Wednesday, October 29, 2008

[ခရီးသည်၏ လွင့်မျောခြင်း] 1 New Entry: ရှင်ဘုရင် လုပ်ချင်တဲ့သူ လက်ညှိုးထောင်

ရှင်ဘုရင် လုပ်ချင်တဲ့သူ လက်ညှိုးထောင်





"ရှင်ဘုရင် လုပ်ချင်ချင်တဲ့သူ လက်ညှိုးထောင်" ဟုဆိုလျှင် မိန်းမထဲက တချို့ နောက်တွန့် သွားကြမည် ဖြစ်သော်လည်း ယောင်္ကျားထဲက မူကား နို့စို့အရွယ် မကျန် အားလုံး လက် ထောင်ကြမည် ဖြစ်လေသည်။

တန်ခိုး အာဏာ ပါဝါသည် ရှင်ဘုရင်၏ စည်းစိမ်၊ ရှင်ဘုရင်၏ အခမ်းအနားများအား လူတိုင်း တောင့်တဖွယ် ဖြစ်ပေသည်။ လောက၌ ရှင်ဘုရင် ဖြစ်ရသော သူသည် အလွန် ကုသိုလ် ထူးပေသည်။ လူတို့၏ အထွဋ်အမြတ် ဖြစ်ပေသည်။ တချို့က ရှင်ဘုရင် ဖြစ်ရသူသည် လူဇာတ်က မဟုတ်၊ နတ်တမျိုး ဖြစ်သည်ဟု ဆိုကြလေသည်။ လောက သမုတိနတ်ဟု မှတ်ယူ ကြလေသည်။ ဆိုင်လေသမျှ "တော်" တစ်လုံး တပ်ရလေသည်။ နိုင်ငံအတွင်းရှိ အညွှန်အဖူး အကောင်း မှန်သမျှ သူတစ်ထူးထက် ဦးအောင် သုံးဆောင် ရလေမည်။ ရွှေဘုံ ရွှေနန်းထဲတွင် နေပြီး လက်ညှိး ညွှန်ရာ အားလုံး ဖြစ်နိုင်သည့် စည်းစိမ်ကား ကြီးမားလှသောကြောင့် လူတိုင်း တမ်းတရသော အရာဖြစ်သည်။

သို့သော် လောကကြီးကား အလွန်စွာ ထူးခြားလှပေ၏။ လူတို့၏ စိတ်ကူးသည် အချုပ်အချယ် အကနု့်အသတ် မရှိသော အရာ ဖြစ်သောကြောင့် ပြန့်လွင့်ချင်သမျှ ပြန့်လွင့်လျက် ဆန်းချင်သမျှ ဆန်းနိုင်လေသည်။ သို့သော် အချို့သော တကယ့် ဖြစ်ရပ်တို့ကား စိတ်ကူးထက်ပင် ထူးဆန်းသော အရာများစွာပင် ရှိချေ၏။

လောက၌ ရှင်ဘုရင် မလုပ်ချင်သူ မရှိဟု ထင်ရပေသည်။ သို့သော် "မင့်ကို ဘုရင် ခန့်တော့မယ် ဟေ့" ဟုဆိုလျှင် အသက်ဆံဖျား ဖနောင့်နှင့် ခြေဖ၀ါး တသားတည်းကျအောင် ပြေးရသော အရပ်များစွာ ရှိပေသည်။

ကျွန်ုပ်တို့ မြန်မာ့ ရာဇ၀င်တွင် ဘုရင် လုပ်လိုသူ များရုံသာမက မရလျှင် သေရတော့ မလိုလို မနေနိုင် မထိုင်နိုင်ဖြစ်ကာ တပ်ထောင်တာ ဗိုလ်ထုနှင့် အာဏာလုပွဲကြီး ကျင်းပသော ထုံးပုံများနှင့် ပြည့်နှက်လျက် ရှိခဲ့သည်။


အာဖရိကတိုက် အနောက်ပိုင်း အချို့ ဒေသများတွင် ရှင်ဘုရင် သေလျှင် ဘယ်သူ့ကို ရှင်ဘုရင် မြှောက်မည်ဟု မပြောဝံ့ပဲ၊ ဆွေတော် မျိုးတော်များက တိတ်တဆိတ် တိုင်ပင်ကြပြီးလျှင် ဘုရင် မြှောက်ရန် သဘောတူသူကို ရုတ်တရက် မိအောင်ဖမ်းပြီး နတ်ကွန်း လှောင်အိမ်တွင် ဘုရင် လုပ်ပါတော့မည်ဟု ၀န်မခံခြင်း ချုပ်နှောင် ထားရလေသည်။ တခါတရံ နတ်ကွန်းတွင် ချုပ်နှောင် ထားရမှာ မလွတ် လွတ်အောင် အမျိုးမျိုး ကြံဖန် ထွက်ပြေးရသဖြင့် ဘုရင်ဖြစ်မည့် အရေးက ကျွတ်လွတ် သွားရလေသည်။ ထို့အတူ စော်ဘွား တဦးသည်လည်း မိမိအား ၀ိုင်းဝန်းကာ မင်း မြှောက်ကြတော့မည်ကို ကြိုတင် သိရှိသောကြောင့် သွားလေရာ လှံဓါး အမြဲစွဲကိုင်လျက် လာ လာသမျှတို့ကို တွန်းလှန် ခုခံနေပြီးမှ ထွက်ပြေး ရလေသည်။

အာဖရိကတိုက် လျောင်းနယ်ရှိ တင်းမီးလူမျိုးတို့မှာ ရှင်ဘုရင် နတ်ရွာစံပြီးလျှင် နောက်တယောက်ကို တိုင်းသူ ပြည်သားများက ရွေးကောက် တင်မြှောက် ရလေသည်။ ထိုသို့ ရွေးကောက် ပြီးနောက် ရှင်ဘုရင်လောင်းကို ရာဇ ဘိတ်သိတ်ခံခါနီး ( ကျမ်းသစ္စာဆိုခါနီး) ရွေးကောက်သူတို့က ၀ိုင်းဝန်း ရိုက်နှက် ခွင့်ရသည်။ ရှင်ဘုရင် ဖြစ်ပြီးနောက် မျက်နှာကိုမျှ ဖူးမျှော်ခွင့် ရကြတော့မည် မဟုတ်သောကြောင့် မိမိတို့ အခွင့်အရေးရတုန်း ရိုက်ချင်သလောက် ၀ိုင်းပြီး ရိုက်နှက်ကြသဖြင့် တချို့ မင်းလောင်းများမှာ ဘိသိတ် မခံရမှီပင် ရိုက်ဒဏ်ကြောင့် သေကြရလေသည်။ အချို့မှာ အတော်အတန် ခံနိုင်ရည်ရှိပြီး ပွဲချင်းပြီး မသေသော်လည်း ဘိတ်သိတ်ခံပြီး နန်းတ်ာပေါ် ရောက်ပြီးနောက် မကြာမြင့်မှီမှာပင် နတ်ရွာလား ကြရလေသည်။ ရေစိမ် ကျွဲကြီးလောက် ခံနိုင်ရည် ရှိသူများသာလျှင် ဘုန်းတော်ကြီး သက်တော် ရှည်ခွင့် ရကြလေသည်။

ထို့ကြောင့် လျောင်းနယ်၌ ဘုန်းတော် ကြီးမြတ်တော်မူသော ရေမြေ့ရှင် ဘ၀ရှင် မင်းတရားကြီး နာမကျန်း ဖြစ်တော်မူသည်ဟု ကြားရသည်နှင့် တပြိုင်နက် အရိုက်အရာခံ ထီးဆက် နန်းရံဖြစ်သော သားတော် တူတော်မှ စ၍ အသည်း တထိတ်ထိတ်ဖြင့် နားစွင့်ပြီး နေကြရလေသည်။ ဘုရင်ကြီး ရောဂါကြွမ်း မသက်သာ မေ့မြောနေသည်ဟု ကြားရသည်နှင့် တပြိုင်နက် ဖ၀ါးနှင့် တင်ပါး တသားတည်း ကျအောင် လွတ်ကြောင်း ပြေးကြ ရလေသည်။

ဤသို့လျှင် ထိုအရပ်တွင် မှူးကြီး မတ်ကြီးများက လူတစ်စုံ တစ်ယောက်ကို မျက်မုန်းကျိုးလျှင် တိတ်တိတ်ပုန်း သတ်ပစ်ခြင်း၊ အမှုရှာပြီး ထောင်ချခြင်းမပြုဘဲ ထိုသူကို အများသဘောတူ ၀ိုင်းဝန်း၍ ရှင်ဘုရင် မြောက်လိုက် ကြလေသည်။ ထိုသို့ တင်မြောက်လိုက်သည်ဟု ကြားသိလိုက်သည့် သကာလ ထိုသူမှာ အိုးအိမ် သားမယားကို ပစ်၍ ပြေးနိုင်လျှင် ပြေး၊ မပြေးနိုင်လျှင် ဘိသိတ်တော်ပွဲ ပဏာမတွင် နိုင်ငံ ဥပဒေအတိုင်း မှူးမတ်များက ၀ိုင်းပြီး ရိုက်သည်နှင့်ပင် သေကျေ ပျက်စိးရလေသည်။

အာဖရိကတိုက် အရှေ့ပိုင်း ဂျင်ဂီရောနယ်တွင်လည်း ဘုရင် နတ်ရွာစံပြီး အရိုက်အရာကို ဆက်ခံရန် နန်းတက်ရမည်ဆိုလျှင် အလွန် ကြောက်ကြလေသည်။ ထိုအရပ်၌ ဘုရင် နတ်ရွာစံသည်ကိုဆိုလျှင် သားတော် တူတော် စသည့်တို့က အလောင်းကို အဖိုးထိုက်တန်သော အ၀တ် တန်ဆာများနှင့် ရစ်ပတ် ရလေသည်။ ထို့နောက် နွားမ တစ်ကောင်ကို သတ်ပြီး နွားသရေကို ယူပြီးလျှင် အလောင်းကို နွားသရေအတွင်းသို့ ထည့်သွင်းရလေသည်။ ဤသို့ပြုပြီး ခြေဦးတည့်ရာ ပြေး၍ တောတောင်များအတွင်း လွတ်ရာ ကျွတ်ရာ၌ ပုန်းအောင်းကြရသည်။

ထိုအခါ စုံးကဝေ ပညာကို တတ်မြောက်သော မှော်ဆရာများက မည်သူ့အား မင်းမြှောက်မည်ဟု တိုင်ပင်ပြီးလျှင် ဂါထာ မန္တာန်များဖြင့် ဆေးစီရင်ပြီး လီဘား ခေါ် သိန်းစွန်ရဲ ကဲ့သို့သော ငှက်ကြီး တစ်ကောင်ကို လွတ်ပြီး ထိုငှက် ပျံသန်းရာသို့ မျက်ခြေမပြတ်အောင် လိုက်သွား ရသည်။ ထိုငှက်ကြီးလည်း တောတောင်များကို ဖြတ်သန်း ပျံသွားပြီးနောက် တနေရာရာတွင် နားလေသည်။ ငှက်ကြီး နားသည်ကို မြင်သည်နှင့် တပြိုင်နက် နားနေရာ နေရာကို သတ္တိကောင်း လူသန်မာများက လက်နက်များ ကိုင်၍ ကျားဖမ်းသလို ၀ိုင်းဝန်း ဖမ်းကြလေသည်။ ကံအားလျော်စွာ ငှက်ကြီးနားသော နေရာ၌ ပုန်းအောင်နေသူများ ရှိလျှင် ထိုသူများကလည်း ၀ိုင်းဝန်းလာသမျှကို အတင်းခုခံ ထိုးခုတ်ကြသည်။ ၀ိုင်းဝန်းသူများမူကား မင်းလောင်းကို မနာမကျင်စေပဲ အမိသာ ဖမ်းကြသဖြင့် တခါတရံ ဖမ်းသူများလည်း မင်းလောင်း ဓါးချက်ဖြင့် အသက် သေကြရလေသည်။ သို့သော် မည်သူမျှ နောက်မဆုတ် အရဖမ်းပြီး အတင်း ချုပ်နှောင်၍ နန်းတော် အရောက် ခေါ်ယူ လာပြီးလျှင် နန်းတင် ကြလေသည်။

ဤသို့ ရှင်ဘုရင် လုပ်ရန် ကြောက်ကြသည်မှာ ဘုရင်မဖြစ်မှီ မင်း ဧကရာဇ်တို့၏ အသွင် အင်္ဂါနှင့် ပြည်စုံသည်၊ မစုံသည်ကို စမ်းသပ်သော ရှင်ဘုရင် စာမေးပွဲမှာ အထက်က ဖေါ်ပြသည့်အတိုင်း အလွန် ပြင်းထန်လှသောကြောင့် စစ်ဆေးဆဲတွင် သေ၊ မသေပြန်လျှင်လည်း တသက်လုံး လူစဉ်မမှီသော ဘ၀သို့ ရောက်ရခြင်းက တမျိုး၊ ထိုဒဏ်မှ လွတ်မြောက်ပြီး ဘုရင်ဘ၀သို့ ရောက်ပြန်သောအခါ တိုင်းသူ ပြည်သားတို့က ဆက်သသော အခွန်တော်နှင့် မလောက်င၊ ကိုယ်တိုင် တပင်တပန်း ရှာဖွေထားသော ရတနာများကို ဘုရင့် စရိတ်တော်ထဲ ထည့်ရသဖြင့် တသက်လုံး နလန်မထူ မွဲပြာကျရသော ဘ၀သို့ ရောက်ရခြင်းက တဖုံ၊ ဤဒဏ် နှစ်မျိုးကြောင့် ဘုရင့် အာဏာ၊ စည်းစိမ် ဆိုသည်များနှင့် မကာမိပဲ ဒုက္ခများဖြင့် ကြုံတွေ့မည်သာ ဖြစ်သဖြင့် " ခမည်းတော် မင်းတရားကြီး လူ့ပြည်ငြီး နတ်ထီးဘုံ ပျံစံလွန်တော်မူပြီ" သတင်း ထွက်လာသည်နှင့် တပြိုင်တည်း နောက်ဆက်ခံရမည့် အလောင်းအလျာများသည် ကွမ်းကလေး တစ်ယာမှ ရပ်ပြီး မ၀ါးဝံ၊ သားမယားကိုမျှ နှုတ်ဆက်မနိုင်တော့ပဲ ယခုခေတ် ပြည်မြန်မာ၌ ပေါ်တာ ဆွဲနေသည်ဟု ကြားရသည်ထက် ထိတ်လန့်ကာ လွတ်ရာ ကျွတ်ရာ ပြေးကြရလေ သတည်း။

ဤကဲ့သို့သော လောက၌ စုံမက်ဖွယ် အကောင်းဆုံး ရာထူးကို အလွန်ပင် ကြောက်ရွံကြသည်မှာ ထိုဒေသများတွင် ဘုရင် လုပ်သူများမှာ မသက်သာလှသောကြောင့် ဖြစ်လေသည်။ ရှင်ဘုရင် ဖြစ်လိုက်သည်နှင့် တပြိုင်နက် နေချင်သလို မနေရ၊ စားချင်သလို မစားရ၊ ပြောချင်သလို မပြောရ၊ လုပ်ချင်သလို မလုပ်ရ၊ လူ့အခွင့်အရေး ဆုံးရှုံး ရချေတော့သည်။

ထို့ကြောင့် လက်ညှိုးထောင်မည်ကြံလျှင် တိုင်းပြည် အရင်းအမြစ်များအား ကိုယ်ကျိုးအတွက် ရောင်းစားရသော စည်းစိမ်တော်များကို မကြည့်ပဲ၊ ရှင်ဘုရင် မဖြစ်မှီ ၀င်ရောက် ဖြေဆိုမည့် အစမ်းသပ်ခံ စာမေးပွဲကြီးဖြစ်သော ပြည်သူတို့၏ ဝေဖန်ထောက်ရှု့သည့် ဒဏ်ကို ခံနိုင်မှ၊ မိမိစိတ်ကို မိမိနိုင်မှသာ လက်ညှိုး ထောင်ကြရမည် ဟူသတည်း။

ဆရာ ဇေယျ

မှတ်ချက်။ ။ ဓါတ်ပုံကို Yahoo Image မှ ယူထားပြီး၊ လူလ တည်းဖြတ် ထုတ်နှုတ်သည်။

You received this email because you are subscribed to the real_time feed for http://phonyaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.