Wednesday, October 29, 2008

[ဆုံဆည်းရာ] 3 New Entries: သီတဂူဆရာတော်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်

သီတဂူဆရာတော်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်

မဇ္ဈိမ-အောက်တိုဘာလ ၂၈ ရက် ၂၀၀၈

နယူးဒေလီ။ ။ ဗုဒ္ဓဘာသာ သာသနာအကျိုး ဆောင်ရွက်သည့် ထင်ရှားသော ရှင်သူမြတ်များအား ပေးအပ်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တခုကို အိန္ဒိယနိုင်ငံ နာလန်ဒါ ဗုဒ္ဓတက္ကသိုလ်က သီတဂူဆရာတော် ဦးဉာဏိသရအား ယနေ့ ပေးအပ်ချီးမြှင့်လိုက်သည်။

နာလန်ဒါ ဗုဒ္ဓတက္ကသိုလ် ဒုတိယအုပ်ချုပ်ရေးမှူး ဒေါက်တာပက်တို့က သက်တော် ၇၂ နှစ်၊ ၀ါတော် ၅၂ နှစ်ရှိ ဆရာတော် ဦးဉာဏိသရသို့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

''ဒီဘွဲ့ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ချီးမြှင့်တာလဲဆိုရင် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် သာသနာအကျိုး၊ ဘာသာအကျိုး ဆောင်ရွက်တဲ့၊ နိုင်ငံတကာမှာလည်း သိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာပါ။ ဒီဘွဲ့ကို ပထမဆုံး ပေးတာပါ။ သီတဂူဆရာတော်ရယ်၊ ဗီယက်နမ်က ဆရာတော်တပါးရယ်နဲ့ ၂ ပါးကို ချီးမြှင့်တာပါ။ ဆရာတော်က ထေရ၀ါဒဗုဒ္ဓဘာသာ ဆရာတော်အဖြစ် ရပြီး၊ ဗီယက်နမ် ဆရာတော်ကတော့ မဟာယနဗုဒ္ဓဘာသာအဖြစ် ရတာပါ'' ဟု နာလန်ဒါတက္ကသိုလ်မှ စာသင်သား သံဃာတော်တပါးဖြစ်သူ ဦးဉာနောဘာသ က မဇ္ဈိမကို မိန့်ကြားသည်။

''သီတဂူဆရာတော် ဘုရားကြီးက နိုင်ငံတကာမှာ ဟောတယ်၊ ပြောတယ်။ အိန္ဒိယမှာ ရောက်နေတဲ့ စာသင်သား ရဟန်းတော်တွေကိုလည်း နှစ်စဉ် ဒေါ်လာ ၁၀၀ စီ လှူတယ်။ ပြည်တွင်းမှာလည်း သာသနာပြုပြီး လူတွေအကျိုးကို ဆောင်ရွက်နေတာဆိုတော့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဒီဘွဲ့ကို ပေးတာပါ'' ဟု သူက ထပ်ပြောသည်။

အခမ်းအနားတွင် သီတဂူဆရာတော်ကြီးက ထေရ၀ါဒနှင့်ပတ်သက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဟောကြားခဲ့သေးသည်။

သီတဂူဆရာတော်ကြီးအား အနီးကပ် ကူညီပေးနေသည့် အရှင် ဦးနန္ဒ၀ံသ ''ဒီဘွဲ့တံဆိပ် ဆပ်ကပ်ခံရတာနဲ့ ပတ်သက်ပြီး ဆရာတော်ဘုရားကြီး သဘောထားကတော့ နာလန်ဒါဆိုတာက တချိန်က ပညာအရာမှာ ဧဒင်္ဂ ရခဲ့တဲ့ ရှင်ဿာရိပုတ္တရာ ကိုယ်တော်မြတ် မွေးဖွားရာ နေရာဖြစ်တဲ့ ဒီလိုနေရာမှာ ဘွဲ့ယူရတဲ့အတွက် အလွန်ဝမ်းမြောက်ကြောင်း ပြောသွားပါတယ်'' ဟု မိန့်ကြားသည်။

ဆရာတော်သည် မြန်မာနိင်ငံက ချီးမြှင့်သည့် အဂ္ဂမဟာပဏ္ဏိတ ဘွဲ့တံဆိပ်တော်ကို ရရှိပြီးဖြစ်သလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chulalongkorn တက္ကသိုလ်မှ ဒေါက်တာဘွဲ့ Ph.D, D.Lit တခုလည်း ရရှိခဲ့သေးသည်။

သီတဂူ ကုသိုလ်ဖြစ်ဆေးရုံ၊ နိုင်ငံတကာ သီတဂူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ရေလှူဒါန်းရေး စီမံကိန်းကို ထူထောင်ခဲ့သူအဖြစ် ဆရာတော်သည် ကျော်ကြားသည်။ ထို့အပြင် နိုင်ငံပေါင်း ၄၀ ကျော်သို့ လှည့်လည်ကာ ဗုဒ္ဓသာသနာ ပြန့်ပွားရေး ဟောကြားမှုများလည်း လုပ်ဆောင်ခဲ့သည်။

ယခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဘေးဒုက္ခကျရောက်ရာ ဧရာဝတီတိုင်းအတွင်း လိုက်လံကာ အကူအညီများ ပေးခဲ့သလို စာသင်ကျောင်း ၅၀ ကျော် ပြန်လည်တည်ဆောက်နိင်ရေး အလှူခံ ကြီးကြပ်ပေးနိုင်ခဲ့သည်။

ဆရာတော်ကြီးအား ပဲခူးတိုင်း သဲကုန်းမြို့တွင် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်သဖြင့် ဇာတိကို အစွဲပြုကာ သဲကုန်းဆရာတော်အဖြစ်လည်း လူသိများသည်။

နိုင်ငံရေးသမားကြီးအချို့  ဟောင်ကောင်သွားမည်

NEJ/ ၂၈ အောက်တိုဘာ ၂၀၀၈

ရန်ကုန်မြို့ရှိ နိုင်ငံရေးသမားကြီး(၃)ဦးတို့ သည် ဟောင်ကောင်ရှိ တက္ကသိုလ်တခုတွင် မြန်မာ့အရေးဆွေးနွေး တင်ပြရန် လာမည့် ဒီဇင်ဘာလ၌ ဟောင်ကောင်သို့ သွားရောက်ရန်စီစဉ်နေကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ပြောပြသည်။

ထိုသို့သွားရောက်ရန် ဟောင်ကောင်မြို့တော်တက္ကသိုလ် အာရှနှင့်နိုင်ငံတကာလေ့လာရေးဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်က စီစဉ်ခြင်းဖြစ်ပြီး ဖိတ်ကြားခံရသူများအနက် သခင်လှကွန်း၊ သခင် တင်မြနှင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးတို့ပါဝင်ကြောင်းနှင့် ရဲဘော်ချစ်လှိုင်မှာ မျက်စိမကောင်းသဖြင့် သွားနိုင်မည်မဟုတ်ကြောင်း သခင်လှကွန်းက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက " ဒီဇင်ဘာကျမှပါ။ ရက်လည်းမသိသေးဘူး။ ပထမအပတ်အကုန်လောက်ဖြစ်မယ်ထင်တယ်။ အခုကြိုး စားတုန်းပဲ။ ပတ်စ်ပို့တွေဘာတွေရအောင်၊ ဆွေးနွေးပွဲ ခေါင်းစဉ်တောင်မသိရသေးဘူး။ ကျော်ရင်လှိုင်လာတုန်းက ပြည့်ပြည့်စုံစုံပြောမသွားဘူး။ ဗမာပြည်အကြောင်းဆွေးနွေးကြမှာနဲ့တူပါတယ်။ ဗမာပြည်မှထွက်တဲ့ တချို့ဂျာနယ် တွေထဲမှာ ကျနော်တို့နဲ့ အင်တာဗျူးလုပ်လို့ပါသွားတာတွေ၊ တချို့ထင်မြင်ချက်လေးတွေပြောတာတွေကို တွေ့ပြီး တော့ခေါ်တာလို့ထင်ပါတယ်"ဟုပြောသည်။

မည်သည့် အကြောင်းအရာကိုဟောပြောရမည်ဆိုသည်ကို မစဉ်းစားရသေးကြောင်းနှင့် ပြောခွင့်ရမည်ဆိုပါက သခင်သိန်းဖေနှင့်ဝါရင့်နိုင်ငံရေးသမားကြီးများ၏ သူမနာကိုယ်မနာ ညီညွတ်ရေးငြိမ်းချမ်းရေးလမ်းစဉ်ကို ပြောပြလိုသည်ဟု သခင်လှကွန်း ကပြောသည်။

ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံးကလည်း ဟောင်ကောင်သို့ သွားခွင့်ရပါက ၎င်းရေးသားဖြန့်ချိထားသည့် မပြိုကွဲသင့်သောပြည်ထောင်စုတည်ဆောက်ကြပါဆိုသည့် စာတမ်းကို အခြေခံ၍ ဟောပြောဆွေးနွေးမည်ဟု ခေတ်ပြိုင်သို့ပြောသည်။

သခင်တင်မြနှင့် သခင်လှကွန်းတို့သည် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့နှင့်လုံးဝသက်ဆိုင်မှုမရှိ ကြောင်း နှင့် ၎င်းတို့၏ဟောင်ကောင်ခရီးစဉ်နှင့်ပတ်သက်ပြီး ဝေဖန်ပြောကြားစရာမရှိကြောင်း သခင်သိန်းဖေခေါင်းဆောင် သည့် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ကပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင် က " သူတို့က အဘတို့ထဲမှာမပါဘူး။ အမြင်တွေလဲမတူဘူး။ လုံးလုံးကွဲ တယ်။ ဒေါက်တာကျော်ရင်လှိုင်တို့ ရောဘတ်တေလာတို့ကလည်းသူတို့နဲ့ တပေါင်းတစည်းထဲပါ။ ဒီမိုကရေစီအင် အားစုတွေက အထူးသဖြင့် အန်အယ်လ်ဒီက တင်းမာနေလို့ ဒီမိုကရေစီမရတာလို့ အမြင်ရှိသူတွေပါ။ ဒီ အယူအဆကို ရှင်းရှင်း ပြောရရင် သခင်တင်မြတို့ သခင်လှကွန်းတို့က သဘောကျတာ။ အထူးသဖြင့် ဖွဲ့ စည်းပုံနဲ့ပတ်သက်ရင် မကြိုက်ဘူး။ ကြိုက်တယ်မပြောဘဲနဲ့ မရှိတာထက် ရှိတာကောင်းတယ်ဆိုတဲ့ အယူ အဆမျိုးရှိသူတွေပါ" ဟုပြောကြားသည်။

ရပ်ကွက်အာဏာပိုင်များက မမှန်မုန်တိုင်းသတိပေးချက်ထုတ်ပြန် ရန်ကုန်မြို့ခံများအထိတ်တလန့်ဖြစ်

NEJ/ ၂၈ အောက်တိုဘာ ၂၀၀၈

ရန်ကုန်တိုင်းအတွင်း နအဖစစ်အစိုးရ၏ မမှန် မုန်တိုင်းကြိုတင်သတိပေးချက်ကြောင့် ပြည်သူအများ ထိတ်လန့် စိုးရိမ်ခဲ့ကြသကဲ့သို့ စိတ်ဆိုးဒေါသထွက်နေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၅) ရက် စနေနေ့ညနေနှင့် ညဘက်ပိုင်းတွင် ရန်ကုန်မြို့ဆင်ခြေဖုံး လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းတန်းစသည့် မြို့နယ်တို့တွင် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက နောက်ထပ် (၃၆) နာရီအတွင်း မုန်တိုင်းတခု ၀င်စရာရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ သတိရှိရှိနေထိုင်ကြရန်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန် လိုက်လံနှိုးဆော်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လှည်းတန်းတွင် နေထိုင်သူတဦးက "စနေနေ့ ညနေ (၆) နာရီခွဲလောက်က လမ်းထဲမှာ အသံချဲ့စက်နဲ့လှည့်ပြီးအော်တယ်။ နောက်ထပ် (၃၆) နာရီအတွင်း မုန်တိုင်းကြီးတခု ၀င်နိုင်တယ်၊ ဒါကြောင့် လိုအပ်သလို ပြင်ဆင်ထားဖို့ လိုက်ကြေညာတယ်လေ" ဟု ပြောသည်။

ထိုသို့ မြို့နယ်များအတွင်း မုန်တိုင်းသတိပေး နှိုးဆော်မှုများကြောင့် ရန်ကုန်ပတ်ဝန်းကျင်တွင် မုန်တိုင်းဝင်ရန် ရှိ မရှိ၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့သည်။

တာဝန်ခံဖြေဆိုသူက ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး မြောက်အရှေ့ယွန်းယွန်းသို့ ဆက်လက်ရွေ့ရှားနေကြောင်း၊ ထို့နောက် (၃၆) နာရီအတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်ဘက်ကမ်းခြေကို ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မည့်အကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အချို့ပြည်နယ်နှင့်တိုင်းတို့တွင် မိုးကြီးနိုင်ကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းမြို့နယ်အချို့တွင် မုန်တိုင်းဝင်မည်ဆိုကာ အသံချဲ့စက်များနှင့် လိုက်လံကြေညာနေခြင်းသည် ၎င်းတို့မိုးလေ၀သဌာန၏ အကြောင်းကြားချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ မုန်တိုင်းနှင့်ပတ်သက်သည့် မေးခွန်းများကို ၎င်းတို့အနေဖြင့် အကြိမ်ကြိမ် ဖြေကြားနေရကြောင်း၊ သက်ဆိုင်ရာမြို့နယ်အဆင့် အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ရပ်ကွက်အာဏာပိုင်များက လုပ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ဖြေကြားသူက ပြောသည်။

ရပ်ကွက်အာဏာပိုင်များ၏ ကြေညာချက်ကြောင့် ပြည်သူများမှာ နေအိမ်ခေါင်မိုးပြုပြင်ခြင်း၊ တန်ဖိုးကြီးပစ္စည်းများကို လုံခြုံသည့်အဆောက်အဦများဖြစ်သည့် ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးနေအိမ်များသို့ ရွှေ့ပြောင်းခြင်း လုပ်ခဲ့ကြကြောင်း သိရသည်။

နောက်နေ့ တနင်္ဂနွေထုတ် အစိုးရသတင်းစာများတွင် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းသည် နောက် (၃၆) နာရီအတွင်း အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ် အနောက်ဘက်ကမ်းခြေကို ဖြတ်ပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မည်၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တချို့ပြည်နယ်နှင့်တိုင်းတို့တွင် မိုးကြီးမည်၊ ကမ်းလွန်ပင်လယ်ပြင်တွင် တနာရီမိုင် (၄၀) နှုန်းခန့် လေတိုက်ခတ်နိုင်သည်ဟုသာ ဖော်ပြထားသောကြောင့် အာဏာပိုင်များ၏ ကြေညာချက်အရ စိုးရိမ်ပူပန်ခဲ့ကြသည့် ပြည်သူများက စိတ်ဆိုးဒေါသထွက်ကြကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ နာဂစ်မုန်တိုင်း မတိုင်မီကာလနှင့် မုန်တိုင်းပြီးကာလတွင် မိုးလေ၀သဦးစီးဌာန၏ ဆောင်ရွက်ချက်များကို သုတေသနပြုလုပ်နေသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုမှ နိုင်ငံခြားသားသုတေသီတဦးကမူ နအဖအာဏာပိုင်အဖွဲ့၏ ယန္တရားကို ထောက်ပြဝေဖန်သည်။

၎င်းက " အစိုးရအာဏာပိုင်တွေက တကယ်မုန်တိုင်းဝင်မယ့် အခြေအနေဖြစ်ပေါ်ခဲ့တုန်းကတော့ ပြည်သူတွေကို တိတိကျကျ အသိပေးဖို့၊ လိုအပ်တဲ့ အကူအညီပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ အခု မြန်မာနိုင်ငံနဲ့ မပတ်သက်တဲ့ မိုးလေ၀သသတင်းကိုတော့ မလိုအပ်ဘဲ သတင်းမှားတွေ ပေးနေတယ်။ ဒါကြောင့် ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်ပြီး တကယ့်မုန်တိုင်း ၀င်ရောက်မယ့်အခြေအနေရှိရင် ယုံကြည်မှုမရှိတော့ဘဲ အသက်အိုးအိမ်တွေ ဆုံးရှုံးမှာ စိုးရိမ်ရတယ်" ဟု ပြောကြားသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.