Tuesday, January 6, 2009

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: အန္တရာယ်နှင့် ရင်ဆိုင်ရသော အခါ ...

အန္တရာယ်နှင့် ရင်ဆိုင်ရသော အခါ ...

အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ နီးလာလေလေ ကျနော်တို့အတွက် ရင်ဆိုင်ရဲမယ့် ပြင်ဆင်မှုဟာ အရေးကြီးလေလေပါ။


ဘဲမာမီဟာ သူရဲ့ ဘဲငယ်လေးတွေနဲ့ အတူ ရေကန်မှာ ရေကစားဖို့ ထွက်လာကြတယ်။ ဘဲကလေးတွေကတော့ ပျော်လို့ ပါးလို့။ တဂတ်ဂတ်နဲ့ အော်မြည်းပြီး ဘဲမေမေရဲ့ အနောက်ကနေ ထပ်ကြပ်မကွာ လိုက်နေကြတယ်။ ရေကန်နဲ့ မနီးမဝေး တစ်နေရာ အရောက်မှာ ဘဲမေမေဟာ အန္တရာယ်ကို လှမ်းမြင်လိုက်တယ်။ အေးပေါ့လေ။ သားသမီးတွေ အန္တရာယ်ကင်း ဘေးရှင်းဖို့ ပတ်ဝန်းကျင်ကို အမြဲ အကဲခတ်နေရမှာ မိဘတွေရဲ့ တာဝန်ပဲ မဟုတ်လား။ မြေခွေးတစ်ကောင် မနီးဝေးကနေ ချောင်းနေတာ မြင်လိုက်ရတဲ့ ဘဲမေမေဟာ သူရဲ့ ကလေးတွေကို သတိပေး အချက်ပြလိုက်ပြီး ရေကန်ရှိရာကို အမြန်သွားစေတယ်။ ဘဲငယ်လေးတွေကလည်း အမြန်အမြန် ပြေးကြတော့တာပေါ့။ ဘဲမေမေက စဉ်းစားလိုက်တယ်။ အခုအချိန်သာ မြေခွေး အနောက်က အတင်းလိုက်ရင် သူ့ကလေးတွေ ရေကန်ကို အမှီရောက်နိုင်မှာ မဟုတ်ဘူး။ ရေကန်ထဲ ရောက်သွားရင်တော့ လုံးဝ စိတ်ချရပြီ။ အဲဒီမှာ ဘဲမေမေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ဘဲမေမေရဲ့ အပြုအမူဟာ အင်မတန်မှ အံ့သြချီးကျူးဖို့ ကောင်းတဲ့အပြင် ကျနော်တို့ လူသားတွေအနေနဲ့ အတုယူသင့်ပါတယ်။

ဘဲမေမေဟာ ဘဲငယ်လေးတွေနောက် မလိုက်ဘဲ အနောက်မှာ ချန်နေခဲ့လိုက်တယ်။ နောက်ပြီး အတောင်ပံတစ်ဖက်ကို မြေကြီးပေါ် ဖြန့်ခင်းချပြီး ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နဲ့ ပတ်ချာလည် ရမ်းနေတော့တယ်။ မြေခွေးက ဘဲမကြီးကို မြင်တဲ့အခါ သူ တွေးလိုက်တဲ့ အတွေးက ဒီဘဲတော့ အတော်လေး ထိထားပုံပဲ ကောင်းကောင်းတောင် ပြေးနိုင်မှာ မဟုတ်ဘူး။ အခုတောင် ပတ်ချာလည် အီနေတယ် လို့ ထင်လိုက်မိတယ်။ ထင်ရမယ်လေ။ တမင်တကာ အဲဒီလို ထင်အောင် လုပ်လိုက်တာပဲ။ ဘဲမေမေဟာ အတောင်ပံကြီး ဖြန့်ပြီး ယက်ကန်ယက်ကန်နဲ့ ရေကန်ဘက်ကို ဆန့်ကျင်ပြီး သွားနေတော့တယ်။ အဲဒီအချိန်မှာ မြေခွေးက စားကံကြုံတော့ မုတ်ဆိတ်ပျားဆွဲတယ် ဆိုတဲ့ အတွေးနဲ့ အနောက်ကနေ အသာလေး လိုက်လာတယ်။ ဘဲငယ်လေးတွေ ကန်ထဲ ရောက်လောက်ပြီ ဆိုတဲ့ အချိန်မှာတော့ ဘဲမေမေဟာ ထပြန်ပြီး ကန်လည်ခေါင်ကို ဆင်းသက်လိုက်တယ်။ အဲဒီလို လုပ်လိုက်တော့ ဘဲမေမေကော ဘဲငယ်လေးတွေပါ တစ်ကောင်မကျန် အားလုံး အန္တရာယ်ကင်းစွာနဲ့ ရေထဲမှာ မြူးတူး ပျော်ပါးနိုင်တော့တယ်။

xxxxxx ဝဝဝဝဝဝ xxxxxx

အန္တရာယ်ကို ကြုံလာပြီ ဆိုရင် ကိုယ့်ရှိတဲ့ ခွန်အားကို အပြည့်ထုတ်သုံးပြီး ခုခံနေမယ့်အစား ဦးနှောက်ကလေး လွှာသုံးလိုက်ပါ။ ရှိရင်းစွဲ စွမ်းအင်ကို ချိုးနှိမ်လိုက်ခြင်းအားဖြင့် ရန်သူရဲ့ အထင်သေးမှုကို ရယူနိုင်ရင် ကျနော်တို့ တစ်ချီ နိုင်သွားပါပြီ။ လိုအပ်လာပြီ ဆိုရင်တော့ ခွန်အားကို အစွမ်းကုန် ထုတ်သုံးလိုက်နိုင်ရင် အန္တရာယ် နှုတ်ခမ်းဝက လွတ်မြောက်နိုင်မှာပါ။

အန္တရာယ်တွင်းထဲ ကျရောက်နေပြီ ဆိုတဲ့အခါ အရေးအကြီးဆုံးက အခွင့်အရေးကို မြင်တတ်ဖို့ပါ။


ည သန်းခေါင်ယံ လူတွေအားလုံး အိပ်မောကျနေတဲ့ အချိန်လောက်မှာ ညီးသံလိုလို အော်သံလိုလို တစ်ချက်ချက် ထွက်ပေါ်လာတော့ လယ်သမားကြီး ခမျာ ဆက်မအိပ်နိုင်တော့ဘဲ အိပ်ရာထဲက ကုန်းထပြီး အသံကြားရာ လယ်ကွင်းထဲကို ထွက်ကြည့်လိုက်မိတယ်။ အသံထွက်တဲ့ နေရာကို မှန်းစမ်းမှန်းစမ်းနဲ့ လျှောက်ရင်း ရေတွင်းပျက်နား ရောက်လာတော့မှ အသံက ရေတွင်းပျက်ထဲက ထွက်လာမှန်း သိလိုက်ရတယ်။ မီးခွက်နဲ့ ရေတွင်းပျက်ထဲ ကြည့်လိုက်တယ်။ မြည်းတစ်ကောင် တွင်းထဲကျပြီး အပီအပြင် ငြီးနေတာ တွေ့လိုက်တော့ အတော်လေး စိတ်ပျက်လက်ပျက်နဲ့ ပြန်ဝင်သွားတယ်။ ငါတစ်ယောက်တည်းလည်း ဘာမှ မလုပ်နိုင်ဘူးဆိုပြီး အိပ်ရာထဲ ပြန်ဝင်အိပ်နေလိုက်တယ်။ မြည်းခမျာတော့ ရေတွင်းပျက်ထဲကနေ တစ်ညလုံး ငြီးငြူနေတော့တယ်။

လယ်သမားကြီးက ဒီလို စဉ်းစားတယ်။ ရေတွင်းထဲ ကျနေတဲ့ မြည်းကလည်း ငါ့အတွက် ဘာမှ အသုံးမဝင်ဘူး။ ရေတွင်းပျက်လည်း ဘယ်လိုမှ အသုံးမတည့်တော့ဘူး လို့ တွေးတယ်။ ဒီတော့ လယ်သမားကြီးဟာ ရွာသားတွေကို ခေါ်ပြီး ရေတွင်းပျက်ကြီးကို ဖို့ခိုင်းတော့တယ်။ နှစ်ခုလုံး အသုံးမတည့်မယ့်အတူတူ ဖို့ပစ်ပေါ့။ လူတွေ အများကြီး ရောက်လာတော့ မြည်းက ပျော်သွားတယ်။ သူတွေးလိုက်တာက သူ့ကို ကယ်ကြတော့မယ်ပေါ့။ ဒါပေမယ့် သူ့အပေါ်ကို မြေကြီးခဲတွေ၊ ကျောက်ခဲတွေ ကျလာတော့ သူအတော် စဉ်းစားရကြပ်သွားတယ်။ နောက်တော့ သူ သိလိုက်ပြီ။ သူ့ကို အရှင်လတ်လတ် မြေမြှုပ်ပစ်ကြတော့မယ်ဆိုတာ။ သူ အတော်လေး သွေးခဲသွားတယ်။ သူ သေရတော့မယ်လို့ တွေးလိုက်မိတာကို။ သူ ထင်ထားသလို လူတွေက သူ့ကို မကယ်တဲ့အပြင် အရှင်လတ်လတ်တောင် မြှုပ်ဖို့ လုပ်နေကြပြီကိုး။ ခဏလေး ငိုင်ကျသွားပြီး သူ အကြံတစ်ခု လင်းခနဲ့ သူ့ဦးနှောက်ထဲ ရောက်လာတယ်။ ကျနော်တို့ လူသားတွေအတွက် အတုယူစရာပါ။

သူ့ကျောပေါ်ကို ခဲလုံးတွေ မြေကြီးတွေ ကျကျတာ မနာဘဲ ဘယ်နေမလဲ။ နာကျင်မှုအတွက် ငိုကြွေးနေမလား။ သူ ဒီလမ်းကို ရွေးလို့ရတယ်။ ယူပါကယ်ပါ ဆိုပြီး နာကျင်မှုအတွက် ငြီးငြူနေမလား။ ဒါ သူလုပ်နိုင်တဲ့ နောက်ထပ်တစ်နည်း။ ငိုနေလည်း အပိုပဲ၊ ငြီးနေလည်း အပိုပဲလို့ တွေးပြီး သေဖို့ပဲ စောင့်နေတော့မလား။ ဒါလည်း သူ ရွေးချယ်လို့ရတယ်။ ဒါပေမယ့် ဒီထက် ပို လက်တွေ့ကျတဲ့ အလုပ်ကို သူ ရွေးချယ်ခဲ့ပါတယ်။ ကျောပေါ်ကျလာတဲ့ ကျောက်တွေနဲ့ နာကျင်မှုတွေကို သူ လစ်လျူရှုနိုင်ခဲ့တယ်။ ကျောပေါ် တင်လာတဲ့ မြေကြီးခဲတွေကို ခါချပစ်လိုက်တယ်။ နောက်ပြီး မြေကြီးပုံပေါ် ခြေတစ်လှမ်း တက်လိုက်တယ်။ အဲဒီလိုနဲ့ "ခါချ၊ တစ်လှမ်းတက်" "ခါချ၊ တစ်လှမ်းတက်" ရင်း နောက်ဆုံးတော့ သူဟာ ရေတွင်းအဝကို ရောက်လာခဲ့တယ်။ ဒီလိုနဲ့ မြည်းဟာ အသက်ဘေးကနေ လွတ်သွားတယ်။

xxxxxx ဝဝဝဝဝဝ xxxxxx

အန္တရာယ်နဲ့ ထိပ်တိုက် ရင်ဆိုင်လာရပြီ ဆိုရင် ဘယ်သူမဆို နာကျင်မှုကို အရင်ဆုံး ခံစားရမှာပါ။ နာကျင်မှုပြီး နာကျည်းမှုရှိလို့သာ အန္တရာယ်လို့ ကင်ပွန်းတပ်ကြတာပဲကို။ အများစုဟာ အန္တရာယ်ကြုံလာပြီ ဆိုရင် သူတို့ရဲ့ အာရုံစူးစိုက်မှုဟာ နာကျင်မှုမှာပဲ အပြည့်ထားတော့တယ်။ ဒီတော့ နာကျင်သတဲ့ နာကျင်ဖို့ပဲ ရှိတော့တာပေါ့။ သူတို့ နာကျင်မှုကို ခါချဖို့ လုံးဝ မေ့လျော့နေကြတယ်။ အဲဒီ နာကျင်မှုကို ခါချနိုင်မှ အခွင့်အလန်း ဆိုတာ ပေါ်လာမှာပါ။ ပေါ်လာတဲ့ အခွင့်အလန်းကို အမိအရ ဆုတ်ကိုင်ပြီး တစ်လှမ်းချင်း ဖြတ်လျှောက် သွားနိုင်မယ်ဆိုရင် ကျနော်တို့တတွေ ပြန်ပြီး နလန်ထလာနိုင်မှာပါ။ တစ်ခါတလေမှာ ကိုယ့်ရဲ့ အနောက်က မီးလုံးကြီး လိုက်လာတယ်ဆိုပြီး အသားကုန် ပြေးလို့ လမ်းအဆုံးရောက်မှ အော် ... ငါလျှောက်လှမ်းရမယ့် ဘဝလမ်းအတွက် မီးမောင်းထိုးပေးခဲ့တာပါလား ဆိုတာ သိလိုက်တဲ့ အချိန်တွေလည်း ရှိကောင်းရှိမှာပါ။

ဘာပဲဖြစ်ဖြစ်လေ။ အန္တရာယ်၊ အခက်အခဲ၊ ပြဿနာဆိုတာ ဘဝရှိနေသရွေ့ ကင်းလွတ်မှာ မဟုတ်လေတော့ ဘယ်လို ကျော်လွှားမလဲ ဆိုတဲ့ Risk Management ဟာ သိပ်အရေးကြီးတယ်လို့ ယူဆမိတာကြောင့် အတွေးပွားပြီး သိတာလေးတွေ ချေးငှားပေးလိုက်ပါတယ်။

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.