Thursday, December 18, 2008

[ဆိုးသွမ်း] 1 New Entry: င့ါဒိန်ခဲကို ဘယ်သူရွှေ့ထားသလဲ ( သို့မဟုတ် ) လက်ဆောင်မွန်

င့ါဒိန်ခဲကို ဘယ်သူရွှေ့ထားသလဲ ( သို့မဟုတ် ) လက်ဆောင်မွန်

အဟဲဟဲ။ ၄ ၊ ၅ ရက်လောက် ဘလော့ဂ်လောကနဲ့ အဆက်အသွယ် ပြက်သွားတယ်။ ဘာအကြောင်းမှတော့ မဟုတ်ပါဘူး။ သူငယ်ချင်းမွေးနေ့ ၀ိုင်းကူချက်ပေးနေတာနဲ့ လျှောက်သွားနေတာကြောင့်ပါ။ အဆောင်ကနေ ထွက်တော့ လက်ထဲမှာ စာအုပ်တစ်အုပ်။ စာရေးဆရာ မြတ်ငြိမ်း ဘာသာပြန်ဆိုထားပြီး " Spencer Johnson " ရေးသားတဲ့ " Who Moved My Cheese " ဆိုတဲ့ စာအုပ်လေးပါ။ ကျွန်တော်ဘယ်သွားသွား ရထားပေါ်ရောက်ရင် စာအုပ်ဖတ်ဖြစ်တယ်။ စာပေလိုက်စားတယ်လို့ မထင်ကြပါနဲ့။ ရထားပေါ်မှာ တောင်ကြ့ည်မြောက်ကြည့်နဲ့ မကြည့်ချင်လို့ပါ။း) ဒီကလူတွေက သူတို့ကို ကြည့်ရင် ကြိုက်တာ မဟုတ်တော့ အနေအထိုင် ဆင်ခြင်နေရတယ်လေ။ နောက်တာပါ။ အိမ်သာတက်လည်း စာအုပ်ဖတ်တယ် ၊ အိပ်ခါနီးလည်း ဖတ်တယ် ။ ရန်ကုန်မှာ လက်ဖက်ရည်ဆိုင်ထိုင်လည်း ဖတ်တယ်။ ၈ တန်းလောက်နဲ့ ဖေမြင့်တွေ ၊ ဒေးလ်ကာနက်ချီတွေ လျှောက်ဖတ်နေတော့ ရွယ်တူတွေ ၊ အသက်နည်းနည်းကြီးသူတွေက ကြည့်မရဘူး ။ :D ။

ဒါနဲ့ စောနက ပြောတဲ့ စာအုပ်လေးဖတ်ရင်း ကျွန်တော်လည်း ပြန်လည်ဝေမျှစရာလေး တွေ့လို့ ပြန်ရေးလိုက်တာပါ။ တကယ်တော့ ဒီစာအုပ်ထဲက ပြောသွားတဲ့ အတိုင်းပဲ ကျွန်တော်ကိုယ်တိုင် အနာဂတ်အတွက် ကြိုတင်တွေးတော စိုးရိမ်ပူပန်မှုတွေ များနေတယ်ဆိုတာ သိလိုက်တယ်။ ပညာရေး ၊ ဘ၀ အနာဂတ် ၊ မိသားစု ၊ ကိုယ်တည်ထောင်မယ့် မိသားစု ၊ စီးပွားရေး အစရှိသည်ဖြင့်ပေါ့။ ဒီစာအုပ်လေးက လက်ရှိပစ္စုပ္ပန်မှာ ကျွန်တော်တို့ ဘယ်လိုပျော်ဝင်နေထိုင်သင့်တယ် ဆိုတာကို ပြောပြထားတာပါ။ ဒါမှ တဖြည်းဖြည်း အနာဂတ်ကို ပုံဖော်နိင်မယ်ပေါ့။ စာအုပ်ထဲမှာပါတဲ့ အဓိက အချက်လေး စာရေးသူပြောချင်တာကတော့......





သင်၏ ပစ္စုပ္ပန်ကာလများကို အသုံးချနည်း ( ၃ ) သွယ်

၁ ။ သင်စိတ်ချမ်းသာပြီး အောင်မြင်သူ ဖြစ်လိုတဲ့အခါ

ပစ္စုပ္ပန်မှာ မွေ့ပျော်နေထိုင်ပါ
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ
သင့်ရည်မှန်းချက်ကို အာရုံပြုပြီး လောလောဆယ် အရေးကြီးနေတဲ့
ကိစ္စ ( အလုပ် ) ကို တုံ့ပြန်ဆောင်ရွက်ပါ ။

၂ ။ ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ

အတိတ်ကနေ သင်ခန်းစာ ထုတ်ယူပါ
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ
အဲဒီဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ ။

၃ ။ အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန် ကောင်းမွန်အောင် ဖန်တီးချင်တဲ့အခါ

အနာဂတ်အတွက် စီမံကိန်းချပါ
သာယာဝေစည်တဲ့ အနာဂတ် ပုံရိပ်ကို မြင်ယောင်ကြည့်ပါ
အဲဒီပုံရိပ်တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပါ။........ တဲ့


တကယ်လည်းပဲ ကျွန်တော်တို့ အနာဂတ်ကို စိုးရိမ်ပူပန်နေတာနဲ့ပဲ လက်ရှိ ပစ္စုပ္ပန်မှာ လုပ်ရမယ့် ၊ ဂရုစိုက်ရမယ့် ၊ အလုပ်ကိစ္စ ၊ လူမှုရေး ၊ ကျန်းမာရေး ၊ စီးပွားရေးတွေ တော်တော်များများ နစ်နာကုန်တယ်လို့ သုံးသပ်မိပါတယ်။ ကဲ ဒီနေ့ကစပြီး စာဖတ်သူရော ၊ ကျွန်တော်ရော ပစ္စုပ္ပန်မှာ ပျော်ဝင်ကြရအောင်လား....။





You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.