ပင်တိုင်စံ
ပင်တိုင်စံ နတ်နန်းဆီက
ပြည်လုံးကြိုင် သင်းပျံ့မွှေးပါတဲ့
ခုနှစ်ပြည်ထောင် ဒီအရေးမှာ
မင်းသားအစဉ် စစ်ရေးငင်တုန်း
ရင်မောနေ မင်းသမီးငယ်က
တိတ်တခိုးရယ် ငယ်ကျွမ်းဆွေရီးနဲ့
ထွက်ပြေးကာ ရိပ်ကြီးတောင်တောဝယ်
စိမ့်စမ်းငယ် တသွင်သွင်နံဘေးထက်
ပျော်မြူးကာ အစဉ်တွေကိုမေ့ဖျက်
အော်ကျူးကာ ဖခမည်းတော်ကြီးမှာ
အမျက်ရယ် ရင်ခွင်မှာရှပါလို့
မိုက်ပါဘိ သမီးတော်ညည်းကာ
စစ်ခင်းသည့် ခုနှစ်ပြည်မင်းများ
နိုင်သူမှာ ဖလားလက်မဲ့ရယ်နှင့်
ပင်တိုင်စံ မင်းသမီးရယ်က
မြိုင်ဟေ၀န် ရဂုံတောမှာ
ကြင်သူရယ် တွဲလက်ကယ်နှင့်
ကြည်နူးကာ ပျော်မြူးတယ်လေး ။
ကျေးဇူးတရား
ကျေးဇူးရှိဆဲ ဖြစ်သော၊ နောင်လည်းရှိနေဦးမည်ဖြစ်သော၊ ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ ကျေးဇူးရှင်များအား သတိတရား ဆင်ခြင်ပွားများ၍ ရိုသေမြတ်နိုး လက်စုံမိုး၍ ကျွန်တော် ရှိခိုးပါ၏ ။
ဤလောကီ လူ့ဘောင်၌ သော်လည်းကောင်း၊ ရှိရှိသမျှ အရာရာတိုင်းတွင် ( သက်ရှိသက်မဲ့ ) တစ်ဦးနှင့်တစ်ဦး၊ ကျေးဇူးအထူး ပြုကြသည်များသာ ဖြစ်သည်။ ကျေးဇူးဆိုသော အရာသည် မမေ့လျော့အပ်သော ဆင်ခြင်ပွားများ အပ်သော တရားသဘောပင် ဖြစ်တော့သည်။ အထက်ပါ ဆိုခဲ့သော ကျေးဇူးတရား များသည်၊ အခွင့်အခါ ကြုံကြိုက်ချိန်၌ ပြန်လည်ပေးဆပ်နိုင်ရန် ကျွန်တော် အမြဲပင်မျော်လင့်မိပါသည်။
ယခု ကျွန်တော့် စိတ်ထဲ၌ ဆပ်ချင်နေခဲ့သော၊ ကျွန်တော့်အပေါ် ကျေးဇူးရှိခဲ့သော၊ ယခုလည်းရှိနေဆဲသော၊ နှောင်လည်း ရှိနေဦးမည့် ပုဂ္ဂိုလ် တစ်ဦးရှိပါသည်။ ကျွန်တော်သည် စာရေးခြင်း အမှုဖြင့်သာ ပျော်မွေ့တတ်သည် ရင်းနှီးကျွမ်းဝင်သည်။ ယခု ကွန်ပြူတာဖြင့် စာရေးနိုင်ရန်မပြောနှင့်၊ မိမိ အရည်အချင်းဖြင့် ဆိုလျင် စာရွက်နှင့်သာ ခံစားနိုင်မည့် ဘ၀တွင်သာ ရှိနေမည်ပင်၊ အဘယ့်ကြောင့်ဆိုသော်
ကွန်ပြူတာ ပညာရပ်နှင့် ကျွန်တော်သည် ဝေးကွာလွန်းသော သူစိမ်းသက်သက်မျှသာ ဖြစ်လေတော့သည်။
ယခုကဲ့သို့ ဘလော့ဂ်ဂါရပ်ဝန်းတွင် ခန့်ညားသပ်ရပ်သော ကိုယ်ပိုင်အိမ်လေး တစ်လုံးဖြစ်လာအောင် ဖန်တီးပေးသော၊ စောင့်ရှောက်ပေးသော၊ ဗိသုကာ ပညာရှင် ကိုမိုးပြေး ၊ တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်ကာ ကူညီပေးတတ်သော ညီမငယ် မယ်ဂုမီ အားလည်းကောင်း၊ ကျွန်တော် မတတ်တစ်ခေါက်ဖြင့် ရေးထားအပ်ထားသော မပီမသ စာများအား လည်းကောင်း၊ ပုံစံမျိုးစုံဖြင့် လာရောက်လည်ပတ်၊ ကြည့်ရှု အားပေး ကူညီကြသော ညီအစ်ကို မောင်နှမ များအားလုံးကို၊ ကျွန်တော် ရှင်ရဲထွတ်မှ အားလုံးအပေါ်တွင်
ပြန်ဆပ်ရန် ကျေးဇူးရှိနေသည်ကို ကျွန်တော် မမေ့ပါ မလျော့ပါ၊ အထူးသဖြင့် ကိုမိုးပြေး၊ ညီမငယ် မယ်ဂုမိ တို့နှစ်ဦးအား ကျွန်တော် ကျေးဇူးအထူး ပြန်လည်ပြုရန် စိတ်ကူးရှိပါသည်၊ အခါအခွင့် သင့်လျှင်ဖြင့် ဤကျေးဇူးအား ပြန်လည်ဆပ်ခွင့် ကြုံချင်ပါသည်ဗျာ ။

You received this email because you are subscribed to the real_time feed for http://saishinyehtut.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.