Thursday, December 18, 2008

[Road to Freedom] 1 New Entry: ချစ်ခြင်းဖြင့် ကမ္ဘာမြေစိမ်းလန်းစေ

ချစ်ခြင်းဖြင့် ကမ္ဘာမြေစိမ်းလန်းစေ

အလင်းရောင်ရှိရာအရပ်ကိုသွားဖို့
'ချစ်ခြင်း' နဲ့တံတားခင်းမှဖြစ်မယ်

သွေးစွန်းလက်တွေနဲ့
ဥယာဉ်ကိုပျိုးသူတို့

တစ်သက်မှာ တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ်
ကောင်းမွန်တဲ့စိတ်ဓါတ် အထမြောက်ရှင်သန်ပါစေ

လူ့ဘ၀ဆိုတာ
မျှော်လင့်ချက်တစ်စုံတစ်ခုနောက်
တကောက်ကောက်လျှောက်လိုက်နေရတာမျိုး

ဧရာဝတီ မြစ်ကြီးမဖြစ်ရင်လည်း
မိုးနည်းရပ်ဝန်းက ရေချိုတွင်းလေးတစ်ခုလောက်ဖြစ်ရင်
တင်းတိမ်ကြေနပ်လိုက်ပါ အချစ်ရယ်

မီးစက်ကြီးမှမဟုတ်ပါဘူး
ဖရောင်းတိုင်မီးအလင်းရောင်လောက်ဆို
အမှောင်ခန်းထဲမှာ အလုပ်ဖြစ်လောက်ပါတယ်

စိတ်ထဲရှိတဲ့အတိုင်း
ထုတ်ဖော်ပြောဆိုလိုက်ခြင်းနဲ့
ရိုးသားခြင်းဂုဏ်သိက္ခာကို
ထိမ်းသိမ်းလိုက်ကြပါစို့

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
ခေါင်းမာပြီးမာနကြီးသူတွေ
ကြံရည်ဖန်ရည်မရှိသူတွေ
အလုပ်မဖြစ်လောက်ပါဘူး

လိမ္မာပါးနပ်မူဆိုတာလည်း
အလေ့အကျင့်တစ်ခုပဲပေါ့
အထွေထွေသဟဇာတဖြစ်မူတွေနဲ့
ဒီနေ့ကမ္ဘာကြီးကို တည်ဆောက်ထားတယ်

ကိုယ်တို့နားလည်ထားတဲ့ လူ့ဘ၀ဆိုတာ
အပြဌာန်းခံလိုက်ရတာပါပဲကွယ်
လိင်အလုပ်သမလေးတစ်ယောက်ကျတဲ့
မျက်ရည်တစ်ပေါက်ချင်းမှာ
အရှက်နဲ့သိက္ခာတရားတွေ
မီးတစ်စလိုလောင်ကျွမ်းနေကြတယ်

မနက်ဖြန်အကြောင်းကြိုမသိလို့
မုန်တိုင်းမိသွားသူတွေရှိတယ်
မနက်ဖြန်အကြောင်းကြိုသိလို့
အလုပ်ဖြစ်သွားသူတွေရှိတယ်

ငါတို့ရင်သွေးတွေလက်ထက်မှာ
သိက္ခာရှိစွာရှင်သန်ပါစေ
ငါတို့ကလေးတွေကို
ဆိုးမွေတွေမပေးပါနဲ့တော့

နောင်တစ်ချိန်မှာ
ယာထွက်သီးနှံတွေ ဖူလုံကြွယ်ဝဖို့
မြေဆီမြေနှစ်တွေ အလေအလွင့်မဖြစ်ဖို့
သဘာဝအမွေအနှစ်တွေ ထိမ်းသိမ်းစောက်ရှောက်ဖို့
ကလေးတွေလွတ်လွတ်လပ်လပ်ရှင်သန်နိုင်ဖို့
ငါတို့ဟာ ချစ်ခြင်းနဲ့ခင်းတဲ့ တံတားတစ်စင်းပါ အချစ်ရယ်
အဲဒီ တံတားကို နင်းဖြတ်ပြီး
အနာဂတ်ခေတ်ထဲ ရဲရဲ သွားရမယ်

ကမ္ဘာမြေ လွတ်မြောက်ဖို့အတွက်
လူတစ်ချို့ကို သတ်လိုက်ရတာ တရားပါတယ်

အကြိမ်တစ်ရာမြောက်လဲကျခဲ့ရင်လည်း
ကြိုးစားပြီး ပြန်ထလိုက်ပါ
ငါတို့ ချစ်ခြင်းနဲ့ ကမ္ဘာမြေ စိမ်းလန်းရမယ်….။……။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.