ဘာကို ..အာရုံစိုက်ကြမလဲ ?
တစ်နေ့မှာ (Tiny Frogs) ဖားသေးသေးလေးတွေစုပြီး တိုင်ထိပ်တစ်ခုရဲ့ အမြင့်ဆုံးထိ ရောက်အောင် ဘယ်သူ တက်နိုင်မလဲ ဆိုတာ ယှဉ်ပြိုင်မဲ့ပွဲလေး လုပ်တယ်။ သူတို့ အဲ့ဒီလို ပြိုင်ပွဲလုပ်မယ်ဆိုကတည်း စုရုံးစုရုံးရောက်ရှိလာတဲ့ ပရိတ်သတ်ကြီးက 'ရူးနေပြီလား ၊ ဒီလောက်ခက်တဲ့ကိစ္စကြီးကို ၊ ဒါဘယ်လိုမှမဖြစ်နိုင်ဘူး' စသဖြင့် ဝေဖန်ပြောဆိုနေကြပါတယ်။ ပြိုင်ပွဲစပြီး တက်တဲ့သူတွေ တက်နေတဲ့ အချိန်မှာလဲ ဆက်လက်ပြောဆိုနေတုန်းပါပဲ။ အဲ့ဒီ အချိန်မှာ တစ်ဝက်လောက်ရောက်တဲ့သူလဲ ရောက်နေကြပြီဖြစ်သလို အားလျှော့တဲ့ သူလဲ လျှော့ကုန်ကြပြီ။ နောက်ဆုံးမှာ တစ်ကောင်တည်းသာကျန်ခဲ့ပြီး အဲ့ဒီတစ်ကောင်တည်းသော ဖားသေးသေးလေးကပဲ အမြင့်ဆုံး တိုင်ထိပ်ကိုရောက်ရှိသွားပါတယ်။ ပရိတ်သတ်ကြီး အံသြပြီး ဒီလောက် အမျိုးတူဖားတွေအကုန်လက်လျှော့ပြီးမရောက်နိုင်ကြတာတောင် သူကတော့ ဘယ်လိုခွန်အားနဲ့ ရောက်အောင်တက်နိုင်ခဲ့တာလဲလို့ ဝိုင်းမေးကြတဲ့အခါ ဖားလေးက ဘာပြန်ဖြေသလဲဆိုတော့ ..
သူမဖြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူက နားမကြားတဲ့ဖားလေးတစ်ကောင်ဖြစ်နေလို့ပါပဲ။
အဲ့ဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကတော့ လူ့ဘဝမှာ တစ်ခါတစ်ခါ (ကြမ်းတမ်းပါတယ်ဆိုတဲ့ လမ်းတွေကိုဖြတ်ပြီး အခက်ဆုံးအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့အချိန်မှာ) ပတ်ဝန်းကျင်က စကားတွေဟာ ကိုယ့်ရဲ့ Actions တွေပေါ်မှာ သိသိသာသာထိခိုက်မှု ရှိလာပါတယ်။ များသောအားဖြင့် Positive မဖြစ်တဲ့အတွေးအခေါ်တွေ၊ Pessimistic ဖြစ်နေတဲ့စကားသံတွေဟာ ကိုယ့်ရဲ့အရှိန်အဟုန်တွေကို နှေးကွေးသွားစေနိုင်ရုံမကပဲ ခရီးတစ်ဝက်ရောက်နေတာတောင် လက်မြှောက်အရှုံးပေးလိုက်ကြတဲ့ ဖားကလေးတွေလို ဖြစ်သွားစေ ပါတယ်။ တကယ်တော့ You will never really lose until you stop ဆိုတဲ့အတိုင်း ကိုယ့်ကြိုးစားမှုတွေမရပ်သေးသရွေ့ ကိုယ်တကယ် မရှုံးသေးပါဘူး။
နောက်တစ်ခုက အကြားအာရုံချို့တဲ့နေတဲ့ ဖားကလေးက ဘာကြောင့်နိုင်ခဲ့တာလဲ။ အဓိကကတော့ အဆိုးမြင်ပတ်ဝန်းကျင်က ဝေဖန်သံတွေကိုမကြားနိုင်တော့ သူ့အတွက် အနှောက်အယှက်ဖြစ်စေနိုင်တဲ့စကားသံတွေဟာ သူ့ကို ဘာသက်ရောက်မှုမှမရှိစေခဲ့ဘူး။
ဒါကြောင့် ပုံပြင်ရဲ့အဆုံးမှာရေးထားတဲ့ ဒဿနတစ်ခုက ကိုယ်ကြိုးစားနေတဲ့ အချိန်မှာ ဘာတွေပဲကြုံခဲ့ကြုံခဲ့ 'မကြားသလိုနေလိုက်ပါ (Be Deaf) တဲ့'။ ကျွန်မက အဲ့ဒီထက်ပိုပြီး ဖြည့်စွက်ပြောရရင် 'မမြင်ဘူးလို့လဲ သဘောထားပါ (Be Blind) လို့'။ လောကကြီးကို (Half Glass Full) အနေနဲ့ မမြင်တတ်ကြပဲ (Half Glass Empty) အနေနဲ့မြင်တတ်တဲ့သူတွေရှိလို့ (ဖားကလေးတွေကို ဒီလောက်ခရီးကြမ်းများ သူတို့မို့ အပင်ပန်းခံပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေတယ်လို့) တိုက်ခိုက်ကြတဲ့အသံတွေကြောင့် အရှုံးပေး သူတွေ အရှုံးပေးသွားကြတယ်။ တစ်ကောင်တည်း ကျန်နေခဲ့တဲ့ဖားကလေးတောင်မှ ဘာကိုမှမကြားနိုင်ခဲ့လို့သာပါ။ ပတ်ဝန်းကျင်ရဲ့ Effect တွေဟာ တစ်ခါတစ်ခါ မျှော်လင့်ထားပြီးသားအခြေအနေထက် ပိုကြောက်စရာကောင်းတဲ့အပြင် ရှေ့ဆက်ရမဲ့လမ်းတွေကိုပါ ယိမ်းယိုင်သွားစေပါတယ်။
အခုအချိန်မှာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်၊ ကျွန်မတို့ ကြီးပြင်းလာခဲ့တဲ့မြေမှာ ဖားကလေးတွေကို ဝေဖန်တိုက်ခိုက်ကြတဲ့သူတွေလို လူမျိုးတွေရှိလာတဲ့အခါ …(ရေမြေခြားက သူစိမ်းတို့ရဲ့ အလယ်မှာ ရုပ်ပိုင်း ဆိုင်ရာတွေ တိုးတက်သလောက် စိတ်ပိုင်းဆိုင်ရာကို ဟိုးအနိမ့်ဆုံးထိကျမသွားအောင် ကြိုးစား ရုန်းကန်နေရတဲ့) ကျွန်မတို့တွေ ……….ဘာကို အာရုံစိုက်ကြမလဲ …
ဘာတွေပဲကြုံလာကြုံလာ ကိုယ့်အနေအထားတွေကိုတော့ နည်းနည်းမှအထိခိုက်မခံပဲ ပုံပြင်ထဲက ဖားကလေးလို ပန်းတိုင်ကိုပဲ ဦးတည်ချက်ထားကြရအောင် ...
by ...DecemberCinderella
You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.