ကလေးများကို ခြိမ်းခြောက်ခြင်း
အခုတလော ကလေးများနှင့် သက်ဆိုင်သော Child Psycho အကြောင်းတွေသည် ကျွန်မ၏ စိတ်အတွေးတွေကို အချိန်တော်တော်များများ လွှမ်းမိုးနေသောကြောင့် ဤပိုစ့်များကို ရေးနေခြင်း ဖြစ်ပါသည်။ အခြား တောင်တောင်အီအီများကို မတွေးစေချင်ပါ…။
အခြားသော လူမျိုးခြား နိုင်ငံသားများ၏ ယဉ်ကျေးမှုများကို ကျွန်မ အများကြီး မသိပါ။ သူတို့ ၏ ပါတ်ဝန်းကျင်၊ သူတို့ ၏ ယဉ်ကျေးမှု၊ သူတို့ ၏ နေ့ စဉ် ရှင်သန်နေထိုင်ပုံ၊ အထူးသဖြင့်တော့ သူတို့ ၏ မိသားစု ဆက်ဆံရေး… လူကြီးနှင့် လူငယ်တို့ ၏ ဆက်ဆံရေး… မိဘနှင့် သားသမီး ဆက်ဆံရေး…။ ထိုအကြောင်းအရာများကို ကျွန်မ အလွန် စိတ်ဝင်စားလှသော်လည်း အတန်အသင့်သာ လေ့လာဖူး၊ တွေ့ ဖူး မြင်ဖူး ကြားဖူးပါသည်။
သို့ သော် ကျွန်မသိသမျှ တွေ့ ဖူး မြင်ဖူးသမျှထဲတွင် ကျွန်မတို့  မြန်မာလူမျိုးတွေသည် ကလေးများ၏ ခံစားချက် သေးသေးလေးများကို၊ သူတို့ ၏ စိတ်ဓါတ်ရေးရာများကို တော်တော်ပင် လျှစ်လျှူရှုတတ်ကြသူများ ဟု ထင်မြင်မိပါသည်။ ထိုထင်မြင် ယူဆချက်သည် ကျွန်မတစ်ဦးတည်း၏ ထင်မြင်ချက်သည် ဖြစ်သောကြောင့် မှားချင်လဲ မှားနေပါလိမ့်မည်။ လက်မခံနိုင်သူများ ဝေဖန်ချင်က ဝေဖန်နိုင်ပါသည်…။
"အဲဒီနားမှာ မကစားရဘူး သစ်ပင်ပေါ်မှာ သရဲကြီး ရှိတယ်…"
"ဒီကစားကွင်းမှာ သရဲကြီး စောင့်နေတယ် လာကစားတဲ့ ကလေးလေးတွေကို ဖမ်းမလို့ …"
"ညကျ စောစောမအိပ်ရင် ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး လာဖမ်းလိမ့်မယ်…"
"ဟော.. ဟိုမှာ ပီပီ ပီပီ နဲ့  မှုတ်နေတဲ့ လူကြီး လာနေပြီ ဆိုးတဲ့ ကလေးတွေကို ဖမ်းမလို့ တဲ့…"
"သား ဆိုးနေရင် မေမေ အိမ်ပြန်မလာတော့ဘူး ရုံးမှာဘဲ နေ နေတော့မယ်…"
"သမီး မေမေတော့ ကုလားကြီးနောက် လိုက်သွားပြီ…"
"သား ဖေဖေတော့ ကုလားမကြီးက လာခေါ်သွားပြီ…"
အစရှိတဲ့ စကားစုတွေကို လူတော်တော်များများ ကြားဖူးကြလိမ့်မည် ထင်ပါတယ်။ ကြားဖူးရုံတင်မက အဲဒီလိုရော ပြောဖူးကြပါသလား… အဲဒီလို စကားတွေကိုသုံးပြီး ကိုယ့်ကလေးကိုပဲ ဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းများ၏ ကလေးများ၊ မိမိပါတ်ဝန်းကျင်မှ ကလေးတွေကို ခြိမ်းခြောက်ဖူးကြပါသလား….။
ကျွန်မ သတိထားမိသလောက် လူကြီးတွေက ကလေးတွေကို စသလို နောက်သလို နှင့်ဖြစ်စေ၊ တကယ် ကြောက်လန့်  စေလိုသောကြောင့် ဖြစ်စေ ဤစကားမျိုးကို ပြောတတ်ကြပါသည်။ အပေါ်ယံအားဖြင့်ကြည့်လျှင် ထိုစကားတို့ သည် ဘာမှမဖြစ်လောက်ပါဘူး ဟု ခပ်လွယ်လွယ် ထင်ရသော်လည်း စိတ်ဓါတ်အားဖြင့် နုနယ်လှသော ကလေးများအဖို့  သူတို့ လေးတွေ၏ စိတ်ထဲတွင် တော်တော်ပင် ထိတ်လန့်  တုန်လှုပ် ကြောက်ရွံ့ သွားတတ်ကြသည်ကို သတိပြုကြစေချင်ပါသည်။ ထိုကြောက်စိတ်မှာလဲ အချိန်ကာလ အတော်ကြာသည့်အထိ မမေ့ပျောက်နိုင်ဘဲ စွဲစွဲလမ်းလမ်းဖြင့် ကြောက်နေတတ်ကြသည့် ကလေးငယ်များကို ကိုယ်တိုင်တွေ့ ဖူးခဲ့ပါသည်။ တကယ်လဲ ထိုကြောက်စိတ် နှင့် ထိုအစွဲအလမ်းတို့ သည် တော်တော်နှင့် ဖျောက်ဖျက်ပြစ်၍ မရပါ…။ သူတို့ စိတ်ထဲတွင် မမြင်တွေ့ ဖူးသော သရဲကြီး၊ ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး၊ ကုလားကြီး တို့ ကို ကြောက်မက်ဖွယ်ရာ ရုပ်ဆိုးဆိုး ပုံပန်းများဖြင့် စိတ်ကူးပုံဖေါ် မြင်ယောင်ကြည့်ကာ ကြောက်လန့် စိတ်များ တစ်စထက် တစ်စ တိုးပွား နေတတ်ကြသည်။ သနားစရာလဲ အလွန်ကောင်းပါသည်။
သူတို့ သည် အသက်အရွယ် တော်တော်ရလာပြီး အစစအရာရာကို တော်တော်လေး နားလည်လာသော အရွယ်လောက်တွင်မှသာ သူတို့ ငယ်ငယ်က ကြောက်ရွံ့ ခဲ့ဖူးသော ထို သရဲကြီး၊ ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး၊ ကုလားကြီး တို့ သည် တကယ်မရှိကြောင်း၊ လူကြီးများ တမင် ခြောက်လှန့် ကြကြောင်း ကို နားလည်သိမြင် လာနိုင်ပါသည်…။
ပြောပြရလျှင် ကျွန်မ ငယ်ငယ်က (၆ နှစ်သမီးလောက်ဟု ထင်ပါသည်) မိဘများနှင့် ခင်မင်ရင်းနှီးသော ကျွန်မနှင့်လည်း ဦးလေးတစ်ယောက်လို ရင်းနှီးသော သူတစ်ယောက် အိမ်ကိုအလည်လာရင်း တခုခုကို အလိုမကျ၍ နဲနဲဂျီတိုက်နေသော ကျွန်မကို စသလို နောက်သလိုဖြင့် "ဒီလိုဆိုးနေရင် ကျောပေါက်ကြီး လာဖမ်းလိမ့်မယ်နော်" ဟု ပြောလေသည်။ ထိုအခါ ကျွန်မသည် တစ်ခါမှ မသိဖူး မကြားဖူး မမြင်ဖူးသော ထို ကျောပေါက်ကြီး ဟူသော လူကို ထိတ်လန့် စွာဖြင့် မရဲတရဲ ပုံဖေါ်ကြည့်ရင်း တုန်လှုပ် ကြောက်ရွံ့ စိတ်များ တစ်ဖွားဖွား ပေါ်လာပေတော့သည်။
ည အိပ်ရာဝင်ချိန်များတွင် သော်လည်းကောင်း၊ မေမေတို့  အလုပ်သွား၍ အိမ်မှာ အဖိုးနှင့် နှစ်ယောက်တည်း ကျန်ခဲ့ချိန်များတွင် သော်လည်းကောင်း၊ ဘာမှလုပ်စရာမရှိသည့် အချိန်များတွင် ထောင့်လေးတစ်ထောင့်တွင် ငြိမ်သက်စွာ ထိုင်နေရင်း သော်လည်းကောင်း နက်နက်နဲနဲ တွေးနေမိသည်မှာ ထိုကျောပေါက်ကြီး အကြောင်းပင်...။ ကျောကြီးက ဘယ်လိုပေါက်နေတာလဲ… ကျောကုန်းမှာ အပေါက်ကြီး ရှိနေရက်သားနဲ့  ဘာကြောင့်မို့ အသက်ရှင်နေနိုင်တာလဲ… ပေါက်နေသော ကျောပြင်မှနေ၍ ဗိုက်ထဲက အသဲတို့  နှလုံးတို့ ကိုရော မြင်နေရမှာလား… နီနီရဲရဲ သွေးတွေရော ထွက်နေမှာလား… စသဖြင့်…။ ထိုစဉ်က မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးများမှောင်မဲ၍ ရွာသောအချိန်တွင်မူ ကျွန်မ၏ ကြောက်စိတ်မှာ အထွတ်အထိပ်သို့ ရောက်နေပါသည်…။ ဘယ်ထောင့်ကများ ကျောပေါက်ကြီး ပေါ်လာလိမ့်မလဲ ဟု ဟိုကြည့် သည်ကြည့်ဖြင့် ကျောချမ်းနေခဲ့ဖူးသည်မှာ ပြန်တွေးကြည့်တော့ တော်တော် သနားစရာကောင်းလှပါသည်။
အလုပ်မှ မောမောပန်းပန်းပြန်လာသော ဖေဖေနှင့် မေမေ့၏ အရိပ်အကဲကိုကြည့်၍ မရဲတရဲနှင့် ထိုကျောပေါက်ကြီး အကြောင်းကို မေးကြည့်သောအခါတွင်လည်း မေမေက အရေးမဟုတ်တာ အရေး လုပ်နေရပါ့မလား… အဓိပ္ပါယ်မရှိ အပိုတွေ တွေးကြောက်နေရလား… ဟူသော ပုံစံမျိုးဖြင့် ကျွန်မလိုချင်သော "ကျောပေါက်ကြီး ဆိုသည်မှာ အပြင်လောကတွင် တကယ်မရှိကြောင်း၊ ဘာမှကြောက်စရာ မလိုကြောင်း…" စသည့် လုံလောက် တိကျ နွေးထွေးသော အဖြေမျိုးကို မရခဲ့ပါ။
တကယ်ကတော့ လူကြီးတွေ၏ စိတ်ထဲတွင် ကျွန်မ ဒီလောက် စွဲစွဲလမ်းလမ်း ကြောက်နေမည်ဟု တွေးထင် မထားသောကြောင့် ခပ်ပေါ့ပေါ့သာ သဘောထား ဖြေကြားသည်ဟု ယူဆမိပါသည်။ သို့ သော်လည်း ကျွန်မ၏ စိတ်ထဲမှာတော့ ဘာမဟုတ်တဲ့ ထိုစကားလေး တစ်ခွန်းကြောင့် တော်တော်လေး စိတ်ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရသည်မှာ တသက် မမေ့ဖွယ်ရာပင်…။
ထိုကဲ့သို့  ကလေးများကို ခြောက်လှန့် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက် နှင့် နုနယ်လှသော ကလေးများ၏ စိတ်ခံစားချက်တို့ ကို အလေးအနက်ထား ထည့်သွင်း စဉ်းစားကာ မိမိတို့ ကိုယ်တိုင်လဲ ကလေးများကို အမှန်တကယ် ကြောက်စေချင်၍ ဖြစ်စေ၊ စချင် နောက်ချင်၍ ဖြစ်စေ... သူတို့ လေးတွေ၏ စိတ်ထဲ၌ စွဲစွဲလမ်းလမ်း ကြောက်ရွံ့  သွားနိုင်ချေရှိသော စကားစုများကို ဝေးဝေးမှ ရှောင်ရှားကြပါ ဟု အလေးအနက်ထား တိုက်တွန်းချင်ပါသည်။
အနာဂတ်ကာလတွင် တိုးတက်သော လူ့ ဘောင်လောကကြီးထဲသို့  အနေအထားအမျိုးစုံ၊ ပုံပန်းသဏ္ဍာန် အမျိုးစုံဖြင့် လူတန်းစား အလွှာအသီးသီးသို့  ရှင်သန်ဝင်ရောက်လာမည့် လူသားလေးများ၏ နုနယ်သော စိတ်အတွေးလေးများကို အတတ်နိုင်ဆုံး အလေးအနက်ပြု ဂရုစိုက်ကြစေချင်ပါသည်။
You received this email because you are subscribed to the real_time feed for http://thet-wai-blog.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.