Tuesday, January 6, 2009

[MYANMAR POLITICAL NEWS, ART AND IDEA] 1 New Entry: EDUCATION OF BURMA

EDUCATION OF BURMA

ပညာရေးထောင်တွေကို ဖြိုလှဲကြ
- အရှင်ရာဟုလာ -


(A Temporary School for the Children after Cyclone Nargis at Ayeyarwady Delta)


ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း။

ဤလူ့ကမ္ဘာမှာ အသက်အိုးအိမ် ချမ်းသာမှု၊ လုံခြုံမှု၊ တိုးတက်မှုတွေဟာ ဉာဏ်နဲ့ ဝီရိယကို ပြုစုပျိုးထောင်မှု ဆိုတဲ့ လုံ့လအားထုတ်ခြင်း ပယောဂဟာ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ အရေးကြီးဆုံး ဖြစ်ပါတယ်။

ဉာဏ်နဲ့ ဝီရိယကို ပြုစုပျိုးထောင်တတ်ဖို့ဟာ အပြောလွယ်သလောက်၊ လက်တွေ့ဖော်ဆောင်ရာမှာတော့ ခက်ခဲလွန်းလှပါတယ်။ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ လူသားရဲ့ ဝိသမလောဘ၊ အတ္တ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ ဆိုးရွားလှတဲ့ တရားတွေရဲ့

နှိပ်စက်မှုကို အညံ့ခံခြင်းပါပဲ။ ခက်ခဲလှတဲ့ ဘဝထိုထိုတွေ ဖြတ်သန်းပြီးကာမှ ရလာတဲ့ မနုဿတ္တဘာဝ ဒုလ္လဘ အလှတရား၊ သွေးတွေ၊ အသက်တွေ၊ ပေးဆပ်မှုတွေနဲ့ ရေးခြစ်ရတဲ့ လူသားကဗျာဟာ စာမျက်နှာပေါ် တက်မလာဘဲ၊ ရေအိမ်သုံး

စက္ကူဘဝကို ရောက်ကြတဲ့ လူတွေ၊ ခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားနေရတာပါ။

ဉာဏ်နဲ့ ဝီရိယကို စနစ်တကျ သင်ယူတတ်မြောက် ပျိုးထောင်မှသာ လူသားရဲ့ အနာဂတ် အိုးအိမ် အသက်ရှင်၊ နေထိုင်မှုဟာ လုံခြုံ၊ အေးချမ်း၊ သာယာဝပြောမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက တိုက်ရိုက်အရေးပါတဲ့ ပညာရေးဌာနတွေကို အလေးထား

ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိတဲ့ ပညာရေးဌာနတွေရဲ့ အခြေအနေကတော့ "နင့်အိုး နေနေသာသာ ငါတောင် ဘယ်ကျလို့ ကျရမှန်းမသိ" ဆိုတဲ့ စကားပုံလို ကျောင်းသားတွေရဲ့ ပညာရေးထက် ဆရာ၊ ဆရာမတွေရဲ့ ပညာရေး၊ စားဝတ်နေရေးက ပိုပြီးတော့ မပြည့်စုံ၊

မလုံလောက် ဖြစ်နေရပါတယ်။ စားဝတ်နေရေး မလုံလောက်တဲ့အတွက် ကျောင်းသားထုဟာ ဆရာတွေရဲ့ ဈေးကွက်ကြီး ဖြစ်သွားရတယ်။ မူလတန်းကျောင်းမှ အမြင့်ဆုံး တက္ကသိုလ် ပညာရေးအထိ ကျောင်းပညာရေးက ဆရာတွေရဲ့ အိပ်ထောင်ထဲကို

ရောက်သွားပါပြီ။ ဆရာတွေရဲ့ ပညာရေးကို မြှင့်တင်မပေးနိုင်တဲ့အတွက် ကျောင်းသားတွေရဲ့ ပညာရေးဟာ ဘွဲ့ သာရတယ်၊ ပညာက ပါမလာဘူး။ ဒီလို ရေမပါတဲ့ ခွက်ကြီးတွေနဲ့ နောက်မျိုးဆက် ကျောင်းသားတွေကို ဝိုင်းခုတ်ကြအုံးမှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ခွက်စုတ် ပညာရေး၊ သူတောင်းစား ပညာရေး ဖြစ်နေရတာပါ။

စစ်အစိုးရရဲ့ ပညာရေးအတွက် သုံးစွဲတဲ့ အသုံးစရိတ်ဟာ ကာကွယ်ရေး အသုံးစရိတ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် "ဇီးစေ့နဲ့ မြင့်မိုရ်တောင်၊ နံ့သာဆီနဲ့ အီး" လောက်ကို ကွာခြားနေပါတယ်။ ၁၉၉၉ ခုနှစ်က စစ်အစိုးရထုတ် စာရင်းဇယားအရ

ပညာရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ဟာ ဝန်ကြီးဌာနအားလုံးရဲ့  ၇ ဒဿမ ၅ ရာခိုင်နှုန်းသာ ရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ၄ဝ ရာခိုင်နှုန်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

မိန်းတက္ကသိုလ်ကျောင်းတွေဟာ ကမ္မဋ္ဌာန်းကျောင်းတိုက်တွေလို တိတ်ဆိတ်နေပြီး၊ ကျောင်းတွေရဲ့ ရှေ့မှာ သံဆူးကြိုး၊ ဂိတ်လက်မောင်းတံတွေ ပိတ်ဆို့ထားတာဟာ တက္ကသိုလ်ကြီးတွေကို စစ်အစိုးရက ထောင်အဖြစ်လောက် သဘောထားတာပါ။

ဒါတွေကို တက္ကသိုလ် ဆရာကြီးတွေကိုယ်တိုင် နည်းပေါင်းစုံသုံးပြီး ဖောက်ထွက်မှသာ ကျောင်းသားတွေရဲ့ အနာဂတ် ဘဝတွေ လှပလာမှာပါ။ တစ်ပြည်လုံးမှာ ရှိတဲ့ ဆရာတွေဟာ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့၊ ကျောင်းသား လူငယ်တွေရဲ့ အနာဂတ်ကို

လမ်းပြဖို့၊ နည်းပေါင်းစုံနဲ့ ကြိုးစားဖို့ အနာဂတ် နိုင်ငံတော်ကြီးက တောင်းဆိုနေပါပြီ။

ဉာဏ်ပညာရဲ့ သဘောအတွင်းမှာ ပြီးပြည့်စုံခြင်း (ဣဒ္ဓိပါဒ)၊ စိုးမိုးနိုင်ခြင်း (ဣနြ္ဒိယ)၊ တိုက်ဖျက်ခြင်း (ဗလ) စတဲ့ အတွင်းသဘောတွေ ပါရှိသလို၊ ဝီရိယရဲ့ သဘောမှာလည်း ဒီသဘောတရားတွေ ပါရှိပါတယ်။ အားလုံးဟာ ဉာဏ်ကြီးကြီး၊ လုံ့လကြီးကြီးနဲ့

ကြိုးစားမယ်ဆိုရင် တရားမျှတတဲ့ (သမ္မာ) ဒီမိုကရေစီနိုင်ငံကြီး တည်ဆောက်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ဥစ္စာဘောဂ၊ ဇီဝိတနှင့် သုခပွားရန်၊ ဤလူထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း။

အရှင်ရာဟုလာ

You received this email because you are subscribed to the real_time feed for http://bigbbrown.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.