Thursday, December 18, 2008

[ဆုံဆည်းရာ] 4 New Entries: မြန်မာ့အရေး ကနေဒါ အထူးကိုယ်စားလှယ် ခန့်အပ်ရေး တောင်းဆို

မြန်မာ့အရေး ကနေဒါ အထူးကိုယ်စားလှယ် ခန့်အပ်ရေး တောင်းဆို

ဗွီအိုအေ၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၀၈

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေအတွင်းမှာ တရားမျှတမှုမရှိတဲ့ စီရင်ချက်တွေနဲ့ ထောင်ဒဏ်အပြစ်ပေးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၁၀၀ ကျော်ရှိနေတယ်ဆိုတဲ့ အကြောင်းနဲ့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ ကုလသမဂ္ဂက ဖိအားပေးဖို့အတွက် ကနေဒါကိုရောက်နေကြတဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့ ၈ ဖွဲ့က ဦးဆောင်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံကို စာပေးပို့ခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးအတွက် မူဝါဒရေးရာ အထူးကိုယ်စားလှယ်အဖြစ် မိုက်ကယ် ဂရင်း (Michael Green) ကို ထားရှိသလိုမျိုး၊ အီးယူဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) ကို ထားရှိသလိုမျိုး ကနေဒါနိုင်ငံကလည်း မြန်မာ့အရေးအတွက် အထူး ကိုယ်စားလှယ်တယောက် ထားရှိပေးဖို့ အဲဒီအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အဖွဲ့ထဲက ကိုကျော်ဇောဝေကို မသင်းသီရိ ဆက်သွယ် မေးမြန်းရာမှာ ကိုကျော်ဇောဝေက သူတို့လှုပ်ရှားမှုအကြောင်း အခုလိုပြောပြပါတယ်။

"မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း တော်တော်များများနဲ့ ပူးတွဲပြီး လုပ်တာပါ။ ကနေဒါမှာရှိတဲ့ တိုရွန်တို၊ အော့တ၀ါ၊ အက်ဒ်မင်တန်ဆိုတဲ့ မြို့ကြီးတွေမှာ ရှိတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ နောက် လူမျိုးစုအဖွဲ့အစည်း Karen Canadian Community၊ ကနေဒါနိုင်ငံရေးကဆိုရင် ကနေဒါပါလီမန် လွှတ်တော် အမတ်တွေက ဖွဲ့ထားတဲ့ မြန်မာပြည်ကူညီမယ့် မိတ်ဆွေအဖွဲ့၊ အဲဒီအဖွဲ့ကဆိုရင်လည်း လွှတ်တော်အမတ်ပေါင်း ၄၀ ကျော် ပါတယ်။ အဲဒီလိုပေါင်းပြီးတော့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် တတိုင်းပြည်လုံးအတိုင်းအတာ ဗမာမိသားစုတွေ အကုန်လုံးကို ပူးတွဲပြီးတော့ စာရေးသားတောင်းဆိုတာ ဖြစ်ပါတယ်။ ကျနော်တို့က အဲဒီလို အထူး ကိုယ်စားလှယ်တယောက် ခန့်ပြီးလုပ်ရင် ပိုပြီးထိရောက်မယ်လို့ မြင်လို့ အဲလိုတောင်းဆိုတာ ဖြစ်ပါတယ်။"

ကိုကျော်ဇောဝေတို့ တောင်းဆိုသလိုမျိုး ကနေဒါအစိုးရဘက်ကရော လိုက်လျောလာ နိုင်ပါ့မလား။

"ဟုတ်ကဲ့၊ ဖြစ်လာမယ်လို့တော့ မျှော်လင့်တယ်။ အခု ဒီမှာရှိတဲ့ လွှတ်တော်အမတ်တွေနဲ့လည်း စကားပြောကြည့်တယ်၊ ကျနော်တို့နဲ့ တွဲလုပ်နေတဲ့လူတွေ၊ လွှတ်တော်အမတ်ပေါင်း ၁၀ ယောက်ကျော်ကျော်လောက်ကို ပြောကြည့်ဖူးတယ်။ သူတို့တွေကလည်းထောက်ခံတယ်။ အခုအချိန်မှာတော့ ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်။

"ဒါပေမယ့် ကနေဒါနိုင်ငံမှာလည်း အခုလောလောဆယ် ပါလီမန်က ခရစ္စမတ်အတွက် နားနေတယ်။ ဇန်န၀ါရီလကုန်မှ ပါလီမန် ပြန်စမယ်။ အဲဒီအချိန်မှာ သူတို့ စီးပွားရေး ကိစ္စကို ဦးတည်ပြီးလုပ်မယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးကိစ္စကို ထိပ်ဆုံးဦးစား
ပေးအနေနဲ့ လုပ်ဖို့တော့ ပြောထားပါတယ်။ အဲတော့ မျှော်လင့်ချက်တော့ ရှိပါတယ်။"

အခု မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ ကိစ္စတွေကို ကနေဒါအစိုးရက ဘယ်လောက်အထိ စိတ်ဝင်စားတာရှိလဲ၊ မြန်မာ့အရေး ပြောင်းလဲလာဖို့အတွက်ရော ကနေဒါအစိုးရကဘယ်လိုအကူအညီပေးနေတာတွေ ရှိပါသလဲ။

"လက်ရှိအစိုးရအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး တက်တက်ကြွကြွ လုပ်ပါတယ်။ ဥပမာ သာသနာ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး ရောက်လာတယ်။ ဒီက ၀န်ကြီးတွေနဲ့ တွေ့တယ်၊ ပါလီမန်အမတ်တွေနဲ့ တွေ့တယ်။
မနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်တဲ့ အထိမ်းအမှတ် ပြီးတဲ့အချိန်မှာ ဒီက ၀န်ကြီးချုပ် ကိုယ်တိုင် ဒေါက်တာစိန်ဝင်းနဲ့တွေ့တယ်။ အဲလိုမျိုး သူတို့လုပ်လို့ရတာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးတယ်။

"ပြီးတော့ ကနေဒါအစိုးရချထားတဲ့ စီးပွားရေးပိတ်ဆို့မှုကလည်း သူတို့အဆိုအရဆိုရင် ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးပေါ့။ အီးယူ ဥရောပသမဂ္ဂတို့ အမေရိကန်အစိုးရတို့ ချတာထက် ပိုပြီးတော့ တင်းမာတဲ့ စီးပွားရေးပိတ်ဆို့မှုလို့ သူတို့ပြောတယ်။ ဒါပေမယ့် စီးပွားရေးအရ ကနေဒါနိုင်ငံနဲ့ မြန်မာနိုင်ငံလုပ်တာ သိပ်မရှိတော့ တိုက်ရိုက်ထိရောက်မှုတော့ ဒီလောက်ကြီးရှိမယ်လို့ မထင်ဘူး။ ဒါပေမယ့် သူတို့အနေနဲ့ အများကြီးတက်တက်ကြွကြွလုပ်ပါတယ်။" ကနေဒါအစိုးရက မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တယောက် ခန့်အပ်ထားရှိဖို့ လှုပ်ရှားမှုတခု ကနေဒါမှာ ပြုလုပ်နေတဲ့အကြောင်းနဲ့ ပတ်သက်လို့
ကိုကျော်ဇောဝေ ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဖိဆစ်၂၇ ဦးမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာ

မဇ္ဈိမ၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၀၈

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၏ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် အဖိဆစ် ဝေ့ခ်ျချချီဝ သည် ပြိုင်ဘက် ဖို့ဖန်တင် (Puea Pandin) ခေါင်းဆောင် ပရချား ဖရူမ်းနောက် (Pracha Promnok) ကို အနိုင်ရပြီး ၀န်ကြီးချုပ်အဖြစ် အရွေးခံလိုက်ရသည်။

အသက် ၄၄ နှစ်အရွယ် အဖိဆစ်သည် ၂၇ ဦးမြောက်နှင့် အသက် အငယ်ဆုံးသော ထိုင်းနိုင်ငံ ၀န်ကြီးချုပ်သစ် ဖြစ်လာသည်။

ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်သည် မဲ ၂၃၅ မှတ် ရရှိပြီး ဖို့ဖန်တင် ပါတီခေါင်းဆောင်မှာ ၁၉၈ မဲသာ ရရှိခဲ့သည်။ ယခု ဒီမိုကရက်တစ်ပါတီ အနိုင်ရရှိမှုသည် ယခင်ဝန်ကြီးချုပ် ထပ်ဆင် ရှင်န၀ပ်နှင့် သူ့ပါတီကို သစ္စာခံသူများ၏ ၇ နှစ်ကြာ အုပ်စိုးခဲ့မှုကို အဆုံးသတ်လိုက်သည်။

အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့တွင် မွေးဖွားပြီး အောက်စဖို့ဒ် တက္ကသိုလ်ကျောင်းဆင်းမှ ၀န်ကြီးချုပ်ဖြစ်လာသူသည် ဖျက်သိမ်းခံလိုက်ရသည့် ပြည်သူ့အင်အား (ပီပီပီ) ပါတီဝင်ဟောင်းများနှင့် ယခင် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် အခြားပါတီငယ်များကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ထပ်ဆင်ကိုထောက်ခံခဲ့သူ နေ၀င်း ချစ်ချော့ပ် ဦးဆောင်သော အဖွဲ့သည် ပါတီဟောင်း ပြည်သူ့အင်အားပါတီမှ ခွဲထွက်လာပြီး ဒီမိုကရက်နှင့် ပူးပေါင်းလာမှုက ထပ်ဆင် တဆင့်ခံပါတီ၏ ပါလီမန်အတွင်း ကြီးစိုးမှုကို အင်အားချိနဲ့ စေခဲ့သည်။

ယနေ့ ပါလီမန်အတွင်း မဲပေးရွေးချယ်မှုသည် ယခင်အာဏာရပါတီဖြစ်သော ပြည်သူ့အင်အားပါတီသည် ရွေးကောက်ပွဲတွင် မဲလိမ်မှုများကြောင့် ဖျက်သိမ်းခံလိုက်ရပြီး ဝန်ကြီးချုပ် ဆွမ်ချိုင်းနှင့် ဝန်ကြီးအဖွဲ့ ရာထူးမှ အလိုအလျောက် လွတ်ထွက်သွားခြင်းကြောင့် ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရက် (၃၀) အတွင်း ဝန်ကြီးချုပ် ရွေးကောက်တင်မြောက်ရမည် ဟူသော အချက်ကြောင့် ယခုကဲ့သို့ အစိုးရအာဏာ အလွဲအပြောင်း ဖြစ်သွားခြင်း ဖြစ်သည်။

ထပ်ဆင်သည် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂ အစည်းအဝေး သွားရောက်တက်ရောက်နေစဉ် အာဏာသိမ်းခံလိုက်ရသည်။ ယခုတွင်မှု ထိုင်းနိုင်ငံ ဗဟိုတရားရုံးမှ သူ့ဇနီးဝယ်ယူရရှိခဲ့သည့် ဘန်ကောက်မြို့လယ် ရတ်ချဓါး မြေနေရာကို သူ၏ အာဏာကို အလွဲသုံးစား ပြုလုပ်ကာ ဝယ်ယူရရှိခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ထောင်ဒါဏ် ချမှတ်ခံရခြင်းကြောင့် ပြည်ပတွင် ပတ်ကာ တိမ်းရှောင်နေရသည်။ ထို့အပြင် ဗိုလ်ချုပ်ခင်ညွန့်လက်ထက် မြန်မာနိုင်ငံသို့ ချပေးသည့် ဘတ်သန်း ၄၀၀၀ ငွေချေးမှု အပါအဝင် အခြား လာဘ်စားမှု၊ အာဏာအလွဲသုံးစားပြုမှုများဖြင့် တရားရင်ဆိုင်နေရသည်။ လွန်ခဲ့သည့်လတွင် ဇနီးသည် ဖွတ်ဂျမန်း နှင့် ကွာရှင်း ပြတ်စဲခဲ့သည်။

ရန်ကုန်မြို့မှ ယုဇနပလာဇာ မီးလောင်၊ (၄၅) သိန်းဖိုးဆုံးရှုံး

NEJ/ ၁၅ ဒီဇင်ဘာ ၂၀၀၈

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်ရှိ အကြီးဆုံး၊ အစည်ကားဆုံး ယုဇနပလာဇာတွင် ယမန်နေ့ (၆) နာရီ (၁၅) မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း မျက်မြင်သက်သေများက ပြောသည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးရုံးများက (၆) နာရီ (၂၅) မိနစ်ခန့်တွင် မီးသတ်ကားများလွှတ်ပေးပြီး တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ၊ စမ်းချောင်း၊ သာကေတ စသည့်မြို့နယ်များမှ မီးသတ်ကားများနှင့် မြို့တွင်းရုံးချုပ်မှ မီးသတ်ကား (၁၅) စီးခန့် လာရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးသတ်ကားများတွင် ရေမပါသည့်အတွက် ယုဇနပလာဇာအနီးရှိ မီးသတ်ရေငုတ်များမှ ရေများစုပ်ယူ၍ မီးသတ်ကားများကို ရေထည့်ပေးရကြောင်း မျက်မြင်တဦးက ပြောသည်။

၎င်းက "မီးသတ်ကား မလာခင်ကပဲ လူတွေ ငြိမ်းသတ်နေတာ။ ယုဇနရဲ့ ဈေးလုံခြုံရေးတွေက ၀ိုင်းပြီး ငြိမ်းနေရတာ။ သူတို့ကားက လောင်နေတဲ့ဆိုင်ခန်းကို ၀င်လို့မရဘူး။ ရေပိုက်တွေသွယ်ပြီး ငြိမ်းတယ်။ ဒါပေမယ့် ဒီမီးက ယုဇနပလာဇာရဲ့ လုံခြုံရေးတွေနဲ့ အနီးအနား ပြည်သူတွေ ငြိမ်းလို့ မီးလောင်တာ သက်သာတာ" ဟု ပြောသည်။

မီးငြိမ်းချိန်သည် (၇) နာရီခန့်ဖြစ်ကြောင်း မီးသတ်ရဲဘော်တဦးက ပြောသည်။

စတင်လောင်းကျွမ်းသည့်ဆိုင်မှာ ယုဇနပလာဇာ မြေညီထပ်၊ ဆိုင်ခန်းအမှတ် (F-19) "ငုရွှေဝါ" အထည်ဆိုင်မှဖြစ်ပြီး ၎င်းဆိုင်ပိုင်ရှင်မှာ ဦးအေးမောင်မောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆိုင်ခန်းအနီးရှိ (F-20) ဆိုင်ခန်း၊ (E-19)၊ (E-20) တို့ကိုပါ ထပ်၍ လောင်းကျွမ်းသွားကြောင်း၊ (F-19) "ငုရွှေဝါ" ဆိုင်ရှိ Water Cooler မှ အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်သည်ဟု မြို့နယ်လျှပ်စစ် စစ်ဆေးရေး၏ ပြောပြချက်အရ သိရသည်။

ဆုံးရှုံးမှုတန်ဖိုးမှာ (၄၅) သိန်းဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက တွက်ချက်ထားသည်။ မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးပေးရန်အတွက် အဆိုပါဆိုင်ခန်းများ၏ အာမခံထားရှိမှုကို တွက်ချက်နေဆဲဟု ပြောသည်။

"လျှပ်စစ်က ရှော့ခ်ဖြစ်တာ။ မီးကပျက်လိုက်၊ လာလိုက်ဆိုတော့ ဒီ Water Cooler ကို ပိတ်ဖို့ မေ့နေမှာပေါ့။ ဆိုင်သိမ်းပြီးအပြန် နောက်ပိုင်းမှာ မီးလောင်တာလေ" ဟု ယုဇနပလာဇာ ပထမထပ်တွင် ဖက်ရှင်ဆိုင်ဖွင့်ထားသူတဦးက ပြောသည်။

"မီးတွေ ပျက်နေသေးသရွေ့ မီးလောင်မှုတွေ ဖြစ်နေအုံးမှာပဲ" ဟု မီးသတ်ရဲဘော်တဦးက ဆိုသည်။

၂၀၀၈ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးစာရင်းအရ ဈေးများမီးလောင်မှု (၅) ကြိမ်ရှိပြီဖြစ်သည်။ (၂၅-၂-၀၈) ရက်နေ့ မန္တလေးရတနာပုံဈေး ဆုံးရှုံးမှု (၂,၆၄၅) သန်းခန့်၊ (၂၄-၆-၀၈) ရက်နေ့ ရှမ်းပြည် နမ့်ဆန်ဈေး ဆုံးရှုံးမှု သန်း (၁၀၀) ခန့်၊ (၉-၉-၀၈) ရက်နေ့ ရန်ကုန်၊ တွံတေးမြို့မဈေး ဆုံးရှုံးမှု သန်း (၁၀၀) ကျော်၊ (၁-၁၂-၀၈) ရက်နေ့ မော်လမြိုင်အမှတ် (၁) ဈေး ဆုံးရှုံးမှု သိန်း (၁,၀၀၀) ခန့်နှင့် (၁၄-၁၂-၀၈) ရက်နေ့ ရန်ကုန် ယုဇနပလာဇာမီးလောင်းကျွမ်းမှုတွင် ဆုံးရှုံးမှု (၄၅) သိန်းရှိကြောင်း သိရသည်။

မြန်မာအစိုးရပိတ်ထားသည့် ထိုင်းကုန်စည်များ လစဉ် ဘတ်သန်း (၃,၀၀၀) ဖိုး ခိုးသွင်း

NEJ/ ၁၅ ဒီဇင်ဘာ ၂၀၀၈


ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာနှင့်ထိုင်း သဘောတူညီထားသည့် တနိုင်ငံမှတနိုင်ငံသို့ တင်သွင်းခွင့်မပြုသော ကန့်သတ်ကုန်များအား နှစ်ဘက်ကုန်သည်များက အာဏာပိုင်များနှင့်ပေါင်းကာ တရားမဝင်နည်းလမ်းများဖြင့် အပြန်အလှန်တင်သွင်းလျက်ရှိသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး သဘောတူညီချက်များအရ မြန်မာဘက် မှ ပိတ်ပင်ထားသည့် ထိုင်းကုန်စည်များမှာ စားအုန်းဆီ၊ အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံ၊ အဖျော်ယမကာ၊ သစ်သီးဝလံနှင့် ဟင်း သီးဟင်းရွက်များ ပါဝင်ပြီး ထိုင်းဘက်မှ ပိတ်ပင်ထားသည့် မြန်မာထုတ်ကုန်များမှာ လယ်ယာထွက်ကုန်များ ဖြစ်သည့် ပဲ၊ ဆန်၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ မြေပဲ၊ နှမ်းနှင့် ဆေးရွက်ကြီးတို့ပါဝင်သည်။

ထိုင်းကုန်သည်တဦး၏ အဆိုအရ "ကျနော်တို့ ထိုင်းဘက်မဲဆောက်ကနေ ရန်ကုန်ကိုအချိုရည်မျိုးစုံနဲ့ မုန့်မျိုးစုံ၊ ဘီယာမျိုးစုံနဲ့ စားအုန်းဆီတွေ ပုံမှန်တင်သွင်းပါတယ်။ ဒီသုံးလအတောအတွင်းမှာတော့ ထိုင်းဘက်တင်သွင်းတဲ့ ဘီစကစ်မုန့်ပုံးတွေ၊ အခြားမုန့်တွေ၊ သုံးချိုးတချိုးလောက် အရောင်းတက်လာတယ်။ ဗမာကုန်သည်တွေ ပြောတာက ဗမာပြည်မှာ တရုတ်က လုပ်တဲ့ ဘီစကစ်တွေဟာ မယ်လမင်းပါတဲ့ နို့မှုန့်နဲ့လုပ်ထားလို့ စားတဲ့လူနည်းသွားပြီး ထိုင်းဘီစကစ်တွေကို အစားထိုးကြတယ်လို့ပြောတယ်။ ထိုင်းကမုန့်တွေ၊ အချိုရည်တွေလည်း ဒီအတိုင်းပါပဲ။ ကုန်သည်တွေ ပိုဝယ်ကြတယ်။ အချိုရည်လိုင်းမှာလည်း တရုတ်အချိုရည်ထက်စာရင် ထိုင်းကသွင်းတဲ့ စပရိုက်၊ ပက်ပစီ၊ ကိုကာကိုလာ၊ လိမ္မော်ရည်၊ ဖင်တာအနီနဲ့ အစိမ်းတွေကို သံဘူးရော၊ ကော်ဘူးရော ရောင်းအား တက်လာတယ်။ ထိုင်းဘီစကစ်ထဲမှာ ဆီးချိုသမားစားတဲ့ ဘီစကစ်ဟာလည်း ရောင်းအားတက်လာတယ်" ဟု ပြောသည်။

မဲဆောက်မြို့မှ အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံနှင့် ဘီယာသံဘူးမျိုးစုံ၊ မြန်မာဘက်သို့ တင်သွင်းသည့် လုပ်ငန်းကြီးတခုမှ မြန်မာ မန်နေဂျာတဦးက "မယ်လမင်းပြဿနာ မဖြစ်ခင်ကတော့ မြဝတီဘက်ကို တနေ့ကို ဟိုင်းလက်ကား လေးစီးလောက်ပဲပို့ရတယ်။ အခု ခုနှစ်စီးစာလောက် နေ့တိုင်းပို့နေရတယ်။ ကျနော်တို့လို မဲဆောက်က လုပ်ငန်းတူတွေ ပို့တာပါဆိုရင် တနေ့ကို ဟိုင်းလက်ကား အစီးနှစ်ဆယ်လောက်ရှိတယ်။ အချိုရည်နဲ့ မုန့်ကတော့ ဒီအတောအတွင်းမှာ ကုန်သည်တွေ ပစ္စည်းအမှာ ပိုများတယ်" ဟု ပြောသည်။

တင်သွင်းခွင့်ပိတ်ပင်ထားသည့် ထိုင်းကန့်သတ်ကုန်များကို ထိုင်းဘက်ကမ်း အမှတ် (၁) ဂိတ်မှ စက်လှေများဖြင့် သယ်ယူပြီး မြဝတီဘက်ခြမ်းသို့ ပို့ဆောင်ကာ မြန်မာဘက်တွင် ရှိသည့် အသင့်စောင့်ဆိုင်းနေသည့် ကားကြီးကားငယ်များဖြင့် သယ်ဆောင်ကာ ရန်ကုန်အပါအဝင် မြန်မာပြည်အတွင်းပိုင်း မြို့များသို့ ဂျူတီဆောင်စရာမလိုပဲ အာဏာပိုင်များနှင့်ညှိကာ သယ်ယူကြရသည်ဟု သိရှိရသည်။

ရန်ကုန်မြို့မှ ကုန်သည်တဦးကလည်း "စားအုန်းဆီဆိုရင် တရက်ခြား တန် (၅၀) မြဝတီဘက်ကို ထိုင်းဘက်ကမ်း အမှတ် (၁) ဂိတ်ကနေ ပို့တယ်။ အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံနဲ့ ဘီယာသံဘူးတွေကိုလည်း အဲဒီဂိတ်ကပဲပို့တယ်။ အဲဒီဂိတ်ကနေပဲ မြန်မာဘက်ကို ခိုးသွင်းပြီး ရန်ကုန်ဈေးကွက်ကို ပို့ရတယ်။ ကားတန်းတရက်ခြား တန်ချိန်ရာနဲ့ ချီပြီး သွင်းကြတယ်။ နှစ်နိုင်ငံစလုံး ကန့်သတ်ကုန်တွေ သတ်မှတ်ထားပေမယ့် နှစ်ဘက်အာဏာပိုင်တွေက ဒီလိုပဲ မီးစိမ်းပြထားတော့ သူလည်းအကျိုးရှိ၊ ကိုယ်လည်းအကျိုးရှိတယ်။ ဒီလိုမှမလုပ်ရင် ဒီခေတ်မှာမလွယ်ဘူး" ဟု ပြောသည်။

မြန်မာလယ်ယာထွက်ကုန်များကို တင်သွင်းခွင့်ကန့်သတ်ထားသည့် ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင်လည်း မြဝတီမှတဆင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ အာလူး၊ ဆန်၊ ငရုတ်များကိုလည်း မြန်မာကုန်သည်များက တရက်ခြား တန်ချိန်ရာဂဏန်းအထက် တရားမဝင်တင်သွင်းကြပြီး ထိုင်းကုန်သည်များက ထိုင်းနိုင်ငံအတွင်းပိုင်းရှိ ဘန်ကောက်နှင့် အခြားမြို့ကြီးများသို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ဖောက်ကားကြသည်။

မြန်မာဘက်မှ တင်သွင်းခွင့်ပိတ်ပင်ထားသည့် ထိုင်းသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကိုလည်း မြန်မာကုန်သည်များက ကားတန်းတရက်ခြား မဲဆောက်-မြဝတီ-မော်လမြိုင်လမ်းကြောနှင့် မဲဆောက်-မြဝတီ-ကော့ကရိတ်-ဘားအံ-သထုံ-ကျိုက်ထို-သိမ်ဇရပ် မြို့များအထိ သယ်ဆောင် ရောင်းချကြသည်ကို ပြည်တွင်းထုတ် ဂျာနယ်အချို့တွင် နယ်သတင်းအဖြစ် ရေးသားဖော်ပြကြသည်။

တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး မဲဆောက်-မြဝတီလမ်းကြောမှာ မြန်မာဘက်သို့ လစဉ် ထိုင်းဘတ်ငွေ သန်း (၁) ထောင်ခန့် ကုန်သွယ်မှုပြုလုပ်နေသည်ဟု ဖော်ပြထားသော်လည်း ထိုင်းလုပ်ငန်းရှင်တဦး၏အဆိုအရ လစဉ်မြန်မာဘက်သို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှ ဘတ်သန်း (၃) ထောင်ခန့် ကုန်စည်တင်ပို့မှုများရှိသည်ဟု ပြောသည်။

နယ်စပ်ကုန်သွယ်ရေးတွင် တဘက်နှင့်တဘက် ကန့်သတ်ချက်များ အမျိုးမျိုးရှိနေသော်လည်း တရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံအာဏာပိုင်များ ပါဝင်ပတ်သက်မှု ရှိနေသေးသမျှ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းမှာ ဆက်လက် ကြီးထွားနေမည်သာ ဖြစ်သည်ဟု နှစ်ဘက်ကုန်သည် အများစုက ယူဆကြသည်။ မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ကုန်ပစ္စည်းများ ပို့ဆောင်မှုနှင့်တင်သွင်းမှုများအား မြဝတီနှင့် ကော့ကရိတ်မြို့တို့တွင် စစ်ဆေးရေးစခန်းများ ဖွင့်လှစ်၍စိစစ်ဆောင်ရွက်မှုများ နေ့ညမပြတ် လုပ်ဆောင်နေသော်လည်း တရားမဝင် ကုန်သွယ်မှုမှာ လျော့နည်းသွားခြင်းမရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၀၆-၂၀၀၇ တွင် သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂.၆၅၉) ဘီလီယံရှိခဲ့ပြီး ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂.၄၀၉) ဘီလီယံရှိသည်။ ၂၀၀၇-၂၀၀၈ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၃.၂၀၅) ဘီလီယံရှိနေပြီး ယင်းမှ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂.၈၂၃) ဘီလီယံဖြစ်ကာ သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၃၈၂) မီလီယံရှိကြောင်း နယ်စပ်ကုန်သွယ်ရေး မှတ်တမ်းများအရ သိရှိရသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.