ဒီဇင်ဘာရေ…
အရင်တုန်းက ဒီဇင်ဘာ.. အခု ဒီဇင်ဘာ.. ဘာမှ မပြောင်းလဲ… အရင်အတိုင်းပါပဲ။ ဒီဇင်ဘာရဲ့ မနက်ခင်းတွေမှာ မြူတွေဆိုင်းချင် ဆိုင်းနေမယ်.. နှင်းတွေ ဝေရင်လဲ ဝေမယ်.. တော်တော်စောစောပိုင်းဆို အိမ်ခေါင်မိုးပေါ်မှာ နှင်းစက်ကြွေသံ တဖျောက်ဖျောက်နဲ့ နှင်းသက်တဲ့ ဆောင်းမနက်တစ်ခုရဲ့ သရုပ်ကို အပြည့်အ၀ ဖော်ဆောင်နေလိမ့်မယ်။ နှင်းကွဲချိန်ရောက်တော့လဲ တခြားတခြားသော ရာသီတွေရဲ့ မနက်ခင်းတွေအတိုင်း နေရောင်ခြည်အောက်မှာ ဒီဇင်ဘာမနက်ဟာလဲ သက်ဝင်လှုပ်ရှားလာလိမ့်မယ်။
ဒီဇင်ဘာရဲ့ ညနေခင်းတွေကတော့ များသောအားဖြင့် လွမ်းမောစရာ ကောင်းလှပါတယ်။ နေ့တာတိုတဲ့ ဆောင်းသဘာဝအတိုင်း ဒီဇင်ဘာဟာ အမှောင်ထုကို စောစီးစွာပဲ ပွေ့ဖက်ခေါ်ဆောင်လာတတ်ပါတယ်။ အလင်းကွယ်ပျောက် အမှောင်ရောက်လာတာနဲ့အမျှ အအေးဓါတ်က တစိမ့်စိမ့်တိုးလို့ ဒီဇင်ဘာဟာ အလွမ်းတွေကို ပျိုးပေးတတ်ပါတယ်။ လွမ်းစရာမရှိတဲ့သူတွေအတွက်တော့ ဒီဇင်ဘာရဲ့ ဆောင်းညတွေမှာ အေးစိမ့်တဲ့ အရသာကို ခံစားလို့ ကော်ဖီတစ်ခွက်နဲ့ တိတ်ဆိတ်စွာ အပန်းဖြေနိုင်ပါတယ်။ ခြုံစောင် အထပ်ထပ်နဲ့ ဆောင်းအအေးကို ကာကွယ်ပြီးတော့လဲ အိပ်စက်နားနေနိုင်ပါသေးတယ်။
အရင်ထက်စာရင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းရဲ့ ဒီဇင်ဘာတွေဟာ အအေးဓါတ် လျော့ပါးလာတာတစ်ခုကလွဲလို့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမသွားပါဘူး။ ပြောင်းလဲသွားတာက ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ခံစားမှုတွေပါ။ ကျောင်းနေစဉ် ကလေးဘ၀ကတော့ ကျောင်းပိတ်ရက်ရှည်ရှိတဲ့ ဒီဇင်ဘာလကို မျှော်ခဲ့တယ်။ နှင်းကျတဲ့ ဆောင်းမနက်တွေတိုင်း ဖေဖေနဲ့အတူ ကြက်တောင်ထ,ရိုက်ရင်း ပျော်ခဲ့တယ်။ သဘာဝရဲ့ အလှအပကို ခံစားတတ်တဲ့ အရွယ်ရောက်တော့ မြောက်ပြန်လေအေး တသွေးသွေးနဲ့ ဆောင်းနှင်းပွင့်လေးတွေကို သယ်ဆောင်လာပေးတဲ့ ဒီဇင်ဘာကို ကျွန်မ ချစ်တတ်လာတယ်။
မြို့သစ်လေးရဲ့ ဒီဇင်ဘာ မနက်စောစောတွေမှာတော့ သိပ်သည်းနေတဲ့ နှင်းထုကို စက်ဘီးကိုယ်စီနဲ့ ထိုးခွဲပြီး မောင်နှမတွေ ပျော်ခဲ့ဖူးတယ်။ အစ်ကိုနင်းတဲ့ စက်ဘီးနောက်မှာ ထိုင်လိုက်ရင်း တိုးဝှေ့ကျီစယ်နေတဲ့ နှင်းသက်လေနဲ့ နှင်းစက်နှင်းမှုန်တွေရဲ့ ဖျန်းပက်မှုကို ခေါင်းမော့ပြီး ခံယူရတဲ့ အရသာကို ကျွန်မ မက်မောခဲ့တယ်။ ပြောရရင်တော့ ဒီဇင်ဘာက ပေးတဲ့ ခံစားမှုတွေကို နှစ်သက်စွာနဲ့ ဒီဇင်ဘာကို ကျွန်မ ချစ်ခဲ့ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ အရင်က မျှော်ခဲ့တဲ့ ဒီဇင်ဘာမှာ ကျွန်မ မပျော်တော့ပါဘူး။ ဒီဇင်ဘာရက်စွဲတစ်ခုမှာ ကြေကွဲဖွယ် အဖြစ်အပျက်နဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့ ချစ်သူကြောင့် ဒီဇင်ဘာကို ကျွန်မ မလိုချင်တော့ဘူး။ ဒီဇင်ဘာရောက်တိုင်း ခံစားချက်တွေ အသစ်ဖြစ်ပြီး ၀မ်းနည်းကြေကွဲနေတတ်တဲ့ ချစ်သူကို ကျွန်မ ဘယ်လိုများ နှစ်သိမ့်အားပေးရပါ့မလဲ…။ မေမေ့ရဲ့ နွေးထွေးတဲ့ မေတ္တာနဲ့ ဂရုစိုက်မှုတွေအောက်မှာ လုံခြုံနွေးထွေးနေတဲ့ ကျွန်မ.. ချစ်သူကို သတိရမိတဲ့အခိုက် ရင်ထဲမှာ ပြောမပြောနိုင်လောက်အောင် ၀မ်းနည်းမိတယ်။ မိသားစုရဲ့ အဝေးမှာ အေးစက်တဲ့ ဆောင်းညတွေကို တစ်ယောက်တည်း ဖြတ်သန်းနေရတဲ့ ချစ်သူရဲ့ အနားမှာ ဘယ်တော့များမှ နေခွင့်ရပါ့မလဲ…။
ဒီဇင်ဘာရေ … အပြောင်းအလဲ မြန်လှချည်ရဲ့လို့ ငါ့ကို အပြစ်မတင်ပါနဲ့ကွယ်…။ ချစ်သူ မပျော်တဲ့ ဒီဇင်ဘာမှာ ငါလဲ မပျော်နိုင်တော့တာကို နားလည်ပေးပါ … ချစ်သူ မမျှော်တဲ့ ဒီဇင်ဘာကို ငါ မလိုချင်တော့တာကိုလဲ စာနာပေးပါ …
ဒီလိုမှ မဟုတ်ရင်လဲ နောက်နှစ်တွေရဲ့ မင်းရောက်လာမယ့် အချိန်တိုင်း ချစ်သူနားမှာ အားပေးနှစ်သိမ့်ခွင့်လေး ငါ့ကို ပေးသနားပါ။ နွေးထွေးတဲ့ ငါ့အချစ်တွေနဲ့ ချစ်သူရင်ထဲက ဒဏ်ရာတွေ လျော့ပါးသွားအောင် ကုစားပေးချင်တဲ့ ငါ့ရဲ့ဆန္ဒကို မင်း ဖြည့်ဆည်းပေးလှည့်ပါ ဒီဇင်ဘာရေ…
ဖြစ်နိုင်ရင်တော့ အခုချက်ချင်း ချစ်သူလက်ကိုဆွဲပြီး ဒီဇင်ဘာရဲ့ အဝေးကိုသာ ပြေးထွက်သွားချင်တော့တယ်ကွယ် … ။
You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.