(၁၈) ၀န်ကြီးချုပ်ဦးနု ပြန်လာပြီးနောက် (ကြေးမုံဦးသောင်း)
၁၉၆၀ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာလူထု၏ နိုင်ငံရေးအသိစိတ်ဓာတ်ကို မှတ်ကျောက်တင်သည့် ရွေးကောက်ပွဲအဖြစ် မှတ်တမ်းတင်သင့်ပါသည်။
အိမ်စောင့်စစ်အစိုးရက သူတို့ကို ထောက်ခံမှု မပြုသူမှန်သမျှ ဖမ်းဆီးပြီး တဲအိမ်များကို ဖျက်နေချိန်တွင် ဦးနုက `လူထုကြီးမှာ ဒူးနဲ့ မျက်ရည်သုတ်ကာ ခံနေကြရတယ်´ ဟု ပြတ်သားသည့် မိန့်ခွန်းကို စတင်ဟော ကြားပြီး စစ်အစိုးရ မတရားမှုတွေကို ဆန့်ကျင်သောအခါ လူထုက အားကိုးတကြီးနှင့် ဦးနု၏ နောက်မှ ရပ်တည် ကြပါသည်။ တင်မောင်လည်း သူ့ကို အားကိုးမိပါ၏။
အိမ်စောင့်အစိုးရခေတ်၌ ၀ရမ်းပြေးဘ၀က လွတ်လာသောအခါ ကြေးမုံကို ပိတ်ထားသောကြောင့် အိုးဝေသို့ သွားပြီး နေ့စဉ် ဆောင်းပါးရေးရသည်။ တည်မြဲ၊ သန့်ရှင်းအကွဲတော်ပုံ၏ အများပြည်သူတို့ ထင်မြင်ချက် စစ်မျက်နှာတွင် သန့်ရှင်းတို့ဘက်မှ အပြီးအပြတ် အနိုင်ရသောကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာ နေပါသည်။ ထိုအချိန်တွင် ဥက္ကဌကြီး ဦးနုက တင်မောင်ကို တွေ့ချင်တယ်ဟု ခေါ်ပါသည်။ ၀န်ကြီးချုပ်လောင်းကြီးက သူတို့ တက်လာသောအခါတွင် ဖမ်းထားသည့် အယ်ဒီတာကို လွှတ်ပေးပြီး သိမ်းထားသည့် သတင်းစာတိုက်ကို ပြန်ပေးရန် ကူညီလေမည်ဟု မျှော်လင့်ချက်ကြီးတခွဲသားနှင့် သွားမိသည်။
`မင်းအခု ရင်ဆိုင်နေရတာတွေက အရင်ဘ၀က ကံဝဋ်ကြွေးတွေကွ´ ဟု အစချီပြီး ကမ္မဖလနိယာမ တရားကို ရှည်လျားစွာ ဟောပါတော့သည်။ ဦးနုက နိုင်ငံရေးစကားတလုံးမှ မပြောဘဲ တရားဟောပြီး နောက်ဆုံးကျမှ ပါဠိစာနှင့် ရေးထားသော ဂါထာတပုဒ်ကို ပေးပါသည်။ `တနေ့ သုံးကြိမ် ရွတ်ပါလေ၊ မင်းသတင်းစာတိုက် ပြန်ရစေမည်´ ဟု ပြောလိုက်ပါ၏။ သူတော်ကောင်းတရား ဖြစ်သဖြင့် ပြန်မပြောဝံ့သော ကြောင့် ခေါင်းငုံ့ပြီး ပြန်ခဲ့ပါ၏။ ဦးနုက တင်မောင်ကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးစေကာမူ ရွေးကောက်ပွဲအတွက်မူ ပြတ်သားသော နိုင်ငံရေးလမ်းစဉ်ကို ချမှတ် ဆင်နွှဲခဲ့ပါသည်။
တည်မြဲ ခေါင်းဆောင်ကြီး ဦးဗဆွေကိုယ်တိုင်က `တည်မြဲအဖွဲ့သည် နိုင်လျှင်လည်း နိုင်ရမည်၊ ရှုံးလျှင်လည်း နိုင်ရမည်´ ဟု တရားဟောသောကြောင့် လူထုက စိုးရိမ်လာကြပါသည်။
ဦးဗဆွေ၏ စကားအရ တည်မြဲတို့က အရှုံးမခံလိုကြဘဲ အကယ်၍ ရှုံးခဲ့လျှင် မတရားသောနည်းနှင့် အနိုင်ယူ ရန် စီစဉ်ထားကြသည်ဟု ဦးနုက ဖွင့်ဟ ပြောကြားပါတော့သည်။ မတရားသောနည်းမှာ လက်ရှိ ဖိနှိပ် အုပ်ချုပ်နေသည့် အိမ်စောင့်အစိုးရ စစ်တပ်အကူအညီနှင့် စစ်အာဏာရှင်နိုင်ငံ တည်ဆောက်ရန်သာ ဖြစ်သည်ကို လူထုက သိရှိလာကြပါသည်။
ဦးနုက မဲဆန္ဒရှင်တို့ကို မေးခွန်းတခုသာ မေးပါသည်။ `ဒီမိုကရေစီကို ရွေးမည်လား၊ ဖက်ဆစ်စနစ်ကို ရွေးမည်လား´ ဟု မေးပြီး အသည်းကြားက မဲတပြားကို ကြိုက်ရာရွေးပြီး မဲပေးပါ ဟု ဟောပြောပါသည်။
ရွေးကောက်ပွဲတွင် တပ်မတော်သားများ မည်သည့် အဖွဲ့အစည်းဘက်ကိုမှ ဘက်မလိုက်ရဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းက လူသိရှင်ကြား ကြေညာချက်ထုတ်သော်လည်း လက်တွေ့တွင်မူ `တို့စစ်သားတွေ ဘက်လိုက်ကြဟေ့´ ဟု တပ်လှန့်ပေးသည်ဟု ထင်ရပါသည်။ သေသေချာချာ ဘက်လိုက်ကြပါသည်။
မဲရုံတည်နေရာ မဲပုံးစားပွဲမှ စတင်ပြီး တည်မြဲတို့ဘက်က ကောင်းကျိုးရစေရန် စစ်တပ်က စီစဉ်ပါသည်။ တပြည်လုံးတွင် တပ်စွဲထားသည့် စစ်တပ်မှန်သမျှက တည်မြဲတို့ဘက်မှ အမျိုးမျိုးအားပေး ပါသည်။ ထို့ကြောင့် လူထုကြီးက စစ်တပ်ကို အလွန့်အလွန် ကြောက်လန့်လာကြပြီး သန့်ရှင်းကို အားကိုးတကြီး မဲပေး ကြရပါတော့သည်။ မဲရုံမရှိဘဲ ဟင်းလင်းပြင် ကွက်လပ်တွင် မဲပုံးချထားပြီး စစ်တပ်က သေနတ်နှင့် ချိန်ထားသည်ကိုပင် မဲဆန္ဒရှင်များက သန့်ရှင်းကို ရဲရဲဝံ့ဝံ့ မဲပေးကြသည်အထိ စစ်တပ်ကို ဆန့်ကျင်ကြ ပါသည်။
ရလဒ်မှာ ပြည်ထောင်စုအဖွဲ့ဟု အမည်ပြောင်းသည့် သန့်ရှင်းတို့က အမတ် (၁၅၉) ဦး အရွေးခံရပြီး တည်မြဲ တို့က (၄၂) ဦးသာ အရွေးခံရပါသည်။ မဲပေးသူ (၅၉) ရာနှုန်းရှိပြီး၊ (၅၂) ရာနှုန်းက သန့်ရှင်း၊ (၃၁) ရာနှုန်းက တည်မြဲ၊ (၅) ရာနှုန်းက ပမညတကို မဲပေးကြပါသည်။ စောစောက ပါလီမန်မှာ အမတ် (၄၄) ဦး ရထားသည့် ပမညတ အဖွဲ့မှ အမတ်လောင်း (၁၃၅) ဦး ၀င်ရောက်အရွေးခံရာ၌ တယောက်မှ အရွေးမခံရပါ။ မြန်မာ လူထုကြီးက လက်ဝဲ၀ါဒီတို့၏ ကွန်မြူနစ်စနစ်ကို လက်မခံကြကြောင်း ဆန္ဒမဲနှင့် သတ္တိပြောင်စွာ ပြသ ခဲ့ပါသည်။
တင်မောင်အဖို့ ဦးနုပေးသည့် ဂါထာကို ရွတ်ရန်မလိုတော့ပါ။ ပိတ်ထားသော သတင်းစာများကို ပြန်ဖွင့်ခွင့် ပေးပြီး ဖမ်းထားသူများကို ပြန်လွှတ်ပါသည်။ ကိုကိုးကျွန်းထောင်ကြီးကို ဖျက်ပေးရပါသည်။
ဦးနု၏ ပြည်ထောင်စုပါတီ အစိုးရ တက်လာသည်မှာ ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရန် ဖြစ်သဖြင့် သတင်းစာများက စတင်ကာ အခွင့်အရေးတောင်းကြသည်။ စာနယ်ဇင်းတို့ အဖို့ ပဝေသဏီခေတ်၊ အင်္ဂလိပ် နယ်ချဲ့ခေတ်က ဥပဒေများနှင့် အစိုးရ အစဉ်အဆက် ဖိနှိပ်သည်ကို ခံခဲ့ရပါသည်။ ၁၈၆၁ ခုနှစ်က ရေးသား အတည်ပြုခဲ့သည့် အိန္ဒိယ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ၁၈၇၆ ခုနှစ်က တည်ခဲ့သော ပုံနှိပ်တိုက်ဥပဒေ စသည့် ဥပဒေများနှင့် အိမ်စောင့်အစိုးရခေတ်တွင် ဗိုလ်မှူးချုပ် မောင်မောင် ပြင်ဆင်သော ဥပဒေများကို ပြင်ဆင်ပေးပါဟု တောင်းဆိုကြပါသည်။ သတင်းစာအားလုံးက အယ်ဒီတာ့အာဘော် (၇) ရက်မျှ မရေးဘဲ ဆန္ဒပြပြီး တောင်းပါသည်။ နှစ်ခါမတောင်းရပါ။ ပြင်သင့်သည်မှန် သမျှ ပြင်ကြပါလေဟု ကော်မီတီ ဖွဲ့ပေးလိုက်ပါသည်။ ဒီမိုကရေစီ ပွဲတော်ကြီး စတင်လာလေပြီ။
လူမျိုးစု ခေါင်းဆောင်များကလည်း ဦးနုကို ချဉ်းကပ်ကြပါသည်။ `ကျနော်တို့ ရွာမှာ ဗမာ စစ်သားတွေ တပ်စွဲ နေတာကြောင့် အရက်၊ ကြက်၊၀က် ကစပြီး သမီးကညာများအထိ ဗမာစစ်သားတွေက ဆွဲလေ့ရှိပါတယ်´ ဟု တင်ပြ ကြပါသည်။
မခံချင်သောကြောင့် လက်လွန် ခြေလွန် သူပုန်ထနေသည့် လူမျိုးစုများကလည်း ရှိနေသောကြောင့် `ဗမာ စစ်တပ်တွေ ပြန်စေလိုလျှင် ငြိမ်းချမ်းရေး ရှိမှ ဖြစ်မယ်၊ ငြိမ်းချမ်းဖို့က လူမျိုးစု ပြဿနာတွေ ဖြေရှင်းမှ ဖြစ်မယ်´ ဟု ကွင်းဆက်အကြောင်းအရင်းကို ရှာပြီး လူမျိုးစုတိုင်း ကျေနပ်အောင် ၁၉၄၇ ခု အခြေခံ ဥပဒေကြီးကို ပြင်ဆင်ကြစို့ဟု ဆုံးဖြတ်အားထုတ်ပါသည်။
၁၉၆၁ ခု၊ ဇွန်လမှ လူမျိုးပေါင်းစုံ ကွန်ဖရင့်ကို တောင်ကြီးမြို့မှာ ကျင်းပပြီး အခြေခံ ဥပဒေကြီး ပြင်ဆင်ရေးကို ညှိနှိုင်းကြပါသည်။ အလုပ်ကော်မတီက တနှစ်ကြာ ဆွေးနွေးပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက် ထွက်လာပါသည်။
ပြည်နယ်ဖွဲ့စည်းရေး၊ လွှတ်တော်အာဏာ တူညီရေး၊ ကိုယ်စားလှယ်မျှတရေး၊ မျှတစွာ အခွန်တော် သုံးစွဲရေး စသည့် အချက်များနှင့် ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေး စသော အာဏာများကို ဗဟိုပြည်ထောင် စုက လုပ်ဆောင်ရေး စသည်ဖြင့် အသေးစိတ် အဆိုပြု ထားပါသည်။ မျှတပြီး သဘာဝကျသည်ဟု ပညာရှင်များက သုံးသပ်ကြပါသည်။
ထိုအဆိုပြုချက်များကို ၁၉၆၂ ခု၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ရန်ကုန်အသံလွှင်ရုံ နှီးနှောဖလှယ်ပွဲမှာ တင်ပါသည်။ အဆိုပြုချက်ကို ကန့်ကွက်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်ကြရန် နိုင်ငံရေးအဖွဲ့အားလုံးတို့နှင့် အဆင့် ဆင့် ညှိကြရန် စီစဉ်ထားပါသည်။ နောက်ဆုံး အတည်ပြုကြသောမူကို လွှတ်တော်မှာတင်ပြီး၊ အကျေ အလည် ဆွေးနွေးပြီး ဥပဒေပြင်ဆင်ထုံးအရ အသေးစိတ် အစီအစဉ်ကို မိန့်ကြားပါသည်။
တင်ပြသည့်မူတွင် မှားယွင်းမှု၊ တိမ်းပါးမှုများ ရှိနိုင်စေကာမူ အဆင့်ဆင့် ဆွေးနွေးတည်းဖြတ်ကြမည် ဖြစ်သဖြင့် သန့်စင်သော ပြင်ဆင်ချက်မူကြမ်းကြီး ပေါ်ပေါက်လာနိုင်သောကြောင့် နိုင်ငံရေးပါတီအားလုံးက ဒီမိုကရေစီအခွင့်အရေး ရရှိကြတော့မည် ဖြစ်သဖြင့် ၀မ်းသာကြသကဲ့သို့ လူမျိုးစုများက ကြက်ဝက်ဆွဲသော ဗမာ့စစ်တပ်ရန်က ကင်းဝေးတော့မည် ဖြစ်သောကြောင့် ကျေနပ်ကြပါသည်။ တည်မြဲတို့ကမူ ကန့်ကွက်ကြ၏။
ယင်းသို့ ဒီမိုကရေစီနည်းနှင့် ညီညီညွတ်ညွတ် ပြင်ဆင်ကြသည်ကို လက်မခံနိုင်သူမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါသည်။ ဥပဒေ ပြင်ဆင်ချက် အောင်မြင်လျှင် စစ်တပ်အဖို့ မေမြို့၊ မိတ္ထီလာနှင့် မင်္ဂလာဒုံ စစ်စခန်းများမှာသာ နေကြရမည့်ဘ၀ကို သူက လက်မခံနိုင်ပါ။
ထိုကြောင့် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က စတင်သော ၀န်ကြီးချုပ်နှင့် လူမျိုးစုခေါင်းဆောင်များ ဆွေးနွေးပွဲ မပြီးမီ (၇) ရက်အကြာ မတ်လ (၂) ရက်နေ့တွင် ပြည်ထောင်စုကြီး ပြိုကွဲမည်မို့ တားဆီးသည်ဟု အကြောင်း ပြပြီး အာဏာသိမ်းလိုက်ပါတော့သည်။ အကြောင်းအရင်းကမူ ညီညွတ်ငြိမ်းချမ်းသည့် ဒီမိုကရေစီ နိုင်ငံတွင် စစ်တပ်က ထင်သလိုကြဲနိုင်ရန် အခွင့်အလမ်း မရှိလေသောကြောင့် အာဏာလုသည်သာ ဖြစ်ပါ၏ ။ ။
You received this email because you are subscribed to the real_time feed for http://thetoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.