Thursday, December 18, 2008

[We Fight We Win. -- " More than Media "] 8 New Entries: အိန္ဒိယ က ပါကစ္စတန် ကို တိုက်ခိုက်ရန် အဆင်သင့်ပြင်ခဲ့

အိန္ဒိယ က ပါကစ္စတန် ကို တိုက်ခိုက်ရန် အဆင်သင့်ပြင်ခဲ့

အသင့်အနေထားရှိနေခဲ့သော အိန္ဒိယ လေတပ်
အိန္ဒိယ- ပါကစ္စတန် နှစ်နိုင်ငံ လေတပ်ပြင်ဆင်နေမှုများ


-သာကျော်-
ဝါရှင်တန်

မွန်ဘိုင်း အကြမ်းဖက်မှု အပြီး၊ အိန္ဒိယ လေတပ် သည် ပါကစ္စတန် အား တိုက်ခိုက်ရန် စတင်၍ စစ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန် မှ ယုံကြည်ခဲ့ကြပါသည်။ အမေရိကန် စစ်ဘက် အရာရှိတဦးမှ အိန္ဒိယ လေတပ် သည် မွန်ဘိုင်းအကြမ်းဖက်မှု အပြီး၊ တိုက်ခိုက်ရန်အသင့်အနေအထား ပြင်ထားခဲ့ကြောင်း ပြောဆို သွားပါသည်။ အမေရိကန် စစ်ရုံးချုပ် ပင်တာဂွန် မှ အရာရှိ ၃ ဦး ကလည်း အမေရိကန် အစိုးရမှ အိန္ဒိယ သည် လေကြောင်း တိုက်ပွဲ ဆင်နွှဲရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း CNN သတင်းဌာန အား အတည်ပြု ပြောကြားသွားသည်။ မွန်ဘိုင်း အကြမ်းဖက်မှု ဖြစ်ပွားပြီး နောက် အဏုမြူလက်နက် ကိုင်ဆောင်ထားသော ဤ နှစ် နိုင်ငံကြား စစ်စတင်တော့မည် အရိပ်အယောင်များ ပထမဆုံးအကြိမ် ထင်ရှားစွာ ပေါ်ထွက်လာခြင်းဖြစ်သည်။ အမေရိကန် မှ အခြေအနေ အား အသေးစိတ် မပြောသွား သော်လည်း အိန္ဒိယ လေတပ်မှာ အသင့်အနေအထား ပြင်ထားခဲ့ကြောင်း ကို အရာရှိတဦးမှ ပြောဆိုသွားပါသည်။

အိန္ဒိယ လေတပ်မှ ပါကစ္စတန် အတွင်းရှိ မင်္သကာဖွယ်ရာ အကြမ်းဖက်သမားများ၏ စခန်းများကို အချိန်မရွေး ၀င်ရောက် တိုက်ခိုက်ရန် အသင့်အနေအထား ရှိနေကြောင်းနှင့် အမေရိကန် အထက်တန်း အရာရှိ များမှ အိန္ဒိယ အစိုးရအား နိုင်ငံတကာ စည်းကမ်း စည်းမျဉ်းများ လိုက်နာရန် ပြောဆိုထားပါသည်။ အိန္ဒိယ လေတပ်မှ မူ ပြန်လည် တုံ့ပြန်ပြောကြားခြင်းမရှိသေးပါ။

ပါကစ္စတန် လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ကွန်မင်ဒါ ဟိုမေယွန်း ဇီကာ အား အိန္ဒိယ လေတပ်စစ်ပြင်ဆင်မှု နှင့်ပတ်သတ်၍ ၎င်းတို့ အမြင်ကို မေးမြန်းသော်လည်း တုံ့ပြန်ခြင်းမရှိပါ။ ဇီကာ မှ လက်ရှိ ၌ ပါကစ္စတန် ဘက်မှ မည်သို့သော ပြင်ဆင်မှုမျိုးမှ မလုပ်ထားကြောင်းနှင့် ယခင်အတိုင်း သာမန် အခြေအနေ သာ ရှိနေကြောင်းပြောဆိုသွားပါသည်။ အခြား သတင်း တခုမှာ မူ ပါကစ္စတန်လေတပ်သည် အရေးပေါ် အခြေအနေ မျိုး အသင့်ပြင်ထား ခြင်းမရှိသော်လည်း အင်အားများပိုမိုဖြည့်တင်းနေသည်ဟု ကြားသိရပါသည်။ အားလပ်ရက်လုံးဝ မယူဘဲ အမြဲတမ်း အဆင်သင့်ပြင်ထားသည် ဟု ၎င်းသတင်းမှဆိုပါသည်။

မွန်ဘိုင်းအကြမ်းဖက်မှု အပြီး ပါကစ္စတန် လုံခြုံရေးတပ်များ မှ မူဇာဖာရာဘဒ် မြို့ အနီးရှိ အကြမ်းဖက်သမား တို့၏ စခန်းတခုအား ၀င်ရောက်တိုက်ခိုက်ခဲ့ကြသည်။ အိန္ဒိယ အစိုးရမှ မွန်ဘိုင်း အကြမ်းဖက် မှုအား နောက်ကွယ်မှ ကြိုးကိုင်သော အဖွဲ့ ဟု စွပ်စွဲထားသော ပါကစ္စတန် အခြေစိုက် မူဆလင် စစ်သွေးကြွ လက်ရှ်ကာ-အီ-တေရီဘာ (Lashkar-e-Tayyiba: LeT) အဖွဲ့အား ပါကစ္စတန်အစိုးရမှ ပထမဆုံး အကြိမ် ၀င်ရောက်နှိမ်နင်းမူ ဖြစ်ပါသည်။ အလားတူ ပါကစ္စတန် အာဏာပိုင်တို့သည် LeT အကြမ်းဖက်သမားများ နှင့် ဆက်စပ်မှု ရှိသည် ဟု ယုံကြည်ရပြီး ပရဟိတ အဖွဲ့တခုဖြစ်သော ဂျာမတ်-အ-ဒါဝါ (Jamaat-ud-Dawa ;JuD) အဖွဲ့အားလည်း ဖျက်သိမ်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်အား နေအိမ်၌ အကျယ်ချုပ် ဖမ်းဆီး ထားခဲ့ပါသည်။ ဤလုပ်ရပ် မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ၎င်း JuD ပရဟိတ အဖွဲ့သည် LeT အကြမ်းဖက်အဖွဲ့ နှင့် ဆက်နွှယ်မှု ရှိသည် ဟု ထောက်ပြလာမူအပေါ် ပါကစ္စတန်အစိုးရမှ ပြုလုပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ ရဲအဖွဲ့မှ မွန်ဘိုင်း အကြမ်းဖက် အဖွဲ့မှ အသက်ရှင်လျက်ကျန်နေသေးသော မိုဟာမက် အဂ်ျမယ် ကာဆဘ် သည် ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ် မှ ဖြစ်ပြီး အခြား သေဆုံးသွား သော အကြမ်းဖက် သမား ၉ ယောက်မှာလည်း ပါကစ္စတန်မှ ပင်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာ သွားပါသည်။ ပါကစ္စတန် အစိုးရ မှ မူ ၎င်းကြေညာချက်အား ငြင်းပယ်ခဲ့ပြီး ထိုအကြမ်းဖက်သမားများသည် နိုင်ငံမဲ့ များသာဖြစ်ကြောင်း ပြစ်တင်ရှုံ့ချသွားပါသည်။

လက်ရှိအချိန်ထိမူ အမေရိကန် သမ္မတ ဘုရှ် အုပ်ချုပ်ရေး အဖွဲ့ မှ လူသိရှင်ကြား အိန္ဒိယ ဖက်မှ လက်စားခြေခြင်း ဆန်သော စစ်ရေးလှုပ်ရှားမူ များ မရှိပါဟု ပြောဆိုသွားပါသည်။ပင်တာဂွန်စစ်ဌာနချုပ် မှ မူ အိန္ဒိယဖက်မှ မည်သို့သော ရည်ရွယ်ချက်ဖြင့် စစ်ပြင်ဆင်မှုမျိုး ကိုပြုလုပ်နေသည်ကို အတိအကျ မပြောနိုင်သော်ငြား တိုက်လေယာဉ်ပျံများ၊ လေသူရဲများ၊ လက်နက်များကို စစ်ဆေးကြည့်ရှု ပြင်ဆင် နေကြောင်း ခိုင်မာစွာပြော သွားခဲ့ ပါသည်။

အမေရိကန်ထောက်လှမ်းရေးမှ ပြီးခဲ့သည့် စနေနေ့ က အိန္ဒိယ တိုက်လေယာဉ်တစင်းသည် ပါကစ္စတန် လေပိုင်နက် အတွင်း ၂ ကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း သတင်းပေးပို့ ချက်ကိုမူ ပင်တာဂွန် က အတည်ပြု သွားပါသည်။ ၎င်းကျူးကျော်မှု သည် မတော်တဆ ဖြစ်နိုင်ပါကြောင်း ပင်တာဂွန် က ထပ်လောင်းပြောဆိုသွားပါသည်။

Rest of your post

အဘီဆစ် ကို ထိုင်းဝန်ကြီးချုပ်အသစ်ဖြစ်ရွေးခြယ်လိုက်ပြီ

ထိုင်းဝန်ကြီးချုပ်သစ် အဘီဆစ်


မိုးသီးဇွန်

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီဆစ် ( Abhist) ၄၄ နစ်ဟာ ၀န်ကြီးချုပ်အသစ်ဖြစ် ရွေးချယ် တင်မြောက်ခံ လိုက်ရပြီဖြစ်ပါတယ်။ သူဟာ ၂၇ ယောက်ဝန်ကြီးချုပ်နဲ့ အသက်အငယ်ဆုံး ၀န်ကြီးချုပ် အဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ပါလီမန်က မှာ မဲ ၄၃၁ မဲ အနက်မှာ ၂၃၅ မဲနဲ့ သူကို တနလာင်္နေ့က ရွေးခြယ်လိုက်တာဖြစ်ပါတယ်။ သူနဲ့ပြိုင်ဘက် ပူရ်ထိုင်းပါတီ က ပရာချာ ပွန်နောခ် က ၁၉၈ မဲရရှိပါတယ်။

ပါလီမန်က အဘီဆစ်ကို ၀န်ကြီးချုပ်အဖြစ်ရွေးချယ် တာကို ကန့် ကွက်တဲ့အနေနဲ့ တပ်ဆင်ကိုလိုလားတဲ့ အာဏာရှင်ဆန်ကျင်ရေး ဒီမိုကရေစီတပ်ပေါင်းစုက က ပါလီမန်တ၀ိုက်မှာ ဆန်ကျင်ဆန္ဒပြကြတယ်။ အတားအဆီးတွေကို ဖယ်ရှားခဲ့တယ်လို့ ဆိုတယ်။ ဆန္ဒပြသမားတွေကရဲတွေကို ရေဗူးတွေနဲ့ ပြစ်ပေါက် ဆန်ကျင်တဲ့လှုပ်ရှားမှုဖြစ်ပွားခဲ့တယ်လို့ သိရတယ်။ ထိုင်းနိင်ရေး အခြေအနေ ကတော့ ဘတပြန်ကျားတပြန်ပြန် ဖြစ်လာမဲ့အနေထားရှိတယ်။ အာဏာကနေ နှစ်ပေါင်း ၁၅ နှစ်နီးပါး မောင်းထုတ်ခံ နေရတဲ့ ဒီမိုကရက်တစ် ပါတီဟာ ခုမှ အာဏာပြန်လည်ရရှိလာခြင်းဖြစ်တယ်။

ထိုင်းဒီမိုကရက်တစ်ပါတီဟာ မြန်မာပြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တူပါတယ်။ လူထုက ထောက်ခံ သော်ငြားလည်း မှန်မှန်ကန်ကန် ပြတ်ပြတ်သား ဦးဆောင်နိင်ခြင်းမရှိတဲ့အတွက် ထိုင်းနိင်ငံဟာ ဒုက္ခရင်ဆိုင် ခဲ့ရတယ်။ တပ်ဆင်အာဏာရ လာခြင်းဖြစ်တယ်။

အထူးသဖြင့်၁၉၈၇ခုနစ်မှာဖြစ်ပေါ်ခဲ့တဲ့ငွေကြေးဂယက်ရိုက်မှုမှာ အာဏာရ ဒီမိုကရက်တစ်ပါတီက လူထုအကျိုး ကိုထိထိရောက်မလုပ်နိင်ပဲ ပညာတတ်နဲ့ မြို့ နေအသိုင်းဝိုင်း တွေကြားမှာ အချိန်ကုန်နေခဲ့တဲ့ အတွက်ဖြစ်တယ်။ ပါတီထိပ်သီး ခေါင်းဆောင်ပိုင်းတွေမှာလည်းလာဘ်စားမှုတွေရှိခဲ့တယ်။ လာဘ်စားမှုကြောင့် ပါတီ အတွင်းရေးမှုး ချုပ် ကိုယ်တိုင် နှုတ်ထွက်ပေး ခဲ့ရဘူးတဲ့ သာဓကတွေလည်းရှိပါတယ်။

ဒီမိုကရက်ပါတီအနေနဲ့ သူတို့ရဲ့ ပေါ်လစီပိုင်းဆိုင်ရာ အားနည်းချက်တွေကို ပြန်လည် မသုံးသပ် နိင်ဘူးဆိုရင် တော့ အခက်ခဲတွေနဲ့ အကြီးအကျယ်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ အဆိုးဆုံးချက်ကတော့ ၁၉၉၀ ၀န်းကျင် ဒီမိုကရက်ပါတီ အာဏာရတဲ့ အချိန်မှာပဲ စစ်အစိုးရကို အာဆီယံထဲကိုသွင်းနိင်အောင်လုပ်ပေးခဲ့တယ်။ God Army က ကရင်ရဲဘော်တွေ ထိုင်းဆေးရုံကို စီနင်းခဲ့တယ်။ လက်နက်ချပြီးမှာ အားလုံးကို ပြစ်သတ်ခံခဲ့ ရတာဟာ ထိုင်းဒီမိုကရက်ပါတီအာဏာရခဲ့ချိန်ဖြစ်ပါတယ်။ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ တော့ အဘီဆစ် အာဏာရလာတယ်ဆိုပေမဲ့ အကောင်းဖက်ကို သိပ်ပြီး မျှော်လင့်မထားနဲ့ ဦး ''ညောင်သီးလည်းစား လေးသမား လည်းကြည့် " ရမယ်။

မိုးသီးဇွန်




Rest of your post

ထိုင်းနိုင်ငံမှာ အသက်အငယ်ဆုံး ၀န်ကြီးချူပ်သစ်ကိုရွေးချယ်လိုက်ပြီ်


ထိုင်းနိုင်ငံ အသက်အငယ်ဆုံး ၀န်ကြီးချူပ်သစ် အာဘီဆစ် (Abhisit Vejjajiva) ) ကို
ဝန်ကြီးချူပ်ဟောင်းချွန်လင်ပိုင်း နှင့်အတူတွေ့ရစဉ်

-အောင်မိုး & ဂျေရာပွန်သော်မဆင်-

ထိုင်းပါလီမန်က ဒီနေ့ဘဲ ထိုင်းဝန်ကြီးချူပ်သစ်ကိုရွေးချယ်လိုက်ပါပြီ။ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အာ ဘီဆစ် (Abhisit Vejjajiva ) ဟာ စုစုပေါင်း မဲအရည်အတွက် ၄၃၁ မဲ အနက် ၂၃၅ မဲရရှိခဲ့တာကြောင့် သူဟာ ထိုင်းနိုင်ငံမှာ အသက် ၄၄ နှစ်ဖြင့် အငယ်ဆုံး နှင့် ၂၇ ကြိမ်မြောက် တာဝန်ထမ်း ဆောင်မည့် ၀န်ကြီးချူပ် ဖြစ်လာခဲ့ပါပြီ။ သူရဲ့ ပြိုင်ဘက် Puea Pandin ပါတီခေါင်းဆောင် ပရာချပရွန်နော့ က မဲ ၁၉၈ မဲသာ ရရှိခဲ့ပါတယ်။

ဘန်ကောက် နှင့် ထိုင်းနိုင်ငံတ၀ှမ်းလုံးရှိ လူငယ် တော်တော်များများ နဲ့ ပညာတက် လူလတ်တန်းစား တွေ ဟာ အခုရွေးချယ်တင်မြောက်လိုက်တဲ့ ၀န်ကြီးချူပ်သစ် အာဘီဆစ်ကို ချစ်ကြပြီး၊ အားကိုးမှုတွေရှိကြကြောင်း သိရှိရတယ်။ သူဟာ ထိုင်းနိုင်ငံ လူငယ်တွေရဲ့ အတုယူစရာ စံပြ လူငယ်ခေါင်းဆောင်တဦးဖြစ်တယ်။
အဂတိလိုက်စားမှုနှင့်မကင်းသည့် ထိုင်းနိုင်ငံရေးလောကတွင် အဂတိလိုက်စားမှု ကင်းသူအဖြစ် လူသိများသည်။ သူဟာ နိုင်ငံရေး အတွေ့အကြုံရှိသူတဦးလည်းဖြစ်ပြီး၊ အရည်အချင်းရှိတဲ့ လူငယ်ခေါင်းဆောင် တဦး အဖြစ် နာမည်ကျော်ကြားခဲ့ပါတယ်။ သူဟာ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီး၊ အင်္ဂလန် နိုင်ငံ နယူး ကတ်ဆဲလ် မှာ ၁၉၆၄ ခု သြဂုတ်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့တယ်။ သူ့မှာ အမ ၂ ယောက်ရှိ ပါတယ်။ သူ့၏ မိဘ နှစ်ဦးဟာ ဆေးပညာ ပါရဂူများဖြစ်ကြပြီး၊ ဖခင်သည် ကျန်းမာရေး ဒုတိယ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဘူးပါသည်။ သူဟာ အောက်စ်ဖို့တက္ကသိုလ် က နေ စီးပွားရေး၊ နိုင်ငံရေး၊နှင့် ဒဿနိကဗေဒ ဘာသာဖြင့် ဘွဲ့ရခဲ့ပြီး၊ စီးပွားရေး ဘာသာဖြင့် အဆင်မြင့်ဘွဲ့ကို အောက်စ်ဖို့တက္ကသိုလ် ကဘဲ ရယူခဲ့သည်။ ၁၉၉၀ ခုနှစ်မှ ရမ်ဂန်ဟန် တက္ကသိုလ် မှာ ရှေ့နေဘွဲ့ကိုလည်း ရယူခဲ့ပါသည်။ သူဟာ ဒေါက်တာ Pimpen Sakuntabhai ကို လက်ထပ်ခဲ့ပြီး ကလေး ၂ယောက် မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၉၀ ခုနှစ်မှာ နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်ခဲ့ပြီး၊ ဘန်ကောက် မဲဆန္ဒနယ် ကနေရွေးချယ်တင်မြောက်ခြင်းခံခဲ့ရပါသည်။ ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီ လ ကတည်းကစပြီး၊ ဒီမိုကရက် တစ်ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သူဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မှာ အရည်အချင်းရှိတဲ့ လူငယ်တဦး ကို ၀န်ကြီးချူပ်သစ် အဖြစ်ရွေးချယ်လိုက်ခြင်း ဟာ ထိုင်းလူငယ် တွေရဲ့အောင်ပွဲတခု ဖြစ်ပါတယ်လို့ ထိုင်းကျောင်းသားတချို့ က ပြောဆိုနေကြပါတယ်။ ထိုင်းပြည်သူ တွေနဲ့ လူငယ်တွေ ဟာ နိုင်ငံရေးလောကမှာကြာနေပြီး၊ ဘာမှ အလုပ်မလုပ်၊ အကျင့်ပျက်နေကြတဲ့ နိုင်ငံရေး ခေါင်းဆောင်အို ကြီးတွေကို တော်တော်စိတ်ပျက်နေကြောင်း ဖော်ပြနေတာပါလို့ တမာဆတ် တက္ကသိုလ်တွင် နိုင်ငံရေး ဘာသာရပ်ပညာသင်ကြားပို့ချနေသော ထိုင်း ပါမောက္ခတစ်ဦးက ပြောဆိုခဲ့ပါတယ်။



Rest of your post

ယုဇနပလာဇာ မီးလောင်ခြင်း။


ဒီနေ့ညနေ ၆နာရီလောက်က ယုဇနပလာဇာ အောက်ထပ် TRI Fashion လက်ကားဆိုင်နားမှာ မီးလောင်တယ် လို့ကြား ရပါတယ်။ ဆိုင်ခန်းလေးခန်းမီးထဲပါသွားပါတယ်။ ၀ါယာရှော့ခ်ကြောင့် မီးလောင်တာလို့သိရပါတယ်။ ယခု လတ်တလော ရက်တွေမှာ ရန်ကုန်မှာ မီးအရမ်းပျက်ပြီး လာချင်တဲ့အချိန်ပြန်လာ ပျက်ချင်တဲ့အခါ ပျက်တတ် တာမို့ မီးမပျက်ခင်ဖွင့်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေ ကို ပိတ်ဖို့ မေ့လျော့တတ်ကြပြီး မီးပြန်လာတဲ့အခါ ရှော့ခ် ဖြစ်ပြီး မီးလောင်တာမျိုးလို့ပြောသံကြားရပါတယ်။ခြောက်သွေ့တဲ့ ရာသီ လည်းရောက် လျှပ်စစ်မီး ကလည်း မမှန်တဲ့အတွက် မီးပျက်တဲ့အချိန်ဆို အစစအရာရာ သတိထားကြဖို့ လိုပါတယ်။ ဖယောင်းတိုင် ထွန်းတာ၊ ဟင်းချက် တာကအစ ဂရုစိုက်ဖို့လိုပါတယ်။မတော်တဆမီးလောင်ခဲ့ပြန်ရင်လည်း မြန်မာပြည် ရဲ့ထုံးစံအတိုင်း မီးသတ်ကား က ပြာကျမှပဲရောက်လာတတ်တာမို့ ခုလို အချိန်မျိုးဆို ပြည်သူတွေမှာ ရင်တထိတ်ထိတ် ဖြစ်နေကြရတတ် ပါတယ်။

regards

moethway
Generation Wave
Rest of your post

အောင်ပွဲ သတင်း

KNU တပ်မဟာ ၂ အောင်ပွဲသတင်း

ဒီဇင်ဘာ ၁ ရက်နေ့ နေ့လည်က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၂ ရင်း ၅ စစ်သည်တဦးက တောင်ငူမြို့နဲ့ သံတောင်မြို့သစ် (၁၃ မိုင်) ကားလမ်းပေါ်ရှိ တောင်ငူမှ ၈ မိုင်အကွာ ကျောက်တိုင်လမ်းခွဲမှာ လမ်းလုံခြုံ ရေးယူနေတဲ့ ခလရ ၄၈ တပ်စုကို အရက်မူးအောင်တိုက်ပြီး ဓားနဲ့ခုတ်ရာ နအဖ တပ်ကြပ်ကြီး ၁၊ တပ်ကြပ် ၁၊ ဒုတပ်ကြပ် ၁၊ တပ်ကြပ် ၁ နဲ့ တပ်သား ၅ ယောက်တို့ ထိခိုက်ဒဏ်ရာရ ထွက်ပြေးသွားကြပါတယ်။ (အသေအပျောက် မသိရသေး။) ကရင်စစ်သည်ဟာ ရန်သူ့ထံမှ အမ်-၇၉ ဗုံးပစ်လောင်ချာ တလက် ၎င်းဗုံးသီး ၁၀ လုံး၊ အမ်အေ-၃ ဒင်ခေါက် မောင်းပြန်ရိုင်ဖယ် (၂)လက် ၎င်းဘောက် ၂ ချပ် ၎င်းကျည် ၄၀ ထမ်းပြီး မိမိတပ်စခန်းသို့ ဘေးမသီရန်မခ ပြန်ရောက်လာခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက်က တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရှားစီးဘိုနဲ့ ပုံမူခီးကြား စင်းကြံကုန်းမှာ KNLA တပ်မဟာ ၂ က နအဖတပ် ခလရ ၁၄၉ ကို အမ်-၁၈ ရှေ့ထွက်မိုင်းပဒေသာနဲ့ ခြုံခိုတိုက်ခိုက်ရာ ရန်သူ ၄ ယောက်သေ ၇ ယောက် ဒဏ်ရာရသွားပါတယ်။ (မှတ်ချက်။ နင်းမိုင်းမဟုတ်)

ဒီဇင်ဘာ ၁၁ ရက်က တောင်ငူခရိုင် ဘောဂလိကြီးနဲ့ ဘိုဆာခီးကြား ကားလမ်းပေါ်မှာ KNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့တဖွဲ့က နအဖရိက္ခာကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းရိက္ခာကား ပျက်စီးသွားခဲ့ပါတယ်။
( အန်စီဂျီယူဘီ-ဘို)


Rest of your post

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ တပိုင်းတစ

Bo Letya, Bo Setkya and Bo Teza (Bogyoke Aung San) in Japan. (1941)
ဂျပန်ရောက် ဗိုလ်လက်ျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်တေဇ (၁၉၄၁)

ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ လိုက်ပါသွားသော ဗိုလ်ရန်အောင် ကိုယ်တွေ့ ပြောပြချက် ကို (အိုးဝေ မဂ္ဂဇင်းဂဏ္ဍ) တွင် ရေးသားဖော်ပြ သည်။ ကျည်ထောင် ဆရာစိန် ခေါ် စိန်မင်းသား ၏ ရေးသား ထားသည့်ဆောင်းပါး ဖြစ်ပါသည်။ စာဖတ်သူ အားလုံးလေ့လာနိုင်ရန် မှုရင်းအတိုင်း ပြန်လည်တင်ပြလိုက်ပါသည်။

( မောင်လူအေး)


သခင်အောင်ဆန်း နိုင်ငံခြားသို့ စွန့်ထွက်ပုံ


ခင်ဗျား မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် အသက်စွန့်ပြီး " နိုင်ငံခြား သွားရမယ် ဆိုရင် လိုက်နိုင်ပါ့မလား" ဟု သခင်လှဖေ(ယခု) ဗိုလ်လင်္ကျာ ကာကွယ်ရေးဝန်ကြီးဟောင်း က သံလျင် အလုပ်သမား အတွင်းရေးမှုး သခင်လှမြိုင် ကို မေးလိုက်၏။ အလုပ်သမား ကိစ္စ အရေးတော်ပုံကြောင့်၊ ထောင်ခဏ ခဏ ကျနေသော သခင်လှမြိုင် က "သွားမယ် လိုက်မယ်" ဟု ဂတိပေးလိုက်လေသည်။

အချိန်ကား ဒုတိယ ကမ္ဘာစစ် ပွဲထဲသို့ ဂျပန်ပြည် က မပါသေး။ အနောက် နိုင်ငံမှာ ခြိမ့်ခြိမ့်သဲမျှ တိုက်ပွဲ ဆင်ကြ လေပြီ။ တရုပ်လူမျိုး အပြည့်နှင့် တရုပ်ပြည်သွား သင်္ဘောပေါ်၌ တရုပ်လူမျိုးကဲ့သို့ ၀တ်စား ထားသော တရုပ်စကားမတတ်သည့် သခင်အောင်ဆန်း နှင့် သခင်လှမြိုင် တို့ ၎င်း သင်္ဘောပေါ် ၌ ပါဝင်လျက် ရှိရာ၊ ၃-ရက်ရှိပြီ။ စင်္ကာပူ ကိုလည်း ရောက်လုလု ဖြစ်သော အခါ ၊ သခင်လှမြိုင် က အနီး ရှိ စကားမပြော တုံဏှိ ဘောလုပ်နေသော သခင်အောင်ဆန်း အား - "အစ်ကိုကြီး ကျွန်တော်တို့ ဘယ်သွားလို့ ဘယ်ရောက်ကြမှာလဲ" ဟု မေးလိုက်သော အခါ၊ လုံးဝ စကားမပြောဘဲ အစဉ်သဖြင့် တွေဝေ စဉ်းစား နေရာက၊ "အသာနေစမ်းဗျာ၊ မမေးစမ်းနဲ့" ဟု မာန်လိုက်လေသည်။ သိချင်သူ သခင်လှမြိုင် အရှုံး ပေးရ၏။ စကားပြန်မပြောဘဲ နေမြဲနေလေသည်။

အုန်းသီးများ နှင့် အတူ သင်္ဘောစီးရခြင်း

ယင်းသို့လျှင် သင်္ဘောကြီး သွားမြဲ သွားနေရာ၊ စင်္ကာပူ ခံတပ်မှ လွတ်ပြီး တရုပ် ပင်လယ်သို့ ရောက်သွားတော့ လေရာ၊ ဆိုင်ကလုံ လေနီကြမ်းသည် ပြင်းပြင်းထန်ထန် တိုက်ခတ်သည်နှင့် သင်္ဘောကြီး ပုခက်လွှဲ သကဲ့သို့ ၂-နာရီ နီးပါးခန့် ကြုံရလေပြီ။ သင်္ဘောပေါ်ရှိ ကုလားထိုင် စားပွဲ ပစ္စည်း အမျိုးမျိုး ဂျွန်းထိုးမှောက်ခုန်၊ စီးနင်းသူတို့ လည်း ရပ်တည် မနေနိုင်။ ပုန်းစရာရှာမတွေ့ မူး၍ အံ၍ အော့ ၍ ပြော့ခွေတော့လေရာ၊ သခင်အောင်ဆန်း မှာ အုန်းသီးများ ထားသော အခန်းထဲ၌ သင်္ဘော မူးလျက် သတိမေ့လျော့ ပြော့ခွေ သွားတော့လေသည်။ သခင်လှမြိုင် က သင်္ဘောမမူးတတ်၊ သခင်အောင်ဆန်း၏ ကိုယ်ပေါ်၌ ကြွက်ငယ်များ လိုက်တန်းပြေးတန်း ကစားနေသလို ဖြတ်ကျော်နေသော အုန်းသီးများ ကို ဖယ်ပေးနေရတော့သည်။လေနီကြမ်း မရပ်မချင်း သခင်အောင်ဆန်း သင်္ဘောမူး မပျောက် အလူးအလဲ ခံနေရတော့လေသည်။

တဖန် စုံထောက် နာမည်ကျော်များ ပြည့်နှက်သော ဟောင်ကောင် သင်္ဘောဆိပ် မှ လွတ်ထွက်၍ ကောလုံစု ကျွန်းငယ်သို့ ရောက်၍ သင်္ဘော ပေါ်မှ ဆင်းလေရာ၊ ၎င်းကျွန်းသို့ ရောက်၍ သင်္ဘောပေါ်မှ ဆင်းလေရာ၊ ၎င်းကျွန်းသည် အမေရိကန်၊ အင်္ဂလိပ်၊ တရုပ်၊ ဂျပန် စသော နိုင်ငံ တို့ က ၇-ရက် တလှည့်စီ အုပ်ချုပ်ရသော ကျွန်းဖြစ်လေသည်။ ထိုနေ့က အင်္ဂလိပ် အုပ်ချုပ်ရသော အပါတ်ဖြစ်၍ အင်္ဂလိပ် အစိုးရက သခင်အောင်ဆန်း မိလျှင် ဆုငွေ ၅-ကျပ် ထုတ်ထားသော ၀ရမ်းပြေး ဖြစ်ရာ စိုးရိမ်ဘွယ် ဖြစ်သွားလေသည်။ ရှေ့တိုး နောက်ဆုတ် ခက်နေသည်၊ တရုတ်စကားမတတ်၍ တရုပ်လူမျိုးများ အနီးသို့ ယှဉ်မရပ်ရဲသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင် မှာ အိပ်ရာလိပ်သေတ္တာ ကိုဆွဲလျက် မရဲသော်လည်း ပြေးခဲစေဆိုသကဲ့သို့ ဟန်မပျက်နေ၍ သွားနေစဉ်၊ အစဉ်မပြတ်အကဲခတ်နေသော တရုတ်လူမျိုး ပုလိပ်တို့က မသင်္ကာ၍ ဘမ်းတော့လေသည်။ ဤသို့ အဘမ်းခံရသည် အထိ သခင်အောင်ဆန်း မှာ မတုံမလှုပ် သူတို့ခေါ်ရာသို့ လိုက်ပါမြဲ လိုက်ပါသွားလေရာ၊ အတူပါ သခင်လှမြိုင် မှာ အကြံအမျိုးမျိုး ထုတ်ရာမှ နောက်ဆုံး ပုလိပ်ကို ငွေ ၇၅-ကျပ်ပေးလိုက်မှ လွတ်ရတော့ လေသည်။

မဟောသဓာနည်းနှင့် ပြည်ကြီးသူများ ကိုမိတ်ဆက်ခြင်း


ကောလုံစု ကျွန်းပေါ်မှ တနေ့ ၄-ကျပ် ပေးရသော တရုပ်ဟော်တယ် ပေါ်၌ ခရီးလမ်း အစီအစဉ် မရှိ တည်းခိုနေရလေရာ၊ ၃-လခန့်ကြာသွား လေပြီ။ ပါလာသမျှ စရိတ်လည်း မရှိတော့ မြန်မာနိုင်ငံသို့ ပြန်၍ စရိတ်ငွေ ပြန်မှာသော အခါ၊ ထိုစဉ်အခါက သခင် အစည်းအရုံးဝင် မှန်လျှင် ငတ်သည် ပြတ်သည်၊ လူတိုင်းအထင်သေးနေသည်၊ စရိတ်ပေး ပို့ရန် မဖြစ်နိုင်ကြောင်း စာပြန်လာသည်။ ရှေ့အဘို့ မည်ကဲ့သို့ ကြံရပါမည်နည်း။ သခင်အောင်ဆန်း မှာ မူ ဟော်တယ် အခန်းထဲက မထွက်၊ စကားမပြော စာအုပ်ကြည့်၍ သာ နေထိုင်သည်။ စားစရိတ်မရှိ၊ စားစရာ မကျန် ၀တ်စရာ မရှိ၊ ဟိုသည် ကိုပင် မသိသလိုပင် နေထိုင်လေတော့ သည်။ သခင်လှမြိုင် မှာ နေ့စဉ် နေ့တိုင်း ငွေရရန် ရှာဖွေရလေရာ၊ နောက်ဆုံး အင်္ဂလိပ် စာပြ ဆရာ တလ ၃၀ိ- နှင့် အလုပ်တည့်လာသည်နှင့် အားရ၀မ်းသာ ဟော်တယ်သို့ ပြန်လာလေသည်။ သို့သော် အချိန်ကား ညနေ ၄-နာရီခန့်ဖြစ်၏။ ဟော်တယ် နှင့် မနီးမဝေး တွင် တရုပ်လူမျိုး ဖြူဖြူချောချော အပျိုကလေးမှာ နေ့စဉ်နေ့တိုင်း ကြည့်နေရာက ထိုနေ့မှာလည်း ကြည့်နေခိုက် ဖြစ်သည်နှင့် သခင်လှမြိုင် လည်း မနေနိုင် ပြန်၍ ကြည့်မိသည်။ နိုင်ငံရေးသမား ဖြစ်နေသည်နှင့် စတင်ရန် ခက်နေရာက လက်မောင်းကြွက်သား ကို ထုတ်ပြလိုက်၏။ အပျိုကလည်း ပြုံးရယ်၍ ကြည့်နေ၏။ ခဏကြာသည်အထိ ဖြစ်ရာ၊ သခင်လှမြိုင် မှာ သခင်အောင်ဆန်း၏ အိနြေ္ဒ မူလ သိက္ခာ ကို ချစ်ကြောက် ရိုသေခဲ့ရသည့် အတိုင်း အိနြေ္ဒဆည်၍ အခန်းထဲသို့ ကျောင်းသားကလေးက ဆရာကို ကြည့်ရှုရှာဖွေ သလို ကြည့်မိသောအခါ၊ သခင်အောင်ဆန်း မှာလည်း ပြူတင်းပေါက် မှ ရပ် ၍ (မာဆယ်) လက်မောင်းကြွက်သားကို ထုတ်ပြနေကြောင်း ဘွားကနဲ တွေ့ရလေသည်။ သခင်လှမြိုင် မှာ ပါးစပ်ပိတ်၍ မျက်လုံးပြူးပြီး အံ့အားသင့်သွားကာ ခဏချင်းပင် သြော်....ငြီးငွေ့လွန်းလို့ ထင်ပါရဲ့ ဟု ကြိတ်မှိတ်၍ မပြောဝံ့ မပြုဝံ့ မျိုသိပ်နေရလေသည်။ တရုပ်မလေးကား ပြုံးမြဲ ပြုံးလျက်ပင်။

ထို့နောက် ရှမ်းဟဲမြို့ ၊ ၎င်းမှ ဖော်မိုဆာ ကျွန်း က တဖန် ဂျပန်ပြည် ယိုကိုဟာမမြို့ သို့ ရောက်ကြသောအခါ၊ တိုကျိုသို့သွားရန် လေယာဉ်ပျံ ကွင်းသို့ ရောက်ပြီး ထိုအချိန်၌ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်မှာ၊ ဂျပန်လူမျိုးအ၀တ်အစားနှင့် ဖော်မိုဆာ ကျွန်းမှ စီမံပေးလိုက်ပြီး လေယာဉ်ပျံ စီးအံ့ဆဲဆဲ တွင် ဂျပန် ပုလိပ်တို့က ဆွဲပြန်ပြီး၊ ပုလိပ်စခန်းသို့ ခေါ်သွားပြီးလျှင်၊ ပုလိပ်များက ဂျပန်ဘာသာဖြင့် မေးရာ၊ မေးမရသည် နှင့် အင်္ဂလိပ် ဘာသာဖြင့် - "ခင်ဗျားတို့ ဘယ်သွားမလဲ" သခင်အောင်ဆန်းမှာ အိနြေ္ဒ နှင့် ကျုပ်တို့ တိုကျိုသွားမလို့" "ခင်ဗျားတို့ ဘယ်သူ့ဆီ သွားမလို့လဲ" "မီနံမီ ဆိုတဲ့ မိတ်ဆွေဆီ သွားမလို့" ထိုအခါ သခင်အောင်ဆန်း၏ အမူအရာ မထူးခြားသော်လည်း သခင်လှမြိုင် မှာ အထူး စိုးရိမ် သွားလေသည်။ တိုကျိုမြို့  က မီနံမီ တွေ့ချင်လို့ အဖြေသည် ရှေ့အဖို့ အဆင်မပြေနိုင်။ လမ်းနံပါတ်၊ အိမ်နံပါတ်၊ အလုပ်အကိုင်၊ ရာထူးမသိ၊ မီနံမီ ဆိုသူကိုလည်း မမြင်ဘူး ဖြစ်နေတော့လေရာ ၊ အမှန်စိတ်ရှုတ် ဘွယ် ဖြစ်နေလေသည်။ ပုလိပ်တို့က ဖုံးဆက်လိုက်လေ သောအခါ၊ ကံအားလျော်စွာ မီနံမီ ဆိုသူကို တွေ့လာပြီး စကားပြန်လာ၏။ သွားခွင့်ရပြီး တိုကျိုသွား လေယာဉ်ပျံပေါ်၌ ပြုစု နေသော ဂျပန်မလေး ချောချော မှာ၊ အလွန်သဘောကောင်း အစစကြည်နှုးစရာ ဖန်တီးနေသောအခါ၊ သခင်လှမြိုင်မှာ အလွန်ပျော်ရွှင်သွားလေသည်။ ကြောက်ချစ် ရိုသေ ရှိရသော သခင်အောင်ဆန်းကို အကဲခတ်သော အခါမှာလည်း အုံ့ပုန်းကြီး သခင်အောင်ဆန်းမှာ ပြုံးပြုံး ကြီး ခဏခဏ ဖြစ်နေလေသည်။

ဗိုလ်ချုပ် ဘိနပ် စွပ်ပေးသည့် ၀န်ကြီး


ဟိုင်နံကျွန်း၌ စစ်ပညာသင်ကြပြီး၊ ရဲဘော်သုံးကျိပ် ၀င်များ စုံလင်ကြပြီ။ ဂျပန်စစ်ပညာသည် အလွန်ကြမ်း၊ အလွန်ဆန်း၊ အထူးအံ့မခန်းတွေ ပြည့်နှက်လျက်ရှိရာ၊ သခင်အောင်ဆန်းမှာ အလုံးအရပ် ပြတ်ပြတ်ပင် ဖြစ်ရာ၊ နုနယ်သည် ဟု ဆိုထိုက်လေရာ၊ ရဲဘော်တို့ အထဲ နံပါတ် ၁ စွဲနိုင်ပါ့မလား စုံစမ်းကြည့်သောအခါ၊ သခင်အောင်ဆန်းမှာ ရဲဘော်တို့ အထဲတွင် စစ်ဆင်းစစ်တိုက်၊ သတ္တိဗျတ္တိ၊ အကြံဥာဏ် ထူးချွန်လျက်ပင် ဖြစ်ကြောင်း သိရလေသည်။ ဗိုလ်မင်းခေါင် (ယခင် ထူထောင်ရေးဝန်ကြီး) သည် ရဲဘော်သုံးကျိပ်တို့ အထဲတွင် အငယ်ဆုံး ဖြစ်ရာ၊ ညီအငယ်ဆုံးကို အစ်ကိုကြီးက ယုယနည်းဖြင့် သခင်အောင်ဆန်းသည် ယုယနိုင်၏။ အလိုဖြည့်နိုင်၏။

စစ်ပညာတတ်မြောက်၍ ဂျပန်လည်း ဒုတိယကမ္ဘာစစ်ပွဲထဲသို့ ပစ်ဝင်သောအချိန် သခင်အောင်ဆန်းခေါ် ဗိုလ်တေဇ ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်တို့ ယိုးဒယား ဆိုက်ရောက်ကြပြီး ဘီ-အိုင်-အေ တပ်ဖွဲ့များ တည်ထောင်ရန် အထူး စိုင်းပြင်း နေသော အချိန် ဖြစ်လေ၏၊ တနေ့သော အခါ၊ အလွန် စကားနည်းလှသော ဗိုလ်အောင်ဆန်း မှာ အစည်းအဝေး သို့ သွားရန် မေ့သယောင်ယောင် ဖြစ်နေခိုက် ဗိုလ်မင်းခေါင်က -"အစ်ကိုကြီး အစည်းအဝေးရှိတယ် စကားပြောရမယ်" ဟု သတိပေးလိုက်မှ "အေး-ဟုတ်လား" အနည်းငယ်လှုပ်ရှားလာလေသည်။ အင်္ကျီဝတ် ဘောင်းဘီစွပ် ဒါးကိုချိပ် ဘိနပ်ကို စီး၍ ဗိုလ်မင်းခေါင်နှင့် တွဲ၍အစည်းအဝေး သို့ လာသောအခါ၊ လမ်းတလျှောက်တွင် ဗိုလ်အောင်ဆန်း၏ ဒါးသည် တလမ်းလုံး တရှောရှောနှင့် ဒရွတ်တိုက် နေလေသည်။ ဗိုလ်မင်းခေါင် ငုံ့ကြည့်မှ "ဟာ-အစ်ကိုကြီး ဒါးချိတ်၊ မဟန်သေးပါဘူး၊ ပြင်ချိတ်ပါအုံး" ဟု ပြောပြီး ပြင်ချိတ်ပေးရ၏။ တဖန် ဗိုလ်မင်းခေါင်က အင်္ကျီကို လိုက်ကြည့်မိရာ၊ အင်္ကျီကြယ်သီး ပြောင်းပြန် တပ်ထားသည်နှင့် ပြင်ဆင် တပ်ပေးရ ပြန်၏။ သို့နှင့် ခရီးအတန်ရောက်သောအခါ ဗိုလ်အောင်ဆန်း က - "ညီလေးရာ ငါ့ဘိနပ် ကြပ်နေတယ်- ဘာပြုလို့လဲ" မေးလိုက်ရာ ဗိုလ်မင်းခေါင် ဘိနပ်ကို ကြည့်သော အခါ၊ ဗိုလ်အောင်ဆန်း စီးထားသော ဘိနပ်သည် ဘယ်နှင့်ညာ လွဲနေသည်ကို တွေ့ရသည်နှင့် ပြန်ချွတ်၍ ပြန်ဝတ်ပေး လိုက်ရလေသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၅၁) မှ ကောက်နုတ်တင်ပြပါသည်။

Rest of your post

ဖိနပ်နဲ့ ပစ်ပေါက် နုတ်ဆက်ခြင်းခံလိုက်ရသော သမ္မတ ဂျော့်ဘုရှ် ၏ အီရတ် နောက်ဆုံးခရီးစဉ်








(ကြားဖြတ်သတင်း)

-ကိုရဲ-

အမေရိကန် သမ္မတ ဂျော့်ဘုရှ် အီရတ်ကို ရုတ်တရက် အလည်သွားခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အီရတ်လူမျိုး သတင်းထောက်က သူ့ဖိနပ်ကို ချွတ်ပြီး ဘုရှ်ကို ပစ်ပေါက်ခဲ့ပါတယ်။ ဘုရှ်က အမြန်ရှောင်လိုက်တဲ့ အတွက် လွတ်သွားတယ်။ သတင်းစာရှင်းလင်းပွဲက ရုတ်ရုတ်သဲသဲဖြစ်သွားပါတယ်။ လုံခြုံရေး များက ဖိနပ်နဲ့ ပစ်ပေါက်တဲ့ သတင်းထောက်ကို ဖမ်းချုပ်လိုက်ကြပါတယ်။ သူ့ကို ပစ်ပေါက်တဲ့ ဖိနပ်နံပါတ်က ၁၀ ဖြစ်ပါတယ်လို့ ရယ်ပြီး ပြောဆိုသွားပါသေးတယ်။ သမ္မတဂျော့ဘုရှ်ကတော့ ဒါဟာ လွတ်လပ်တဲ့ လူအဖွဲ့ စည်း ဖြစ်လာလို့ ခုလို ဆန်ကျင်မှုမျိုးလုပ်နိင်တာပါလို့ သူ့အမြင်ကို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတယ်။ ဒါဟာ အီရတ်နိုင်ငံ ဒီမိုကရေစီရရှိရေး၊ လွတ်လပ်ရေး အတွက်တော့ အဓိက အောင်မြင်မှုတခုပါပဲလို့ ဆိုတယ်။ ဒီလို ဆန်ကျင်မှုတွေကတော့ အထူးဆန်းတော့မဟုတ်ပါဘူး။ ဒီမိုကရေစီရှိတဲ့ နိင်ငံတွေမှာ သမ္မတတွေ၊ နိုင်ငံ ခေါင်းဆောင်တွေကို ဝေဖန်ခြင်းတွေ၊ ဆန်ကျင်ဆန္ဒပြမှုတွေကို ပြုလုပ်နိင်ပါတယ်။ သမ္မတ ရော်နယ်ရီဂင် တုန်းကတော့ ရေတခေါင်းနဲ့ ပစ်ပေါက်ခြင်းခံခဲ့ရတယ်။ ဗြိတိန်ဝန်ကြီးချူပ်အပါအ၀င် အနောက်နိုင်ငံ ခေါင်းဆောင် တော်တော် များများ ဟာ ကြက်ဥတွေ၊ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ခြင်း ခံရတယ်။ အမေရိကန် သမ္မတ ဂျော့်ဘုရှ် ကတော့ သူရဲ့ အီရတ်ခရီးစဉ်မှာ ဒီထက်ဆိုးတဲ့ ဆန်ကျင် တိုက်ခိုက် မှုမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ။

အာဏာရှင် နိုင်ငံတွေမှာတော့ ဒီလို ဆန့်ကျင်တိုက်ခိုက်ခံရမှုမျိုး အမတန်မှရှားပါးပါတယ်။ အာဏာရှင်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဦးနေ၀င်း ကားတန်း လွှတ်တော်ရုံးအနီဖြတ်သွားစဉ် သရက်ပင်ပေါ်က ကလေးငယ် တဦးဟာ လက်ချောင်း ဖြင့် သေနတ်လို ချိန်ရွယ် ပြသခဲ့မှုကြောင့် ထောက်လှမ်းရေးမှ လမ်းမပေါ်မှာတင် ရိုက်နှပ်ပြီး၊ ခေါ်ဆောင်သွားခဲ့တာ မြင်ဘူးတယ်။








Rest of your post

ခေါင် တခြမ်းနဲ့ အိမ်


ဘယ်ကိုသွားမှာလဲ
ဘယ်နစ်ရက်ကြာမှာလဲ
မေမေမေးခွင့်မရလိုက်ဘူး။

ဖေဖေမုန့်ဝယ်ခဲ့နော်
ယမ်းသေနပ်ဝယ်ခဲ့နော်
ကျနော်တို့မှာခွင့်မရလိုက်ဘူး။

ကျောပိုးအိပ်ကြီးထဲ
တမိသားစုလုံးရဲ့
ရှိသမျှပျော်ရွှင်ခြင်းတွေကို ချွတ်ယူခေါက်ထည့်ပြီး
တမိသားစုလုံးရဲ့
သီးပွင့်သမျှ ရယ်သံတွေကို ရိတ်သိမ်းယူသွားခဲ။့

ကုန်းပေါ်ပစ်တင်ခံရတဲ့ငါးတွေလို
ပက်လက်လှန်ခံရတဲ့လိပ်တွေလို
ကျနော်တို့ လမ်းကွေ့ကကြမ်းလွန်းတယ်
ချိုင်းထောက်တဖက်
ကပျာကယာ တပ်ဆင်လိုက်ရတဲ့ 
ခြေတဖက်ပြတ်လူလို ကျနော်တို့ အဖြစ်။
ညနေခင်းတွေဆို
တယောက်ဒဏ်ရာတွေ
တယောက်ခင်းကျင်းပြကြတဲ့

မိသားစုစကားဝိုင်းလေးတွေလည်း
ကြယ်မစုံတော့တဲ့ကောင်းကင်လို

မိုးကျော်ဇင်


အကျဉ်းစံရဲဘော် မိသားစုများ ၏ခံစားချက်များ.....

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.