Wednesday, October 29, 2008

[Sawlinux] 1 New Entry: တပည့်ဟာ ဆရာထက်တော်ရမယ်

တပည့်ဟာ ဆရာထက်တော်ရမယ်

28 October 2008

ဒီစကားဟာ ဗမာပြည်ရဲ့ကျောင်းသုံးစာအုပ်တွေကို အခြေခံပညာသူငယ်တန်းက အစ၊ တက္တသိုလ် မဟာဝိဇ္ဇာအထိ တသက်ပန်လုံး ဆိုရမလောက် ပြုစုရှာဖွေပြဋ္ဌာန်းပေးခဲ့တဲ့ ပညာရေးသမားလည်းဖြစ်၊ ပညာရှိကြီးတဆူလည်းဖြစ်တဲ့ ဆရာကြီး ဦးဖေမောင်တင်ပြောခဲ့တဲ့ စကားပါ။ တပည့်က ဆရာကို တော်ရုံမေးခွန်း တခုလောက် ပြန်မေးတာတောင် မကြိုက်တတ်တဲ့ ဗမာပြည်မှာ ဒီလိုစကားမျိုးကို ထုတ်ဟပြောဆိုဖို့ဆိုတာ မလွယ်ပါဘူး။ အင်မတန်ကြီးမားတဲ့ စေတနာနဲ့ အင်မတန်ကြီးမားတဲ့ ဦးနှောက်က စိမ့်ထွက်လာတဲ့ "မဟာပညာရေးဝါဒ" တရပ်ဖြစ်ပါတယ်။

ဒီစကားဟာ ဒီမှာတင် ဆုံးတာမဟုတ်သေးဘူး။ "တပည့်တို့ဟာ ဆရာ့ပခုံးပေါ်တက်ပြီး တဆင့်ထက်တဆင့်မြင့်အောင် ကြိုးစားရမယ်။ ဆရာ့တို့ပခုံးပေါ်ကို တက်ကြပါတဲ့။" ဒါဟာ သူက တပည့်တွေကို အခွင့်ကြုံတိုင်းပြောလေ့ရှိတဲ့ စကားစု ဖြစ်ပါတယ်။ ဒီစေတနာအတိုင်းလည်း တသက်လုံး အကောင်အထည်ဖော်ပေးခဲ့ပြီး သူ့တပည့် ဗမာကျောင်းသား လူငယ်တွေကို တော်သထက်တော်အောင် အခွင့်အလမ်းတွေ ရှာဖွေကူညီအားထုတ်ပေးခဲ့တယ်။ သူတပည့်ဆိုတာ ဇော်ဂျီ၊ မင်းသုဝဏ်တို့ကအစ သခင်နု၊ သခင်အောင်ဆန်း၊ သိန်းဖေမြင့်၊ ဒဂုံတာရာ၊ ဒေါ်အမာ၊ ဒေါ်အုန်းအလယ်၊ အောင်သင်း၊ ထွန်းမြင့် (မင်းမော်) တို့အဆုံး အားလုံးတပည့် မျိုးဆက်သုံး၊ လေးဆက်ကို ဆိုလိုပါတယ်။

ဆရာကြီး ဦးဖေမောင်တင်ဟာ နိုင်ငံရေးသမားမဟုတ်လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလောက် လူသိမများပေမယ့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်တကွသော နိုင်ငံရေးသမားတွေ၊ ပညာရှိတွေ၊ စာရေးဆရာ၊ သတင်းစာဆရာတွေ စတဲ့နိုင်ငံတော်မျက်နှာဖုံး လူကြီးလူငယ်အားလုံးက ကြည်ညိုလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်မှာ တည်ထောင်တယ်။ အသက် (၂၄) နှစ်သာရှိသေးတဲ့ ဦးဖေမောင်တင်ဟာ ဖွင့်လှစ်စ အရှေ့တိုင်းဘာသာများဌာနမှာ ပါမောက္ခဖြစ်နေရာက အင်္ဂလန်ကိုပညာသင်သွားရပါတယ်။ အဲဒီတော့ အသက် (၃၂) နှစ်ပါ။ အဲဒီမှာ ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာပြန်ဆိုလို့ ပါဠိကျမ်းစာအသင်းက ရွှေဒင်္ဂါးတထောင် ဆုချီးမြှင့်ခံရပါတယ်။ အိန္ဒိယနဲ့ သီဟိုဠ် (သီရိလင်္ကာ) တို့မှာ အင်္ဂလိပ်စာတတ် ပါဠိပညာရှင်အကျော်အမော်တွေရှိပေမယ့် ရွှေဒင်္ဂါးဆုငွေ တထောင်ပေးမယ်လို့ ကြော်ငြာတာတောင် ထွက်မလာခဲ့ပါ။ ဦးဖေမောင်တင်ဟာ ဖခင်က ခရစ်ယာန်ဖြစ်လို့ သားလည်း ခရစ်ယာန်ဖြစ်ပေမယ့် အမေဘက်ကအဘိုးက သာသနာပိုင်ဆရာတော် ဦးဝိသုဒ္ဓသီလာစာရ ဖြစ်လို့ ဗုဒ္ဓစာပေဖြစ်တဲ့ ပါဠိစာပေကျမ်းဂန်တွေကို နားလည်နိုင်တဲ့ အခြေခံကောင်း ရှိခဲ့သူဖြစ်ပါတယ်။ ပါဠိဘာသာနဲ့ အိန္ဒိယတက္ကသိုလ်က မဟာ
ဝိဇ္ဇာဘွဲ့ရထားသူအဖြစ်နဲ့ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာစကားဌာနမှာ မြန်မာထဲက ပထမဆုံး ပါဠိပါမောက္ခ ခန့်အပ်ခံရသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လန်ဒန်ပါဠိကျမ်းစာအဖွဲ့ရဲ့ ရန်ကုန်ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး လယ်တီ ဆရာ တော်က အစ အရှင်ဇနကာဘိဝံသအဆုံး ပါဠိကျမ်းတတ်ဆရာတော် အကျော်အမော်များနဲ့လည်း ပါဠိဘာသာစကားကိစ္စနဲ့ ဗုဒ္ဓစာပေကိစ္စတွေကို နည်းခံလေ့လာသူတဦးလည်း ဖြစ်ပါတယ်။

ဦးဖေမောင်တင်ဟာ မြန်မာမှု၊ မြန်မာစာပေကို အလွန်လေးစားမြတ်နိုးပြီး ဗုဒ္ဓစာပေသာမက မြန်မာစာပေနဲ့ မြန်မာသမိုင်း ကိုလည်း ခေတ်မီသုတေသနနည်းနာများနဲ့ ရှေးဦးလေ့လာလိုက်စားခဲ့သူလည်း ဖြစ်ပါတယ်။ ခရစ်ယာန် လူငယ်တဦး အနေနဲ့ တက္ကသိုလ်ဆရာဖြစ်လာပေမယ့် တောင်ရှည်ပုဆိုး၊ တိုက်ပုံအင်္ကျီနဲ့ ခေါင်းပေါင်း အုပ်ပေါင်းဝတ်ဆင်ပြီး ကျောင်းတက်၊ စာသင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီးက ဂုဏ်ပြု ချီးကျူးပြီး အားထားလေးစားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဖွင့်စမှာပဲ တက္ကသိုလ်ကျောင်းသားတိုင်း တန်းနိမ့်မြန်မာစာ မသင်မနေရလုပ်ဖို့နဲ့ ဂုဏ်ထူးတန်းများ ဖွင့်ဖို့ကို အားထုတ်ခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။ ပုဂံကျောက်စာတွေကို ကိုယ်တိုင်သွားရောက်ကူးယူပြီး စာအုပ်တွဲ (၅) တွဲထုတ်ဝေ သင်ကြားပေးခဲ့ပါတယ်။ "မင်းတို့မှာ တက္ကသိုလ်သင်လောက်တဲ့ မြန်မာစာပေကျမ်းဂန်တွေ ရှိရဲ့လား" လို့ အင်္ဂလိပ်တွေ မေးတာကို တုံ့ပြန်တဲ့အနေနဲ့ သူကိုယ်တိုင်ကြီးမှူး အုပ်ချုပ်နေရတဲ့ ဘားနာဒ်အခလွတ် ပိဋကတ်တိုက်မှာ
ပေမူ ပုရပိုက်မူတွေနဲ့ ရှိနေတဲ့ မြန်မာစာပေကျမ်းဂန်တွေထဲက (၄၆) အုပ်ကို မြန်မာပညာရှိတွေ အကူအညီယူရင်း တည်းဖြတ်ထုတ်ဝေခဲ့ပါတယ်။ ပထမဆုံး မြန်မာစာပေသမိုင်း ကျမ်း တစောင်လည်း ပြုစုထုတ်ဝေခဲ့ပါတယ်။ သူရဲ့မြန်မာစာဂုဏ်ထူတန်းကနေ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကုသ စတဲ့ ခေတ်ဆန်းစာပေသမားတွေကို မွေးထုတ်ရင်း အမျိုးသားကျောင်းတွေကို အခြေခံလာတဲ့ မြန်မာစာပေ သင်ကြား လေ့လာမှုကို တက္ကသိုလ် လက်ဆင့်ကမ်းယူ မြှင့်တင်ပေးခဲ့နိုင်ပါတယ်။

လွတ်လပ်ရေးခေတ်ဦးမှာ အရင်က မရှိဖူးသေးခဲ့တဲ့ စနစ်သစ် ကျောင်းသုံးမြန်မာဖတ်စာ၊ ကျောင်းသုံးပါဠိသဒ္ဒါ၊ မြန်မာသဒ္ဒါ၊ မြန်မာ ဝါကျဖွဲ့ထုံးကျမ်း စတဲ့ ကျောင်းသုံးစာအုပ်တွေကို ပြုစုပေးခဲ့ပေးပြီးနောက် အငြိမ်းစားယူပြီးတဲ့အခါမှာလည်း စာပေဗိမာန်၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်၊ သက်ကြီးတက္ကသိုလ် စသည်တို့မှာ ကြီးမှူးအုပ်ချုပ်မှုတာဝန်တွေကိုလည်း ယူခဲ့ပါသေးတယ်။ ကျောင်းသုံးစာအုပ်တွေထဲမှာ ဇာတကဝတ္ထုတွေ၊ ဇာတ်ကြီး (၁၀) ဘွဲ့တွေနဲ့ ဗုဒ္ဓဝင်စာပေတွေထဲက စာပေတွေ ထုတ်နုတ် ပြဋ္ဌာန်းပေးလို့ ခရစ်ယာန်တချို့ရဲ့ ငြိုငြင်ပုတ်ခတ်မှုတွေကို ခံခဲ့ရဖူးပါတယ်။ "မင်းတို့ခရစ်ယာန် သာသနာ ပြုရာမှာဖြစ်စေ၊ မြန်မာပြည်သူတွေကို အုပ်ချုပ်ရာမှာဖြစ်စေ၊ ဒါတွေမလေ့လာလို့ရှိရင် အောင်မြင်မှာမဟုတ်ဘူး။ မြန်မာပြည်မှာနေပြီး မြန်မာလူမျိုးတွေနဲ့ အဆင်ပြေချင်ရင် ဒါတွေကို မင်းတို့ကိုယ်တိုင် လေ့လာသင့်တယ်" လို့ပြောမှ ငြိမ်သွားခဲ့ကြပါတယ်တဲ့။

ဆရာကြီးဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို နိုင်ငံရေးမှာ မပါဝင်ခဲ့ပေမယ့် အကြီးမြတ်ဆုံး မြန်မာမျိုးချစ်ပုဂ္ဂိုလ်ကြီး တဦးအဖြစ်နဲ့ မြန်မာစာပေ၊ မြန်မာစကားတို့ကို စောင့်ရှောက်မြှင့်တင်ပေးခဲ့သူအဖြစ်နဲ့ရော မြန်မာပညာရေးကို ပဲ့ကိုင် မြှင့်တင်ပေးခဲ့သူအဖြစ်နဲ့ရော ဆောင်ရွက်ရာမှာ ထိပ်ဆုံးတန်းပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။

သူကိုယ်တိုင် ဦးဆောင်ပါဝင်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအသင်း ၁၉၁၀ နဲ့ မြန်မာနိုင်ငံပညာ ပြန့်ပွားရေး အသင်း ၁၉၂၈ တို့ကနေ မြန်မာစာပေ၊ မြန်မာသမိုင်းနဲ့ မြန်မာ့ယဉ်ကျေးမှုတို့ကို သုတေသနပြုခြင်း၊ စာအုပ်ထုတ်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်ဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းအကျဆုံး သုတေသနဂျာနယ်အဖြစ် ထင်ရှားပါတယ်။ ဆရာကြီးကိုယ်တိုင် အသင်းဥက္ကဋ္ဌ၊ ဂျာနယ်အယ်ဒီတာ၊ ငွေထိန်း စသည်ဖြင့် တကြိမ်မက တာဝန်ယူခဲ့ရပြီး သူတပည့်များဖြစ်ကြတဲ့ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးမျိုးမင်း၊ ဒေါက်တာ ညီညီ၊ ဦးသော်ကောင်း၊ ဒေါက်တာ သန်းထွန်း စတဲ့ သုတေသီပညာရှင်များက ပခုံးပြောင်းတာဝန်ယူခဲ့ကြပါတယ်။ နောက်ဆုံးတိုးချဲ့ဖွဲ့စည်းတဲ့ စာအုပ်ထုတ်ဝေရေးအဖွဲ့ငယ်မှာ မောင်စွမ်းရည်လည်း ပါဝင်ခဲ့ရပေမယ့် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ကိုယ်တိုင် တာဝန်ပေး၊ တည်းဖြတ်ထုတ်ဝေခိုင်းထားတဲ့ ဗုံကြီးသံကောက်စိုက်သီချင်းများ စာမူတောင် မထုတ်ဝေလိုက်ရဘဲ အသင်း
ဖျက်သိမ်း၊ ချိတ်ပိတ်ရာ သူ့စာမူပါသွားခဲ့ပါတယ်။ အသင်းဖျက်သိမ်းစေသူကတော့ ဗိုလ်နေဝင်းပဲဖြစ်ပါတယ်။

ဗိုလ်နေဝင်းဟာ သူကျောင်းထုတ်ခံခဲ့ရတဲ့တက္ကသိုလ်၊ သူ့ပြိုင်ဘက်အုပ်စု ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာ စသူတို့ မွေးထုတ် ပေးရာ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ မွေးထုတ်ပေးခဲ့ရာ တက္ကသိုလ်ကို အာဃာတထားပြီး တက္ကသိုလ်သမဂ္ဂ အသင်းကြီးကိုပါ ဖျက်ဆီးခဲ့တာ ဖြစ်ပုံရပါတယ်။ ဆရာ မင်းသုဝဏ် စတဲ့တက္ကသိုလ်ဆရာ၊ ခေတ်စမ်းစာပေသမားတွေကို လည်း "ခရစ်ယာန်ကြီးဖေမောင်တင်ရဲ့တပည့်တွေ" အဖြစ်နဲ့ အငြိုးထားပါတယ်။ ဦးဖေမောင်တင်နဲ့အတူ မြန်မာနိုင်ငံ သုတေသနအသင်း တည်ထောင်ခဲ့သူ သတိုးသီရိသုဓမ္မဘွဲ့ရ ဆရာကြီး ဖာနီဗယ်နဲ့ ဆရာကြီး လုစ်တို့ကိုလည်း CIA လို့ စွပ်စွဲပြီး တိုင်းပြည်က နှင်ထုတ်ခဲ့ပါတယ်။

ဗမာ့လွတ်လပ်ရေးသမိုင်းမှာ အရေးကြီးဆုံးဖြစ်တဲ့ တို့ဗမာအစည်းအရုံးတည်ထောင်သူ သခင်ဗသောင်း၊ သခင်လေးမောင် စတဲ့သခင်များနဲ့ သခင်နု၊ သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်ဗဟိန်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင်စတဲ့ ကွန်မြူနစ်ပါတီ၊ ဖဆပလ၊ ဘီအိုင်အေ စတဲ့အဖွဲ့အစည်းတည်ထောင်သူတွေ အားလုံးဟာ ဆရာကြီး ဦးဖေမောင်တင်ရဲ့ တပည့်ရင်းတွေ ဖြစ်ကြပါတယ်။ ဆရာကြီးဟာ အင်္ဂလိပ်အစိုးရ အရာရှိကြီးတဦးဖြစ်ပေမယ့် တို့ဗမာအစည်းအရုံးက တပည့်တွေကို လစဉ်ငွေကြေးရန်ပုံငွေ ထောက်ပံ့ခဲ့ပါတယ်။ ဘီအိုင်အေ ၀င်လာတော့လည်း ဗိုလ်အောင်ဆန်းတို့ကို ရန်ပုံငွေ ဆီးပြီး လှူခဲ့ပါတယ်။ ဒီတပည့်တွေထဲမှာ သူမပါဘူး။ ဒါတွေကြောင့် ဆရာကြီးကို ဗိုလ်နေဝင်း အငြိုးထားခဲ့ပုံရပါတယ်။ "ခရစ်ယာန်ကြီးဖေမောင်တင်" လို့ခေါ်ခဲ့တာဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရန်တိုက်ပေးဖို့ ဖြစ်ပုံရပြီး တကယ်တော့ သူကိုယ်တိုင်က ရတနာသုံးပါးနဲ့ အလွန်ဝေးလို့ ငါးပါးသီလတောင်ဖြောင့်အောင် ဆိုတတ်ပုံမရပါ။

ဆရာကြီး ဦးဖေမောင်တင်ဟာ အင်္ဂလိပ်အစိုးရခေတ်မှာ အင်္ဂလိပ်အရာရှိကြီး ဖြစ်လာပေမယ့် အခြေခံကျောင်းသားဘဝ ကတည်းက အင်္ဂလိပ်အရာရှိတွေကို လက်အုပ်ချီနှုတ်ဆက်ရမယ်ဆိုတဲ့ အမိန့်ကို ဦးဆောင်ဆန့်ကျင်ခဲ့ပါတယ်။ အင်္ဂလန် တက္ကသိုလ်ကျောင်းသားဘဝမှာလည်း မြန်မာအသင်းမှာ အင်္ဂလိပ်ဘုရင်ခံဟောင်းတဦး ဟာဗေးအဒမ်ဆင်နဲ့ ဥက္ကဋ္ဌ ရာထူးမှာ ယှဉ်ပြိုင်အနိုင်ယူခဲ့လို့ မြန်မာပြည်ကို အမြန်ပြန်လာခဲ့ရပါတယ်။ ကျောင်းအုပ်ကြီးဖြစ်တော့လည်း အင်္ဂလိပ်လူမျိုး ရူပဗေဒပါမောက္ခ မစ္စတာ ပီးကော့ဟာ လက်တွေ့စမ်းသပ်ခန်း လက်ထောက်မြန်မာတဦးကို လက်သီးနဲ့ထိုးလို့ အရေး ယူခဲ့ရာမှာ ပါမောက္ခကြီးဟာ အလုပ်ကနုတ်ထွက်ပြီး အင်္ဂလန်ပြန်ပို့ခံရပါတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်တွေကို အန်တုအရေးယူရဲတဲ့ အပြုအမူဟာ တော်ရုံသတ္တိနဲ့ မဖြစ်နိုင်ပါဘူး။

သာသနာရေး ရှုထောင့်ကကြည့်ရင် သူ့ခေတ်မှာ အလွန်နည်းပါးလှတဲ့ ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်တွေထဲမှာ သူ့လောက် (ဦးဖေမောင်တင်) ထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့သူ နည်းပါလိမ့်မယ်။ ဆရာကြီးဟာ အဋ္ဌသာလိနီ၊ ဝိသုဒ္ဓိမဂ်၊ ဓမ္မစင်္ကြာသုတ်၊ အနတ္တလက္ခဏသုတ် ကအစ ရွှေတိဂုံဘုရားရှိခိုးအထိ အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့ပြီး အမေရိကန် တက္ကသိုလ်တခု (ချီကာဂို) မှာ ဗုဒ္ဓစာပေကို ၁၉၅၇-၁၉၅၉ မှာ ပို့ချရင်းက တခြားတက္ကသိုလ်များကိုပါ သွားရောက် ဟောပြောခဲ့ဖူးပါတယ်။ လန်ဒန်ပါဠိအဖွဲ့ကြီးရဲ့မြန်မာပြည်ကိုယ်စားလှယ်အဖြစ်နဲ့ ပါဠိပါမောက္ခဖြစ်စကနေ ၁၉၇၂ ခုနှစ် ကွယ်လွန်ခါနီးအထိ ပါဠိအဋ္ဌကထာအတွဲ (၅၀) ထုတ်ဝေရေးမှာလည်း တည်းဖြတ်သူ (အယ်ဒီတာ) အဖြစ် တာဝန် ပေးခံရသူဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် ဟုတ်သူရော၊ မဟုတ်သူများကပါ ဗုဒ္ဓစာပေပညာရှင်အဖြစ် လေးစားခံရသူလည်း ဖြစ်ပါတယ်။ ဆရာကြီး လန်ဒန်တက္ကသိုလ်ကျောင်းသားဘဝက ဝိသုဒ္ဓိမဂ်ဘာသာပြန်လို့ ရခဲ့တဲ့ ဆုငွေကိုတောင် ကိုယ်တိုင်မချမ်းသာပဲနဲ့ ပါဠိကျမ်းစာအသင်းကို အားလုံးလှူခဲ့ပါတယ်။

ဆရာကြီးဟာ အခြေခံပညာရေးနဲ့ တက္ကသိုလ်ပညာရေးအတွက် လိုအပ်တဲ့ကျောင်းသုံးစာအုပ်အမျိုးမျိုးကို ပြုစုထုတ်ပေး ခဲ့သူ၊ မြန်မာစာပေနဲ့ မြန်မာသမိုင်း၊ မြန်မာဘာသာဗေဒ လေ့လာရေးတို့မှာ လမ်းခင်းပေးခဲ့သူ၊ ၁၉၂၀ အမျိုးသားပညာ ရေးက မွေးထုတ်ပေးလိုက်တဲ့ အမျိုးသားကျောင်းထွက် လူငယ်တွေကို တက္ကသိုလ်က ဆီးကြိုပြီး မြန်မာစာပေ သင်ယူ လေ့လာမှုကို မြှင့်တင်ပေးရင်း ခေတ်စမ်းစာပေဆိုတဲ့ မြန်မာစာပေသစ်ကဏ္ဍတခုကို မွေးထုတ်ပေးခဲ့သူ၊ ဗုဒ္ဓစာပေ၊ ပါဠိစာပေ ကမ္ဘာဖြန့်ရာမှာ ရှေ့တန်းကပါဝင်ခဲ့သူ မြန်မာ့ကျေးဇူးရှင် မျိုးချစ်ပုဂ္ဂိုလ်ကြီးစင်စစ် ဖြစ်ပါတယ်။

ဆရာကြီးက မြန်မာစာပေသမိုင်းကို ဟောပြောပို့ချရာမှာ "ငါတို့စာပေဟာ ကျေးဇူးသိခြင်းတရားနဲ့ စတင်ခဲ့တာ" လို့ ရာဇကုမာရ်ကျောက်စာကို လက်ညှိုးထိုးပြီး ဖော်ထုတ်ပြောဆိုလေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆရာကြီးဟာ မြန်မာစစ် အစိုးရခေါင်းဆောင် ဗိုလ်နေဝင်းရဲ့ကျေးဇူးကန်းတာကို ခံရင်း ကွယ်လွန်သွားခဲ့ရရှာပါတယ်။ ဆရာကြီး ဦးဖေမောင် တင်ဟာ ၁၉၃၆ ကိုနု၊ ကိုအောင်ဆန်း၊ မအမာ၊ မအုန်းတို့ရဲ့သပိတ်အပြီး၊ ၁၉၃၇ မှာ မြန်မာထဲက ပထမဆုံး တက္ကသိုလ် ကျောင်းအုပ် ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားအဖြစ်နဲ့ မအောင်မြင်ခဲ့တဲ့ ဗိုလ်နေဝင်းဟာလည်း ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့ဖူးမှာပါ။ ဒီလိုကျေးဇူးကန်းတဲ့ တပည့်မျိုးတွေ မပေါ်ပေါက်အောင် ကျနော်တို့ခေတ်ရဲ့တာဝန်ဖြစ်နေပါပြီ။

ခေတ်သစ်မြန်မာစာပေသမိုင်းမှာ ကျေးဇူးသိခြင်းတရားနဲ့ပဲ မွှမ်းထုံပါစေသတည်း။ ။

မောင်စွမ်းရည် (၂၉-၉-၀၈)။ ။
(The NEJ)

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.