Thursday, December 18, 2008

[ဟန်ဆောင်တာတွေထားခဲ့ပါ ....] 1 New Entry: Sihanoukville Beach သို့ အလည်တစ်ခေါက်

Sihanoukville Beach သို့ အလည်တစ်ခေါက်




အဲ့တာ ဘာပုံလဲဆိုတော့ ကိုယ့်ဟာကိုယ် ရိုက်ထားတဲ့ ကိုယ်ရဲ. အရိပ်လေ။ :P


တနင်္ဂနွေနေ့က အားလုံးတူတူနေတဲ့ တူနယ်ဂျင်းတွေရဲ. သဘောတူညီချက်နဲ့ ကမ်းခြေကို အလည်ထွက် ပင်လယ်ရေသောက်ကျတယ်..... ဟုတ်ဘူး....။ ပင်လယ်လေရှူကြတာပါ။ ကမ်းခြေက ခုနေနေတဲ့ ဖနွမ်ပင်ကနေ ၃ နာရီကျော်လောက် ကားစီးသွားရင်ရောက်ပီ။ မနက် ၅ နာရီလောက်ထွက်တာ ၈ နာရီခွဲလောက်ဆို ရောက်သွားရော။ ကမ်းခြေတစ်လျှောက်မှာ လူတွေ အပန်းဖြေနားဖို့ ဘန်ဂလိုတွေ တန်းစီနေတာပဲ။ ရောက်သွားတော့ တူတူပါသွားတဲ့ ခမာသူငယ်ချင်းတွေက နေရာရွေး၊ ပါလာတဲ့ စားစရာတွေ နေရာချပြီး... မြို.ထဲကို ပင်လယ်စာဝယ်ဖို့ ထွက်သွားကြတယ်။ ရုံးက သူငယ်ချင်းတွေကတော့ ရောက်ရောက်ခြင်းပဲ ကျွတ်ဘောဆွဲပြီး ပင်လယ်ထဲကို ဆင်းကြပြီ။ ကျွန်မက မလန်းသေးလို့ ရေထဲဆင်းချင်စိတ်ကိုမရှိသေးဘူး။ ဒါနဲ့ ထိုင်ပြီး အားပြည့်ဖို့ မုန့်ဝါးနေလိုက်တယ်။ ထုံးစံအတိုင်း လာတဲ့လမ်းတစ်လျှောက်ကားပေါ်မှာ အိပ်လာတော့ လူက အိပ်ရေးမ၀ဖြစ်ပြီး နှုံးနေတယ်။ :)

ကမ်းခြေသဲသောင်ပြင်ကလည်း ကျဉ်းကျဉ်းကလေး။ ကမ်းခြေမှာ အုန်းပင်လည်းမရှိဘူး ၊ ကျောက်ဆောင်လည်းမရှိဘူး။ ကမ်းခြေနဲ့ တူတာဆိုလို့ ပင်လယ်တစ်ခုပဲရှိတယ်။ သူတို့ အတွက်တော့ တကယ့် အပန်းဖြေစရာ ပင်လယ်ပြင်ကြီးပေါ့ ။ လာကစားတဲ့ လူတွေကလည်း ပျော်ပျော်ပါးပါးပဲ။ ပင်လယ်ရေကတော့ ကြည်ပြာလို့။ ပင်လယ်ပြင်ကိုကြည့်လိုက်တာနဲ့ တကယ့်ကို အမောပြောပြီး ကြည်နူးစရာကောင်းတယ်။ နောက်ပြီး ကြောက်ဖို့လည်းကောင်းတယ်။ ပင်လယ်ကြီးကို လက်ပစ်ဖြတ်ကူး ချင်စိတ်တွေ တစ်ဖွားဖွားကိုပေါ်လာတယ်.. ခက်တာက ရေမကူးတတ်ဘူး ဟတ်ဟတ်။

ရေထဲလည်း မဆင်းချင် ။ မုန့်လည်းစားဝပြီဆိုတော့ လူရှင်းတဲ့ ဘက်ကို တစ်ယောက်တည်း လမ်းလျှောက်ထွက်ခဲ့တယ်။ လူတွေရေကစားတဲ့ နေရာနဲ့ နည်းနည်းလှမ်းတဲ့ ဘက်ကိုရောက်တော့ ရေကကြည်နေတာပဲ ပြီးတော့ ငါးပိစိကွေးလေးတွေ တစ်အုပ်ပီး တစ်အုပ်တွေ့ရတယ်။ အဲ့ငါးလေးတွေကို ဓါတ်ပုံရိုက်တာ မမြင်ရဘူး ။ ငါးသေးလွန်းတာရယ်ကြောင့် အောက်က သဲပုံပဲ မြင်ရတယ်။ ဒါနဲ့ ရှူ.ခင်းပုံလေးတွေရိုက် ၊ ပင်လယ်ပြင်ကြီးကိုရိုက် ။ ကိုယ့်ကိုရိုက်ခိုင်းဖို့ရာ အနီးမှာ လူကလည်း မရှိတာရယ်ကြောင့် နောက်ဆုံး သဲသောင်ပြင်ပေါ်မှာ ကျနေတဲ့ ကိုယ့်အရိပ်ပဲ ကိုယ်ရိုက်လိုက်တယ် ပြီးရော။ လူကလည်းနော် အရိပ်ကိုရိုက်တာတောင် နည်းနည်းပါးပါးကြည့်ကောင်းမယ်မရှိဘူး။ ပုံကတွေက မထူးဆန်း လှလည်းမလှတာကြောင့် မတင်တော့ပါဘူး။

ကမ်းခြေတစ်လျှောက် လျှောက်သွားပြီးပြန်လာတဲ့အချိန်မှာ ပင်လယ်စာဝယ်ထွက်လာတဲ့ သူတွေကလည်း ပြန်လာပြီ ဂဏန်းပေါင်းကြီးတွေပါလာတယ်။ ပုဇွန်ကကုန်သွားပြီ ရှာမရလို့တဲ့။ ပြီးတော့ ဆိုင်ကနေပီ ကင်းမွန်သုတ်၊ ပင်လယ်စာတုံယမ်း ဟင်းချို၊ အစမ်းကြော်မှာပြီး နေ့လည်စာစားကျတယ်။ ဆိုင်ကဟာတွေက စိတ်မ၀င်စားဘူး ။ သဘောအကျဆုံးကတော့ ဂဏန်းပေါင်းကြီးပဲ ...... ကောင်းမှကောင်း ။ အားရပါးရကို စားလိုက်တယ် ။ စားစရာတွေက ဘာမှ မထူးခြားတော့ ပုံလည်းရိုက်မထားလိုက်ဘူး။ တကယ်ပြောတာနော့် ဂဏန်ပေါင်းက အရမ်းစားကောင်းတယ်။

စားသောက်ပီးတော့ အားလုံးမောကျပီနဲ့တူတယ် ကိုယ့်ခုံပေါ်မှာ ကိုယ်ဆီလှဲပြီး နပ်ကျပြီ ။ နေ့ခင်း ၁ နာရီကျော်လောက်တော့ ပင်လယ်ဘက်ကလေတွေတိုက်တာတော့ အေးနေတာပဲ ။ မနက်ပိုင်းတုန်းကလို ပူအိုက်နေတာမျိုးမဟုတ်တော့ပဲ လေတိုက်တော့ အပူရှိန်ကလျော့သွားပြီး နောက်တစ်ခေါက် ရေပြန်ကစားကျတယ်။ သူတို့တွေ အဆွယ်ကောင်းတော့ အသားနေလောင်မှာဆိုးလို့ ရေမဆင်းကစားပါဘူးဆိုနေမှ ပင်လယ်ထဲရောက်သွားတယ်။ သွားကတည်းက ရေကစားဖို့ အစီအစဉ်မရှိတော့ ဘီကနီယူမသွားလိုက်ဘူး ---- နာတယ်ကွာ :D ။ ဒီလိုမှန်းသိရင် အဟွတ်ဟွတ်။ ခုတော့ သွားတဲ့ပုံစံအတိုင်းပဲ ရေထဲရောက်သွားတယ်။ ဆောင်းရာသီသာပြောတယ် နည်းနည်းမှကို မအေးဘူး။ ရေကစားပြီးတော့ ၄ နာရီလောက်ဆို ပြန်အိမ်ပြန်လာကျတယ်။

အိမ်အပြန်လမ်းမှာ အရေးထဲ ကားဘီးကပေါက်လိုက်တော့ ကားဘီးလှဲနေရသေးတယ်။ မှတ်မှတ်ရရ သင်္ကြန်တုန်းက ဗီယက်နမ်ကမ်းခြေမှာ ရေသွားကစားတုန်းကလည်း ပြန်လာတော့ လမ်းမှာလည်း ကားဘီးပေါက်သေးတယ်။ သူငယ်ချင်းကိုတောင်ပြောသေးတယ် မှတ်မိလား ငါ့တို့ ဗီယက်နမ်ကမ်းခြေသွားတုန်းကလည်း အပြန်လမ်းမှာ ကားဘီးပေါက်သေးတယ်လို့။ အိမ်ပြန်ရောက်တော့ ည ၈ နာရီထိုးနေပီ ။ လုပ်စရာရှိတာလုပ်ပြီး အိပ်လိုက်တာ မနက်ထတောင် မထချင်ဘူး။ မနေ့ကသွားလည်လိုက်တာ လူက တော်တော်လေးကို ပေါ့ပေါ့ပါးပါးဖြစ်သွားတယ်။ ဒီလို အပန်းဖြေခရီးကို မကြာတစ်ကြာမှာ တစ်ခေါက်လောက်ထွက်ရင် တော်တော်နေလို့ကောင်းတယ် ၊ တော်တော်လေးလည်း လူကို RELAX ဖြစ်စေတယ်။ နောက်တစ်ခါကျရင် ဘယ်သွားရင်ကောင်းမလဲ စဉ်းစားလိုက်ဦးမယ်။ :P



You received this email because you are subscribed to the real_time feed for http://nhinpwintphyulay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.