွားတာ တောင် ရက်အနည်းငယ်ရှိခဲ့ပြီပဲ။ တိုက်ပွဲတခုဖေါ်ဖို့ ပြင်ဆင်ထောက်လှမ်းနေတာဆိုတော့ စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။ တပ်စုမှူးဖြစ်သူ ရဲဘြော်ကီးကြွေနှင့် မဟာမိတ် ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့)မှ တပ်စုမှူး ဗိုလ်လေးထွန်းတို့ဆီတန်းသွားသည်။ သတင်းထူးမည် ထင်သည်။ ရဲဘော်အားလုံးက ကိုကြွေကြီးပြန်အလာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ သူတို့ စကားပြောနေကြသည်က အကြာကြီး။ အားလုံးက အဖြေကိုသိချင်နေကြသည်။ လည်တဆန့်ဆန့်။ ထိုအထဲတွင် စိတ်လှုပ်ရှားမှု အပြင်းထန်ဆုံးက ကျနော်နှင့် ရဲဘော်ထူးအောင်။ ဟုတ်သည်။ ကျနော်တို့နှစ်ယောက်က လက်နက်ကိုင် တော်လှန်ရေးကို ရောက်ရှိလာသည်မှာ မကြာသေး။ စစ်သင်တန်း ဆင်းခဲ့သည်မှာလည်း မကြာသေး။ အခြေအနေကောင်း၍တိုက်ပွဲဖေါ်ဖြစ်ပါကဤပွဲသည် ကျတော်တို့ကျောင်းသားများကို ဓါးကို ဓါးခြင်း၊ လှံကို လှံခြင်း ရင်ဆိုင်သွားမည်ဆိုသည့် ရန်သူစစ်အုပ်စုအပေါ် ပထမဦးဆုံး လက်တုန့်ပြန်ရမည့်ပွဲ။ ထိုင်မရ။ ထမရ။ ထိုအချိန် ဗိုလ်လေးထွန်းက သူ့ရဲဘော်တယောက်ကိုလှမ်းခေါ်ပြီး ကျတော်တို့ရှိရာကိုပြရင်း တစုံတခု ပြောနေသည်။ ထိုရဲဘော်ရောက်လာပြီး ပြောလိုက်သည့်စကားက တန်ဖိုးရှိပါဘိ။ "တပ်စိတ်ကေဒါတွေ ဆွေးနွေးပွဲတက်ဖို့ ခေါ်တယ်" ကျနော်တို့အားလုံး တိုင်ပင်မထားပဲ "ဟေး"ခနဲ့ အော်ဖြစ်သွားမိသည်။ ကိုကြွေကြီးက ရှူတည်တည်လှမ်းကြည့်မှ မျက်နှာပိုးသပ် သေနတ်ဖြုတ်ပြီး တိုက်နေလိုက်ရသည်။ သေချာသွားပြီ။
(၂)
ကျနော်တို့ တောခိုလာတော့ တပ်ရင်းနောက်တန်းကိုရော။ ဗဟိုနောက်တန်းစခန်းကိုပါမရောက်။ ထိုအချိန်က တပ်ရင်းတရင်းလုံးကလည်း ရှေ့မှာ။ စစ်သင်တန်းကိုပင် လပဒတ (လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု) ဗဟိုစခန်းတွင် တက်ရောက်ခဲ့ရခြင်းဖြစ်သည်။ ထိုဗဟိုစခန်းက စခန်းသေမဟုတ်။ ပြောက်ကျားစစ် သေနင်္ဂဗျူဟာနှင့်အညီ ရွေ့လျားပြောင်းလဲ နေသောစခန်း။ မှတ်မှတ်ရရ ထိုစဉ်က လပဒတဗဟိုက "လွယ်ဖီ တောင်တန်း"ပေါ်မှာ။ စစ်သင်တန်းပင် မတက်လိုက်ရပဲ ရန်သူ့စစ်ကြောရေးမှ ရရှိခဲ့တဲ့ဒဏ်တွေကြောင့် ကွယ်လွန်သွားသည့် ရဲဘော်ကြီး နိုင်မိုးအောင်ကိုဤတောင်တန်းပေါ်မှာပဲ ထားခဲ့ရခြင်း ဖြစ်သည်။
စစ်သင်တန်းပြီးသည်နှင့် တပ်စိတ်များနှင့်တွဲရသည်။ နောက်တော့ မဟာမိတ် စစ်ကြောင်းများနှင့်အတူ နယ်မြေရင်းနှီးမှု။ လူထုရင်းနှီးမှုရရှိရေးအတွက် စစ်ကြောင်းထွက်ကြသည်။ ထိုခရီးက နယ်မြေလေ့လာရေး ခရီးဖြစ်သလို နိုင်ငံရေးခရီး။ စည်းရုံးရေးခရီးလည်း ဖြစ်သည်။ နယ်မြေစုံသည့်အခါတွင်မှ ရလလဖ - အမှတ် (၁) တပ်ရင်း လှုပ်ရှားဒေသကို တပ်စုမူး ရဲဘော်ကြွေဦးဆောင်သော တပ်စိတ်တစိတ်လိုက်ပါသွားရန် တာဝန် ပေးသည်။ ဤခရီးကတော့ နယ်မြေလေ့လာရေးခရီး မဟုတ်တော့။ တိုက်ခိုက်ရေးအမိန့်ပါ ထည့်ပေး လိုက်သည်။ ကြည်လင်အေးမြသည့် ပွန်ချောင်းကိုဖြတ်ပြီး အရှေ့ဘက်ကမ်းကို သွားနေသူများက တက်ကြွလန်းဆန်း နေကြသည်။ တိုက်ခိုက်ရေးအမိန့် ရခဲ့ပြီကိုး။ ကျနော်တို့အစုအဖွဲ့တွင်ပါဝင်ကြသူများက တပ်စုမှူး ရဲဘော် စိုးမိုကြင်(ကိုကြွေ)။ တပ်စိတ်မှူး ရဲဘော်စံလှ။ ဒုစိတ်မှူး ရဲဘော်ပီလီ။ ဆေးမှူး မင်းမောင်မောင်။ ရဲဘော်ဝင်းလှိုင်။ ရဲဘော်ဖွတ်။ ရဲဘော်ထူးအောင်နှင့် ကျနော်။ အနောက်ဖက်ကမ်းမှာ ကျန်ခဲ့သူများကတော့ မအီမသာ။
တပ်ရင်း (၁) ဂွင်။ ပွန်ချောင်း။ လွယ်မောတောင်နှင့် မဲနယ်တောင်တို့ကားကျန်ခဲ့ပြီ။ ရှမ်းပြည်မြောက်ပိုင်း၊ MTA/ UWSA နယ်မြေများနှင့် နီးကပ်သွားပြီဖြစ်သည်။ ရှမ်းရွာတွေကများသည်။ တိုက်ပွဲတွေပြင်းထန်ချိန်က ဖြတ်လေးဖြတ်ဒဏ်ကို အကြီးအကျယ် ခံထားရသည့် ရွာတွေ။ တချို့ရွာတွေက ယခုမှ ပြန်လည်ထူထောင်ကာစ။ ရွာနှင့်မတူ။ ဒျှုသည်စခန်းတွေနှင့် ပှိုတူသည်။ အစစ ချို့တဲ့လွန်းလှသည်။ လူထုဆင်းရဲလျင် ကျနော်တို့လည်း ဆင်းရဲသည်။ ရှမ်းပဲပုတ်ဆိုသော်လည်း ပဲပုတ်မရှိ။ လူလေးယောက်အတွက် ပဲပုတ်နှစ်ချပ်ကို ထောင်းပြီး ရေချိုးပေးလိုက်သည်။ ထိုပဲပုတ်ရေကျဲသည် ဟင်း။ ရွာအများစုက ကြက်သွန်ဖြူစိုက်ကြသည်။ စားစရာ ဘာမှမရှိတော့သောအခါ ကြက်သွန်ဖြူတွေကို ထောင်းပြီး ဟင်းချက်စားကြသည်။ အနံက မွှန်ပြီး အရသာက စပ်ဖျင်းဖျင်း။
နောက်တော့ မဟာမိတ်ပင်မစစ်ကြောင်းက လူထုလုပ်ငန်းနှင့် နိုင်ငံရေးလုပ်ငန်းများလုပ်ရန် ထွက်ခွာသွားသည်။ ကျနော်တို့နှင့်အတူ ဗိုလ်လေးထွန်းတို့တပ်စု။ ထိုအစုအဖွဲက အင်မတန်ညီသည်။ တပ်မှူးတွေလည်း လူငယ်တွေ။ အပြန်အလှန် နားလည်မှုလည်း ရှိကြသည်။ အစုအဖွဲ့က လူမများတော့လို့ထင်။ တယောက်ခြင်း ရင်းနှီးမှုလည်း အတော်ကလေးရကြသည်။ အစုအဖွဲ့ ရင်းနှီးမှုအပြင် လူထုနဲ့လည်း အတော်လေး ရင်းနှီးနေပေပြီ။ နယ်မြေအနေအထားကိုလည်း အတော်ကလေး တွက်ချက်နိုင်လာပေပြီ။ နယ်မြေခံဖြစ်သည့် ဗိုလ်လေးထွန်းတို့တပ်စုကလည်း အင်မတန်မြေပိုင်သည့်ရဲဘော်တွေ။ လက်နက်ဖွဲ့စည်းပုံကလည်း ကောင်းသည်။ ကျနော်တို့ အစုအဖွဲ့တွင် M 23 စက်လက်ပါသလို ဗိုလ်လေးထွန်းတို့ တပ်စုတွင် RPG 2 နှင့် M 79။
ထိုအချိန်ကတည်းက ရန်သူသတင်းကို မပြတ်စုံစမ်းနေခဲ့သည်။ သိပ်တော့မကြာ။ သတင်းရပြီ။ နမ့်ဆမ် ကားလမ်းပေါ်က လမ်းကင်း။ ကိုယ့်အင်အားနှင့်ဆိုလျင် ရန်သူကို ချေမှုန်းရေးပင်လုပ်နိုင်သည်။ ဒေသခံလူထုက လည်း ကူညီရန်အသင့်။ လူရွေးပြီး အခိုင်အမာအချက်အလက် ထောက်လှမ်းစုံစမ်းရန် လွှတ်လိုက်ခြင်းဖြစ်သည်။ ယခု သူတို့ ပြန်လာကြပြီ။
ကျနော် သေနက်တိုက်ပြီးလို အစိတ်အပိုင်းများ ပြန်လည်တပ်ဆင်နေစဉ်မှာပင် ကိုကြွေနှင့် ကိုစံလှတို့ ပြန်လာကြသည်။ ရဲဘော်အားလုံးကို စုရန်ပြောသဖြင့် သေနက်ကိုအမြန်ဆင်လိုက်ပြီး သူတို့နှင့် ၀င်ထိုင် လိုက်သည်။ ရည်မှန်းထားသည့် လမ်းကင်းကို တိုက်မည်။ အပေါ့ပါးဆုံးဖြစ်စေရန် မလိုအပ်သောပစ္စည်းများကို ထားခဲ့ကြမည်။ ညပိုင်းချီတက်မည်။ အသံမမြည်စေရန် အီးကွေးမန့်ကို ပြင်ဆင်ထားရမည် --- စသည် အခြေအနေ၊ အချက်အလက်နှင့် စုရပ်၊ စုံရပ်၊ စကားဝှက်တို့ကို ပြောကြားသည်။ ရဲဘော်များကား ခဏအတွင်းမှာပင် ထမင်းချက်သူ။ ပစ္စည်းသိမ်းသူ။ အီကွေးမန့်ပြင်သူတို့နှင့် ရှုပ်ထွေးသွားကြ၊ မျက်နှာတွေက ၀င်းပ။
(၃)
တညလုံး ချီတက်ခဲ့ကြရသည်။ ရွာတွေကို ကွင်းပြီးရှောင်ခဲ့ရသဖြင့် ခရီးက ပမ်းလွန်းလှသည်။ သို့သော် ကျနော်တို့အားလုံး ပျော်ရွှင်ကြသည်။ ရလျင်ရ၊ မရလျင်ချ။ မရ၍ချကြမည်။ ထိုစိတ်ဓါတ်က ကျနော်တို့ကို နတ်ဖမ်းစားသလို ဖမ်းစားထားသည်။ လမိုက်ညအမှောင်ထုအတွင်းထဲမှာ အလဲလဲ၊ အကွဲကွဲဖြင့် ချီတက်နေကြခြင်းဖြစ်သည်။ သတ်မှတ်နေရာကို သုံးနာရီခွဲလောက်မှ ရောက်သည်။ အလင်းက ပြိုးတပျပျ။ ပါလာသည့် ထမင်းထုတ်များကို ဖြေ၍စားသူများက စားနေကြပြီ။ ကျနော်တို့ကတော့ မောပန်းမှုကြောင့်ရော။ စိတ်လှုပ်ရှားမှုကြောင့်ပါ မစားနိုင်။
ပြီး --- တိုက်ပွဲအတွက်နေရာချကြသည်။ မူလက ကားလမ်းဘေးရှိ ကုန်းကလေးတခုတွင် နေရာ ယူရန်ဖြစ်သော်လည်း အစီအစဉ်ပြောင်းလိုက်သည်။ ကျနော်တို့ရောက်နေသည့်နေရာက မိုးနဲ – မောက်မယ် ကြားမှ ကားလမ်း။ ထိုကားလမ်း. တဖတ်တချက်ပိုင်ဆိုင်မှုက လမ်းတောင်ဖက်ပိုင်းသည် ရလလဖ။ မြောက်ဖက် က MTA။ ကုန်းကလေးတည်ရှိနေတာက မြောက်ဖက်မှာ။ ဆုတ်လမ်းမကောင်း။ ဒါ့အပြင် ထိုကုန်းကလေးမှာ မကြာခဏရန်သူကိုစောင့်ပြစ်လေ့ရှိသည့်နေရာ။ ရန်သူအာရုံစိုက်သောနေရာ။ ထိုနေရာကိုရှောင်ပြီး ခပ်လှမ်း လှမ်းရှိ နေရာတခုကိုရွေးလိုက်သည်။ ထိုနေရာက ကားလမ်းထက်တော့နိုမ့်သည်။ မျက်ကွယ်ကောင်းသည်။ ရန်သူအာရုံစိုက်သည့်နေရာမဟုတ်။ အစုအဖွဲ့တခုကို စက်တလုံးနှင့်အတူ ရှေ့ကြိုလွှတ်ထားသည်။ ရန်သူ လာလျင် ကြိုသိနေရန်ဖြစ်သည်။ ကျနော်တို့က ကားလမ်းအတိုင်း နေရာယူလိုက်ကြသည်။ ကျနော်က ကိုကြွေနှင့် ကိုစံလှကြားမှာ။
သတ်မှတ်နေရာ။ ပြစ်ပိုင်နက် ကိုယ်စီသက်မှတ်ပြီး ကိုယ်နေရာမှ ကိုယ်ငြိမ်သက်ပြီးနေကြသည်။ မကြာမီ ရွာသားများ လုပ်ငန်းခွင်ဝင်ရန် ကားလမ်းအတိုင်းထွက်လာကြသည်။ ကျနော်တို့က သူတို့ကို တွေ့နေ သော်လည်း သူတို့က ကျနော်တို့ကို မတွေ့ရန်လိုသည်။ ပုလိုင်း။ ပေါက်ပြား။ ကျောင်းသွားသူတချို့။ အချိန်များက တဖြေးဖြေးကုန်။ အလင်းက အမှောင်ထုကို ကျော်တက်လာပြီ။
လမ်းကိုလည်း မျက်ချည်မပျက်ကြည့်ရင်း စက်ကိုင်ထားသည့် တပ်မှူးကိုလည်းကြည့်နေကြရသည်။ ရှေ့ကြိုလွှတ်ထားသည့် အစုအဖွဲ့က သတင်းပို့မည်မဟုတ်လား။
ရှမ်းပြည်၏ နံနက်ခင်းက အေးလွန်းလှသည်။ ထိုအအေးနှင့် ကျနော်တို့၏ စိတ်လှုပ်ရှားမှု ပေါင်းပြီး ခံစားနေရတာက တမျိုးတမည်။ ကိုယ့်သေနတ်ကိုယ် စုတ်ချည်။ ဖြန့်ချည်။ တိုက်ပွဲ။ ပစ်ရင်မှန်အောင် ပစ်တယ် ဆိုသော ဖက်ဆစ်စစ်တပ်ကို တည့်တည့်မှန်အောင် ပစ်ရတော့မည့် တိုက်ပွဲ။ ကိုယ့်လက်ထဲကိုင်ထားတဲ့ သေနတ်နဲ့ မိစ္ဆာတို့၏ ၀ိဉာဉ်ကိုနှုတ်ရပေတော့မည်။ ရှစ်ဆယ့်ရှစ်မြင်ကွင်းတွေက ပျိုးတပြတ်ပြတ်။ ကျနော်တို့က လက်စားချေတုန့်ပြန်ရေးသမားတော့ မဟုတ်။ သမိုင်းကြွေးတော့ တောင်းရပေမည်။ တိတ်ဆိတ်ခြင်းက ကြီးစိုးနေသည်။ တိတ်ဆိတ်စွာ တိုက်ပွဲခေါ်နေကြခြင်းလည်းဖြစ်သည်။ ထိုအချိန်၏ တိတ်ဆိတ်မှုက ကျယ်ပြန့်လှ၏။
တပ်စုမှူးဖြစ်သူနှင့် မလှမ်းလှသောကြောင့် စက်သံတရှဲရှဲကို မသဲမကွဲကြားနေရသည်။ ထိုစဉ် စက်ထဲမှ အသံပေါ်လာ.။
"ရောင်နီပေါ်ပြီ"
ထိုသတင်းပို့ချက်က အားလုံးထံ လက်ဆင့်ကမ်း ရောက်သွားသည်။ အားလုံး ခေါင်းထောင်သွားသည်။ ရန်သူရောက်နေပြီ။ လှုပ်ရှားမှုတိုင်း ရင်နှင့်အမျှ။ သမိုင်းကြွေး။ အတွေ့အကြုံသစ်။ ကျနော့်ရဲ့ စစ်ဦး။ လက်တကမ်းအကွာ။ ကားသံကို ကြားနေရ။ ရင်ခုန်သံကို ကြားနေရ။ သေနက်ကို ကိုင်ထားတဲ့လက်က ပိုမိုတင်းကြပ်လာ။ လက်နက်ကိုင်တော်လှန်ရေး။ ချေဂွေဗာရား။ ၀င်းမော်ဦး။ ရှစ်ဆယ့်ရှစ်။ အံကြိတ်။ ဆေ့ဖြုတ်။ သေနက်ကို တင်းတင်းပိုက်ထား။ ကားသံ။ ပြီးနီးကပ်လာသည့် ကားသံ။ ကားသံ --- ကားသံ --- ပြီးတော့ --- သေနက်သံ။ ကျနော်တို့၏ ပွိုင့်အဖွဲ့က ပစ်လွှတ်လိုက်သည့် သေနက်သံ။ နောက်တော့ ဆိတ်ငြိမ်စွာ စောင့်နေသူများ ဆီမှထွက်လာသည့် သေနက်သံများ။ သေနက်သံများနှင့်အတူ ကားသည် ကျနော်တို့နှင့် မလှမ်းမကမ်းတွင် ထိုးရပ်သွားသည်။
ကားရပ်သွားသည့်နေရာနှင့် ကျနော်နေရာယူထားသည့် နေရာကမဝေး။ ကားကနှစ်စီး။ ကားရပ်သွားသည်နှင့် ယူနီဖောင်းဝတ်များ လွှားကနဲ ခုန်ဆင်းနေကြသည်။ တချို့ လမ်းပေါ်ကို တလိမ့်ခေါက်ကွေး။ ကားထဲ ပြန်လန်ကျသွားသူများ။ ကျနော်က အကုန်မြင်နေရသည်။ ကားထဲတွင် အထွေးလိုက်ရှိနေသည်ကို မြင်နေရသည်။ ကျနော့်သေနက်ကို ရှေ့က ကားထဲထိုးချိန်ပြီး ပစ်ချထည့်လိုက်သည်။ ကျနော့် သေနက်ထဲက ကျည်ထွက်သွားသည့် အသံနှင့်အတူ ယမ်းကန်သည့်အရသာကို ခံစားလိုက်ရသည်။ တင်းကြပ်နေသည့် ခံစားမှုနေရာတွင် ပေါက်ကွဲခြင်းတွေက အစားထိုးဝင်လာသည်။ သေနက်နှင့်အတူ ကျနော်လည်း ပေါက်ကွဲနေသည်။ အံကိုတင်းတင်းကြီတ်ကာ တတောင့်ခြင်းပစ်ထည့်နေလိုက်သည်။
ကျနော်တို့ အစစအရာရာလက်ဦးမှု ရနေသည်။ ရန်သူ လုံးဝအလစ်အငိုက်မိသွားသည်။ ကျနော်တို့ကို လုံးဝပြန်မပစ်နိုင်။ တတောင့်ခြင်းပစ်နေရာမှ ကျနော့်အမြင်တွေဝါးလာသည်။ မှန်သည်။ ကျနော် မျက်ရည်များ ကျနေသည်။ ကတ္တရာလမ်းပေါ်က မြင်ကွင်းက ရှစ်ဆယ့်ရှစ်နှင့် ပြောင်းပြန်။ ဟိုတုန်းက လမ်းပေါ်မှာ ကျနော်တို့ အပစ်အခက်ခံခဲ့ရသည်။ အခု အဝေးပြေးလမ်းမမှာ သင်းတို့ကို သမိုင်းကြွေး ပြန်တောင်းနေရပြီ။ ကတ္တရာ လမ်းပေါ်မှာ သေနေသူတွေ။ ဒဏ်ရာရနေသူတွေ။ သေနက်မှန်ပြီး လန်ကျသွားသူတွေ။ အော်ဟစ် နေသူတွေ။ ကျနော်တို့ အောင်ပွဲခံနေသည့်မြင်ကွင်းကို ကျဆုံးသွားရသူ ရဲဘော်သူငယ်ချင်းတွေကို မြင်စေချင် နေသည်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရသူ ကျနော်တို့ပြည်သူတွေကို မြင်စေချင်နေသည်။ ကျနော်တို့ အောင်ပွဲသည် လူထုအောင်ပွဲ။ ကျနော်တို့အောင်ပွဲသည် သမိုင်း၏ အောင်ပွဲ။
အောင်ပွဲခံ သေနက်သံတို့က တောလုံးညံနေသည်။ ကျနော်တို့. ပစ်ခတ်သံတို့က ကမြိာံပတော်လဲသံလို တုန်ဟည်းနေသည်။ အဖိနှိပ်ခံအားလုံးအတွက် ကိုယ်စားပြုနေသည့် သေနက်သံတွေ။ ဖက်ဆစ်တို့. ၀ိဉာဉ်တွေကို ခေဋ္ဌချနေသည့် ကျည်ဆံတွေ။ ကျနော်တို့ပစ်လွှတ်လိုက်သည့် ကျည်ဆံတွေထဲကို ကျဆုံးသူတို့၏ ၀ိဉာဉ်တွေ ခိုတွဲပါဝင်နေသလား။ ကျနော်ကတော့ ထိုအတိုင်းပင် ယုံကြည်နေသည်။ ကျနော်၏ စစ်ဦးတိုက်ပွဲက အောင်ပွဲ၏ တံပိုးခရာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံနေတော့သည်။ မှန်သည်။ ကြားနေရသည့် သေနက်သံတို့က ဘိသိပ်မင်္ဂလာမှာ ပုဏားဖြူ။ ပုဏားညိုတို့ မှုတ်သည့် ခရုသင်းသံ အလား ---။
ညိုထက် (လမ်းသစ်ဦး)
(မှတ်ချက်။ ။ ထိုတိုက်ပွဲတွင် ဒုရင်းမှူးတဦးအပါအ၀င် ရန်သူ ၁၁ ဦးကျဆုံးခဲ့သည်။)
You received this email because you are subscribed to the real_time feed for http://cozan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.