Tuesday, January 6, 2009

[Maya Magazine] 1 New Entry: သခင်ကိုယ်တော်မှိုင်းနှင့် အတူနေခဲ့ရသောရက်များရေးသူ- ဒဂုန်တာရာ

သခင်ကိုယ်တော်မှိုင်းနှင့် အတူနေခဲ့ရသောရက်များရေးသူ- ဒဂုန်တာရာ

(၁)
၁၉၆၇ ဖေဖော်ဝါရီလ ၅ ရက်၊ အင်းစိန်မှထွက်လာသော ဒတ်ဆန်းကားသည် ကြည့်မြင်တိုင်၊ လမ်းမတော် စသည့်ရပ်ကွက်များ၌ လူအချို့ကို ချခဲ့ပြီးနောက် ဘုရားလမ်းသို့ ကွေ့လိုက်လေသည်။
သစ်ပင်၊ တိုက်တာ၊ အိမ်ယာ၊ ဈေးဆိုင်၊ လူများ၊ ကားများသည် ပန်းရောင် မြူမင်းလွင်အောက်၌ ယိမ်းထိုးနေကြသည်။ ပြာသိုလမို့ မြူရိပ်မစင်၊ နှင်းငွေ့ကျန်၊ ကတ္တရာစေး လမ်းမကြီးမှာ ဖဲကြိုးအနက်ခင်းထား၍ ကားကွေ့လိုက်သောအခါ တွန့်သွား၏။ ကောင်းကင်ပြာ ထဲမှ ရွှေဝါရောင် ကြယ်ပွင့်ကြီးမှာ ကြီးလှပါကလား။ ဆေးရုံကြီးဝင်းထဲ၌ ဆေးသုတ်ထားသော ကစားစရာ သေတ္တာခွံကြီး ဘယ်တုန်းက ရောက်နေပါလိမ့်။ သံပတ်ပေးထားသော မိန်းမရုပ်များ သည် တတောက်တောက် ခုတ်မောင်းနေကြ၏။ ကစားစရာ စက်ရုံမှ ပုံစံထုတ်ဆရာမှာ ကုလားသွေးပါသည်ထင့်၊ မှားယွင်း၍ ၀ါသော၊ ဖြူသော၊ မဲသော၊ ကွက်သော ဗိုက်သားတို့ကို ဖော်ပေးထားကြ၏။ ဖဲပြားအနက်ကြီးသည် တွန့်ကာ ချိုင့်သွား၏။ သစ်ကိုင်းများသည် ကျွန်တော့်ကို လာ၍ ထိခတ်သည်။ ခြင်္သေ့ကြီး ၂ ကောင်သည် လည်ဆံမွေးထလျက် ကျွန်တော့်ထံ ပြေးလာလေပြီ။ အလို....။


'ဖြေးဖြေးမောင်းပါဗျာ'
ကားမောင်းပို့သူ စစ်ဗိုလ်သည် ပြုံးမြမြလုပ်နေ၏။ ကားအရှိန်သည် အနည်းငယ် လျော့လာသည်။
မဟာရွှေစေတီကြီးမှ ရွှေရောင်သည် မြင်ကွင်းကို လာ၍ ရိုက်လိုက်သည်။ စိမ်းသော သစ်ကိုင်းများသည် ငုံ့မိုးညွတ်ကိုင်းနေရမှ အပေါ်သို့ ပြန်တက်သွားကြလေပြီ။
လမ်း၏ လက်ဝဲဘက်မှ ဆရာကြီး မဟာသခင်ကိုယ်တော်မှိုင်း၏ဂူကို လှမ်းမြင်လိုက် ရသည်။ စောစောက သွေးအားနည်းနေသဖြင့် မူးဝေသော ဝေဒနာသည် လွင့်သွားလေပြီ။ ကျွန်တော့်ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ ဖြူသော ကျောက်ဖြူဂူကြီးသည် မားမားကြီး ရပ်တည်လျက်၊ လေးဒေါင့်တိုင်ကြီးများသည် ကျွန်တော့်အား သူ့လိုမတ်ရန် အားစွမ်းကူး ပေး လိုက်သည်။ မျက်နှာစာမှ စာအုပ်၊ ဒေါင်း၊ ချိုးဖြူ၊ တူတံစဉ် အထိမ်းအမှတ် သဏ္ဍာန်ကို ဖျတ်ခနဲ မြင်ရင်း၊ ဖျန်းကနဲ၊ ဖျန်းကနဲ မွှေးညင်းတို့ ထောင်ကာ၊ သွေးတို့သည် နှလုံးသည်းပွတ် အကြောတလျောက် စီးဆင်းလာကုန်သည်။ ရင်တဒိတ်ဒိတ် ခုန်လာပြန်သည်။ ကဗျာ၊ အမျိုးသားလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ အလုပ်သမား၊ လယ်သမားတို့၏ ပြည်သူ့အာဏာ ရရေး။
ကျွန်တော်သည် ရင်ခုန်သံဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား အလေးပြုရင်း၊ ကားသည် ဆက်မောင်းနှင်သွားသည်။ ရွှေတိဂုံစေတီတော် ပြသဒ်တန်ဆောင်များသည် တရိပ်ရိပ် နောက်တွင် ကျန်ရစ်ခဲ့ကြပေပြီ။ ကျွန်တော့်အာရုံထဲတွင် အလုပ်သမား၊ လယ်သမား လူထုကြီးသည် သိင်္ဂုတ္တရကုန်းမြေသို့ ချီတက် စုဝေးနေကြသည်။ အတိတ်မှ အသံများ ပဲ့တင်ထပ်လာသည်။ ၁၃၀၀ ရာပြည့် အရေးတော်ပုံမှ အသံများ၊ နယ်ချဲ့အစိုးရ ကျဆုံးပါစေ၊ ဓနရှင်စနစ် ပျက်စီးပါစေ၊ သူပုန် သူပုန် ထထ၊ မီးဒုတ် မီးဒုတ် ရှို့ရှို့၊ အရေးတော်ပုံ အောင်ပါစေ၊ ဗဟန်းမြေမှ သစ်ပင်တို့ကို တရိပ်ရိပ် ဖြတ်သန်းခဲ့သည်။ ကန်တော်ကြီး ရေပြင်သည် လှိုင်းတံပိုးတို့ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကုန်ကြသည်။ ဖဆပလခေတ်က ပြည်ထောင်စု ကလပ် အဆောက်အဦသည် ရိပ်ကနဲ နောက်တွင်ကျန်ရစ်သည်။ ဘိလိယက် ဘောလုံးချင်း ထိသံ၊ မာကျောက်ဖဲမွှေသံ၊ အငြိမ့်မင်းသမီး ညုသံ၊ မူရာသံ၊ ပူဆာသံ၊ ဖန်ခွက်ချင်းထိသံ၊ ရေစီးသံ၊ အော့သံ၊ အံသံ။
ကားသည် တရိပ်ရိပ်ပြေးလျက်ရှိသည်။ ကားသည် ကျိုက္ကစံကို ကွေ့လိုက်သည်။ မြင်းပြေးသံ၊ ဘရင်လေးကွ အော်သံ၊ ဟစ်သံ၊ ကျွန်တော့်နားထဲတွင် အသံဘလံ အားလုံးတို့သည် ရောယှက်စီညံနေသည်။ ဤရာဇ၀င် ကားချပ်များသည် တခုနှင့်တခု ဇောက်ထိုး ပြောင်းပြန်ထပ်ကာ နောက် ကစဥ့်ကလျား ဖြစ်သွားကြသည်။
ကျွန်တော်ကား ရင်တဒိတ်ဒိတ်ခုန်လျက်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာ တေးသံသည် ရာဇ၀င်အာရုံ အားလုံးကို လွှမ်းမိုးလိုက်သည်။

'ကောင်းကျိုးအထွေထွေရယ်နဲ့
ချွန်စေ မြစေသော
ဒေါင်းအိုးဝေရယ်နဲ့
တွန်စေ ကစေသော.......'

(၂)
ကျွန်တော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စတွေ့ကြုံကာ သိကျွမ်းရသောအခါ ကျောင်းသားဘ၀ အသက် (၂၀) အရွယ်က ဖြစ်သည်။ ထိုအခါက ဆရာကြီးမှာ အသက် (၆၅) အရွယ် ဖြစ်လေရာ၊ ကျွန်တော့်ထက်များစွာ ကြီးသည်။
ကျွန်တော်သည် ဆရာကြီး ကဗျာ၊ ဋီကာ၊ ဂဏ္ဍိ စသော စာပေများကို ဖတ်ခဲ့သည်မှာ ၇-၈ တန်း ကတည်းက ဖြစ်သည်။ ဆရာကြီး၏ စာများကို လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ၀တ္ထုများလောက် မစွဲငြိခဲ့။ ထိုအခါက အနုအယဉ်၊ အနွဲ့အပျောင်းတို့ကိုသာ တပ်မက်ခဲ့၏။ ကျွန်တော့်မှာ အိမ်တံစက်မြိတ်မှ မထွက်ခဲ့။ ပန်းပွင့်များသာ အလှဟု ထင်လျက်ရှိသည်။ ငွေလရောင်သည် ကမ္ဘာကြီးဟု အောက်မေ့ခဲ့၏။
၁၉၃၆- ကျောင်းသားသပိတ်ပြီးသောအခါမူ ဆရာကြီး၏ ဒေါင်းဋီကာကို ရှာဖွေရမှန်း သိလာပေပြီ။ ဘွိုင်းကောက်ဋီကာ စာအုပ်ကို လိုက်ရှာလာပေပြီ။ ကျောင်းသားသပိတ် အတွေ့ အကြုံသည် ကျွန်တော့်အား ဆရာကြီးထံပါးသို့ ပို့ဆောင်လိုက်လေပြီ။

'သြ....... ဝေးခရီးကပေမယ့်
အရေးကြီးလျင်ဖြင့်
သွေးနီးရာ ပါစမြဲပေမို့
.............................
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ်မှ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ဆရာကို
စာရင်းတို့ကာသာထားလိုက်ကြပေတော့'

လူထုလှုပ်ရှားမှုထဲမှ ထွက်လာသော ဆရာကြီး၏ တေးသံကို ခံစားရမှန်း သိလာပေပြီ။
ဆရာကြီးသည် အခန်းတံခါးကို ပိတ်၍ ကဗျာရေးသူလော၊ မဟုတ်ပေ။ ဗဟန်းကောလိပ် (၀ါ) အမျိုးသားတက္ကသိုလ်၌ မြန်မာစာပေ၊ ရာဇ၀င်ပါမောက္ခအဖြစ် နယ်ချဲ့ဆန့်ကျင်ရေး၊ ပညာရေးသူပုန် ပါမောက္ခလုပ်နေသည်။ ထို့ကြောင့်သာ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ဖို့ မှာကြားခဲ့ခြင်း ဖြစ်သည်။
ထိုအခါ ဆရာကြီး စိတ်ကူးရည်မှန်းချက်ထဲ၌

'မြှောက်လိုက်မကွယ့်
မောက်လိုက် မဟဲ့လို့
ဆောက်လိုက်မဲ့ ယူနီဗာစီတီတွေအများ'

စသည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားတက္ကသိုလ်များကို တမ်းတခဲ့ပေသည်။
ထိုအခါက ၁၉၀၀ ကျော် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းများ စတင်ဖွဲ့စည်းကာ ညီညွတ်စည်းလုံးလာခဲ့သော အမျိုးသားအင်အားကြီး (၀ံသာနု)သည် ၁၉၂၀ ပထမ ကျောင်းသား သပိတ်၌ တံခွန်စိုက်ခဲ့သည်။
ထိုအခါ နယ်ချဲ့သမားက ဒိုင်အာခီအုပ်ချုပ်ရေးဖြင့် ငါးထောင်စား ၀န်ကြီးရာထူးများပေး ကာ အမျိုးသားညီညွတ်ရေးအင်အားကို ဖြိုခွဲလိုက်လေသည်။ ဂျီစီဘီအေ ခေါ်သော မြန်မာ အသင်းချုပ်ကြီးမှာ ဆက်လက်၍ ရာထူးသပိတ်မှောက်ကာ ကိုလိုနီဆန့်ကျင်သောအပိုင်းနှင့် ရာထူးယူပြီး 'အတွင်းဝင်ပူးသတ်ရမည်' ဟုဆိုသော စေ့စပ်ရေး အပိုင်းဟူ၍ ၂ ခြမ်းကွဲသွား လေတော့သည်။ (လှိုင်ပုကျော်ဂိုဏ်းနှင့် ၂၁ ဦး) ယင်းသို့ ညီညွတ်ရေးပြိုကွဲသောအခါ ဗဟန်း ကောလိပ်သည်လည်း ပျက်ရလေတော့သည်။ ထိုအခါ ဆရာကြီးက.....

'လှိုင်-ပု-ကျော် သပိတ်သမားတွေရဲ့အပြင်
ပဋိက္ကရား နှူးကာနှပ်သလိုပ
နှစ်ကျိပ်တပါး မူးလျာမတ်တွေကလဲ
ပူးကာသတ်မယ် ကောင်စီဝင်လို့မို့
အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်က
တကောင်တကောင်ထီမထင်
ဇွဲမာမာနဲ့ဝှေ့ကြလေတော့......'

-ဟု ညီညွတ်ရေးပျက်ပြားမှုကို ဒေါသဝေဒနာ ခံစားခဲ့ လေသည်။
၁၉၃၀-၃၁ ၌ ရာဇ၀င်မြောက်သော ဂဠုန်ဆရာစံ၏ တောင်သူလယ်သမား လက်နက်ကိုင်သူပုန်ကြီး ပေါ်ပေါက်လေသည်။ ဆရာကြီးသည် ယင်း လယ်သမားသူပုန်ကြီး အား......

'ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်
ဥုံ အရဟံ သစ္စာဂတိတွေနှင့်
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့'

ဟု အလေးပြုခဲ့ပေသည်။
လယ်သမားသူပုန်ကြီးပြီးနောက် တို့ဗမာအစည်းအရုံး ပေါ်လာရာ၊ ဆရာကြီးသည် ရေနံချောင်း သခင်ညီလာခံသို့ တက်ရောက်ကာ 'မစ္စတာမောင်မှိုင်း' အမည်စွန့်၍ 'သခင်' အမည် ခံလိုက်လေသည်။

'တို့ဗမာတခွင် သခင် ထိုအကျော် အမော်ဂိုဏ်းတွင်ဖြင့်
မျှိ့ ရတနာသဘင် အကြင်ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလ္လင်ဗဟိုတနှိုင်းပေပ ဇမ္ဗူသမိုင်းပျော်စရာအခြေ
အိုကွယ်..... သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြစေ.....'

၁၃၀၀- ပြည့် အရေးတော်ပုံဟု ထင်ရှားသော ၁၉၃၈-၁၉၃၉ အထွေထွေသပိတ်ကြီးမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပညာရှင်တို့ လက်တွဲသော ပြည်သူ့အာဏာခေတ် သို့ ဦးတည်သော လူထုလှုပ်ရှားမှုကြီးဖြစ်ရာ တို့ဗမာအစည်းအရုံးနှင့် ကျောင်းသားသမဂ္ဂသည် တော်လှန်ရေးတပ်ဦး ဖြစ်လာသည်။ ဆရာကြီးသည် ယင်း နယ်ချဲ့ဆန့်ကျင်ရေး အင်အား ဘက်မှ မားမားမတ်မတ် ရပ်ခဲ့ပေသည်။

'သြော်.... အထက်နဂိုက
ပျက်ပြိုလို့ကျခဲ့တဲ့
ကနက်ဗဟိုပလ္လင် လက်စအကြွင်းပေထင့်
တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက
....................................
အိုကွယ် တက်မဟ အတင်းဟေ့လို့
အကွက်ကျကျ နင်းနင်းပြီး
ခက်သမျှရှင်းပေမည့်
သတင်းဒေါင်းအိုးဝေ'

ကျွန်တော်သည် ဆရာကြီး၏ ကဗျာများကို ခံစားရမှန်းသိစ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ အတွင်း၌ ဆရာကြီးနှင့် သိကျွမ်းလာခဲ့ရသည်။ ဆရာကြီးမှာ ကျွန်တော်တို့ဘက်က ပါကလား ဟူသော အသိသည် ဆရာကြီး၏ ကဗျာကို ခံစားရမှန်း သိစေသည်။

(၃)
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမြဲတမ်း ခေတ်အဆက်ဆက်တိုင်း တော်လှန်ရေး ဘက်ကသာ နေသည်။
ကျွန်တော်တို့မီသော တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခေတ်၌ ဆရာကြီးသည် တော်လှန်သော ဂိုဏ်းဘက်က ရပ်တည်ခဲ့သည်ကို သတိရသေးသည်။
ဆရာကြီးသည် ဖောက်ပြန်သည့်ဘက်ကို ကဲ့ရဲ့ရှုတ်ချ၍ တော်လှန်ရေးဘက်ကို ချီးကျူးဂုဏ်ပြုသည်။ ဤကား ဆရာကြီး၏ အနုပညာဝါဒ ဖြစ်သည်။
ဝံသာနု လှုပ်ရှားမှု တိုးတက်နေစဉ်က......

'သြော်...... ပြေအမှုပေမို့
ငွေခရုငယ်နှင့်
ဇေယျတုပါကွယ့်
သပြေနုချိန် တင်ရန်ပန်းတွေကလဲ များပါဘိသနှင့်
ဖေပုရှိန် အင်္ဂလန်နန်းမြေသွားတို့မှာဖြင့်......'

ဟု ဘိလပ်သွားအဖွဲ့ကို ဂုဏ်ပြုခဲ့သည်။ သို့သော် ယင်း ၀ံသာနုအဖွဲ့ပင် ဒိုင်အာခီ ရာထူးပေးကာ နယ်ချဲသမားနှင့် စေ့စပ်ပူးပေါင်းသွားသောအခါ....

'ခွေးရူးပြန် မသာ၏ အလောင်းလိုပ
အခါအလှည့် မကောင်းစေဘို့
အစားချောင်စရာကြံ
မယားတောင်ညာခံတွေနှင့်
စံသည်တကား
အိုကွယ်... ငါးထောင်သပြာစားမာန်ရယ်နှင့်
မာန်ဖီဖီပွါး'

ဟူ၍ ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချခဲ့ပေသည်။
ဂျပန်ခေတ်၌ကား ကျွန်တော်သည် ဆရာကြီးနှင့် နီးနီးကပ်ကပ် နေခွင့်ရခဲ့သည်။ တို့ဗမာအစည်းအရုံး ဥက္ကဌဟောင်း သခင်တင်မောင်နှင့်အတူ သွားတက်နေကာ တခါတရံ ဆရာကြီး၏ အိမ်မှာပင် ညအိပ်ရသည်။ နေ့လယ်နေ့ခင်းတွင် ဆရာကြီး၏ လက်ဖက်ဝိုင်း၌ ထိုင်မိကာ စာပေရေးရာ၊ နိုင်ငံရေးရာ ရှေးဟောင်းနှောင်းဖြစ်များကို ကြားနာခဲ့ရသည်။ ဆရာကြီးမှာ အသက်ထင်ရှားရှိနေသော အမျိုးသားလွတ်မြောက်ရေး ရာဇ၀င် ဂန္ထ၀င် ကျမ်းကြီးတဆူ ဖြစ်ပေသည်။
ဆရာကြီးသည် ဖက်ဆစ်ခေတ် အတွေ့အကြုံကို.....

'ကြမ္မာဝေဖန် ကောက်ကျစ်တဲ့ အကျိုးပေထင့်
မဟာရွှေဂျပန် စောက်ကျင့်ဆိုးသော်လဲ
ပဂိုးငရမန် ပုဂံမှာ မှားသလိုပ
သြော်.... ရှေးရဲ့အဖို့မှာတော့
ဘုရင် အကျော်အမော် ဧကရာဇ်တပါးပေပေါ့
အို... အဓိပတိကြီးရဲ့
မအေးစဖွဲ့ အရေးနွဲ့ရှာသနဲ့
သြော်.... တွေးတဲ့လို့ တင်နော်ဟေကာသနား။
(၀ါ) တနည်းတထွေမှာတော့
နေမျိုး နေမျိုး သဝေထိုးလေပြီတကား'

စသည်ဖြင့် ဟာသဥာဏ်ဖြင့် သရုပ်ဖော်ထားပေသည်။ လွတ်လပ်ရေး ရသောအခါ ဆရာကြီးသည်.....

'လောကသမားပီပီ သခင်တပဲ့တွေနဲ့
အတွင်လှဲ့ကာ တောင်ခြေကဆင်းပြီး
အောင်မြေနင်းပါလို့
အပင်းအဆိပ် စားသကဲ့သို့သော
အင်္ဂလိပ်များကို ဂျောင်းလကွ ဂျောင်းလကွာနှင့်
မောင်းကာ ထုတ်လိုက်သမို့
အဟုတ်ပင် တကယ်လွတ်သော်လဲ
ဘယ်ဝဋ်ဖန်သာ ကံကြမ္မာပေးလေဘိ
သြော်... အင်္ဂလန်က၊ ယခင်အဖန်ဖန်
တင်ပြန်တယ်ဆိုတဲ့ ကြွေးတွေရဲ့အပြင်
ငွေမရှိပြန်လျှင်၊ အမေရိကန်ထံချေးရတဲ့
ကြွေးမျိုးစုံ ကုဋေကုဋာဖြင့်
ပြေရွာမှာ သေတာလောက် မကောင်းချိန်မို့....'

စသည်ဖြင့်.... နိုင်ငံရေး အရ လွတ်လပ်သော်လည်း စီးပွါးရေးအရ မလွတ်လပ်ပုံကို နားလည်ပေသည်။
လွတ်လပ်ရေးရပြီး ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သောအခါ ဆရာကြီးသည် ငြိမ်းချမ်းရေး ဗိသုကာ ဖြစ်လာတော့သည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းတို့၌ ဦးစီဦးကိုင် ဖြစ်လာပေသည်။
ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သည်နှင့် ပတ်သက်၍ ဆရာကြီးက......

'တို့ဗမာ သခင်ဗဟိုဝယ်
တို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့
အလိုမငယ် ဆိုရှယ်လစ်ကယ်နှင့်
တံခွန်တလူလူ ကွန်မြူနစ်ကယ်တို့
မချစ်သာ မေတ္တာကင်းပြန်သနဲ့
အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး
မင်းပွဲအတုမှာ ထမင်းပွဲလုကာ လယ်မျိုခဲပါလို့
ပွဲချင်ပြီး အသေအကြေ၊ တအူအူအသံဗလံနှင့်
တဆူဆူ တညံညံကိုက်ကြ၊ တိုက်ကြ၊ မိုက်ကြတော့.......'

စသည်ဖြင့် တို့ဗမာ သခင်ခေတ်က တပည့်ကျော်များအား ကရုဏာဒေါသော ဖြစ်ရပြန်လေသည်။

(၄)
၁၃၀၀- ပြည့် အရေးတော်ပုံမှ စ၍ ၁၉၆၃- အထိ အနှစ်အစိတ်လောက်သော ကာလအတွင်း ကျွန်တော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ထွန်းညှိခဲ့သော မီးရှူးတန်ဆောင် လင်းပြရာ လမ်းမ၌ လျှောက်ခဲ့ရပေသည်။ ဆရာကြီး၏ လက်ဖက်ဝိုင်း၌ စကားနာသူ၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ ဆရာကြီး၏ လက်ထောက်၊ နိုင်ငံခြားသို့ အစည်းအဝေးတက်၊ မိတ်ဆက်ချစ်ကြည်ရေးခရီး အတူသွားရသူ၊ မြစ်ဝကျွန်းပေါ်နှင့် အညာတခွင် ငြိမ်းချမ်းရေး ခရီးစဉ်၌ အတူပါရသူ၊ စသည်အားဖြင့် ဆရာကြီးထံပါး၌ နေခဲ့ရသည်။
ထိုအခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို နားလည်ကာ ခင်လာပါတော့သည်။ ထိုပုဂ္ဂိုလ်ကား ပြည်သူ့ခေါင်းဆောင် ပြည်သူ့ကဗျာဓိုရ်ကြီး ဖြစ်သည်။ ထိုအခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကဗျာတရားတို့ကို မင်လာပါတော့သည်။ ပုဂ္ဂိုလ်နှင့်တရားကို တခြားစီ ခွဲ၍ မရပါ။ ရှင်းပါအံ့။
ကျွန်တော်တို့၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၌ တော်လှန်ရေးအကွေ့များကို ဖြတ်ကျော်ခဲ့ကြရသည်။ တကွေ့တကွေ့တွင် ခေါင်းဆောင်မှုပိုင်း၌ ဖောက်ပြန်ရေး၊ စေ့စပ်ရေးအစုနှင့် တိုးတက်သော တော်လှန်သောအစုတို့ လမ်းခွဲသောအခါတိုင်း ဆရာကြီးသည် တိုးတက်သော တော်လှန်သောဘက်က ရပ်တည်သည်။ ထိုအခါ ဆရာကြီးသည် ကဗျာဖြင့် ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချကဲ့ရဲ့ကာ တိုးတက်သည့်ဘက်ကို ဂုဏ်ပြုသည်။ ထိုအကွေ့၌ ဖောက်ပြန်ရေးသမားများကို ထားရစ်ခဲ့ကာ တော်လှန်ရေးသမား များနှင့် လက်တွဲ၍ ဆက်လက်ချီတက်သွားသည်။
ထို့အတူ နောက်တကွေ့တွင်လည်း ယခင်တကွေ့တုန်းက တိုးတက်ခဲ့သော ခေါင်းဆောင်မှုသည် ဖောက်ပြန်လာသောအခါ သူတို့ကိုလည်း ထားရစ်ခဲ့ရပြန်ကာ တော်လှန် ရေး အင်အားသစ်ဘက်နှင့် လက်တွဲဆက်လက် ချီတက်သွားပြန်သည်။
ထို့ကြောင့် ဆရာကြီးအား အမြဲတမ်း တိုးတက်သည့်ဘက်၊ တော်လှန်သည့်ဘက်တွင် မြင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ဆရာကြီးနှင့် ၀ံသာနုခေတ်က လုပ်ဖော်ကိုင်ဖက် အသက် ၈၀ ကျော်အရွယ် ခေါင်းဆောင်အိုကြီးများမှာ သူတို့၏ ရာဇ၀င်ခန်းကုန်၍ နောက်တွင် ကျန်ရစ်ခဲ့စဉ် ဆရာကြီးမှာ အသက် ၁၄-၅ နှစ် တက်သစ်စ တိုးတက် တော်လှန်သော ကျောင်းသားလူငယ်များနှင့် လက်တွဲလျက် ရှိနေပေသည်။
ဘာကြောင့် ဆရာကြီးသည် ခေတ်တိုင်းခေတ်တိုင်း တိုးတက်သော၊ တော်လှန်သော အင်အားသစ်များ၏ နာယကကြီး ဖြစ်နေရသနည်း။
ဆရာကြီး၏ လုပ်ငန်းစဉ်မှာ ရှင်းသည်။ ဆရာကြီးသည် အမြဲတမ်း အဖိနှိပ်ခံ ပြည်သူ့ဘက်က နေခြင်းဖြစ်သည်။ ဖိနှိပ်သော လူတန်းစားဘက်၊ အုပ်စိုးသောဘက်က ဆရာကြီး ဘယ်တော့မှ မနေ။
တချိုက ဆရာကြီးကို 'ခေါ်ယင်လိုက်တာဘဲ၊ ခေတ်မမီတော့ဘူး၊ အတိုက်အခံ နိုင်ငံရေးပါတီတွေက အသုံးချနေတာ' ဟု ယူဆကြသည်။
ကျွန်တော်က ဤကဲ့သို့ မမြင်။
ဆရာကြီးသည် အံ့သြဘွယ်ရာ ကောင်းလောက်အောင်ပင် ပါးသည်။ ထက်မြက်သည်။ အခြေအနေကို သိမြင်နေသည်။ အဖိနှိပ်ခံဘက်က ခေါ်လျှင်သာ လိုက်သည်။ တိုးတက်သော ဘက်၊ တော်လှန်သောဘက်၌ အမြဲတမ်း တည်ရှိသော ဆရာကြီးထက် မည်သူက ခေတ်မှီဦးမည်နည်း။
ဆရာကြီးအား နိုင်ငံရေးပါတီများက အသုံးချသည်ဟူသော ထင်မြင်ချက်နှင့် ပတ်သက်၍ ဆရာကြီး၏ စေတနာမှာ မှတ်သားဖွယ်ကောင်းလှ၏။ တခါက ဆရာကြီးသည် ကွမ်းစားရင်း 'ဟေ့ တာရာ၊ ဆရာ့ကို အသုံးချတယ် ဘာတယ် ညာတယ် ပြောကြတာ ဆရာသိသားဘဲ၊ ဒီမယ် တာရာ ရ၊ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဆရာ့ကို အသုံးချကြစမ်းပါ ဆရာခံပါ့မယ်'
ကျွန်တော့်မှာ ဆရာကြီး၏ စကားများအတွက် ရင်ထဲတွင် ကြေကွဲ ထိခိုက်မိလာသည်။
ဆရာကြီးသည် အခြေအနေနှင့် ဘယ်တော့မှ မကင်းကွာ၊ အမြဲတမ်း နောက်ဆုံး အခြေအနေကို သိပြီး ဖြစ်နေသည်။
ဆရာကြီးသည် ရှုပ်ထွေးပွေလီသော၊ မဲနက်သော နိုင်ငံရေး ၀င်္ကပါများကို သိသည်။ ဆရာကြီး၏ နိုင်ငံရေး အတွေ့အကြုံကား ကျွန်တော်တို့၏ အမျိုးသားလွတ်မြောက်ရေး သမိုင်း လောက် သက်တမ်းရင့်သည် မဟုတ်လော။ ဆရာကြီးသည် တခါတရံ.......

'သြော်.... သက္ကရာဇ်ကယ်နှင့်
အသက်စစ်လိုက်တော့
သက်ရှစ်ဆယ် တခုယုတ်အတွင်းတွင်မှ
သြော်... တက်ခေတ် တက်ခေတ်နှင့်
တဖက်ဖက် ညစ်ချင်တဲ့
ဖက်ဆစ်သဖွယ် ယခုတသုတ်မင်းတွင်ဖြင့်
အပြု ကျွန်ပ်မကင်းသူတွေနဲ့
ဘုရားထဲ တရားပွဲသဘင်
(အိုကွယ်) ဘသူ့အရှုပ်အရှင်းကိုမှ
ကြားလဲ မကြားချင်။
သြော်... ဘုရားအလုပ် တရားအလုပ်ကိုဖြင့်
အားထုတ်မယ် ကြံစည်ပေမယ့်.......'

စသည်ဖြင့် ညည်းမိသည်မှာ ဓမ္မတာပင် ဖြစ်သည်။
ဆရာကြီး၏ ဘ၀ အတွေ့အကြုံကား ကုံလုံကြွယ်ဝလှသည်။ ဆရာကြီး၏ ဘ၀ မာတိကာစဉ်ကား များထွေလှသည်။ ဘုန်းကြီးကျောင်း စာသင်သား၊ အညာခရီးသည်၊ စာစီသမား၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ ရာဇ၀င်ကျမ်းပြုဆရာ၊ စာပေကျမ်းပြုဆရာ၊ ၀တ္ထုရေးဆရာ၊ ပြဇာတ်ဆရာ၊ မြန်မာစာပါမောက္ခ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ဒို့ဗမာအစည်းအရုံးနာယက၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ၊ စတာလင် နိုင်ငံတကာ ငြိမ်းချမ်းရေးဆုရ၊ အင်္လကာကျော်စွာ ဘွဲ့ရ၊ ဂျာမဏီတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ။
ဤ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို ခင်ပြီးနောက် ဘာကြောင့် ဆရာကြီး၏ ကဗျာတရားတို့ကို မမင်ဘဲ နေနိုင်မည်နည်း။
ဆရာကြီးသည် သူရေးသည့်အတိုင်း လုပ်သည်။ ဆရာကြီး၏ တရားသည် ဆရာကြီး၏ အလုပ်မှ ထွက်ပေါ်လာသည်။ ဤအချက်မှာ အထူးခြားဆုံးဖြစ်၏။
နိုင်ငံရေးလောက၌ ပြောသလို လုပ်သူ ရှားသည်။ အပြောတခြား အလုပ်တခြားက များသည်။ ပုဂ္ဂိုလ်နှင့်တရား ဘာမျှမဆိုင်ကြ။
ဆရာကြီးသည် အခန်းထဲမှ ကဗျာသက်သက် ရေးသူ မဟုတ်ပေ။ မှန်တံခါးအတွင်းမှ နေ၍ လယ်ထွန်စက်ကို ဖွဲ့သော လယ်သမား အလုပ်သမား တဆိပ်တပ် သုခမိန် မဟုတ်ပေ။ ဆရာကြီးသည် ပြည်သူကြား၌ နေကာ ပြည်သူတို့၏ ရင်ခုန်သံကို ဖော်ကျူးသည်။ ဆရာကြီး၏ အမျိုးသားလွတ်မြောက်ရေး ရဲတင်းသံကြောင့် ပြည်သူတို့ ရဲရင့်ရသည်။ ဆရာကြီး၏ ငြိမ်းချမ်းရေး ရဲတင်းသံကြောင့် ပြည်သူတို့ အားသစ်လန်းရသည်။
ဆရာကြီး၏ ကဗျာများကို လေ့လာခြင်းသည် ပြည်သူ့စာပေ၏ သဘောတရားကို လေ့လာခြင်း မည်ပေသည်။
ဆရာကြီးသည် ကဗျာအတွက် ကဗျာရေးသူ မဟုတ်ပေ။ ဆရာကြီးသည် ပိဋိကတ် စကားများကို မသုံးနှုန်း၊ အရပ်စကား လူထုစကားကိုသာ သုံးသည်။ ကဗျာကို က၀ိ၏ ဥစ္စာဟု ခက်ခဲနက်နဲအောင် ဘယ်တော့မှ မကြီးကျယ်၊ မ၀င့်ဝါ။ ထိုကြောင့် ဆရာကြီးသည် မဟာသခင်ကိုယ်တော်မှိုင်း။
ကျွန်တော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ရဲတင်းသံကို ကြားရင်း ရင်ခုန်လာသည်။ သွေးသစ်တိုး လာသည်။

(၅)
ဒတ်ဆန်းကားလေးသည် ၃ နှစ်ကျော် ကွဲကွာနေခဲ့သော လမ်းကလေးသို့ ချိုးဝင်လိုက် သည်။
စိမ်းသော သစ်ပင်များသည် မြရွက်တို့ဖြင့် မြူးကနေကြသည်။ သစ်ရိပ်ပြောက်ကျား ထဲမှ နေ၀န်းနီနီသည် ကျွန်တော့်ထံ ပြေးလာ၏။

ဒဂုန်တာရာ
ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၇၊ ဇူလိုင်။

{ဒဂုန်တာရာ ရဲ့ 'စာလုံး၊ ဆေးစက် စောင်းကြိုး နှင့် ကတ္တီပါကားလိပ်' ၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်}

You received this email because you are subscribed to the real_time feed for http://mayaonlinemagazine.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.