Wednesday, November 12, 2008

[ဆုံဆည်းရာ] 9 New Entries: မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်ရေး အိမ်ဖြူတော်ကြေညာ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်ရေး အိမ်ဖြူတော်ကြေညာ

ဗွီအိုအေ၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၀၈

သမ္မတဘုရှ်က ဂျော့ခ်ျတောင်းတက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခဖြစ်သူ မိုက်ကယ်ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ အထူးကိုယ်စားလှယ်နဲ့မူဝါဒ ဆက်သွယ်ညှိနှိုင်းရေးမှူးအဖြစ် သံအမတ်ကြီးအဆင့်ရာထူးကို ခန့်အပ်ဖို့ ရည်ရွယ်လိုက်တယ်ဆိုပြီး အိမ်ဖြူတော်က မကြာခင်ကဘဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သမ္မတဘုရှ်က သမ္မတသက်တမ်းကုန်ဆုံးခါနီးမှာ ကပ်ပြီးတော့ အခုလို ပါမောက္ခမိုက်ကယ် ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်တာနဲ့ပတ်သက်ပြီး မြန်မာ့အရေးကို အမြဲတမ်း အနီးကပ်
စောင့်ကြည့်နေတဲ့ ဂျော့ခ်ျတောင်းတက္ကသိုလ် အာရှရေးရာဌာန ညွှန်ကြားရေးမှူးပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ကို မေးကြည့်ပါတယ်။

"နည်းနည်းတော့ ထူးဆန်းပါတယ်။ မစ္စတာဂရင်းဟာ အိမ်ဖြူတော်ရဲ့ အမေရိကန်လုံခြုံရေးကောင်စီ အာရှရေးရာ အကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်အနေနဲ့ တာဝန်ယူတုန်းက မြန်မာနိုင်ငံကို တားဆီးပိတ်ဆို့မှုတွေနဲ့ အရေးယူဖို့အတွက် သူ အားသွန်ခွန်စိုက် လုပ်ခဲ့ပါတယ်။ သူ တာဝန်လည်းပြီးဆုံးသွားရော နိုင်ငံတကာလေ့လာရေး မဟာဗျူဟာဌာန
မှာ အလုပ်လုပ်ရင်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးတဲ့အခါ ပိတ်ဆို့တားဆီးတာတွေဟာ မအောင်မြင်တဲ့ မူဝါဒတွေဆိုပြီးတော့ ဝေဖန်ရေးသားခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် တားဆီးပိတ်ဆို့တာတွေနဲ့ အရေးယူတာတွေကို တွန်းအားပေး
နေတဲ့ သမ္မတဘုရှ် အစိုးရအတွက် ကသိကအောက်ဖြစ်စရာပဲလို့ ယူဆတဲ့အကြောင်း"ပါမောက္ခ ဒေးဗစ် စတိုင်းဘတ် ပြောပြသွားတာ ဖြစ်ပါတယ်။

သမ္မတဘုရှ်က ဒီလို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သံအမတ်ကြီးအဆင့်ရှိတဲ့ အထူးကိုယ်စားလှယ်တဦး ခန့်အပ်ဖို့ရည်ရွယ်တာဟာ ကွန်ဂရက်စ်လွှတ်တော်ရဲ့ အတည်ပြုချက်ရယူဖို့ လိုအပ်ပါတယ်။ ဒီလို မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်တဦးခန့်အပ်ဖို့ စဉ်းစားခဲ့တာ အတော်ကြာခဲ့ပြီလို့လည်း ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်က ပြောပြပါတယ်။

"သမ္မတကတော် လော်ရာဘုရှ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး သိပ်ကို စိတ်ဝင်စားနေတာကြောင့် အိမ်ဖြူတော်က အခုလို ဦးစီးဦးဆောင်ပြုတာ ဖြစ်ရမယ်။ သမ္မတကတော်လော်ရာဘုရှ်က လူသိရှင်ကြား မြန်မာ့အရေးအတွက် တခုခုဖိအားပေးဖို့ အမြဲတမ်း
အစဉ်တစိုက် တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ကျနော်ကတော့ Sanction တွေ၊ တားဆီးပိတ်ဆို့မှုတွေ အလုပ်မဖြစ်ဘူးလို့ ပြောခဲ့တာ ၁၉၉၀ ပြည့်နှစ်တွေတုန်းကပါပဲ"လို့ သူက ပြောပြသွားပါတယ်။

သမ္မတဘုရှ်ဟာ ဇန်န၀ါရီလမှာ ရာထူးတာဝန် ပြီးဆုံးတော့မှာမို့ အရွေးကောက်ခံသမ္မတအိုဘားမား အစိုးရအနေနဲ့ မစ္စတာ မိုက်ကယ် ဂျေဂရင်းကို မြန်မာ့အရေး တာဝန်ပေးအပ်မှာနဲ့ပတ်သက်ပြီး ဘယ်လိုဆက်ပြီး ကိုင်တွယ်သွားနိုင်ပါသလဲလို့ ဒေးဗစ်
စတိုင်းဘတ်ကို မေးကြည့်တော့ …

"အိုဘားမားရဲ့ အာရှရေးရာနဲ့ပတ်သက်တဲ့ ရပ်တည်ချက် တော်တော်များများကို သူအမြဲကန့်ကွက်ခဲ့တာပါ။ အကူးအပြောင်း ကြားကာလ ဒီလိုအချိန်ကျမှ သမ္မတဘုရှ်အစိုးရက သူ့ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မှာနဲ့ပတ်သက်
ပြီး တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်" လို့ ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်က သုံးသပ်သွားပါတယ်။

အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာကိုအောင်ဒင်ကတော့ သမ္မတဘုရှ်က မိုက်ကယ် ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဆင့် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ရတဲ့ အကြောင်းရင်းကို အခုလိုရှင်းပြပါတယ်။

"မနှစ်ကတင်သွင်းပြီး ဒီနှစ်မှ ပြဋ္ဌာန်းအတည်ပြုခဲ့တဲ့ Tom Lantos Block Burma Jade Act ဆိုတာရှိတယ်။ အဲဒါ ကွယ်လွန်သွားတဲ့ ကွန်ဂရက်စ်အမတ် တွမ်လန်းတို့စ်ဦးဆောင်ပြီး တင်သွင်းခဲ့တာ။ အဲဒီဥပဒေအရ မြန်မာပြည်ကတင်သွင်းတဲ့ ကျောက်စိမ်းတွေကို အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း တင်ပို့ခွင့်ကို ပိတ်ပင်ဟန့်တားတယ်။ အဲဒါကိုတော့ အမိန့်အာဏာထုတ်ပြန်ပြီးသွားပြီ။

"နောက်တချက်က မြန်မာပြည်နဲ့ပတ်သက်ပြီး စစ်အစိုးရအပေါ်မှာ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို Coordinate လုပ်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးညှိနှိုင်းဆောင်ရွက်ရေးမှူးတယောက် ခန့်အပ်ဖို့ဆိုတဲ့ အချက်ပါတယ်။ အခုတော့ သမ္မတ
ဘုရှ်က သူ့သက်တမ်းမကုန်ခင် နိုဝင်ဘာလထဲမှာလည်း ကွန်ဂရက်စ်က အရေးပေါ်Section တခုခေါ်ဖို့လည်းရှိတော့ အဲဒီ Section အမီ မိုက်ဂရင်းကို ဒီနေ့ သမ္မတဘုရှ်ကအမည်စာရင်း တင်သွင်းလိုက်တာပါပဲ။" သမ္မတဘုရှ်က မိုက်ကယ် ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဆင့် အထူးကိုယ်စားလှယ်ခန့်အပ်ဖို့ ရည်ရွယ်တာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုအောင်ဒင် ရှင်းပြသွားတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် စစ်အစိုးရ ရွေးကောက်ပွဲ တရားမ၀င်-EU

ဗွီအိုအေ၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၀၈

မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးဘဲနဲ့တော့ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ ယုံကြည်ရလောက်စရာ ရှိမှာ
မဟုတ်ဘူးလို့ EU ဥရောပသမဂ္ဂက ပြောလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ ဘရပ်ဆဲလ်မြို့မှာ တနင်္လာနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီတွေ၊ လူမျိုးစုအဖွဲ့အစည်း
တွေနဲ့ ဆွေးနွေးပွဲတွေစတင်ဖို့လည်း EU နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့မေလက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားပါတယ်။

ဒီရွေးကောက်ပွဲတွေဟာ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေလိမ့်မယ်လို့ အစိုးရကပြောပေမယ့် ဝေဖန်သူတွေကတော့ အခြေခံဥပဒေသစ်ဟာ စစ်ဖက်က ရေရှည် အာဏာချုပ်ကိုင်ထားနိုင်ဖို့ ရည်ရွယ်ရေးဆွဲထားတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဘာသာရေးပွဲများကို အာဏာပိုင်များ ပိုမို တင်းကျပ်လာ

မဇ္ဈိမ-ဇာနည်၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၀၈

ချင်းမိုင်။ ။ ဓမ္မကထိက ဆရာတော်ကြီးများ၏ တရားပွဲများတွင် အာဏာပိုင်များမှ စောင့်ကြည့်ခြင်း၊ တရားဟောမှု ကန့်သတ်ခြင်းများကို ရွှေဝါရောင်လှုပ်ရှားမှု နောက်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံတွင် ယနေ့အထိ ပိုမို တိုးမြှင့် လုပ်ဆောင်လာသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ၏ လှုပ်ရှားမှုကို စစ်အစိုးရက အင်အားသုံး နှိမ်နင်းခဲ့ပြီးနောက် ကျော်ကြားသည့် ဆရာတော်များက တရားပွဲများတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် တရားများ ဟောကြားမည်ကို စိုးရိမ်သဖြင့် အနီးကပ် စောင့်ကြည့်ခြင်း၊ နိုင်ငံရေးနှင့် ဆက်နွယ်သည်များ မဟောကြားရန် တားမြစ်ဟန့်တားမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

"လက်မှတ်ထိုးခဲ့ရတာက စီးပွားရေးတွေ မဟောရဘူး၊ လူမှုရေးတွေ မဟောရဘူး၊ နောက် ပညာရေး မဟောရဘူး၊ နိုင်ငံရေးလည်း ပါတာပေါ့။ ရိုးရိုး မေတ္တာတရားတို့ ၀ိပဿနာတရားတို့ပဲ ဟောရမယ်တဲ့လေ။ အဲဒီတော့ ရိုးရိုးလေးတွေပဲ ဟောတယ်လေ။ ကျန်တာတွေတော့ မဟောပါဘူး။ တခြားဆရာတော်တွေလည်း မဟောဘူးလေ" ဟု တွံတေး ဆရာတော် ဦးဣန္ဒက က မဇ္ဈိမကို မိန့်ကြားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ သံဃလှုပ်ရှားမှု နောက်ပိုင်းတွင် ဓမ္မကထိက ဆရာတော်အချို့က အာဏာပိုင်များ၏ လုပ်ရပ်များကို တရားပွဲများတွင် ထောက်ပြခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ် သီတင်းကျွတ်ပွဲတော်အပြီး အောက်တိုဘာလလယ်မှ စတင်ကာ တရားပွဲများတွင် နိုင်ငံရေးနှင့် ဆိုင်သည်များကို ဟောကြားခြင်း မပြုရန် ၀န်ခံလက်မှတ်များ ရေးထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တပတ်က တွံတေးတွင် ပြုလုပ်သော တရားပွဲတခုတွင် တရားမဟောရန် မယက ဥက္ကဌမှ တားမြစ်ခဲ့ပြီး တရားပွဲလာ တကာ၊ တကာမများက ညှိနှိုင်းတောင်းပန်မှ အချိန်နောက်ကျကာ ဟောကြားခွင့် ရခဲ့သော်လည်း စောင့်ကြည့်မှုများ ရှိခဲ့သည်။

အလားတူ ရန်ကုန်မြို့တွင်လည်း တရားပွဲများ ပြုလုပ်ရန်အတွက် အာဏာပိုင်များထံမှ အခွင့်ပါမစ်များ တောင်းရသည်။ အခွင့်မရလျှင် တရားပွဲများ မလုပ်ရပေ။

ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ဆွမ်းသိမ်းအောင်တရားပွဲ စီစဉ်သည့် ဓမ္မာရုံတခုမှ ဂေါပကအဖွဲ့ဝင်တဦးက "တရားပွဲတပွဲ လုပ်ဖို့ရာကို စတိတ်ရှိုးတပွဲလုပ်ဖို့ ခွင့်ပြုချက် ယူရသလိုပဲ ယူရတာ။ ရ၀တ ထောက်ခံချက်ကစပြီး မြို့နယ်၊ ခရိုင်၊ တိုင်း အေးချမ်းဖွံ့ဖြိုး ကောင်စီရုံးအထိ တလလောက်ကြိုပြီး အဆင့်ဆင့် ခွင့်ပြုချက် ကြိုတင်ယူရတာ။ ဒါတောင် သူတို့ မပေးချင်ရင် ဘာမှ မေးလို့မရဘူး။ ခွင့်မပြုနိုင်ဘူးဆိုတာပဲ ပြောတာ" ဟု ပြောပြသည်။

ရန်ကုန်မြို့တွင်း ၀ါတွင်းကာလ ဆွမ်းသိမ်းအောင်ပွဲနှင့် ကထိန် ဆွမ်းလောင်းပွဲများ၏ အထူးတရားပွဲများတွင် ရဲ၊ ထောက်လှမ်းရေးများ၊ ကြံ့ခိုင်ရေးများနှင့် စောင့်ကြည့်မှုများ ပိုမိုပြုလုပ်လာသည်ဟု မြို့ခံများအဆိုအရ သိရသည်။

ပြီးခဲ့သည့် စနေနေ့ညက စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ ဆွမ်းလောင်းအသင်းတခု၏ တရားပွဲတခုသို့လည်း အာဏာပိုင်များက လာရောက်စောင့်ကြည့်ကာ သတင်းပေးပို့နေကြသည်ကို တွေ့ရှိခဲ့ရကြောင်း တရားပွဲ သွားရောက်သူ အမျိုးသားတဦးက ပြောသည်။

စမ်းချောင်းမြို့နယ်မှ လူငယ်တဦးက "တရားပွဲကိုဗျာ ဘာနိုင်ငံရေးပါလို့လဲ။ သူတို့ကျတော့ အပြောအဆိုခံရမှာ သိပ်ကြောက်ပုံပဲ။ ဓမ္မက အမှားကိုတော့ ထောက်ပြဝေဖန်မှာပဲ။ ဒါပေမဲ့ အခု ကျနော်တို့ တရားပွဲကတော့ ဆရာတော်ကြီးတွေက တရားတော် အနှစ်သာရ ပြည့်ပြည့်ပဲ ဟောသွားတာပါ" ဟု မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ လုပ်ရပ်များကို တရားတော်များတွင် ထည့်သွင်းဟောပြရင်း ဝေဖန်လေ့ရှိသော ဆရာတော်ကြီးများ၏ တရားပွဲများတွင် ရဲထောက်လှန်းရေး (SB) များကို အများအပြား တွေ့ရလေ့ရှိသည်ဟု ရန်ကင်းမြို့နယ် ဒေသခံတဦးကလည်း ပြောဆိုသည်။

တွံတေး ဆရာတော်က "အရင်တုန်းက ဟောတာတွေမှာက သူတို့တွေနဲ့ မလွတ်ကင်းတဲ့ ဟိုဟာလေး နည်းနည်း ဒီဟာလေးနည်းနည်း ပါတာပေါ့။ သူတို့က ကြောက်တာ တကာမကြီးရယ်။ ဘုန်းဘုန်းတို့က မဟောတာ ၅ လလောက် ရှိပါပြီ။ မလွတ်မကင်းတော့ မဟောပါဘူး တကာမကြီးရယ်။ သူတို့က ကြောက်ပြီးတော့ တားတာပါ" ဟု မိန့်ကြားလိုက်သည်။

စက်တင်ဘာ သံဃာ့ လှုပ်ရှားမှုနောက်ပိုင်းတွင် သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ ဧကရာဇ်မင်းကြီး ဘ၀နိဂုံးနှင့် လူမိုက်တို့သွားရာလမ်း ဆိုသော တရားခွေ နှစ်ခွေ ထွက်လာပြီးသည့်နောက်တွင် ဆရာတော်၏ တရားပွဲများကို အာဏာပိုင်များက ခေတ္တ ပိတ်ပင်ခဲ့သေးသည်။

မြန်မာ စစ်သင်္ဘော နှစ်စီး အငြင်းပွာနယ်မြေမှ ဆုတ်ခွာ

နေရဉ္ဖရာ၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၀၈

မြန်မာ စစ်သင်္ဘော ၂ စီး အငြင်းပွားနေရာ ရေပြင်ပိုင်နက်မှ ယမန်နေ့ နေ့လည်က စတင် ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

၇ ရက်ကြာခန့် ဘင်္ဂလာနှင့် မြန်မာအကြား အခြေအနေ တင်းမာနေရာမှ မြန်မာဘက်က စစ်သင်္ဘောနှစ်စီး ဆုတ်ခွာသွားခြင်း ဖြစ်ကြောင်း ဘင်္ဂလာအာဏာပိုင်များက ပြောသည်။

မြန်မာဘက်မှ အဆိုပါ ရေပြင်ပိုင်နက်မှာ မြန်မာပိုင်နက် ဖြစ်သဖြင့် ဂတ်(စ်)တူးဖေါ် ရှာဖွေရေး ကို ဆက်လုပ်သွားရန် တရားဝင် ကျေညာပြီးမှ ယခုကဲ့သို့ ဆုတ်ခွာသွားခြင်း ဖြစ်သည်။

လေ့လာသူများ အမြင်အရ ဘင်္ဂလာဒေခ်ျ့က တရုတ်ကို တိုင်ကြားခဲ့ပြီး တရုတ်က ဖိအားပေး၍ မြန်မာနိုင်ငံ မှ ယခုကဲ့သို့ ဆိုင်းမဆင့် ဗုံမဆင့် ဆုတ်ခွာသွားခြင်း ဖြစ်နိုင်ကြောင်း ပြောကြား သည်။

မြန်မာဘက်က ရေတပ်သင်္ဘောများ ပြန်လည် ဆုတ်ခွာသွားသဖြင့် တင်းမာမှု အခြေအနေမှာ များမကြာမှီ လျော့ကျသွားနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

နေပြည်တော်မှာ အရေးပေါ်အစည်းအဝေးလုပ် တပ်လှန့်ထား မြန်မာဘင်္ဂလားဒက်နယ်စပ်တလျှောက် စစ်ရေးတင်းမာနေ

ခေတ်ပြိုင်/ ၁၀ နိုဝင်ဘာ ၂၀၀၈
မြန်မာ ဘင်္ဂလားဒက် အရေးအခင်းနှင့် ပတ်သက်၍ ယနေ့မနက် ၁၀ နာရီက နေပြည်တော်မှာ ထိပ်သီး စစ် ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေး တရပ် ကျင်းပခဲ့ပြီး နေပြည်တော်တခုလုံး တပ်လှန့် ထားသည့်အတွက် နေပြည်တော် ၀န်ထမ်းများ စိုးရိမ်နေကြသည်။

နေပြည်တော် အရေးပေါ်အစည်းအဝေးမှ အသေးစိတ်ဆုံးဖြတ်ချက်များကို မသိရသေး သော်လည်း မြန်မာ ဘင်္ဂလားဒက် နယ်စပ် သို့ မြန်မာဘက်မှ စစ်အင်အား အမြန် ဖြည့်တင်းရေး ပါဝင်နိုင်သည်ဟု ၀န်ကြီး ချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ဘင်္ဂလားဒက်နိုင်ငံကလည်း စစ်တကောင်းတိုင်း ကောက်ဘဇားခရိုင် ရာမူးခရိုင်ခွဲမှ ထောင်ပေါင်းများစွာရှိ စစ်သည်များကို မြန်မာနယ်စပ်သို့ပို့ထားသည်ဟု The Daily Star သတင်းစာက ရေးသည်။ မြန်မာဘက်က ဘင်္ဂလားဒက်နယ်စပ်တွင် စစ်အင်အား တိုးမြှင့်သည့်အတွက် ဘင်္ဂလားဒက်ဘက်မှ ယခုကဲ့သို့ စစ်အင်အား ထပ်မံတိုးချရခြင်းဖြစ်သည်ဟုပါ ဖော်ပြသည်။

အခြေအနေ ပိုပြီးတင်းမာလာလျင် ကောက်ဘဇားထိ စစ်အင်အား တိုးမြှင့်ချထားမည်ဟု စစ်တကောင်း သတင်းရပ်ကွက်များကို ကိုးကားပြီး အဆိုပါ သတင်းစာက ရေးသည်။ နယ်စပ်စစ်ရေးတင်းမားမှုကြောင့် ကောက်ဘဇားခရိုင် တက်ခနတ်မှာလည်း အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားသည်။

လူငယ် ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့ကို ထောင်ဒဏ်များ ချမှတ်

ဧရာဝတီ-ကိုစိုး | နိုဝင်ဘာ ၁၀၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား ထောင်ဒဏ် အနှစ် ၂၀ ၊ ၆ လ နှင့် ကဗျာ ဆရာ စောဝေ ကို ထောင်ဒဏ် ၂ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

ရန်ကုန် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဘလော့ဂါ ကိုနေဘုန်းလတ်အား ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ကို ယနေ့ နေ့လယ် ပိုင်းက ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ် ၏ မိခင် ဒေါ်အေးသန်း ကပြောသည်။

"၁၀ နှစ် ကျော်လောက်ပဲ ချလိမ့်မယ်လို့ မှန်းထားတာ၊ အခု အနှစ် ၂၀ ကျော်ချလိုက်တော့ မိခင်တယောက် အနေနဲ့ စိတ်မကောင်းပါဘူး၊ မတရားလုပ်တယ်လို့ ယူဆပါတယ်"ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော် ကို ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် အာဏာပိုင်များ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုကာ ၆ လ အကြာ ဇူလိုင်လအတွင်းတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးစဉ် အာဏာပိုင်များက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးပြီး ၉ လ အကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။

ကိုနေဘုန်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်လိုက်ကြောင်းလည်းသိရသည်။

ထို့အတူ ယမန်နှစ် ဇန်န၀ါရီလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန်ထားသည့် "အာနာရူးကြီး မှူးကြီး သန်းရွှေ" စာသားများပါသော "ဖေဖော်ဝါရီ ဆယ့်လေး"အမည်ရှိ ကဗျာ ရေးသားသည့်အတွက် ဖမ်းဆီးထားသော ကဗျာ ဆရာစောဝေ ကိုလည်း ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီ လအတွင်းတွင် မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် ကိုနေဘုန်းလတ်နှင့် ကိုစောဝေတို့ကို ဖမ်းဆီးထားခြင်းအား ရှုတ်ချလိုက်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားသည်။

မကြာသေးခင် ရက်ပိုင်းကပင် စစ်အစိုးရက ဖမ်းဆီးထားသည့် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် နယူးစ် ၀ပ်ခ်ျ သတင်း ဂျာနယ်မှ အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုထွန်းထွန်းသိန်းတို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လည်း မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်။

တချိန်တည်းတွင် ယင်းသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူများ၏ အမှုများအား အကျိုးဆောင်ပေး နေသော ရှေ့နေများကို စစ်အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း သိရ သည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေးနေသော ၎င်း အပါအ၀င် ရှေ့နေများဖြစ် သည့် ဦးမောင်မောင်လတ်၊ ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ယခုလဆန်း ၅ ရက်နေ့မှ စတင်၍ အကြောင်းပြချက် မရှိဘဲနှင့် တရားရုံးက ၀င်ခွင့်မပြု ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

"ကျနော်တို့ကို ဘာကြောင့် ၀င်ခွင့်မပြုဘူးဆိုတာလည်း အကြောင်းပြချက်မရှိဘူး၊ ဘာမှ အကြောင်းမပြဘူး၊ ကျနော်က ထောင်မှူး တယောက်ကို မေးတယ်၊ အကြောင်းပြချက်မရှိဘူးတဲ့ အထက်က အမိန့်တဲ့"ဟု ဦးကျော်ဟိုး က ပြောပြသည်။

အာဏာပိုင်များက ၎င်းတို့၏ အမှုသည်များအား ရှေ့နေမပါဘဲ နေ့စဉ် ရုံးထုတ်အမှုစစ်ခြင်းများကို ဆက်လက် ပြုလုပ်နေ သည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် ဖမ်းဆီးခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အကျိုးဆောင်ရှေ့နေများ ဖြစ်သော ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကလည်း တရားရုံးက တရားမျှတမှုမရှိသောကြောင့် လွန်ခဲ့သည့်အပတ် အတွင်းက ရှေ့နေပါဝါ ရုပ်သိမ်းခဲ့ကြောင်း မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကလည်း ပြောသည်။

မစုစုနွေးသည် ၎င်း၏ အကျိုးဆောင်ရှေ့နေပါဝါကို ကိုယ်တိုင်လက်မှတ်ထိုးရုပ်သိမ်း လိုက်ကြောင်းနှင့် အာဏာပိုင်များက ၎င်းအား ပုဒ်မ ၆ ခု တိုးခဲ့ကြောင်း သိရသည်။

မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့တွင် အာဏာပိုင်များက ပြစ်ဒဏ် ချမှတ်မည် ဖြစ်သည်ဟု မဌေးဌေးကြည်က ပြော သည်။

"မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့ အမိန့်ချမယ် ၊ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ရှေ့နေသွားတော့ မတွေ့ခဲ့ရ ဘူး၊ ရှေ့နေပါဝါကို မစုစုနွေးက ရုပ်သိမ်းလိုက်လို့ ၊ အဲဒါ နောက်တိုးတဲ့ ပုဒ်မ အမှု ၆ မှုကို အသေအချာ မသိခဲ့ရ ဘူး၊ မစုစုနွေးက သူ့ဟာသူပဲ အမှုရင်ဆိုင်တော့မယ်ဆိုပြီး ပါဝါ ရုပ်သိမ်းဖို့ သူကိုယ်တိုင် လက်မှတ်ထိုးပေးလိုက် တာ၊ ရှေ့မှာလည်း ရှေ့နေ တွေကို မဆင်မခြင် ထောင်ချနေတာတွေလည်း ရှိနေတယ် မဟုတ်လား"ဟု မဌေးဌေးကြည် က ပြောဆိုသည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။

မစုစုနွေးကို ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။

လွန်ခဲ့သော ၂ ပတ်ခန့်အတွင်း စစ်အာဏာပိုင်များက တရားရုံးကို မထီမဲ့မြင်ပြုမှု၊ တရားစီရင်ရေးကို နှောင့်ယှက် မှုများဖြင့် ရှေ့နေကိုညီညီထွေးကို ထောင် ၆ လ ချမှတ်ခဲ့ပြီး ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင် ၄ လ စီ ချမှတ်ခဲ့သည်။ တခြားသော ရှေ့နေ ကိုစောကျော်ကျော်မင်း မှာလည်း တိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရအား နိုင်ငံရေး လှုပ်ရှားမှုကြောင့် အဖမ်းအဆီးခံနေရသူများ၏ အမှုများအား အကျိုးဆောင်ပေးနေသော ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ကိုညီညီထွေးတို့ကို တရားရုံးအား မထီမဲ့မြင်မှုဖြင့် စွဲဆို၍ ဖမ်းဆီးထောင်ချ နေခြင်းကို ပြစ်တင်ရှုတ်ချ လိုက်ပြီး ၎င်းတို့ကိုအမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ထို့အပြင် ယခုကဲ့သို့အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်နေသောလုပ်ရပ်သည် နိုင်ငံတကာက စံထားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၊ ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီ အင်အား စုများ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် ယခုအချိန်မှစတင်၍ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို တိုက်တွန်းထားသည်။

မြန်မာစစ်သည်နှစ်ဦး ကေအန်ယူထံ လက်နက်ချ

ခေတ်ပြိုင်/ ၁၀ နိုဝင်ဘာလ ၂၀၀၈

မြန်မာစစ်တပ်မှ ဒုတပ်ကြပ်တဦးနှင့် ဆေးတပ်သားတဦး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃)နှင့် တပ်မဟာ (၅)သို့ နိုဝင်ဘာ ပထမပတ်အတွင်းက လာရောက် လက်နက်ချခဲ့သည်။

အဆိုပါ စစ်သည်နှစ်ဦးမှာ ဒုတပ်ကြပ် ကိုထက်(၂၄နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၁၃၃၃၀၈)၊ ခလရ (၂၉၉)၊ ကိုးမိုင်ကျေးရွာ၊ ရေးမြို့ဖြစ်ပြီး ၎င်း၏ တပ်ခွဲမှူးမှာ တပ်ခွဲ(၂)မှူး ဗိုလ်ကြီး ထင်အောင်စန်း ဖြစ်ပြီး လက်နက်ငယ် (၂)လက်နှင့်အတူ လာရောက် ပူးပေါင်းခြင်း ဖြစ်သည်၊ ကျန်တဦးမှာ ဆေးတပ်သား သူရဇော်(၂၂နှစ်) ကိုယ်ပိုင်အမှတ် (တ/၂၇၇၇၉၇)၊ မဆရ(၁၀)စစ်မြေပြင် ဆေးတပ် ရင်း၊ လားရှိုးမြို့ဖြစ်သည်။ တပ်ရင်းမှူးမှာ ဗိုလ်မှူးကျော်စိုးဖြစ်ပြီး လက်နက်ငယ်(၁)လက်နှင့်အတူ လာရောက်ပူး ပေါင်း ခြင်းဖြစ်သည်။

လာရောက် ပူးပေါင်းသည့် စစ်သည်နှစ်ဦးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၅)၊ ဖာပွန်ခရိုင် ဆက်စပ်ဒေသများတွင် တာဝန်ကျသည့် စစ်သည်များဖြစ်သည်။

၎င်းတို့လာရောက် ပူးပေါင်းခြင်းနှင့် ပတ်သက်၍ ဆေးတပ်သား သူရဇော်က "ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်ခဲ့ တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြည်လည်တိုက်ခိုက်ပြီး လူထုအကျိုးပြုလုပ်ငန်း တွေကို ပြုလုပ်ချင်တဲ့ ဆန္ဒနဲ့ လာရောက်တာပါ"ဟု ပြောသည်။

ဒုတပ်ကြပ်ကိုထက်ကလည်း "တပ်တွင်းဖိနှိပ်မှု အဆင့်ဆင့်ကို မခံချင်တာရယ် လူထုဆန့်ကျင်ရေး လုပ်ရပ်တွေကို ဆက်မလုပ်ချင်တော့တာကြောင့် လာရောက်ပူးပေါင်းတာပါ"ဟု ပြောသည်။ ၎င်းစစ်သည်နှစ်ဦးသည် ယခုလ (၅) ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်သို့ ရောက်ရှိလာပြီး KNUမှ ၎င်းတို့ကို ကြိုဆိုပြီး ကူညီလက်ခံစောင့်ရှောက်ထားလျက်ရှိသည်။

သောကြာနေ့ညက ရှေ့နေကြီး ဦးအောင်သိန်းကိုဖမ်းပြီး အင်းစိန်ထောင်ပို့

ခေတ်ပြိုင်-ကိုဝိုင်း/ ၁၀ နိုဝင်ဘာ ၂၀၀၈

နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို ဥပဒေအကျိုးဆောင်ပေးနေသော ရန်ကုန်မြို့မှ ရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ပြီးခဲ့သည့် (၇) ရက်နေ့ညက ဖမ်းပြီး အင်းစိန်ထောင်သို့ ပို့လိုက်ပြီးဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတဦးကပြောသည်။

တရားရုံးအား မထေမဲ့မြင်မှုဖြင့် ထောင်ဒဏ်ကျ (၄) လ ချမှတ်ခြင်းခံခဲ့ရသော ၎င်းတို့နှစ်ဦးကို သောင်္ကြာနေ့ညတွင် သက်ဆိုင်ရာ က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး အင်းစိန်ရဲစခန်း၌ တစ်ညချုပ်၍ နောက်နေ့ မနက်ပိုင်းတွင် အင်းစိန်ထောင်သို့ ပို့လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ မိသားစုနှင့် နီးစပ်သူကပြောသည်။

"စနေနေ့မနက်ပိုင်း (၁၀) နာရီလောက်က အင်းစိန်ထောင်ကို ပို့လိုက်တာ။ သောင်္ကြာနေ့ည ခေါ်သွားတာ။ အင်းစိန်ရဲစခန်းကို ခေါ်သွားတာ။ အင်းစိန်ရဲစခန်းမှာ တစ်ညအိပ်တယ်" ဟု မိသားစုနှင့် နီးစပ်သူကပြောသည်။
ရှေ့နေကြီးဦးအောင်သိန်းသည် ဆီးချိုရောဂါခံစားနေရသူဖြစ်ပြီး ဆေးကို နေ့စဉ်မပြတ် သုံးစွဲနေရသူဖြစ်သောကြောင့် ထောင်အတွင်းသို့ (၄) လစာအတွက်ပြင်ဆင်ယူဆောင်သွားကြောင်း သိရသည်။

ဦးအောင်သိန်း၏ မိသားစုဝင်များသည် အင်းစိန်ထောင်မှာ ထောင်ကျနေသော ၎င်းတို့၏ သားနှင့် စနေနေ့၌ ထောင်ဝင်စာ တွေ့လေ့သည်။ သို့သော် ယခုအပတ်တွင်မူ ဖခင်ဖြစ်သူဦးအောင်သိန်းနှင့်အတူ သားဖြစ်သူအား တရက်တည်းတွေ့နိုင်ရန် ကြာသာပတေးနေ့၌ ထောင်ဝင်စာ သွားတွေ့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့မှ ရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ပြီးခဲ့သည့် ရက်ပတ် တွင် ၎င်းတို့၏ မျက်ကွယ်၌ တရားရုံးချုပ်က ထောင်ဒဏ် (၄) လစီအပြစ်ပေးလိုက်ခြင်းဖြစ်သည်။

တရားမ၀င် မြန်မာကလေးငယ်များ ထိုင်းကျောင်းနေခွင့်ရှိဟု ထိုင်းပညာရေး အရာရှိပြော

ခေတ်ပြိုင်၊ ၁၀ နိုဝင်ဘာ ၂၀၀၈

pakisထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သည့် မြန်မာကလေးငယ်များအနေဖြင့် ထိုင်းကျောင်းများတွင် ပညာ သင်ကြားခွင့်ရှိပြီး ထိုင်းကလေးငယ်များနည်းတူ အခွင့်အရေးများ ပေးထားသဖြင့် ပညာသင်ကြားကြရန် ထိုင်း ပညာရေးဝန်ကြီးဌာနမှ အရာရှိတဦးက ယမန်နေ့က မဲဆောက်မြို့တွင် ပြောကြားသည်။

ယမန်နေ့က မဲဆောက်မြို့တွင် ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်အဖွဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်းရှိ ရွှေ့ပြောင်း မြန်မာကလေးငယ်များ၏ စာသင်ကျောင်းအချို့ကို လာ ရောက်လေ့လာသည့် ခရီးစဉ်တွင် အဆိုပါအဖွဲ့နှင့် လိုက်ပါလာသည့် ထိုင်းပညာရေးဝန်ကြီးဌာန အခြေခံ ပညာဌာန ဒုတိယညွှန်ကြားရေးမှူး နိုင်စုံဖုံစယ်စီလီက ပြောကြားခြင်းဖြစ်သည်။

၎င်းက "၂၀၀၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့က ထိုင်းအစိုးရက တရားဝင် ကြေညာထားပြီးဖြစ်တယ်။ တရားမ ဝင်ရောက်ရှိနေတဲ့ ကလေးငယ်တွေအားလုံး ထိုင်းကျောင်းတွေမှာ ပညာသင်ယူနိုင်တယ်။ ထိုင်းကလေးတွေ လိုပဲ အခွင့်ရေးတွေရမယ်။ ထိုင်းနိုင်ငံအတွင်း မှတ်ပုံတင် သန်းကောင်းစာရင်းမရှိတဲ့ ဘယ်ကလေးတွေပဲဖြစ် ဖြစ် ပညာသင်ကြားခွင့်ရှိတယ်။ အာဏာပိုင်တွေဘက်ကလည်း ယာယီနေထိုင်ခွင့် ကတ်ပြားတွေ ထုတ်ပေး တယ်။ အဆင့်မြင့်ပညာရပ်တွေကို ဘွဲ့ရတဲ့အထိ သင်ကြားခွင့်ရမယ်။ ဒီအခြေအနေတွေကို သိစေချင်တယ်။ ဒီကိစ္စကို သေသေချာချာသိတဲ့လူတွေနည်းတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ နီးစပ်ရာ ထိုင်းအစိုးရကျောင်း တွေမှာ ပညာသင်ယူဖို့ တိုက်တွန်းပါတယ်" ဟု ပြောကြားသည်။

ထိုင်းနိုင်ငံတွင်းရှိ တရားမ၀င် ရွှေ့ပြောင်းကလေးများ ထိုင်း (၁၂) တန်းထိ ထိုင်းကျောင်းနေခွင့်ရှိသည့်ကိစ္စကို ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုခဲ့သည်။ ၂၀၀၃ ခုနှစ်စာရင်းအရ ထိုင်းကျောင်းများ၌ စာရင်းသွင်းထားသည့် တရားမ၀င် မြန်မာရွှေ့ပြောင်းကလေးပေါင်း ထိုင်းနိုင်ငံ ပြည်နယ် (၁၁) ခုတွင် (၉,၂၇၀) ရှိပြီး တပ်ပြည်နယ်၌ (၁,၆၆၁) ရှိသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထိုင်းပညာရေးဝန်ကြီးဌာနမှ မူအရ မြန်မာရွှေ့ပြောင်းကလေးများ ထိုင်းကျောင်းတက်ခွင့် ပေးထားသော်လည်း လက်တွေ့မှာ အခက်အခဲရှိကြောင်း မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ (BMWEC) အဖွဲ့၏ ဥက္ကဋ္ဌ ဆရာမနော်ဖောရေက ပြောသည်။

"ထိုင်းပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒက စာအုပ်ကြီးအတိုင်းပဲ ရှိနေတယ်။ ချမှတ်ထားတဲ့ မူဝါဒက မှန်ပေမယ့် လက်တွေ့မှာတော့ ရွှေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ ထိုင်းကျောင်းတွေမှာ ပညာသင်ကြားရမယ့် အနေအထားတွေဟာ အတော့ကို အခက်အခဲရှိပါတယ်။ ထိုင်းကျောင်းတက်ဖို့ မွေးစာရင်းရှိရမယ်။ ကျောင်းတက်တာကအစ ကိုယ့်ဟာကိုယ် အကုန်အကျခံရတယ်။ လက်တွေ့မှာ ထိုင်းကလေးတွေကအစ ပေးနေရတာပဲ။ ကျမတို့ ဆာသူးလေ အထက်တန်းကျောင်းကနေ ကျောင်းသား (၈) ယောက်ကို ထိုင်းကျောင်းကို ပို့ထားတာရှိတယ်။ အထက်တန်းကျောင်းသားတယောက်အနေနဲ့ ကျောင်းဝတ်စုံ၊ စားစရိတ်နဲ့ အခြားလိုအပ်ချက်တွေ အကုန်ပေးရတယ်။ ကျောင်းသားတယောက် ကို တလကို အနည်းဆုံး ဘတ် (၂,၀၀၀) လောက် ကုန်တယ်။ တခါတလေ ကျောင်းကလေ့လာရေးခရီးသွားရင် တခေါက်ကို ဘတ် (၅) ထောင်လောက် ကုန်တယ်။ မူလတန်း ကျောင်းသားကျတော့ သူလည်း တလကို (၁) ထောင်နီးပါး ကုန်တာပဲ။ ဒါကြောင့် ကလေးတွေကို ထိုင်းကျောင်း မပို့နိုင်ကြတာဖြစ်တယ်။ လက်ရှိထိုင်း ကျောင်းတွေမှာ သားသမီးတွေကို ပို့နိုင်တဲ့လူတွေဟာ မိဘတွေ လုပ်ငန်းကိုင်ငန်း အခြေအနေကောင်းပြီး ငွေရေး ကြေးရေး ပြေလည်တဲ့ လူတွေလောက်ပဲ သားသမီးတွေကို ဘွဲ့ရတဲ့အထိ ကျောင်းထားပေးနိုင်တယ်။ ဒါက အနည်းစုပါ။ အများစုက မိဘတွေက လုပ်ငန်းအတည်တကျမရှိဘဲ ကောက်စိုက်၊ ပျိုးနုတ်၊ ပဲစိုက် နေ့စားလိုက်ပြီး တနေ့ (၈၀-၁၀၀) လောက်ပဲ ရကြတာ၊ ထိုင်းကျောင်းထားဖို့ ဘယ်လိုမှ အခြေအနေမပေး ဘူး။ အခြေနေမှန်က ဒီလိုရှိတာ အားလုံးကို သိစေချင်ပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီနှင့် တာ့ခ်ခရိုင် ပညာရေးဌာန၏ မှတ်တမ်းများအရ ဒေသတွင်းရှိ ထိုင်းကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် ရွှေ့ပြောင်းမြန်မာကလေးငယ် (၁) ထောင်ခန့်ရှိသည်ဟု သိရှိရသည်။

ရွှေ့ပြောင်းမြန်မာ အလုပ်သမတဦးဖြစ်သူ မရီရီက "ထိုင်းကျောင်းမှာ ထားဖို့ဆိုတာကတော့ ကျမတို့လို အလုပ်အကိုင် အတည်တကျမရှိတဲ့လူတွေအတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါ။ ကိုယ့်ကလေးတွေကိုလည်း သေစာရှင်စာလေး တခုခုတော့ တတ်စေချင်တယ်။ အဲ့ဒါကြောင့် ဒီရွှေ့ပြောင်းအလုပ်သမားကျောင်းတွေကိုပဲ အားကိုးနေရတာပါ။ ဒီကျောင်းတွေမှ မရှိရင် ကျမတို့ကလေးတွေ ဘာစာမှသင်ရမှာမဟုတ်ဘူး" ဟု ခေတ်ပြိုင်သို့ ပြောသည်။

မဲဆောက်မြို့ရှိ All Saint မြန်မာရွှေ့ပြောင်းကျောင်းတွင် ပညာသင်ကြားနေသည့် ပဉ္စမတန်းကျောင်းသား မောင်နိုင်ဦးက "သားတို့မောင်နှမ လေးယောက်လုံး ဒီကျောင်းမှာပဲနေတယ်။ သားအဖေက ပန်းရန်လုပ်တယ်။ အမေက ပန်းရောင်းတယ်။ ဒီရွှေ့ပြောင်းကျောင်းမှာ ဆယ်တန်းအောင်တဲ့အထိ နေပြီးလို့ရှိရင် အခြားကျောင်း ဆက်မတတ်တော့ဘူး။ ဒီကျောင်းမှာပဲ သား ကျောင်းဆရာ ပြန်လုပ်မယ်။ သားတို့လို ဘဝတူကလေးတွေကို စာပြန်သင်ပေးမယ်"ဟု ပြောသည်။

အီတလီမှ လာရောက်သည့် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်နှင့်အဖွဲ့ကို ရွှေ့ပြောင်းမြန်မာကလေးငယ် များက မြန်မာ့ရိုးရာ အဆို၊ အကများဖြင့် ယမန်နေ့က All Saint ကျောင်းတွင် ကြိုဆိုဖျော်ဖြေခဲ့ကြသည်။ ဖျော်ဖြေပွဲအပြီးတွင် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် ကာဒီနယ် မာလ်တီးနိုက "ဗာတီကန်ကောင်စီက နိုင်ငံမဲ့နဲ့ ဒုက္ခသည်တွေရဲ့ အရေးကို ဆောင်ရွက်နေသူ တဦးဖြစ်တဲ့အတွက် ကက်သလစ်အသင်းတော်အနေ နဲ့ ဘယ်လောက်အကူအညီ ပေးနေသလဲဆိုတာကို လာရောက်ကြည့်ရှုလေ့လာတာ ဖြစ်တယ်။ ထိုင်းအစိုးရ ကလည်း ဒီအပေါ်မှာ အကူအညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" ဟု ဒေသခံသတင်းထောက်များ အား ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မဲဆောက်၊ မယ်လမတ်၊ ဖို့ဖတ် သုံးမြို့နယ်တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားကျောင်း (၅၈) ကျောင်းရှိပြီး ၂၀၀၈-၀၉ ပညာသင်နှစ်အတွင်း ဒေသတွင်းရောက် မြန်မာကလေးငယ် (၁) သောင်းခန့် ပညာသင်ကြားလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရရှိသူ ကလေးငယ်များ ဒေသတွင်း (၂) သောင်းခန့်ရှိသည်ဟု BMWEC ၏ စစ်တမ်းများအရ သိရှိရသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.