Thursday, December 18, 2008

[Nine Nine SaNay] 2 New Entries: စာသင်ခန်းမှာ မသင်တဲ့အရာ

စာသင်ခန်းမှာ မသင်တဲ့အရာ


၁) သစ်ကုလားအုပ်က ချောင်းမဆိုးတတ်ဘူး။

၂) ဝေလငါးတစ်ကောင်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ ၉ ချက်ပဲရှိတယ်။

၃) ၃ဝ% လူတွေလောက်ပဲ ကိုယ့်နှာခေါင်းကို ကျုံ့ချဲ့နိုင်တယ်။

၎) အင်္ဂလိပ်ဘာသာက စကားလုံး အများဆုံးစာဖြစ်ပြီး အရေအတွက် ၁သန်း နီးနီးရှိတယ်။ ဂျာမန်ဘာသာက ၂ သိန်းနီးပါးရှိပြီး ပြင်သစ်စာက သောင်းဂဏန်းထိသာ ရှိတယ်။

၅) ပုတ်သင်ညိုတစ်ကောင်ရဲ့ လျှာဟာ သူ့ခန္ဓာကိုယ်အရှည်ရဲ့ ၂ ဆရှိတယ်။

၆) မျက်စိကန်းနေတဲ့ ပုတ်သင်ညိုတစ်ကောင်ဟာ ပတ်ဝန်းကျင်ကိုလိုက်ပြီး သူ့ကိုယ်ပေါ်က
အရောင်ကို ပြောင်းနိုင်စွမ်းရှိသေးတယ်။

၇) ရိုးရိုးသာမန်လူတစ်ယောက်ရဲ့ မျက်လုံးကြွက်သားက တစ်နေ့ကို တစ်သောင်းမှ တစ်သောင်းခွဲအထိ လှုပ်ရှားနိုင်တယ်။

၈) ဒါဗင်ချီဟာ မိုနာလီဇာရဲ့ နှုတ်ခမ်းကို ၁၂ နှစ်ကြာ ဆွဲခဲ့ရတယ်။


၉) နို့စားနွားမတစ်ကောင်ကို သီချင်းတွေ ပေးနားထောင်ရင် နို့ထွက်နှုန်း ပိုကောင်းတယ်။


၁ဝ) ညနေပိုင်းခူးတဲ့ နှင်းဆီပန်းက မနက်ပိုင်းခူးတဲ့ နှင်းဆီပန်းထက် ကြာရှည်ခံတယ်။

စာသင်ခန်းထဲမှာ မသင်ခဲ့ရတော့ ဟုတ်မဟုတ် မသိဘူးးD

နိုင်းနိုင်းစနေ

အိပ်မက်အတွက် အိပ်မက်ပါစေ


"ညက ဘာအိပ်မက်မက်လဲ?"

"လမ်းမှာ ဘာတွေတွေ့ခဲ့လဲ?"

ဖော်ရွေပျူငှာတဲ့ သူ့ဆီက ဒီအမေးကိုကြားရတာ အထူးအဆန်း မဟုတ်ပေမယ့် လလယ်ရောက်တိုင်း၊ လကုန်ရက်ရောက်တိုင်း ကျွန်မ ပုံမှန်ကြားနေရတတ်တယ်။

"ညက xxxxxx အိပ်မက်မက်တယ်" လို့ ကိုယ့်အိပ်မက် အကြောင်းပြောမိရင် သူ့မှာ အိမ်မက်အတိတ်နိမိတ် တစ်ထောင်ကျမ်းကို လှန်လျှောပြီး စာရွက်တစ်ရွက်နဲ့ ဂဏန်းတွေ တွက်ချက်နေတတ်တယ်။ လလယ်၊ လကုန်ရက်ရောက်တိုင်းမှ မဟုတ်ပါဘူး။ အားလပ်တဲ့အချိန်မှာလည်း စာရွက်တစ်ရွက်ပေါ်မှာ ကိန်းဂဏန်းတွေနဲ့ သူအလုပ်ရှုပ်နေတတ်တယ်။

အဲဒီလို အိပ်မက်အကြောင်း ဂဏန်းတွေနဲ့ သူရှုပ်ပြီးရင် နောက်တစ်နေ့မှာ သူ့ဆီက မကျေမနပ်သံ၊ မချင့်မရဲ ရေရွတ်သံတွေကို ကျွန်မကြားရတတ်တယ်။ ဝမ်းသာတဲ့ အသံကိုတော့ တစ်ခါတလေမှ ကြားရတယ်။ တကယ့် တစ်ခါတလေပါပဲ....

"ကြည့်စမ်း... ဈေးထဲမှာ အရူးတစ်ယောက် ကိုယ်တုံးလုံး လျှောက်သွားနေတာကို တွေ့ခဲ့ရက်နဲ့ ငါလေ ၉၉၃ သွားထိုးတာ.. ပတ်လည်မထိုးမိဘူး။ ခုထွက်တာ ၃၉၉တဲ့.. ဟင်း.. နှမြောလိုက်တာ"

မကျေမနပ် သူ့အသံကို ကြားစက ကျွန်မ သဘောမပေါက်ခဲ့ဘူး။ နောက်မှသိရတာက တစ်လနှစ်ကြိမ်ထုတ်တဲ့ တစ်ဖက်နိုင်ငံက အစိုးရထီ ပထမဆုရဲ့ နောက်ဆုံးဂဏန်းသုံးလုံးနဲ့ တူမတူ လောင်းကြေးထပ်ပြီး ကံစမ်းတာဖြစ်တယ်။

"လှံထမ်းလာတာမြင်ပေမယ့် ကံထမ်းလာတာ မမြင်ဘူး။ ဒါကြောင့် တစ်လနှစ်ခါ ကံစမ်းကြည့်တာ" သူဆင်ခြေနဲ့ သူက ဟုတ်လို့နေတယ်။

"ပေါက်ရော ပေါက်ရဲ့လား" ဒီလိုနည်းနဲ့ ကံကောင်းမကောင်းကို သူစမ်းသပ်တာ ကျွန်မသိပ်ဘဝင် မကျခဲ့။

"ကံကောင်းရင်တော့ ပေါက်တာပေါ့"

"ကံခဏခဏ ကောင်းလား"

"အိုး.. ခဏခဏတော့ ဘယ်ကောင်းနိုင်မလဲ! အကြာကြီးနေမှ တစ်ခါ.. ဟီး.. ဒါပေမယ့် မများပါဘူး။ များရင်တော့ တစ်ချီထဲနဲ့ သူဌေးဖြစ်ပြီ။ အဲဒီနေ့ကို ငါ စောင့်နေတာ"

ကံကောင်းခြင်းဆီရောက်ဖို့ ကံမကောင်းခြင်းတွေကို သူ စုပုံနေခဲ့တယ်။ အဲဒီ ကံမကောင်းခြင်းနဲ့အတူ ငွေကြေး၊ အချိန်၊ အာရုံတွေ ရင်းနှီးခဲ့ရပေမယ့် သူကျေနပ်နေခဲ့တယ်။

"ငါ့ကို နင်အနွေးထည်ပေးတဲ့ အပတ်ကလေ အနွေးထည်နံပါတ် ပေါက်သွားတယ် သိလား! သတိလေးတစ်ချက် လွတ်တာနဲ့ သွားရော"

သတိနဲ့ တွေ့သမျှ မြင်သမျှကို သူ့လိုတာ လိုက်လုပ်မိရင် ခက်ကုန်တော့မယ်။ သူကတော့ သူကြုံခဲ့သမျှကို မမောမပန်း ပြောပြရှာတယ်။

"တစ်ခါက ငါဈေးသွားတာ။ ဈေးထဲလည်းရောက်ရော အိမ်သာတက်ချင်တာ အရမ်းပဲ... ဈေးထဲက အိမ်သာမှာလည်း ငါမတက်ချင်ဘူး။ ဗိုက်နာလွန်းလို့ ဈေးမဝယ်ဘဲ အိမ်ပြန်ပြေးလာရတယ်။ အဲဒီနေ့က ငါစိတ်တိုတိုနဲ့ အီးဂဏန်းထိုးလိုက်တာ ပေါက်တယ်သိလား.. ဟား...ဟား..ဟား.. မနက်ဖြန် ၁၆ရက်နော်။ ဒီညငါ အိပ်မက်ကောင်းကောင်း မက်ရမယ်"

အိပ်မက်တစ်ခုအတွက် သူအိပ်မက် မက်နေခဲ့တယ်။ အိပ်မက်တစ်ခုအတွက် သူ့အိပ်မက်ကို လောင်းကြေးထပ်ခဲ့တယ်။ မနက်ဖြန်တိုင်းအတွက် သူ့အိပ်မက်တွေ ကောင်းနိုင်ပါ့မလား? အိပ်မက်ကို အကောင်အထည်ဖော်ဖို့ သူ အိပ်မက်တွေမက်ပါစေလို့ပဲ ကျွန်မ ဆုတောင်းလိုက်တယ်။

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.